← Chapters

ကြည်လင်သော ကောင်းကင်ထံ ခြေလှမ်းဖို့ စိတ်ဆန္ဒ

Vol. 137 Ch. 1887

ကြည်လင်သော ကောင်းကင်ထံ ခြေလှမ်းဖို့ စိတ်ဆန္ဒ

Vol. 137 Ch. 1887

သွေးအလင်း လင်းလက်သွား၏။ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ သွေးဓားသည် ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည်။

“ဒီဓားဆို လုံလောက်တယ် မလား…”

ယန်လု၏အကြည့်က သွေးဓားအပေါ် ဝေ့ခတ် ကျရောက်သွားသည်။သူမက ဒီဓားမှာ ရှေးတောက်ကလန်၏ ရတနာမှန်း သိထားပေ၏။ ၎င်းက သူမ၏ အပြာရောင်ထီး ရတနာနှင့် လောင်ကြေးထပ်ဖို့ တန်ဖိုးညီမျှပေသည်။

“ကောင်းပြီ။ ငါ နင်နဲ့ လောင်းမယ်။ ခုနစ်ထပ်မြောက်ရဲ့ အတားအဆီးတွေကြောင့် နင် လွင့်ထွက်လာတာကို ငါ မြင်ချင်တယ်…”  ယန်လု၏ မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကြုံ့သွားလေ၏။ သူမက ရုတ်တရက် ဝမ်လင်းကို ဖြတ်မမြင်နိုင်တော့ပေ။

“ဒီဓားကို သူ လောင်းကြေးထပ်လိုက်တာပဲ။ သူက သူ ခုနစ်ထပ်မြောက်ထဲ ဝင်နိုင်မယ်လို့ သေချာနေတာများလား…”

ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ သူက ယန်လုထံ ဆက်မကြည့်တော့ပေ။ သူက ခုနစ်ထပ်မြောက်ထံ ဦးတည်သည့်လှေကားထံ လျှောက်လှမ်းလာ၏။ သို့သော် သူ၏ လျှောက်လှမ်းနှုန်းမှာ မမြန်လွန်း၊ မနှေးလွန်းပေ။ ခြေလှမ်းတိုင်းက လှိုင်းဂယက်တစ်ခုကို ထစေကာ ယန်လုၑ စိတ်နှလုံးပေါ် နင်းလျှောက်သွားလေသည့်အလား။ သူမက သူမအထက်ရှိ စိတ်ဝိညာဉ်ခန္ဓာအပေါ် ဆင်ခြင်နေခြင်းကို ရပ်တန့်ပြီး ဝမ်လင်းထံ အနည်းငယ် စိတ်ပူပန်ဟန်ဖြင့် စိုက်ကြည့်နေသည်။

သူမက နောင်တရသလိုလိုလည်း ဝိုးတဝါး ခံစားမိ၏။ သူမသည် ဝမ်လင်းကို သွားစဖို့ မကြိုးစားခဲ့သင့်ပေ။ ထိုအပြာရောင်ထီးက သူမ၏ အစွမ်းထက်ရတနာတစ်ခု ဖြစ်ကာ ၎င်း၏အကာအကွယ်စွမ်းအားမှာ အားကောင်းလှသည်။

“ဟက်…ဒီလူက ဉာဏ်များလွန်းတယ်။ လူလိမ်တစ်ယောက်ပဲ ဖြစ်မှာ။  သူ ရှုံးသွားတဲ့နောက် သူ့လောင်းကြေး ပစ္စည်းကို ပြန်ရုတ်သိမ်းဖို့ နည်းလမ်းအချို့ ရှာမှာပဲ ငါ စိုးမိတယ်…”

ယန်လုက ရှေးဟောင်းလှေကားထစ်များထံ လျှောက်လှမ်းသွားနေသော ဝမ်လင်းထံ ကြည့်နေ၏။

ဝမ်လင်းက ထိုလှေကားထစ်များကို ကြည့်၏။ ခုနစ်ထပ်မြောက်သို့ ရောက်ဖို့ စုစုပေါင်း လှေကားထစ်ဆယ့်ကိုးထစ် ရှိသည်။ သည်လှေကားထစ်များကို လူတစ်ယောက်အနေဖြင့် လွယ်လွယ်တက်၍ ရနိုင်ပုံ ပေါ်သည်။ သို့သော် သူ နီးကပ်လာချိန်၌ သူ့အား သတိထားနေစေသော အန္တရာယ်အော်ရာ ထွက်ပေါ်လာ၏။ သူ၏စိတ်အင်အားသာ ကင်းမဲ့ပါက ထိုခြေကားများပေါ်သို့ ခြေလှမ်းခြင်းသည် လှိုင်းကြမ်းလေကြမ်း ပင်လယ်ပြင်ထဲ လှေငယ်တစင်းနှင့် ရုန်းကန်ရသည်နှင့် တူပေတော့မည်။

