နောက်ထပ်လောင်းကြေး
Vol. 137 Ch. 1888
ဝမ်လင်းက ထိုသို့ ပြောလိုက်ပြီးနောက် သူ့ခြေထောက်သည် ဆယ့်လေးထပ်မြောက်ပေါ်သို့ ကျရောက်သွားလေပြီ။ သည်အခိုက်တွင် သူ့နောက်မှ အနှစ်သာရအစစ်အမှန်ခန္ဓာသည် မီးပင်လယ်အဖြစ် ပြောင်းကာ သူ၏ခန္ဓာကိုယ်တွင်းသို့ တရကြမ်း ဝင်ရောက်သည်။ ဝမ်လင်းသည် သူ့အနှစ်သာရအစစ်အမှန်ခန္ဓာနှင့် တသားတည်း ဖြစ်လာပြီး ရှေ့သို့ ခြေလှမ်းသည်။
ဤသည်မှာ ဆယ့်ငါးလှမ်းမြောက် ဖြစ်၏။
လောကမှာ တုန်ဟည်း၏။ မဟာစိတ်ဝိညာဉ်ကလန်ရှိ ကျင့်ကြံသူမြောက်များစွာက စောင့်ကြည့်လို့နေသည်။ သူတို့က ဝမ်လင်း ဆယ့်ငါးလှမ်းမြောက်ကို လှမ်းသည်ကို တွေ့မြင်သည့်အခါ နောက်ထပ် အံ့အားတသင့် ဖြစ်ရပြန်သည်။
အခု ဆယ့်ခြောက်လှမ်းမြောက်။
“နောက်ထပ် သုံးလှမ်းပဲ လိုတော့တယ်။ ငါ့စိတ်ဆန္ဒဟာ ကောင်းကင်နဲ့မြေကြီးကိုတောင် အညံ့မခံဘူး။ ငါက ဘာကြောင့် နောက်ပြန်ဆုတ်ရမှာလဲ…”
ဝမ်လင်း၏ သေခြင်းရှင်ခြင်းအနှစ်သာရက သူ၏ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာ၏။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ဆန်းကြယ်အနှစ်သာရများသည် သက်ရောက်ခြင်း မခံရပေ။ ဝမ်လင်း၏ သေခြင်းရှင်ခြင်းအနှစ်သာရ ပေါက်ကွဲထွက်လာသည့်အခါ သူက ဆယ့်ခုနစ်လှမ်းမြောက်ကို လှမ်းသည်။
“ငါ့စိတ်ဆန္ဒဟာ လှိုဏ်ဂူလောကနဲ့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ထွင်းဖောက်ဖို့၊ ငါဟာ လှိုဏ်ဂူလောကကနေ ထွက်လာတဲ့ ပထမဆုံးသူပဲ။ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဆန္ဒ ဖြစ်နေရင်တောင် သင်က ငါ့ကို နောက်ပြတ်ဆုတ်စေဖို့ ဘာအင်အား ရှိလို့လဲ…”
ဝမ်လင်း၏ အမှန်အမှားအနှစ်သာရက သူ့ရှေ့တွင် ပေါက်ကွဲထွက်လာ၏။ သူ၏ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်တစ်ခုအလား။ သူသည် မြန်မြန်ဆန်ဆန် ပြောင်းလဲနေလျက် ဆယ့်ရှစ်လှမ်းမြောက်ကို လှမ်းသည်။
ထိုမြင်ကွင်းကို မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်အားလုံးက တွေ့မြင်ကြသည်။ သူတို့၏စိတ်နှလုံးများမှာ လှုပ်ခါရ၏။ ယန်လုက ဤသည်ကို တွေ့မြင်သည့်အခါ သူမ၏မျက်နှာမှာ ချက်ခြင်း ဖြူရောလာသည်။
မဟာစိတ်ဝိညာဉ်ကလန်၏ တံခါးပိတ်ကျင့်ကြံနေလေ့ ရှိသော မွန်းစတားအိုများပင် လှမ်းထွက်လာကာ သူတို့၏ ပကတိမျက်လုံးဖြင့် ကြည့်ရှုလာကြပြီ။
“ငါ့စိတ်ဆန္ဒကို နတ်ဘုရားပြစ်ဒဏ်ကလည်း မဖျက်စီးနိုင်ခဲ့ဘူး။ နတ်ဘုရားပြစ်ဒဏ်ထံကနေ ငါ့ကိုယ်ပိုင် စိတ်ဆန္ဒကို ပြန်ယူဆောင်ခဲ့တာ။ ငါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်လာခဲ့တာဟာ လက်အောက်ခံ ဖြစ်ဖို့ မဟုတ်ဘူး။ ငါ့ကိုယ်ပိုင် ကံကြမ္မာကို ပြန်ယူဆောင်ဖို့ပဲ။ ငါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်လာခဲ့တာ နာခံဖို့ မဟုတ်ဘူး။ မိုးကောင်းကင်အထက်ကို လျှောက်လှမ်းဖို့ပဲ….”
