← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 39 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 39 Ch. 391-392

အခန်း။၃၉၁

ယခုအခါ ရှန်းယွီ၏ သင်ကြားရေးကိုယ်ပွား ဖြစ်လာသော ရေကိုယ်ပွားသည် အရန်အတတ်ပညာရပ်များဆိုင်ရာ အဆောင် ၏ စ္စျာန်လျှောက်လမ်းများအတိုင်း လျှောက်လှမ်းလာခဲ့သည်။

စနစ်၏ အမှတ်ပြန်လည်တွက်ချက်မှု ပြုလုပ်ပြီးနောက် ရှန်းယွီ၏ သွေးမျိုးဆက် စုစည်းမှု မှာ အချိန်စောင့်ဆိုင်းရန် မလိုတော့ဘဲ ပြန်လည်အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

သူသည် ရှေးဦးစွာ အလင်းကိုယ်ပွားကို သုတေသနကိုယ်ပွား အဖြစ်လည်းကောင်း၊ သစ်သားကိုယ်ပွားကို စိုက်ပျိုးရေးကိုယ်ပွား အဖြစ်လည်းကောင်း၊ နောက်ဆုံးတွင် ရေကိုယ်ပွားကို သင်ကြားရေးကိုယ်ပွားအဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့သည်။

ရှန်းယွီသည် သူ၏ ရုံးခန်းတံခါးကို ဖွင့်ကာ အတွင်းသို့ ဝင်ရောက်လိုက်သည်။ သူသည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ် အတွင်းမှ ပစ္စည်းများကို ထုတ်ယူနေစဉ် တစ်စုံတစ်ယောက် အခန်းထဲသို့ ဝင်လာခဲ့သည်။

သူသည် မည်သူဖြစ်သည်ကို မော့မကြည့်ဘဲ သူ၏ အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့သည်။

“အကြီးအကဲချုပ်ကြီးခင်ဗျာ... ဒါကတော့ ကျောင်းသားတွေ တင်ထားတဲ့ အိမ်စာတွေပါ”

လျိုချင်းက ပြောကာ စာရွက်စာတမ်းတွဲကို ကမ်းပေးလိုက်သည်။

ထိုအခါမှ ရှန်းယွီသည် မော့ကြည့်လိုက်ပြီး သူမ၏လက်ထဲမှ စာရွက်များကို လှမ်းယူကာ သူမ၏ ဦးခေါင်းကို ထိုစာရွက်များဖြင့် အသာအယာ ပုတ်လိုက်သည်။

“ဆရာရှန်းလို့ ခေါ်ရမယ်လေ”

သူက ပြင်ဆင်ပေးလိုက်သည်။

“နားလည်ပါပြီ... အကြီးအကဲချုပ်ကြီး”

လျိုချင်းက ပြန်လည်ဖြေကြားခဲ့သည်။

ရှန်းယွီသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူသည် အကြီးအကဲချုပ် ရာထူးကို ရယူထားသူဖြစ်သဖြင့် တပည့်များအနေဖြင့် သူ့ကို ဆရာဟု ခေါ်ဆိုရန် ဝန်လေးနေကြခြင်းပင်။ ယေဘုယျအားဖြင့် ပိုမိုမြင့်မားသော ရာထူးအမည်ကိုသာ ဦးစားပေး ခေါ်ဆိုလေ့ရှိကြသည်။ ဤဘဝတွင်မူ သူသည် ဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရရန် မလွယ်ကူဘူးဟု သူ တွေးတောမိသည်။

သူသည် တင်ပြလာသော အိမ်စာများကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် ချိတ်ဆွဲထားသော ဝတ်စုံစင်ဆီသို့ သွားကာ ဓာတ်ခွဲခန်းဝတ်စုံ ကို ယူ၍ ဝတ်ဆင်လိုက်သည်။ ထို့နောက် သူမ၏အနားသို့ ပြန်လည်လျှောက်လှမ်းလာကာ “ငါ အခုပဲ ရုတ်တရက် အကဲဖြတ်စစ်ဆေးမှု တစ်ခု လုပ်ချင်စိတ် ပေါ်လာပြီ” ဟု ပြောလိုက်သည်။

လျိုချင်းသည် အံ့အားသင့်သွားသော်လည်း “တပည့် အခြားသူတွေကို သွားပြောလိုက်ပါ့မယ်” ဟု ပြောကာ ခေါင်းငြိမ့်ပြလိုက်သည်။

