← Chapters

အချိန်စီးကြောင်းကိုဖြတ်တောက်ထားသည့်အပိုင်းအခြား

Vol. 7 Ch. 640

အချိန်စီးကြောင်းကိုဖြတ်တောက်ထားသည့်အပိုင်းအခြား

Vol. 7 Ch. 640

ထိုစာကြောင်းလေး (၂)ကြောင်းကို ဖတ်လိုက်မိသည့် အခါတွင်တော့ ဆန်းလျန်မှာ မှင်တက် သွားရလေသည်။ သူက လက်ချောင်းလေးများဖြင့် သစ်ရွက်လေးကို ထိကိုင်ကြည့်လိုက် မိလေသည်။

ဆန်းလျန်၏ လက်ချောင်းများနှင့် ထိမိသည်နှင့် သစ်ရွက်လေးသည် ကြေမွကာ အမှုန့်ဖြစ်သွား ရလေသည်။ ကျောက်ရှောင်ယွီ ရုတ်တရက် ပျောက်ကွယ် သွားသကဲ့သို့ပင် သစ်ရွက်လေး သည်လည်း ရုတ်တရက် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

သို့သော် ... သူသည် ထိုမိန်းကလေးကို ဘယ်တော့မှ မေ့၍ရတော့မည် မဟုတ်ပါလေ။

သူမ၏ ဉာဏ်နီဉာဏ်နက်များ...

သူမ၏ ဆုံးဖြတ်ချက် ပြတ်သားခြင်းများ...

သူမ၏ သိသာ ထင်ရှားလွန်းသည့် အချစ်များ....

ဆန်းလျန်သည် မီးပုံပွဲကျင်းပရာ တောင်ပေါ်တွင် နေထိုင်ရင်း လေတွင်လွင့်နေသည့် ဝါးရွက်များ၊ ရေတံခွန်များ၊ မျောလွင့်နေသည့် တိမ်တိုက်များကို ကြည့်ရှုနေခဲ့လေသည်။

သူ့နှလုံးသား တည်ငြိမ်သွားစေရန် ကြိုးစားနေခဲ့ခြင်း ဖြစ်လေသည်။ သို့သော်.... အကျိုးသက်ရောက်မှု မရှိခဲ့ပါ။

သူသည် အစကတည်းကပင် တစ်ယောက်တည်း နေတတ်သူ ဖြစ်ပါသည်။ သို့သော်... ယခုတော့ အထီးကျန်ခြင်းကို ခံစားနေရလေသည်။ အထီးကျန်ခြင်းသည် သူ့နှလုံးသားကို နှိပ်စက်လျက် ရှိလေသည်။

ထိုသို့ဖြင့် ... အချိန်(၃)ရက် ကြာသွားခဲ့လေသည်။

နောက်ဆုံးတော့ ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါးသို့ ပြန်လာ ခဲ့လေတော့သည်။

ဆန်းလျန် ပြန်ရောက်လာသည်ကို မြင်ရမှပဲ ချန်ကျင်းချင်မှာ စိတ်ဒုန်းဒုန်း ချနိုင်တော့သည်။ သူ၏ ဆရာပြန်လာလျှင်ရပြီ။ လုကျိုးယွမ်နှင့် အနိုင်အရှုံးကို စိတ်မဝင်စားတော့ပါ။

ဆန်းလျန်က…

"ကျုပ် လုကျိုးယွမ်နဲ့ သဘောတူညီမှု တစ်ခုလုပ်ခဲ့တယ်၊ သူက လုန်ဟွာပွဲတော် ကျင်းပတာကို တားဆီးမှာ မဟုတ်တော့ဘူး"

ချန်ကျင်းချင်က ဆရာဖြစ်သူ ပြောသည့် စကားများကို နားထောင်နေလေသည်။

ထိုသဘောတူညီမှုကြောင့်  လူပေါင်းများစွာ၏ စိတ်ဝိညာဉ်များ အကြီးအကျယ် ထိခိုက်နိုင်သည်ဟု တွေးနေမိလေသည်။ သို့သော်… သူက အသေးစိတ်များကို မေးမနေတော့ပါ။ ထို့ပြင် သူက ဆရာဖြစ်သူနှင့် လုကျိုးယွမ် မည်သူ ပိုတော်သည်ဆိုသည့် အချက်ကိုလည်း မမေးချင်တော့ပါ။

