ဆန်းလျန်ကိုမြင်လည်းမမြင်နိုင်ကြားလည်းမကြားနိုင်
Vol. 7 Ch. 643
မေးခွန်းမေးသည့် ကျင့်ကြံသူသည် အတွေးထဲတွင် လျှပ်စီးတစ်ချက် လက်သွားသကဲ့သို့ ချက်ချင်း နားလည်သွားပြီး ဆက်မမေးတော့ပေ။
အခြားသော ကျင့်ကြံသူတစ်ယောက်က....
"ကျွန်တော်ကြားဖူးတာ ဆန်းကျန်းရန်နတ်ဘုရားက တာအိုကျမ်းစာတွေ အကုန်လုံးကို သိထားတယ်တဲ့... အဲဒါ ကျင့်စဉ်လမ်းအတွက် အထောက်အကူ ဖြစ်ပါသလား..."
ဆန်းလျန်က....
"အထောက်အကူ ဖြစ်ပါတယ်...."
ဘုန်းတော်ကြီး တစ်ပါးက....
"ဒါဆို ကျမ်းစာတွေဖတ်ပြီးတဲ့ အခါ ဆန်းကျန်းရန် ဘယ်လိုမြင်ပါသလဲ..."
"အနှစ်သာရကိုပဲ သိအောင်လုပ်ပြီး စကားလုံးတွေကို မေ့ပစ်လိုက်ပါတယ်"
ကျင့်ကြံသူများသည် နားလည်သွားကြပြီး ဆန်းလျန်ကို ဦးညွှတ်ဂါရဝ ပြုလိုက်ကြရင်း တိတ်ဆိတ်ငြိမ်သက် နေကြလေသည်။
နောက်ထပ် မေးခွန်းမေးခွင့်ရသူမှာ ငယ်ရွယ်သည့် ကျင့်ကြံသူမိန်းကလေး တစ်ယောက်ဖြစ်လေသည်။ သူမထံတွင် အင်းသိဒ္ဓိစွမ်းအား အမြုတေရှိနေပြီး ဟိုင်သန်းအဆင့်ပင် ရောက်နေပြီ ဖြစ်လေသည်။
သူမသည် ကျန့်ယီဂိုဏ်းမှ ဆရာသခင်တစ်ယောက် ဖြစ်လေသည်။ သူမသည် မွေးဖွားလာစဉ် ကတည်းကပင် စကားပြောတတ်သူဖြစ်ပြီး အသက် (၃) နှစ်အရွယ်တွင် ကျင့်စဉ်လမ်းကို စတင်လျှောက်လှမ်းနေပြီ ဖြစ်လေသည်။ သူမ ဟိုင်သန်းအဆင့် တက်ရောက်သည့်အချိန်တွင် အသက် (၄၀) ပင် မပြည့်သေးပေ။
ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကျန့်ယီဂိုဏ်းတွင် ဆရာသခင်တစ်ပါး ဖြစ်လာခဲ့လေသည်။ သူမသည် တောင်ပိုင်းယွမ်ကျိုး နယ်ကျင့်ကြံသူ လောကတွင် ခေါင်းဆောင်တစ်ယောက် ဖြစ်လေသည်။
တာအိုဆရာများက ထိုမိန်းမပျိုသည် နှစ်ပေါင်း (၁၀၀)အတွင်း နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ပြီး ဒုတိယချန်ကျင်းချင် ဖြစ်လာလိမ့်မည်ဟု ထင်ကြေး ပေးခဲ့ကြလေသည်။
ပရိတ်သတ် နှစ်သိန်းခန့်အလည်တွင် သူမသည် ထိပ်တန်းအဆင့် အရည်အချင်းရှိသူ တစ်ယောက်ပင် ဖြစ်လေသည်။
သူမက ဆန်းလျန်ကို မေးလိုက်လေသည်။
"ဆန်းကျန်းရန်နတ်ဘုရား တာအိုကိုရရှိဖို့အတွက် လမ်း တစ်လမ်းပဲရှိသလား၊ လမ်းတွေအများကြီး ရှိသလား"
ထိုမေးခွန်းသည် နတ်ဘုရားများကိုပင်လျှင် သက်ရောက်မှု ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် ကျင့်ကြံသူလောကမှ လူတိုင်းရင်ဆိုင်ရမည့် မေးခွန်းကို မေးခဲ့သောကြောင့် ဖြစ်လေသည်။ တာအိုကျင့်စဉ်များစွာ ရှိလေသည်။ သို့သော်… နောက်ဆုံးတွင်တော့ ကျင့်စဉ်အားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားရမည် ဖြစ်လေသည်။