“မဟုတ်ဘူး... ဒါက သာမန် စစ်ဆေးမှုမျိုး မဟုတ်ဘူး။ ဒီနေ့က လက်တွေ့စစ်ဆေးမှု ဖြစ်လိမ့်

မယ်။ အားလုံးကို အပြင်မှာ စုခိုင်းလိုက်ပါ”

သူက ညွှန်ကြားလိုက်တော့သည်။

လျိုချင်းသည် ဦးညွှတ်နှုတ်ဆက်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ရှန်းယွီသည်လည်း သူ၏ရုံးခန်းပြင်ပသို့ လှမ်းလျှောက်လာခဲ့သည်။ အရန်အတတ်ပညာရပ်များဆိုင်ရာအဆောင်ကို တည်ထောင်ခဲ့သည်မှာ နှစ်ပတ်မျှသာ ရှိသေးသော်လည်း သူ၏စိတ်ထဲတွင်မူ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဟု ခံစားနေရသည်။

လွန်ခဲ့သော နှစ်ပတ်အတွင်း တပည့်များ၏ တိုးတက်မှုကို ပြန်လည်သုံးသပ်ကြည့်ရာတွင် သူ ကျေနပ်မိသည်။ အစပိုင်း၌ သူတို့၏ တိုးတက်မှုမှာ နှေးကွေးနေသကဲ့သို့ ထင်မှတ်ရသော်လည်း ရှန်းယွီ၏ သုတေသနပညာရှင် အတတ်ပညာ မြင့်မားလာသည်နှင့်အမျှ တပည့်တစ်ဦးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို ပိုမိုနားလည်လာပြီး ဗဟုသုတများကို ထိရောက်စွာ လက်ဆင့်ကမ်းပေးနိုင်ခဲ့သည်။

အတတ်ပညာရပ်များကို လေ့လာရာတွင် ထိုးထွင်းသိမြင်မှုမှာ အရေးကြီးသောအစိတ်ပိုင်းဖြစ်သော်လည်း အခြေခံအားဖြင့် နားလည်သဘောပေါက်မှု အပေါ်တွင်သာ ပိုမိုမူတည်

နေသည်။

ထိုးထွင်းသိမြင်မှု မြင့်မားသူများအနေဖြင့် ပိုမိုလွယ်ကူစွာ နားလည်နိုင်စွမ်းရှိသည်မှာ မှန်သော်လည်း ရှန်းယွီ၏ သုတေသနပညာရှင် အစွမ်းကြောင့် အသိပညာများကို လွယ်ကူသော ပုံစံဖြင့် ကူးပြောင်းပေးနိုင်ခဲ့သဖြင့် သူ၏တပည့်များသည် ထိုးထွင်းသိမြင်မှု မြင့်မားသော ပါရမီရှင်များထက်ပင် ပိုမိုလျင်မြန်စွာ တတ်မြောက်နေကြပြီ ဖြစ်သည်။

ဤသို့ တွေးတောနေစဉ်အတွင်း သူသည် ရာပေါင်းများစွာသော တပည့်များ စုဝေးနေသည့် စစ်ဆေးရေးနယ်မြေသို့ ရောက်ရှိလာခဲ့သည်။ သူသည် တပည့်များ၏ မျက်နှာကို အကဲခတ်

ကြည့်လိုက်ရာ ယခင်ကထက် အရေအတွက် ပိုမိုများပြားလာသည်ကို တွေ့ရသည်။

အဓိကအားဖြင့် ပြင်ပစိုက်ခင်းများကို ပြုစုစောင့်ရှောက်ရန် စိုက်ပျိုးရေးကျောင်းသားများ ပိုမိုလိုအပ်ခြင်းကြောင့် ဖြစ်သော်လည်း အခြားဘာသာရပ်များကိုပါ လေ့လာခွင့်ပေးခဲ့ခြင်းမှာ တပည့်များအတွက် သူတို့ အတော်ဆုံးအရာကို လုပ်ဆောင်ခွင့်ရစေပြီး ဂိုဏ်းအတွက်လည်း အကျိုးရှိစေသော အခြေအနေပင်။

စစ်ဆေးရေးနယ်မြေအတွင်းရှိ ရာပေါင်းများစွာသော တပည့်များသည် သူတို့၏ လက်တွေ့လုပ်ဆောင်ရမည့် စားပွဲများတွင် အသီးသီး နေရာယူထားကြသည်။

