ကိုယ်ပွား၏ ဖိနှိပ်မှု
Vol. 137 Ch. 1889
ကောင်းကင်နှင့်မြေကြီးသည် တုန်ဟည်းကာ ဧရာမလှေကားထစ်များက မိုးကောင်းကင်ထိ ဦးတည်လေသလား ထင်မှတ်ရသည်။ ဝမ်လင်းက ထိုလှေကားထစ်အစု၏ ပထမဆုံးလှေကားထစ်ပေါ်၌ ကောင်းကင်ဘုံနတ်ဘုရားတပါးအလား ရပ်နေသည်။ သူ၏ ဆံပင်ဖြူတို့က တလွင့်လွင့်၊ သူ့ထံမှ ထည်ဝါမှုကို ပေးစွမ်းလျက်။
သူက ခေါင်းငုံ့ကာ မြေပြင်ထက်သို့ ဝေ့ခတ်ကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်က ယန်လု၏နတ်ဘုရားအာရုံဖြင့် သိမ်းပိုက်စိုးမိုးထားသော သူ့တပည့်ရှိနေသော တောင်ထွတ်ပေါ်သို့ ကျရောက်သွား၏။ ထိုတပည့်မ၏ ခန္ဓာကိုယ်မှာ တုန်ယင်ကာ တုန်လှုပ်ဟန် လှစ်ဟပေါ်၏။ ယန်လုက သူမ၏နတ်ဘုရားအာရုံမှာ ထိုတပည့်မထံမှ လွင့်ကန်ထွက်တော့မတတ် ခံစားမိလိုက်ရသည်။
ဝမ်လင်း၏အကြည့်သာ နောက်ထပ် အချိန်အနည်းငယ် ထပ်ရှိနေပါက သူမ၏နတ်ဘုရားအာရုံမှာ လွင့်စင်ထွက်သွားနိုင်လောက်သည်။
သူမက ခုလိုမျိုး ခံစားချက်ကို အရင်က လုံးဝ မခံစားမိခဲ့ဖူးပေ။ ဘိုးဘေးကုန်းနျန်က ထိုသို့ လုပ်နိုင်သော်ငြားလည်း အခု ဝမ်လင်းကို ဤသို့ ခံစားမိစေသော အော်ရာကမူ ကွာခြားပေ၏။
ထိုအခိုက်တွင် ယန်လု၏အမြင်အရ သည်ဝမ်လင်းမှာ သူမနှင့် တွေ့ဆုံဖူးသော ဝမ်လင်း မဟုတ်လေတော့သည့်အလား။
ထိုခံစားမှုက သိသိသာသာ ကွဲပြားနေ၏။ အမှန်ကတကယ်ပင် သူတို့နှစ်ယောက်က တူညီသောလူတစ်ယောက်သာ ဖြစ်သော်လည်း သူတို့ယူဆောင်လာသော တုန်လှုပ်မှုကမူ ကွာခြားနေ၏။
သူမ တစ်ယောက်သာ ထိုသို့ တုန်လှုပ်သွားတာ မဟုတ်ပေ။ ဝမ်လင်း၏အကြည့်နှင့် ဆုံသော ကျင့်ကြံသူတိုင်း၏စိတ်မှာ တုန်ဟည်းသွားကာ နောက်ဆုတ်မိကုန်သည်။ သူတို့သည် သူတို့၏မူလစိတ်ဝိညာဉ်ထံမှ ကြောက်ရွှံ့မှုကို ခံစားမိသည်။
မည်သည့်ကျင့်ကြံမှုအဆင့်ဖြစ်စေ၊ အဆင့်နိမ့်တပည့်များမှသည် အကြီးအကဲများထိ မွန်းစတားအိုကြီးများအပါအဝင် ဤသို့ တူညီစွာ ခံစားရသည်သာ။ သူတို့၏ မူလစိတ်ဝိညာဉ်က သူတို့၏ခန္ဓာကိုယ်များကနေ ခွဲထွက်လေတော့မည့်အလား ခံစားမိကြခြင်းပင်။
ထိုသို့ဖြစ်ရခြင်းမှာ ဝမ်လင်း၏ ကြောက်မက်ဖွယ်အကြည့်ကြောင့်ပင်။