နောက်ဆုံးတော့ ချင်းရွှမ်နတ်တံခါးနှင့် ရွှမ်ထျန်းနတ်ဘုရားဂိုဏ်း ကြားတွင် မငြိမ်းနိုင်သည့် ရန်ငြိုးရန်စများ မဖြစ်ခဲ့ကြ၍သာ တော်တော့သည်ဟု တွေးလိုက်နေခဲ့မိလေသည်။

ချန်ကျင်းချင်က…

"ဒီတစ်ခေါက်လာမဲ့ လောက နတ်ဘုရားတွေထဲမှာ အထူးဧည့်သည်တော် တစ်ယောက်ပါတယ်၊ ဒါပေမဲ့ ဆရာက သူ့ကို လာခွင့်ပေးနိုင်ပါ့မလား မသိဘူး"

ဆန်းလျန်က ချန်ကျင်းချင်စကားကို နားထောင်ပြီး တစ်ခဏမျှ စဉ်းစားနေလိုက်လေသည်။

"မင်းပြောတာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက တာအိုဆရာတုန်းဖုန်းကို ပြောတာ မဟုတ်လား၊ နှစ်ပေါင်းထောင်နဲ့ချီပြီး ကြာခဲ့ပြီပဲလေ၊ ရန်ငြိုးထားစရာ ဘာရှိမှာလဲ၊ သူလာချင်ရင်လည်း လာပါစေပေါ့"

ချန်ကျင်းချင်မှာ ဆရာဖြစ်သူကို အလွန် လေးစားသွားမိလေသည်။ ဆရာဖြစ်သူသည် သူမပြောခင်ပင် ပြောမည့်စကားကို ကြိုသိနေခဲ့သည် မဟုတ်ပါလား။

ထိုကဲ့သို့သော စွမ်းရည်မျိုးရရှိရန် အတွက် သူကတော့ နှစ်ပေါင်း ဘယ်လောက် ကျင့်ကြံရဦးမည်လဲ မသိနိုင်သေးပေ။

"ဟုတ်ကဲ့ပါ ဆရာ…"

ဟုသာ ပြောလိုက် ရတော့သည်။

***

ကျောက်ရှောင်ယွီသည် ထူးဆန်းသည့် နေရာဒေသတစ်ခုသို့ ရောက်ရှိနေလေသည်။

မနေ့က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များသည် သူမ၏ဘဝတွင် အကောင်းဆုံး အတွေ့အကြုံများ ဖြစ်ခဲ့သည်မှာ သံသယဝင်စရာပင် မရှိပေ။

ထို့ကြောင့်ပင် သူမသည် သူမ၏ စစ်မှန်သည့် ဗလာနယ် မဟာကျင့်စဉ်သည် ပြီးမြောက် အောင်မြင် သွားခဲ့ရလေသည်။ သူမသည် လော်ဝါဒကို တည်ထောင်သူ ဆရာသခင်၏ ခြေရာကိုနင်းနိုင်ခဲ့ပြီး လော်ဝါဒမှ အခြားသော ဆရာသခင်များထက် သာလွန်သူတစ်ယောက် ဖြစ်ခဲ့ရပြီ ဖြစ်လေသည်။

သို့သော်… ဆန်းလျန်အပေါ်တွင် ထားရှိသည့် သူမ၏အချစ်နှင့် ခံစားချက်များသည် စစ်မှန်ခဲ့ပါသည်။

ထို့ကြောင့်လည်း သူမသည် နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိ နာကျင်မှုကို ခံစားရင်း ဆန်းလျန်၏ နှလုံးသားထဲတွင် အရေးပါသူတစ်ယောက် ဖြစ်လာစေရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့သာ မဖြစ်ခဲ့လျှင်လည်း သူမသည်လည်း ကျင့်ကြံခြင်းအဆင့် တက်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