သူတို့သည် စိတ်လှုပ်ရှားမှုနှင့်အတူ ကြောက်ရွံ့မှုကိုပါ ခံစားနေကြရသည်။ ယခင်က စစ်ဆေးမှုအချို့ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ အကြီးအကဲချုပ်ကြီး၏ ရှေ့မှောက်တွင် လက်တွေ့ပြသရမည်မှာ သူတို့အတွက် အလွန်ပင် ဖိအားများလှသည်။ အကြီးအကဲချုပ်ကြီးကို သူတို့ စိတ်ပျက်အောင် လုပ်၍ မဖြစ်ပေ။

ရှန်းယွီသည် စစ်ဆေးရေးနယ်မြေ၏ အလယ်ဗဟိုတွင် နေရာယူလိုက်ပြီး တပည့်များအားလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

“စတင်စေ”

ရှန်းယွီက အမိန့်ပေးလိုက်သည်။

ဟင်းချက်အတတ်သင် ကျောင်းသားများသည် ပါဝင်ပစ္စည်းများကို အသည်းအသန် လှမ်းယူကြပြီး စိတ်လှုပ်ရှားမှုကြောင့် သူတို့၏ လှုပ်ရှားမှုများမှာ မြန်ဆန်နေသော်လည်း တစ်ခါတစ်ရံတွင် ယောင်ယောင်မှားမှား ဖြစ်နေကြသည်။

သို့သော်လည်း ထိုရှုပ်ထွေးမှုများကြားတွင် ကျောက်ရှန်မှာမူ တည်ငြိမ်စွာ လှုပ်ရှားနေသည်။ သူသည် မီးနှင့် အစားအစာတို့အကြားရှိ သဟဇာတဖြစ်မှုဆိုင်ရာ အကြီးအကဲချုပ်ကြီး၏ သင်ကြားပြသမှုများကို နှလုံးသွင်းကာ အဆင့်တိုင်းကို စနစ်တကျ ပြင်ဆင်နေတော့သည်။

ဆေးပညာရပ် အတွက်မူ ဆေးပညာသင် ကျောင်းသားများသည် သူတို့အား တာဝန်ပေးထားသော လူနာများကို ဂရုတစိုက် စမ်းသပ်နေကြသည်။ ဝမ်ချန်၏ လက်များမှာ သွေးခုန်နှုန်းနှင့် စွမ်းအင်ကြော စီးဆင်းမှုများကို စမ်းသပ်ရာတွင် တည်ငြိမ်နေသည်။ ဆေးပညာသည် အသိပညာနှင့် ထိုးထွင်းသိမြင်မှု နှစ်မျိုးလုံး လိုအပ်ကြောင်း သူ သိရှိထားသည်။

အဆောင်နှင့် အစီအရင်အတတ်ပညာရပ် ကဏ္ဍတွင် ကျောင်းသားအများစုမှာ သင်္ကေတများ ဖော်ဆောင်ရန်အတွက် လိုအပ်သော နုနယ်သိမ်မွေ့သော စုတ်ချက်များကို ရေးဆွဲရာတွင် ရုန်းကန်နေကြရသည်။

အဆောင်ပြုလုပ်ခြင်းနှင့် အစီအရင် ဖန်တီးခြင်း နှစ်ခုလုံးမှာ ပုံစံကြမ်းများကို ရေးဆွဲရန် ဝိညာဉ်

ပင်လယ် ရှိဖို့ လိုအပ်သော်လည်း အဆောင်ဆရာ နည်းလမ်းမှာ သင်ယူရန် အလွန်ခက်ခဲလှသဖြင့် ရှန်းယွီသည် သူ၏တပည့်များအတွက် အထူးပြုလုပ်ထားသော စုတ်တံများကို အသုံးပြုသည့် နည်းလမ်းသစ်တစ်ခုကို တီထွင်ပေးခဲ့သည်။

သို့သော်လည်း ဖူယွဲ့ မှာမူ အဆောင်ကို လက်တွင်ကိုင်ထားစဉ် အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းထားနိုင်သည်။ သူသည် ရွှေရောင်အမြုတေနယ်ပယ် ကျင့်ကြံသူဖြစ်သဖြင့် စုတ်တံကို အသုံးပြုရန် မလိုအပ်ဘဲ ဝိညာဉ်စွမ်းအားကို စက္ကူပေါ်သို့ အာရုံစိုက်ကာ မြင်းကြောင်းတစ်ခုချင်းစီကို ဂရုတစိုက် ရေးဆွဲနေတော့သည်။

အခန်း။ ၃၉၂

မြောက်ဖက်ပိုင်းတွင် လျူချင်းသည် လက်တစ်ဖက်၌ အစီအရင်ဗန်းကို ကိုင်စွဲထားပြီး ကျန်လက်တစ်ဖက်တွင် စုတ်တံကို ကျွမ်းကျင်စွာ ကိုင်ထားသည်။