“ဘာလဲ…နင် မလုပ်ရဲဘူးလား…”  ယန်လုက ဝမ်လင်း ထိုလှေကားများရှေ့တွင် ရပ်နေသည်ကို မြင်သည့်အခါ စိတ်အနည်းငယ် ပေါ့သွား၏။ သူမက အမှန်တကယ်ပင် ဝမ်လင်း လှေကားများပေါ်သို့ ဘာပြဿနာမှ မရှိဘဲ တည်တည်ငြိမ်ငြိမ် တက်လှမ်းသွားမည်ကို စိုးရိမ်နေသည်။

ဝမ်လင်းက ရုတ်တရက် လှည့်ကာ ယန်လုထံ အဓိပ္ပာယ်ပါသော အကြည့်ဖြင့် လှမ်းကြည့်၏။

“သေချာစောင့်ကြည့်နေ…”  ဝမ်လင်း ထိုသို့ ပြောပြီးနောက် သူ၏မျက်လုံးတို့မှာ တောက်ပလာကာ သူက ပထမဆုံး ခြေလှမ်းကို လှမ်းသည်။ သူ ခြေချလိုက်သည်နှင့် မဟာစိတ်ဝိညာဉ်ကလန် အထက်ရှိ ကောင်းကင်ယံမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

မဟာစိတ်ဝိညာဉ်ကလန်၏ ကောင်းကင်ထက်ယံတွင် ကီလိုမီတာရာချီ ကျယ်ပြောသော ဧရာမလှေကားထစ် အဆောက်အဦတစ်ခု ပေါ်လာသည်။ ၎င်းက မဟာစိတ်ဝိညာဉ်ကလန်ပေါ်ရှိ နက်မှောင်နေသော ကောင်းကင်ကို လင်းလက်စေသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ညအမှောင်ထဲ၌ ပဲ့တင်ထပ်လာရင်း မရေမတွက်နိုင်သော မဟာစိတ်ဝိညာဉ်ကလန်မှ ကျင့်ကြံသူများကို သူတို့၏ကျင့်ကြံမှုကနေ နိုးထလာစေသည်။ သူတို့၏နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကြခြင်း သို့မဟုတ် သူတို့၏ တောင်ထွတ်များထံမှ ပျံသန်းထွက်လာကာ ကောင်းကင်ထက်ရှိ လှေကားထစ်များကို လာရောက် ကြည့်ရှုကြ၏။

“တစုံတစ်ယောက်က ဝိညာဉ်ကျမ်းစာအဆောက်အဦရဲ့ ခုနစ်ထပ်မြောက်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေတာပဲ…”

“တခေါင်းလုံးအဖြူရောင်နဲ့ ပုံရိပ်။ သူ့ပုံပန်းသွင်ပြင်အရ သူဟာ အကြီးအကဲအသစ် ဝမ်လင်း မလား…”

“သူ့ကျင့်ကြံမှုအဆင့်က သိပ်မဆိုးလှပေမယ့်လည်း ခုနစ်ထပ်မြောက်ထဲ ဝင်ရောက်ဖို့ဟာ အတော်လေး ခက်ခဲတယ်…”

“ဟားဟား…သက်ဝင်လှုပ်ရှားမှုတစ်ခုခုကို ကြည့်ရတော့မှာပဲ။ ခုနစ်ထပ်မြောက်ထဲ တယောက်ယောက်ဖို့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ဖူးတာ နှစ်ပေါင်းတစ်ရာလောက် ရှိခဲ့လောက်ပြီ။  မွန်းစတားအိုကြီးတွေကလွဲလို့  ခုနစ်ထပ်မြောက်ထဲ ဝင်ရောက်ရဲတဲ့သူဟာ မရှိသလောက်နီးပါးပဲ…”

