ကွယ်ဝှက်ထားသော စိတ်ဝိညာဉ်
Vol. 137 Ch. 1885
မဟာစိတ်ဝိညာဉ်ကလန်၏ အတွင်းနက်ပိုင်း၌ မိုးထိထိုးနေသော တောင်တလုံး ရှိသည်။ ထိုတောင်မှာ အစိမ်းရောင်သမ်းနေကာ မြင့်မားလွန်းလှ၏။ ဤတောင်က မဟာစိတ်ဝိညာဉ်ကလန်၏ တားမြစ်ဧရိယာပင်။ ဘိုးဘေးကုန်းနျန်က ဒီတောင်တွင် အခြေချနေထိုင်ပေ၏။
ဝမ်လင်းက မြန်ဆန်စွာ ပျံသန်းလာကာ သူ့ရှေ့ရှိ အတားအဆီးများသည် ပဲ့တင်ထပ်လေ၏။ သို့သော် မည်သည့်အတားအဆီးကမျှ သူ့ကို မဟန့်တားပေ။ သူက အစိမ်းရောင်တောင်ထွတ်၏ အပြင်ဘက်၌ ရပ်ကာ သူ့လက်နှစ်ဖက်ကို ဆုပ်သည်။ သူ၏အသံက ရှင်းရှင်းလင်းလင်း တောင်ထံသို့ ပဲ့တင်ထပ်လာသည်။
“ဂျူနီယာဝမ်လင်း ရောက်ပါပြီ။ စီနီယာအရှင်ကုန်းနျန် ဒီမှာ ရှိပါသလား…”
အစိမ်းရောင်တောင်က တုန်ခါသွားကာ ၎င်းပတ်လည်ရှိ အတားအဆီးများအားလုံး ပျောက်ကွယ်သွား၏။ တောင်ထံမှ ရှေးကျသောအသံတစ်သံ ထွက်ပေါ်လာသည်။
“တောင်ထိပ်မှာ ငါ မင်းကို စောင့်နေတယ်…”
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို အလိုလို ဖြန့်ကျက်မိကာ သည်တောင်ကို စစ်ဆေးကြည့်မိလိုက်သည်။ ဒီတောင်က သာမန် ထင်ရသော်လည်း အတွင်း၌ အစွမ်းထက်အော်ရာ ရှိနေသည်။
“ဒီတောင်ဟာ ရတနာတစ်ခုကနေ ဖြစ်ပေါ်လာခဲ့တာပဲ…” ဝမ်လင်းက တိမ်စိုင်များကို ဖြတ်၍ တောင်ထံသို့ တိုးဝင် ပျံသန်းလာသည်။ မကြာခင်တွင် သူသည် တောင်ထွတ်သို့ ရောက်လာ၏။
အစိမ်းရောင်ကောင်းကင်ဘုံတောင်ထွတ်။ အရှင်ကုန်းနျန်က နေရာတွင် ထိုင်နေပြီး သူ၏ အစိမ်းရောင်ဝတ်ရုံက သူ့ဆံပင်ဖြူများနှင့်အတူ လေထဲ တလွင့်လွင့်။ ဝမ်လင်းက အရှင်ကုန်းနျန်၏ မျက်နှာချင်းဆိုင်သို့ ရောက်လာကာ တည်ငြိမ်စွာပင် ထိုင်ချလိုက်သည်။
ထိုနေရာတွင် ထိုင်၍ ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “ဝိညာဉ်မျက်လုံးတာအိုဟာ တကယ့်ကို သာမန်ထက်ထူးကဲလှပါတယ်။ နှစ်ပေါင်း(၁၇၈၀၀၀) ကျင့်ကြံပြီးတဲ့နောက် ဒီမန္တာန်ဟာ ကောင်းကင်ဘုံအင်ပါယာနန်းတော်ဆရာသခင်နဲ့ ယှဉ်ပြိုင်နိုင်လောက်ပါတယ်။ ကျနော့်အနေနဲ့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ နက်ရှိုင်းမှုကို လေးစားမိရတယ်…”
အရှင်ကုန်းနျန်က ထိုသည်ကို ကြားသည့်အခါ သူက ရယ်မောလိုက်၏။ သူသည် အရှက်ရဟန် ဖြစ်မသွားဘဲ တည်ငြိမ်လို့သာနေ၏။