သို့သော်… တာအိုတရားအလင်းရရန် အတွက် လမ်းကြောင်းသည် လူတိုင်းအတွက် တူညီမည် မဟုတ်ပေ။ တာအိုကျင့်စဉ် တစ်ခုတည်းကိုပင် မတူညီသည့် ကျင့်ကြံသူများ ကျင့်ကြံပါက တူညီနိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့် ဆန်းလျန်ကျင့်ကြံခဲ့သည့် ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ပင် ဖြစ်လေသည်။ မီးဒြပ်စင် စရိုက်လက္ခဏာရှိသည့်လူတစ်ယောက် ထိုကျင့်စဉ်ကိုကျင့်ကြံမည်ဆိုပါက ယင် နှင့် ယန်၊ ဒြပ်စင်စွမ်းအား (၅)မျိုး လမ်းစဉ်အတိုင်း သွား၍ရမည် မဟုတ်ပေ။ မီးဒြပ်စင်လမ်းစဉ် တစ်မျိုးတည်းကိုသာ သွားနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် မတူညီသည့် စရိုက်ကြောင့် ဖြစ်လေသည်။
ကျင့်ကြံသူများသည် ကျင့်စဉ်၏ စီးကြောင်းအတိုင်း လိုက်ပါသွားရန်သာ အာရုံစိုက်ရမည် ဖြစ်လေသည်။ မီးကဲ့သို့ စရိုက်ရှိသည့်လူသည် ရေခဲကျင့်စဉ်ကို ကျင့်ကြံမည်ဆိုလျှင် ဒုက္ခရောက်ရမည် ဖြစ်ပြီး ကျင့်စဉ်လမ်းတွင် အောင်မြင်နိုင်မည် မဟုတ်ပေ။
ကျင့်ကြံသူလောက ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ဆရာသခင်များသည် တပည့်များနှင့် သင့်တော်မည့် ကျင့်စဉ်များကို ရွေးချယ်ကာ သင်ကြား ပြသပေးလာကြပြီ ဖြစ်လေသည်။ ကျင့်စဉ် တစ်ခုတည်းကိုသာ ကျင့်ကြံရမည်ဟု တပည့်များကို မည်သူမှ ဖိအားမပေးကြတော့ပေ။
ဂိုဏ်းငယ်လေးများတွင်တော့ ရွေးချယ်စရာ ကျဉ့်စဉ်နည်းပါးပြီး ချင်းရွှမ်နတ်တံခါးကဲ့သို့ ဂိုဏ်းကြီးများတွင်တော့ ရွေးချယ်စရာ ကျင့်စဉ်များ များပြားလွန်းလေသည်။ ချင်းရွှမ်နတ်တံခါး တွင်တော့ ကျင့်စဉ်များ များပြားလှသဖြင့် မည်သည့်ဗီဇရှိသည့် ကျင့်ကြံသူမဆို သင့်တော်သည့် တာအိုကျင့်စဉ်ကို ရှာဖွေကျင့်ကြံနိုင်မည် ဖြစ်လေသည်။
ထို့ကြောင့်ပင် ချင်းရွှမ်နတ်တံခါးကဲ့သို့သော နတ်ဘုရားဂိုဏ်းကြီးမျိုးသည် ကျဆင်းသွားခဲ့လျှင်တောင်မှ အချိန်အတိုင်းအတာ တစ်ခုသာဖြစ်ပြီး နောက်ပိုင်းတွင် ပြန်လည် ဦးမော့လာမည်ပဲ ဖြစ်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း မေးလိုက်သည်။
"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ…"
မိန်းမပျိုက…
"ကျွန်မက ကျန့်ယီဂိုဏ်းကပါ၊ မျိုးနွယ်က စု မျိုးနွယ်ပါ၊ နာမည်ကတော့ ရှိုးချင်ပါ"
ဆန်းလျန်က…
"ရှိုးဆိုတာက အဝေးဆီကတောင်တွေကို ကိုယ်စားပြုတယ်၊ ချင်ဆိုတာကတော့ အနီးပတ်ဝန်းကျင်က ရေပြင်ကို ကိုယ်စားပြုတယ်၊ မင်းရဲ့ဆရာက နာမည်ကောင်းတစ်ခု မင်းအတွက် ပေးထားတာပဲ၊ ဒါပေမဲ့ လောကမှာ လူသားတွေ သန်းနဲ့ချီပြီးရှိတယ်၊ စုရှိုးချင်ဆိုတဲ့ နာမည်နဲ့လူတွေလည်း အများကြီးရှိမှာပဲ၊ ဒါပေမဲ့ စုရှိုးချင်ဆိုတာ ကတော့ တစ်ယောက်တည်းပဲ၊ ကျုပ်ပြောတာကို မင်းနားလည်လား"
စုရှိုးချင်က ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ…
"ဆန်းကျန်းရန်နတ်ဘုရား ပြောတာ စုရှိုးချင်တွေ အများကြီးရှိနိုင်တယ်၊ ဒါပေမဲ့ ကျွန်မကတော့ တစ်ယောက်တည်းပဲ၊ တခြား စုရှိုးချင်ဆိုတဲ့အမည်နဲ့ လူတွေရှိမယ် ဒါပေမဲ့မဟုတ် စုရှိုးချင်လို့ အမည်ပေးထားသူတွေ ရှိမယ် ဒါပေမဲ့ ကျွန်မကတော့ တစ်ယောက်တည်းပဲ၊ ပြောင်းပြန်ပြန်တွေးမယ် ဆိုရင် ကျင့်စဉ်တွေက အဆုံးမဲ့ရှိနေပေမယ့် တာအိုတရားကတော့ တစ်ခုတည်းပဲပေါ့၊ ကျွန်မရဲ့ မျက်လုံးထဲမှာ တောင်တွေ၊ မြစ်ရေတွေ၊ မီးနဲ့ မိုးကြိုးအားလုံးက မတူညီဘူး၊ ဒါပေမဲ့ သူတို့အားလုံးကို ကျွန်မမျက်လုံးထဲမှာ မြင်နေရတယ်၊ တာအိုကျင့်စဉ်တွေ မဆုံးနိုင်အောင် ရှိလည်း ကျွန်မရင်ထဲမှာ တစ်ခုတည်းရှိမယ်၊ ကျွန်မ သိပ်ပြီး နားမလည်သေးတဲ့အတွက် တောင်းပန်လိုပေမယ့် ဒီလောက်ပဲ နားလည်ပါတယ် ဆန်းကျန်းရန်နတ်ဘုရား"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"တစ်စုံတစ်ယောက်က ဆန်းလျန်ကိုတွေ့တယ်လို့ ပြောရင် ဆန်းလျန် ဟုတ်ချင်မှဟုတ်မှာပါ၊ ဒါပေမဲ့ သူ့နာမည်က ဆန်းလျန်ပဲလေ၊ ကဲပါလေ… တရားဟောပြောတာ ဒီနေ့ ဒီမှာပဲ နားပါပြီ"
ထို့နောက်တွင်တော့ ဆန်းလျန်၏ ပုံရိပ်သည် ကြာပလ္လင်ထက်မှ ပျောက်ကွယ်သွားလေသည်။
အချို့သူများက စုရှိုးချင်ကို အပြစ်တင်ကြလေသည်။ သူမကြောင့်သာမဟုတ်လျှင် ဆန်းကျန်းရန်သည် စောစောစီးစီး ထွက်ခွာသွားမည် မဟုတ်ပေ။
အချို့သူများကတော့ စုရှိုးချင်သည် မေးခွန်းကောင်းတစ်ခု မေးခဲ့ခြင်း ဖြစ်သည်ကို နားလည်ကြလေသည်။ သူမမေးသည့် မေးခွန်းထက် ကောင်းသည့်မေးခွန်းမျိုး မေးနိုင်မည့်သူမရှိပေ။ သို့သော်… တရားဟော ပြောသင်ပြပေး ခြင်းကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
နတ်ဘုရားများနှင့် ဆရာတော်ကြီးများကို ချန်ကျင်းချင်က နေထိုင်စရာ နေရာထိုင်ခင်းများ စီစဉ်ပေးပြီးသည့်နောက် ထိုက်ယီတောင်ထိပ်တွင် ဆန်းလျန်နှင့် လာရောက် တွေ့ဆုံလေသည်။
ဆန်းလျန်သည် ကျောက်နံရံကြီးဘေးတွင် ရပ်နေပြီး တိမ်နှင့်မြူခိုးများကို ငေးကြည့်နေလေသည်။ တိမ်များသည် ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲနေလေသည်။
သူက ချန်ကျင်းချင်ကို တွေ့သည်နှင့် တိမ်ခိုးများကို လက်ညှိုးညွှန်ပြလိုက်ရင်း…
“သဘာဝတရားကြီးကို ဒီနေရာမှာ တွေ့နိုင်တယ်”
ချန်ကျင်းချင်သည် ထက်မြက်သည့် တာအိုနှလုံးသားကို ပိုင်ဆိုင်သူ ဖြစ်လေသည်။ သူက ဆရဖြစ်သူ၏စကားကို ကြားသည်နှင့် သူ၏ အင်္ကျီလက်တစ်ဖက်ကို ဝေ့ယမ်းလိုက်လေသည်။ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး တိမ်ခိုး များပြိုကွဲသွားရလေသည်။ ကြည်လင်သည့် လေထုသာလျှင် ကျန်ရစ်ခဲ့တော့သည်။
ချန်ကျင်းချင်က…
“ဆရာ… အခု သဘာဝတရားကြီး ဘယ်ရောက်သွားပြီလဲ”
ဆန်းလျန်က…
“ကျုပ်ကိုကြည့်ပါ…”
ရုတ်တရက်… သူ၏ ဆရာဖြစ်သူ ရပ်နေသည့်နေရာတွင် အဆုံးမရှိနိုင်သည့် တောင်၊ မြစ်ရေနှင့် လောကကမ္ဘာကြီး ဖြစ်တည်လာလေသည်။ သူတွေ့မြင်ချင်စိတ်ရှိသည့် ရှုမျှော်ခင်းများကို ဆန္ဒပြုလိုက်သည်နှင့် တွေ့မြင်နိုင်လေသည်။
ရုတ်တရက်ပင်… ထူးဆန်းသည့် အဖြစ်အပျက်သည် ပျောက်ကွယ်သွားလေသည်။
ချန်ကျင်းချင်က ပြုံးလိုက်ရင်း…
“ဆရာ့ရဲ့ ထိပ်တန်း တန်ခိုးစွမ်းအားတွေက အမှန်တရားကို အတုအယောင်အဖြစ် ပြောင်းလဲပစ်နိုင်တာပဲ”
ဆန်းလျန်က…
“ကျင်းချင်… မင်းရဲ့ဆရာက အရမ်းတန်ခိုးစွမ်းအားတွေ မြင့်မားနေတယ်လို့ မင်းတွေးကောင်း တွေးလိမ့်မယ်၊ ဒါပေမဲ့…. စကြဝဠာရဲ့ ကျယ်ပြန့်နက်ရှိုင်းမှုတွေ၊ အဆုံးမရှိတဲ့ အချိန်ရဲ့စီးဆင်းမှုတွေနဲ့ ယှဉ်လိုက်ရင် ကျုပ်က ဘာမှမဟုတ်ပါဘူး၊ တကယ်တော့ အဲဒီအရာတွေကိုပဲ နတ်ဘုရားတွေဟာကြောင့်ပဲ မကျော်လွန်နိုင်ကြတာပါ၊ အဲဒီထက်ပြောရရင် မိုးနဲ့မြေက အကန့်အသတ်ရှိသလို မျက်စိနဲ့ မြင်ရသမျှကလည်း ဘောင်ကျဉ်းတယ်၊ အနာဂတ် တစ်ချိန်မှာ စကြဝဠာကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို နားလည်စေဖို့အတွက် တပည့်တွေကို အမြင်ကျယ်အောင် သင်ပြပေးနိုင်ရမယ်၊ ကျင့်ကြံသူ တစ်ယောက်ဟာ အဆုံးမဲ့ ဖြစ်နိုင်ချေတွေကို ရှာဖွေလိုစိတ်ရှိရမယ်"
ချန်ကျင်းချင်က…
“တပည့် နားလည်ပါပြီ…”
ဆန်းလျန်က…
“စုရှိုးချင်ကို ဒီကိုခေါ်လိုက်ပါ၊ သူက သိပ်တော်တဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ၊ ကျန့်ယီဂိုဏ်းမှာ သူ့လို တပည့်တစ်ယောက်ရှိတာ တကယ်ကံကောင်းတယ်၊ ပြီးတော့ သူ့ရဲ့ ကျင့်စဉ်လမ်းအပေါ် နားလည်မှုကလည်း အားကောင်း တယ်၊ သူ့ကို ကျုပ်ရဲ့ အတွေ့အကြုံအချို့ ပြောပြချင်တယ်၊ သူ့ရဲ့ ကျင့်စဉ်လမ်း တိုးတက်စေဖို့ မျှော်လင့်မိပါတယ်”
****
ချင်းလျန်တောင်ထက်ရှိ တာအိုကျောင်းဆောင် တစ်ခုတွင် စုရှိုးချင် ရှိနေလေသည်။ သူမ၏ ဂိုဏ်းတူမောင်နှမများက သူမဘေးတွင် ဝန်းရံနေကြလေသည်။
အသက်အနည်းငယ် ကြီးပုံရသည့် ကျင့်ကြံသူတစ်ယောက်က…
“ဂိုဏ်းတူညီမလေး၊ မင်းတော့ ဒီနေ့ အရမ်းကို နာမည်ကြီးသွားတာပဲ၊ မင်းအကြောင်း ထင်မြင်ချက်တွေ အများကြီး ပေးနေကြတယ်”
စုရှိုးချက်က သူမ၏ ဂိုဏ်းတူအစ်ကိုကို တစ်ချက် လှမ်းကြည့်လိုက်ရင်း…
“အရင်တုန်းကတော့ ဘယ်သူမှ ဆန်းကျန်းရန် နတ်ဘုရားကိုတော့ ခုလိုမျိုး မဝေဖန်ကြဘူးနော်"
ဂိုဏ်းတူအစ်ကို ဖြစ်သူက…
“လောကမှာ ဆန်းကျန်းရန်နတ်ဘုရား ဆိုတာ တစ်ယောက်တည်း ရှိတာလေ”
စုရှိုးချင်ကလည်း မာန်မာနကြီးသည့် မျက်နှာထားဖြင့်…
“စုရှိုးချင်ဆိုတာလည်း တစ်ယောက်တည်း ရှိတာပါပဲ”
ဂိုဏ်းတူအစ်ကိုဖြစ်သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း…
“မင်းရဲ့ မာနကြီးတဲ့စိတ်ကို မပြင်ဘူးဆိုရင် မင်းဆုံးရှုံးခြင်းတွေကို ခံစားရလိမ့်မယ်”
စုရှိုးချင်က နူးညံ့သိမ်မွေ့သည့် လေသံဖြင့်….
“ဂိုဏ်းတူအစ်ကို၊ ကျင့်ကြံသူတိုင်းရဲ့ ကျင့်စဉ်လမ်းဆိုတာ ဖြောင့်ဖြူးတယ် မရှိပါဘူး၊ ကျွန်မ ကျင့်စဉ်လမ်းအဆင့် တက်တာ အရမ်းမြန်တာကို နတ်ဘုရား အတော်များများက ကြောက်နေကြတယ် ဆိုတာ ကျွန်မသိသားပဲ၊ အဓိက နတ်ဘုရား ကျောင်းတော်ကြီး (၄)ခုကို (၂)ခုတည်းဖြစ်အောင် ပေါင်းစည်းဖို့ ဆိုတာ မလယ်ကူပါဘူး၊ သူတို့တွေကလည်း ဘယ်ဂိုဏ်းရဲ့ လက်အောက်ခံမှ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး၊ ပြီးတော့ ကျန့်ယီဂိုဏ်းက ကျင့်ကြံတဲ့ အင်းပညာဟာ တခြားဂိုဏ်းတွေနဲ့လည်း မတူဘူးလေ၊ လောကမှာ ပြောနေကြတာ ကျွန်မက ဒုတိယ ချန်ကျန်းရန် နတ်ဘုရားလိုမျိုး ဖြစ်လာလိမ့်မယ်တဲ့၊ ဒါကြောင့် နှစ်ပေါင်း (၁၀၀)အတွင်းသာ နတ်ဘုရားတစ်ပါး မဖြစ်ခဲ့ဘူးဆိုရင် ကျွန်မတော့ အရှက်ကွဲပြီပဲ၊ အဲဒါဆိုရင် ကျန့်ယီဂိုဏ်းလည်း ထိခိုက်ရလိမ့်မယ်”
ဂိုဏ်းတူအစ်ကိုဖြစ်သူက မချိပြုံးတစ်ချက် ပြုံးလိုက်ရင်း…
“ကျုပ်တို့က အစကတည်းက နာမည်ကြီးတွေ မဟုတ်ပါဘူး၊ ကျုပ်တို့ လမ်းစဉ်ကလည်း အမြဲတမ်း ဖြောင့်ဖြူးပါတယ်”
စုရှိုးချင်သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။
သူမ၏ ဂိုဏ်းတူအစ်ကိုသည် အလွန်မှပင် သာမန်ဖြစ်လွန်းလေသည်။ သို့သော်… သူမကတော့ သာမန်လူမဟုတ်ပါ။
သူမသည် ဆန်းကျန်းရန် နတ်ဘုရားကဲ့သို့ ထူးခြားသူ တစ်ယောက်သာ ဖြစ်လေသည်။
****