“ဝိညာဉ်ကျမ်းစာအဆောက်အဦထဲက အတားအဆီးတွေဟာ အစွမ်းထက်လှတယ်။ လူတစ်ယောက်ဟာ ခုနစ်ထပ်မြောက်ထဲကို တကြိမ်တည်း အောင်အောင်မြင်မြင် မဝင်ရောက်နိုင်ရင်  လှေကားထစ်အဆောက်အဦတွေ ကောင်းကင်မှာ ပေါ်လာပြီး အဲ့လူ ခုနစ်ထပ်မြောက်ထဲ ဝင်ရောက်ဖို့ ကြိုးစားတာကို လူတိုင်းကို မြင်တွေ့စေလိမ့်မယ်…။ ငါတော့ အကြီးအကဲဝမ် ကျရှုံးမှာကို သံသယမရှိဘူး…”

စုစုပေါင်းလှေကားကိုးထစ် ရှိ၏။ ပထမဆုံး လှေကားထစ်ပေါ်တွင် ဧရာမပုံရိပ်တစ်ခု ရပ်နေသည်။ ထိုပုံရိပ်မှာ တခေါင်းလုံး ဆံပင်ဖြူများ ရှိ၏။ ၎င်းမှာ ဝမ်လင်းပင်။

တစုံတစ်ယောက်သည် ခုနစ်ထပ်မြောက်ထဲ ဝင်ရောက်ချင်သည့်အခါ၌ ဝိညာဉ်ခန်းမ၏ ပုံရိပ်ယောင်ကို ဖန်တီးပေလိမ့်မည်။ ဤသည်မှာ ရှေးအချိန်များတည်းက ဖြစ်ခဲ့ခြင်းပင်။ ခုနစ်ထပ်မြောက်ထဲ ဝင်ရောက်ချင်သူတိုင်းမှာ လူတိုင်း၏ စောင့်ကြည့်ခြင်းကို ခံရမည် ဖြစ်သည်။

ဖိအားကြီးကြီးမားမား ရှိနေပေ၏။ လူတစ်ယောက်က အရည်အချင်း မပြည့်မှီပါကာ လူတိုင်းသည် ထိုသူ၏ သနားစရာအခြေအနေဖြင့် နောက်သို့ လွင့်ထွက်လာခြင်းကို တွေ့မြင်ကုန်မည် ဖြစ်သည်။

သည့်အတွက်ကြောင့်လည်း ခုနစ်ထပ်မြောက်ထံ ဝင်ရောက်ဖို့ ကြိုးစားကြည့်သူ သိပ်မများလှခြင်းပင်။

မဟာစိတ်ဝိညာဉ်ကလန်၌ သူတို့၏ဆိုင်ရာတောင်ထွတ် အသီးသီးထံမှ အလင်းတန်းများ ပျံသန်းလာကြ၏။ ဒီလို သက်ဝင်လှုပ်ရှားသည့်ကိစ္စကို မြင်ရဖို့မှာ သိပ်မလွယ်လှပေ။ သူတို့က အခု ဒီလိုမျိုး ကြုံနေမှတော့ အတော်လေး စိတ်ဝင်တစား ဖြစ်မိကြသည်။

သို့သော် ဝမ်လင်း အောင်မြင်လိမ့်မည်ဟု ထင်သောသူမှာ အလွန်နည်းပါးလွန်း၏။ အများစုက ဝမ်လင်းကို သနားစရာအခြေအနေနှင့် အဆုံးသပ်သွားတာ ကြည့်ဖို့ကိုသာ မျှော်လင့်ကြသည်။

အရှင်ကုန်းနျန်သည်ပင် မျက်မှောင်ကြုတ်မိသွား၏။ သူက မော့ကြည့်လိုက်သည်။ သူ့အကြည့်က တောင်ကိုထွင်းဖောက်ကာ ကောင်းကင်ထက်ရှိ ပုံရိပ်ယောင်ကို တွေ့မြင်သည်။

“သူက နည်းနည်းတော့ မဆင်မခြင်နိုင်တာပဲ။ သူ့ကျင့်ကြံမှုအဆင့်နဲ့ ခုနစ်ထပ်မြောက်ထဲ ဝင်ရောက်ဖို့ဟာ မဖြစ်နိုင်ဘူး…”  အရှင်ကုန်းနျန်က သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။

တချိန်တည်းမှာ ပုံမှန်ဆို အမြဲတစေ တံခါးပိတ်ကျင့်ကြံနေတတ်သော မွန်းစတားအိုများ ပိုင်ဆိုင်သည့် တောင်ထိပ် သုံးခု၊ သို့မဟုတ် ငါးခုထံမှ ပိုင်ရှင်များသည် သူတို့၏မျက်လုံးများကို ဖွင့်လာကာ လှမ်းကြည့်လာကြသည်။

“စိတ်ဝင်စားစရာပဲ။ သူ့ကျင့်ကြံမှုအဆင့်နဲ့က ခြောက်ထပ်မြောက်ကို ဝင်ရောက်ဖို့တောင် ခက်ခဲနေပြီ။ ဒါတောင် သူက ခုနစ်ထပ်မြောက်ကို ဝင်ချင်နေတုန်းလား..”