“ဟုတ်ပါတယ်။ အကြီးအကဲဝမ်ရဲ့ စကားက အမှန်ပါပဲ။ ငါ့ရဲ့ မဟာစိတ်ဝိညာဉ်ကလန်ရှိ ဝင်ရောက်ပြီး ကလန်ကို ချက်ခြင်း ချီးကျူးတာဟာ သိပ်ကောင်းတယ်။ တကယ်တော့ ဒီအဘိုးအိုက ကျေးဇူးအများကြီး တင်ပါတယ်။ တစုံတစ်ယောက်ဟာ နှစ်ပေါင်း(၁၇၈၀၀၀) ကြာ အမှန်တကယ် တံခါးပိတ်ကျင့်ကြံပြီး ဝိညာဉ်မျက်လုံးတာအိုမန္တာန်ကို ပြီးပြည့်စုံစေနိုင်ရင် တကယ်ပဲ အင်ပါယာဆရာသခင်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအား ရလာနိုင်ပါတယ်…”
“ကျင့်ကြံခြင်းအဆင့် လုံးဝ မတိုးလာဘဲ မန္တာန်တစ်ခုပေါ်မှာသာ နှစ်ပေါင်း(၁၇၈၀၀၀) ကျင့်ကြံတာ။ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ အသက်ဓာတ်အား ရှိလိမ့်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီလိုလူမျိုး ဘယ်လိုလုပ် တည်ရှိနိုင်မှာလဲ…”
ဝမ်လင်းက မကျေမလည် ဆိုလာ၏။ နှစ်ပေါင်း(၁၇၈၀၀၀)လိုအပ်ချက်က သူ့ကို အတော်လေး အကူအညီမဲ့သလို ခံစားမိစေသည်။
“ဟားဟား…ဒီအဘိုးအိုလည်း မဟာစိတ်ဝိညာဉ်ကလန်မှာ ဝိညာဉ်မျက်လုံးတာအိုကို ကျွမ်းကျင်သွားတဲ့သူဆိုတာ မကြားဖူးပါဘူး။ ပထမဆုံးမျိုးဆက်ဘိုးဘေးတောင်မှ (၄.၁)ဘီလီယံ ကျမ်းစာထိပဲ လုပ်ဆောင်နိုင်ခဲ့တာ..”
“ဒါပေမဲ့…အကြီးအကဲဝမ်ရဲ့ ပါရမီဟာ အံ့အားသင့်ဖို့ ကောင်းတယ်။ ပြီးတော့ မင်းဟာ အရာတော်တော်များများကို ဖြတ်သန်းခဲ့တဲ့သူ မလား။ မင်းအနေနဲ့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဒီမန္တာန်ကို ကျွမ်းကျင်နိုင်စေမယ့် နည်းလမ်းတစ်ခု ရှာချင်ရှာနိုင်မှာပါ…”
အရှင်ကုန်းနျန်က ထိုသို့ ပြောလာရင်း ပြုံးလေ၏။
“အဓိပ္ပာယ် မရှိလိုက်တာ…” ဝမ်လင်းသည် ယဉ်ကျေးမနေတော့ပေ။ သူက အခုလိုမျိုး ပြောခဲပေ၏။ သို့သော် ခုလက်ရှိ အရှက်ကုန်းနျန်၏ အမူအရာမှာ သိသာစွာ မကောင်းဆိုးဝါး ဆန်လွန်းနေသည်ကို သူ တွေ့လိုက်ရသည် မဟုတ်လား။
ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် အရှင်ကုန်းနျန်က ခဏတာ မင်သက်သွား၏။ သူသည် ဝမ်လင်းက ခုလိုမျိုး တုန့်ပြန်လာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးနောက် အရှင်ကုန်းနျန်သည် အနည်းငယ် အပြစ်ရှိသလို ခံစားမိကာ ဟန်လုပ်၍ မချိပြုံး ပြုံးသည်။
“ထားလိုက်ပါတော့။ငါတို့ ဒီကိစ္စကို ဆက်မပြောကြရအောင်။ မဟာစိတ်ဝိညာဉ်ကလန်အနေနဲ့ မင်းအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်သုံးခု ငါ့မှာ ရှိတယ်။ဒီလက်ဆောင်တွေက မင်းအတွက် အတော်လေး အသုံးတည့်နိုင်မှာပါ….”
