လောင်းကြေးစားကြေး
Vol. 137 Ch. 1886
ဝမ်လင်းသည် ခြောက်ထပ်မြောက်ရှိ လှေကားပေါ်သို့ ခြေချလိုက်သည့်အခိုက်တွင် ဆေးလုံးများ သွားရောက် သန့်စင်ဖို့ ထွက်သွားသော အရှင်ကုန်းနျန်က ရုတ်တရက် မျက်လုံးဖွင့်လာ၏။
“ပထမဆုံးငါးထပ်မြောက်ထိ သူ လိုချင်တဲ့ မန္တာန်တွေ ရှိမနေဘူး။ ခြောက်ထပ်မြောက်မှာတော့ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်စွမ်းအားမျိုး လိုအပ်မယ်။ ဒီဝမ်လင်းဟာ လေဟာနယ်အတိဒုက္ခအဆင့်ကို မရောက်သေးဘူး။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်။ သူ ခြောက်ထပ်မြောက်ကို ဝင်ရောက်နိုင်လောက်တယ်…”
“ဒါပေမဲ့လည်း ခြောက်ထပ်မြောက်ဟာ သူ့ရဲ့အကန့်အသတ်ပဲ။ ခုနစ်ထက်မြောက်နဲ့ ရှစ်ထပ်မြောက်တို့ဟာ တစုံတစ်ယောက် ဝင်ရောက်လာတာနဲ့ မဟာစိတ်ဝိညာဉ်ကလန် လွှမ်းခြုံတဲ့ ပုံရိပ်ယောင်တစ်ခု ပေါ်လာလိမ့်မယ်။ မဟာစိတ်ဝိညာဉ်ကလန်မှာ ဒီအထပ်တွေကို ဝင်ရောက်နိုင်တဲ့သူဟာ ငါးယောက်ထက် မကျော်ဘူး။ ကိုးထပ်မြောက်ကိုတော့ ငါကလွဲလို့ ဘယ်သူမှ မဝင်ရောက်နိုင်ကြဘူး…”
“ပထမဆုံးဘိုးဘေးဟာ ဝမ်လင်း ကိုးထပ်မြောက်ထဲ ဝင်ရောက်ဖို့ နှစ်ပေါင်းသုံးရာ အချိန်ယူရလိမ့်လို့ ရှေ့ဖြစ်ဟောခဲ့တယ်…” အရှင်ကုန်းနျန်သည် ခပ်ရေးရေး ပြုံးလိုက်ပြီးနောက် မျက်လုံး ပြန်မှိတ်လိုက်သည်။
ဝမ်လင်းသည် ငါးထပ်မြောက်ကနေ ခြောက်ထပ်မြောက်ထံ ဦးတည်သော လှေကားများပေါ်၌ မလှုပ်မယှက် ရပ်နေ၏။ အချိန်အတန်ကြာပြီးနောက် သူ၏မျက်လုံးတို့မှာ တောက်ပလာကာ သူက အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက်သည်။
“ဘယ်လောက်အစွမ်းထက်လိုက်တဲ့ ပုံရိပ်ယောင်လဲ…” ဒီအခိုက်အတန့်တွင် သူက မရေမတွက်နိုင်သော ပုံရိပ်ယောင်များစွာကို တွေ့ကြုံခဲ့ရပြီး ဖြစ်၏။ ဒီအမွှေးတိုင် တတိုက်ဝက်စာလောက် အချိန်တိုလေးက သူ့ကို နှစ်ရာချီလောက် ဖြတ်သန်းရသလို ခံစားမိစေသည်။