ရှန်းယွီသည် သူမကို ကြည့်ရင်း ဂုဏ်ယူဝင့်ကြွစွာ ပြုံးမိသည်။ အဆောင်မွမ်းမံခြင်း အတတ်ပညာသင်ကျောင်းတစ်ခုလုံးတွင် သူမသည် အဆောင်ထွင်းထုခြင်း တာအိုကို တစ်ဦးတည်းသော ရှာဖွေတွေ့ရှိထားသူ ဖြစ်သည်။ ဖူယွဲ့သည်လည်း အတိုင်းအတာတစ်ခုအထိ အဆောင်များကို ရေးဆွဲနိုင်သော်လည်း သူမလောက် စိတ်ဝင်တစား မရှိသဖြင့် လောလောဆယ်တွင် ဤဘာသာရပ်ခွဲ၌ သူမတစ်ဦးတည်းသာ ရှိနေခြင်းဖြစ်သည်။

မှော်အစီအရင် လေ့လာနေသည့် တပည့်များမှာမူ မြေပြင်ပေါ်တွင် အစီအရင်ချပ်များကို စီစဉ်ကာ ဂျီဩမေတြီ ပုံစံများကို ရေးဆွဲနေကြသည်။

အများစုမှာ သူတို့၏ အစီအရင်များ အဘယ်ကြောင့် အလုပ်မလုပ်တာလဲဟု ဇဝေဇဝါ ဖြစ်နေကြရာ ရှန်းယွီက ခေါင်းကိုသာ ခါယမ်းမိတော့သည်။ ထို့နောက် သူ၏ အကြည့်ကို အမြွှာညီအစ်ကိုထဲမှ ဒုတိယမြောက်ဖြစ်သူထံသို့ ပို့လိုက်သည်။

ကျန့်ယွဲ့သည်လည်း သူ၏အစ်ကိုကဲ့သို့ပင် အာရုံစူးစိုက်မှု အပြည့်ဖြင့် အစီအရင် ပုံစံကြမ်းကို စိတ်ကူးထဲတွင် ပုံဖော်နေသည်။ သူသည် ဝိညာဉ်စွမ်းအားကို အသုံးမပြုမီ စွမ်းအင်စီးဆင်းမှုများကို စိတ်ထဲ၌ ကြိုတင်စမ်းသပ်ကြည့်နေခြင်းပင်။

သူသည် ပုံစံကြမ်းကို ဖြည်းဖြည်းချင်း ရေးဆွဲရင်း ဤအရာအားလုံးမှာ မျှခြေနှင့် စွမ်းအင်စီးဆင်းမှုအပေါ်တွင်သာ မူတည်ကြောင်း တွေးနေမိသည်။ အကယ်၍ တစ်ဖက်ဖက်တွင် စွမ်းအင်စီးဆင်းမှု ပိုများနေပါက အစီအရင်တစ်ခုလုံး မတည်မငြိမ် ဖြစ်သွားပေလိမ့်မည်။

ပန်းပဲလုပ်ငန်းခွင် ဧရိယာမှလည်း စည်းချက်ကျကျ ထုရိုက်သံများ ထွက်ပေါ်နေသည်။ တပည့်များသည် အပူပေးထားသော သတ္တုများကို ပုံဖော်နေကြခြင်းပင်။

အများစုမှာ ထပ်ခါတလဲလဲ ထုရိုက်ရသဖြင့် လက်မောင်းများ ညောင်းညာကာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုနှင့် ရုန်းကန်နေကြရသည်။

ကျူးရုံ၏ ကြီးမားသော ခန္ဓာကိုယ်ကြောင့် ဤအလုပ်မှာ အလွန်လွယ်ကူသယောင် ထင်ရသည်။ သူသည် နီရဲနေသော သတ္တုကို ပြင်းထန်ပြီး တိကျသော ရိုက်ချက်များဖြင့် ပုံဖော်နေရင်း ပန်းပဲအတတ်ဆိုသည်မှာ ဖိုခနောက်နှင့် တစ်သားတည်းဖြစ်ရန်နှင့် သတ္တု၏ သဘာဝဂုဏ်သတ္တိများကို လေးစားရန်ဖြစ်ကြောင်း တွေးနေမိသည်။

