အခန်း (၄၆၁-၄၆၂)
Vol. 44 Ch. 461-462
ယန်နတ်ဘုရား စာစဉ် (၄၄)။
ဘာသာပြန်သူ နေဇင်။
အခန်း (၄၆၁)။
“ဒီလောက်ထိ အန္တရာယ်ကြီးလိမ့်မယ်လို့ ငါ မထင်ထားဘူး။”
ချန်ယင်းရှာသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ဟုန်ယွိ ပြန်ပြောပြသည့် ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို နားထောင်ရင်း ထိတ်လန့်တုန်လှုပ်သွားမိ သည်။
ယခုအခါ မိုးသောက်ယံသို့ ရောက်ရှိနေပြီဖြစ်ရာ အရှေ့ဘက်ကောင်းကင်ယံ၌ အရုဏ်ဦး အလင်းတန်းများ ပျိုးစပြုနေပြီ ဖြစ်သည်။
သဲကန္တာရပြည်နယ် ရဲတိုက်အတွင်းရှိ ခန်းမဆောင်ထဲတွင် ဟုန်ယွိ၊ ရှဲ့ဝန်ယွမ်၊ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်၊ ဆန်းဝေဝေ၊ ချီလင်၊ ယွမ်ကုန်းမင်၊ ကျိရှန်းထျန်းနှင့် အခြားသော လူသားများ၊ သားရဲများ၊ နတ်ဘုရားများ အားလုံး စုဝေးနေကြသည်။
စိတ်ကို တည်ငြိမ်အောင်ထားပြီး ခဏတာ အနားယူပြီးနောက် ဟုန်ယွိသည် ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သုံးသပ်နေမိသည်။ ချန်ယင်းရှာသည် ညဘက်တွင် တာအိုကျင့်စဉ်များကို ကျင့်ကြံနေသဖြင့် လိုက်မလာနိုင်ခဲ့သော်လည်း သူမ သိထားသင့် သည့် အချက်အချို့ကို ဟုန်ယွိက ပြောပြနေခြင်း ဖြစ်သည်။
တစ်ညတာအတွင်းမှာပင် ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သည်။
ဤအကြိမ်တွင် ဟုန်ယွိနှင့် ဆန်းဝေဝေတို့သည် ရှေးဟောင်း ရာရှိုမွန်တံခါးကို ထောက်လှမ်းရန် စစ်စခန်းကို ညဘက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ရက်စက်မိစ္ဆာ ကာစီကို သတ်ဖြတ်ပြီးနောက် ‘ပုံရိပ်ယောင်တံခါး’ အတွင်းသို့ ဝင်ရောက်ကာ အနောက် ဘက်ဒေသ၏ ရိက္ခာသိုလှောင်ရုံများကို စူးစမ်းခဲ့ကြသည်။ ထို့နောက် ဟွာလျိုနိုင်ငံ၏ နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ‘အုပ်စိုးရှင် ဧကရာဇ်လေးပါး’ နှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့နောက်တွင်မူ ချန်ပီယံမြို့စား၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ချန်ပီယံမြို့စားကို သတ်ဖြတ်ပြီးနောက်တွင်မူ အနောက်ဘက်ဒေသကို နှစ်ပေါင်း ၅,၀၀၀ ကျော် အုပ်စိုးလာခဲ့သည့် မူလဝိညာဉ်နတ်ဘုရားနှင့် ရင်ဆိုင်ခဲ့ရပြန်သည်။
ဤတစ်ညတာ ဖြစ်ရပ်များကို စာအုပ်တစ်အုပ်အဖြစ်ပင် ရေးသား၍ ရနိုင်ပေသည်။
သို့သော် ဟုန်ယွိသည် အလွန်ပင် ပျော်ရွှင်နေမိသည်။ သူ၏ အနီးအနားတွင် လုပ်ဖော်ကိုင် ဖက်များစွာကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ခေတ်တခေတ် စာပေလောက၏ အကျော်အမော် မဟာပညာရှင် ရှဲ့ဝန်ယွမ်ပင်လျှင် သူနှင့် တစ်ဖက်တည်း ရပ်တည်နေပြီ ဖြစ်သည်။
သူသည် တစ်ကိုယ်တော် တိုက်ပွဲဝင်နေရသူတစ်ဦး မဟုတ်တော့ပေ။
ဤလူစုနှင့်သာ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြမည်ဆိုပါက မည်သည့် မြင့်မြတ် နယ်မြေကိုမဆို ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး၊ ၎င်းတို့ကိုပင် ကျော်လွန်ရှိနေပေလိမ့်မည်။ သူတို့တွင် ဤလောကရှိ မည်သည့်အင်အားစုနှင့်မဆို ယှဉ်ပြိုင်နိုင်သည့် အရင်းအနှီးများ ရှိနေပြီ ဖြစ်သည်။
အစေခံမလေးကို ခေါ်၍ အားလုံးအတွက် ပူပူနွေးနွေး ဂျင်ဆင်းလက်ဖက်ရည်များကို ငှဲ့ခိုင်း ပြီးနောက် ဟုန်ယွိက ချန်ပီယံမြို့စားအကြောင်းကို စတင်ပြောဆိုလိုက်သည်။
“ချန်ပီယံမြို့စားမှာ ဆန်းကြယ်တဲ့ နောက်ခံသမိုင်းကြောင်း ရှိတယ်။ သူက ကောင်းကင် ပြင်ပနယ်မြေကနေ ရောက်လာတဲ့ မိစ္ဆာတစ်ကောင် ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်။ သူ့ကို ပထမဆုံး မြင်လိုက်ကတည်းက ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေတယ်လို့ ငါ ခံစားမိခဲ့ တာ။” ရှဲ့ဝန်ယွမ်က ဂျင်ဆင်းလက်ဖက်ရည်ကို တစ်ငုံသောက်ကာ မျက်မှောင်ကြုတ်လိုက် သည်။ ထို့နောက် ဂျင်ဆင်းလက်ဖက်ရည်ကို ကြွေပန်းကန်လုံးထဲသို့ ဂရုတစိုက် ပြန်ထွေး ထုတ်လိုက်ပြီး “ဒီဂျင်ဆင်းစွပ်ပြုတ်က ပြုတ်တာ ကြာလွန်းသွားတော့ အထဲက ဆေးဖက် ဝင် အာနိသင်တွေကို ပျက်စီးသွားစေတယ်။ ဒါက နှစ် ၅၀၀ သက်တမ်းရှိတဲ့ ဂျင်ဆင်း ဖြစ်တော့ နှမြောဖို့ ကောင်းလိုက်တာ။ ဒီလိုပဲ အလဟဿ ဖြစ်သွားရပြီ။”
“အို... ဒီဂျင်ဆင်းကို ‘ရုန်ယန်လက်ဖက်ရည်’ရဲ့ ရှေးဟောင်းနည်းစနစ်အတိုင်း ကျိုထားတာ ပါ။ မနက်ခင်းမှာ သောက်လိုက်ရင် အစာအိမ်ကို နွေးထွေးစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်လို့ သိထားလို့ပါ။” ဟုန်ယွိက ရှဲ့ဝန်ယွမ်ကို ကြည့်ကာ ပြောလိုက် သည်။
“ရှေးဟောင်းနည်းစနစ်အတိုင်း ကျိုထားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျိုချက်တဲ့လူက ကျွမ်းကျင်ပညာရှင်တစ်ယောက်တော့ မဟုတ်ဘူး။ တကယ်လို့ ရှင်သာ ဒါလက်ဖက်ရည် ကို တစ်နှစ်ပတ်လုံး သောက်နေမယ်ဆိုရင် ရှင့်သွေးကြောတွေက ပျော့ပျောင်းညင်သာမှာ မဟုတ်တော့ဘူး။” ဆန်းဝေဝေကလည်း တစ်ငုံသောက်ပြီး ပြန်ထွေးထုတ်ကာ ပြောလိုက် သည်။
“မျိုးရိုးမြင့် မိသားစုကြီးတွေဆိုတော့လည်း ထုံးစံအတိုင်း တကယ်ကို ထူးခြားတာပဲ။ ဂျင်ဆင်းစွပ်ပြုတ် ပန်းကန်လုံးလေး တစ်လုံးကိုတောင် ဒီလောက်အထိ အသေးစိတ်ကျ တာလား။” ဟုန်ယွိသည် သူ့စိတ်ထဲတွင် တွေးမိသွားသည်။
“ပညာရှင် သူတော်စင်ကြီးတွေ ပြောဖူးတယ်... ကောင်းမွန်တဲ့ အစားအစာကို ဘယ်တော့မှ ငြီးငွေ့လို့ မရဘူးတဲ့။ ဒါက ကျန်းမာရေးကို ထိန်းသိမ်းတဲ့ နည်းလမ်းဖြစ်သလို တစ်နှစ်ပတ် လုံး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းတဲ့ အရေးကြီးတဲ့ နည်းလမ်းလည်း ဖြစ်တယ်။ ဒါပေမဲ့ နှစ်ပေါင်းထောင်ချီ သက်တမ်းကြားမြင့်တဲ့ မျိုးရိုးမြင့် မိသားစုကြီးတွေနဲ့ ပညာရှင် အရာရှိကြီးတွေလောက်ပဲ အစားအစာရဲ့ အနုစိတ်မှုကို ဆွေးနွေးနိုင်ကြတာ။ သာမန် လူတွေအနေနဲ့ ဝမ်းဗိုက်ပြည့်ဖို့တောင် မနည်းလုပ်နေရတာဆိုတော့ ဒါတွေကို မစဉ်းစားနိုင် ကြဘူး။” ရှဲ့ဝန်ယွမ်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ “ဟုန်ယွိ... မင်းမှာ ရတနာ တွေ၊ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဒိုင်ဇင်ဘုရားကျောင်းက ရတနာတွေ အများကြီး ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမဲ့ အစားအသောက်နဲ့ ပတ်သက်လာရင်တော့ မင်းဟာ မျိုးရိုးမြင့် မိသားစု ကြီးတွေနဲ့ ယှဉ်ရင် အဝေးကြီး လိုနေသေးတယ်။ ငါ ဆိုလိုတာက မင်း အသုံးအဖြုန်းကြီးဖို့ မဟုတ်ပါဘူး။ အချို့ဆေးဖက်ဝင်ပစ္စည်းတွေကို စနစ်တကျ မချက်ပြုတ်ရင် အလဟဿ ဖြစ်ရုံတင်မကဘဲ ခန္ဓာကိုယ်ကိုတောင် အန္တရာယ် ပေးနိုင်တယ်။ မင်းရဲ့ ယခုလက်ရှိ သိုင်းသူတော်စင်အဆင့် ခန္ဓာကိုယ်နဲ့ဆိုရင် မင်းက ဘာမှမကြောက်ပေမဲ့ နှစ်တွေ ကြာလာ တဲ့အခါ အားနည်းချက်လေးတွေ ရှိလာနိုင်တယ်။ မင်း တောင်ပိုင်းဒေသကို သွားတဲ့အခါ ဆေးဖက်ဝင်ပစ္စည်းတွေ ကျိုချက်တာနဲ့ အစားအသောက် စီမံပေးနိုင်မယ့် ပညာရှင်အချို့ ကို ငါ မင်းအတွက် ထည့်ပေးလိုက်မယ်။”