အရှင်ကုန်းနျန်က ထိုသို့ ပြောလိုက်ပြီးနောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အလင်းတန်းသုံးခု ပေါ်လာသည်။ ယင်းတို့မှာ သေတ္တာသုံးခု ဖြစ်ကာ ဝမ်လင်းထံ ပျံသန်းလာသည်။
ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထိုသေတ္တာသုံးခုကို ကြည့်ပင်မကြည့်ဘဲ သိမ်းဆည်းလိုက်သည်။
“ငါ ဒီသေတ္တာတွေကို ဖွင့်နိုင်ဖို့ နှစ်ပေါင်း(၁၇၈၀၀၀)လောက် စောင့်ရနိုင်လောက်လား…”
ဘိုးဘေးကုန်းနျန်က ချောင်းဟန့်ကာ ခပ်သွက်သွက် ပြောလာ၏။ “ဒီအဘိုးအို မသိပါဘူး။ ဒီလက်ဆောင်သုံးခုဟာ ပထမဆုံးမျိုးဆက်ဘိုးဘေး ပြင်ဆင်ထားခဲ့ပြီး မျိုးဆက်တလျှောက် လက်ဆင့်ကမ်းပေးခဲ့တာ။ အခု ဒါတွေက မင်း လက်ထဲ ရောက်ပြီ။ အထဲမှာ ဘာတွေ ရှိလဲတော့ ငါလည်း မသိဘူး။ ဒီလက်ဆောင်တွေနဲ့ ပတ်သတ်ပြီး တစ်ခုခု မှားယွင်းတာ ရှိခဲ့ရင် ငါ့ကို လာရှာပါ…”
ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကို မြင်သည့်အခါ အရှင်ကုန်းနျန်က ထရပ်လာပြီး သူ့ညာလက်ဖြင့် ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။ အက်ကြောင်းတစ်ခုသည် ဒီတောင်၏အပြင်ဘက်တွင် ပေါ်လာ၏။ ထိုအက်ကြောင်းအတွင်း၌ တခြား ဟင်းလင်းပြင်နေရာတစ်ခုရှိနေပြီး အတွင်း၌ ကိုးထပ်အဆောက်အဦတစ်ခုလည်း ရှိသည်။
ထိုအဆောက်အဦသည် မြူများဖြင့် ပြည့်ဖုံးနေသည်။ ယင်းအက်ကြောင်းထံမှ စိတ်ဝိညာဉ်ဖိအားတစ်ခု စိမ့်ထွက်နေ၏။ ဝမ်လင်းသည် အတွင်းသို့ ဝင်ရောက်ခြင်း မရှိသေးတာတောင် ဖိအားကို ခံစားမိနေရပြီ ဖြစ်သည်။
“ဒီအဘိုးအိုမှာ ဆေးလုံးတွေကို မီးပြင်းဖိုနဲ့ သန့်စင်ရအုံးမယ်။ မင်း ဒီဝိညာဉ်ကျမ်းစာအဆောက်အဦထဲ ဝင်ပြီး မန္တာန်တစ်ခု ရွေးချယ်နိုင်တယ်။ မျိုးဆက်တလျှောက် စည်းမျဉ်းကတော့ မင်း အနေနဲ့ တစ်ကြိမ်ပဲ ရွေးချယ်နိုင်တယ်။ မင်း ထပ်ပြီး ဝင်ရောက်ချင်ရင်တော့ ကလန်ရဲ့ စမ်းသပ်မှုတွေကို ပြီးမြောက်အောင် လုပ်မှ ရမယ်…” အရှင်ကုန်းနျန်က ထိုသို့ ပြောလိုက်ပြီး