ဝမ်လင်း၏မျက်လုံးတို့သည် အရောင်တောက်လာကာ သူ၏ကံမ္မအနှစ်သာရ ပေါက်ကွဲထွက်လာ၏။ သူက ဆယ့်ကိုးလှမ်းမြောက်ကို လှမ်းပြီးနောက် ခုနစ်ထပ်မြောက်ထံ ဝင်ရောက်လိုက်သည်။
သူ ခြေချလိုက်သည့်အခါ၌ မဟာစိတ်ဝိညာဉ်ကလန် အထက်ရှိ ပုံရိပ်ယောင်သည် လွန်စွာ တောက်ပလာသည်။ မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်အားလုံးက ထိုပုံရိပ်ယောင်ကို တလေးတစား မော့ကြည့်လာ၏။
သည်အားကောင်းလှသော စိတ်စွမ်းအင်က လေးစားခံထိုက်ပေ၏။ ဝ၎င်း်လင်းသည် သူ၏ကိုယ်ပိုင်စွမ်းအားကို အသုံးပြုကာ မဟာစိတ်ဝိညာဉ်ကလန်၏ လူတိုင်းကို သူ ခုနစ်ထပ်မြောက်ထံသို့ ဝင်ရောက်နိုင်သည်ဟု ပြောလိုက်ခြင်းတည်း။
ဝမ်လင်းအပေါ် အထင်အမြင်ကောင်း မရှိကြသော လူတိုင်း၏စိတ်နှလုံးမှာ တုန်ယင်ကုန်၏။ သူတို့သည် အချိန်အတန်ကြာသည့်အထိ စကားမဆိုနိုင် ဖြစ်ကုန်သည်။
“ခုချိန်ကစပြီး…ခုနစ်ထပ်မြောက်ဟာ ဘိုးဘေးအပြင် လူငါးယောက်ပဲ ဝင်နိုင်တဲ့နေရာ မဟုတ်တော့ဘူး။ တစ်ယောက် ထပ်တိုးလာခဲ့ပြီ…” လူတိုင်းသည် ငြိမ်သက်နေစဉ် သက်ပြင်းချသံ အဝေးမှ ထွက်ပေါ်လာ၏။
တချိန်တည်းမှာ အစိမ်းရောင်ကောင်းကင်တောင်ထွတ်ရှိ အရှင်ကုန်းနျန်က စဉ်းစားခန်း ဝင်နေသည်။ သူသည် နေရာတွင်သာ ထိုင်နေပြီး ကောင်းကင်ထက်သို့ မော့မကြည့်သော်ငြားလည်း သူ၏အကြည့်ကမူ အလေးအနက် ဖြစ်လာသည်။
“သူ…တကယ်ပဲ ခုနစ်ထပ်မြောက်ကို ဝင်ရောက်နိုင်တယ်။ ဘိုးဘေးက ဒီလူဟာ သုံးနှစ်အတွင်း ခုနစ်ထပ်မြောက်ကို ဝင်နိုင်မယ်။ နှစ်သုံးဆယ်အတွင်း ရှစ်ထပ်မြောကကို ဝင်နိုင်မယ်၊ နှစ်သုံးရာအတွင်း ကိုးထပ်မြောက်ကို ဝင်နိုင်ပြီး မဟာစိတ်ဝိညာဉ်ကလန်အတွက် အကြီးမားဆုံးကံကောင်းမှုတစ်ခု ရလာလိမ့်မယ်လို့ ရှေ့ဖြစ်ဟောထားခဲ့တာ…”
“အခု…ဒီရှေ့ဖြစ်ဟောချက်ဟာ ပြောင်းလဲသွားခဲ့ပြီ…”
ဝမ်လင်း ဝိညာဉ်ကျမ်းစာခန်းမ၏ ခုနစ်ထပ်မြောက်သို့ ခြေချလိုက်သည့်အခါတွင် သူက ဖြူဖပ်ဖြူရော ဖြစ်နေသော ယန်လုထံ လှည့်ကြည့်လာသည်။ သူ လက်ဝေ့ယမ်းလိုက်ရာ သွေးဓားနှင့် အပြာရောင်ထီးတို့က သူ့ထံ ပျံသန်းလာကြသည်။
“ယန်လု…ငါ ဒီထီးကို ယူလိုက်ပြီ…”