“ဒီကောင်လေးက သူ့ကိုယ်သူ အထင်ကြီးလွန်းနေပြီ…”

ကောင်းကင်ထက်ရှိ ပုံရိပ်ယောင်၌ ဝမ်လင်း၏ ညာခြေက ပထမဆုံးလှေကားထစ်ပေါ် လှမ်းလာသည်။ သူက မျက်လုံးမှိတ်ထားကာ မလှုပ်မယှက် ရှိနေသည်။

သို့ပေမည့် သူက ရုတ်တရက် မျက်လုံးဖွင့်ကာ ဒီလှေကားများ၏ အဆုံးသို့ လှမ်းကြည့်သည်။ သူသည် ညာခြေကို ကြွကာ ရှေ့သို့ စတင် လျှောက်လှမ်းလေသည်။

သူ့ ခြေလှမ်းတိုင်း၌ မဟာစိတ်ဝိညာဉ်ကလန်အတွင်း ကျယ်လောင်စွာ မြည်ဟိန်းသံများ ပဲ့တင်ထပ်စေသည်။ ဖြတ်ခနဲအတွင်း ဝမ်လင်းသည် ခြေလှမ်းငါးလှမ်း လှမ်းလိုက်ပြီးပင်။

ခြောက်ထပ်မြောက်အတွင်း၌ ယန်လုက ဝမ်လင်းကို စိုက်ကြည့်နေသည်။ သူ ခြေလှမ်းငါးလှမ်း လှမ်းလိုက်သည်ကို တွေ့မြင်သည့်နောက် သူမ၏အမူအရာမှာ ပြောင်းလဲသွား၏။ သို့သော် မကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ဟက်…သူ ငါးလှမ်းလှမ်းနိုင်တော့ရော ဘာဖြစ်သေးသလဲ။ သူ ခုနစ်လှမ်းမြောက်တောင် လှမ်းနိုင်မှာ မဟုတ်ဘူး…”  ယန်လုက လက်သီးခပ်တင်းတင်း ဆုပ်ကာ သူမ၏အထက်ရှိ စိတ်ဝိညာဉ်ခန္ဓာကို ဆင်ခြင်ဖို့ လုံးဝ မေ့နေလေပြီ။ သူမက ဝမ်လင်းအပေါ်သို့သာ အာရုံအပြည့် ရောက်နေသည်။

ဝမ်လင်းက တည်ငြိမ်စွာ ရှိနေ၏။ သို့သော် သူ့စိတ်နှလုံးတွင်း၌မူ မုန်တိုင်းထန်နေလေပြီ။ ငါးလှမ်းမြောက် လှမ်းလိုက်ပြီးနောက် သူသည် အဆုံးမဲ့ချောက်နက်ထဲ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ ခြေလှမ်းလိုက်တိုင်း အစွမ်းထက်နတ်ဘုရားအာရုံတစ်ခုက သူ့ခန္ဓာကိုယ်ထံ ဝင်ရောက်ကာ သူ့စိတ်ကို ဝုန်းဒိုင်းကြဲ ရိုက်ခတ်သည်။

“နောက်ပြန်ဆုတ်စမ်း…”

“ပြန်ဆုတ်စမ်း…”

“နောက်ပြန်ဆုတ်စမ်း…”

ထိုအသံက သည်စကားနှစ်ခွန်းကိုသာ ဖြစ်သော်လည်း ဝမ်လင်း၏စိတ်ထဲ၌ ယင်းစကားသံမှာ အဆုံးမရှိသည့်နှယ် ပဲ့တင်ထပ်လေ၏။ လူထောင်သောင်းချီက သူ့ထံ ဟိန်းအော်နေသည့်အလား။

ထိုအသံက ဝမ်လင်း၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲစေတော့မည့်အလား ခံစားမိစေသည်။ သူသာ နောက်မဆုတ်ပါက ဒီလောကထံမှ ပယ်ဖျက်ခြင်း ခံရမည့်နှယ်။