သူသည် ခပ်မြန်မြန် ထွက်သွားကာ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းက ထရပ်ကာ အရှင်ကုန်းနျန် ထွက်ခွာသွားသည်ကို လစ်လျူရှုထားလိုက်၏။ သူက အက်ကြောင်းထံ ကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် အထဲသို့ ခြေလှမ်းဝင်သည်။
သူ အက်ကြောင်းထဲ ဝင်လိုက်သည့်အခိုက်တွင် သူ့ပတ်လည်တွင် ဖိအားတစ်ခု ခြုံလွှမ်းလာ၏။ သည်ဝေဝါးဝါး ဟင်းလင်းပြင်၌ ကောင်းကင်နှင့်မြေကြီး ဟူ၍ ရှိမနေပေ။ သည်နေရာ၌ တည်ရှိသည့် တစ်ခုတည်းသောအရာမှာ မြူများ ဝန်းရံထားသော ကိုးထပ်အဆောက်အဦတစ်ခုသာပင်။
ထိုအဆောက်အဦ၏ အပြင်ဘက်၌ ကြမ်းကြုတ်သောသားရဲများနှင့် တူသော ဧရာမရုပ်တုကြီးနှစ်ခု ရှိနေသည်။
သည်အဆောက်အဦ တံခါးမှာ ပိတ်ထားပြီး လုံးဝ ဆိတ်ငြိမ်သက်နေသည်။ ခြောက်ထပ်မြောက်ရှိ မြူများကြား၌ အလင်းဓာတ် တဖြတ်ဖြတ် ရှိနေသည်။ တစုံတစ်ယောက်က ထိုအထပ်၌ လှည့်ပတ်သွားနေသည့်အလား။
ထိုတံခါး၏အထက်၌ စာလုံးကြီးသုံးလုံး ရှိနေသည်။
ဝိညာဉ်ကျမ်းစာအဆောက်အဦ။
မဟာစိတ်ဝိညာဉ်ကလန်တွင် အတိတ်ကမျိုးဆက်များ လက်ဆင့်ကမ်းပေးခဲ့သော မန္တာန်များ သိုလှောင်ထားရာ နေရာတစ်ခု ရှိပေသည်။ ဒီနေရာမှာ တည်ငြိမ်သည့်ပုံပေါ်သော်လည်း ဝမ်လင်းက ကွယ်ဝှက်နေသော ထောင်ချောက်များ ရှိသည်ကို ခံစားမိနိုင်ပေသည်။ ဒီနေရာတွင် ကြောက်မက်ဖွယ်ထောင်ချောက်များစွာ ရှိပေသည်။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းကာ ကိုးထပ်အဆောက်အဦထဲ ခြေလှမ်းဝင်လိုက်သည်။ သူ နီးကပ်လာစဉ်၌ ရုတ်တရက် ကြမ်းကြုတ်သောသားရဲထံ လှည့်ကြည့်လိုက်သည်။
ထိုကြမ်းကြုတ်သောသားရဲက ချီလင်နှင့် တူသည် ထင်ရသော်လည်း ကွာခြားပေသည်။
ဝမ်လင်း လှမ်းမျှော်ကြည့်လိုက်စဉ် ကြမ်းကြုတ်သောသားရဲက ရုတ်တရက် ရွှေ့လျားလာ၏။ ပတ်ဝန်းကျင်ဧရိယာသည် တွန့်ခေါက်ပုံပျက်သွားပုံ ထင်ရကာ ဝမ်လင်း၏စိတ်ထဲတွင် အသံတသံ ပဲ့တင်ထပ်လာသည်။
“ကျောက်စိမ်းပြားကို ကမ်းပေးလိုက်..”