အစိမ်းရောင်ကောင်းကင်တောင်ထွတ်ပေါ်ရှိ ဘိုးဘေးကုန်းနျန်လည်း ရှိသေး၏။ ဝမ်လင်းက ယန်လုကို ကြည့်လိုက်ပြီးနောက် သူက ချက်ခြင်းပင် နေရာတစ်ခုထံ လှမ်းကြည့်သည်။ အရှင်ကုန်းနျန်နှင့် ဝမ်လင်း၏အကြည့်တို့ တွေ့ဆုံသည့်အခါ အရှင်ကုန်းနျန်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်လာကာ သူ့နောက်မှ အစိမ်းရောင်အခိုးအငွေ့တို့ ထွက်ပေါ်လာပြီး သူ့အနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းသည်။
ဝမ်လင်း၏အကြည့်က မကြာမီ ပျောက်ကွယ်သွားသည်။ သို့သော် အရှင်ကုန်းနျန်က သူ့စိတ်ထဲ၌ တုန်ယင်နေမှုကို ခံစားနေရတုန်းပင်။ သူ၏မျက်လုံးထဲ၌ တုန်လှုပ်မှု ပြည့်နေ၏။ ထိုအကြည့်က ရက်စက်ကာ မထူးခြားနား နိုင်လှသည်။ လောကတစ်ခုလုံး သူ့ခြေအောက်တွင် ရှိကာ သူ့အား ပူဇော်သမှု ပြုသင့်စေသည့်အလား။
အရှင်ကုန်းနျန်သည် ရှေးနိုင်ငံများ၏ တော်ဝင်မြို့တော်များသို့ မရောက်ခဲ့ဖူးပေ။ သူသာ ရှေးဘိုးဘေး၏ မျှော်စင်တမျှ မြင့်မားသော ရုပ်တုကြီးကိုသာ တွေ့မြင်ခဲ့ဖူးပါက အလားတူခံစားမှုမျိုးကို ရပေလိမ့်မည်။
ကောင်းကင်ထက်ရှိ ဝမ်လင်း၏ကြီးမားသောအရိပ်ထံမှ အော်ရာက ရှေးဘိုးဘေး၏အော်ရာနှင့် တုန်လှုပ်ဖွယ်ကောင်းစွာ အလားသဏ္ဍာန်တူနေ၏။ သို့သော် အသေးစိတ်ဆိုပါက မတူညီမှုအချို့ ရှိသည်။
“ဒါ…ဒါ…သူ ဘယ်လိုဖြစ်နေတာလဲ။ ဒီလူဟာ ကျိန်းသေပေါက် ဝမ်လင်း မဟုတ်ဘူး။ သူ ဘယ်သူလဲ…” အရှင်ကုန်းနျန်၏ မျက်နှာမှာ ဖြူရောနေ၏။ သူသည် လှိုဏ်ဂူထဲမှ အလျင်စလို ထွက်လာသည်။ သူက အပြင်ဘက်တွင် ရပ်၍ သူ့အမူအရာမှာ အလေးအနက် ဖြစ်နေသည်။
ကောင်းကင်ထက်၌ ဝမ်လင်း၏ဧရာမအရိပ်က သူ၏အကြည့်ကို ပြန်ရုတ်သိမ်းကာ မျက်လုံးမှိတ်လိုက်၏။ အရှင်ကုန်းနျန်သည် ဝမ်လင်း၏ လျှို့ဝှက်ချက်ကို မသိသလို သူ့ကို ထိတ်လန့်စေခဲ့သောသူမှာလည်း ဝမ်လင်းသည်ပင် ဖြစ်သည်ကိုလည်း မသိနေပေ။ သို့ပေမည့် လူတိုင်းကို အခုလိုထိတ်လန့်သွားစေသော အော်ရာက ဝမ်လင်း၏ကိုယ်ပွားထံမှ လာခြင်းပင်။
ဝမ်လင်း မျက်လုံးမှိတ်လိုက်သည့်အခိုက် သူက ခြေပင့်မြှောက်ကာ တည်ငြိမ်စွာ လှမ်း၏။ သူ ခြေလှမ်းလိုက်ချိန်၌ ကျယ်လောင်စွာတုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ပုံရိပ်ယောင်လှေကားထစ်များ တုန်ခါကုန်၏။ ၎င်းတို့က ဝမ်လင်း၏ ခြေလှမ်းကို မခံနိုင်လေသည့်အလား။