ယန်လုသည် သူမ၏လက်ကို အလိုလိုမြှောက်မိကာ ထီးကို ဆုပ်ကိုင်မိလေ၏။ သို့သော် သူမ၏မာနက သူမကို ထိုသို့လုပ်ရန် ခွင့်မပြုလေပေ။ တုံ့နှေးသွားသည့် ဒီအခိုက်မှာပင် ထီးနှင့်သွေးဓားတို့က ဝမ်လင်းနား ရောက်လာ၏။
ဝမ်လင်းက ထိုသွေးဓားကို သိမ်းဆည်းကာ အပြာရောင်ထီးကို ဖမ်းဆုပ်ယူလိုက်၏။ သူ ယန်လု၏ နတ်ဘုရားအာရုံကို ပယ်ဖျက်ကာ သူ့ကိုယ်ပိုင်နတ်ဘုရားအာရုံဖြင့် ထီးအပေါ် ခပ်နှိပ်တော့မည့် အခိုက်၌ ယန်လု၏အေးစက်စက်အသံက ခြောက်ထပ်မြောက်ကနေ ထွက်ပေါ်လာသည်။
“ဝမ်လင်း…နင် နောက်ထပ် လောင်းဖို့ ဆန္ဒရှိသေးလား…”
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက နှာခေါင်းရှုံ့ကာ ထိုနတ်ဘုရားအာရုံ ပယ်ဖျက်ခြင်းကို ရပ်လိုက်၏။ သူ့လက်ထဲတွင် အနှီထီးကို ဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။
“နင် ဘယ်လို လောင်းကြေးထပ်ချင်တာလဲ…”
“နင် ရှစ်ထပ်မြောက်ကို မဝင်ရောက်နိုင်ဘူးလို့ ငါ လောင်းမယ်။ နင် ဒီအလောင်းအစားကို လက်ခံရဲလား…”
ယန်လုက လှေကားထစ်များ အောက်ခြေသို့ ရောက်လာ၏။ သို့သော် သူမက မတက်လှမ်းဝံ့ပေ။ သူမက ဝမ်လင်းထံ မော့ကြည့်လိုက်၏။
ဝမ်လင်းက ချက်ခြင်း ပြန်မပြော၊ စဉ်းစားနေသည်။
“နင်ရှုံးရင်…ငါ့ရတနာကို ပြန်ပေးရုံပဲ။ ဒါပေမဲ့ နင် နိုင်ရင်တော့…ငါ…”
ယန်လု၏ စကားမဆုံးခင်မှာပင် ဝမ်လင်းက ကြားဖြတ် ပြောလိုက်၏။
“ငါ နင်နဲ့ ဘာကြောင့် ဆက်လောင်းသင့်တာလဲ…” ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ စိတ်ဝိညာဉ်ခန္ဓာကိုယ် သုံးဆယ်ပင် မပြည့်သော ခုနစ်ထပ်မြောက်ထံ လှမ်းလျှောက်ဝင်သည်။
“ဝမ်လင်း…နင် အနိုင်ရခဲ့ရင် ငါ ဒီရတနာ နင့်ကို ပေးမယ်…”
ယန်လုက သူမ၏လက်ကို ဝေ့ယမ်းလိုက်ရာ ခရမ်းရောင်ဘူးသီးခြောက်ငယ်တစ်ခု ပေါ်လာ၏။
ထိုဘူးသီးခြောက် ပေါ်လာသည်နှင့် စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းများ ၎င်းထံမှ ထွက်ပေါ်လာသည်။