“အော်... ကျွန်တော်လည်း စာအုပ်တွေ ရေးဖို့အတွက် တောင်ပိုင်းဒေသကို သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။”
တောင်ပိုင်းဒေသကို သွားရန် ပြောလိုက်သည့်အခါ ဟုန်ယွိသည် သူ၏ မိခင်ဖြစ်သူမှာ တောင်ပိုင်းပြည်နယ်တွင် နတ်ဘုရားမတစ်ပါးအဖြစ် အပူဇော်ခံနေရသည်ဟူသော ဧကရာဇ် ယန်ဖန်၏ စကားကို သတိရသွားသည်။ “ဒါပေမဲ့ ဒါကို ပြောဖို့က အချိန်စောပါ သေးတယ်။ ချန်ပီယံမြို့စားအကြောင်း ဆက်ပြောကြတာပေါ့။”
“ယန်အန်းကတော့ စိုးရိမ်စရာ မရှိတော့ဘူး။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကိုတော့ တစ်စုံ တစ်ယောက်က သိမ်းပိုက်သွားမှာ အသေအချာပဲ။ ဒီအချိန်မှာ ချင်ပြည်နယ်ကို သွားဖို့ကျ ပညာရှိရာ မကျဘူး။ မူလဝိညာဉ်နတ်ဘုရား ပေါ်လာတာကို ပေါ့ပေါ့တန်တန် သဘောမ ထားသင့်ဘူး။ ငါတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ထားရမယ်။” ယွမ်ရှန်းရှန်းက ချန်ပီယံ မြို့စား သေဆုံးမှုကို သာမန်ပြင်ပလူတစ်ယောက် သေဆုံးသကဲ့သို့ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ချန်ပီယံမြို့စားမှာ သူမ၏ ယခင်ဘဝက သားဖြစ်ခဲ့သော်လည်း သူ၏ စိတ်ဝိညာဉ်မှာ ကောင်းကင်ပြင်ပနယ်မြေမှ မိစ္ဆာစိတ်ဝိညာဉ်တစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
“ကောင်းကင်ပြင်ပနယ်မြေဆိုတာ ဘယ်လိုနေရာမျိုးလဲ? ဆရာရှဲ့... ဆရာက ဗဟုသုတ ကြွယ်ဝပြီး ရှေးဟောင်းကျမ်းစာတွေကို ဖတ်ခဲ့ဖူးတာဆိုတော့ ကျွန်တော့်ကို ရှင်းပြပေးလို့ ရမလား။” ဟုန်ယွိက မေးလိုက်သည်။
ဒိုင်ဇင်ဘုရားကျောင်းမှ လျှို့ဝှက်ကျမ်းစာများတွင်လည်း ကောင်းကင်ပြင်ပနယ်မြေ အကြောင်း ပါရှိသော်လည်း ၎င်းမှာ ဗုဒ္ဓများနှင့် ဗောဓိတ္တများ နေထိုင်ရာ နေရာအဖြစ်သာ ဖော်ပြထားသည်။ ထိုဒဏ္ဍာရီလာ ကျမ်းစာများကိုမူ ယုံကြည်ရန် ခဲယဉ်းလှသည်။
ဒိုင်ဇင်ဘုရားကျောင်းမှ ဗုဒ္ဓများနှင့် ဗောဓိသတ္တများကိုပင် ဧကရာဇ် ယန်ဖန်က မဟာ လေဟာနယ်လက်ဝါး ကျင့်ကြံရန် သန့်စင်ပစ်ခဲ့သည် မဟုတ်ပါလား။ သို့ဆိုလျှင် သူတို့က အဘယ်ကြောင့် ကောင်းကင်ပြင်ပနယ်မြေတွင် ရှိနေဦးမည်နည်း။
“ကောင်းကင်ပြင်ပနယ်မြေဆိုတာ တခြားကမ္ဘာတစ်ခုပဲ။ ဒါပေမဲ့ ဘယ်သူမှ အဲဒီနေရာကို မထိတွေ့ဖူးသေးတော့ အတိအကျ ဘယ်သူမှ မသိကြသေးဘူး။ သမိုင်းမှတ်တမ်းတွေထဲက ပါရမီရှင်တွေဟာ ကောင်းကင်ပြင်ပနယ်မြေကနေ လာတယ်လို့ ဆိုကြပေမဲ့ တစ်ဝက် လောက်က စိတ်ကူးယဉ်မှုတွေပဲ။ အဲဒီနေရာဟာ အင်မော်တယ် နေထိုင်ရာ နေရာဆိုတဲ့ ဒဏ္ဍာရီကတော့ လုံးဝ အမှားကြီးပဲ။ ချန်ပီယံမြို့စားရဲ့ အပြုအမူတွေကို ကြည့်ဦး... ဘယ်နေရာကများ အင်မော်တယ်နဲ့ တူလို့လဲ။” ရှဲ့ဝန်ယွမ်က ဆက်ပြောသည်။ “ဒါပေမဲ့ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင် ဖြစ်လာရင်တော့ မင်းတို့ ရဲ့ အတွေးစတွေက အလွန် သန်မာလာပြီး စကြဝဠာ တစ်ခုလုံးရဲ့ အချက်အလက်တွေကို အာရုံခံနိုင်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ကောင်းကင်ပြင်ပနယ်မြေက ဘာလဲဆိုတာ ကို မင်းတို့ သိလာလိမ့်မယ်။ အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးတွေဆိုရင် သူတို့ စိတ်ဝိညာဉ်တွေနဲ့ ကောင်းကင်ပြင်ပ နယ်မြေအထိတောင် လှည့်လည်သွားလာခဲ့ကြတာ။ ဆန်းဝေဝေ... မင်းတို့ ဆန်းမိသားစုဆိုတာ အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးတွေရဲ့ မျိုးနွယ်စုပဲ။ ပညာရှင် သူတော်စင်ကြီးတွေ လှည့်လည်သွားလာခဲ့တဲ့ ကမ္ဘာအကြောင်း မှတ်တမ်း တင်ထားတဲ့ လက်ရေးမူတွေ မင်းတို့ဆီမှာ ရှိနေသင့်တယ် မဟုတ်လား။”
“ဆရာရှဲ့... ဆရာက ဒါကိုတောင် သိတာလား။”
ဆန်းဝေဝေက ရှဲ့ဝန်ယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး “မှန်ပါတယ်။ ကျွန်မတို့ မိသားစုရဲ့ ဒဏ္ဍာရီတွေအကြောင်း လက်ရေးမူတွေ ရှိပါတယ်။ ကျွန်မတို့ရဲ့ ပညာရှင် သူတော်စင် ဘိုးဘေးကြီး ကောင်းကင်ပြင်ပနယ်မြေကနေ ပြန်လာပြီးနောက် သူကိုယ်တိုင် မှတ်တမ်းတင်ထားခဲ့တာပါ။ ဒါတွေက မိသားစုရဲ့ အထူးလျှို့ဝှက်ချက်တွေ ဖြစ်ပြီး မျိုးနွယ် စု ခေါင်းဆောင်တွေရဲ့ လက်ထဲမှာပဲ ရှိနေတာပါ။ ကျွန်မလည်း ကြားဖူးရုံပဲ ရှိတယ်၊ ကိုယ်တိုင် မြင်တွေ့ဖို့ကတော့ မဖြစ်နိုင်ပါဘူး။”
“အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးတွေရဲ့ လက်ရေးမူတွေဆိုတော့ တကယ်ပဲ အဖိုးတန်မှာပဲ။” ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ပြီး “ကြည့်ရတာ ငါတို့ ဖန်ဆင်းရှင် အဆင့်ကို ရောက်တဲ့အထိ စောင့်ပြီးမှပဲ စိတ်ဝိညာဉ်ခရီးစဉ်ကနေ တစ်ဆင့် သွားကြည့်မှပဲ ရတော့မယ် ထင်တယ်။”
“အခု ကျွန်မတို့ ဘာလုပ်ကြမလဲ။ ရှေးဟောင်းရာရှိုမွန်တံခါးကိုလည်း မသိမ်းနိုင်သေးဘူး၊ အနောက်ဘက်ဒေသရဲ့ ရိက္ခာလမ်းကြောင်းကိုလည်း မဖြတ်တောက်နိုင်သေးဘူး။ ကျွန်မတို့ တော်ဝင်ချန် စစ်တပ်ကတော့ ခက်ခဲတဲ့ တိုက်ပွဲကြီးကို ရင်ဆိုင်ရတော့မယ်။” ဆန်းဝေဝေက ဆိုသည်။
“အခုလောလောဆယ်တော့ ငါတို့ တစ်ဆင့်ချင်းစီပဲ သွားကြတာပေါ့။ ငါတို့ အားလုံး စုစည်း နေသရွေ့တော့ အနောက်ဘက်ဒေသက ပညာရှင်တွေလည်း ငါတို့ကို လာနှောင့်ယှက်ရဲမှာ မဟုတ်ဘူး။ မူလဝိညာဉ်နတ်ဘုရားက ငါ့ကို ခြိမ်းခြောက်ရုံသက်သက်ပဲလို့ ငါ ထင်တယ်။ မဟုတ်ရင် သူ ငါ့ကို သတ်တာ ကြာလှပြီ။ သူရဲ့ ဘုံသုံးပါးမူလစွမ်းအင်အမြောက်နဲ့ သူရဲ့ ကျင့်စဉ်အဆင့်က ငါ့ထက် အဆပေါင်းများစွာ မြင့်နေတာမို့ သူက ဖန်ဟွမ်အသက်ဝိညာဉ် ဓားကိုတောင် ကြောက်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက ငါနဲ့ အသေအကြေ မတိုက်ချင် ဘူး။ ဘာလို့လဲဆိုတော့ ငါတို့ထဲက တစ်ယောက်ယောက် အပြင်းထန် ထိခိုက်ဒဏ်ရာ ရသွားရင် အခွင့်ကောင်းယူမယ့်သူတွေ အများကြီး ရှိနေလို့ပဲ။ ငါ ခြောက်ကြိမ်မြောက် ကောင်းကင်ကြိုးဒဏ်ကို ကျော်ဖြတ်ပြီး ဖန်ဟွမ်အသက်ဝိညာဉ်ဓားနဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်ကို တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်နိုင်တဲ့အခါမှပဲ မူလဝိညာဉ်နတ်ဘုရားကို ရင်ဆိုင်ရ တာ ပိုပြီး စိတ်ချရလိမ့်မယ်။”