ယခုတော့ ကျောက်ရှောင်ယွီသည် ကျင့်စဉ်လမ်းအဆင့် တက်နိုင်ခဲ့ပြီ ဖြစ်လေသည်။ ဆန်းလျန်အပေါ် ထားရှိသည့် ခံစားချက်များကို ဖယ်ရှားပစ်ရန် အတွက် မည်မျှပင် ခက်ခဲပါစေ ယခုတော့ ဖယ်ရှားပစ်ရန် အချိန်တန်ပြီဟု သူမ တွေးလိုက်မိလေသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် ဆန်းလျန်ဆိုသည့် နှောင်ကြိုးတစ်ခု အောက်တွင် ရုန်းမရသည့် အဖြစ်မျိုးကို မလိုချင်ခဲ့ပေ။ မေ့လိုက်ခြင်းကသာ သူတို့(၂)ယောက်လုံး အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထို့ပြင် ယခုအချိန်တွင် သူမသည် လော်ဝါဒ တည်ထောင်သူ၏ ဆက်ခံသူတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။ နောက်ထပ်ရင်ဆိုင်ရမည့် ပြဿနာများကို ဆန်းလျန်အနေဖြင့် ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။ ကျောက်ရှောင်ယွီ အနေဖြင့်လည်း ဆန်းလျန်အပေါ်တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်မိပေ။

ချင်းရွှမ်နတ်တံခါး တည်ရှိရာလောကတွင် လော်ဝါဒကို တည်ထောင်သူ ဆရာသခင်သည် ပါရမီရှင်တစ်ပါး ဖြစ်လေသည်။ ဆန်းလျန်ထက်ပင် တန်ခိုးစွမ်းအား မြင့်မားခဲ့သူ ဖြစ်လေသည်။ လော်ဝါဒ တည်ထောင်သူ လောကကို ကျော်လွန်သွားသည့် အချိန်တွင် ထိုက်ယီထျန်းရှန်း အဆင့်ကို အောင်မြင်ပြီးသွား ခဲ့လေသည်။ ထို့နောက်တွင်တော့ သူသည် အနန္တတန်ခိုးရှင် တစ်ပါးအဖြစ် အဆင့်တက်ရောက် နိုင်ခဲ့လေသည်။ စကြဝဠာ တစ်ခုလုံးတွင် ရှားပါးလှစွာ တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်လေသည်။

သို့သော်… လော်ဝါဒကို တည်ထောင်သူတွင် ရန်သူတစ်ယောက် ရှိလေသည်။ ထိုရန်သူသည် စကြဝဠာအစဦး ကတည်းကပင် တည်ရှိခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

သူတို့ (၂)ယောက်၏ တိုက်ပွဲတွင် လော်ဝါဒကို တည်ထောင်သူက ရှုံးနိမ့်သွားခဲ့လေသည်။ ထို့နောက်တွင်တော့ လော်ဝါဒကို တည်ထောင်သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ပျက်စီးပျောက်ကွယ် သွားခဲ့ရသည့်အပြင် မရှိမှုကျေးရွာ တွင်ရှိနေသည့် လော်ဝါဒ တည်ထောင်သူ၏ ဝိညာဉ်သည်ပင် ဖမ်းဆီး သုတ်သင်ခံခဲ့ရလေသည်။

သို့သော်… လော်ဝါဒတည်ထောင်သူ ဆရာသခင်သည် သူသေဆုံးရတော့မည်ကို ကြိုတင် တွက်ချက်နိုင်ခဲ့သည့် အတွက် ချင်းရွှမ်နတ်တံခါးရှိရာ လောကသို့ တိတ်တဆိတ် ပြန်လာပြီး ပြီးပြည့်စုံသည့် ကျင့်စဉ်တစ်ခုကို ရေးသားသွားခဲ့လေသည်။ ကျောက်ရှောင်ယွီသည် ထိုကျင့်စဉ်ကို အမွေဆက်ခံပြီး ယခုတော့ ကျင့်ကြံအောင်မြင်ခဲ့ပြီ ဖြစ်လေသည်။ ထို့ပြင် သူမသည် လျှို့ဝှက်ချက်ပေါင်း များစွာကိုလည်း သိရှိထားခဲ့လေသည်။

သူမသည် စစ်မှန်သည့် ဗလာနယ်ကျင့်စဉ်ကို ကျင့်ကြံအောင်မြင် သွားသည့်တိုင် ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရား တစ်ပါးဖြစ်လာရန်အတွက် လက်တစ်ကမ်း လိုနေသေးသည်။