ဝမ်လင်း၏ခြေလှမ်းကား ဝေးကွာလှသော လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည့်နှယ်။ ဒီဝိညာဉ်ကျမ်းစာအဆောက်အဦ မဆိုနှင့်ဦး၊ မဟာစိတ်ဝိညာဉ်ကလန် သို့မဟုတ် ကောင်းကင်ဘုံနွားထီးကုန်းမြေတစ်ခုလုံးပင် ဒီခြေလှမ်းကို မခံနိုင်လောက်ဟု ခံစားမှုကို ပေးလေ၏။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည့်အခါ ဝမ်လင်းက နောက်ထပ် ခြေလှမ်း၏။ သူသည် မရပ်တန့်သလို အလျင်စလိုလည်း မဖြစ်ပေ။ သူက အလွန်တည်ငြိမ်စွာပင် ခြေလှမ်းတက်လာခဲ့သည်။
သုံးလှမ်းမြောက်၊ လေးလှမ်းမြောက်၊ ငါးလှမ်းမြောက်။ မဟာစိတ်ဝိညာဉ်ကလန်၏ လူတိုင်း ငြိမ်သက်စွာ ကြည့်နေသည့်အောက်မှာပင် ဝမ်လင်းက တည်တည်ငြိမ်ငြိမ် ခြေလှမ်းဆယ့်ငါးလှမ်း လှမ်းလာခဲ့လေပြီ။
သူက တစ်စက်လေးမျှ မရပ်တန့်ဘဲ လှမ်းတက်လာခြင်း ဖြစ်၏။ လှေကားထစ်များပေါ်ရှိ အတားအဆီးများက သူ့အတွက် ပမွှား ဖြစ်နေသည့်အလား။
ထိုမြင်ကွင်းက မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်များကို ဖြူရောစေကုန်သည်။ တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုကြီးများကိုပါ တုန်လှုပ်စေ၏။ ဘိုးဘေးအရှင်ကုန်းနျန်သည်ပင် ပင့်သက်ရှိုက်မိသည်။
တပည့်မ၏ခန္ဓာကိုယ်အတွင်းရှိ ယန်လု၏နတ်ဘုရားအာရုံမှာ လှုပ်ခါနေကော ထိန်းချုပ်မှု လွတ်ထွက်မတတ် ဖြစ်၏။ သူမက သွေးတစက်စက်ကျသည့်အထိ လက်သီးတင်းတင်းဆုပ်မိသည်။
မျက်လုံးမှိတ်ကာ ဝမ်လင်း ခြေလှမ်းစဉ်၌ လောကမှာ တုန်ဟည်း၏။ သူက ဆယ့်ခြောက်လှမ်းမြောက်၊ ဆယ့်ခုနစ်လှမ်းမြောက် လှမ်း၏။ ဆယ့်ရှစ်လှမ်းမြောက်တွင် သူသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။
ပြင်းထန်လွန်းလှသော ဖိအားက သူ၏မျက်လုံးထံမှ ပျံ့နှံ့လာကာ အောက်ဘက်ရှိ မြေပြင်ထုထံ ခြုံလွှမ်းသည်။ သူ့ကို တွေ့မြင်သောလူတိုင်းမှာ ခေါင်းငုံ့သွားကြကာ သူနှင့် အကြည့်ချင်း မဆုံဝံ့ကြချေ။
“ယန်လု…ငါ နိုင်သွားပြီ…” တည်ငြိမ်သောအသံက ဝမ်လင်းရှေ့ရှိ လောကတွင် ပဲ့တင်ထပ်လာ၏။ သူက နောက်ဆုံးခြေလှမ်းကို လှမ်း၍ ဆယ့်ကိုးလှမ်းမြောက်ကို ခြေချသည်။ သူသည် ဝိညာဉ်ကျမ်းစာအဆောက်အဦ၏ ရှစ်ထပ်မြောက်သို့ ရောက်သွားခဲ့လေပြီ။
သူ၏စကားသံ ပဲ့တင်ထပ်လာသည့်အခိုက် ယန်လု၏နတ်ဘုရားအာရုံ စိုးမိုးထားသော တပည့်မ၏ခန္ဓာကိုယ်မှာ တုန်ယင်၏။ သူမ၏နတ်ဘုရားအာရုံမှာ တဖြည်းဖြည်း လွင့်ပြယ်လာသည်။ ထိုတပည့်မက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ရှိနေသည်။
သည်အခိုက်တွင် မဟာစိတ်ဝိညာဉ်ကလန်တစ်ခုလုံးသည် သေလောက်အောင် ငြိမ်သက်တိတ်ဆိတ်သွားသည်။ သို့ပေမည့် မကြာမီတွင် ကလန်တခွင် ဟိုးလေးတကြာ အသံ ပျံ့လွင့်လာသည်။