အခု သူက အသိပြန်ဝင်လာပြီ ဖြစ်သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက ဘယ်ခြေကို ရှေ့သို့ တလှမ်းလှမ်းသည်။ သူ့စိတ်မှာ တုန်ဟည်းသွား၏။ သို့သော် သူ့အမူအရာကမူ ပြောင်းလဲမသွားပါ။ ဘယ်ခြေချ လိုက်ပြီးနောက် ညာခြေကို ပင့်မြှောက်။ သူက တဆက်တည်း ခြေလှမ်းခုနစ်လှမ်း လှမ်းတက်လာတော့သည်။
ထိုခြေလှမ်းတိုင်းက သူ့စိတ်ကို တုန်ဟည်းစေ၏။ ပြင်းထန်သောဖိအားတစ်ခု သူ့ပေါ်သို့ သက်ဆင်းလာကာ ဒီလှေကားထပ်များထံမှ သူ့ကို လွင့်ထွက်သွားစေရန် ကြိုးစားလာသည်။
“အတားအဆီးလေးတခုလောက်က ငါ့ကို မတားဆီးနိုင်ဘူး…” ဝမ်လင်း၏မျက်လုံးထဲ၌ ရှေးဟောင်းနတ်ဆိုးနှင့် မိစ္ဆာကြယ်များ ပေါ်လာကာ လှည့်ပတ်လာ၏။ သူ၏ခန္ဓာကိုယ်၌ တစီစီအသံများ ပဲ့တင်ထပ်သည်။ သူက ထိုဖိအားကို ခုခံဖို့ သူ့အစွမ်းထက်ခန္ဓာကိုယ်ကို အသုံးပြုကာ နောက်ထပ် ခြေငါးလှမ်း ဆက်တက်လှမ်းသည်။
သည်အခိုက်တွင် သူက ခြောက်ထပ်မြောက်သို့ ဝင်ပေါက်နှင့် လှေကားထစ်ရှစ်ထစ်လောက်ပင် မလိုတော့ပေ။
ငါဟာ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ “ဒီအတားအဆီးက လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဖိအားကို တုပထားရုံပဲ။ ငါ ဝမ်လင်းဟာ လှိုဏ်ဂူလောကမှာ မွေးဖွားခဲ့ပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ခြေချခဲ့တာ။ ငါ့ကိုယ်ပွားဟာ ရှေးဘိုးဘေးနဲ့ ကောင်းကင်ဘုံဘိုးဘေးတို့နဲ့ တူညီတဲ့ဇစ်မြစ်နေရာမှာ ကြီးပြင်းနေတာ။ ဒီအတားအဆီးနဲ့ ပတ်သတ်လို့ ဘာမှ စိတ်ပူနေဖို့ မလိုဘူး…”
ဝမ်လင်းသည် လှေကားပေါ် ဆက်တက်နေရင်း သူ၏ထံမှ တုန်လှုပ်ဖွယ်စိတ်စွမ်းအား ပေါက်ကွဲထွက်နေသည်။
သူသည် ခြောက်ထပ်မြောက်သို့ ရပ်တန့်ခြင်း မရှိလေဘဲ ဦးတည်လှမ်းလျှောက်သည်။
ဝမ်လင်းက နောက်ဆုံးလှေကားထစ်ကို ခြေလှမ်းရန် ဟန်ပြင်လိုက်စဉ် သူ၏အမြင်က ဝေဝါးသွား၏။ သူ့အမြင် ပြန်ကြည်လင်လာချိန်၌ သူသည် တောင်အငူစွန်းတစ်ခုအနားသို့ ရောက်နေလေသည်။ သူ ခြေချလိုက်သည်နှင့် အောက်ဘက်ရှိ ချောက်နက်ထဲသို့ ပြုတ်ကျသွားလိမ့်မည်။
သည်ချောက်နက်အတွင်း၌ နာကျင်စူးဝါးစွာ အော်သံမြည်သံများ ပဲ့တင်ထပ်နေ၏။ တစ္ဆေအလား အခိုးအငွေ့များက ဝမ်လင်းထံ ဦးတည်ဝင်လာကြသည်။