သို့သော်… သူမ ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်ရောက်နိုင်ပြီဆိုလျှင် မရှိမှုကျေးရွာသို့ သွားရောက်ရမည် ဖြစ်လေသည်။ ထိုအချိန်တွင် စစ်မှန်သော ဗလာနယ်ကျင့်စဉ်၏ အသက်ဓာတ် စွမ်းအားများက စိမ့်ထွက်လာမည် ဖြစ်ပြီး လော်ဝါဒတည်ထောင်သူ ဆရာသခင်၏ ရန်သူသည် ရိပ်မိသွားမည် ဖြစ်လေသည်။ နောက်ဆုံးတွင်တော့ ထိုကြောက်မက်ဖွယ်ရာ ကောင်းသူ၏ လက်ချက်ဖြင့် အသက်ဆုံးရမည် ဖြစ်လေသည်။

လော်ဝါဒကိုတည်ထောင်သူ ဆရာသခင်ကလည်း ထိုသို့ ဖြစ်လာမည်ကို မျှော်လင့်ထားခဲ့ပြီးသား ဖြစ်လေသည်။ ထို့ကြောင့် သူက အချိန်နှင့်နေရာ အချက်ပြမှုတစ်ခုကို ချန်ထားခဲ့ခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီ စစ်မှန်သည့် ဗလာနယ်ကျင့်စဉ်ကို အောင်မြင်သွားသည့် အချိန်တွင် ထိုကျင့်စဉ်ကပင် သူမကို ‘တန်ခိုးစွမ်းအား ကင်းမဲ့ရာနယ်မြေ’ သို့ ပို့ဆောင်ပေးခဲ့လေသည်။ ထိုနယ်မြေကို ဖန်တီးခဲ့သူသည် တာအိုဆရာသခင် ကြီးအဆင့်ရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ အချိန်စီးကြောင်းကို ဖြတ်တောက်ကာ အပိုင်းအခြား နေရာတစ်ခု ပြုလုပ်ထားခဲ့ခြင်း ဖြစ်လေသည်။

သို့မဟုတ်… ထိုနေရာသည် ကောင်းကင်ဘုံ အပျက်အယွင်းများမှလည်း ဖြစ်ပေါ်လာနိုင်လေသည်။ ထိုနေရာကို လော်ဝါဒ တည်ထောင်သူသည် အမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။ ထိုနေရာတွင်သာ ရှိနေလျှင် ကျောက်ရှောင်ယွီကို မည်သည့်ရန်သူမှ သတိပြုနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် ထိုနေရာတွင် တစ်ရက်နေထိုင်လျှင် အခြားသော လောကတွင် အချိန်(၁)နှစ်နှင့် ညီမျှလေသည်။ ထို့ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမှသာ သူမသည် အပြင်လောကသို့ ပြန်ထွက်လာနိုင်မည် ဖြစ်လေသည်။ ထိုအချိန်သို့ ရောက်လျှင် ဆန်းလျန်သည်လည်း သူမကို ကာကွယ်ပေးနိုင်သည့် အဆင့်သို့ ရောက်နေလောက်ပြီး ဖြစ်လေသည်။

ထိုသို့ တွေးလိုက်မိသည်နှင့် ကျောက်ရှောင်ယွီသည် ပြုံးလိုက်မိလေသည်။

ထိုအတွေးက လက်တွေ့မကျသည့် အတွေးမျှသာ ဖြစ်လေသည်။ ကျောက်ရှောင်ယွီ ထွက်လာသည့် အချိန်တွင် ဆန်းလျန်သည် စကြဝဠာတစ်ခုလုံးကို ဖိန့်ဖိန့်တုန်စေသည့် မိုးနတ်မင်းကြီး တစ်ပါးကဲ့သို့ ဖြစ်နေမည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။

ကျောက်ရှောင်ယွီ ဤနေရာတွင် နေထိုင်ခြင်းမရှိပါက ရန်သူနတ်ဘုရားသည် သူမကို ရှာတွေ့သွားမည် ဖြစ်လေသည်။ ဤနေရာတွင် လာရောက်နေထိုင်ခြင်း မရှိဘဲ ဆန်းလျန်နှင့်သာ တွယ်ကပ်နေပါကလည်း ရန်သူနတ်ဘုရား ရောက်ရှိလာချိန်တွင် ဆန်းလျန်သည်ပင် လွတ်လမ်းရှိလိမ့်မည် မဟုတ်ပေ။

