← Chapters

အခန်း (၄၆၉-၄၇၀)

Vol. 44 Ch. 469-470

အခန်း (၄၆၉-၄၇၀)

Vol. 44 Ch. 469-470

အခန်း (၄၆၉)

"ဒါ... ဒါက ရှေးခေတ် သူတော်စင် ဧကရာဇ်တွေရဲ့ လက်အောက်က ပထမဆုံး နတ်ဘုရား စစ်သူကြီးခွေရဲ့ စစ်လက်နက် ရထားပျံပဲ။ သူက တစ်ချိန်က ဒီစစ်လက်နက် ရထားပျံကို စီးပြီး လောကကြီးကို သိမ်းပိုက်ခဲ့တာ။ အင်ပါယာရဲ့ အုပ်စိုးမှုကို ငြင်းဆန်တဲ့ နယ်မြေ အရှင်သခင်တွေနဲ့ ကျွမ်းကျင်ပညာရှင် အမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးတယ်။ ဒီစစ်ရထားပျံမှာ စစ်သူကြီးခွေရဲ့ သူရဲကောင်းဝိညာဉ် ကျန်ရစ်နေပြီး၊ မယုံနိုင်လောက် အောင် အစွမ်းထက်တယ်။ အဲ့ဒီလောက် အစွမ်းထက်တဲ့ အကာကွယ်ကတောင် လက်ဝါး တချက်တည်းနဲ့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရတာလား။"

"ငါ ရှန့်နုကို သိတယ်။ သူက ဝူပြည်နယ် ဝူမျိုးနွယ်စုရဲ့ အတော်ဆုံး ပညာရှင် တစ်ယောက် ပဲ။ သူက ပါရမီရှင်တစ်ဦးဖြစ်သလို သိုင်းပညာမှာလည်း ထူးချွန်ပြီး မဟာဆရာသခင် အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ သူတို့ရဲ့ တာအိုပညာရပ်တွေကလည်း နက်နဲပြီး၊ 'နတ်ဆိုးနတ်ဘုရားနှင်တံ' ကိုလည်း အဆင့်မြင့်မြင့် တတ်မြောက်ထားလို့ ဒီရထားပျံကို မောင်းနှင်ရတာ။ ဒါကိုတောင် ဟုန်ယွိက လက်ညှိုးတစ်ချောင်းတည်းနဲ့ သူ့ကို ပြာဖြစ် အောင် ဖိသတ်လိုက်တာလား၊ သူ့ရဲ့စိတ်ဝိညာဉ်တောင် လွတ်အောင် မပြေးနိုင်ခဲ့ပါလား။”

ဟုန်ယွိက အဝေးမှနေ၍ လက်ဝါးတစ်ချက် ရိုက်ထုတ်ရုံဖြင့် ‘ယွမ်ခွေ စစ်လက်နက် ရထား ပျံ’ ၏ အကာကွယ်ကို ဖြိုခွဲလိုက်သည်ကို မြင်သောအခါ ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့မှာ မျက်လုံးအစုံ ပြူးထွက်မတတ် အံ့အားသင့်သွားကြသည်။

ထိုရထားပျံသည် မည်မျှ အစွမ်းထက်ကြောင်း သူတို့ ကောင်းကောင်း သိကြသည်။

ထိုရထားပျံအတွင်း ရှိနေလူသည် မိစ္ဆာရန်အပေါင်းမှ ကင်းဝေးပြီး မိုးကြိုးဒဏ်ကိုလည်း ကြောက်စရာမလိုပေ။ ရေထဲတွင် မနစ်မြုပ်နိုင်သလို မီးဖြင့်လည်း မလောင်ကျွမ်းနိုင်ပေ။ ‘သိုင်းသူတော်စင်’ တစ်ဦးက လှံဖြင့် အစွမ်းကုန် ပစ်ပေါက်လျှင်ပင် ထိုရထားပျံ၏ အကာကွယ်ကို တစ်ချက်တည်းဖြင့် ဖောက်ထွက်ရန် မလွယ်ကူပေ။

သို့သော် ယခုအခါ ဟုန်ယွိကမူ လက်ဝါးတစ်ချက်တည်းဖြင့် အပိုင်းပိုင်း ဖြစ်အောင် ဖြိုခွဲလိုက်ရုံသာမကာ၊ ရထားမောင်းနေသည့် ပညာရှင်ကိုပါ လက်ညှိုးတစ်ချက်ဖြင့် ဖိချေပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးမှာ သာမန် လူတို့ စိတ်ကူးကြည့်၍ပင် မရနိုင်သောအရာ ဖြစ်သည်။

“သွားကြစို့”

ဤအချိန်တွင် ဟုန်ယွိ၏ လက်ရှိအဆင့်မှာ သူတို့ ယှဉ်ပြိုင်နိုင်သော အဆင့်မဟုတ်တော့ ကြောင်း ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့ နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း နားလည်သွားကြ သည်။

ဤလူငယ်နှစ်ဦးမှာလည်း စိတ်ဓာတ်ခိုင်မာပြီး စွန့်လွှတ်သင့်သည့်အချိန်တွင် ပြတ်ပြတ် သားသား စွန့်လွှတ်ရဲသည့် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက် ကြရာ သူတို့မျက်နှာများ တုန်လှုပ်နေပြီး နှလုံးသားထဲမှ သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားချက်ကို မြင်နေရသည်။

သို့သော် သူတို့သည် ချက်ချင်းပင် လက်ချင်းချိတ်ပြီး အားကုန်ခုန်လိုက်ကြရာ သူတို့ရှေ့ ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ထိုအက်ကြောင်းအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။

‘အနန္တနဂါးလက်စွပ်’ နှင့် ‘စကြာဝဠာ မိခင်ဒင်္ဂါး’ တို့မှာ ရှေးဟောင်း နတ်ဘုရား လက်နက် များ ဖြစ်ကြပြီး ‘အသေးစားကမ္ဘာတစ်ထောင်’ ၏ စွမ်းအားကို ပိုင်ဆိုင်ကြသည်။ အထူး သဖြင့် အနန္တနဂါးလက်စွပ်အတွင်း သိမ်းဆည်းနိုင်သော နေရာများမှာ ‘စကြာဝဠာအိတ်’ ထက် လျော့နည်းမည် မဟုတ်ပေ။

“ပြေးချင်တာလား”

ဟုန်ယွိသည် လေထဲသို့ လက်ဝါးဖြင့် ရိုက်ထုတ်ကာ ရထားပျံ၏ အကာကွယ်ကို ဖြိုခွဲပြီး၊ ‘ရှန့်နု’ကို သတ်ဖြတ်ပြီးကာစ ရှိသေးသည်။ သူသည် ‘အသွင်မဲ့ တံဆိပ်တော်’ ၏ ဆုပ်ယူနိုင်သော စွမ်းအားကို အသုံးပြုကာ ထိုလူအားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆီးပြီး အကျဉ်းချထားရန် ပြင်လိုက်သည်။ သို့သော် ဖန်းယွမ်နှင့် ထန်ဟိုင်လုံတို့က ပူးပေါင်း၍ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ထွက်ပြေးရန် ကြိုးစားနေကြပြီ။

သူ၏ အစီအစဉ်များကို ထပ်ခါတလဲလဲ နှောင့်ယှက်ခဲ့သော ဤပါရမီရှင် လူငယ်နှစ်ဦးကို ဟုန်ယွိက အလွတ်ပေးရန် လုံးဝ အစီအစဉ်မရှိပေ။ သူသည် မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်လိုက်ပြီး ၎င်းတို့ ဝင်ရောက်သွားသည့် ဟင်းလင်းပြင် အက်ကြောင်းဆီသို့ အဝေးမှနေ၍ နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြန်သည်။

ဘုန်း

ရွှေရောင်အလင်းများ တောက်ပနေသော ဧရာမ လက်ဝါးကြီးတစ်ခုသည် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ အက်ကြောင်းတစ်ခုကို ပြန်လည် ဖာထေးလိုက်သကဲ့သို့ ထိုဟင်းလင်းပြင် အက်ကွဲကြောင်းမှာ ချက်ချင်းပင် ပိတ်သွားတော့ သည်။

ချက်ချင်းဆိုသလိုပင် ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့၏ ခန္ဓာကိုယ်များမှာ ဟင်းလင်းပြင် အလွှာနှစ်ခု၏ ဆုံမှတ်ကြားတွင် ညပ်နေတော့သည်။ သူတို့၏ ခန္ဓာကိုယ် တစ်ဝက်မှာ လက်တွေ့ကမ္ဘာတွင် ကျန်နေပြီး ကျန်တစ်ဝက်မှာမူ ကမ္ဘာငယ်အတွင်းသို့ ရောက်ရှိနေ သည်။

ဟင်းလင်းပြင် အလွှာနှစ်ခုကြားမှ ကြီးမားလှသော ဖိအားသည် သူတို့ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေး အလင်းတန်းများကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်ရာ မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်လာသည်။

သူတို့နှစ်ဦးမှာ တခဏအတွင်း ငါးခြောက်များကဲ့သို့ ပြားကပ်သွားပြီး ပါးစပ်များမှ သွေးများ အရှိန်အဟုန်ဖြင့် ပန်းထွက်လာတော့သည်။ ဟင်းလင်းပြင် အလွှာနှစ်ခု၏ တုန်ခါမှု စွမ်းအားသည် သူတို့၏ ရုပ်ခန္ဓာကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပြီ။

