ဆန်းလျန်တရားဟောပြောခြင်း
Vol. 7 Ch. 642
ကျင့်ကြံသူများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြစဉ်မှာပင်…
ကောင်းကင် တစ်ခုလုံးတွင် အဝါရောင် တိမ်တိုက်များဖြင့် ထူထပ်ပြည့်နှက် လာပြန်လေသည်။
အဝါရောင် တိမ်တိုက်များမှ ထွက်ပေါ်နေသည့် တန်ခိုး စွမ်းအားများသည် ဖားဟိုင်ဆရာတော်နှင့် မတိမ်းမယိမ်းပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နောက်ဆုံးသော နတ်ဘုရားတစ်ပါး ဖြစ်နေသောကြောင့်ပင်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် ဆန်းကျန်းရန် နတ်ဘုရားကြောင့် တစ်ချိန်က ပျက်စီးခဲ့ရလေသည်။ သို့သော် ဆန်းကျန်းရန် နတ်ဘုရားသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဂိုဏ်းသားများ အကုန်လုံးကို သုတ်သင် ရှင်းလင်းပစ်ခဲ့ခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ… ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရားတစ်ပါးသည် ချင်းရွှမ်နတ်တံခါးကို လာရောက်ရဲသည်မှာ အလွန်မှ သတ္တိကောင်းရာ ရောက်လေသည်။
ထိုက်ယီ တောင်ထိပ်တွင် ရှိနေသည့် ဆန်းလျန်သည် ထိုသူ ရောက်ရှိလာသည်ကို သတိထားလိုက်မိပြီး ဘေးတွင်ရှိနေသည့် ချန်ကျင်းချင်ကို စကားလှမ်းပြော လိုက်လေသည်။
“သူက အကူအညီ တောင်းဖို့လာတာပါ”
ထိုအချိန်မှာပင် တာအိုဆရာ တစ်ယောက်၏ အသံသည် ချင်းရွှမ်နတ်တံခါးတွင် မိုးခြိမ်းသံအလား မြည်ဟည်းထွက် ပေါ်လာလေသည်။
“ဆန်းကျန်းရန်နတ်ဘုရား၊ ကျုပ်သေဖို့ ရောက်လာတာပါ၊ ကျုပ်ကိုသတ်လိုက်ပါတော့…”
ထိုသူ၏စကားသံ မဆုံးခင်မှာပင် စူးရှထက်မြက်လွန်းသည့် ဓားဝိညာဉ်တစ်ခုသည် မြစ်တစ်စင်းအလား ထိုက်ယီတောင်ထိပ်တွင် ထွက်ပေါ်လာလေသည်။ တာအို ဆရာတုန်းဖုန်းသည် ချက်ချင်းပင် ထိုဓားဝိညာဉ် အတွင်းသို့ ဝင်ရောက်သွားပြီး တိတ်ဆိတ် ငြိမ်သက်သွားလေတော့သည်။
ထိုနေ့မှစပြီး…
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကတည်းက အငြိုးအတေး ထားခဲ့သည့် ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ အမျက် ဒေါသနှင့် မကျေနပ်ချက်များမှာလည်း ပျောက်ကွယ် သွားခဲ့လေသည်။ သို့သော် စိတ်မကောင်းစရာ အချက်မှာ တာအို ဆရာတုန်းဖုန်းသည် သေသည်အထိ ဆန်းလျန်နှင့် စကားပြောခွင့် ရမသွားခဲ့ခြင်းပင် ဖြစ်လေသည်။