ချောက်နက်အောက်ခြေမှ ထိုးထွက်လာနေသော တစ္ဆေများကို ကြည့်ကာ ဝမ်လင်းက စဉ်းစားနေ၏။ သူသည် အလျင်မလိုဘဲ သူ့ပတ်ဝန်းကျင်၏ ထူးခြားနေမှုကို လေ့လာစောင့်ကြည့်နေသည်။
သည်အတားအဆီးက ရိုးရှင်းဟန် ထင်ရ၏။ သည်ချောက်နက်နှင့် တစ္ဆေများကို ဖြတ်သန်းလှမ်းဖို့ လုံလောက်အောင် အစွမ်းထက်သော စိတ်စွမ်းအားတစ်ခုသာ လိုမည့်ပုံဟု ခံစားရစေသည်။
သို့သော် ဝမ်လင်းက တခုခုမှားနေသလို ခံစားမိသည်။ သည်အခိုက်တွင် ချောက်နက်အတွင်းမှ ထိုးထွက်လာသော တစ္ဆေများက လမ်းတဝက်ကျော်လာခဲ့လေပြီ။ ယင်းတို့မှာ ဝမ်လင်းနှင့် ပေတစ်ထောင်၊ ပေတစ်ရာပင် မလိုတော့ပေ။
“ဒီပုံရိပ်ယောင် အတားအဆီးက တကယ်ပဲ ကောင်းမွန်လှပေတယ်…” ဝမ်လင်းသည် အေးစက်စက်ပြုံးကာ ဦးတည်ရာမပြောင်းဘဲ ရှေ့သို့ ဆက်လှမ်းသည်။ သူ့ ခြေချတော့မည့် အခါ၌ ချောက်နက်အတွင်းမှ တစ္ဆေများသည် စိတ်လှုပ်တရှား ဖြစ်လာကြသည်။
သို့သော် ဝမ်လင်း ခြေချလိုက်သည်နှင့် လှိုင်းဂယက်များထကာ သူ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသည့်အခါ၌ အနှီပုံရိပ်ယောင်မှာ ပျက်စီးသွားလေပြီ။
ဝမ်လင်းသည် ခြောက်ထပ်မြောက်ထံသို့ လှေကားများအတိုင်း လှမ်းတက်လာခဲ့၏။ သူက နောက်ဆုံးလှေကားထစ်ကို ခြေလှမ်းမနေတော့ဘဲ ခြောက်ထပ်မြောက်သို့ တိုက်ရိုက် ဝင်ရောက်လာခဲ့ခြင်းပင်။
သူ ခြောက်ထပ်မြောက်သို့ ခြေချလိုက်သည်နှင့် သူ့စိတ်မှာ တုန်ဟည်းသွားကာ အရာအားလုံးသည် တည်ငြိမ်လာတော့သည်။
သည်အခိုက်တွင် အစိမ်းရောင်ကောင်းကင်တောင်ရှိ လှိုဏ်ဂူအတွင်း၌ အရှင်ကုန်းနျန်သည် လုံးဝ မတုန်လှုပ်မိသွားဘဲ သူက မသိမသာ ခေါင်းညိတ်လိုက်သည်။
“ဘိုးဘေးဟောင်း ရှေ့ဖြစ်ကြည့်ခဲ့တဲ့ တစုံတစ်ယောက်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်တဘ်။ ဘာသတိပေးထားတာမှ မရှိဘဲ သူဟာ ပထမဆုံးအကြိမ်မှာပဲ ခြောက်ထပ်မြောက်ကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့တယ်။ ဒါဟာ ရှားလှပေတယ်…”
“နင် တကယ် တက်လှမ်းလာနိုင်တာပဲ…” ခြောက်ထပ်မြောက်ရှိ ယန်လု၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ ဝမ်လင်းထံ လှမ်းကြည့်သည်။