သူမသည် လော်ဝါဒတည်ထောင်သူ ဆရာသခင်၏ ဆက်ခံသူ ဖြစ်ခဲ့လေသည်။ သူမသည် လော်ဝါဒတည်ထောင်သူ ဆရာသခင်၏ ဆိုးမွေကောင်းမွေကို လက်ခံရမည် ဖြစ်လေသည်။

ဆန်းလျန်ကို မှီခိုအားကိုးနေခြင်းထက် သူမကိုယ်သူမ တာဝန်ယူရမည် ဖြစ်လေသည်။

ကံကောင်းစွာဖြင့်ပင် သူမ၏ ဂိုဏ်းတူအစ်မဆီမှ ရရှိခဲ့သည့် မန္တန်အလင်း ချေဖျက်ခြင်းကျမ်းသည် ရန်သူနတ်ဘုရားကို နှိမ်နင်းနိုင်ရန်အတွက် မျှော်လင့်ချက်ရေးရေးမျှ ပေးခဲ့လေသည်။

ယခုတော့…

သူမ၏ရှေ့တွင် ဂြိုဟ်ပြာကြီးတစ်လုံး ရှိနေလေသည်။

ထိုဂြိုဟ်ပြာနှင့် မနီးမဝေးတွင် အခြားသေးငယ်သော နောက်ထပ် ဂြိုဟ်သိမ်ဂြိုဟ်ငယ် တစ်လုံးလည်း ရှိနေလေသည်။ ထိုဂြိုငယ်သည် ချိုင့်ခွက်များနှင့် ပြည့်နေပြီး ဂြိုဟ်ပြာကြီး၏ အရန်လတစ်စင်း ဖြစ်ဟန်တူလေသည်။

ထိုဂြိုဟ်ပြာနှင့် နီးကပ်လာသည်နှင့် အမျှ သူမ၏ မူလဝိညာဉ်ခန္ဓာနှင့် တန်ခိုးစွမ်းအား များသည် လျင်မြန်လွန်းသည့် အရှိန်ဖြင့် ပျက်စီး ယိုယွင်းနေလေသည်။ ထိုနေရာသည် အမှန်ပင် တန်ခိုးစွမ်းအား ကင်းမဲ့ရာနယ်မြေ ဖြစ်ဟန်ရှိလေသည်။

ကျောက်ရှောင်ယွီသည် ခဏအတွင်းမှာပင် ဂြိုဟ်ပြာကြီးဆီသို့ ရောက်ရှိလာပြီး မျှော်စင်ကြီးများအလား မြင့်မားလှသည့် အဆောက်အဦကြီးများကို တွေ့မြင် လိုက်ရလေသည်။ မန္တန်အလင်း ချေဖျက်ခြင်းကျမ်းမှ ကျင့်စဉ်များကို အသုံးပြုကာ သူမ၏ တန်ခိုးစွမ်အား အချို့ကို ထိန်းသိမ်း ထားနိုင်ခဲ့လေသည်။

သူမသည် လေထဲတွင် စီးမျော ပျံသန်းလာခဲ့လေသည်။ သူမ၏ ကျက်သရေရှိစွာ လှပသည့် အလှတရားသည် လမ်းသွားလမ်းလာများကို ဆွဲဆောင်လျက် ရှိလေသည်။

ကျောက်ရှောင်ယွီသည် ဤလောကမှ ဘာသာစကားကို ခဏချင်းပင် သင်ယူ တတ်မြောက်သွားလေသည်။ ထိုနေရာ တွင်အသုံးပြုသည့် ဘာသာစကားသည် ယခင် သူမနေခဲ့သည့် လောကမှ ဘာသာစကားနှင့် သိပ်ပြီး ကွဲပြားခြင်းမရှိပေ။

လေထဲတွင် စီးမျော ပျံသန်းလာခြင်းသည် သာမန်အမူအရာ မဟုတ်သည်ကို ချက်ချင်းပင် ကျောက်ရှောင်ယွီ ရိပ်မိသွားလေသည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် လမ်းဘေး တစ်နေရာတွင် ရပ်တန့် နေလိုက်လေသည်။