အချို့သော သတ္တုများကို မည်မျှပင် ထုရိုက်ပါစေ လက်နက်တစ်ခု၏ အစိတ်အပိုင်းအဖြစ် အသုံးမပြုနိုင်ကြောင်း သူက တွေးရင်း ဘေးနားရှိ အခြားတပည့်များကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။

ရှန်းယွီက ဤသည်ကို မြင်သောအခါ ပြုံးမိသွားသည်။ ကျူးရုံ၏ ပန်းပဲအတတ်ဆိုင်ရာ ပါရမီမှာ စတင်နိုးထနေပြီဖြစ်ပြီး တစ်ဦးတစ်ယောက်က သတ္တုကို လွဲမှားစွာ ထုရိုက်နေသည်ကို မြင်ပါက သူကိုယ်တိုင်ပင် နာကျင်မှုကို ခံစားနေရသည်။ ကျူးရုံသည် သူ၏ တပည့်များထဲတွင် ပါရမီအရှိဆုံးသူများထဲမှ တစ်ဦးဖြစ်ကြောင်း ရှန်းယွီက တွေးမိသည်။

ထို့အပြင် ကျူးရုံသည် ရှန်းယွီ ဂိုဏ်းသို့ ပေးအပ်ထားသော ခန္ဓာကိုယ်သန့်စင်ခြင်း ကျမ်းစာကိုလည်း လေ့ကျင့်ထားရာ ဆယ့်နှစ်လွှာမြောက် အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

စိုက်ပျိုးရေး တပည့်များမှာမူ မြေဆီလွှာ နမူနာများနှင့် ပျိုးပင်များကို စစ်ဆေးနေကြသည်။

ရှန်နောင်သည် သူ၏ အပင်များဘေးတွင် ဒူးထောက်ထိုင်ကာ အပင်များကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာနေသည်။

အမြစ်ဖွဲ့စည်းပုံနှင့် မြေဆီလွှာ အစိုဓာတ်ကို စစ်ဆေးပြီးနောက် သူက နားလည်သဘောပေါက်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

စိုက်ပျိုးရေးဆိုသည်မှာ သက်ရှိများကို ပြုစုပျိုးထောင်ခြင်းနှင့် သဘာဝ၏ လည်ပတ်မှုများနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူက တွေးနေမိသည်။ အပင်တစ်ပင်၊ အထူးသဖြင့် ဝိညာဉ်ဆေးဖက်ဝင်အပင်တစ်ပင်ကို ပြုစုရာတွင် ထိုအပင်၏ လက်ရှိသက်တမ်းနှင့် သဘာဝကြီးထွားမှု လည်ပတ်ပုံကို ဦးစွာနားလည်ထားမှသာ အကောင်းဆုံး ပြုစုစောင့်ရှောက်နိုင်မည် ဖြစ်သည်။

ဆေးဖော်စပ်ခြင်း ဧရိယာတွင်မူ တပည့်များသည် ဆေးရည်များ ဖော်စပ်ရန် ကြိုးပမ်းနေကြသဖြင့် ဘူးခွံများအတွင်း၌ အရောင်စုံဆေးရည်များမှာ ပွက်ပွက်ဆူနေသည်။

လောင်ကျိသည် ဆေးဖက်ဝင်ပစ္စည်းများကို တစ်စက်မျှ မပိုစေရန် ဂရုတစိုက် တိုင်းတာနေသည်။ ဆေးဖော်စပ်ခြင်း အတတ်သည် အချိန်ကိုက်ခြင်းနှင့် တိကျစွာ တိုင်းတာခြင်းသာဖြစ်ကြောင်း သူက တွေးနေမိသည်။ စာအုပ်ပါ လမ်းညွှန်ချက်များအတိုင်း တိတိကျကျ လုပ်ဆောင်ပါက သူ သေချာပေါက် အောင်မြင်မည်ဟု ယုံကြည်နေသည်။

“ဒါပေမဲ့ ပြင်ပက အနှောင့်အယှက်တွေ မရှိမှပေါ့လေ”

သူက ဆေးရည်ကို မွှေရင်း တွေးလိုက်သည်။

တန်ဖိုးဖြတ်အတတ် တပည့်များမှာမူ သူတို့ရှေ့ရှိ ပစ္စည်းများအပေါ် အာရုံစိုက်ထားကြပြီး ထိုပစ္စည်းများ၏ ဖုံးကွယ်ထားသော ဂုဏ်သတ္တိများနှင့် တန်ဖိုးများကို ခွဲခြားသိမြင်ရန် ကြိုးစားနေကြသည်။