“နင်တောင် တက်လှမ်းလာနိုင်မှတော့ ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ…” ဝမ်လင်းက ရှေ့သို့ တည်ငြိမ်စွာ လှမ်းလာ၏။ သူသည် နောက်ဆုံးလှေကားထစ်ပေါ် ခြေချလိုက်ပါက သူ့အရင်က ကြိုးစားအားထုတ်မှုများသည် အဟောသိကံ ဖြစ်သွားလိမ့်မည်ပင်။ ခြောက်ထပ်မြောက်သို့ တက်လှမ်းသည် နောက်ဆုံးလှေကားထစ်၏ လှည့်ကွက်မှာ ၎င်းအထစ်ကို ကျော်၍ လှမ်းရန် ဖြစ်၏။
ခေတ်ကာလတလျှောက် ခြောက်ထပ်မြောက်သို့ ဝင်ရောက်ရန် ဒီနောက်ဆုံးလှေကားထစ်၌ ကျရှုံးခဲ့သည့်သူ မည်မျှရှိခဲ့မှန်းကိုပင် မသိရနိုင်ပေ။ လူတစ်ယောက်သည် ဝိညာဉ်ကျမ်းစာအဆောက်အဦထဲရှိ စမ်းသပ်မှုကို ကျရှုံးသွားသည်နှင့် ထွက်ခွာရမည် ဖြစ်ပြီး နောက်တကြိမ် အခွင့်အရေးရဖို့ စောင့်ရတော့မည် ဖြစ်သည်။
“ဟက်…ခြောက်ထပ်မြောက်ကို ဝင်ရောက်နိုင်တဲ့ လှေကားထစ်တွေရဲ့ ဆန်းကြယ်မှုကို တစ်ယောက်ယောက်က နင့်ကို ပြောပြခဲ့တာပဲ နေမှာ…”
ယန်လုက တည်တည်ငြိမ်ငြိမ် ပြောလာ၏။ သူမက သူမ ခန့်မှန်းမိခဲ့သော အဖြေအပေါ် စဉ်းစားနေသည်။
ဝမ်လင်းက ယန်လုကို ကြည့်၏။ သူ၏အမူအရာမှာ တည်ငြိမ်နေပေသည်။ သူက စကားပြန်မဆိုပေ။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ဒီခြောက်ထပ်မြောက်ကို စူးစမ်းကြည့်သည်။ ဒီနေရာတွင် ငါးထပ်မြောက်နှင့် ယှဉ်ပါက စိတ်ဝိညာဉ်ခန္ဓာများသည် များစွာ လျှော့နည်းကာ အရေအတွက် ခြောက်ဆယ်လောက်သာ ရှိမည်။
သို့ပေမည့် ထိုစိတ်ဝိညာဉ်တစ်ခုစီက အလွန်အစွမ်းထက်သော အော်ရာကို ပေးစွမ်းနေသည်။ ယင်းတို့ထံ၌ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများသာ ပိုင်ဆုင်နိုင်သော အစွမ်းထက်လှသည့် မန္တာန်တစ်ခုစီ ပါဝင်သည်မှာ သိသာသည်။
ယန်လုကလည်း မျက်လုံး ပြန်မှိတ်ကာ ဝမ်လင်းအပေါ် အာရုံ ထပ်မစိုက်တော့ပေ။ တကယ်တော့ ဒီစိတ်ဝိညာဉ်ကျမ်းစာအတွင်း၌ တိုက်ခိုက်ခြင်းကို ခွင့်မပြုထားပေ။ သူမက နှစ်ပေါင်းများစွာ ကလန်၏အကြီးအကဲ တစ်ယောက် ဖြစ်ခဲ့သော်လည်း သည်နေရာရှိ စည်းမျဉ်းများကိုမူ မဖောက်ဖျက်ဝံ့ပေ။