“ဒီရတနာဟာ ကိုးယောက်မြောက်ဘိုးဘေး၊ လောယွမ်ဟိုင်ရှိကပဲ။ ငါ မထင်မှတ်ဘဲ ဒါကို ရှာတွေ့ခဲ့တာ။ သူက ဒီဘူးသီးခြောက်ထဲမှာ တာအိုစိတ်ဝိညာဉ်တစ်ဘီလီယံ စုစည်းထားခဲ့တယ်။ အခု ဒီဘူးသီးခြောက်က ပျက်စီးနေခဲ့ပြီ။ ဒါပေမဲ့ အတွင်းမှာ တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ် ရှိနေတုန်းပဲ။ ဒါကို တကြိမ်ပဲ အသုံးပြုနိုင်တယ် ဆိုပေမဲ့ လေဟာနယ်အတိဒုက္ခအလယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ ညီမျှတဲ့စွမ်းအားကို ထုတ်ဖော်နိုင်တယ်…”
“ဒီရတနာကြောင့် ငါဟာ ဝိညာဉ်စိတ်ကူးမူလမန္တာန်နဲ့အတူ ကိုးယောက်မြောက်ဘိုးဘေးကို ဆင့်ခေါ်နိုင်ခဲ့တာ။ ဒါနဲ့ဆိုရင် နင်လည်း ဝိညာဉ်စိတ်ကူးမန္တာန်နဲ့ဆို ကိုးယောက်မြောက်ဘိုးဘေးကို ဆင့်ခေါ်နိုင်လိမ့်မယ်…”
“နင် ရှစ်ထပ်မြောက်ကို ဝင်ရောက်နိုင်တာနဲ့ဒါကို ရမယ်။ နင် လောင်းချင်လား…”
ယန်လု၏အသံမှာ ထက်ရှနေ၏။
ဝမ်လင်းသည် သူ့ခြေလှမ်းကို ရပ်လိုက်၏။ သူက ခြောက်ထပ်မြောက်မှ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းများကို ခံစားမိသည်။ ခုလက်ရှိ၌ သူ့ထံတွင် ရတနာများ ကင်းမဲ့နေပေသည်။ သူသာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ခြေကုပ်လိုချင်ပါက သူ၏ကိုယ်ပိုင်ခွန်အားအပြင် ရတနာများကလည်း သော့ချက်တစ်ခု ဖြစ်သည်။
“ငါသာ ဒါကို ရလိုက်ရင် လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတွေကို ချိန်းခြောက်နိုင်တဲ့ ဝှက်ဖဲတစ်ခု ရလာနိုင်ပြီ…”
ဝမ်လင်းသည် စဉ်းစားနေရင်း သူ၏အကြည့်က ရှစ်ထပ်မြောက်ထံ ဦးတည်သော လှေကားထစ်များထံ ရောက်ရှိသွားသည်။
ထိုလှေကားများပေါ်ရှိ ဖုန်များက ပို၍ပင် ထူနေသေးသည်။ ယင်းလှေကားများပေါ်သို့ တစုံတယောက် မတက်လှမ်းတာ အချိန်အတော်ကြာခဲ့ပြီမှန်း ထင်ရှားသည်။
ဝမ်လင်းက ခုနစ်ထပ်မြောက်ရှိ စိတ်ဝိညာဉ်ခန္ဓာကိုယ်များထံ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ ပိုမို ပြည့်စုံသော ဝိညာဉ်စိတ်ကူးမူလနှင့် အလွှာလိုက်ပုံရိပ်ယောင်မန္တာန်တို့ သည်အထပ်၌ ရှိနေပေသည်။ သို့ပေမည့် ရှစ်ထပ်မြောက်တွင် ထိုထက် ပိုမိုပြည့်စုံသော မန္တာန်များက ရှိနေပြန်သည်။
“ငါသာ လေဟာနယ်အတွင်းက ငါ့ကိုယ်ပွားရဲ့ စွမ်းအားကို အသုံးမပြုရင် ရှစ်ထပ်မြောက်ကို တက်လှမ်းဖို့ အလွန်ခက်လိမ့်မယ်…”