အများစုမှာ ထိုပစ္စည်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မှတ်မိရန် ရုန်းကန်နေကြရသော်လည်း ဝမ်ချန်းကမူ သူတို့ကို တစ်ချက်သာ ကြည့်လိုက်သည်။ သူသည် အလွန်အမင်း အာရုံစိုက်လိုက်သည့်အခါ ထိုပစ္စည်းနှင့် ပတ်သက်သည့် အသိပညာများမှာ သူ၏ စိတ်ထဲတွင် အလိုလို ပေါ်ထွက်လာတတ်သည်။

တစ်ခုတည်းသော အားနည်းချက်မှာ သူ၏ စိတ်စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးသွားခြင်းပင်။ သို့သော် သူ အရှုံးမပေးနိုင်ပေ။ သူသည် နောက်ထပ်ပစ္စည်းတစ်ခုသို့ အာရုံစိုက်လိုက်ပြီး ဤစမ်းသပ်မှုကို သေချာပေါက် အောင်မြင်ရမည်ဟု ဆုံးဖြတ်ထားသည်။

ရှန်းယွီသည် လုပ်ငန်းခွင်တစ်ခုချင်းစီသို့ လျှောက်လှမ်းရင်း တပည့်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို ဂုဏ်ယူစွာဖြင့် ကြည့်ရှုနေသည်။

ယနေ့ ပြုလုပ်သော လက်တွေ့စမ်းသပ်မှုသည် တပည့်များ၏ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသာမက သူတို့၏ ကြိုးစားအားထုတ်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် သူတို့ရွေးချယ်ထားသော အတတ်ပညာအပေါ် ထားရှိသည့် စိတ်အားထက်သန်မှုတို့ကိုပါ မြင်တွေ့နိုင်စေသည်။ သူတို့ အောင်မြင်သည်အထိ ရုန်းကန်နေကြပုံကို ကြည့်ရင်း ရှန်းယွီ၏ စိတ်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသည် တကယ့်ကို ဆရာတစ်ယောက် ဖြစ်နေပြီဟု ခံစားလိုက်ရသည်။

…

“ကဲ... အချိန်ပြည့်ပြီ။ ရပ်လိုက်ကြတော့”

ရှန်းယွီ၏ အမိန့်သံမှာ ဆေးရည်ပွက်သံများ၊ သံတူထုသံများနှင့် ဒယ်အိုးပူသံများကို ဖြတ်ကျော်၍ ထွက်ပေါ်လာခဲ့သည်။

တပည့်များမှာ ချက်ချင်းပင် ရပ်တန့်သွားကြသည်။ အချို့မှာ ဆေးဖက်ဝင်ပစ္စည်းများကို ကိုင်ထားဆဲဖြစ်ပြီး အချို့မှာ အဆောင်ပေါ်တွင် စုတ်တံကို ဆွဲလက်စဖြစ်နေကြသည်။ ရုတ်တရက် ကျရောက်လာသော တိတ်ဆိတ်မှုအတွင်း၌ ငြိမ်းတော့မည့် မီးဖိုမှ မီးစကလေးများ မြည်သံနှင့် အေးမြစပြုနေသော ဆေးရည်များမှ ပူဖောင်းကလေးများ ထွက်ပေါ်လာသံသာ ကြားရတော့သည်။

ရှန်းယွီသည် လုပ်ငန်းခွင်တစ်ခုချင်းစီသို့ လျှောက်လှမ်းကာ တပည့်တစ်ဦးချင်းစီ၏ လက်ရာများကို စစ်ဆေးတော့သည်။ သူသည် ရလဒ်များကိုသာမက သူတို့အသုံးပြုသော နည်းစနစ်များနှင့် နားလည်မှုတို့ကိုပါ အကဲဖြတ်နေခြင်း ဖြစ်သော်လည်း သူ၏ မျက်နှာအမူအရာကိုမူ တည်ငြိမ်စွာ ထားရှိသည်။

“ကြွက်သတ်ဆေး ၁၀ မှတ်”

သူက ပထမဆုံး ဆေးဖော်စပ်ခြင်း လုပ်ငန်းခွင်တွင် ကြေညာလိုက်သည်။ ထိုတပည့်၏ မျက်နှာမှာ စိတ်ပျက်မှုကြောင့် ရှုံ့မဲ့သွားခဲ့သည်။

“အရှိန်မြှင့်ဆေးရည် ၂၅ မှတ်”

သူက နောက်တစ်ခုတွင် ဆက်လက်ကြေညာသည်။ ထိုတပည့်မှာ ဤရမှတ်အပေါ် ဝမ်းသာရမည်လော ဝမ်းနည်းရမည်လော ဝေခွဲမရ ဖြစ်နေသည်။