ဤလောကမှ လူများမှာ စိတ်ဝင်စားစရာ အလွန်ကောင်းလေသည်။ သူမသည် နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် လူအများစုသည် ကြည့်ရုံသာ ကြည့်သွားကြပြီး ကိုယ့်အလုပ်ဖြင့်ကိုယ် ရှုပ်နေကြလေသည်။ သိပ်ပြီး စိတ်ဝင်စားခြင်း မရှိကြပေ။

သူမနှင့် မျက်နှာချင်းဆိုင်မှ အဆောက်အဦသည် မန္တန်တစ်ခုအသုံးပြုကာ ပြုလုပ်ထားခြင်း ဖြစ်ဟန်တူလေသည်။

အဆောက်အဦနံရံကြီးက လင်းလက်နေပြီး နံရံထက်တွင် ရုပ်ပုံများလည်း လှုပ်ရှားထင်ဟပ်လျက် ရှိလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤလောကသည် ပုံမှန်မဟုတ်သည့် လောကတစ်ခု ဖြစ်သည်မှာ သိသာလေသည်။

ထိုအဆောက်အဦကြီး ဘေးမှ ဆိုင်ငယ်လေးတစ်ဆိုင်မှ သီချင်းသံတစ်ပုဒ် ကြားနေရလေသည်။

“မင်းနဲ့များ မဆုံခဲ့ရရင် ငါ့ဘဝ ဘာများဖြစ်နေမှာလဲ…

ဘဝဆိုတာ တန်ဖိုးထားသင့်ပေမဲ့ မင်းမရှိရင် ငါ့နေ့ရက်တွေ ဘယ်လိုဖြစ်နေမှာလဲ…

တစ်ယောက်ယောက်နဲ့ပဲ ဆုံတွေ့ပြီး သာမန်ဘဝမှာ နေဖြစ်ခဲ့မလား….

အချစ်ဟာ ပျားရည်လိုပဲ ချိုမြလေမလား ငါမသိခဲ့ပါ…

အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပေမဲ့ ငါ … မင်းကိုပဲ ဂရုစိုက်နေမိတယ်…

မင်းရဲ့အသက်ရှူသံလေးတွေနဲ့ ဆန္ဒများစွာကို ချည်နှောင်လို့…

ဘဝမှာ ယုံကြည်ချက်တွေကို ဖွေရှာရင်း …

မင်းနဲ့ဆိုရင် ဘယ်အရာကိုပဲ ဆုံးရှုံးရပါစေ … နှမြောစရာမရှိခဲ့ပါ….”

ထိုသီချင်းသည် ကျောက်ရှောင်ယွီ၏ နှလုံးသားထဲအထိ ရောက်သွားလေသည်။

သူမကိုယ်သူမလည်း သာမန်လူသား တစ်ယောက်နှင့်မခြား ခံစား လိုက်ရလေသည်။ ထို့ပြင် သီချင်းစာသားများသည် သူမ ဆန်းလျန်အပေါ်တွင် ထားရှိသည့် ခံစားချက်များနှင့် တိုက်ဆိုင်နေလေသည်။ ထို့ကြောင့် သူမသည် တိတ်ဆိတ်စွာ မတ်တတ်ရပ်ရင်း သီချင်းကို နားထောင် နေမိလေသည်။

သူမ မည်သည့်နေရာတွင် ရောက်နေပါစေ…

သူမ၏ အနာဂတ်သည်လည်း မည်သို့ဖြစ်လာပါစေ…

သူမသည် ထိုသီချင်းလေးကိုတော့ ဆုံးအောင် နားထောင် ချင်ခဲ့မိလေသည်။

သို့သော်… ကျောက်ရှောင်ယွီ သီချင်းနားထောင်၍ မဆုံးသေးခင်မှာပင် လူတစ်ယောက်သည် သူမအနားသို့ အပြေးအလွှား ရောက်ရှိလာလေသည်။

ထိုသူ၏လက်ထဲတွင် စာရွက်အပိုင်းအစလေး တစ်ခုကို ကိုင်ထားပြီး…

“မိန်းမလှလေး… ငါက အရည်အချင်းရှိတဲ့ လူငယ်တွေကို စုဆောင်းနေတာပါ၊ အရမ်းအောင်မြင်တဲ့ စူပါစတား တစ်ယောက် ဖြစ်လာဖို့ စိတ်မဝင်စားဘူးလား”

***

All Chapters