ဝမ်လင်းသည် လေဟာနယ်အတွင်းရှိ သူ့ကိုယ်ပွားထံ ဖြည်းဖြည်းချင်း အာရုံခံကာ ဆိုးကျိုးနှင့်ကောင်းကျိုးကို ချိန်ဆနေရင်း မျက်မှောင်ကြုတ်နေ၏။
ယန်လုကတော့ ခြောက်ထပ်မြောက်မှာ ဝမ်လင်း၏အဖြေကို စောင့်နေသည်။ သူမသည် အနည်းငယ် ပူပန်နေ၏။ သူမက ဝမ်လင်း သဘောမတူမည်၊ သို့မဟုတ် သဘောလူခဲ့လျှင်လည်း သူ့ထံ၌ ရှစ်ထပ်မြောက်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်း ရှိနေမည့်အပေါ် စိုးရိမ်နေသည်။
“ဒါ မဖြစ်နိုင်လောက်ဘူး။ ဒီထီးဟာ ငါ့အတွက် အများကြီး အသုံးတည့်တယ်။ ငါဟာ သူ ဒါကို အလွယ်တကူ ယူသွားမှာကို ခွင့်မပြုပေးနိုင်ဘူး။ ရှစ်ထပ်မြောက်….အဲ့မှာ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဆန္ဒအား ပါဝင်နေတယ်။ ဝမ်လင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ခုနစ်ထပ်မြောက်ကို တက်လှမ်းခဲ့တဲ့အပေါ်မှာ သူ ဒဏ်ရာရသွားခဲ့မှာပဲ။ သူ ရှစ်ထပ်မြောက်ကို လုံးဝ တက်နိုင်လိမ့်မှာ မဟုတ်ဘူး…”
ယန်လုသည် ထိုကိစ္စအပေါ် ပူပန်တကြီး စဉ်းစားနေစဉ် ဝမ်လင်း၏စကားသံ ခုနစ်ထပ်မြောက်ထံမှ ထွက်ပေါ်လာသည်။
“နင် လောင်းချင်မှတော့…လောင်းကြတာပေါ့…” ဝမ်လင်း၏စကားလုံးတို့မှာ ပြတ်သားပေ၏။ သည်တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ်နှင့် ပြည့်နေသော ဘူးသီးခြောက်မှာ သူ ရရမည့်အရာတစ်ခုပင်။ သူက သူ့ကိုယ်ပွားကို စစ်ဆေးကြည့်သည့်အခါ၌ သူ့ကိုယ်ပွား၏ ကြီးပြင်းတိုးတက်မှုက သူ မျှော်လင့်ထားသည်ထက် ပိုမြန်နေ၏။ ၎င်းထံမှ စွမ်းအားအချို့ ပို့လွှတ်ပေးလျှင်ပင် ၎င်းကိုယ်ပွားအတွက် များများစားစား သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။
ထိုသို့ စဉ်းစားဆုံးဖြတ်ပြီးနောက် ဝမ်လင်းက သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်၏။
ယန်လုက ဝမ်လင်း၏စကားတို့ကို ကြားသည့်အခါ သူမက နောင်တရမိသလို ခံစားမိလာသည်။ သူမက ဘာကြောင့် ထိုသို့ ခံစားမိသည်ကို မသိပေ။ သို့သော် ဝမ်လင်း၏ စကားထဲရှိ ပြတ်သားမှုက သူမကို လန့်မိစေ၏။
“ဒါဟာ…” ယန်လု၏မျက်လုံးထဲ၌ တွေဝေမှုတို့ ရှိလာသည်။