“သူ…အောင်မြင်သွားခဲ့ပြီ…”
“သူက ခုနစ်ထပ်မြောက်နဲ့ ရှစ်ထပ်မြောက်ကို တခါတည်း ချိုးဖျက် ဝင်ရောက်လိုက်နိုင်တယ်။ အကြီးအကဲဝမ်ဟာ တကယ်ကြီး ရှစ်ထပ်မြောက်ကို ဝင်ရောက်နိုင်ခဲ့တာပဲ…”
“သူ့အကြည့်က တကယ်ပဲ ကြောက်မက်ဖွယ်ကောင်းလှတယ်။ ငါတော့ ဒီလိုအကြည့်မျိုး ပိုင်ဆိုင်တဲ့ ကျင့်ကြံသူမျိုး တယောက်မှ မတွေ့ကြုံခဲ့ဖူးဘူး…”
အစိမ်းရောင်ကောင်းကင်ဘုံတောင်ထိပ်၌ ဘိုးဘေးကုန်းနျန်က တဖြည်းဖြည်း ပျောက်ကွယ်နေသော ပုံရိပ်ယောင်လှေကားထစ်များကို ကြည့်နေ၏။ သူ၏အမူအရာမှာ ဆက်တိုက် ပြောင်းလဲနေပြီးနောက် သူ့ထံမှ စိတ်ရှုပ်ထွေးဟန် အမူအရာ လှစ်ဟပေါ်လာသည်။
ဝိညာဉ်ကျမ်းစာအဆောက်အဦထဲ၌ ခြောက်ထပ်မြောက်တွင် ရှိနေသော ယန်လုသည် မျက်နှာ၌ အရောင်မရှိလေတော့ပေ။ သူမ၏ခန္ဓာကိုယ်မှာ တုန်တုန်ယင်ယင်ဖြင့် ခုနစ်ထပ်မြောက်ထံ ဦးတည်သော လှေကားများအောက်၌ ရပ်နေ၏။
သူမ၏လက်ထဲရှိ ဘူးသီးခြောက်မှာ အစွမ်းထက်အားတစ်ခုဖြင့် ဝန်းရံခြင်းခံရပုံ ပေါ်ကာ ယူဆောင်ခြင်း ခံရလေသည့်နှယ်။ သို့သော် ထိုအခိုက်တွင် ယန်လုက အံတင်းတင်းကြိတ်ကာ ဘူးသီးခြောက်ကို ဆုပ်ကိုင်ထားလေ၏။
“အို…နင်က လောင်းကြေးကတိကို ဖောက်ဖျက်ချင်တာလား…” ယန်လု ပင့်သက်ရှိုက်နေစဉ် ရှစ်ထပ်မြောက်မှ ဝမ်လင်း၏အသံ ထွက်ပေါ်လာ၏။ တချိန်တည်းမှာ ယန်လု၏အထက်၌ ခြေသံများ ပဲ့တင်ထပ်သည်။
ဝမ်လင်းသည် ရှစ်ထပ်မြောက်သို့ ဝင်ရောက်လာပြီးနောက် သူက လှည့်၍ ပြန်ဆင်းသက်လာ၏။ ခုနစ်ထပ်မြောက်နှင့် ရှစ်ထပ်မြောက်သို့ သူ ဝင်ရောက်နိုင်ပြီးပြီး ဖြ်၍ သူသည် ဆန္ဒရှိသလို ဆင်းနိုင်တက်နိုင်ပြီ ဖြစ်၏။ လှေကားများထံမှ ပြန်ဆင်းလာသည့်အခါ၌ မည်သည့်ပုံရိပ်ယောင်မှ မပေါ်လေတော့ပေ။ ထို့ကြောင့် အပြင်ဘက်မှလူများသည် ဒီအဆောက်အဦအတွင်း ဖြစ်ပျက်နေပုံကို မြင်နိုင်ကြတော့မည် မဟုတ်ပါ။ သို့ပေမည့် ယန်လုကတော့ ရှစ်ထပ်မြောက်ကနေ အစွမ်းထက်တည်ရှိမှုတစ်ခု ဆင်းသက်လာသလို ခံစားမိနေ၏။
ခြေသံများက ဒီဝိညာဉ်ကျမ်းစာအဆောက်အဦအတွင်း၌ ပဲ့တင်ထပ်နေ၏။ ဝမ်လင်းက လှေကားများအတိုင်း ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး မကြာမီတွင် ခုနစ်ထပ်မြောက်သို့ ရောက်လာသည်။