ချန်ကျင်းချင်က သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား (၅)ပါးလုံးသာ ဤနေရာသို့ ရောက်ရှိလာမည် ဆိုပါက ဆန်းလျန်သည် သူတို့အားလုံးကို လက်ခံတွေ့ဆုံကောင်း တွေ့ဆုံမည် ဖြစ်လေသည်။
ကျင့်ကြံသူများ အားလုံးသည် အဖြစ်အပျက် တစ်ခုလုံးကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလေသည်။
သို့သော်… အဖြစ်အပျက်များမှာ လျင်မြန်လွန်းလှသည့် အတွက် မည်သို့ တုံ့ပြန်ရမည်ပင် မသိနိုင်ကြတော့ပေ။ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိကြလေ၏။
တာအို ဆရာတုန်းဖုန်းသည် လောကနတ်ဘုရား တစ်ပါး ဖြစ်လေသည်။ နှစ်ပေါင်းထောင်ချီ ကြာအောင် ကျင့်ကြံခဲ့သူ တစ်ယောက်ဖြစ်ပြီး တန်ခိုးစွမ်းအားလည်း အလွန်မြင့်မားလေသည်။ သို့သော်… ဆန်းလျန်ကို တွေ့ဆုံခွင့်ပင် မရလိုက်ပဲ အမှုန့်ဖြစ်သွားခဲ့ရလေပြီ။
ဆန်းကျန်းရန် နတ်ဘုရားသည် ရှန်စန်းကျန်းရန်လုကျိုးယွမ်ထက်ပင် သာလွန်သည်ဟု ကောလာဟလများ ပြောနေကြသည်မှာ အမှန်ပင် ဖြစ်နိုင်လေသည်။ ထိုသို့သာဆိုလျှင် လောကပထမဆိုသည့် ဂုဏ်ပုဒ်သည် ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။
အဖြစ်အပျက်များကို မြင်တွေ့လိုက်ရသည့် ဖားဟိုင်ဆရာတော်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေသည်။
ဆန်းလျန်သည် ထိုမျှ တန်ခိုးစွမ်းအား မြင့်မားနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ဖားဟိုင်ဆရာတော် ကိုယ်တိုင်သည်ပင်လျှင် တာအိုဆရာတုန်းဖုန်းထက် အနည်းငယ်မျှသာ သာလွန်သူတစ်ယောက် ဖြစ်လေသည်။ သို့သော်… ဆန်းလျန်၏ မြစ်ရေပြင်အလား ဓားဝိညာဉ်ဖြင့် ထိတွေ့ခဲ့မိပါက သူသည်လည်း တစ်ချက်တည်းဖြင့် လူပြန်ဝင်စား သွားရမည် ဖြစ်လေသည်။
အစပိုင်းတွင် ဖားဟိုင်ဆရာတော်သည် ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို တန်ခိုး စွမ်းအားများကို အကန့်အသတ် တစ်ခုအတွင်းတွင်သာ ဘောင်ခတ်ပြီး ကြည့်ထားခဲ့သည့် အတွက် သိပ်ပြီး အထင်ကြီးမထားခဲ့မိပေ။ သို့သော် ယခုတော့ တစ်ချက်တည်းဖြင့်ပင် ဆန်းလျန်ကို လေးစားသွားရပြီး ဆန်းလျန်သည် ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်သည်ကို လက်ခံ လိုက်လေတော့သည်။