“နင် မလောင်းရဲဘူးလား။ နင် မလောင်းရဲရင်လည်း ထားလိုက်တော့။ ဒီအပြာရောင်ထီးပေါ်က နတ်ဘုရားအာရုံကို ပယ်ဖျက်တဲ့အတွက် ငါ့ကိုတော့ အပြစ်လာမတင်နဲ့…”
ဝမ်လင်းက ပြုံး၍ သူ့ညာလက်ထဲတွင် ထီးကို ကိုင်ထားသည်။ သူက ဘယ်လက်ကို မြှောက်ကာ ၎င်းပေါ်ရှိ ယန်လု၏နတ်ဘုရားအာရုံကို ပယ်ဖျက်ရန် ဟန်ပြင်လိုက်သည်။
“ကောင်းပြီ။ ငါ နင်နဲ့လောင်းမယ်။ နင် ရှစ်ထပ်မြောက်ကို ဝင်ရောက်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး…”
ယန်လုက အံတင်းတင်းကြိတ်လိုက်၏။
ဝမ်လင်းသည် ရယ်မောကာ ရှစ်ထပ်မြောက်လှေကားထစ်များထံ ဦးတည်လှမ်းလာသည်။ ဝမ်လင်း၏စိတ်နှင့် လေဟာနယ်ရှိ ကိုယ်ပွားတို့ကြား ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုချိတ်ဆက်မှုက မဟာစိတ်ဝိညာဉ်ကလန်၏ မရေမတွက်နိုင်သော အတားအဆီးများ၊ ဒီဝိညာဉ်ကျမ်းစာအဆောက်အဦအတွင်းရှိ အတားအဆီးများကိုပါ လစ်လျူရှုထားနိုင်၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသပင် ကိုယ်ပွားထံမှ စွမ်းအား သူ့ထံ မြင့်တက်လာခြင်းကို ရပ်တန့်နိုင်ခြင်း မရှိလေပေ။
ဝမ်လင်း၏မျက်လုံးတို့မှာ တလက်လက် ဖြစ်လာ၏။ သူက ခြေခုနစ်လှမ်းအတွင်း ရှစ်ထပ်မြောက်ထံ ဦးတည်သော လှေကားထစ်များထံ ရောက်လာ၏။ ခြေတလှမ်းလှမ်းကာ သူက ရှေ့သို့ လျှောက်သည်။
“ယန်လု…သေချာကြည့်နေ…”
ဝမ်လင်းက လှေကားထစ်များပေါ်သို့ ခြေချလိုက်သည့်အခါ၌ အပြင်ဘက်ရှိ ကျင့်ကြံသူများသည် လူစုခွဲကြတော့မည် ဖြစ်၏။ သို့သော် သူတို့၏ စိတ်နှလုံးများသည် တုန်ယင်ကုန်ကာ အပေါ်သို့ မော့ကြည့်မိကြသည်။ မွန်းစတားအိုကြီးများ၏ အမူအရာများသည်ပင် ပြောင်းလဲသွားသည်။
မဟာစိတ်ဝိညာဉ်ကလန်၏ ကောင်းကင်ထက်မှ ပုံရိပ်ယောင်လှေကားထစ်သည် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်၏။ သို့ပေမည့် ဒီအခိုက်တွင် ပိုမိုကြီးမား တောက်သော လှေကားထစ်အစုအဝေးက ရုတ်ချည်း ပေါ်လာချေသည်။
ထိုလှေကားထစ်များမှာ ဝိညာဉ်ကျမ်းစာ အဆောက်အဦ၏ ရှစ်ထပ်မြောက်ထံ ဦးတည်ပေသည်။