ဝိညာဉ်ကျမ်းစာအဆောက်အဦသည် မန္တာန်တစ်ခု ရွေးချယ်ရန် နေရာ ဖြစ်ကာ မဟာစိတ်ဝိညာဉ်ကလန်၏ တော်ဝင်နေရာတစ်ခုလည်း ဟုတ်သည်။ သည်နေရာ၌ ခန့်မှန်း၍မရနိုင်လောက်အောင် လျှို့ဝှက်ချက်များစွာ ရှိပြီး ယန်လုက ဤသည်ကို ကောင်းကောင်းနားလည်ထားသည်။
ဝမ်လင်း၏ နတ်ဘုရားအာရုံက စိတ်ဝိညာဉ်ခန္ဓာကိုယ်ခြောက်ဆယ်ကို ဖြတ်သန်း စစ်ဆေးကြည့်၏။ သည်နေရာ၌ သူသည် အလွှာအထပ်ပုံရိပ်ယောင်မန္တာန်နှင့် ယန်လု အသုံးပြုခဲ့သော ဝိညာဉ်စိတ်ကူးမူလမန္တာန်ကိုလည်း တွေ့ရှိလိုက်သည်။
အထူးသဖြင့် ယန်လု၏အထက်ရှိ စိတ်ဝိညာဉ်ခန္ဓာသည် သူ ရှာနေသော ဝိညာဉ်စိတ်ကူးမူလမန္တာန်ပင်။ သည်ခြောက်ထပ်တစ်ခုလုံးက ငြိမ်သက်တိတ်ဆိတ်နေသည်။ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ရှေ့ဆက်လှမ်းလာသည်။
သူက ခြောက်ထပ်မြောက်ပေါ် ခြေချလိုက်သည့်အခါ၌ သည်အထပ်မှာ သစ်သားဖြင့် ပြုလုပ်ထားသည့်အတွက် သူ့ခြေလှမ်းသံများ ထွက်ပေါ်လာသည်။ ထိုအသံများကြောင့် ယန်လုက မျက်လုံးဖွင့်လာကာ မကျေမချမ်းအကြည့်ကို ထုတ်ဖော်သည်။
ဝမ်လင်းက ယန်လုကို လုံးဝ လစ်လျူရှုထားပြီး အလွှာအထပ်ပုံရိပ်ယောင်မန္တာန်၊ စိတ်ဝိညာဉ်ခန္ဓာကိုယ် ဘေးသို့ ရောက်လာသည်။ သူက ၎င်းကို သေသေချာချာ ကြည့်၏။ သို့သော် တဖြည်းဖြည်း သူ မျက်မှောင်ကြုတ်လာသည်။
ယန်လုက ဝမ်လင်း၏အမူအရာကို သတိပြုမိကာ နှာခေါင်းရှုံ့လိုက်သည်။ သူမက ဝမ်လင်း ဘာကြောင့် မျက်မှောင်ကြုတ်သွားသည်ကို သိပေသည်။ သူမ ဒီနေရာသို့ ပထမဆုံး ဝင်ရောက်လာခဲ့ချိန်က မဟာစိတ်ဝိညာဉ်ကလန်၏ ကျော်ကြားလှသော တာအိုမန္တာန်များကို တွေ့မြင်သည့်အခါ သူမသည်လည်း မျက်မှောင်ကြုတ်ခဲ့မိဖူးသည်။
“အလွှာအထပ်ပုံရိပ်ယောင်မန္တာန်ရဲ့ ပထမပိုင်းနည်းလမ်းပဲ ဒီမှာ ရှိတယ်။ မင်း ခွန်အားရှိခဲ့ရင် နောက်တပိုင်းအတွက် ခုနစ်ထပ်မြောက်ကို သွားနိုင်တယ်။ မင်းမှာ ရှစ်ထပ်မြောက်၊ ကိုးထပ်မြောက်ထိ သွားနိုင်တဲ့ စွမ်းရည် ရှိခဲ့ရင်တော့ အလွှာအထပ်ပုံရိပ်ယောင်မန္တာန်အတွက် ပြီးပြည့်စုံတဲ့ ရှေးဟောင်းစိတ်ဝိညာဉ်ခန္ဓာကိုယ်ဟာ ကိုးထပ်မြောက်မှာ ရှိနေတယ်…”