ဝမ်လင်းက ထိုအသံနှင့်အတူ ငါးလှမ်းမြောက်တွင် ရပ်တန့်သွားသည်။ သူက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်‌ လှေကားထစ်များထံ မော့ကြည့်လိုက်သည်။

“အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်။ စုစည်းစေ…”  ဝမ်လင်းက ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ လက်ညွှန်လိုက်သည်။ မဟာစိတ်ဝိညာဉ်ကလန်၏ အစိတ်အပိုင်းတစ်ခုသည် တုန်ဟည်းသွားကာ မီးပင်လယ်တစ်ခု မီးကြောတောင်ထံမှ ပေါက်ကွဲထွက်လာ၏။ ထိုမီးပင်လယ်သည် ကောင်းကင်ကို ဖုံးလွှမ်းကာ ဧရာမမျက်နှာတစ်ခု ပေါ်လာချေသည်။

ထိုမျက်နှာမှာ ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာ၏ မျက်နှာဖြစ်ချေသည်။

ဖျတ်ခနဲအတွင်း သည်ကြောက်မက်ဖွယ်မီးတို့က ပုံရိပ်ယောင်လှေကားထစ်များနှင့် ဝမ်လင်းတို့ထံ တိုးဝင်လာကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လေ၏။

တချိန်တည်းမှာ ဝိညာဉ်ကျမ်းစာအဆောက်အဦအတွင်း၌ ခုနစ်ထပ်မြောက်ထံ ဦးတည်သော လှေကားထစ်များပေါ်တွင် ဝမ်လင်းသည် မီးပင်လယ်နှင့် ဖုံးလွှမ်းနေကာ သူ၏အနှစ်သာရ အစစ်အမှန်ခန္ဓာကိုယ် ပေါ်လာလေ၏။

သူ၏အနှစ်သာရ အစစ်အမှန် ခန္ဓာကိုယ် ပေါ်လာသည့်အခါ၌ သူ့မျက်လုံးတို့မှာ တောက်ပလာသည်။ သူက ခွန်အားသစ်တစ်ခု ပိုင်ဆိုင်လာကာ သူ့ညာခြေကိုမြှောက်၍ ရှေ့သို့ ထပ်မံ လှမ်းသည်။

ခြောက်လှမ်းမြောက်၊ ခုနစ်လှမ်းမြောက်၊ ရှစ်လှမ်းမြောက်။ ဝမ်လင်းသည် ရပ်တန့်မနေပေ။ သူသည် ဖြတ်ခနဲအတွင်း ခြေလှမ်းဆယ့်သုံးလှမ်း လှမ်းလာခဲ့ပြီး လေပြီ။

ဝမ်လင်း ခြေချလိုက်သည့်အခါ၌ သူ့ကို စောင့်ကြည့်နေသော ယန်လုက ရုတ်တရက် ထရပ်လာ၏။ သူမ၏လှပသော မျက်နှာထက်၌ မယုံကြည်နိုင်မှုတို့ ပြည့်နေကာ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်သည်။

“မဖြစ်နိုင်ဘူး…”

တချိန်တည်းမှာ ဝမ်လင်း ခြေလှမ်းဆယ့်သုံးလှမ်းကို တခဏအတွင်း လှမ်းလိုက်သည်ကို တွေ့မြင်သော မဟာစိတ်ဝိညာဉ်ကလန်၏ လူတိုင်း၏ အမူအရာများသည် ကြီးစွာ ပြောင်းလဲကုန်၏။

“ငါးလှမ်းမြောက်မှာ ခဏတုန့်နှေးရပ် သွားပြီး သူဟာ ဆယ့်သုံးလှမ်းထိ တိုက်ရိုက် လှမ်းခဲ့တာပဲ။ ဒီလူ…ဒီလူမှာ ဒီလောက် အစွမ်းထက်တဲ့ စိတ်စွမ်းအား ပိုင်ဆိုင်ထားတယ်…”

“ဒါဟာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ပဲ။ ဒါက အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ပဲ…”

“အကြီးအကဲဝမ်ဟာ အံ့အားသင့်ဖို့ ကောင်းလှတယ်။ နောက်ထပ် ခြောက်လှမ်းကျော်ဆို သူဟာ ခုနစ်ထပ်မြောက်ကို ဝင်ရောက်နိုင်ပြီ…”