“နင်က လောင်ကြေးထပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဒါကို ပြန်ချိုးဖျက်ချင်နေတယ်။ ငါ ဒီလိုလောင်းဖို့ တောင်းဆိုခဲ့တာ မဟုတ်ဘူး။ နင် လုပ်ခဲ့တာ…”
ဝမ်လင်း၏ တည်ငြိမ်သောအသံက ခုနစ်ထပ်မြောက်ထံမှ ယန်လု၏နားထဲသို့ ရောက်လာလေ၏။
ယန်လု၏မျက်လုံးသူငယ်အိမ်ပင် ကြုံ့နေမိ၏။ သူမက လှေကားများပေါ်သို့ ခြေချလာသည့် ဝမ်လင်းကို မြင်သည်။ သူမ၏အနေအထားကနေ သူမက ဝမ်လင်း၏ခန္ဓာကိုယ်ကို မမြင်ရ၊ သူ့ခြေထောက်ကိုသာ တွေ့မြင်ရလေ၏။ ဝမ်လင်း ခြေချလာသည့်အခါ ယန်လုသည် လောကတစ်ခုလုံးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားမိသည်။
“နင် ဒီလောင်းကြေးကို ချိုးဖျက်ချင်တာ သေချာရဲ့လား…” ဝမ်လင်းက တဖြည်းဖြည်း လှေကားထစ်များအတိုင်း ဆင်းသက်လာချေပြီ။ သူ၏အသံမှာ ထည်ဝါမှုတို့ဖြင့် ပြည့်နေ၏။ သူ့အသံက ဒီနေရာရှိ အတားအဆီးများ၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသကို ကျော်လွန်ပြီး မဟာစိတ်ဝိညာဉ်ကလန်ပေါ်သို့ သက်ဆင်းလာသလား ထင်မှတ်ရလေ၏။
ဝမ်လင်း ဆင်းသက်လာစဉ် သူမ၏ခြေထောက်နှင့် ခန္ဓာကိုယ်မှာ ယန်လု၏မျက်လုံး၌ ဖြည်းဖြည်းချင်း ပေါ်လာ၏။
“နင် သေချာလား။ ငါ့ကို ဖြေ…” ဝမ်လင်းက ကိုးလှမ်းမြောက် ခြေချလိုက်သည့်အခါ၌ သူ၏ခန္ဓာကိုယ် လှစ်ဟပေါ်လာ၏။ သူ့စကားတို့မှာ တည်ငြိမ်၏။ သို့ပေမည့် မိုးကြိုးသံအလား ပဲ့တင်ထပ်သည်။ ယန်လု၏မျက်နှာက တည်ငြိမ်လာပြီး သူမက နောက်သို့ ခြေလှမ်းများစွာ ဆုတ်မိ၏။
သူမ၏မျက်လုံးထံကမူ ထိတ်လန့်ဟန် လှစ်ဟပေါ်နေ၏။ သည်အခိုက်တွင် သူမက သူမ၏ကိုယ်ပိုင်ကျင့်ကြံမှုကိုပင် မေ့သွားကာ ဝမ်လင်းရှေ့တွင် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားမိ၏။ ဝမ်လင်းက သူမအတွက် ဝမ်လင်းနှင့် မတူလေတော့။
“နင် ဘယ်သူလဲ…” ယန်လု၏မျက်လုံးထဲ၌ သွေးစင်းကြောင်းများ ပေါ်လာကာ သူမ၏အသံသည်ပင် ပြတ်ပြတ်တောက်တောက် ရှတတ ဖြစ်လာ၏။
ဝမ်လင်းက ယန်လုကို ဖိနှိပ်ဖို့ သူ့ကိုယ်ပွား၏ စွမ်းအားကို အသုံးပြုနေခြင်းသာ။ သူမကို လုံးဝ ဖိနှိပ်ပြီးနောက် သူက သူမ၏တာအိုနှလုံးသားတွင် အက်ကြောင်းတစ်ခု ထင်ချန်စေမည် ဖြစ်၏။ အနာဂတ်၌ သူတို့တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံကြလျှင်ပင် သူမက သူ့ကို ထိတ်လန့်ကြောက်ရွှံ့နေပေလိမ့်မည်။