ဝမ်လင်းက ယန်လုထံ လှမ်းကြည့်၏။ သူ့အကြည့်က သူမအထက်ရှိ စိတ်ဝိညာဉ်ခန္ဓာကိုယ်ပေါ်သို့ ဝေ့ခတ်ကျရောက်သွားသည်။
“ဒီဝိညာဉ်စိတ်ကူးမူလမန္တာန်ဟာလည်း မပြီးပြည့်စုံဘူး။ ဒါဆို ဒီမန္တာန်လည်း ခုနစ်ထပ်နဲ့ နောက်အထပ်မြောက်တွေမှာ ဆက်ရှိနေတာပေါ့…”
“တကယ်တော့ မဟာစိတ်ဝိညာဉ်ကလန်ဟာ ခွန်အားနဲ့ ပတ်သတ်လို့ အလေးစိုက်ထားတာပဲ။ နင့်မှာသာ လုံလောက်တဲ့ခွန်အား ရှိခဲ့ရင် ပြီးပြည့်စုံတဲ့မန္တာန်ကို ရနိုင်မယ်။ ခုနစ်ထပ်မြောက် ဝင်ပေါက်ဟာ ဒီမှာ ရှိတယ်။ နင် မကြိုးစားကြည့်ဝံ့ဘူးလား…” ယန်လုက နှာခေါင်းရှုံ့လိုက်ကာ မလှမ်းမကမ်းထံ လက်ညွှိုးထိုးပြသည်။
ထိုနေရာတွင် ခုနစ်ထပ်မြောက်သို့ ဦးတည်သည့် ရှေးဟောင်းလှေကားထစ်များ ရှိနေသည်။ ဒီဝိညာဉ်ကျမ်းစာအဆောက်အဦမှာ ထူးခြားလှ၏။ ဖုန်မှုန့်များကို သိမ်းဆည်းဖယ်ရှားပေးသော အစီအရင်လည်း ရှိမနေသည့်အတွက် ထိုလှေကားထစ်များမှာ ဖုန်များ တက်နေသည်။ ဤသည်က မည်သူကမျှ ဒီလှေကားကို မတက်ရောက်သည်မှာ ကြာပြီကို ပြသသည်။
လူတစ်ယောက်သည် အနီးကပ် ကြည့်ပါက ထိုလှေကားများပေါ်၌ ခြေရာများကိုတော့ တွေ့နိုင်၏။ သို့သော် ထိုခြေရာများသည် ပါးလှပ်ကာ ဖုန်အလွှာသစ်တစ်ခုက ဖုံးနေလေ၏။
“နင် အပေါ် ထပ်တက်နိုင်လား…” ယန်လုက ဝမ်လင်းကို ပြုံး၍ အထင်သေးဟန်ဖြင့် ကြည့်၏။
ဝမ်လင်းက စကားမဆိုပေ။ သူက ခုနစ်ထပ်မြောက်ထံ ဦးတည်သည့် လှေကားထံ ကြည့်ကာ မျက်မှောင်ကြုတ်မိ၏။ လူတစ်ယောက်သည် ခုနစ်ထပ်မြောက်သို့ ရောက်ဖို့ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်စွမ်းအား ပိုင်ဆိုင်ဖို့ လိုပေမည်။ ဤသည်က ဝမ်လင်းအတွက် အတော်လေး ခက်ခဲပေ၏။ ကျန်သည့် ရှစ်ထပ်မြောက်၊ သို့မဟုတ် ကိုးထပ်မြောက်တို့ကိုမူ ထည့်ပြောနေဖို့ပင် မလိုတော့ပေ။
“နင့်မှာ အပေါ်တက်ဖို့ စွမ်းရည်မရှိရင်လည်း ထိတ်ပြာမနေနဲ့။ ဒီမှာ ရှိတဲ့ မန္တာန်တွေနဲ့တင် နင့်တဘဝလုံးစာ လုံလောက်နေပြီ…”
ယန်လုသည် ဝမ်လင်း အပေါ်သို့ ထပ်မတက်နိုင်ဟု ကောက်ချက်ချထား၏။ သူမ၏ စကားလုံးတို့က မပြင်းထန်သော်လည်း နောက်ကွယ်ရှိ အဓိပ္ပာယ်ကမူ လှောင်ပြောင်မှုတို့ ပြည့်နေသည်။
ယန်လု၏ စကားတို့ကို ကြားသည့်အခါ ဝမ်လင်းက ရုတ်တရက် ပြုံးလာသည်။ သူက လှည့်၍ ယန်လုကို ကြည့်သည်။ ထိုအမျိုးသမီး၏ မျက်နှာထက်၌ မကျေမနပ်မှုတို့ ရှိနေသော်လည်း သူမ၏ အလှတရားမှာ မလျှော့ပါးသွားသည့်အပြင် ပို၍ပင် စွဲဆောင်မှုအားကောင်းနေသေးသည်။
သို့သော် ဝမ်လင်းအတွက်ကမူ ဒီရုပ်ပိုင်းအသွင်အလှတရားက အရိုးဖြူများနှင့် မကွာခြားလှပေ။
ဝမ်လင်းက ယန်လုထံ လှမ်းကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါတို့ လောင်းကြေးစားကြေး ဘာကြောင့် မလုပ်ရတာလဲ။ ငါ ခုနစ်ထပ်မြောက်ကို တက်နိုင်ခဲ့ရင် နင် ဘယ်လိုမျိုး လောင်းကြေးထပ်ချင်လဲ…”
ဝမ်လင်း၏စကားသံက ခြောက်ထပ်မြောက်တွင် ပဲ့တင်ထပ်ကာ ယန်လု၏နားထဲ ဝင်ရောက်လာ၏။ သူမက ခုနစ်ထပ်မြောက်ထံ ဦးတည်သော လှေကားများကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး စတင် စဉ်းစားလေ၏။
“ဒီဝမ်လင်းရဲ့ စကားတွေက ဘယ်လောက်မှန်နိုင်မှာ မလို့လဲ။ ဟက်…ခုနစ်ထပ်မြောက်ကို တက်နိုင်တဲ့သူဟာ လက်ချိုးရေလို့ ရတယ်။ သူ့ကျင့်ကြံမှုအဆင့်ဟာ ဆန်းပြားနေရင်တောင်မှ ငါ သူနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးတယ်။ ငါတောင် ခုနစ်ထပ်မြောက်ကို မတက်နိုင်တာ သူက ဘာမလို့ တက်နိုင်မှာလဲ…”
“သူက သူ့ကိုယ်သူ အရှက်ဆယ်ဖို့ နည်းလမ်း ရှာပြီး ပြောနေတာပဲ။ ငါသာ သဘောမတူလိုက်ရင် သူက ဒီခေါင်းစဉ်ကို ရှောင်လွဲနိုင်သွားပြီး ငါ သူ့ကို ဒီကိစ္စအပေါ် ထပ်လှောင်လို့ ရတော့မှာ မဟုတ်ဘူး…”
“နင် ခုနစ်ထပ်မြောက်ကို ဝင်ရောက်နိုင်ရင် ငါ ဒါကို လောင်းကြေးထပ်မယ်…”
ယန်လုက ထိုသို့ တွေးပြီးနောက် သူမ၏မျက်လုံးသည် အရောင်တောက်လာ၏။ သူမက ညာလက်ကို ဝေ့ယမ်းလိုက်ရာ အပြာရောင်ထီးတလက် သူမ၏ရှေ့တွင် ပေါ်လာလေသည်။
ယန်လုက ဝမ်လင်းကို စိုက်ကြည့်ကာ သူမ၏စကားသံက အေးစက်လာချေ၏။ “နင်ကရော။ နင် ခုနစ်ထပ်မြောက်ကို မဝင်ရောက်နိုင်ခဲ့ရင် ဘာနဲ့ လောင်းကြေးထပ်မှာလဲ…”