သူသည် ချက်ပြုတ်ရေး ဧရိယာသို့ လျှောက်လှမ်းလာခဲ့သည်။

“တူးနေတဲ့ ဝိညာဉ်ဆန် ၅ မှတ်”

သူက ပြောလိုက်ရာ ထိုတပည့်မှာ စိတ်ပျက်လက်ပျက်ဖြင့် ဒူးထောက်ကျသွားတော့သည်။ “အခြေခံ အားဖြည့်စွပ်ပြုတ် ၄၀ မှတ်”

ကြေညာရာတွင်မူ ထိုတပည့်က အားနည်းသော အပြုံးတစ်ခုကို ပြုံးနိုင်ခဲ့သည်။

ရှန်းယွီသည် လုပ်ငန်းခွင် ရာပေါင်းများစွာကို ဤအတိုင်းပင် ဆက်လက် အကဲဖြတ်သွားသည်။

အချို့တပည့်များမှာ သူတို့၏ ရမှတ်များကို ကြားသောအခါ ဝမ်းသာအားရ ခုန်ပေါက်ကြသော်လည်း အချို့မှာမူ စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ အများစုမှာမူ မည်သို့သော ခံစားချက်မျိုး ပြသရမည်မှန်းပင် မသိကြပေ။

တပည့်များသည် သူတို့အလှည့်ကို စောင့်ဆိုင်းရင်း အခြားသူများ၏ တုံ့ပြန်မှုများကို ကြည့်ကာ သူတို့ မည်မျှရမည်ကို ခန့်မှန်းနေကြသဖြင့် အခြေအနေမှာ ပိုမိုတင်းမာလာခဲ့သည်။

နောက်ဆုံးတွင် ရှန်းယွီသည် လျူချင်း၏ လုပ်ငန်းခွင်ရှေ့တွင် ရပ်လိုက်သည်။ သူမသည် ပြတ်သားသော မျက်နှာထားဖြင့် ရှန်းယွီကို မော့ကြည့်နေသည်။

“ကျွန်မ အဆင်သင့်ဖြစ်ပါပြီ”

သူမက ပြောလိုက်သော်လည်း သူမ၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။

ရှန်းယွီသည် သူမ သူ့ကို ကြည့်နေပုံမှာ သတ်ဖြတ်ခြင်း ခံရတော့မည့်သူကဲ့သို့ ဖြစ်နေသဖြင့် အံ့ဩမိသွားသည်။ သူသည် သူမ၏ အစီအရင်ဗန်းကို ဂရုတစိုက် စစ်ဆေးကြည့်ရာ ရေးဆွဲထားသော ပုံစံများမှာ တိကျပြီး ဝိညာဉ်စွမ်းအားများ တည်ငြိမ်စွာ စီးဆင်းနေသည်ကို တွေ့ရသည်။

“အဆင့်ရှစ် ပေါက်ကွဲစေတတ်သော အဆောင် ၉၀ မှတ်”

သူက ကြေညာလိုက်သည်။

လျူချင်းသည် ဤစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်မိသည်။ သူမ၏ ပုခုံးများမှာလည်း တင်းမာမှုများ လျော့ကျသွားသဖြင့် လျော့တိလျော့ရဲ ဖြစ်သွားခဲ့သည်။ အမှတ်ပေးပြီးသား အခြားတပည့်များမှာ သူမကို အံ့ဩစွာဖြင့် ကြည့်နေကြပြီး အချို့မှာမူ ဤမျှမြင့်မားသော ရမှတ်အပေါ် မနာလိုဖြစ်နေကြသည်။

သို့သော် လျူချင်းသည် ထိုအကြည့်များကို ဂရုမစိုက်ပေ။ သူမသည် ဂိုဏ်းချုပ်အကြီးအကဲကို စိတ်မပျက်စေခဲ့ဟု ကျေနပ်စွာ တွေးနေမိသည်။ သူမကြောင့်သာ ဂိုဏ်းချုပ်အကြီးအကဲက အတတ်ပညာရပ်ဆိုင်ရာ မဏ္ဍပ်ကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ရာ သူမအနေဖြင့် အရှုံးမပေးနိုင်ပေ။

သူမသည် ကိုယ်ဟန်အနေအထားကို ပြန်လည်ပြင်လိုက်ပြီး တည်ကြည်သော အမူအရာ ပြန်လည်ထားရှိလိုက်သည်။ ဤသည်မှာ အစသာ ရှိသေးသည်။ နောက်တစ်ကြိမ်တွင် ဤထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