သူတို့နှစ်ယောက်ကြား၌ အမုန်းတရား မရှိပေ။ ဝမ်လင်းက သူမ၏တာအိုနှလုံးသားကို မဖျက်စီးပစ်ချင်ပေ။ အနာဂတ်၌ သည်အမျိုးသမီးက ပုံမှန်အတိုင်း ကျင့်ကြံနိုင်မည်သာ။ သို့သော် သူမက ဝမ်လင်းကို ကြောက်နေရလိမ့်မည်။ သူ့ရန်သူ ဖြစ်လာခြင်းကနေ ရှောင်ဖယ်ရလိမ့်မည်။
“ပေး…” ဝမ်လင်းက ထပ်မံ ဆင်းသက်လာ၏။ သူက ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ခြင်းတည်း။ သူက ညာလက်ကို မြှောက်လိုက်၏။
သို့ပေမည့် ယန်လုမှာ ထိုခြေလှမ်းနှစ်လှမ်းက သူမ၏စိတ်နှလုံးကို စောင့်နင်းသကဲ့သို့ ခံစားမိရ၏။ သူမသာ ဝမ်လင်း၏အမိန့်ကို မလိုက်နာပါက သေသည့်အထိ ခြေမွခံရတော့မည့်အလား။
တုန်ယင်နေရင်း ယန်လု၏မျက်လုံးထဲရှိ အလင်းက တစစီ ပြန့်ကြဲလာ၏။ သူမက သူမ၏စိတ်ထဲရှိ ဖိအားကို ဆက်၍ တောင့်မခံနိုင်တော့ပေ။ သည်အခိုက်တွင် ဝမ်လင်းထံမှ ဖိအားက သူမကို အတောအသပ်နိုင်အောင် ကြောက်လန့်နေစေပြီ။
သူမ၏ညာလက်ကို တဖြည်းဖြည်း ဖြေလျှော့လိုက်ပြီး သူမ၏လက်ကြားထဲမှ ဘူးသီးခြောက်သည် ဝမ်လင်း၏လက်ဝါးထံသို့ ပျံသန်းလာချေ၏။
ဝမ်လင်း၏မျက်လုံးတို့မှာ တည်ငြိမ်နေ၏။ သို့ပေမည့် လွန်စွာ တောက်ပသည်။ ဤသည် သူ့ကိုယ်ပွား၏ စွမ်းအားကို သုံး၍ တစုံတစ်ယောက်ကို ပထမဆုံးအကြိမ် ဖိနှိပ်ခြင်းပင်။ သည်အော်ရာ၏ စွမ်းအားက သူကိုယ်တိုင်ကိုပါ တုန်လှုပ်မိစေသည်။
ဝမ်လင်းက လက်ထဲသို့ ဘူးသီးခြောက်ကို ဖမ်းယူကာ လှည့်၍ လှေကားထစ်များအတိုင်း ခုနစ်ထပ်မြောက်ကနေ ရှစ်ထပ်မြောက်ထံသို့ ပြန်တက်သွား၏။ သူသည် မန္တာန်တစ်ခုကို ရွေးချယ်ရအုံးမည် မဟုတ်လား။
ဝမ်လင်း ပျောက်ကွယ်သွားသည့်အခါမှ ယန်လု၏ ကြောက်မက်ဖွယ်ခံစားချက်သည် တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားတော့၏။ ယန်လု၏ခန္ဓာကိုယ်သည် ပျော့ခွေကာ သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိ၏။ သူမ၏စိတ်နှလုံးထဲ၌ ခါးသီးစွာ ခံစားမိနေသလို စိတ်ရှုပ်ထွေးသော ဟန်အမူအရာလည်း ဖြစ်ပေါ်နေသည်။
ဝမ်လင်းက ရှစ်ထပ်မြောက်ထံ ပြန်ရောက်လာ၏။ ဒီနေရာတွင် ဖုန်များ ပြည့်နေသည်။ ဒီနေရာသို့ လူသူ မရောက်ခဲ့တာ အလွန်ကြာမြင့်နေသည့်အလား။ ဒီနေရာမှာ ကြီးမားလှခြင်း မရှိဘဲ ခုနစ်လက်မခန့် စိတ်ဝိညာဉ်ခန္ဓာကိုးခုသာ ရှိလေ၏။
ထိုစိတ်ဝိညာဉ်ခန္ဓာကိုးခုတွင် မဟာစိတ်ဝိညာဉ်ကလန်၏ အလွန်အမင်း အစွမ်းထက်လှသော တာအိုမန္တာန်များ ပါဝင်ပေ၏။ ထိုမန္တာန်တစ်ခုစီသည် လောကကိုပါ ဖျက်စီးပစ်နိုင်သည်။