ဝမ်လင်း၏မျက်လုံးသည် အရောင်လက်သွား၏။ သူက ထိုရုပ်တုထဲ၌ အလွန်အစွမ်းထက်သော သားရဲတစ်ကောင်၏ စိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားသည်အား မြင်နိုင်ပေသည်။ ထိုစိတ်ဝိညာဉ်က ရုပ်တုနှင် ပေါင်းစပ်နေကာ မန္တာန်များစွာအဖြစ် ပြောင်းလဲနိုင်သည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ အရှင်ကုန်းနျန် သူ့ကို ပေးခဲ့သော ကျောက်စိမ်းပြား ပေါ်လာသည်။ ဝမ်လင်းက တစ်ခုခု ဝေ့ခတ်သွားသလို ခံစားမိလိုက်ရပြီးနောက် အနီရောင်ဖြတ်ခနဲလက်ကာ ကျောက်စိမ်းပြားမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်ကို မြင်လိုက်သည်။ ရုပ်တု ပါးစပ်က တခုခုကို ဝါးနေပုံ ပေါ်ကာ တအောင့်ကြာပြီးနောက် ၎င်းက ကျောက်စိမ်းပြားကို ပြန်ထွေးထုတ်သည်။
“မင်း အနေနဲ့ ဝိညာဉ်ကျမ်းစာအဆောက်အဦထဲ ဝင်ပြီး မန္တာန်တစ်ခု ရွေးချယ်နိုင်တယ်…” ထိုကျောက်စိမ်းပြားက နတ်ဘုရားအာရုံ သတင်းစကားကို ပေးပို့ပြီးနောက် လှုပ်ရှားတာ ရပ်တန့်သွား၏။ ဟင်းလင်းပြင် တွန့်ခေါက်ပုံပျက်မှုလည်း ပျောက်ကွယ်သွားပြီး ပုံမှန်ရုပ်တုနှင့် ပြန်တူသွားတော့သည်။
“ဘယ်လောက်မြန်လိုက်လဲ…” ဝမ်လင်း၏မျက်လုံး သူငယ်အိမ် ကြုံ့သွား၏။ သူက ထိုရုပ်တု လုပ်ဆောင်ခဲ့သည့်အပေါ် ရှင်းလင်းစွာ မမြင်လိုက်နိုင်ပေ။ အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သူက ထိုအနီရောင်အလင်းမှာ ယင်းသားရဲ၏ လျှာဖြစ်လောက်မည်ဟု သဘောပေါက်လိုက်သည်။
ထိုကျောက်ရုပ်တု လှုပ်ရှားခြင်း ရပ်တန့်သွားသည့်နောက် ကိုးထပ်အဆောက်အဦတွင် အဟတစ်ခု ပွင့်ဟလာသည်။ စိတ်ဝိညာဉ်တုန်ခါလှိုင်းတစ်ခု အဆောက်အဦထံမှ ထွက်ပေါ်လာကာ ဖိအားကို ပို၍ ပြင်းထန်စေသည်။
ဝမ်လင်းသည် အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ တံခါးထံသို့ ခြေလှမ်းကာ အဟအတွင်းသို့ ဝင်ရောက်လိုက်သည်။ သူက ဝိညာဉ်ကျမ်းစာအဆောက်အဦ၏ ပထမဆုံးအထပ်သို့ ဝင်ရောက်လာသည့်အခါ၌ ဒီအဆောက်အဦ၏ လျှို့ဝှက်ချက်ကို တွေ့မြင်သည်။
သည်နေရာ၌ ပေတစ်သောင်းပတ်လည် အခန်းတစ်ခု ရှိနေပြီး ဘေးပတ်လည်တွင် ခုနစ်လက်မခန့်သာ ရှိသော လူသေးလေးများစွာ လွင့်မြောနေ၏။ သူတို့၏မျက်လုံးများကမူ မှိတ်ထားကာ မလှုပ်မယှက် ရှိနေကြသည်။ သို့သော် သူတို့အားလုံးထံမှ အစွမ်းထက်ကျင့်ကြံခြင်းကို ပေးစွမ်းသည်။