“ကြယ်တာရာကိုးဆင့် ပြောင်းလဲခြင်း... ကြယ်တာရာ ရွှေ့ပြောင်းခြင်း”

ထန်ဟိုင်လုံ၏ မျက်နှာ အရောင်ပြောင်းသွားသည်။ ထိုအခိုက်အတန့်တွင် သူသည် ဟစ်အော်လိုက်ရာ အဆင့်နှစ် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားပြီး လျှပ်စီးများ တောက်ပ နေသော အတွေးစပေါင်း သောင်းနှင့်ချီမှာ ထွက်ပေါ်လာပြီး တစ်ပြိုင်နက်တည်း ပေါက်ကွဲ သွားတော့သည်။ ထို့နောက် ထိုပေါက်ကွဲသွားသော အတွေးစများသည် ဖရိုဖရဲဖြစ်ပေါ်လာ ကာ ကြယ်တာရာ မြူတိမ်တိုက်အဖြစ် ပြောင်းလဲသွားပြီး အရှိန်အဟုန်ဖြင့် လည်ပတ် တုန်ခါလျက် သူ၏ ခန္ဓာကိုယ်ကို ဟင်းလင်းပြင်ထဲမှ အတင်းအဓမ္မ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် ဖန်းယွမ်နှင့် လီဖေးယွီတို့ကိုပါ ဆွဲခေါ်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့ သည်။

“ကြယ်တာရာ ရွှေ့ပြောင်းခြင်း ဟုတ်လား။ မင်းတို့ မလွတ်နိုင်ပါဘူး။ ပစ္စုပ္ပန်ဗုဒ္ဓ ကောင်းကင်ဘုံကို ပင့်မြှောက်ခြင်း... လက်ငါးချောင်းတောင်တန်း။”

ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူက လက်ကိုမြှောက်ကာ ထိုဝဲဂယက် ပျောက်ကွယ်သွားသည့် နေရာဆီသို့ လှမ်း၍ ရိုက်ချလိုက်ပြန်သည်။ သူ၏ လက်မောင်း တစ်ခုလုံးမှာ ဟင်းလင်းပြင်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး ကောင်းကင်တိုင်ကြီးကဲ့သို့ ကြီးမားလှသော လက်ချောင်းငါးချောင်း ဖြန့်ကားနေသည့် လက်ဝါးကြီးအဖြစ် ပေါ်လာကာ လမ်းကို ပိတ်ဆို့ပြီး အောက်သို့ ဖိချလိုက်သည်။

ဖန်းယွမ်နှင့် ထန်ဟိုင်လုံတို့သည် တောင်ကြီးတစ်လုံးသဖွယ် ဖိချလာသော ဧရာမ လက်ဝါး ကြီးကြောင့် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်ကြရသည်။ သူတို့ဘေးပတ်လည် ရှိ ကြယ်တာယာ မြူတိမ်တိုက်များမှာလည်း တစ်စစီ ပေါက်ကွဲကုန်တော့သည်။

ငါ မင်းတို့ကို ဒီတောင်အောက်မှာ ဖိနှိပ်ထားမယ်၊ နောက်ထပ် ဘယ်လို ပြဿနာရှာဦးမလဲ ကြည့်ကြသေးတာပေါ့။ ဗုဒ္ဓ ကောင်းကင်ဘုံကို ပင့်မြှောက်ခြင်း၊ ဗုဒ္ဓ တောင်ကို ရွှေ့ခြင်း၊ တောင်နှင့် ရွှံ့နွံများကို မောင်းနှင်ခြင်း၊ အနန္တတံဆိပ်တော်... ဖိနှိပ်စမ်း”

ဟုန်ယွိသည် အဝေးမှနေ၍ သူ၏ လက်ဝါးကြီးကို ဖိချလိုက်ပြီးနောက် တစ်ပြိုင်နက်တည်း မှာပင် အပေါ်သို့ ပြန်ပင့်လိုက်သည်။ မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် တောင်ကြီးတစ်လုံး မှာ မြေပြင်မှ ကျွတ်ထွက်လာတော့သည်။ ထို့နောက် ထိုတောင်ကြီးတစ်ခုလုံးမှာ ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး တောင်မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင် သော မှော်သင်္ကေတ စာလုံးများဖြင့် တဖျပ်ဖျပ် လင်းလက်နေပြီး အောက်သို့ အရှိန်ဖြင့် ဖိချလိုက်သည်။ ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့မှာ ထိုတောင်ကြီးအောက်တွင် ဖိမိသွားပြီး ခဏချင်းမှာပင် အသက်ရှင်သည့် အငွေ့အသက်များ ပျောက်ကွယ်သွားတော့သည်။

... ...

“အားးးးး” “ပြေးကြစို့”

တစ်ချိန်တည်းမှာပင် စစ်ရထားပေါ်ရှိ လူငယ်၊ လူရွယ်များနှင့် ဝူမိသားစုမှ တပည့်များမှာ ရှန့်နု လက်ညှိုးတစ်ချက်ဖြင့် အသတ်ခံရပြီး စစ်လက်နက် ရထားပျံ၏ အကာကွယ် ပျက်စီး သွားသဖြင့် ဒေါသတကြီး ဖြစ်နေကြသည်။ သူတို့သည် အစွမ်းထက်သော ရတနာများကို ထုတ်၍ အသေအလဲ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်၊ ဟုန်ယွိက လက်တစ်ချက် ဝှေ့ယမ်း လိုက်ရုံဖြင့် တောင်ကြီးတစ်လုံးကို မတင်ကာ ထွက်ပြေးနေသည့် ထန်ဟိုင်လုံတို့ကို မြေကြီးထဲ နစ်ဝင်အောင် ဖိချလိုက်သည်ကို မြင်လိုက်ရသည့်အခါ, သူတို့၏ ကျောပြင်တွင် ချွေးအေးများ စီးကျလာတော့သည်။

တောင်ကိုရွှေ့၍ ပင်လယ်ကို ဖို့ခြင်း…

ဤသည်မှာ အတိုင်းအဆမရှိသော နတ်ဘုရားစွမ်းရည်နှင့် မှော်ပညာကို ပိုင်ဆိုင်သော ‘ဖန်ဆင်းရှင်’များကို တင်စားသော အသုံးအနှုန်း ဖြစ်သည်။

သာမန် မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် တောင်အသေးလေး တစ်လုံး ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ရွှေ့လျားစေရန်မှာ ခက်ခဲလှသည်။ ယခုမူ ဟုန်ယွိက တောင်လုံးတစ်ခုကို ရွှေ့ပြောင်းကာ လူများကို ဖိနှိပ်လိုက်ရုံတင်မကဘဲ၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုတောင်ထိပ်ပေါ်၌ မှော်သင်္ကေတဂါထာများကို ထွင်းထုကာ သူ၏ မှော်စွမ်းအားကို ချန်ထားနိုင်ခဲ့သည်။ ဤသည်မှာ ‘ဖန်ဆင်းရှင်’ အဆင့်နှင့် အလွန်ပင် နီးကပ်နေပြီ ဖြစ်သည်။

ခေါင်းဆောင် အမျိုးသမီးသည် နောက်သို့လှည့်ကာ ယုန်တစ်ကောင်ထက်ပင် မြန်သော အရှိန်ဖြင့် ထွက်ပြေးတော့သည်။ သူမသည် လက်ကို မြှောက်ကာ နှင်တံကို ကိုယ်တိုင်ကိုင် လျက် ကြေးညိုရောင် မြင်းများကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ ကြေးညိုရောင် မြင်း ကိုးကောင်မှာလည်း နောက်သို့ ပြင်းထန်စွာ ပြန်လှည့်ကာ အဝေးသို့ ပျံသန်းသကဲ့သို့ ထွက်ပြေးသွားကြတော့သည်။

“တောင်ကိုရွှေ့ပြီး ပင်လယ်ကိုဖို့နိုင်တယ်လာ။ ပစ္စုပ္ပန်ဗုဒ္ဓ မဟာတံဆိပ်တော်ရဲ့ စွမ်းအား က ဒီလောက်တောင် ကြီးမားတာလား။”

ဆုမူသည် ထွက်ပြေးရန် အချိန်မရသေးဘဲ ဟုန်ယွိက ထန်ဟိုင်လုံ နှင့် ဖန်းယွမ် တို့ကို နှိမ်နင်းလိုက်သည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။ သူမသည် ဟုန်ယွိကို အသေအချာ စိုက်ကြည့်လိုက် ပြီးနောက် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ထွက်ပြေးသွားတော့သည်။

ဤအချိန်တွင် တိုင်ရှန်တာအိုဂိုဏ်း၏ သူတော်စင် မိန်းမပျိုမှာ ဟုန်ယွိ၏ နတ်ဘုရား စွမ်းရည်နှင့် မှော်စွမ်းအားများကြောင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။ သူမသည် ယခုအခါ ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ ၏ စစ်မှန်သော စွမ်းအားကိုပါ သိရှိသွားခဲ့ပြီ။

ဒိုင်ဇင်ဘုရားကျောင်းမှာ အစွမ်းမထက်၍ ပျက်စီးသွားခြင်း မဟုတ်ဘဲ ‘စကြာဝဠာအိတ်’ အတွင်း ဝှက်ထားသော ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ ၏ အဓိက အနှစ်ချုပ် တံဆိပ်တော်များ ကာလ ရှည်ကြာစွာ ပျောက်ဆုံးနေခဲ့သောကြောင့် ဖြစ်ကြောင်း သူမ သိလိုက်ရသည်။

“အနာဂတ်က အသက်မဲ့ပြီး၊ ကောင်းကင်နှင့် မြေကြီးက ဘာမှမရှိ ဟင်းလင်းပြင် လေဟာနယ် ဖြစ်လာလိမ့်မည်...”