ကျောက်ရှန်းသည် ရှန်းယွီ သူ၏ ဟင်းလျာကို စစ်ဆေးနေသည်ကို အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှန်းယွီက နှုတ်ခမ်းကို ဟလိုက်သည်။ ကျောက်ရှန်း၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

“အဆင့်ရှစ် စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသော ဝိညာဉ်ဟင်းလျာ ၈၅ မှတ်”

ရှန်းယွီက ကြေညာလိုက်သည်။

ကျောက်ရှန်းသည် ဝမ်းသာအားရ ခုန်ပေါက်လိုက်ပြီး သူ၏ လက်သီးကို လေထဲတွင် ဝှေ့ယမ်းလိုက်သည်။

ထို့နောက် သူသည် လျူချင်းကို ပြိုင်ဆိုင်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမကို ရှုံးသွားသည်ကို သူ မယုံကြည်နိုင်ပေ။ သို့သော် သူတို့နှစ်ဦးစလုံးမှာ အဆင့် ၈ ခြင်း တူနေပါလျက် သူမက ဘာလို့ အမှတ်ပိုများနေရတာလဲ။

သူမက အထူးပြုအတတ်ပညာကို သင်ယူနေတာကြောင့်လား။

ရှန်းယွီသည် တပည့်များကို တစ်ဦးချင်းစီ ဆက်လက် အမှတ်ပေးသွားသည်။

ဆေးပညာကျောင်းမှ ဝမ်ချန်းသည် ရောဂါရှာဖွေခြင်းနှင့် ကုသမှုအစီအစဉ်အတွက် ၈၃ မှတ် ရရှိခဲ့သည်။ အဆောင်မွမ်းမံခြင်းကျောင်းမှ ဖူယွဲ့မှာမူ အဆင့်ခုနစ် အကာအကွယ်အဆောင်ကို ဖန်တီးခဲ့သဖြင့် ၉၅ မှတ် ရရှိခဲ့သည်။ သူ၏ အမြွှာညီ ကျန့်ယွဲ့သည်လည်း အဆင့်ခုနစ် အကာအကွယ် အစီအရင်ကို ဖန်တီးခဲ့သဖြင့် ၉၅ မှတ်ပင် ရရှိခဲ့သည်။

စိုက်ပျိုးရေးကျောင်းမှ ရှန်နောင်မှာ ၈၉ မှတ် ရရှိခဲ့ပြီး၊ ဝမ်ချန်းမှာမူ ၉၀ မှတ် ရရှိခဲ့သည်။ ဆေးဖော်စပ်ခြင်းကျောင်းမှ လောင်ကျိမှာမူ အဆင့်ရှစ် အနာရောဂါပျောက်ကင်းစေသော ဆေးလုံးအတွက် ၈၇ မှတ် ရရှိခဲ့သည်။

နောက်ဆုံးတွင် ရှန်းယွီသည် ကျူးရုံ၏ ပန်းပဲလုပ်ငန်းခွင်သို့ ချဉ်းကပ်လာခဲ့သည်။ ထိုကြီးမားသော တပည့်ကြီးမှာ သူဖန်တီးထားသော ဝိညာဉ်စွမ်းအားများဖြင့် တောက်ပနေသည့် လှပသော ဓားဘေးတွင် ဂုဏ်ယူစွာ ရပ်နေသည်။

ရှန်းယွီသည် ထိုလက်နက်ကို ဂရုတစိုက် စစ်ဆေးကာ မျှခြေနှင့် ဝိညာဉ်စွမ်းအား စီးဆင်းမှုကို စမ်းသပ်ကြည့်သည်။ ထိုလက်ရာ၏ အရည်အသွေးကြောင့် ရှန်းယွီမှာ အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။

“အဆင့်မြင့် မှော်ရတနာ ၁၀၀ မှတ်”

သူက ကြေညာလိုက်သည်။

စမ်းသပ်မှု ဧရိယာတစ်ခုလုံးမှာ မှင်တက်သွားကာ တိတ်ဆိတ်သွားတော့သည်။ အခြားသော ကျောင်းအုပ်များပင်လျှင် ကျူးရုံကို လေးစားသော၊ မနာလိုဖြစ်သော အကြည့်များဖြင့် ကြည့်နေကြသည်။

တစ်စုံတစ်ယောက်က အမှတ်ပြည့် တကယ်ရသွားတာလား။

All Chapters