ဝမ်လင်း၏အကြည့်က ထိုလူသေးလေးများကို ဖြတ်သန်း ကျရောက်သွားသည်။ သူတို့မှာ ယောက်ျား၊မိန်းမ၊ လူငယ်၊ လူအို အရွယ်အစုံ ရှိကြသည်။ သို့ပေမည့် သူတို့အားလုံးမှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်များသာ ဖြစ်သည်။ ထိုစိတ်ဝိညာဉ်တစ်ခုချင်းစီ၌ မန္တာန်အမျိုးအစားတစ်ခုစီ ပါဝင်သည်။
“ဝိညာဉ်ကျမ်းစာအဆောက်အဦ…” ဝမ်လင်းသည် ဒီအထပ်ကို တချက် ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူက ဒုတိယထပ်သို့ တက်ရောက်နိုင်သည့် လှေကားများကိုလည်း တွေ့သည်။ တစ္ဆေအလင်းလင်းလက်နေ၏။ လူတစ်ယောက်သည် မြင့်မားသောကျင့်ကြံမှုအဆင့် မပိုင်ဆိုင်ထားပါက သူတို့က အထက်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါ။
လူတစ်ယောက်သည် ပိုမြင့်သော အထပ်သို့ တက်ရောက်နိုင်လေလေ မန္တာန်များမှာ အံ့အားသင့်ဖွယ် ပိုကောင်းလာလေ ဖြစ်မည်မှာ သိသာသည်။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး စိတ်ဝိညာဉ်ခန္ဓာကိုယ်ရာချီကို ဖြတ်၍ ပျံသန်းကာ လှေကားများထံ ရောက်ရှိလာသည်။ သူ ထိုလှေကားများပေါ်သို့ ခြေချလိုက်သည့်အခါ၌ တွန်းကန်အားတစ်ခု ပေါ်လာကာ သူ့အား အပေါ်သို့ ဆက်မတက်နိုင်အောင် တားဆီးသည်။
ထိုတွန်းကန်အားက အလွန်အားကောင်း၏။ ၎င်းက တတိယအဆင့်ကျင့်ကြံသူ မဟုတ်သော လူတိုင်းကို တားဆီးနိုင်လောက်သည်။ သို့ပေမည့် ဝမ်လင်းအတွက်တော့ ဒီတွန်းကန်အားက ပမွှားမျှသာ။ သူသည် တည်ငြိမ်စွာပင် လှေကားအတိုင်း ဒုတိယမြောက်အထပ်သို့ တက်သွားသည်။
ဝိညာဉ်ကျမ်းစာအဆောက်အဦ၏ ဒုတိယအလွှာ၌ စိတ်ဝိညာဉ်ခန္ဓာကိုယ်ထောင်ချီ ပါဝင်သည်။ သူတို့ထံမှ ပေးစွမ်းနေသော အော်ရာများမှာ ပထမထပ်ကထက် ပို၍ အစွမ်းထက်၏။ သို့သော် တချက်သာ ကြည့်လိုက်ပြီးနောက် ဝမ်လင်းက သူ လိုချင်သောမန္တာန်ကို ရှာမတွေ့ပေ။ သူက အလွှာအဆင့်ဆင့်ပုံရိပ်ယောင်မန္တာန်နှင့် မဟာစိတ်ဝိညာဉ်ကလန်ဘိုးဘေးများ၏ စိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုင်သော မန္တာန်ကို ရှာဖွေနေခြင်း ဖြစ်သည်။
“ဒီမန္တာန်တွေဟာ နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူ အများစုအတွက်ပဲ ဖြစ်နိုင်ပြီး သာမန်ထက်ထူးကဲတဲ့ စွမ်းအားကို ပြသနိုင်တယ်။ ဒါပေမဲ့ ဒီမန္တာန်တွေက ငါ့အတွက်တော့ အသုံးမဝင်ဘူး…”
ဝမ်လင်းသည် စဉ်းစားနေ၏။ ထို့နောက် သူသည် ဒုတိယထပ်ရှိ လှေကားများကို ဆက်တက်လာသည်။