ဝမ်လင်း၏ပုံရိပ်က ထိုလှေကားထစ်များပေါ်တွင် ထပ်မံ ပေါ်လာသည်။ သူ၏ဆံဖြူပုံရိပ်က လူတိုင်း၏စိတ်ကို လှုပ်ခတ်စေလေသည်။
“သူ…သူ တကယ်ပဲ ရှစ်ထပ်မြောက်ရှိ ဦးတည်သွားချင်နေတာပဲ…”
“ဒါဟာ နှစ်ပေါင်းရာချီအတွင်းမှာတောင် မြင်ရခဲတဲ့အရာပဲ။ တစုံတယောက်က ခုနစ်ထပ်နဲ့ ရှစ်ထပ်မြောက်ကို တခါတည်း ဝင်ရောက်ဖို့ ကြိုးစားနေတာကို ငါ တကယ် မြင်နေရပြီ…”
တံခါးပိတ်ကျင့်ကြံနေသော အကြီးအကဲများသည် အလေးအနက်အသွင်ဖြင့် လှမ်းကြည့်လာကြ၏။ အစိမ်းရောင်ကောင်းကင်တောင်ထွတ်ပေါ်ရှိ အရှင်ကုန်းနျန်သည်ပင် တည်တည်ငြိမ်ငြိမ် ဆက်မနေနိုင်တော့ပေ။ သူလည်း ထရပ်လာပြီး သူ့အမူအရာမှာ ဆက်တိုက်ပြောင်းလဲနေ၏။ သူက သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဆက်လက် မဖုံးကွယ်ထားနိုင်တော့ပေ။
“သူ ရှစ်ထပ်မြောက်ကို သွားတော့မှာ။ သုံးနှစ်အတွင်း ခုနစ်ထပ်မြောက်ကို ဝင်ရောက်နိုင်မယ်ဆိုတဲ့ ရှေ့ဖြစ်ဟောချက်ထက် စောဖြစ်ခဲ့ပြီးပြီး။ ဒါပေမဲ့ နှစ်သုံးဆယ်အတွင်းထက် စောပြီး ရှစ်ထပ်မြောက်ကို ဝင်ရောက်နိုင်ခဲ့ရင်တော့…”
ဘိုးဘေးအရှင်ကုန်းနျန်က ဤသည်မှာ မဟာစိတ်ဝိညာဉ်ကလန်အတွက် ကောင်း၏လား၊ဆိုး၏လားကို မသိတော့ပေ။ သို့ပေမည့် ပထမမျိုးဆက်ဘိုးဘေး၏ ရှေ့ဖြစ်ဟောချက်ကနေ သွေဖယ်မှုက သူ့ကို မလွယ်ကူမှုကို ခံစားမိစေသည်။
ခြောက်ထပ်မြောက်တွင် ယန်လုက ခုနစ်ထပ်မြောက်သို့ မဝင်ရောက်နိုင်၍ ထိုနေရာရှိ ပြောင်းလဲမှုများကိုလည်း မမြင်ပေ။ သူမ၏နတ်ဘုရားအာရုံဖြင့်ပင် မဝင်ရောက်နိုင်ပေ။ သို့သော် သူမ၏ကျင့်ကြံမှုအဆင့်ဖြင့် ကိုယ်ပိုင်နည်းလမ်းများ ရှိထား၏။
ယန်လုကို ပေးခဲ့သော တောင်ထွတ်အသစ်၌ သူမ၏တပည့်များထဲမှ တစ်ယောက်က ကောင်းကင်ထက်ကို တုန်လှုပ်စွာ ကြည့်နေ၏။ ထိုတပည့်မ၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ ရုတ်တရက် သူမ၏မျက်လုံးထဲရှိ အာရုံစိုက်နေမှု ကင်းပျောက်ကာ သတ်ဖြတ်လိုစိတ် အစားထိုး ဝင်လာသည်။ သည်အခိုက်တွင် အမျိုးသမီးတပည့်၏ စိတ်ဝိညာဉ်မှာ ဖိနှိပ်ခံရပြီး တောင်ပေါ်တွင် ချန်ခဲ့သော ယန်လု၏နတ်ဘုရားအာရုံက ထိုတပည့်မ၏ မျက်လုံးတို့ကို ယန်လု၏မျက်လုံးများအဖြစ် ပြောင်းလဲစေသည်။