ထိုအချိန်မှာပင် ကောင်းကင်ယံ၌ ကြီးမားလှသော လက်ဝါးကြီးတစ်ခု ထပ်မံ ပေါ်ထွက် လာပြီးနောက် ဟင်းလင်းပြင်မှာ အေးခဲသွားကာ၊ လက်ဝါးပုံစံများ အဆက်မပြတ် ပြောင်းလဲလျက် ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။ ၎င်းမှာ ‘မဟာလေဟာနယ် လက်ဝါး’ ပင် ဖြစ်ပြီး ဟုန်ယွိဆီသို့ ပြင်းထန်စွာ ဖိနှိပ်ကာ ကျဆင်းလာတော့သည်။

ထို ‘မဟာလေဟာနယ် လက်ဝါး’ ၏ နောက်ကွယ်တွင် ‘ကောင်းကင် နတ်ဘုရားအလင်း’ နှင့် အတူ ‘ယန်’ စွမ်းအင်အမျှင်တန််းများ တသီတတန်းကြီး ပါလာကြသည်။ ၎င်းမှာ အိမ်ရှေ့စံမင်းသား ‘ယန်ယွမ်’ နှင့် ကျိမျိုးနွယ်စုမှ ကျွမ်းကျင်သူများ ဖြစ်ကြပြီး ‘အနန္တ ရွှေဆေးလုံး’ ၏ ပြင်းထန်သော ဆေးရနံ့နောက်သို့ လိုက်လာကြခြင်း ဖြစ်သည်။ အိမ်ရှေ့စံ မင်းသား ယန်ယွမ်က အရင်ဆုံး တိုက်ခိုက်လိုက်ခြင်း ဖြစ်ပြီး သူ အနှစ် ၂၀ ကြာ ကျင့်ကြံခဲ့ သော ‘မဟာလေဟာနယ် လက်ဝါးရာ’ ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ထို ‘မဟာလေဟာနယ် လက်ဝါးရာ’ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကိုးရောင်ခြယ် လက်ဝါးသည် လေထဲတွင် ပုံစံများ အဆက်မပြတ် ပြောင်းလဲနေပြီး ရွှေရောင်အလင်းတန်း များနှင့် သက္ကတကျမ်းစာ ရွတ်ဖတ်သံများ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

ကုန်တော်တံဆိပ်တော်၊ မဟာကရုဏာတံဆိပ်တော်၊ မေတ္တာတံဆိပ်တော်၊ ဆုတောင်း တံဆိပ်တော်၊ လေဟာနယ် ဖမ်းဆုပ်ခြင်းတံဆိပ်၊ အရပ်ဆယ်မျက်နှာ တံဆိပ်တော်၊ ဘုံးသုံးပါး တံဆိပ်တော်၊ မဟာဟင်းလင်းပြင် တံဆိပ်တော်နှင့် မဟာပြီးပြည့်စုံခြင်း တံဆိပ် တော်ဟူသော ‘အသက်မဲ့အနာဂတ်ကျမ်း’ ၏ တံဆိပ်တော်ကိုးပါးမှာ ခဏချင်း ပြောင်းလဲ သွားပြီး ခံ့ညားထည်ဝါလှသော စွမ်းအားများ ထွက်ပေါ်လာသည်။

အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ ‘မဟာလေဟာနယ် လက်ဝါး’ မှာ အမှန်တကယ်ပင် စွမ်းအားများ မြင့်မားလာခဲ့ပြီး သူသည် မဟာတံဆိပ်တော် ကိုးပါးစလုံးကို သင်ယူထားနိုင် ခဲ့သဖြင့် ၎င်း၏စွမ်းအားမှာ များစွာ မြင့်မားလာခြင်း ဖြစ်သည်။ သူ၏ ကျင့်စဉ်မှာလည်း သိသိသာသာ တိုးတက်လာပုံ ရသည်။

“ကောင်းတယ်... ကောင်းတယ်”

ကောင်းကင်ယံမှ ပျံသန်းလာသည့် ‘မဟာလေဟာနယ်လက်ဝါး’ ကို ရင်ဆိုင်ရသော်လည်း ဟုန်ယွိမှာ အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ သူသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက် ရာ သူ၏လက်ထဲမှ ရွှေရောင်အလင်းတန်း တစ်ခု ပျံထွက်သွားပြီး အတွေးစများ ပေါင်းစပ် လျက် အလားတူ လက်ဝါးပုံစံတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းမှာ ဗုဒ္ဓလက်ဝါး၏ ‘ပါရမီတံဆိပ်တော်’ပင် ဖြစ်သည်။

ထိုလက်ဝါးသည် ‘မဟာလေဟာနယ်လက်ဝါး’ နှင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်လိုက်ရာ၊ ‘မဟာပြီးပြည့်စုံခြင်း တံဆိပ်တော်’ နှင့် အတိအကျ တိုက်မိသွားသည်။

ဝုန်း….။

ရောင်စုံအလင်းတန်းများ ကောင်းကင်ယံ၌ ရူးသွပ်စွာ လွင့်စင်သွားပြီး အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ ‘မဟာလေဟာနယ်လက်ဝါး’ မှာ လက်ဝါးတစ်ချက်တည်းနှင့် ပျက်စီးသွား တော့သည်။

“ဒီ ‘မဟာလေဟာနယ် လက်ဝါး’ ကိုပဲ ပြန်ယူချင်နေသေးတာလား။”

လက်ဝါးတစ်ချက်ဖြင့် ဖြိုခွဲလိုက်ပြီးနောက် ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်သည်။ ကောင်းကင်ယံတွင် လွင့်စင်နေသော ရောင်စုံအလင်းတန်းများ ပြန်လည် စုစည်းရန် ပြင်နေသည်ကို မြင်သောအခါ သူက အခွင့်အရေး မပေးတော့ပေ။ သူသည် လေထဲသို့ လက်ဖြင့်တစ်ချက် ဖမ်းဆုပ်လိုက်ရာ၊ ပတ်ပတ်လည် မိုင်ပေါင်း ဆယ်နှင့်ချီ ကျယ်ဝန်းသော အမည်းရောင် ‘ချီဝိညာဉ်ဝဲဂယက်’ ကြီးတစ်ခု ကောင်းကင်ယံ၌ ပေါ်ထွက်လာသည်။

ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီးနောက် ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက် မှာ ပြိုင်ဘက်ကင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် လျှို့ဝှက်ယင်တာအိုဂိုဏ်း ကို တည်ထောင်သူထက်ပင် သာလွန်သွားခဲ့ပြီ ဖြစ်သည်။

၎င်းကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ရောင်စုံ အလင်း တန်းများနှင့် နတ်ဘုရားဝိညာဉ် စွမ်းအားများ အားလုံးမှာ ထိုဝဲဂယက်အတွင်းသို့ လုံးဝ စုပ်ယူခြင်း ခံလိုက်ရသည်။

အဝေးမှ ပျံသန်းလာသော ‘ကောင်းကင် နတ်ဘုရားအလင်း’ ပင် လျှင် ရပ်တန့်၍မရဘဲ ထို ‘ဝိညာဉ်ဝဲဂယက်’ ၏ ကြီးမားလှသော စုပ်ယူမှုကြောင့် အတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။

ထိုမျှတင်မကသေးဘဲ ကောင်းကင်ယံရှိ လှိုင်းထနေသော မိုးတိမ်များနှင့် မိုးခြိမ်းသံများမှာ လည်း ထိုဝဲဂယက်၏ စုပ်ယူခြင်း ခံရကာ အတွင်းသို့ တရစပ် စီးဝင်သွားကြတော့သည်။

...