ဝမ်လင်း၏အနှစ်သာရ အစစ်အမှန်ခန္ဓာကိုယ်အကြောင်းကို မဟာစိတ်ဝိညာဉ်ကလန်ရှိ လူတိုင်းက မသိထားကြပေ။ သူ ယူဆောင်လာခဲ့သော တုန်လှုပ်မှုက ဖော်ပြ၍ပင် မရပေ။

မဟာစိတ်ဝိညာဉ်ကလန်၌ အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြီ။ တံခါးပိတ်ကျင့်ကြံနေသော တချို့မွန်းစတားအိုကြီးများပင် လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။

“ဆယ့်သုံးလှမ်း…” အစိမ်းရောင်ကောင်းကင်တောင်ထွတ်၌ အရှင်ကုန်းနျန်၏ မျက်လုံးတို့မှာ အလေးအနက် ဖြစ်လာ၏။ သို့သော် သူသည် နေရာတွင်သာ ထိုင်နေဆဲ ဖြစ်ပြီး အပြင်သို့ ထွက်လာခြင်း မရှိသေးပေ။

“ငါ သူ့ကို လျှော့တွက်မိခဲ့တာပဲ။ သူ့အနှစ်သာရ အစစ်အမှန်ခန္ဓာကိုယ်ဟာ အစစ်အမှန် ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်လာဖို့ အလွန်နီးစပ်လှတယ်။ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်၊ အနှစ်သာရအစစ်အမှန် ကောင်းကင်ဘုံသား။ မတူညီတဲ့ စကားကတော့ တခွန်းတည်းပဲ။ ဒါပေမဲ့ ကွာခြားမှုကတော့ ကြီးမားလှတယ်…”

“ဒါပေမဲ့လည်း ခြေလှမ်းဆယ့်သုံးလှမ်းက သူ့အတွက် အကန့်အသတ်ပဲ။ အများဆုံးမှ သူဟာ နောက်ထပ် ခြေလှမ်းသုံးလှမ်းပဲ လှမ်းနိုင်တော့မှာ…”

အရှင်ကုန်းနျန်၏ ကျင့်ကြံမှုမှာ ခန့်မှန်း၍မရအောင် အစွမ်းထက်လှ၏။ သူ၏ အလိုလိုသိစိတ်မှာ ကောင်းမွန်ပြီး မှားခဲလှသည်။

ဝိညာဉ်ကျမ်းစာအတွင်း၌ ဝမ်လင်းသည် ခုနစ်ထပ်မြောက်ထံဦးတည်သော ဆယ့်သုံးထစ်မြောက် လှေကားထစ်၌ ရပ်နေ၏။ သူက သည်နေရာသို့ ရောက်လာနိုင်ခြင်းမှာ သူ့အနှစ်သာရအစစ်အမှန်ခန္ဓာကြောင့်ပင်။ သို့သော် ခုချိန်၌ သူ၏စိတ်အတွင်းရှိ အသံက အဆများစွာ မြင့်တက်လာသည်။

“နောက် ပြန်ဆုတ်စမ်း…”

သူ့စိတ်ထဲ၌ ထိုအသံ ပဲ့တင်ထပ်ကာ သူ့မူလစိတ်ဝိညာဉ်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။ သူသည် တည်ငြိမ်ဟန် ပေါက်သော်လည်း သူ၏အမြင်ကမူ ဝေဝါးလာခဲ့ပြီ။

ထိုအခြေအနေကို ယန်လုနှင့် မဟာစိတ်ဝိညာဉ်ကလန်၏ ကျင့်ကြံသူများစွာက တွေ့မြင်၏။ ပုံမှန်ဆို တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုကြီးများမှာလည်း တွေ့မြင်ကြသည်။

“သူ ကျရှုံးတော့မှာပဲ…” ယန်လုသည် မနာလိုစွာ ပြုံးမိ၏။

“ကြည့်ရတာ သူက ခုနစ်ထပ်မြောက်ကို မဝင်ရောက်နိုင်တဲ့ပုံပဲ…”

မဟာစိတ်ဝိညာဉ်ကလန်၏ ကျင့်ကြံသူအများစုက ခပ်မဆိတ် ခေါင်းယမ်းလိုက်ကြ၏။

သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်း၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ရုတ်တရက် ပျောက်ကွယ်ကာ ကြောက်မက်ဖွယ်အလင်းက အစားထိုး ဝင်လာသည်။

“ယန်လု…နင် အောင်ပွဲခံဖို့ စောသေးတယ်။ ငါ နင့်ရဲ့ အဲ့အပြာရောင်ထီးကို ယူရအုံးမယ်…”

All Chapters