တစ်ချိန်တုန်းကတော့ သူနှင့် ဆန်းလျန်သည် ပြိုင်ဘက်များ ဖြစ်ကောင်း ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော်… ယခုတော့ သူတို့ကြားမှ ကွာဟချက်က အလွန်ကြီးမားခဲ့ပြီ ဖြစ်လေသည်။
ကံကောင်းသည့်အချက်မှာ ဖားဟိုင်ဆရာတော်နှင့် ဆန်းလျန်သည် ဆက်ဆံရေး ကောင်းခဲ့ကြသူများ ဖြစ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် ဆန်းလျန်ထံမှပင် အကြံဉာဏ်များပင် တောင်းနိုင်သေးသည်။
ထို့နောက်တွင်တော့ လောကနတ်ဘုရား (၁၀)ပါးနှင့် ဘုန်းတော်ကြီး (၅)ပါး ထပ်မံ ကြွရောက် လာကြပြန်လေသည်။
ဧည့်သည်တော်များ အားလုံးသည် နာမည်ကြီး ကျင့်ကြံသူများ ဖြစ်ကြလေသည်။
သို့သော် သူတို့အားလုံးက စောစောက ဖြစ်ပျက်ခဲ့သည့် ချင်းရွှမ်နတ်တံခါးနှင့် ကွမ်းချင်းနတ်ဘုရားဂိုဏ်း အကြား မကျေနပ်မှုများနှင့် ပတ်သက်ပြီး နှုတ်ပိတ်နေကြလေသည်။
တာအိုဆရာတုန်းဖုန်း အသေခံသွားခြင်းအားဖြင့် ရန်ငြိုးသည် အဆုံးသတ်သွားခဲ့လေသည်။
ချန်ကျင်းချင်က သူ၏ဆရာ မျက်နှာထွက်ပြရတော့မည့် အချိန်သို့ ရောက်ရှိပြီ ဖြစ်သည်ကို သိရှိလိုက်လေသည်။
ထိုက်ယီတောင်ထိပ်မှ ရွှေရောင် တံတားကြီးသည် ပျောက်ကွယ်သွားလေသည်။
ထူးခြား ဆန်းကြယ်မှုများဖြင့် ဝန်းရံနေပြီး ကျင့်ကြံသူများသည် လေထဲရှိ တိမ်တိုက်ထက်တွင် ခမ်းနား ကျက်သရေရှိစွာဖြင့် အသီးသီး နေရာယူထားကြလေသည်။
နေရာထိုင်ခင်းများမှာ စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ချင်းရွှမ်နတ်တံခါးမှ တာဝန်ရှိသူများ၏ အစီအစဉ်ဖြင့် လူအများကို စနစ်တကျ နေရာချထား ပေးခဲ့လေသည်။
အချို့သော နတ်ဘုရားများကလည်း သူတို့၏ အထူးထိုင်ခုံများကို ယူဆောင်လာကြပြီး သာမန်ကျင့်ကြံသူများ၏ အထက်တွင် ထိုင်နေကြလေသည်။
မကြာမီမှာပင် မိုးကောင်းကင် တေးဂီတသံ ထွက်ပေါ်လာပြီး ကြာပလ္လင်တစ်ခု ပေါ်လာလေသည်။ ဆန်းလျန်သည် ကြာပလ္လင်အလယ်တွင် မတ်တတ်ရပ်နေပြီး သူ့ဘေးတွင်တော့ တာအိုသူငယ်လေး (၂)ယောက် ရှိနေကြလေသည်။
ဆန်းလျန်၏ ခွင့်ပြုချက်ဖြင့် ကျားကျန်သည်လည်း ပရိသတ်များ အလယ်တွင် ရောက်ရှိနေပြီ ဖြစ်လေသည်။