ဟုန်ယွိသည် မူလဝိညာဉ်နတ်ဘုရားအကြောင်း တွေးရင်း မျက်မှောင်ကြုတ်ကာ အေးစက် စွာ ပြုံးလိုက်မိပါသည်။
“မိုးကြိုးကပ်ဘေး ခံယူဖို့အကြောင်း ပြောရရင်... ဟုန်ယွိ၊ ငါလည်း ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ခံယူဖို့ အဆင်သင့် ဖြစ်နေပြီ။ မင်း ငါ့အတွက် အစောင့်ကြပ် ပေးရမယ်။ ငါ မင်းကို ‘ရှေးဦးနဂါးသင်္ချိုင်း’ဆီကို ခေါ်သွားမယ်။” နဂါးသမီးတော်က မတ်မတ်ထိုင်လျက် လက်ထဲက နှင်းဆီပန်းတစ်ပွင့်ကို ကစားရင်း ပြောလိုက်သည်။
“ရှေးဦးနဂါးသင်္ချိုင်းလား။ အဲဒါက ဒဏ္ဍာရီလာ ဆန်းကြယ်တဲ့ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေနဲ့ အလားတူနေရာတစ်ခု မဟုတ်လား။” ရှဲ့ဝန်ယွမ်က ထိုဆန်းကြယ် သော နဂါးသမီးတော်ကို ကြည့်ကာ မေးလိုက်သည်။
“မှန်ပါတယ်။ အဲဒီမှာ နဂါးအကြေးခွံတွေနဲ့ နဂါးဝိညာဉ်တွေ ရှိတယ်။ အဲဒါတွေကို နတ်ဘုရားချပ်ဝတ်တွေအဖြစ် သွန်းလုပ်လို့ ရတယ်။ အထူးသဖြင့် တစ်ကိုယ်လုံးကို လွှမ်းခြုံနိုင်တဲ့ ရှေးဟောင်းချပ်ဝတ်တွေပေါ့။ အဲဒီချပ်ဝတ်တွေကို ဝတ်ဆင်ထားရင် ငှက်ကလေးတစ်ကောင်လို ပေါ့ပါးစေပြီး ရေ၊ မီး မခနိုင်သလို ခွန်အားကိုလည်း အဆမတန် ကြီးမားစေတယ်။ ဟုန်ယွိ... မင်းရဲ့ သေမင်းအလင်း နတ်ဘုရားလှံက ကျိုးသွားပြီ မဟုတ် လား။ တကယ်လို့ မင်းသာ နဂါးသင်္ချိုင်းတော်ကို သွားရင် အစစ်အမှန် နဂါးပစ္စည်းတွေကို ရှာတွေ့နိုင်လိမ့်မယ်။ အဲဒီလှံကို မင်း ပြန်ပြင်လို့ ရတယ်။” နဂါးသမီးတော်က ဆိုသည်။
“နဂါးသင်္ချိုင်းက အရမ်း အန္တရာယ်ကြီးမှာပဲ။” ချန်ယင်းရှာက စိုးရိမ်တကြီး မေးလိုက်သည်။ “ရှေးဦးကောင်းကင်နဂါးတွေဟာ ချပ်ဝတ်အသွင် ပြောင်းလဲပြီးနောက်မှာ အားလုံးပဲ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း နယ်မြေတွေထဲ အုပ်စုလိုက် ဝင်သွားကြတယ်ဆိုတဲ့ ဒဏ္ဍာရီကို ကျွန်မ ကြားဖူးတယ်။”
“ဒါပေါ့... ဒါပေမဲ့ အကြီးမားဆုံး အန္တရာယ်က အဲဒီကမ္ဘာရဲ့ ဝင်ပေါက်ကို ဘယ်သူမှ မသိတာ ပဲ။ ဒါပေမဲ့ ကျွန်မမှာတော့ အဲဒီတံခါးကို ဖွင့်နိုင်တဲ့ ရတနာ ရှိတယ်။” နဂါးသမီးတော်က ဟုန်ယွိကို ကြည့်ကာ ပြောလိုက်သည်။
“အခု ရှေးဟောင်းရာရှိုမွန်တံခါးကို သူတို့ ပြန်သိမ်းသွားပြီဆိုတော့ အနောက်ဘက်ဒေသရဲ့ စစ်တပ်က ပိုပြီး အင်အားကြီးလာလိမ့်မယ်။ အခြေအနေတွေက ပိုရှုပ်ထွေးလာဖို့ပဲ ရှိတာမို့ ငါ့ကိုယ်ငါ ပိုသန်မာအောင် လုပ်ဖို့အတွက် တစ်ခုခုရှာဖို့ လိုအပ်နေတာ အမှန်ပဲ။ တကယ်လို့ နဂါးအကြေးခွံတွေ၊ နဂါးအရိုးတွေနဲ့ နဂါးဝိညာဉ်တွေ အများကြီး ရှာတွေ့ရင် ငါတို့အတွက် ချပ်ဝတ်တွေ အများကြီး သွန်းလုပ်လို့ ရတာပေါ့။ ခင်ဗျား မိုးကြိုးကပ်ဘေး ခံယူမယ်ဆိုရင် ကျွန်တော်လည်း ခံယူရမှာပဲ။” ဟုန်ယွိက ဆိုသည်။ “အချိန်ဆွဲမနေတော့ဘူး။ ကျွန်တော် အစီအစဉ်အချို့ လုပ်ပြီး ဒီနေ့ပဲ ထွက်ကြတာပေါ့။ ဒီလောက် လူအများကြီး အကာအကွယ် ပေးနေတာဆိုတော့ တစ်ယောက်ယောက် လာနှောင့်ယှက်မှာကို စိုးရိမ်နေစရာ မလိုတော့ ဘူး မဟုတ်လား။”
“ဒါပေါ့... ဟုန်ယွိ၊ မင်းရဲ့အကျင့်စရိုက်ကို ငါ ယုံကြည်ပါတယ်။” နဂါးသမီးတော်က လက်ထဲ က နှင်းဆီပွင့်ကို သိမ်းလိုက်ပြီး ပွင့်ဖတ်တစ်ခုကို ဆိတ်ကာ မုန့်စားသကဲ့သို့ စားလိုက် သည်။
နှင်းဆီပန်းမှာ သူမ၏ အစားအစာ ဖြစ်ပုံရသည်။
အမှန်စင်စစ် ဟုန်ယွိသည် မိမိကိုယ်ကို ပိုမိုသန်မာအောင် လုပ်ရန် ပြောလိုက်သည့်အခါ ဒိုင်ဇင်ဘုရားကျောင်း၏ မြေအောက်နန်းတော်အတွင်းရှိ ‘ထိုက်ရှီတောင် နဂါးဝိညာဉ်’ နှင့် ထိုနဂါးဝိညာဉ် စောင့်ကြပ်နေသည့် ဆန်းကြယ်သော ရတနာကို ချက်ချင်း သတိရလိုက် သည်။
သို့သော် ထိုအရာများအတွက်မူ သူသည် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးသည့်အထိ စောင့်ရပေလိမ့်မည်။
ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ဖို့နှင့် ဖန်ဆင်းရှင် အဆင့်အတွက်မူ ဟုန်ယွိ သည် သူ့ကိုယ်သူ အနည်းငယ် လိုအပ်နေသေးသည်ဟု ခံစားရသည်။
သို့သော် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပါက သူ၏ စိတ်ဝိညာဉ် အတွေးစတိုင်းမှာ ပြည့်စုံသွားပေလိမ့်မည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ သူသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို သူ၏ မူလဝိညာဉ်နှင့် တစ်သားတည်း ဖြစ်အောင် ကြိုးစားရ မည် ဖြစ်သည်။ ဓားသည် ဝိညာဉ်ဖြစ်ပြီး၊ ဝိညာဉ်သည် ဓားဖြစ်ရမည်။ ထိုအခါမှသာ သူသည် အစစ်အမှန် လွတ်လပ်မှုကို ရရှိမည် ဖြစ်သည်။ မူလဝိညာဉ်နတ်ဘုရားကဲ့သို့သော အစွမ်းထက်သူများကို ကြောက်နေရန် မလိုတော့သလို၊ ကျိုးထိုက်ကျူ အသုံးပြုခဲ့သည့် ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်စီးဆင်းခြင်း’ ပညာရပ်ကဲ့သို့ အန္တရာယ်များကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
ထိုအချိန်ကျမှသာ သူသည် ဒိုင်ဇင်ဘုရားကျောင်း၏ မြေအောက်နန်းတော်အတွင်းရှိ ရတနာကို သွားရောက် ယူဆောင်သည့်အခါ မည်သူ၏ ချောင်းမြောင်းလုယက်မူကိုမျှ စိုးရိမ်နေစရာ လိုတော့မည် မဟုတ်ပေ။
ဟုန်ယွိသည် အားလုံးကို စီစဉ်ပြီးနောက် အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ် ကို အသုံးပြုကာ လူသားများနှင့် သားရဲများ အားလုံးကို လွှမ်းခြုံထားသည့် ‘ကမ္ဘာငယ် လေး’ တစ်ခုကို ဖန်တီးလိုက်သည်။
ထို့နောက် နတ်ဘုရားအသိစိတ်မှာ တုန်ခါသွားပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ အစအနမ ကျန် ပျောက်ကွယ်သွားတော့သည်။ သူတို့သည် အရှေ့ဘက်အရပ်သို့ ပျံသန်းသွားကြပြီ ဖြစ်သည်။
သဲကန္တာရပြည်နယ်၏ ရာသီဥတုမှာ ခြောက်သွေ့လွန်းလှပြီး ဆယ်နှစ်ခန့်ကြာသည်အထိ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း မရှိပေ။ မိုးကြိုးကပ်ဘေး ခံယူရန်အတွက်မူ စိုစွတ်ပြီး မိုးများ သော အရှေ့တောင်ဘက်ဒေသ သို့မဟုတ် တောရိုင်းဒေသများသို့ သွားရောက်ရန် လိုအပ်ပေသည်။
...
ဟုန်ယွိနှင့် သူ့အဖွဲ့သားများ လျှို့ဝှက်စွာ ပျံသန်းသွားချိန်မှာပင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ကျောက်စိမ်းမြို့တော်၏ အနောက်ဘက်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် အတားအဆီး မှော်သင်္ကေတများစွာဖြင့် ဝန်းရံထားသော လျှို့ဝှက်ချိုင့်ဝှမ်းတစ်ခု ရှိသည်။
ထိုနေရာတွင် လူသုံးရပ်ခန့် မြင့်မားသော ကြီးမားသော ဆေးပေါင်းအိုးကြီးတစ်ခု ရှိနေ သည်။ ၎င်း၏ အောက်တွင် ပြင်းထန်သော မီးတောက်များ တောက်လောင်နေသည်။ ဆေးပေါင်း ဖိုပေါ်ရှိ အပေါက်ငယ်များမှ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အခိုးအငွေ့များ ထွက်ပေါ်နေပြီး လေထဲတွင် နဂါး၊ ကျားနှင့် မှိုပုံသဏ္ဌာန်များအဖြစ် ဖွဲ့စည်းနေသည်။
ထန်းဟိုင်လုံနှင့် ဖန်းယွမ်တို့သည် ဘေးတွင် ရပ်လျက် ဆေးပေါင်းအိုးကြီးကို စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။
“သတိထားကြ။ ‘အနန္တရွှေဆေးလုံး’ ထွက်လာတော့မယ်။”
အခန်း (၄၆၂)။
ဝူး... ဝူး... ဝူး... ဝူး...။
လူသုံးရပ်ခန့် မြင့်မားသော ဆေးပေါင်းအိုးကြီးအတွင်းမှ သရဲတစ္ဆေပေါင်း တစ်ရာကျော် တစ်ပြိုင်နက်တည်း ငိုကြွေးနေသကဲ့သို့ အသံများ ထွက်ပေါ်နေလေသည်။ လေပြင်းများ တဝေါဝေါ တိုက်ခတ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး ခြောက်ခြားဖွယ် မှောင်ရိပ်များဖြင့် ဖုံးလွှမ်းသွားတော့သည်။
“ကောင်းလိုက်တာ။ ဒါက ‘အနန္တရွှေဆေးလုံး’ ရဲ့ အတွင်းစိတ်မိစ္ဆာပဲ။ ဒီရွှေဆေးလုံးဟာ ဆေးဖက်ဝင်ပစ္စည်းပေါင်း သောင်းချီ၊ ဆန်းကြယ်တဲ့သားရဲပေါင်း ထောင်ချီရဲ့သွေးတွေနဲ့ ပေါင်းစပ်ထားပြီး ‘မဟာဆင့်ကဲဖြစ်စဉ် နတ်ဘုရားဆေးပေါင်းအိုး’ ထဲမှာ (၄၉) ရက် တိုင်တိုင် ကျိုချက်ထားတာမို့ သူ့မှာ ကိုယ်ပိုင်အသိစိတ် ရှိနေပြီ။ ဒါက ရွှေဆေးလုံးအတွက် ခန္ဓာကိုယ်အသစ်တစ်ခု ပေးလိုက်တာနဲ့ အတူတူပဲ။ အခု ရွှေဆေးလုံး စတင်မွေးဖွားလာပြီ ဆိုတော့ လူတွေမှာရှိတတ်တဲ့ အတွင်းစိတ်မိစ္ဆာလိုမျိုး ပေါ်ထွက်လာတာပေါ့။ ဟောဒီမှာ ကြည့်စမ်း... သရဲတစ္ဆေတစ်သောင်း တစ်ပြိုင်နက် ငိုကြွေးနေတာဟာ ရွှေဆေးလုံးရဲ့ အတွင်းမိစ္ဆာစိတ်တွေပဲ။ အဲဒီအတွင်းမိစ္ဆာစိတ်ကို ချေဖျက်နိုင်မှပဲ ဒီရွှေဆေးလုံးက လုံးဝ သန့်စင်သွားမှာ။ အဲဒီအချိန်ကျရင် ငါတို့ရဲ့စိတ်ဝိညာဉ် အတွေးစတွေနဲ့ ပေါင်းစပ်လိုက်ရင် အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားကို ရရှိလိမ့်မယ်။ စိတ်ဝိညာဉ် အတွေးစတွေ သန်မာလာပြီ ဆိုရင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့က အလွန်လွယ်ကူသွားလိမ့်မယ်။”
ဖန်းယွမ်သည် နတ်ဘုရားဆေးပေါင်းအိုးမှ မှုတ်ထုတ်နေသော အခိုးအငွေ့များကို စိုးရိမ်တ ကြီး ကြည့်နေသည်။
အစောပိုင်းက ဆေးပေါင်းအိုးအတွင်း ဆေးလုံးပန္နက် တည်နေစဉ်တွင် ထွက်ပေါ်လာသော မြူခိုးများမှာ သစ်ခွပန်းနှင့် မှိုနံ့ကဲ့သို့ မွှေးပျံ့နေပြီး လေထဲတွင် နဂါးနှင့် ကျားများ ပြေးလွှား နေသကဲ့သို့ မင်္ဂလာရှိသော တိမ်တိုက်ပုံသဏ္ဌာန်များ ဖြစ်ပေါ်နေခဲ့သည်။ ပန်းပေါင်းတစ်ရာ ပွင့်ဖူးနေသကဲ့သို့ မွှေးကြိုင်လှသည်။
သို့သော် ရုတ်တရက် အရေးကြီးသော အချိန်သို့ ရောက်ရှိလာသည့်အခါ အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ထိုမြူခိုးအငွေ့များမှာ အသွင်အမျိုးမျိုး ပြောင်းလဲသွားပြီး အစွယ်တငေါငေါ၊ လက်သည်း တမြမြနှင့် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီးများအဖြစ် ပြောင်းလဲသွားကာ ကြောက်လန့်ဖွယ်ရာ အော်ဟစ်သံများကို လွှတ်ထုတ်နေကြသည်။
ထိုကြောက်မက်ဖွယ် ဟိန်းဟောက်သံများကြားထဲတွင် ဆေးပေါင်းဖို၏ ဗဟိုချက်မှ ကလေးငယ်တစ်ဦး ငိုယိုသံ ထွက်ပေါ်လာသည်။
ဤမြင်ကွင်းမှာ “သူတော်စင်ရင်သွေးငယ်” တစ်ဦး မွေးဖွားလာချိန်တွင် ကောင်းကင်မိစ္ဆာ များက လာရောက်တိုက်ခိုက်နေသည့်နှယ် ထင်မှတ်ရသည်။
“တကယ့်ကို အံ့မခန်း ‘အနန္တရွှေဆေးလုံး’ ပါလား။ ဒီလောက် ထူးခြားတဲ့ အာနိသင်ရှိနေမှ တော့ ဒီဆေးကို ဖော်စပ်ဖို့ ငါ့ရဲ့ ‘ရှေးဦးကောင်းကင်ပုံဆောင်ခဲ’ သုံးသောင်းကို သုံးပြီး ဆန်းကြယ်ကိုးပါး နတ်ဘုရားမီးလျှံကို ဖန်တီးခဲ့ရတာ တန်သွားပြီ။”
ထန်ဟိုင်လုံက ပြောရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏လက်ထဲမှ တောက်ပနေသော ကျောက်တုံးငယ်များစွာမှာ ဆေးပေါင်းဖိုအောက်ရှိ မီးတောက်များထဲသို့ လွင့်စင်ကျသွား သည်။ မီးတောက်များမှာ ချက်ချင်းပင် ဟုန်းခနဲ တောက်လောင်လာပြီး တဝှီးဝှီး မြည်ဟီး သံနှင့်အတူ ပန်းပွင့်ပုံစံများအဖြစ် ပေါ်လာလိုက်၊ ပေါက်သွားလိုက် ဖြစ်နေတော့သည်။
ထန်ဟိုင်လုံ ပစ်ထည့်လိုက်သော ကျောက်တုံးငယ်လေးများမှာ အမှန်စင်စစ် ကြည်လင် တောက်ပနေသော ‘စိတ်ဝိညာဉ်အတွေးစ’ များ ဖြစ်ကြသည်။
ဤအတွေးစများမှာ အဆင့်တစ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ကျင့်ကြံသူများ ၏ စိတ်ဝိညာဉ်များမှ ဖြစ်ပေါ်လာသော ပုံဆောင်ခဲများ ဖြစ်သည်။
သို့သော် ၎င်းတို့မှာ ထန်ဟိုင်လုံ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် အတွေးစများ မဟုတ်ပေ။ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေအတွင်း စွန့်စားခန်းဖွင့်စဉ်က သူ ရရှိခဲ့သော အဆုံးမဲ့ ရတနာများသာ ဖြစ်သည်။
ဤ ‘ရှေးဦးကောင်းကင် ပုံဆောင်ခဲ’ ဆိုသည်မှာ ကျင့်ကြံသူများ အိပ်မက်ထဲမှာပင် တောင့်တရသော နတ်ဘုရားပစ္စည်းများ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ၎င်းတို့ကို ထင်းများကဲ့သို့ မီးရှို့ပစ်နေခြင်း ဖြစ်သည်။ အကယ်၍ အခြားကျင့်ကြံသူများသာ ဤမြင်ကွင်းကို မြင်လိုက်ရပါက နှလုံးသွေးခုန် ရင်ကွဲနာကျပြီး ချက်ချင်းပင် သေဆုံးသွား နိုင်ပေသည်။
သမိုင်းတစ်လျှောက်တွင် အင်အားအကြီးဆုံး မျိုးရိုးမြင့် မိသားစုကြီးများ၊ ပြိုင်ဘက်ကင်း အင်ပါယာများနှင့် သိုင်းပညာ မြင့်မြတ်နယ်မြေများပင်လျှင် စိတ်ဝိညာဉ် အတွေးစများကို ထင်းများကဲ့သို့ မီးမရှို့ဝံ့ကြပေ။ သူတို့ တွေးတောင် မတွေးဝံ့သည့် အရာပင်။ “ယန်နတ်ဘုရား” အဆင့် အရှင်သခင်တစ်ဦးပင်လျှင် သူ့ကိုယ်ပိုင် အတွေးစများကို ထင်းအဖြစ် အသုံးပြုမည် မဟုတ်ပေ။
ဖန်းယွမ်ပင်လျှင် ထန်ဟိုင်လုံ၏ လုပ်ရပ်ကို မြင်သောအခါ မျက်နှာ အနည်းငယ် တွန့်သွား ပြီး နှမြောတသဖြစ်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
သို့သော်လည်း ဤသည်မှာ ‘အနန္တရွှေဆေးလုံး’ ကို ဖော်စပ်ရန်အတွက် ဖြစ်နေခဲ့သည်။
ဒဏ္ဍာရီများအရ ‘အနန္တရွှေဆေးလုံး’ ကို “ယန်နတ်ဘုရား” အဆင့် ပညာရှင်များသာ ဖော်စပ်နိုင်သည်ဟု ဆိုကြသည်။ ယခုကြည့်ရသည်မှာ ထိုစကားက မမှားနိုင်ပေ။ “ယန်နတ်ဘုရား” အဆင့် ပညာရှင်တစ်ဦးတွင်သာ ဆေးပေါင်းဖိုအောက်ရှိ ‘ဆန်းကြယ်ကိုး ပါး နတ်ဘုရားမီးလျှံကို တောက်လောင်စေရန် ဤမျှများပြားသော အတွေးစများကို ထင်းအဖြစ် သုံးနိုင်ပေလိမ့်မည်။
‘အနန္တရွှေဆေးလုံး’ ကို သာမန်မီးများဖြင့် ကျိုချက်၍ မရပေ။ စိတ်ဝိညာဉ် အတွေးစများကို လောင်ကျွမ်းခြင်းဖြင့်သာ ကျိုချက်ရပေမည်။ မဟုတ်ပါက အညစ်အကြေးများ ရောနှော သွားပြီး ဆေးပေါင်းအိုးအတွင်းရှိ ဆေးဖက်ဝင်အပင် သောင်းချီနှင့် သားရဲသွေး ထောင်ချီတို့ ၏ အာနိသင်ကို ပျက်စီးသွားစေလိမ့်မည်။
...
“ရွှေဆေးလုံးရဲ့ အတွင်းစိတ်မိစ္ဆာက ပိုသန်မာလာပြီ။ အခြေအနေ မကောင်းတော့ဘူး၊ ထိန်းချုပ်လို့ မရတော့ဘူး။ တကယ်လို့, ရွှေဆေးလုံးရဲ့ အတွင်းမိစ္ဆာစိတ်ကို မဖိနှိပ်နိုင်ရင် အထဲက ဆေးလုံးလည်း ကွဲထွက်သွားလိမ့်မယ်။ ငါတို့ ဘာလုပ်ကြမလဲ။”
ထိုအခိုက်တွင် နတ်ဘုရားဆေးပေါင်းအိုးအထက်ရှိ အခိုးအငွေ့များမှာ အခိုးငွေ့တိမ်တိုက် မိစ္ဆာများမှာ ပိုမိုများပြားလာပြီး၊ အော်ဟစ်ငိုကြွေးသံများမှာလည်း ပိုမိုကျယ်လောင်လာ ကာ၊ ဧရာမ စစ်သည်တော် ဝိညာဉ်များပင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ထိုစစ်သည်တော် ဝိညာဉ်များသည် တောဝက်ရိုင်းများကို စီးနင်းကာ အသူရာလွှသွား ဆေဘာများကို ဝှေ့ယမ်းလျက် ဟိုမှဒီမှ ပြေးလွှားနေကြပြီး လူ့ဦးခေါင်းများကို တစ်ခုပြီး တစ်ခု ပိုင်းဖြတ်နေကြသည်။ အဆုံးမဲ့ အော်ဟစ်သံများနှင့် ငိုကြွေးသံများမှာလည်း ရောနှောနေ၏။ အဆင့်တစ် မိုးကြိုးကပ်ဘေးနှင့် အဆင့်နှစ် မိုးကြိုးကပ်ဘေးတို့ကို ကျော်ဖြတ်ထားသော ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့ပင်လျှင် ထိုအသံများကို ကြားရသော အခါ သူတို့စိတ်များ ယိုင်နဲ့လာပြီး ရုန်းမထွက်နိုင်သကဲ့သို့ ဖြစ်လာကြရာ သာမန် တစ္ဆေ အင်မော်တယ်များဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ဤမြင်ကွင်းကို မြင်ရသောအခါ ထန်ဟိုင်လုံ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာ သည်။
“ငါတို့ရဲ့ ကျင့်စဉ်အဆင့်က ဒီ ‘အနန္တရွှေဆေးလုံး’ ကို ဖော်စပ်ဖို့ မလုံလောက်သေးဘူး ထင်တယ်။ ဒါကြောင့်လည်း ရွှေဆေးလုံးရဲ့ အတွင်းမိစ္ဆာစိတ်က ဒီလောက် သန်မာနေ တာပေါ့။ အမှန်ပဲ... အတွင်းမိစ္ဆာစိတ်ကို မဖိနှိပ်နိုင်ရင် ဆေးလုံးက ကွဲသွားလိမ့်မယ်။ ငါတို့ အရင်က ကြိုးစားခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်ကုန်တော့မယ်။ အတွင်းမိစ္ဆာစိတ် ကို သန့်စင်ဖို့ဆိုတာက ဆေးပေါင်းဖိုထဲက ထောင်ပေါင်းများစွာသော အညစ်အကြေးတွေနဲ့ ရှုပ်ထွေးနေတဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ ဝိညာဉ်အသိတွေကို သန့်စင်ရတာပဲ။ သိထားရမှာ က ပေါင်းဖိုထဲက ဆေးပင်အများစုမှာ ကိုယ်ပိုင်အသိဉာဏ် ရှိနေကြတယ်။ ဥပမာ - ‘မိုးကြိုးလျှပ်စီးပန်း’၊ ‘နွယ်ရှင်တစ်ထောင်တို့လိုပေါ့...”
ဖန်းယွမ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။
“ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ရမလဲ။” ထန်ဟိုင်လုံက ဆိုသည်။ “ဒီဆေးလုံးကို ဖော်စပ်ဖို့ အတွက် ငါ နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ဆေးပင်တွေ အကုန်လုံးနီးပါး ထည့်ထားရတာ။ အဲဒီထဲမှာ ရှေးဦးနတ်ဘုရားသားရဲ ကိုးကောင်ရဲ့ သွေးတွေတောင် ပါသေးတယ်။ အမှန်ဆို နောက်ပိုင်းမှာ ငါ အဲဒီသွေးတွေကို သောက်ပြီး “သိုင်းသူတော်စင်” အထွတ်အထိပ်အဆင့် ဒါမှမဟုတ် လူသားအင်မော်တယ်အဆင့်ကို တက်လှမ်းဖို့ ရည်ရွယ်ထားတာ။”
“မင်းသာ ဒီ ‘အနန္တရွှေဆေးလုံး’ ကို အောင်အောင်မြင်မြင် သန့်စင်ပြီးသွားရင်, အဆင့် ခြောက် မိုးကြိုးကပ်ဘေးအထိ တစ်ခါတည်း ကျော်ဖြတ်နိုင်ရုံတင် မကဘူး၊ အဆင့်ခုနစ် မိုးကြိုးကပ်ဘေးဖြစ်တဲ့ ‘ဖန်ဆင်းရှင်’ အဆင့်ရဲ့ နယ်နိမိတ်ကိုတောင် မင်း နားလည်သွား နိုင်တယ်။ မင်းရဲ့ အတွေးစပေါင်း ၁၂၉,၆၀၀၊ ကြယ်တာရာကိုးဆင့် ပြောင်းလဲခြင်းပညာနဲ့ လူသားလမ်းစဉ် ‘စကြဝဠာမိခင်ဒင်္ဂါး’တို့နဲ့ဆိုရင် မင်းဟာ လောကကြီးကို အုပ်စိုးနိုင်ပြီး၊ ပြိုင်ဘက်ကင်းနီးပါး ဖြစ်လာမှာပဲ။” ဖန်းယွမ်က အေးစက်စွာ ပြောလိုက်သည်။
“မင်း ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဆေးလုံး ပေါက်ကွဲသွားရင်တော့ ငါတို့ရဲ့ ဝိညာဉ် ဆေးပင်တွေဟာ မီးသွေးခဲတွေပဲ ဖြစ်သွားလိမ့်မယ်။ ဆုံးရှုံးမှုက အရမ်းကြီးလွန်းတယ်...” ထန်ဟိုင်လုံ၏ မျက်လုံးများက ဝေခွဲမရဖြစ်သွားသည်။
“ငါ့မှာ နည်းလမ်းရှိတယ်။ ဒီအခြေအနေအထိ ရောက်နေမှတော့ ငါလည်း ဘာမှ ဂရုမစိုက် နိုင်တော့ဘူး။”
ဖန်းယွမ်သည် ရုတ်တရက် သွားကို တင်းတင်းစေ့ကာ အံ့ကြိမ်လိုက်မိသည်။ သူသည် သေတ္တာငယ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းကို ဖွင့်လိုက်သောအခါ အတွင်း၌ ပါးလွှာသော ပုရပိုက် (လိပ်စာမူ) တစ်ခု ရှိနေသည်။ ထိုပုရပိုက်မှာ ပိုးသားကဲ့သို့ ရှိနေပြီး စာလုံးများဖြင့် ပြည့်နှက်နေသည်။
ထိုစာလိပ်ကို ထုတ်လိုက်သည်နှင့် ထန်းဟိုင်လုံသည် ကမ္ဘာမြေနှင့် ကောင်းကင်ကြားတွင် ပြည့်နှက်နေသော ကြီးကျယ်ခမ်းနားပြီး ဖြောင့်မတ်သော စာပေအရှိန်အဝါများကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် စာလိပ်ပေါ်မှ စာလုံးများမှာ တလက်လက် တောက်ပလာပြီး လေထဲသို့ ပျံတက်ကာ အလင်းတန်းပေါင်း ထောင်ချီ ထွက်ပေါ်လာ တော့သည်။
ကြီးမားကျယ်ပြန့်သော ‘သန့်စင်သော အရှိန်အဝါ’များကြောင့် ဆေးပေါင်းဖိုအတွင်းမှ သရဲတစ္ဆေငိုသံ သောင်းချီမှာ ချက်ချင်းပင် အားနည်းသွားတော့သည်။
...
“ဒါ... ဒါက” ထန်ဟိုင်လုံသည် ပုရပိုက်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤပုရပိုက်မှာ လျှို့ဝှက်ကျင့်စဉ်စာအုပ် မဟုတ်သည်ကို သူ မြင်နိုင်သည်။ ၎င်းပေါ်ရှိ စာလုံးများမှာ သာမန်နိယာမတရားများ သို့မဟုတ် ရှေးဟောင်း ပညာရှင် သူတော်စင်ကြီး များက လောကကြီးအကြောင်းကို သင်ကြားပေးခဲ့သည့် စာပေးများသာ ဖြစ်သည်။ ပညာသင်ကြားနေသော ကျောင်းသားများ ဖတ်လေ့ရှိသည့် အရာများသာ ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် ၎င်းမှာ ‘လက်ရေးမူ’တစ်ခုသာ ဖြစ်သည်။
“ဒါဟာ ဖန်းမိသားစုရဲ့ ဘိုးဘေးကြီး ပညာရှင် သူတော်စင်ရဲ့ လက်ရေးမူပဲ။ စာလုံးတိုင်းမှာ ပညာရှင် သူတော်စင်တစ်ပါးရဲ့ ‘ဖြောင့်မတ်တဲ့ အရှိန်အဝါ’ တွေ ကိန်းအောင်းနေတယ်။ ငါ ဒီလက်ရေးမူကို မီးရှို့ပြီး ဆေးပေါင်းဖိုထဲကို ထည့်လိုက်မယ်။ ဒါမှ ရွှေဆေးလုံးက အတွင်း စိတ်မိစ္ဆာကို သန့်စင်နိုင်မှာ။”
ဖန်းယွမ်သည် သွားကို နောက်တစ်ကြိမ် တင်းတင်းစေ့လိုက်သည်။ သူသည် လက်ရေးမူကို ခါယမ်းကာ မီးတောက်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
ချက်ချင်းပင်။
ဝုန်း…။
လက်ရေးမူစာအုပ် မီးလောင်သွားသည်နှင့် စာလုံးများမှာ မီးတောက်များထဲမှ ပေါက်ဖွား လာသကဲ့သို့ လေထဲတွင်ဝဲပျံကာ ဆေးပေါင်းအိုးအထက်ရှိ မိစ္ဆာတိမ်တိုက်များဆီသို့ တိုးဝင် သွားတော့သည်။
ရှဲ... ရှဲ... ရှဲ... ဖောက်... ဖောက်...။
ပေါက်ကွဲသံများနှင့် ပွတ်တိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဆေးပေါင်းဖို အထက်ရှိ မိစ္ဆာတိမ်တိုက်များမှာ တစ်ခုပြီးတစ်ခု လွင့်ပျယ်သွားပြီး ဆေးပေါင်းဖို၏ အလယ် ဗဟိုမှ ညည်းညူသံများ ထွက်ပေါ်လာသည်။
သို့သော် စာလုံးများမှာ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားပြီးနောက် အတွင်းစိတ်မိစ္ဆာ အငွေ့အသက် အတော်များများကို ရှင်းလင်းလိုက်သော်လည်း အတွင်းစိတ်မိစ္ဆာ အငွေ့အသက် အနည်းငယ် ကျန်ရှိနေသေးသည်။ ၎င်းတို့သည် ဆေးပေါင်းဖိုအထက်တွင် စုစည်းနေပြီး လွင့်ပျယ်မသွားခဲ့ပေ။
ထိုမိစ္ဆာတိမ်တိုက်များမှာ ‘မဟာမိစ္ဆာနတ်ဘုရား ကိုးပါး’ ဖြစ်ကြသည်။ ထိုအထဲတွင် ‘ခွန်အားကြီးနတ်ဘုရား မျောက်ဝံရိုင်းကြီး’မှာ အဆိုးဆုံး ဖြစ်ပြီး၊ တုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ကာ တိမ်တိုက်များပေါ်တွင် စီးနင်းလျက် ဟိန်းဟောက် အော်ဟစ်နေသည်။ ထိုမျောက်ဝံရိုင်းကြီးမှာ ယွမ်ကုန်းမင်ထက် အဆပေါင်း သောင်းချီ၍ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။
“အို….၊ မကောင်းတော့ဘူး။ ဒါက ရှေးဟောင်းနတ်ဘုရားသားရဲ ကိုးကောင်ရဲ့ သွေးထဲမှာ ကျန်နေခဲ့တဲ့ ဝိညာဉ်အသိစိတ်တွေပဲ။ ပညာရှင် သူတော်စင်ရဲ့ လက်ရေးမူက ဖြောင့်မတ် ခြင်း အငွေ့အသက်ကတောင် ဒါကို မသန့်စင်နိုင်ဘူးပဲ။”
မူလနဝမချောက်နက် နတ်ဘုရားနယ်မြေအတွင်းမှာ ထန်ဟိုင်လုံသည် စိတ်ဝိညာဉ် အတွေးစများအပြင်, ရတနာများနှင့် ဆေးလုံးများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအထဲတွင် အဖိုးတန်ဆုံးမှာ ‘ရှေးဟောင်း နတ်ဘုရားသားရဲ ကိုးကောင်’ ၏ သွေးများ ဖြစ်သည်။
ထိုနတ်ဘုရားသားရဲ ကိုးကောင်ထဲမှ တစ်ကောင်မှာ ‘ခွန်အားကြီး ဝရဇိန် နတ်ဘုရား မျောက်ဝံ’ ဖြစ်ပြီး ၎င်း၏ကျင့်စဉ်မှာ ယွမ်ကုန်းမင်ထက် အဆပေါင်း ရာချီ၍ နက်နဲသည်။ (ရှေ့မှာတုန်းက ဝရဇိန်ဟာကျူလီမျောက်ဝံဟု ပြန်ဆိုခဲ့သည်)။
ယခုအခါ ထိုသွေးများကို ဆေးပေါင်းဖိုထဲသို့ ထည့်လိုက်သည့်အခါ ကျန်ရှိနေသော ဝိညာဉ် အသိစိတ်များမှာ ပျောက်ကွယ်မသွားဘဲ ဆေးအာနိသင်များကို အသုံးပြုကာ စုစည်းလာ ခြင်း ဖြစ်သည်။ ယခုအခါ ၎င်းသည် မိစ္ဆာနှင့်နတ်ဘုရားကြားတွင် ရှိနေသည့် တည်ရှိမှု တစ်ခုအဖြစ် ဖြစ်ပေါ်နေပြီ ဖြစ်သည်။
...
“ဒီပညာရှင် သူတော်စင်ရဲ့ လက်ရေးမူက တစ်မျက်နှာတည်း ရှိတာ။ နှမြောဖို့ ကောင်းလိုက်တာ၊ ငါ ငါ့မိသားစုဆီကနေ ဒီတစ်မျက်နှာတည်းပဲ ရခဲ့တာ။ တကယ်လို့, နောက်ထပ် စာမျက်နှာအနည်းငယ်သာ ရှိဦးမယ်ဆိုရင် ဒီနတ်ဘုရားသားရဲ ကိုးကောင်ရဲ့ ဝိညာဉ်အသိစိတ်တွေကို လုံးဝ ရှင်းထုတ်ပစ်နိုင်မှာ။”
ထိုအချိန်တွင် ဖန်းယွမ်၏ မျက်နှာတွင်လည်း ချွေးစများ စို့နေပြီ ဖြစ်သည်။
ယခုအချိန်တွင် သူ၏ နည်းလမ်းများ အားလုံး ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။
“ဟားဟား... ဟားဟား...”
ထိုအခိုက်တွင် ချိုင့်ဝှမ်း၏ အတားအဆီးများ ပြင်ပမှ ကြည်လင်သော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ “ညီနောင်ဖန်း... ညီနောင်ထန်း၊ မင်းတို့က ဒီမှာ လျှို့ဝှက် ပြီး ရှေးဟောင်း နတ်ဘုရားဆေးလုံးတွေကို ဖော်စပ်နေကြတာကိုး။”
“ဘယ်သူလဲ။”
ဖန်းယွမ်၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် လက်ညှိုးဖြင့် ရုတ်တရက် ညွှန်ပြလိုက်ရာ ကြည်လင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ‘တရားဓမ္မ၏ နောက်ဆုံးသံစဉ်’ ပင် ဖြစ်သည်။
“ညီနောင်ဖန်းရဲ့ နည်းလမ်းတွေက တကယ့်ကို ကောင်းတာပဲ၊ မင်းက ကိုယ့်အစ်ကိုကြီး ကိုတောင် ပေါက်ကွဲအောင် လုပ်တော့မလို့လား။”
ထိုခဏတွင် ချိုင့်ဝှမ်းအပြင်ဘက်ရှိ အတားအဆီးမှာ လက်ခနဲ ဖြစ်သွားပြီး ၁၃ လက်မခန့် ရှည်သော အလံငယ်လေးကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦး ပေါ်လာသည်။
ထိုလူငယ်၏ အလံငယ်ပေါ်တွင် နဂါးနှင့် မြွေများကဲ့သို့ ထူးဆန်းသော မှော်သင်္ကေတများ ကို ထိုးထားသည်။ အလံ၏ အလယ်ဗဟိုတွင် အရောင်ငါးမျိုးရှိသော မြေကြီးဖြင့် ပြုလုပ်ထားသည့် ယဇ်ပလ္လင်တစ်ခု ရှိနေပြီး၊ အလယ်ဗဟိုမှ မြေဝါ၊ အရှေ့ဘက်မှ မြေစိမ်း၊ တောင်ဘက်မှ မြေနီ၊ အနောက်ဘက်မှ မြေဖြူနှင့် မြောက်ဘက်မှ မြေနက်တို့ ဖြစ်ကြ သည်။
“မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ။”
ဖန်းယွမ်နှင့် ထန်ဟိုင်လုံတို့သည် ထိုအလံငယ်ကို မြင်သောအခါ မျက်လုံးများကို မှေးစဉ်းမိကြသည်။
“အော်... ညီနောင်လီ ပါလား။”
တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးလုံး ထိုလူငယ်ကို မှတ်မိသွားကြသည်။ သူသည် ယွမ်ကျိုး ဒေသရှိ လီမိသားစု၏ တိုက်ရိုက်မျိုးဆက် ဖြစ်ပြီး၊ ယခုအကြိမ်တွင် အသစ်ခန့်အပ်ခံရသော ‘ကျင်းရှီ’ - ပညာရှင်ဘွဲ့ရ) တစ်ဦးဖြစ်သူ လီဖေးယွီ ဖြစ်ကြောင်း မှတ်မိသွားကြသည်။
“ညီနောင်ဖန့်ရဲ့ ‘အဆုံးသတ်ဓမ္မမိုးခြိမ်းသံက တကယ်ကို ပြင်းထန်လွန်းတယ်။ တကယ်လို့, ငါ့မှာ ဒီအလံငယ်လေးသာ မရှိရင် ငါတော့ သေသွားလောက်ပြီ။” လီဖေးယွီက ဆိုသည်။
“မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ” ဆိုတာ မြေနတ်ဘုရားပဲ၊ ‘ကျိ’ဆိုတာ ကောက်ပဲ သီးနှံ နတ်ဘုရားပဲ။ ရှေးခေတ် သူတော်စင် ဧကရာဇ်မင်းမြတ်တွေဟာ မြေကြီးကို ယဇ်ပူဇော်တဲ့အခါ အရောင်ငါးမျိုးပါတဲ့ မြေကြီးတွေကို သုံးပြီး ယဇ်ပလ္လင်နဲ့ နတ်ဘုရား အလံကို သွန်းလုပ်ခဲ့ကြတယ်။ ဒီ “မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ” က တကယ် ကို အစွမ်းထက်တာပဲ။” ဖန်းယွမ်က မျက်လုံးများကို မှေးစဉ်းရင်း ပြောလိုက်သည်။ “ဒါပေမဲ့ ဒီနေ့ ငါတို့က နတ်ဘုရားဆေးလုံးကို ဖော်စပ်နေကြတာ။ ခင်ဗျားက ဝေစု လာယူ တာလား ညီနောင်ဖေးယွီ။”
“ဒါပေါ့... ‘အနန္တရွှေဆေးလုံး’ ဆိုတာ ရှေးဟောင်း နတ်ဘုရားဆေးလုံး တစ်မျိုးပဲ။ ‘တိုင်ရှန် တာအိုဂိုဏ်း’ ရဲ့ ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ နဲ့တောင် နာမည်ကျော် ကြားမှု တူတူပဲ။ ဒဏ္ဍာရီတွေအရ ဒီဆေးလုံးကို ဖော်စပ်ချက်ဖို့ ဆေးပင်ပေါင်းများစွာနဲ့ မီးရှို့ဖို့ အတွက် စိတ်ဝိညာဉ်အတွေးစပေါင်း များစွာ လိုအပ်တယ်လို့ ဆိုကြတယ်။ ညီနောင် ထန်းနဲ့ ညီနောင်ဖန့်တို့မှာ ‘အနန္တရွှေဆေးလုံး’ ကို ဖော်စပ်နိုင်လောက်တဲ့အထိ နက်နဲတဲ့ အခြေခံ တွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီဆေးလုံးကို စားသုံးလိုက်ရင် စိတ်ဝိညာဉ် အတွေးစတွေကို သန်မာစေပြီး ဝိညာဉ်ကိုလည်း ကြံ့ခိုင်စေနိုင်တယ်။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေဟာ သူတို့ရဲ့ မိဖုရားတွေကို ‘ဖန်ဆင်းရှင်’ အဆင့်သို့ တက်လှမ်း နိုင်အောင် ကူညီဖို့အတွက် ဒီဆေးလုံးကို ဖော်စပ်ပေးခဲ့တယ်လို့ ဆိုကြတယ်။ ‘ကျိ’ ရဲ့ မိဖုရားဟာ ဆေးလုံးကို စားသုံးပြီးနောက် ‘ဖန်ဆင်းရှင်’ အဆင့်ကို မရောက်ခဲ့ပေမဲ့ သူမရဲ့ မှော်စွမ်းအားနဲ့ နတ်ဘုရားစွမ်းရည်တွေကတော့ အနှိုင်းမဲ့ခဲ့တယ်။ ‘ကျိ’ နတ်ရွာစံပြီး နောက်မှာ သူမဟာ ရတနာအချို့ကို အသုံးပြုပြီး နန်းတွင်းကို အချိန်အကြာကြီး အုပ်စိုးခဲ့ သေးတယ်၊ နောက်မှ သူတော်စင် ဧကရာဇ်ယွီတို့က နှိမ်နင်းနိုင်ခဲ့တာ။ အခု ‘အနန္တရွှေ ဆေးလုံး’ ပေါ်လာပြီဆိုတော့ ငါ ဘယ်လိုလုပ် အဝေအစု မလာယူဘဲ နေနိုင်မှာလဲ။”
လီဖေးယွီက ပြုံးလျက် ပြောလိုက်သည်။
“မင်း”
ဖန်းယွမ်သည် မျက်မှောင်ကြုတ်ကာ စကားပြောရန် ပြင်လိုက်သော်လည်း ထန်ဟိုင်လုံက တားလိုက်သည်။
“ငါတို့ အခု ရွှေဆေးလုံးကို ဖော်စပ်လို့ မပြီးသေးဘူး။ ရှေးဦးနတ်ဘုရားသားရဲရဲ့ အတွင်း မိစ္ဆာစိတ်ကို မသန့်စင်နိုင်သေးဘူး၊ နောက်ဆုံးမှာ ဆေးလုံးက ပေါက်ကွဲသွားဖို့ပဲရှိတယ်။” ထန်ဟိုင်လုံက တည်ငြိမ်စွာ ဆိုသည်။ “ကြည့်ရတာ ညီနောင်ဖေးယွီဟာ ငါတို့ ‘အနန္တရွှေ ဆေးလုံး’ကို ဖော်စပ်မှာကို သိနိုင်ဖို့ ညီနောင်ဖန်းကို အချိန်အတော်ကြာ စောင့်ကြည့် နေခဲ့တာပဲ။ ငါ ထောင်ချောက်တွေ အများကြီး ဆင်ထားခဲ့ပေမဲ့ ညီနောင်ဖေးယွီကတော့ အားလုံးကို ထိုးဖောက်မြင်ခဲ့ပုံရတယ်။”