“အိမ်ရှေ့စံမင်းသား...အခြေအနေ မကောင်းတော့ဘူး။ သွားကြစို့”

မိုင်တစ်ရာခန့် အကွာသို့ ယခုလေးတင် ရောက်ရှိလာသော ကျိချန်ယွဲ့သည် ကောင်းကင်ယံ ၌ ကြီးမားလှသော ‘ချီဝိညာဉ်ဝဲဂယက်’ ကြီး ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် သူ၏ ဘေးနားရှိ အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ နတ်ဘုရား စိတ်ဝိညာဉ်က ‘မဟာ လေဟာနယ် လက်ဝါး’ ကို ပြန်လည် ရယူရန်အတွက် မှော်စွမ်းအားများကို အဆက်မပြတ် လည်ပတ်နေ ကြောင်း သိပြီး ပြောလိုက်သည်။

လွန်ခဲ့သော အနှစ် ၂၀ က ကျွမ့်ယွမ် ဖြစ်ခဲ့သော ကျိချန်ယွဲ့သည် ဟစ်ကြွေးလိုက်ပြီး ပြတ်သားသော ဆုံးဖြတ်ချက်ကို ချလိုက်ကာ အတွေးစပေါင်း ထောင်နှင့်ချီကို ထုတ်လွှတ် လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဘေးရှိ ‘ယန်’စွမ်းအား အချို့မှာလည်း အတွေးစ များကို ထုတ်လွှတ်ကာ ပြင်းထန်သော ပေါက်ကွဲမှုနှင့် လောင်ကျွမ်းမှုများကို ဖြစ်ပေါ်စေ လိုက်သည်။

ချက်ချင်းပင် ကြီးမားလှသော စွမ်းအားတစ်ခုသည် ထိုလူအနည်းငယ်ကို လွှမ်းခြုံလိုက်ပြီး နောက် သူတို့သည် နောက်သို့လှည့်မကြည့်ဘဲ လာခဲ့သည့်လမ်းအတိုင်း အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားကြရာ တစ်ခဏအတွင်း ပျောက်ကွယ်သွားတော့သည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံ၌ ပျံသန်းနေသော ကျွမ်းကျင်သူများမှာ ကြွက်များ ကဲ့သို့ နေရာအနှံ့ ထွက်ပြေးသွားကြတော့သည်။ ကျိချန်ယွဲ့ကိုမူ ဟုန်ယွိက လွတ်မြောက် ခွင့်ပေးလိုက်ပြီး လိုက်လံ သတ်ဖြတ်ခြင်း မပြုခဲ့ပေ။

ဆုမူ ရှုံးနိမ့်သွားပြီ၊ မီးလျှံနဂါးကိုးကောင် အသတ်ခံလိုက်ရပြီ၊ ဝူမိသားစုမှ တပည့်များ ရှုံးနိမ့်သွားပြီ၊ ရှန့်နု အသတ်ခံလိုက်ရပြီ၊ ကျောက်ဖေးအာ အရှင်ဖမ်းဆီးခံလိုက်ရပြီ၊ လီဖေးယွီ ပြင်းထန်စွာ ဒဏ်ရာရပြီး တောင်ထိပ်အောက်တွင် လုံးဝ ဖိနှိပ်ခံလိုက်ရပြီ၊

ဟုန်ယွိသည် ထိုကျွမ်းကျင်သူများ ကြွက်များကဲ့သို့ ထွက်ပြေးသွားသည်ကို ကြည့်ရင်း သူ၏ ဝတ်စုံလက်မောင်းစကို ခါလိုက်ကာ အောက်သို့ ဆင်းသက်လိုက်ပြီး၊ ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့ကို နှိမ်နင်းထားသော တောင်ထိပ်ဆီသို့ ပျံသန်းသွားတော့သည်။

အခန်း (၄၇၀)။

“သွားကြစို့... ဟုန်ယွိ ဖိနှိပ်ထားတဲ့ အဲဒီလူငယ်နှစ်ယောက်ဆီ သွားကြည့်ရအောင်။ ‘စကြဝဠာ မိခင်ဒင်္ဂါး’၊ လူသားတာအို ရွှေဓား၊ အနန္တနဂါးလက်စွပ်နဲ့ ကြယ်တာရာ ရွှေ့ပြောင်းခြင်း နတ်ဘုရားစွမ်းရည်... ဒီနတ်ဘုရားပစ္စည်းတွေ အဲဒီလူငယ်နှစ်ယောက် ဆီမှာ တစ်ပြိုင်တည်း ပေါ်လာတာကို ကြည့်ရင် ငါ အများကြီး စဉ်းစားမိတယ်။” ရှဲ့ဝမ်ယွမ် က သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ် လောက်က လောကကြီး အပြောင်းအလဲဖြစ်ပြီး မဟာကျိုးမင်းဆက် စတင်ယိုင်နဲ့လာချိန် မှာ ထူးခြားတဲ့ ပါရမီရှင် လူငယ်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာခဲ့ဖူး တယ်။ အခုလည်း လောကကြီးက ပြောင်းလဲနေပြီ၊ လူသားတာအိုက ထွန်းကားလာပြီး ဖရိုဖရဲခေတ်မှာပဲ သူရဲကောင်းတွေ ပေါ်ထွက်လာတတ်တာ။ ဒါက ခမ်းနားတဲ့ ခေတ်သစ် တစ်ခု ရောက်တော့မယ့် နိမိတ်များလား။”

တောင်အောက်တွင် စောင့်ကြပ်နေသည့် ရှဲ့ဝမ်ယွမ်နှင့် အခြားသူများသည် အနန္တရွှေဆေး လုံးကို လုယူရန် ရောက်ရှိလာကြသည့် ကောင်းကင်ယံမှ ပညာရှင်များကို မြင်သည့်အခါ ဝင်ရောက်ကူညီရန် ပြင်ဆင်ခဲ့ကြသည်။ သို့သော် ဟုန်ယွိသည် မိုးကြိုးကပ်ဘေးမှ ပြန်လည် ထွက်ပေါ်လာပြီး လက်ဝါးတစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် ရှုပ်ထွေးမှုအားလုံးကို ငြိမ်သက်သွားစေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ သူတို့၌ မှော်စွမ်းအားများ ထုတ်သုံးရန်ပင် အခွင့်အရေး မရလိုက်ချေ။ သို့သော် ဟုန်ယွိသည် မိုးကြိုးကပ်ဘေးမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ နတ်ဘုရားစွမ်းရည်မှာ အတိုင်းအဆမရှိ ကြီးမား လာခဲ့ပြီး လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် အခြေအနေကို ထိန်းချုပ်ကာ ဖရိုဖရဲအခြေအနေ များကို နှိမ်နင်းနိုင်ခဲ့သဖြင့် သူတို့အတွက် အစွမ်းပြရန် အခွင့်အရေးပင် မရရှိခဲ့ပေ။

ကောင်းကင်ယံရှိ ကျွမ်းကျင်သူများမှာ ရှင်းလင်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။ အချို့မှာ သေဆုံးကုန်ကြပြီး၊ အချို့မှာ အဖမ်းခံရကာ၊ အချို့မှာ ထွက်ပြေးသွားကြပြီး၊ ကျန်သူများမှာ ဖိနှိပ် ခံလိုက်ရသည်။

ရှဲ့ဝမ်ယွမ်သည် ကျွမ်းကျင်သူများစွာကို မြင်တွေ့ခဲ့ရသဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ ဘဲ အဝေးရှိ တောင်ထိပ်ဆီသို့ ပျံသန်း ဆင်းသက်သွားတော့သည်။

“ဟုန်ယွိက အခု အဆင့်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပြီဆိုတော့ ‘ဖန်ဆင်းရှင်’ အဆင့်ကို ရောက်ဖို့ နီးစပ်နေပြီ။ အထူးသဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတဲ့ မဟာကျမ်းစာ သုံးစောင်စလုံးကို ကျင့်ကြံပြီးနောက်မှာတော့ သူ့ရဲ့ နတ်ဘုရား စွမ်းရည်တွေက အထွတ်အထိပ်ကို ရောက်နေပြီ။ ငါကတော့ သူ့ကို ဘယ်လိုမှ မယှဉ်နိုင် တော့ဘူး။ ငါ့လိုလူ ငါးယောက် ခြောက်ယောက်လောက် ပေါင်းမှပဲ သူ့ကို ရင်ဆိုင်နိုင်မယ် ထင်တယ်။ ဒါတောင် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ရဲ့ စွမ်းအားကို ထည့်မတွက်ရသေးဘူး။ သူသာ အဲဒီဓားကို သုံးရင် ‘ဖန်ဆင်းရှင်’ တစ်ဦးနဲ့တောင် ယှဉ်နိုင်လိမ့်မယ်။”

ယွမ်ရှန်းရှန်းလည်း သူမစိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးမိနေသည်။

လူတိုင်းသည် ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် လီဖေးယွီတို့ ဖိနှိပ်ခြင်း ခံထားရသော တောင်ဆီသို့ ပျံသန်းသွားကြသည်။ တောင်ခြေသို့ ရောက်သောအခါ သူတို့သည် အထက်သို့ မော့ကြည့် လိုက်ကြသည်။

ထိုတောင်သည် ပတ်ပတ်လည် ငါးမိုင်၊ ခြောက်မိုင်ခန့် ရှိပြီး အမြင့်မှာ ပေ ၃၀၀ ကျော် ရှိသည်။ တောင်၏ပုံစံမှာ ထိပ်ချွန်ပုံစံဖြစ်ပြီး ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသည်။ တောင်မျက်နှာပြင်ပေါ်တွင် မှော်သင်္ကေတဂါထာ အလွှာများမှာ စီးဆင်းနေပြီး ခန့်ညား ထည်ဝါလှသော မှော်စွမ်းအားများကို ထုတ်လွှတ်နေသည်။

ပတ်ပတ်လည် ငါးမိုင်၊ ခြောက်မိုင် ဆိုသည်မှာ သိပ်မကြီးသလို ထင်ရသော်လည်း လူတို့၏ ရှေ့မှောက်တွင် အမှန်တကယ် ပေါ်လာသောအခါ၌မူ မသေးလှပေ။ ၎င်းအောက်တွင် ပိမိနေသော လူသားများမှာ ဆင်ခြေထောက်အောက်မှ ပုရွက်ဆိတ်များကဲ့သို့ မြင်ပင် မမြင်ရတော့ပေ။