ကျားကျန်၏ ဘေးတွင်တော့ ချောမောလှပသည့် မိန်းမပျိုလေး တစ်ယောက် ရှိနေလေသည်။ သူမသည် သာမန်မဟုတ်သည့် မိသားစုတစ်ခုမှ ဖြစ်ပုံရလေသည်။ သူမသည် ဤနေရာသို့ လာရောက်ခွင့်ရသည်မှာ အလွန်ကံကောင်းသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် သူမသည် ယနေ့အချိန်အခါကို အလွန်တန်ဖိုးထားပြီး အကောင်းဆုံး ကြိုးစားနေခဲ့လေသည်။
သို့သော်… ဆန်းလျန်ကတော့ သူတို့ (၂)ယောက်စလုံးကို အရေးမစိုက်ပါ။
သူက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ့ကို ဂါရဝပြုနေကြသည့် ကျင့်ကြံသူအချို့ကို အနည်းငယ် ခေါင်းညိတ်ကာ အသိအမှတ် ပြုလိုက်လေသည်။ ဆန်းလျန်ကို ကြည့်ရသည်မှာ ယုံကြည်မှု လွန်ကဲနေသည့်ဟန်မရှိ ပါ။
သို့သော်…. တာအိုဆရာတုန်းဖုန်း၏ အဖြစ်အပျက်ကို မြင်တွေ့ခဲ့ကြရသည့် အတွက် ဆန်းလျန်ကို မည်သူမှ မလေးမစား မလုပ်ရဲကြပေ။
ထို့ပြင် ဆန်းကျန်းရန်သည် နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ယောက် မဟုတ်ပါ။ ထို့ကြောင့် လောကဝတ်ကို ထိန်းသိမ်းရန် လိုအပ်လေသည်။
ထို့ပြင် ဆန်းလျန်နှင့် ခင်မင်ခဲ့ကြဖူးသည့် ဖားဟိုင်ဆရာတော်သည် ပင်လျှင် ဆန်းလျန်ကို ဂါရဝပြုနေခဲ့သည် မဟုတ်ပါလား။
ဆန်းလျန်သည် ချက်ချင်းပင် တရားဟောပြောခြင်းကို စတင်လိုက်လေသည်။
သူက တာအိုကျင့်စဉ်လမ်းနှင့် ပတ်သက်သည့် အဆင့် (၉)ဆင့်ဖြစ်သည့် ယန်ချီ၊ ထုန့်မိုက်၊ ချောင်တုန့်၊ ယွင့်ဟွင်၊ ချူးစန်း၊ ရုဟွ၊ ဟိုင်သန်း၊ ပုရွှီး၊ ဖော့ဝမ့်အဆင့်များ အကြောင်းကို ဟောပြောခြင်းမရှိပါ။
သို့သော်… သူက အဆင့်တိုင်း အသေးစိတ် အခြေအနေများကို သေသေချာချာ ရှင်းလင်းပြသ ပေးသွားခဲ့လေသည်။ ပွဲသို့ရောက်ရှိနေကြသည့် ကျင့်ကြံသူအများစုမှာ ချူးစန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။
သို့သော်… ဆန်းလျန်၏ ဟောပြောမှုကို နားထောင်ပြီးသည်နှင့် သူတို့သည် အသေးစိတ်များကို သိရှိခဲ့ကြခြင်း မရှိသည်ကို သဘောပေါက်ခဲ့ ကြရလေသည်။
အခြားဘက်တွင်လည်း ဆန်းလျန်၏ ဟောပြောမှုကို နားထောင်နေကြသည့် နတ်ဘုရားများမှာ သူတို့သည် ကျင့်စဉ်လမ်းကို ပြည့်စုံစွာ ကျင့်ကြံခဲ့ခြင်းမရှိဘဲ အဆင့်တက်ရောက် ခဲ့ကြရသလို ခံစားနေမိကြလေသည်။
မှတ်မိသမျှ ရှေးအချိန်ကာလ တစ်လျှောက်တွင် ကျင့်ကြံခြင်းအဆင့် (၉)ဆင့်အကြောင်းကို ထိုသို့ ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်သူ မည်သူမှ မရှိခဲ့ကြပေ။