တတိယထပ်၊ လေးထပ်၊ ငါးထပ်မြောက်။ ဝမ်လင်းသည် အထပ်တစ်ခုစီတွင် ခပ်ကြာကြာမနေဘဲ ငါးထပ်မြောက်ထိ ရောက်လာ၏။ သည်အထပ်တွင် စိတ်ဝိညာဉ်ခန္ဓာကိုယ်များ၏ အရေအတွက်မှာ သိသိသာသာ လျှော့နည်းလာပြီး ငါးရာဝန်းကျင်လောက်သာ ရှိတော့သည်။ သူတို့ထံမှ ပေးစွမ်းနေသော အော်ရာများမှာ ဆန်းကြယ်လေဟာနယ်အဆင့် ဖြစ်လေ၏။ ဤသည်မှာ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများအတွက် ဖြစ်တာ သိသာပေသည်။
ဝမ်လင်းသည် ထိုသူများထံမှ အလွန်အစွမ်းထက်မှုကို ခံစားမိနိုင်သည်။
ဝမ်လင်းက သည်နေရာရှိ စိတ်ဝိညာဉ်ခန္ဓာကိုယ်များကို အပြင်ဘက်သို့ ယူဆောင်၍ ရလား၊ မရလား မသိပေ။ သို့သော် သူက ဒီစိတ်ဝိညာဉ်ခန္ဓာကိုယ်များကိုသာ လှိုဏ်ဂူလောကတွင် ချထားလိုက်ပါက ကပ်ဘေးကြီးတစ်ခု ဖြစ်သွားနိုင်သည်ကိုမူ သိသည်။
သို့သော် ထိုစိတ်ဝိညာဉ်ခန္ဓာကိုယ်များ (ဝါ) မန္တာန်များက လောဘတက်ချင်စရာ ကောင်းသော်လည်း ဝမ်လင်း လိုချင်သော မန္တာန်များ မဟုတ်သေးပေ။ သူက ခြောက်ထပ်မြောက်ထံ ဦးတည်သည့် လှေကားကို လှမ်းကြည့်၏။ သူ၏မျက်လုံးသည် အရောင်တလက်လက် ဖြစ်ပေါ်ကာ ထိုနေရာထံ လှမ်းလျှောက်လာသည်။
သူ ခြေချလိုက်သည့်အခါ၌ သူ့စိတ်ထဲတွင် တစ်စုံတစ်ယောက်၏ ထုနှက်ခြင်း ခံရသည့်နှယ် တုန်ဟည်းမှုကို ခံစားမိလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်မိသွား၏။
ဒီခြောက်ထပ်မြောက်၌ ယန်လုသည် ထိုင်နေ၏။ သူမ၏ အထက်တွင် စိတ်ဝိညာဉ်ခန္ဓာတစ်ခု လွင့်မြောနေသည်။ ထိုစိတ်ဝိညာဉ်ခန္ဓာကိုယ်ထံမှ စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများက ထွက်ပေါ်နေပြီး သူမ၏ဦးခေါင်းထဲ ဝင်ရောက်နေလေသည်။
ဝမ်လင်းက ခြောက်ထပ်မြောက်သို့ ဦးတည်သည့် လှေကားများပေါ်သို့ ခြေချလိုက်သည့်အခါ၌ ယန်လုသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူမ၏မျက်လုံးတို့ထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။
“ဒီတစ်ကြိမ် စိတ်ဝိညာဉ်ကျမ်းစာ အဆောက်အဦထဲ ဝင်ရောက်လာတဲ့သူဟာ ဝမ်လင်း ဖြစ်လောက်တယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ ထူးဆန်းတယ်။ သူဟာ စိတ်ဝိညာဉ်လေဟာနယ် နောက်ဆုံးအဆင့်လောက်တော့ မဖြစ်နိုင်လောက်ဘူး။ သူ ဒီကို တက်လာခဲ့ရင်တော့ ငါ သူ့ကျင့်ကြံမှုအဆင့်ကို အကဲခတ် ဆုံးဖြတ်ကြည့်နိုင်မယ်…”