ဟုန်ယွိသည် တောင်ရှေ့တွင် မားမားမတ်မတ် ရပ်နေပြီး ယွင်ရှန့်ရှန့်၊ ကျိရှန်းထျန်းနှင့် အခြားသူများလည်း သူ၏ဘေးတွင် ဆင်းသက်လာကြသည်။

“ဒီတောင်က အနည်းဆုံး ကီလိုငါးသန်းလောက် လေးမှာပဲ။ လူသုံးယောက်ကို ဒီလို ဖိထား ရင် သူတို့တော့ အသားစတွေ ဖြစ်ကုန်ကြပြီထင်တယ်။” ဆန်းဝေဝေက တုန်တုန်ရင်ရင် ပြောလိုက်ရင်း ဟုန်ယွိကို အနည်းငယ် ကြောက်လန့်တကြား ကြည့်လိုက်သည်။

ပါရမီရှင်လူငယ်များထဲတွင် ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် လီဖေးယွီတို့မှာ ထိပ်သီးများ ဖြစ်ကြ ပြီး၊ သူတို့လက်ထဲရှိ ရှေးဟောင်းရတနာများ၏ အကူအညီဖြင့် အဆင့်လေး၊ အဆင့်ငါး မိုးကြိုးကပ်ဘေး ပညာရှင်များကိုပင် ယှဉ်နိုင်သူများ ဖြစ်သည်။ ဆန်းဝေဝေတွင် ကံကောင်း မှုအချို့ ရှိသော်လည်း ထိုသုံးဦးကိုမူ မယှဉ်နိုင်ပေ။

သို့သော် ယခုအခါ ထိုပြောင်မြောက်လှသော လူငယ်သုံးဦးကို ဟုန်ယွိက လက်ဝါးတစ်ချက် ဝှေ့ယမ်းရုံဖြင့် နှိမ်နင်းလိုက်သည်ကို မြင်သောအခါ ဆန်းဝေဝေသည် ဟုန်ယွိအပေါ် ရိုသေ လေးစားစိတ်များ အလိုအလျောက် ဖြစ်ပေါ်လာတော့သည်။

“မဖြစ်နိုင်တာ။ သူတို့မှာ ကာကွယ်ပေးထားတဲ့ ရှေးဟောင်းရတနာတွေ ရှိနေတာပဲ။ နောက်ပြီး ငါက ငါ့ရဲ့မှော်စွမ်းအားကို အတိအကျ ထိန်းချုပ်ထားလို့ သူတို့ကို မြေကြီးထဲ ကျွံဝင်သွားအောင်ပဲ ဖိထားတာ၊ သူတို့ မသေပါဘူး။ လှုပ်လို့မရရုံပဲ ရှိတာ။”

ဟုန်ယွိ၏ စိတ်ဝိညာဉ်က ကိုယ်ခန္ဓာထဲသို့ ပြန်ဝင်သွားသည့်အခါ အစောပိုင်းက ရှိနေသည့် ကြောက်မက်ဖွယ် အရှိန်အဝါများ ပျောက်ကွယ်သွားပြီး၊ လေထဲတွင် အင်္ကျီစများ လွင့်ပျံ့နေသည့် အေးချမ်းတည်ငြိမ်သော ပညာရှိလူငယ်လေးတစ်ဦးအသွင်သို့ ပြန်လည် ရောက်ရှိသွားသည်။ ဤသည်မှာ ဟုန်ယွိ၏ စစ်မှန်သော ပုံရိပ်ပင် ဖြစ်သည်။ စောစောက ပြသခဲ့သည့် ပြင်းထန်သော စွမ်းအားများမှာ ရန်သူကို နှိမ်နင်းရန်အတွက်သာ ဖြစ်သည်။

ဟုန်ယွိသည် ငယ်ရွယ်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသော်လည်း၊ ပညာဂုဏ်မောက်ပြီး ဟန်ဆောင်ပန်ဆောင် ခန့်ညားအောင် လုပ်နေခြင်းမျိုး မဟုတ်ဘဲ၊ သူ့ထံမှ စာပေပညာရှင် တို့၏ ယဉ်ကျေးသိမ်မွေ့သော ဂုဏ်အင်္ဂါရပ်များနှင့် ခန့်ညားထည်ဝါမှုများသာ အထင်းသား ပေါ်လွင်နေသည်။

ဤသည်မှာ ဟုန်ယွိ၏ စစ်မှန်သော ပုံရိပ်ပင် ဖြစ်သည်။ စောစောက ပြသခဲ့သည့် လွှမ်းမိုး ချုပ်ကိုင်နိုင်သော အရှိန်အဝါနှင့် ပြင်းထန်လှသည့် စွမ်းအားများမှာ သူ၏ ရန်သူကို နှိမ်နင်း သည့် လျှပ်စီးသဖွယ် မြန်ဆန်သော နည်းလမ်းများသာ ဖြစ်သည်။

ဟုန်ယွိ၏ ဤကဲ့သို့သော ပုံစံကို မြင်လိုက်ရသည့်အခါ ကျီရှန်းထျန်း၏ ကျောမှ အဖြူရောင် အတောင်ပံလေးနှစ်ဖက်မှာ ပျားကောင်လေးတစ်ကောင်ကဲ့သို့ တုန်ခါနေပြီး၊ သူမ၏ မျက်လုံးလေးများမှာ ကြယ်လေးများပမာ တောက်ပနေသည်။ သူမသည် ကိုယ့်ကိုယ်ပင် မသိလိုက်ဘဲ လက်ချောင်းလေးကို ပါးစပ်ထဲထည့်ကာ ထည့်ကာ ‘ပြွတ်ပြွတ်’အသံမြည် အောင် စုပ်နေမိတော့သည်။

… …

“ဗုဒ္ဓ ကောင်းကင်ဘုံကို ပင့်မြှောက်ခြင်း။ ဗုဒ္ဓ တောင်ကိရွှေ့ခြင်း၊ တောင်နှင့် ရွှံ့နွံများကို မောင်းနှင်ခြင်း” “ဖယ်ရှားခြင်း” “ကြွမြောက်စမ်း”

ခန့်ညားထည်ဝါသော အမူအရာဖြင့် တံဆိပ်တော်နှစ်မျိုးကို ဆက်တိုက်ဖော်ဆောင်ကာ ဟုန်ယွိက လက်ကို မြှောက်လိုက်သည့်အခါ တောင်ကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါသွား ပြီး လေထဲသို့ တဖြည်းဖြည်း လည်ပတ်ကြွတက်လာသည်။ တောင်အောက်တွင်မူ တိုက်ရိုက် ရိုက်ခွဲခံထားရသကဲ့သို့ နက်ရှိုင်းသည့် ကျင်းကြီးတစ်ခု ပေါ်လာသည်ကို အားလုံး မြင်တွေ့လိုက်ကြရသည်။

ထိုကျင်းနက်ကြီးထဲတွင် ရတနာအလင်းတန်း အနည်းငယ်မှာ စိမ်းဖန့်ဖန့် မီးခိုးငွေ့များ ကဲ့သို့ အသက်ငွေ့ငွေ့သာ ကျန်ရှိတော့ပြီး ဝေ့ဝဲနေ၏။ ၎င်းမှာ ထိုရတနာပိုင်ရှင်များသည် လည်း သေလုမျောပါး အခြေအနေသို့ ရောက်နေသည်ကို ပြသနေခြင်း ဖြစ်သည်။

“ထွက်လာခဲ့စမ်း”

ဟုန်ယွိက တောင်ကို မတင် ရွှေ့ပြောင်းလိုက်ပြီးနောက် ကျင်းထဲသို့ လက်တစ်ဖက်ဖြင့် လှမ်း၍ ဆွဲလိုက်သည်။ ရုတ်တရက် သူ၏လက်ဖဝါးမှ လက်ဖဝါးမှ တောင်နှင့် မြစ်များကို ပင် အရည်ပျော်စေနိုင်သည့် ပြင်းထန်သော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ကျင်းထဲရှိ အရာအားလုံးကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ ထိုကျင်းထဲ၌ သဘာဝအတိုင်း ထန်ဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွီတို့ ဖိနှိပ်ခံထားရခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် မြေပြင်အောက်ခြေ အနက်ပိုင်းမှ ကြီးမားသော အားတစ်ခုက ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။ အားလုံး၏ ခြေထောက်များမှာ ယိုင်နဲ့သွားပြီး ဘေးပတ်လည်မှ မြေပြင်များသည် “ကွဲအက်” သော အသံများနှင့်အတူ အက်ကြောင်းများ ထွက်ကုန်သည်။ ငလျင်လှုပ်လိုက်သကဲ့သို့ပင်။

တစ်ပြိုင်နက်တည်းမှာပင် ကျင်းထဲမှ မည်းမှောင်နေသည့် မြူခိုးများသည် ရေပန်းတစ်ခု ကဲ့သို့ ပန်းထွက်လာသည်။

ထိုအနက်ရောင်အငွေ့များသည် အလွန်ပစ်ချွဲနေပြီး စီးဆင်းသွားသည့်အခါ ပြဒါးထက်ပင် အဆပေါင်း ဆယ်ဆ၊ ရာချီ၍ ပိုလေးလံသည့် အနှစ်သာရမျိုး ရှိနေသည်။ ထို့ပြင် ထိုအနက်ရောင် အငွေ့များထဲ၌ အလွန်ယုတ်မာ ညစ်ထေးသည့်ဆန္ဒများ ကိန်းဝပ်နေ သည်။ လူသားတာအို၏ မှော်ပညာ အငွေ့အသက် သို့မဟုတ် လူသားဆန်သည့် အနှစ်သာ ရ တစ်စက်မျှ မရှိချေ။