နောက်ဆုံးတွင်တော့ ဆန်းလျန်က သူ၏ဟောပြောမှုကို နိဂုံးချုပ်လိုက်ပြီး ကျင့်ကြံသူများကြားတွင် ထိုက်ယီ ထျန်းရှန်းအဆင့်သည် မည်သို့ကွဲပြားကြောင်းကို ပြောပြခဲ့လေသည်။
ဆန်းလျန် ဟောပြော သင်ပြပေးခြင်း မပြီးဆုံးသေးခင်မှာပင် နတ်ဘုရားတစ်ပါးက သူ၏ဘေးမှ မိတ်ဆွေကို စကားလှမ်းပြော လိုက်လေသည်။
“ဒီနေ့ပြီးရင်တော့ ဆန်းကျန်းရန်နတ်ဘုရား ဟောပြောခဲ့တာတွေဟာ ကျမ်းစာတစ်အုပ် ဖြစ်လာပြီး သားစဉ်မြေးဆက် ထိန်းသိမ်းရတဲ့ အရာတွေ ဖြစ်လာတော့မယ်”
သူ့စကားကို အခြားသော နတ်ဘုရားများလည်း ကြားလိုက်ကြရလေသည်။
ဆန်းလျန်သည် သူ၏အယူဝါဒကို ဟောပြောနေစဉ်တွင် ဗုဒ္ဓဘာသာမှ နှလုံးသား စည်းတံဆိပ် တန်ခိုးစွမ်းအားကို အသုံးပြုခဲ့လေသည်။
ထို့ကြောင့် ပရိသတ်များ အားလုံးသည် သူဟောပြောသည့် စကားတိုင်းကို ရှင်းလင်းစွာမှတ်မိနိုင်မည် ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် ကျင့်စဉ်လမ်း အဆင့်တက်သည့် အချိန်တွင် ဆန်းလျန် သင်ပြပေးသည်ကို သတိတရရှိနေပြီး အတွေ့အကြုံကောင်းကို ဖော်ထုတ်နိုင်မည် ဖြစ်လေသည်။
ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး (၃)ပါးမှာလည်း ဆန်းလျန်ကို အလွန်လေးစား နေမိကြလေသည်။ ဟွေခဲ့ဆရာတော်ကြီးက ဆန်းလျန်သည် ပါရမီရှင်တစ်ယောက် ဖြစ်သည်ဟု ပြောသည်မှာ အပိုပြောခြင်း မဟုတ်သည်ကို သိရှိခဲ့ကြရပြီ။
အရှေ့ဆီမှ နေထွက်လာသည့် အချိန်တွင်တော့ ဆန်းလျန်၏ တရားဟောပြောမှုသည် ပြီးဆုံးသွားခဲ့လေသည်။
ဆန်းလျန်သည် ကျင့်ကြံခြင်းအဆင့် (၉)ဆင့်ကို အသေးစိတ်ပြောပြနေခဲ့ခြင်း ဖြစ်သော်လည်း ထိုအကြောင်းအရာများသည် အသက်ရှည်ခြင်း လမ်းစဉ်ကို သွယ်ဝိုက် ပြောပြနေခြင်းပင် ဖြစ်လေသည်။
ထို့နောက်တွင်တော့ ဆန်းလျန်၏ဘေးနားမှ မိန်းကလေးငယ်က ဆရာဘိုးဘိုး၏ ခွင့်ပြုချက်ဖြင့် ကြေညာလိုက်လေသည်။
“ကျွန်မတို့ ဆရာဘိုးဘိုးက တာအိုကျင့်ကြံသူ မိတ်ဆွေများ မေးစရာရှိတယ်ဆိုရင် မေးခွန်းမေးဖို့ အခွင့်ပေးပါတယ်၊ မေးစရာများရှိရင် ပြင်ဆင်ထားကြပါ၊ ရွေးချယ် ခံထားရသူတွေဟာ သူတို့ရဲ့ပုံရိပ်တွေလေထဲမှာ ပေါ်လာတာကို မြင်တွေ့ကြရပါလိမ့်မယ်”
ပရိသတ်များမှာ စိတ်လှုပ်ရှားနေကြလေသည်။
အချိန်အတန်ကြာပြီးနောက် ကျင့်ကြံသူတစ်ဦး၏ ပုံရိပ်သည် လေထဲတွင် ပေါ်လာလေသည်။ ထိုင်နေကြသည့်နေရာ အသီးသီးမှ ကျင့်ကြံသူများသည် ထိုသူ၏ပုံကို မြင်တွေ့နိုင်လေသည်။