“ညီနောင်ထန်းက တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်။ တကယ်တော့ လူအများကြီးက ညီနောင်ဖန်းကို စောင့်ကြည့်နေကြတာပါပဲ။ ဒါပေမဲ့ ညီနောင်ထန်းက လှည့်ကွက်တွေ အများကြီး လုပ်ထားခဲ့တာကိုး။ ဒီရက်ပိုင်းအတွင်းမှာ လူအတော်များများက ညီနောင်ဖန်း တစ်ယောက် တောရိုင်းဒေသတွေဆီ သွားနေတယ်လို့ ထင်နေကြတာ၊ တကယ်ကို မင်းတို့ ညီနောင်နှစ်ယောက်က ကျောက်စိမ်းမြို့တော်ရဲ့ မျက်စိအောက်မှာတင် ဆေးလုံး ဖော်စပ် နေကြလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြဘူး။ အမှန်ဆုံးပဲ... အန္တရာယ် အရှိဆုံး နေရာဟာ အလုံခြုံဆုံး နေရာဆိုတာ။”
လီဖေးယွီက ပြုံးလျက် “ဒါပေမဲ့ ညီအစ်ကို ထန်း ပြောသလို ဒီဆေးလုံး ကွဲသွားလိမ့်မယ် ဆိုတာကိုတော့ ငါ သဘောမတူဘူး။ ငါ့မှာ ဆေးလုံးကို အောင်မြင်အောင် လုပ်ပေးနိုင်မယ့် အရာတစ်ခု ပါလာတယ်။ ဒါကြောင့်လည်း ငါက ဝေစုတောင်းရဲတာပေါ့။ မဟုတ်ရင် ညီအစ်ကို ဖန့် နဲ့ ညီအစ်ကို ထန်းတို့ နှစ်ယောက်ပေါင်းရင် ငါ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”
“အဲဒါက ဘာပစ္စည်းလဲ။” ဖန်းယွမ်က ချက်ချင်း မေးလိုက်သည်။
“ဧကရာဇ်စာမေးပွဲရဲ့ အမှတ်အများဆုံး ရရှိထားတဲ့ အဖြေလွှာပဲ။ ငါ ဒါကို နန်းတွင်း မှတ်တမ်းတွေထဲကနေ ခိုးထုတ်လာတာ။” လီဖေးယွီက ပြုံးလျက် သူ၏ ခန္ဓာကိုယ် အတွင်းမှ ရွှေပြားများနှင့် ကျောက်စိမ်းပြားများဖြင့် ဘောင်ခတ်ထားသော စာစီစာကုံး စာမူတစ်ခုကို ထုတ်လိုက်သည်။
ထိုစာမူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ‘ဝိန်း’ ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုစာမူ၏ စွမ်းအင်မှာ စောစောက ပညာရှင်သူတော်စင်၏ လက်ရေးမူထက်ပင် ပိုမို ပြင်းထန်နေသေးသည်။
“ဒါက...” ထန်ဟိုင်လုံက သူ့မျက်လုံးများကို မှေးစင်းလိုက်သည်။
“မှန်တယ်၊ ဒါဟာ ဟုန်ယွိရဲ့ နန်းတွင်းစာမေးပွဲ ဖြေဆိုလွှာပဲ။ ပညာရှင် သူတော်စင်တစ်ရာ တပြိုင်တည်း ကောင်းချီးပေးခံရတဲ့ ဖြေဆိုလွှာပေါ့။ ‘သာမန်လူသားတစ်ယောက်ဟာ မျိုးဆက်တစ်ရာရဲ့ ဆရာ ဖြစ်လာနိုင်သလို သူရဲ့ စကားလုံးတွေဟာလည်း လောကရဲ့ နိယာမတွေ ဖြစ်လာနိုင်တယ်လေ။” လီဖေးယွီက ဆိုသည်။ “ဒီစာမူကို ဟုန်ယွိက ရေးခဲ့တာ မှန်ပေမဲ့ အဲဒီပေါ်က စာလုံးတွေမှာ ပညာရှင် သူတော်စင်ပေါင်း တစ်ရာက ဝိုင်းဝန်း ကောင်းချီးပေးပြီးနောက်မှာ ထွက်ပေါ်လာတဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ အမှန်တရားရဲ့ နိယာမတွေ ကိန်းအောင်းသွားခဲ့ပြီ။ ဒီစာလုံးတွေထဲမှဦ အဆုံးမဲ့ စွမ်းအားတွေ ရှိနေပြီ။ အခု ဒီစာမူကို မီးရှို့ပြီး ဆေးပေါင်းအိုးထဲ ထည့်လိုက်ရင် အတွင်းစိတ်မိစ္ဆာတွေဟာ ချက်ချင်း ပျောက်ကွယ်သွားလိမ့်မယ်။ ရွှေဆေးလုံးလည်း အောင်မြင်သွားလိမ့်မယ်။”
သူက ပြောပြောဆိုဆိုနှင့် ဟုန်ယွိ၏ ပညာရှင် သူတော်စင်ပေါင်း တစ်ရာ ကောင်းချီးပေးခဲ့ သော အဖြေလွှာစာမူကို မီးတောက်ထဲသို့ ပစ်ထည့်လိုက်သည်။
ဝုန်း…
ဆေးပေါင်းအိုးအတွင်းရှိ မီးလျှံများမှာ တောက်လောင်လာပြီး ဉာဏ်ပညာပုလဲသွယ်များကဲ့ သို့ စာလုံးတိုင်းက လေထဲတွင် ဝဲပျံလာကြသည်။ ဆေးပေါင်းအိုးအထက်ရှိ နတ်ဘုရား သားရဲကိုးကောင်၏ ဝိညာဉ်အသိစိတ်များမှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။ ထို့နောက်တွင်မူ ဆေးပေါင်းအိုးအတွင်းမှ စည်တော်တီးသံ၊ ခေါင်းလောင်းတီးသံများကဲ့သို့ နတ်ဘုရား တေးသံများ သာယာနာပေါ်စွာ ထွက်ပေါ်လာတော့သည်။
ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီးနောက် ဆေးပေါင်းအိုးအဖုံး ကို တွန်းဖွင့်ကာ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းထဲတွင် သုံးပေခန့် မြင့်ပြီး တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေသည့် ဆူဖြိုးချစ်စဖွယ် ကောင်းသော ရင်သွေး ငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။
ထိုကလေးငယ်မှာ အသံဗြဲကြီး ငိုကြွေးလိုက်ပြီးနောက် အားဖြင့် ခုန်လိုက်ရာ တံဆိပ်ခတ် ထားသော အတားဆီးများကို ဆွဲဖြဲပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
“မကောင်းတော့ဘူး။ ငါလည်း တွက်ချက်မူ မှားသွားခဲ့ပြီ။ ဒီ ‘အနန္တရွှေဆေးလုံး’ က ဒီလောက် စွမ်းအားကြီးလိမ့်မယ်လို့ မထင်ထားမိဘူး၊ အခု သူ ပျံပြေးသွားပြီ။ သူ ဟုန်ယွိကို သွားရှာတာ ဖြစ်လိမ့်မယ်။ ဟုန်ယွိရဲ့အဖြေလွှာထဲမှာ ကျန်နေခဲ့တဲ့ သူ့စိတ်ဝိညာဉ် အသိစိတ်တွေက သူ့ကို ဟုန်ယွိနဲ့ ရင်းနှီးတယ်လို့ ခံစားရအောင် လုပ်လိုက်တာပဲ။”
လီဖေးယွီက အော်ပြောလိုက်သည်။
ဤနီရွှေရောင် ကလေးငယ်မှာ ‘အနန္တရွှေဆေးလုံး’ ပင် ဖြစ်သည်။
ယခု ထိုရွှေဆေးလုံးလေး မွေးဖွားလာပြီဖြစ်ရာ ၎င်းသည် ဟုန်ယွိကို သွားရောက် ရှာဖွေ တော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအချိန်တွင် အတွင်းစိတ်မိစ္ဆာကို ဖယ်ရှားပေးခဲ့သည့်အရာမှာ ဟုန်ယွိ၏ အဖြေလွှာစာမူ ဖြစ်နေခဲ့ပြီး၊ သဘာဝအတိုင်း ရွှေဆေးလုံးသည် ဟုန်ယွိ၏ အငွေ့အသက်နှင့် ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသော ကြောင့်ပင် ဖြစ်တော့သည်။