“ဒါက မိစ္ဆာပဲ။ တကယ့် မိစ္ဆာအစစ်ပဲ”

နဂါးသမီးတော် အောင်းလွမ်က ထိုယုတ်မာသော အနက်ရောင်အငွေ့များကို မြင်သည့်အခါ ခန္ဓာကိုယ် တုန်တုန်ရီရီဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ဤသည်မှာ မိစ္ဆာစွမ်းအင် ဖြစ်ပြီး မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါး၏ နတ်ဆိုးစွမ်းအင် အငွေ့အသက်နှင့် လုံးဝ မတူပေ။ မဟာနတ်ဆိုးအင်မော်တယ်များ ဖြစ်ကြသည့် ဉဒေါင်း ဘုရင်၊ ကောင်းကင်မြွေဘုရင်မ သို့မဟုတ် ညှို့ငင်မြေခွေးဘုရင်မတို့၏ ပညာရပ်မှာ လူသားတာအို နည်းလမ်းများသာ ဖြစ်ပြီး၊ သူတို့၏အနှစ်သာရမှာ အသက်ဝင်ပြီး ပညာရှင် ဆန်သော တာအိုကို ဖော်ဆောင်နေခြင်း ဖြစ်သည်။

သို့သော် ယခုအနက်ရောင် အငွေ့များတွင် ပါဝင်သည့် အနှစ်သာရမှာမူ အကာအကွယ်မဲ့ သည့် လွှမ်းမိုးမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် အစွန်းရောက်သော ယုတ်မာမှုများပင် ဖြစ်သည်။ ဤအနက်ရောင် အငွေ့များကို မြင်လိုက်ရုံဖြင့် လူသားချင်းစာနာမှု၊ ကိုယ်ကျင့် တရား သို့မဟုတ် ယဉ်ကျေးမှုများ မရှိသည့် ကမ္ဘာဦးခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။ အသက်ရှင်သန်ရေးအတွက်ဆိုပါက သားအဖချင်း, ဆွေမျိုးချင်းပင် ပြန်လည် စားသောက်တတ်ကြသည့် ခေတ်မျိုးပင် ဖြစ်သည်။

ဤသည်မှာ ရှေးဟောင်းကမ္ဘာဦးခေတ်မှ အတိအလင်းပေါ်ထွက်လာသော မိစ္ဆာတို့၏ လမ်းစဉ်၊ မိစ္ဆာတာအိုပင် ဖြစ်သည်။

“ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာ၊ ဒါက ကောင်းကင်မိစ္ဆာတို့ရဲ့ မိစ္ဆာအငွေ့အသက် တွေပဲ။ အားလုံး သတိထားကြ။ ဒါဟာ အရှေ့ပင်လယ် အစွန်ဆုံးက မြူခိုးတောင် မိစ္ဆာ နတ်ဘုရားဂူက ဘိုးဘေးအိုကြီးပဲ။” (ရှေ့မှာတုန်းက နတ်ဆိုးနတ်ဘုရားဂူဟု ပြန်ဆိုခဲ့ သည်။)

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး ယုတ်မာလှသည့် နာမည်ကို ကြားလိုက်ရသည့်အခါ ဟုန်ယွိမှလွဲ၍ အားလုံး ထိတ်လန့်သွားကြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မှော်ပညာ များကို အလိုအလျောက် ထုတ်ဖော်ပြီး အသင့်ပြင်လိုက်ကြသည်။

ယွမ်ရှန်းရှန်းကဲ့သို့ အံ့မခန်း မှော်စွမ်းအားရှိသူပင်လျှင် အနည်းငယ်မျှ ပေါ့ဆ၍ မနေရဲပေ။

ကြောင်းမှာ ထိုစွမ်းအင်အငွေ့အသက်၏ အနှစ်သာရမှာ တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။

“ဟွန့်... မြေအောက်မှာ ပုန်းလျှိုးကွယ်လျှိုးနေပြီး အခုလိုအချိန်ရောက်မှ လာနှောင့်ယှက် တာလား။ ကျုပ်ကို ထိပ်တိုက် ရင်ဆိုင်ဖို့တောင် သတ္တိမရှိဘဲနဲ့။ ဘာ ကောင်းကင်မိစ္ဆာလဲ၊ ဘာ ဘိုးဘေးလဲ။ ထွက်လာခဲ့စမ်း”

ဟုန်ယွိက ရုတ်တရက် ဖြစ်ပေါ်လာသည့် အခြေအနေကို အေးစက်စွာ နှာခေါင်းရှုံ့လိုက် သည်။ သူ၏ မျက်နှာပေးမှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ သူသည် လက်ဖြင့် တံဆိပ်တော်တစ်ခုကို ဖော်ဆောင်ပြီး ပြန်လည် မြှောက်လိုက်သည်။

ကြီးမားလှသည့် ဝိညာဉ်ဝဲဂယက်ကြီးသည် လေထဲတွင် ပေါ်လာပြီး ပြင်းပြင်းထန်ထန် လည်ပတ်နေသည်။ ထိုအခါ ပွက်ပွက်ဆူထွက်လာသည့် အနက်ရောင်အငွေ့များသည် ဝေလငါးကြီး ရေသောက်သကဲ့သို့ ဝဲဂယက်ထဲသို့ စုပ်ယူခံလိုက်ရပြီး ခဏချင်းမှာပင် ပျောက်ကွယ်သွားသည်။

အိုး…. အိုး…., အိုး….. အိုး…..

ပြင်းထန်သော အနက်ရောင်အငွေ့များ မြေပြင်မှ ဆွဲထုတ်ခံလိုက်ရသည့်အခါ ကျန်ရှိသော အနက်ရောင်အငွေ့များမှာ ပို၍ ပစ်ချွဲလာပြီး မြေကြီးတစ်ခုလုံး တုန်ခါကာ ဝုန်းဝုန်းဒိုင်းဒိုင်း အသံများ ထွက်ပေါ်လာသည်။ ထိုအသံများနှင့်အတူ ဝုန်းကနဲ မြေကြီးကို ခွဲထွက်ကာ လူခြောက်ယောက်၊ ခုနစ်ယောက်စာခန့် မြင့်သည့်၊ တစ်ကိုယ်လုံး ရွှေအိုရောင် တောက်နေ သော မျောက်ဝံကြီးတစ်ကောင်မှာ ဟိန်းဟောက်ရင်း ခုန်ထွက်လာသည်။

ဤရွှေအိုရောင် မျောက်ဝံကြီး၏ ပုံစံမှာ အလွန်တရာပင် ရက်စက်ကြမ်းကြုတ်လှပြီး သူ၏ အစွယ်များကို ထုတ်ကာ ဟိန်းဟောက်နေသည်။ သူသည် ကောင်ကင်ဘုံကို ထောက်ထား သည့် တိုင်ကြီးတစ်တိုင်ကဲ့သို့ ရွှေအိုရောင် တုတ်ကြီး တစ်ချောင်းကို ကိုင်ဆောင်ထားပြီး၊ ထိုရွှေအိုရောင်တုတ်ကြီးဖြင့် ဟုန်ယွိ၏ ဦးခေါင်းတည့်တည့်သို့ အရှိန်ပြင်းပြင်းဖြင့် တရစပ် ရိုက်ချလိုက်သည်။

“ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာ... နတ်ဘုရားသတ်တုတ်၊ ဒါကို ခံစားကြည့် စမ်း... ရှစ်မျက်နှာ ပျက်သုဉ်းခြင်း။”

မျောက်ဝံကြီး၏ မျက်လုံးများမှာ သွေးအိုင်နှစ်ခုကဲ့သို့ နီရဲနေ၏။ တုတ်ကြီးကို တစ်ချကက် ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ သွေးနှင့် အသက်စွမ်းအားများမှာ တဟုန်ထိုး တက်လာပြီး ခြေလှမ်းတစ်ထောင်အတွင်းရှိ လေထုအားလုံးကို လှုပ်ခါသွားစေကာ ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ဤသည်မှာ လူသားအင်မော်တယ် တစ်ဦး၏ ရုတ်တရက် တိုက်ခိုက်မှုမျိုးကဲ့သို့ ပြိုကွဲပျက်စီးစေနိုင်သည့် စွမ်းအားများက လူအားလုံးကို လွှမ်းခြုံသွားသည်။

တစ်ချိန်တည်းမှာပင် မိုင်ပေါင်းများစွာ အကွာရှိ မြေပြင်ပေါ်မှ ဝုန်းဒိုင်းကြဲသံများနှင့်အတူ ထိတ်လန့်ဖွယ်ရာ မြူခိုးမည်းကြီးတစ်စု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ စူးရှလှ သည့် အနံ့ဆိုးများနှင့် ရှေးဟောင်း မြေဆီလွှာမှ ထွက်ပေါ်လာသည့် အငွေ့အသက်များမှာ ကောင်းကင်နှင့် မြေကြီးအကြားတွင် ဖြတ်သန်းသွားပြီး၊ မြေအောက်ရှိ အဆိပ်ငွေ့အားလုံး လွတ်ထွက်လာသကဲ့သို့ပင်။

