အံ့မခန်းအဖြစ်အပျက်များ
Vol. 7 Ch. 641
ကျောက်ရှောင်ယွီသည် ထိုသူ၏ အတွင်းစိတ်ကို ထိုးဖောက်သိမြင်နေသည့် အလား သူမရှေ့မှလူကို စိုက်ကြည့်နေလေသည်။
ဤနေရာသည် တန်ခိုးစွမ်းအား ကင်းမဲ့ရာနယ်မြေ ဖြစ်သည့်တိုင် ဝိညာဉ်စွမ်းအား ကတော့ တည်ရှိနေသေးသည်။ ကျောက်ရှောင်ယွီသည် လော်ဝါဒ၏ သူတော်စင် မိန်းမပျိုဖြစ်လေသည်။ သူမသည် ခမ်းနားကြီးကျယ်သူ တစ်ယောက် ဖြစ်လေသည်။
ထို့ကြောင့် သူမထံမှ မြင့်မားသည့် အရှိန်အဝါများကို ခံစားရပြီး ထိုသူက သူမသည် နာမည်ကြီးစူပါစတား တစ်ယောက် ဖြစ်လာနိုင်သည်ဟု ယုံကြည် လိုက်လေသည်။
ထိုသူက မိန်းမပျိုမှာ သူ့ကိုမယုံသဖြင့် စိုက်ကြည့်နေသည်ဟု ထင်မှတ်ပြီး တုန်တုန်ယင်ယင် ဖြင့်ပင် သူ၏ဝန်ထမ်း ကဒ်ကို ထုတ်ပြလိုက်လေသည်။
ထိုသူ၏အမည်မှာ ကျောက်ဖုန်းဖြစ်ပြီး ကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ဝန်းထမ်းကဒ်ထဲတွင် ရေးသားထားလေသည်။
ကျောက်ရှောင်ယွီက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…
“စကားပြောဖို့ တစ်နေရာ သွားကြရအောင်…”
“စတားဘတ်စ်ကို သွားကြတာပေါ့”
ကျောက်ဖုန်းက အရှေ့လမ်းထောင့် တစ်နေရာမှ နေရာတစ်ခုကို ညွှန်ပြရင်း ပြောလိုက်လေသည်။
စတားဘတ်စ်သို့ ရောက်သည့်အခါတွင်တော့ ထိုသူက ကော်ဖီ(၂)ခွက် မှာလိုက်ပြီး သူတို့ (၂)ယောက် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြလေသည်။ ကျောက်ဖုန်းသည် အနည်းငယ် ကြောက်နေပြီး ကျောက်ရှောင်ယွီကို မျက်လုံးချင်းဆုံပြီး မကြည့်ရဲရှာပေ။
သူမသည် အခြားသော နာမည်ကျော်များထက် ပိုပြီး အရှိန်အဝါ ရှိနေသည့်အလား ထင်မှတ်ရလေသည်။ သာမန်လူများတွင် ထိုကဲ့သို့သော အရှိန်အဝါမျိုးရှိရန် ခဲယဉ်းလေသည်။ သို့သော်… မိန်းကလေးသည် သူနှင့်လိုက်လာသည့် အတွက် သူကမ်းလှမ်းသည့် လုပ်ငန်းကိစ္စ သဘောတူနိုင်ရန် အခွင့်အရေး ရှိသည်ဟုတော့ တွေးနေမိလေသည်။
ကျောက်ဖုန်းက ကျောက်ရှောင်ယွီ ဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်လိုက်ရင်း…
“မင်းဝတ်ထားတဲ့ ရှေးခေတ် အဝတ်အစားတွေက နတ်သမီးတစ်ပါး ကမ္ဘာပေါ် ဆင်းလာသလိုပါပဲ၊ ရုပ်ရှင်တွေထဲက ထက်တောင် လှနေသေးတယ်”
ကျောက်ဖုန်း စကားပြောနေစဉ်မှာပင် ကော်ဖီဆိုင်ထဲမှ လူအချို့သည် ကျောက်ရှောင်ယွီကို ဓာတ်ပုံခိုးရိုက် နေကြလေသည်။ ကျောက်ဖုန်း သတိထားလိုက်မိပြီး ကျောက်ရှောင်ယွီမှာလည်း သတိထားမိမည်ပင် ဖြစ်လေသည်။
သို့သော်… သူမက တားဆီးခြင်း မရှိသည့်အတွက် ကျောက်ဖုန်း အနေဖြင့်လည်း ဝင်ရောက် တားဆီးပေးရန် မလိုအပ်ပါချေ။
ထို့ပြင် နာမည်ကြီး တစ်ယောက် ဖြစ်လာရန်မှာလည်း ဆိုရှယ်မီဒီယာများနှင့် ထိတွေ့မှုရှိရန် လိုအပ်သည် မဟုတ်ပါလား။ ဓာတ်ပုံရိုက်ကြသူများ ကြောင့်ပင် သူမ၏ပုံများသည် မကြာမီ အင်တာနက်တွင် ပျံ့နှံ့သွားတော့မည် ဖြစ်ပြီး သူမသည် အချိန်မရွေး နာမည်ကြီး တစ်ယောက် ဖြစ်သွားနိုင်လေသည်။
“ငါက တကယ်လည်း လောကကို ဆင်းကြွလာတဲ့ မိုးကောင်းကင် နတ်ဘုရား တစ်ပါးပဲလေ…”
ကျောက်ရှောင်ယွီက တွေးလိုက်လေသည်။
ကျောက်ရှောင်ယွီသည် ကျောက်ဖုန်းနှင့် စကားပြောနေရင်း….
သူမတွင် ကျန်ရှိနေသေးသည့် စိတ်စွမ်းအားကို အသုံးပြုပြီး ကျောက်ဖုန်း၏ စိတ်ကို ဖတ်ရန် ကြိုးစားနေလေသည်။ အရင်ကတော့ ထိုသို့ပြုလုပ်ရန်မှာ လွယ်ကူလေသည်။ သို့သော် ယခုတော့ အခြေအနေများက မတူတော့ပေ။
သူမရောက်ရှိနေသည့် လောကကို ပုံဖော်ကြည့်ပြီး တိုင်းပြည်များ အကြောင်းကို နားလည်ရန်အတွက် မနည်းကြိုးစား နေရလေသည်။
သူမရောက်ရှိနေသည့် လူ့အဖွဲ့အစည်းတွင် ဘာသာတရား ရှိသော်လည်း ယခင်နေထိုင်ခဲ့သည့် လောကမှာလောက် ယုံကြည်သူများ မရှိကြပေ။ သူမ၏ တန်ခိုးစွမ်းအားများ ရရှိရန်အတွက် သူမကို ကိုးကွယ် ယုံကြည်သူများ ရရှိရန် လိုအပ်လေသည်။
ထို့ပြင် သူမရောက်ရှိနေသည့် နေရာသည် တန်ခိုးစွမ်းအား ကင်းမဲ့ရာနယ်မြေ ဖြစ်လေရာ ကန့်သတ်မထားသော တစ်ခုတည်းသော အရာမှာ ယုံကြည်မှု စွမ်းအားသာ ရှိလေသည်။
နာမည်ကြီး တစ်ယောက် ဖြစ်လာရန်မှာတော့ ရွေးချယ်မှုတစ်ခုပင် ဖြစ်လေသည်။
နာမည်ကြီး မင်းသား မင်းသမီးများ အပေါ်တွင် ပရိသတ်များ ထားရှိသည့် လေးစား ချစ်ခင်မှုများသည် နတ်ဘုရားများ အပေါ်တွင် ကိုးကွယ်ကြသည့် ယုံကြည်ခြင်းများနှင့် ခပ်ဆင်ဆင် တူလေသည်။ ထိုလမ်းသို့သာ လျှောက်မည်ဆိုလျှင် သူမအနေနှင့် အလွန် အဆင်ပြေနိုင်လေသည်။
ထပ်ပြောရမည်ဆိုလျှင် ယခုလောကတွင် နာမည်ကြီး သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော်၊ အားကစားသမားများ စွာရှိပြီး လူသားသန်းပေါင်း (၆၀၀၀)နေထိုင်လေသည်။
ထိုမျှ များပြားလွန်းသည့် လူဦးရေကြောင့် ကျောက်ရှောင်ယွီမှာ အံ့အားသင့်သွားရသည်။
ထို့ပြင် ဤလောကမှ လူများ၏ အသိဉာဏ် တိုးတက်မှုမှာလည်း အလွန်မြင့်မား ကြလေသည်။ အချို့ဆိုလျှင် ကျင့်ကြံသူများထက်ပင် ဉာဏ်ကောင်းကြသည်ကို တွေ့ရှိရလေသည်။ သို့သော်… သူတို့တွင် ကိုးကွယ်ယုံကြည် ခြင်းစွမ်းအားကတော့ သိပ်မရှိပေ။ သို့သော် ထိုအချက်ကြောင့်တော့ဖြင့် လျှော့တွက်၍ မရနိုင်ပါချေ။
ပရိသတ် သန်းပေါင်း (၆၀၀၀)သာ ရရှိမည်ဆိုလျှင် ရှန်လမ်းစဉ်ဖြင့် နတ်ဘုရားတစ်ပါး ကျိန်းသေဖြစ်လာနိုင်မည် ဖြစ်လေသည်။ တစ်ခါတည်းဖြင့်ပင် ထိုက်ယီထျန်းရှန်း အဆင့်သို့ပင် ရောက်ရှိ သွားနိုင်ပါပေ၏။
သို့သော်… ဤလောကမှ နာမည်ကြီးများသည် မည်သူမှ ရှန်ဝါဒလမ်းစဉ်ကို ကျင့်ကြံထားခြင်း မရှိသည်ကို သတိထားလိုက်မိသည့် အတွက် ကျောက်ရှောင်ယွီမှာ စိတ်သက်သာရာ ရသွားရလေသည်။ မဟုတ်ပါက ဤ လောကတွင် ဆရာသခင်များ တော်တော်များများ ရှိနေမည် ဖြစ်လေသည်။
ကျောက်ရှောင်ယွီသည် ကျောက်ဖုန်းနှင့် နေ့လယ်ခင်းအထိ တိုင်အောင် စကားပြောနေ ခဲ့လေသည်။
သူမသည် ကျောက်ဖုန်းထံမှ သူမသိချင်သည့် အချက်အလက်များစွာကို သိခွင့်ရခဲ့လေသည်။ ကျောက်ဖုန်းမှာလည်း သူမကို အလွန်မှ လေးစားနေဟန် ရှိလေသည်။
ကျောက်ဖုန်းသည် ထိုသို့ခံစားနေရသည့် အတွက် သူ့ကိုယ်သူလည်း နားမလည်နိုင် ဖြစ်နေရလေသည်။ သို့သော် သူသည် ကျောက်ရှောင်ယွီ တောင်းဆိုသည့် အရာမှန်သမျှကို တစ်ခုမကျန် မဆန့်ကျင်ပဲ လိုက်လျော နေမိလေသည်။
နောက်ဆုံးတော့ ကျောက်ရှောင်ယွီက သူမသည် ပါသမျှငွေကြေးပစ္စည်းများ အကုန်လုံး လုယက်ခံလိုက်ရပြီး သွားစရာနေရာလည်း မရှိကြောင်း ကျောက်ဖုန်းကို ပြောပြ လိုက်လေတော့သည်။
ပြောစရာပင်မလိုပါ။ ကျောက်ဖုန်းသည် ကျောက်ရှောင်ယွီအတွက် နေစရာနေရာတစ်ခု ချက်ချင်း ရှာပေးလေသည်။
ကျောက်ဖုန်းတို့ မိသားစုက ပေကျင်းတွင် နေထိုင်သူများ ဖြစ်ကြလေသည်။ ဖျော်ဖြေရေး လုပ်ငန်းများကို စိတ်ဝင်စားသည့် အတွက် ကျောက်ဖုန်းက လက်ရှိအလုပ်ကို လုပ်ကိုင်နေခဲ့ခြင်း ဖြစ်လေသည်။ သို့သော် … သူသည် အရည်အချင်းရှိသူ တစ်ယောက် မဟုတ်သလို လူမှုဆက်ဆံရေးလည်း သိပ်ပြီး ကောင်းသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူက ပတ်ဝန်းကျင် အနီးအနားတွင် လူသစ်ရှာဖွေသည့် အလုပ်ကိုသာ လုပ်ခဲ့ရလေသည်။
ကျောက်ဖုန်း၏ အစ်ကိုဝမ်းကွဲ တစ်ယောက်သည် လွန်ခဲ့သည့် (၃)နှစ်ခန့်က ယဉ်တိုက်မှုတစ်ခုဖြင့် သေဆုံး သွားခဲ့ရလေသည်။ အစ်ကိုဝမ်းကွဲမှာ ဆရာဝန်တစ်ယောက် ဖြစ်လေသည်။ ထိုအချိန်ကတည်းက အစ်ကိုဝမ်းကွဲ၏ နေအိမ်ကို သော့ခတ် ထားခဲ့လေသည်။
သူ၏ဦးလေးကတော့ ပေကျင်းတက္ကသိုလ်တွင် ပါမေက္ခတစ်ယောက် ဖြစ်ပြီး ကျောင်းကပေးသည့် အိမ်တွင်ပင် နေထိုင်လေသည်။ ထို့ပြင် ဦးလေးဖြစ်သူက အသက်လည်းကြီးပြီ ဖြစ်သလို အခြားသူများကိုလည်း သိပ်ပြီး မယုံကြည်တတ်ပေ။
ထို့ကြောင့် သေဆုံးသွားခဲ့သည့် သားဖြစ်သူ၏အိမ်ကို အပတ်စဉ် သန့်ရှင်းရေးလုပ်ပေးသည့် အလုပ်ကို ကျောက်ဖုန်းက တာဝန်ယူထားရလေသည်။
ထိုအကြောင်းအရာများကို ပြန်စဉ်းစားမိလေတိုင်း ကျောက်ဖုန်းသည် ဝမ်းနည်းခံစားရစမြဲ ဖြစ်လေသည်။
သူ၏ အစ်ကိုဝမ်းကွဲဖြစ်သူ ယဉ်တိုက်မှုဖြင့် သေဆုံး သွားခဲ့ပြီးသည့်နောက် အဒေါ်ဖြစ်သူမှာလည်း သား၏စိတ်ဖြင့် မကြာမီမှာပင် ဆုံးပါးသွားခဲ့လေသည်။ ဦးလေးဖြစ်သူမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး အိမ်တွင်ဆက်နေလျှင် ဇနီးနှင့်သားဖြစ်သူကို လွမ်းဆွတ် သတိရနေမိသည့် အတွက် တက္ကသိုလ် ပရဝုဏ်အတွင်းသို့ ပြောင်းရွှေ့ နေထိုင်ခဲ့လေသည်။
ကျောက်ဖုန်း ပြောပြသမျှကို ကျေက်ရှောင်ယွီကလည်း ဂရုတစိုက်ဖြင့် နားထောင်နေခဲ့ပါသည်။
ကျောက်ဖုန်း၏ အစ်ကိုဝမ်းကွဲဖြစ်သူ နေအိမ်သို့ ရောက်ရှိသည့် အခါတွင်တော့ ကျောက်ရှောင်ယွီသည် ထူးဆန်းမှု တစ်ခုကို ခံစားလိုက်ရလေသည်။
“ရှင့်အစ်ကိုဝမ်းကွဲရဲ့ နာမည်က ဘယ်သူများလဲ”
သူမက မေးလိုက်လေသည်။
ကျောက်ဖုန်းက ရုတ်တရက် မှင်တက်သွားပြီးမှ ပြန်ဖြေလိုက်လေသည်။
“လီဖုန်း….”
ကျောက်ရှောင်ယွီက အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။
ခဏအကြာတွင်တော့ ကျောက်ဖုန်းသည် ကျောက်ရှောင်ယွီကို ထားခဲ့ပြီး အိမ်မှ ထွက်ခွာ သွားလေတော့သည်။
ကျောက်ရှောင်ယွီသည် အိမ်ကိုလေ့လာနေပြီး ရင်းနှီးနေသလို ခံစားနေရလေသည်။
သို့သော် အရေးကြီးသည့် အပိုင်းမှာ ဤလောကတွင် အံဝင်ခွင်ကျဖြစ်အောင် နေထိုင်နိုင်ရန် ဖြစ်လေသည်။ သူမအတွက်တော့ ထိုသို့နေထိုင်ရန်မှာ ခက်ခဲသည့်အလုပ်မဟုတ်ပါချေ။ တစ်ညအတွင်းမှာပင် သူမသည် ထိပ်တန်း ဟက်ကာတစ်ယောက် ဖြစ်လာပြီး သင့်တော်သည့် မှတ်ပုံတင်တစ်ခုကို ရယူနိုင်ခဲ့လေသည်။ နောက်ထပ် ပြုလုပ်ရန်မှာ သူမ၏ တည်ရှိမှုကို သက်သေပြရန် ဖြစ်လေသည်။
လော်ဝါဒ၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် မျက်နှာ အသွင်အပြင်ကို ပြုပြင် ပြောင်းလဲရန်မှာလည်း ထမင်းစား ရေသောက်ကိစ္စကဲ့သို့ပင် လွယ်ကူ လွန်းလှလေသည်။
လူသားသန်းပေါင်း (၆၀၀၀)၏ အားပေးမှုကို ရရှိသည့် နာမည်ကြီး တစ်ယောက် ဖြစ်လာရန်မှာ သူမသာ ကြိုးစားလျှင် ကျိန်းသေ ဖြစ်လာမည်ဟု ယုံကြည်နေခဲ့လေသည်။
အစစအရာရာ ပြင်ဆင်ပြီးသည့် နောက်တွင်တော့ သူမသည် သူမရောက်ရှိနေသည့် တိုင်းပြည်၏ ယဉ်ကျေးမှုများကို စိတ်ဝင်စား လာမိပြန်သည်။ ကံကောင်းသည့် အချက်မှာ တစ်ကမ္ဘာလုံးမှ အကြောင်းအရာများကို အင်တာနက်မှ လေ့လာ သင်ယူနိုင်ခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် သူမသည် သတင်း အချက်အလက်များစွာကို ရရှိပြီး ပြဿနာများစွာကိုလည်း အတည်ပြု နိုင်ခဲ့လေသည်။
ထို့နောက်တွင်တော့ ကျောက်ရှောင်ယွီသည် သူမနေထိုင်သည့် အိမ်ပိုင်ရှင်၏ဖခင် သင်ကြားမှုများ ပြုလုပ်ပေးနေသည့် ပေကျင်းတက္ကသိုလ်မှ အတန်းတစ်တန်းကို တက်ရောက်ရန် ဆုံးဖြတ် လိုက်လေသည်။
****
ချင်းရွှမ်နတ်တံခါးတွင် ဆန်းကျန်းရန် နတ်ဘုရားစီစဉ်သည့် လုန်ဟွာပွဲတော် ကျင်းပတော့မည် ဖြစ်လေသည်။
ယနေ့တွင်တော့…
ဆန်းကျန်းရန် နတ်ဘုရားက ပလ္လင်ထက်တွင်ထိုင်ပြီး အသက်ရှည်ခြင်း လမ်းစဉ်အကြောင်းကို ဟောပြော သင်ကြားပေးမည် ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးနှင့် ပတ်သက် ဆက်နွှယ်သူများ သို့မဟုတ် ချူးစန်းအဆင့်သို့ မရောက်သေး သည့်ကျင့်ကြံသူများလည်း တက်ရောက် နိုင်ကြလေသည်။
ရောက်ရှိလာကြသည့် ဧည့်သည်တော်များမှာ အလွန်များပြားလှပြီး ထိုက်ယီတောင်ထိပ်တွင် ဧည့်သည်များကို ကြိုဆိုသည့်အနေဖြင့် ရွှေရောင် တံတားတစ်စင်း ထွက်ပေါ်လာလေသည်။
ကောင်းကင်ထက်တွင်လည်း နဂါး(၂)ကောင် လှည့်ပတ်နေပြီး ထိုမြင်ကွင်းမှာ ကြီးကျယ် ခမ်းနားလှလေသည်။
လူအများသည် ဆန်းကျန်းရန် နတ်ဘုရားသည် ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းသို့ သွားပြီး ရှန်စန်းကျန်းရန် လုကျိုယွမ်နှင့် တရားဆွေးနွေးခဲ့သည့် သတင်းကို ရရှိခဲ့ကြလေသည်။
သို့သော် အခြားသော သတင်းများအရဆိုလျှင် တရားဆွေးနွေးခြင်း မဟုတ်ဘဲ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ကြသည်ဟုလည်း ဆိုကြပြန်လေသည်။ တစ်ချိန်တည်းမှာပင် တိုက်တိုက်ဆိုင်ဆိုင် ရှန်စန်းကျန်းရန် လုကျိုးယွမ်မှာ ပျောက်ကွယ် သွားခဲ့လေသည်။
ရွှမ်ထျန်းနတ်ဘုရားဂိုဏ်း ကတော့ ကောလာဟလများကို ဖြေရှင်းခဲ့ခြင်း မရှိပေ။ ကောလာဟလဆိုသည်က အခြေအမြစ်မရှိသည့် စကားများသာ ဖြစ်လေသည်။
သို့သော်… ကောလာဟလများ ကြောင့်ပင် ချင်းရွှမ်နတ်တံခါးသို့ ကျင့်ကြံသူများ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြပြီး ခန့်မှန်းထားသည့် ဧည့်သည်တော် တစ်သောင်းထက်ပင် ကျော်လွန်ခဲ့လေသည်။
ဆန်းလျန်က တန်ခိုးစွမ်းအားကို အသုံးပြုကာ ထိုက်ယီတောင်ထိပ်တွင် တိမ်တိုက်များကို ဖန်ဆင်းခဲ့လေသည်။ ထို့ကြောင့် သိန်းနှင့်ချီသည့် ကျင့်ကြံသူများကို အဆင်ပြေစွာပင် နေရာထိုင်ခင်း ပေးနိုင်ခဲ့လေသည်။
တရားဟောရန်အတွက် ပလ္လင်ထက်တွင် မထိုင်ခင်မှာပင် လူအများ၏ စိတ်အာရုံကို ဖမ်းစားနိုင်သည့် အဖြစ်အပျက် တစ်ခုက ဖြစ်ပျက် လာခဲ့လေသည်။
နာမည်ကျော်ကြားသည့် နတ်ဘုရားများစွာနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများစွာ ထိုက်ယီတောင်ထိပ်သို့ ရောက်ရှိ နေကြလေသည်။
ထိုအချိန်မှာပင်…
ရေကဲ့သို့ ကြည်လင်သည့် အလင်းတန်းတစ်ခုသည် အနောက်ဘက် ကောင်းကင်တွင် ထွန်းလင်းလာလေသည်။ အလင်းတန်းထဲတွင် နှင်းဆီရောင် တိမ်တိုက်တစ်ခု လွင့်မျောလာလေသည်။
ကျင့်ကြံသူ တစ်ယောက်က….
“တန်ခိုးစွမ်းအားက အကန့်အသတ်မဲ့တယ်၊ ပင်လယ်က တိုက်စားရင် တောင်ကိုတောင် ပြိုကျစေနိုင်တယ်၊ အဲဒါ ဖားဟိုင်ဆရာတော် ကြွရောက်လာတာပဲ”
တစ်ချိန်တစ်ခါက ဟိုင်သခင်ကြီးဟု လူသိများသည့် ဖားဟိုင် ဆရာတော်သည် ပင်လယ်မြွေကြီး တစ်ကောင် ဖြစ်လေသည်။ တာအိုကျင့်စဉ်လမ်းကို နှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ပြီး နောက်ဆုံးတွင်တော့ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာကာ ဘုန်းကြီးဝတ်ခဲ့လေသည်။ သူ၏ တန်ခိုးစွမ်းအားများမှာ အဆမတန် မြင့်မားနေပြီး ကျင်းထူကျောင်းတော်၏ ဂိုဏ်းချုပ်ပင် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
ဖားဟိုင်ဆရာတော်နှင့် ဆန်းကျန်းရန်တို့မှာ မိတ်ဆွေဟောင်းများ ဖြစ်သည်ဆိုသည့် အကြောင်းကို ကျင့်ကြံသူများက တီးတိုး ပြောဆိုနေကြလေသည်။
***