ကျင့်ကြံသူများမှာ အနည်းငယ် စိတ်လှုပ်ရှား သွားကြသော်လည်း ချက်ချင်းပင် တည်ငြိမ်အောင် ကြိုးစား လိုက်ကြလေသည်။
ထိုသူက မေးခွန်း မေးလိုက်လေသည်။
“ဆန်းကျန်းရန်နတ်ဘုရား၊ ဖန်ဆင်းရှင်ဟာ လုံ့လ ဝီရိယရှိတဲ့သူတွေကို ဆုချတယ်ဆိုတဲ့ စကားရှိတယ်၊ ဒါပေမဲ့ အချို့သူတွေက အရမ်းကြိုးစားပြီး ကျင့်ကြံကြပေမဲ့ တိုးတက်မှုက နည်းနည်းပဲ ရကြတယ်၊ အချို့ကတော့ မကြိုးစားပေမဲ့လည်း ခပ်မြန်မြန် အဆင့်တက်သွားကြတယ်၊ အဲဒါ ဘာများဖြစ်လို့ပါလဲ”
မေးမြန်းသူမှာ အသက်(၅၀)ရှိပြီ ဖြစ်သည့်တိုင် ချူးစန်းအဆင့်သာ ရောက်ရှိသေးသူ တစ်ယောက် ဖြစ်လေသည်။
အချို့သူများဆိုလျှင် အသက် (၂၀)လောက် ဆိုလျှင် ချူးစန်းအဆင့် တက်လှမ်းနိုင်ကြပြီ ဖြစ်လေသည်။ ထို့ကြောင့် ထိုကျင့်ကြံသူမှာ စိတ်မသက်မသာ ခံစားနေရလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“လူတစ်ယောက်က ဟွေခဲ့ဆရာတော်ကြီးကို ‘ဘုန်းတော်ကြီးတွေ တရားအားထုတ်သလား’ လို့မေးတော့ ဆရာတော်က ‘တရားအားထုတ်တယ်’ လို့ ပြန်ဖြေခဲ့တယ်၊ အဲဒါနဲ့ အဲဒီလူက ဆက်မေးတယ် ‘ဘယ်လို တရားအားထုတ်သလဲ’ တဲ့၊ ဆရာတော်က ‘စားရမယ့်အချိန်မှာ စားပြီး အိပ်ရမယ့်အချိန်မှာ အိပ်တယ်’ လို့ ပြန်ဖြေခဲ့တယ်၊ အဲဒါနဲ့ အဲဒီလူက ဆက်မေးတယ် ‘သာမန်လူတွေဆိုရင်လည်း စားရမယ့်အချိန်စားပြီး အိပ်ရမယ့်အချိန် အိပ်ကြတာပဲ၊ ဒီလိုသာဆိုရင် သာမန်လူတွေနဲ့ ဘုန်းတော်ကြီးတွေ ဘာများ ခြားနားဦးမှာလဲ’ လို့ ထပ်မေးတယ်၊ ဟွေခဲ့ဆရာတော်က ‘မတူဘူး’ လို့ ပြန်ဖြေတယ်၊ ‘ဘာမတူတာလဲ’ လို့ မေးတဲ့သူက ဆက်မေးတယ်၊ ဆရာတော်က ရှင်းပြတယ် ‘စားရမယ့်အချိန်မှာ သာမန်လူသားတွေက မစားဘဲနဲ့ အခြားသူတွေရဲ့ အတင်းအဖျင်း တွေကို ဆိုကြတယ်၊ အိပ်ရမယ့်အချိန်မှာ မအိပ်ဘဲနဲ့ တောင်တွေးမြောက်တွေးတွေ တွေးနေကြတယ်၊ အဲဒါက ခြားနားချက်ပဲ’ တဲ့”
ဆန်းလျန်၏ စကားကိုကြားသည်နှင့် ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီး (၃)ပါးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။
ဆန်းလျန်၏စကားသည် ဟွေခဲ့ဆရာတော်ကို ရည်ညွှန်း ပြောသွားသော်လည်း ကျင့်ကြံခြင်း အနှစ်သာရများဖြင့် ပြည့်ဝလျက် ရှိလေတော့သည်။
****