ထိုထိတ်လန့်ဖွယ်ရာ အနက်ရောင်အလင်းတန်းကြီး ပျံတက်သွားသည်နှင့် မှော်ရတနာများ ၏ အရောင်အဝါများ ခပ်ရေးရေး ပေါ်လာသည်။ ၎င်းတို့မှာ ထန်ဟိုင်လုံ၏ စကြဝဠာမိခင် ဒင်္ဂါးနှင့် အနန္တနဂါးလက်စွပ်တို့ပင် ဖြစ်သည်။

“ဟွန့်... ဒီဘိုးဘေးကြီးက ပုန်းလျှိုးကွယ်လျှိုး လုပ်နေစရာလား။ ငါ့ရဲ့ ဒီခန္ဓာကိုယ်ပွား၊ ဒုတိယမြောက် မူလစိတ်ဝိညာဉ်နဲ့ ‘ကောင်းကင်မိစ္ဆာ မိစ္ဆာစုစည်းခြင်းအငွေ့အသက်’ ကို အရင်နိုင်အောင် တိုက်ကြည့်ဦးပေါ့။ ဒီလူငယ်သုံးယောက်က ငါ့ရဲ့အကြိုက်နဲ့ ထပ်တူကျနေ လို့ ငါ ခေတ္တ ကယ်ထုတ်သွားမယ်။ မင်းလိုကောင်က ငါ့ကို ဘာများလုပ်နိုင်မှာလဲ။”

တုန်လှုပ်ဖွယ် ကောင်းလှသည့် အနက်ရောင် အလင်းတန်းကြီးထဲမှ ယုတ်မာညစ်ထေး သော အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။

“ကောင်းကင်နဂါးတာအိုသခင်မ... မင်းရဲ့ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့အတွက် ဒီလောက် အစွမ်းထက်တဲ့လူကို အစောင့်ငှားထားလိမ့်မယ်လို့ ဒီဘိုးဘေးကြီး မထင်ထားခဲ့ ဘူး။ ဒီနေ့တော့ မင်း ကံကောင်းသွားတယ်လို့ မှတ်လိုက်ပါ၊ ဒါပေမဲ့ နောက်နောင်ဆိုရင် တော့ ဒီဘိုးဘေးကြီးကို သတိထားနေဦး။”

ထိုအသံသည် အစပိုင်းတွင် ကျယ်လောင်ဟိန်းထွက်နေသော်လည်း ချက်ချင်းပင် မိုင်ပေါင်း ထောင်ချီ အကွာသို့ ရောက်ရှိသွားသလို ပိုးမျှင်လေးတစ်မျှင်ကဲ့သို့ သဲ့သဲ့မျှသာ ကျန်ရှိတော့ သည်အထိ ဝေးကွာသွားလေသည်။ ဤသည်မှာ မြေအောက်၌ ပုန်းအောင်းနေပြီး ထန်ဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွီတို့ကို မျက်စိတစ်မှိတ်အတွင်း ကယ်ထုတ်သွားသူမှာ ကျိုးထိုက်ကျူကဲ့သို့သော ပုဂ္ဂိုလ်မျိုး၊ အနှိုင်းမဲ့ ကောင်းကင်မိစ္ဆာများထက်ပင် မနိမ့်ကျသည့် အင်မတန် ထူးကဲသော မှော်စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ဖော်ပြနေခြင်းပင်။

ထိုသူ၏ အသံကိုသာ ကြားရပြီး လူကိုယ်တိုင်ကိုမူ မြင်တွေ့ခွင့် မရလိုက်ချေ။

…

“အတိုင်းအဆမဲ့ အလင်းတန်း၊ အတိုင်းအဆမဲ့ သက်တမ်း... အလင်းမန္တလာ... မဟာနေမင်း ဗုဒ္ဓ... မဟာနေမင်းဗုဒ္ဓ…. ချိတ်ပိတ်စမ်း။”

ဟုန်ယွိသည် မြေအောက်ကျင်းထဲမှ ခုန်ထွက်လာသော ကမ္ဘာဦးခေတ် မျောက်ဝံရိုင်းကြီးကို ရင်ဆိုင်လိုက်သည်။ ထိုမျောက်ဝံရိုင်းကြီးမှာ ယွမ်ကုန်းမင်ထက် နှစ်ဆခန့် ပိုမိုကြီးမား သည်။ ဟုန်ယွိ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ မပြောင်းလဲဘဲ သူ၏ လက်ညှိုးဖြင့် ညွှန်လိုက်သည့်အခါ သူ၏လက်မှ ‘ရွှေရောင်ကျမ်းစာတန်း’ များ ထွက်ပေါ်လာပြီး သူ၏ ဘေးပတ်လည်တွင် အလင်းတံတိုင်းတစ်ခုကို အတင်းအဓမ္မ ဖန်တီးလိုက်သည်။

ထိုကြီးမားလှသည့် ကမ္ဘာဦးခေတ် မျောက်ဝံရိုင်းကြီးက သူ၏ ရှေးဟောင်းကိုယ်ခံပညာ ဖြစ်သော “အရပ်ရှစ်မျက်နှာ ပျက်သုဉ်းခြင်း” ကို အသုံးပြုကာ ရွှေအိုရောင် နတ်ဘုရား တုတ်ကြီးဖြင့် ရိုက်ချလိုက်သည့်အခါ အလင်းကျမ်းစာ တံတိုင်းကို တည့်တည့် ထိမှန်သွား သည်။

ပြင်းထန်လှသော ထိုထိပ်တိုက်ရိုက်ခတ်မှုတွင် အလင်းကျမ်းစာ တံတိုင်းမှာ အနည်းငယ်မျှ မလှုပ်မယှက် တည်ငြိမ်နေသော်လည်း ကမ္ဘာဦးခေတ် မျောက်ဝံရိုင်းကြီးမှာမူ အရှိန်ဖြင့် နောက်သို့ နှစ်လှမ်းခန့် လွင့်ထွက်သွားရသည်။ သူ၏ မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှု အရပ်ယောင် ထင်ဟပ်သွားပြီး ဟုန်ယွိကို တစ်ချက် ကြည့်ကာ ကောင်းကင်ယံသို့ ခုန်တက် ၍ ထွက်ပြေးရန် ပြင်လေတော့သည်။

“ပြေးဖို့ ကြံနေတာလား။”

ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်သည်။ ရွှေရောင်ကျမ်းစာတန်းများသည် ကောင်းကင်ယံ တစ်ခုလုံးကို ပိုက်ကွန်ကဲ့သို့ ဖြန့်ကျက်သွားပြီး မျောက်ဝံရိုင်းကြီးကို ရစ်ပတ်လိုက်သည်။ ထို့နောက် ကျုံ့ဝင်သွားပြီး ဟုန်ယွိ၏ လက်ထဲသို့ ‘အလင်းပလ္လင်’ လေးတစ်ခုအဖြစ် ဆင်းသက်လာသည်။

“အလင်းမီးလျှံ... လောင်ကျွမ်း သန့်စင်စမ်း”

ဤကမ္ဘာဦးခေတ် မျောက်ဝံကြီးသည် ‘အလင်းမန္တလာ’အစီအရင် အတွင်း၌ ချိတ်ပိတ်ခံ လိုက်ရပြီးနောက်တွင်လည်း ဒေါသတကြီး ဟိန်းဟောက်နေဆဲ ဖြစ်သည်။ သို့သော် ဟုန်ယွိ က စိတ်ဖြင့် စေခိုင်းလိုက်သည့်အခါ ဆံချည်မျှင်ကဲ့သို့ သေးသွယ်သည့် မီးလျှံတန်းများမှာ ကောင်းကင်မှ တဟုန်ထိုး ဆင်းသက်လာပြီး ထိုမျောက်ဝံရိုင်းကြီး၏ ကိုယ်ထဲသို့ ဝင်ရောက် ကာ အတွင်းပိုင်းမှ ပြင်းထန်စွာ ပေါက်ကွဲလောင်ကျွမ်းစေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကမ္ဘာဦးခေတ် မျောက်ဝံကြီးမှာ ဖရုံသီးပုံသဏ္ဌာန် အသီးလေးတစ်လုံးအဖြစ် ပြောင်းလဲသွားလေသည်။

“ကောင်းကင်မိစ္ဆာ တာအိုသစ်သီး၊ ဒါက တကယ့် ခန္ဓာကိုယ်ပွားပဲ။ ကြည်လင်ကောင်းကင် အသက်ဝိညာဉ်ပုလဲလို အရာမျိုးပဲ။ (ဉဒေါင်းဘုရင်၏ ကြည်လင်ကောင်းကင်ပုလဲ)။ ဒါက အဲဒီမိစ္ဆာအိုကြီး အနည်းဆုံး နှစ်ပေါင်းသုံးရာကျော်လောက် ကျင့်ကြံပြီးမှ ရလာတဲ့ တာအို သစ်သီးပဲ။ တကယ့် ပစ္စည်းကောင်းပဲ။” အောင်းလွမ်က ထိုရွှေအိုရောင် အသီးလေးကို ကြည့်ပြီး အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။

“ဒီသစ်သီးတင် မဟုတ်ဘူး၊ လူကိုလည်း အလွတ်မပေးနိုင်ဘူး။ ယွမ်ကုန်းမင်... ဒါက မင်းတို့ အရှေ့ပင်လယ် မြူခိုးတောင် မိစ္ဆာနတ်ဘုရားဂူက ဘိုးဘေးကြီးလား။ ကမ္ဘာဦးခေတ် မိစ္ဆာတာအိုကို ကျင့်ကြံထားတဲ့ သူက လူသားတာအိုကို ဖျက်ဆီးဖို့ အထက်တန်းလွှာ မိသားစုတွေနဲ့ ပေါင်းကြံနေတာပဲ။ ငါ အလွတ်မပေးနိုင်ဘူး။”

ဟုန်ယွိသည် ‘ကောင်းကင်မိစ္ဆာ တာအိုသစ်သီး’ ကို သိမ်းဆည်းလိုက်ပြီး အဝေးမှ ထိတ်လန့်ဖွယ် အနက်ရောင် အလင်းတန်းကြီးနောက်သို့ ကြည့်လိုက်သည်။ သူသည် ကိုယ်တိုင်လိုက်လံဖမ်းဆီးခြင်း မပြုဘဲ အဝေးမှနေ၍ လက်သီးချက်တစ်ခုကို ဟင်းလင်း ပြင်ထဲသို့သာ ပစ်သွင်းလိုက်သည်။

“ခင်ဗျားက ဒီ ‘ကောင်းကင်မိစ္ဆာ တာအိုသစ်သီး’ ကို ခန္ဓာကိုယ်ပွားအဖြစ် သုံးပြီး ကျုပ်ကို ‘အရပ်ရှစ်မျက်နှာ ပျက်သုဉ်းခြင်း’ ပညာရပ်နဲ့ လာပြီး ချောင်းမြောင်းတိုက်ခိုက်တယ်ဆို တော့ ကျုပ်ကလည်း ခင်ဗျားကို လက်ဆောင်ပြန်ပေးရမှာပေါ့။ ကျုပ်ရဲ့ ‘အမှန်တရား ဖော်ထုတ်ခြင်း တံဆိပ်တော်’ ကို ခံယူစမ်း။ အမှန်တရားကို ဖော်ထုတ်ခြင်းဆိုတာ လွတ်မြောက်ခြင်းဖြစ်သလို ကယ်တင်ခြင်းလည်း ဖြစ်တယ်။ ကျုပ် ခင်ဗျားကို ကယ်တင် ပေးလိုက်မယ်။”

ဟုန်ယွိက ပြောပြောဆိုဆိုနှင့် အဝေးမှနေ၍ ဟင်းလင်းပြင်ထဲသို့ လက်ဝါးတော်ဖြင့် ရိုက်ချလိုက်သည်။ ခဏချင်းမှာပင် အဝေးက ကောင်းကင်ယံရှိ အနက်ရောင်အလင်းတန်း ၏ အမြီးပိုင်းတွင် ရွှေရောင်လက်ဝါးရာကြီးတစ်ခု ပေါ်လာပြီး ခမ်းနားထည်ဝါသော လွတ်မြောက်ခြင်း အသံတော်ကြီးနှင့်အတူ ထိုအနက်ရောင် အလင်းတန်းကို ရိုက်ခတ် လိုက်လေသည်။

ရှူး….. ရှူး…

ချက်ချင်းပင် ထိုအနက်ရောင် အလင်းတန်းမှာ မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။ ဟုန်ယွိ၏ တံဆိပ်တော်ကြောင့် မြေဆီလွှာအဆိပ်ငွေ့ စွမ်းအင်အားလုံး လောင်ကျွမ်းကုန် သည်။

အတွင်းထဲမှ စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

“ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာ... မိစ္ဆာလက်တစ်ထောင်။”

ချက်ချင်းပင် အနက်ရောင်အလင်းတန်း အားလုံးသည် ကြီးမားလှသည့် မိစ္ဆာလက်ကြီး တစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ‘လွတ်မြောက်ခြင်း တံဆိပ်တော်’ ကို တုံ့ပြန် ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

သို့သော် ဟုန်ယွိ၏ ထိုတံဆိပ်တော်က ထို ‘မိစ္ဆာလက်တစ်ထောင်’ ကို အပိုင်းပိုင်း ရိုက်ခွဲ ပစ်လိုက်ပြီး အနက်ရောင်အငွေ့အသက် အားလုံးကို မီးတောက်များအဖြစ် ပြောင်းလဲကာ လောင်ကျွမ်းစေသည်။ သို့သော် ထိုခဏချင်းမှာပင် ထိမှန်သည့်နေရာရှိ ဟင်းလင်းပြင်မှာ အနည်းငယ် ပြိုကျသွားပြီး အသံများလည်း ထိုအထဲသို့ ပြိုဆင်းပျောက်ကွယ်ကာ အစအန မကျန်တော့ချေ။

ကောင်းကင်မှ ရွှေအိုရောင် မျောက်မွေးရှည် ခုနစ်ချောင်းသာ မြေပြင်သို့ လွင့်ကျလာပါ တော့သည်။

“ဒီထွက်ပြေးတဲ့ပညာက ဒီလောက်တောင် အစွမ်းထက်တာလား။ 'ကောင်းကင်ထိုးဖောက် ဓားလွတ်မြောက်ခြင်းပညာ' ထက် မနိမ့်ဘူးပဲ။ အတွေးစတွေကို လောင်ကျွမ်းပြီး ထွက်ပြေး တာပဲ။” ဟုန်ယွိက လက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင်ထဲမှ အရာတစ်ခုကို ဆွဲယူလိုက် သည်။ သူ၏ လက်ထဲတွင် တူတစ်ချောင်းစာခန့် ထူပြီး လူတစ်ကိုယ်စာခန့် ရှည်လျားသည့် ရွှေအိုရောင် မျောက်ဝံမွေး ခုနစ်ချောင်း ပါလာသည်။ ၎င်းတို့သည် ကြိုးခုနစ်ပင်ကဲ့သို့ ဖြစ်ပြီး ချီလင်၏ အကြေးခွံများနှင့်ပင် ယှဉ်နိုင်သည့် ပြင်းထန်သော သွေးနှင့် အရှိန်အဝါများ ကို ထုတ်လွှတ်နေသည်။

“တော်တော်လေး အစွမ်းထက်တဲ့ နည်းလမ်းပဲ။ ငါ့လက်ထဲကနေ လွတ်အောင်ပြေးနိုင်တာ ဆိုတော့ သူ ဂုဏ်ယူသင့်တယ်။ ဒါဟာ ငါ ကမ္ဘာဦး မိစ္ဆာတာအိုကို ပထမဆုံး မြင်ဖူးတာပဲ။ ဒီမိစ္ဆာရဲ့ပညာက ကျိုးထိုက်ကျူထက် မနိမ့်ဘူး။” ဟုန်ယွိက မျောက်ဝံမွေးများကို ကြည့်ပြီး မှတ်ချက်ပေးလိုက်သည်။

“ဟုန်ယွိ... မင်း ငါ့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားပေးလိုက်တာပဲ။ ဒီမိစ္ဆာအိုကြီးက အရှေ့ပင်လယ်၊ မြူခိုးတောင်က မိစ္ဆာနတ်ဆိုးဂူရဲ့ ဘိုးဘေးကြီးပဲ။ သူက မိစ္ဆာတာအိုကို ကျင့်ကြံခဲ့တာ နှစ်ပေါင်းတစ်ထောင်ရှိပြီ။ ပိုင်ဇိယွဲ့တောင်မှ သူ့ခန္ဓာကိုယ် စွန့်ခွာခြင်းနည်းလမ်းအတွက် အဲဒီဘိုးဘေးဆီမှာ လမ်းညွှန်မှု ခံယူခဲ့ဖူးတယ်။ သူက ငါ့ရဲ့ တစ်ဦးတည်းသော ကြောက်ရမည်သူ မိစ္ဆာကြီးပဲ၊ ဒါပေမဲ့ အခုတော့ သူက မင်းရဲ့ ပြိုင်ဘက်တောင် မဟုတ်တော့ဘူး။ ငါ အခုဆိုရင် စိတ်ချလက်ချ မိုးကြိုးကပ်ဘေး ကျော်ဖြတ်လို့ ရပြီ။ အဲဒီနောက်မှာတော့ ငါတို့ ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ ဆီ သွားကြတာ ပေါ့။” အောင်းလွမ်က သက်ပြင်းချရင်း ဝမ်းသာအားရ ပြောလိုက်သည်။

“ခင်ဗျား မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီးရင် ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ ကို သွားဖို့ မလော ပါနဲ့ဦး။ ကျွန်တော် လုပ်စရာလေး တစ်ခု ကျန်သေးတယ်။”

ဟုန်ယွိ၏ စိတ်ထဲတွင်မူ ဒိုင်ဇင်ဘုရားကျောင်း မြေအောက်နန်းတော်မှ ‘ထိုက်ရှီတောင် နဂါးဝိညာဉ်’ နှင့် လျှို့ဝှက်ဆန်းကြယ်သည့် ‘ရူလိုင်သင်္ကန်းတော်’ ကြီး၏ ပုံရိပ်များ ပေါ်လာ ပါတော့သည်။

၎င်းတို့ကို ပြန်လည်ယူဆောင်ရန် အချိန်တန်လေပြီ။

စာစဉ် (၄၄) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters