← Chapters

ဝိညာဉ်မျက်လုံးတာအို

Vol. 137 Ch. 1890

ဝိညာဉ်မျက်လုံးတာအို

Vol. 137 Ch. 1890

ဝိညာဉ်ကျမ်းစာအဆောက်အဦ၏ ရှစ်ထပ်မြောက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်မှ တုန်လှုပ်ဖွယ်အော်ရာသည် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်ကာ ထိုအော်ရာက လေဟာနယ်အတွင်းရှိ သူ့ကိုယ်ပွားထံ ပြန်ရောက်ရှိသွားခဲ့လေပြီ။

ဝမ်လင်းသည် ကိုယ်ပွား၏စွမ်းအားကို များစွာ အသုံးမပြုချင်ပေ။ သူက သင့်တင့်ရုံ ပမာဏလောက်သာ အသုံးပြုမည် ဖြစ်၏။ များများစားစား အသုံးပြုခြင်းက သူ၏ကိုယ်ပွားကို စွမ်းအား ရုတ်လျှော့ကာ သွေ့ခြောက်စေနိုင်သည်။

ထိုကိုယ်ပွား၏ စွမ်းအားကို ငှားယမ်းကာ ကိုးထပ်မြောက်သို့ ဝင်ရောက်မည့် အတွေးသည် ဝမ်လင်း၏စိတ်ထဲ၌ ခဏ ပေါ်လာခဲ့သေး၏။ သို့ပေမည့် သူက ထိုအထပ်သို့ ဦးတည်သော လှေကားထစ်များပေါ်ရှိ အတားအဆီးများ၏ အစွမ်းထက်လှပုံကို ခံစားမိသည်။ သူ ရှေ့ဆက်ဖို့အတွက် ပေးရမည့် တန်ဖိုးမှာ ကြီးမားလေမည်သာ။ သူ့ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ထိုသို့ ကြိုးစားဖို့ မထိုက်တန်သေးပေ။

ကောင်းကျိုး၊ဆိုးကျိုးများကို ချင့်ချိန်ပြီးနောက် ဝမ်လင်းက ကိုးထပ်မြောက်သို့ တက်လှမ်းမည့် စိတ်ကူးကို လက်လျှော့လိုက်၏။ သူက သူ့ကိုယ်ပွားထံမှ အော်ရာကို ပြန့်ကြဲစေလိုက်ပြီးနောက် ဒီရှစ်ထပ်မြောက်ကို စတင်လေ့လာတော့သည်။

သူက ဝိညာဉ်ကျမ်းစာအဆောက်အဦ၌ မန္တာန်တစ်ခုကို ရွေးချယ်နိုင်မည် ဖြစ်၏။ ဤသည်က ဝမ်လင်း ပြောင်းလဲနိုင်သော အရာ မဟုတ်ပေ။ သူက ခုနစ်လက်မခန့် ရှိသော စိတ်ဝိညာဉ်ခန္ဓာကိုးခုထံ ဝေ့ခတ်ကြည့်ရှုလိုက်သည်။

ဝမ်လင်းသည် ဝိညာဉ်စိတ်ကူးမူလမန္တာန်၊ အလွှာအထပ်ပုံရိပ်ယောင်မန္တာန်၊ ဝိညာဉ်မျက်လုံးတာအို မန္တာန်တို့ကို ခံစားမိသည်။ ဤသည်က သူ့ကို ခါးသီးစွာ ပြုံးမိစေ၏။ သူ့အတွက် ရွေးချက်ရ ခက်နေသည် မဟုတ်လား။

တခြားမန္တာန်များကိုမူ ဝမ်လင်းက တခြားလူတစ်ယောက်ယောက် ကိုယ်တိုင်အသုံးပြုတာ မမြင်ဖူးပေ။ သို့သော် သူက ယင်းမန္တာန်များကို စစ်ဆေးကြည့်လိုက်သေး၏။

မဟာစိတ်ဝိညာဉ်ကလန်က စိတ်ဝိညာဉ်ပုံရိပ်ယောင်မန္တာန်အပေါ် အထူးပြု အာရုံစူးနစ် ကြ၏။ ပင်မတပည့်အများစုက အလွှာအထပ်ပုံရိပ်ယောင်မန္တာန်ကို အသုံးပြုနိုင်ကြသည်။ သို့သော် သူတို့သည် ၎င်းမန္တာန်၏ အစစ်အမှန်ခွန်အားကို မပြသနိုင်ပေ။ အလွှာရှစ်ထပ်ပုံရိပ်ယောင်ကိုသာ ဖန်တီးနိုင်ပါက ထိုစွမ်းအားသည် မိုးမြေတုန်လှုပ်စေနိုင်လောက်မည်။

ဝမ်လင်း၏အကြည့်က ထိုစိတ်ဝိညာဉ်ခန္ဓာကိုးခုကြား၌ တတိယမြောက်ခန္ဓာ ပေါ်တွင် ရပ်တန့်သွားသည်။ ထိုစိတ်ဝိညာဉ်ခန္ဓာတွင် အလွှာအထပ်ပုံရိပ်ယောင် ပါဝင်၏။

“အလွှာရှစ်ခုပဲလား…ဒီမန္တာန်အတွက် အကန့်အသတ်ဟာ ကိုးခုပဲ။ ကိုးခုမြောက်အလွှာမရှိရင် ဒီမန္တာန်ဟာ မပြီးပြည့်စုံနိုင်ဘူး…”  ဝမ်လင်းက မျက်မှောင်ကြုတ်နေ၏။

“ကြည့်ရတာ လုံးဝပြီးပြည့်စုံတဲ့ မန္တာန်က ကိုးထပ်မြောက်မှာ နေမယ်…”  ဝမ်လင်းက စဉ်းစားနေပြီး ခုနစ်ခုမြောက်စိတ်ဝိညာဉ်ခန္ဓာကို ကြည့်သည်။ ထိုစိတ်ဝိညာဉ်ခန္ဓာမှ အော်ရာသည် အလွှာအထပ်ပုံရိပ်ယောင်မန္တာန်လောက် အစွမ်းထက်ပေ၏။

ထိုခုနစ်ခုမြောက် စိတ်ဝိညာဉ်ခန္ဓာ၌ ယန်လု အသုံးပြုခဲ့သော ဝိညာဉ်စိတ်ကူးမူလ မန္တာန် ပါဝင်သည်။ ထိုမန္တာန်က ဒီရှစ်ထပ်မြောက်တွင် ပြည့်ပြည့်စုံစုံ ရှိလေသည်။

ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် သည်မန္တာန်နှစ်ခုကြား မည်သည့်မန္တာန်ကို ရွေးချယ်မည်ဟု တွေးသည်။

“ငါ ကိုးထပ်မြောက်ကို ခုချိန်မှာ မသွားနိုင်သေးရင်လည်း တဖြည်းဖြည်း သွားနိုင်မှာ။ တကယ်တော့ အလွှာအထပ်ပုံရိပ်ယောင်ဟာ ငါ ရကိုရရမယ် မန္တာန်ပဲ။ ဒါဆိုရင် အခု ငါ ဒီမန္တာန်ကို ရေးချယ်ဖို့ မလိုသေးဘူး။ စိတ်ဝိညာဉ်ဘူးသီးခြောက်နဲ့ဆိုရင် ဝိညာဉ်စိတ်ကူးမူလဟာ ခုချိန်မှာ ပိုသင့်တော်တယ်…”

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ဆုံးဖြတ်လိုက်၏။ သူသည် ဆုံးဖြတ်ပြီးသည်နှင့် စိတ်ပြောင်းတော့မည် မဟုတ်ပေ။ သူသည် ခုနစ်ခုမြောက်စိတ်ဝိညာဉ်ခန္ဓာထံ လှမ်းလာပြီး ထိုင်ချသည်။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ ထိုခုနစ်ခုမြောက်စိတ်ဝိညာဉ်ခန္ဓာထံ လက်ညွှန်လိုက်သည်။

ခုနစ်ခုမြောက်စိတ်ဝိညာဉ်ခန္ဓာသည် တုန်ယင်သွားကာ ဒီရှစ်ထပ်မြောက် တခုလုံးကို တစ္ဆေအလင်းတစ်ခုက ခြုံလွှမ်းလာချေ၏။ ၎င်းသည် တဖြည်းဖြည်း ဝမ်လင်း၏ ဦးခေါင်းထက်သို့ ရွှေ့လျားလာကာ ကျင့်ကြံနေသည်နှင့်ပင် တူသေးသည်။

အမျှင်တန်းများကဲ့သို့ တစ္ဆေအလင်းလှိုင်းများက ခုနစ်ခုမြောက်စိတ်ဝိညာဉ်ခန္ဓာထံမှ ထွက်ပေါ်နေပြီး ဝမ်လင်း၏ဒွာရပေါက်များမှ ဖြတ်၍ သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေ၏။ အခိုးအငွေ့အမျှင်တန်းများက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနေရင်း သူက နားထဲတွင် ခပ်တိုးတိုးခပ်ဖွဖွ ရေရွတ်သံကို ကြားရသည်။ ၎င်းက သူ၏စိတ်ဝိညာဉ်ထဲ၌ ခပ်နှိပ်လာကာ သူ့အတွက် ဒုတိယသဘာဝတစ်ခု ဖြစ်လာသည်။

အချိန် တဖြည်းဖြည်း ကုန်ဆုံးလာနေသည်။ ဝမ်လင်းက သုံးရက်လုံးလုံး ရှစ်ထပ်မြော်က၌ ထိုင်နေ၏။ ဒီသုံးရက်အတွင်း သူက တစက်လေးမျှ မလှုပ်ရှားဘဲ ခုနစ်လက်မစိတ်ဝိညာဉ်ခန္ဓာထံမှ  ဝိညာဉ်စိတ်ကူးမူလမန္တာန်ကို စုပ်ယူနေသည်။

သူက သူ့ပုံရိပ်သည် မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်တိုင်း၏ စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်း ခပ်နှိပ်ကာ ဒဏ္ဍာရီနီးပါး ဖြစ်လာခဲ့ပြီကိုလည်း မသိနေပေ။

ဝိညာဉ်ကျမ်းစာ အဆောက်အဦ၏ ခုနစ်ထပ်မြောက်နှင့် ရှစ်ထပ်မြောက်တို့ကို တခါတည်း ချိုးဖျက် ဝင်ရောက်ခြင်းမှာ အရင်က လုပ်ဖူးသူ ရှိခဲ့သော်လည်း အလွန်ရှားပါးလှသည်။ အခု အကြီးအကဲအသစ် ဖြစ်လာသော ဝမ်လင်း၏ ပုံရိပ်နှင့် နောက်ခံကို မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်များကြား ထင်ကြေးအမျိုးမျိုး ပေးနေကြလေပြီ။

ထင်မြင်ချက်မျိုးစုံ ရှိကြ၏။ သို့သော် မည်သည်ကမျှ အမှန်တရားနှင့် အံတည့်မနေပေ။

ဝမ်လင်း၏ နောက်ခံနှင့် ပတ်သတ်၍ အမှန်တရားကို သိကြသော လူအနည်းငယ်မှာလည်း လွယ်လွယ်နှင့် ထုတ်ဖော်ကြလိမ့်မည် မဟုတ်ပါ။ ဖန်ရှန်မင်၊ သို့မဟုတ် ဖန်ရှန်လုတို့ ညီအမဖြစ်စေ၊ ဘိုးဘေးကုန်းနျန်ဖြစ်စေ သူတို့သည် ဝမ်လင်း၏နောက်ခံကို ထုတ်ဖော်ကြမည် မဟုတ်ပေ။ သူမ၏တာအိုနှလုံးသား၌ ဝမ်လင်းကြောင့် အက်ကြောင်းတစ်ခု ပေါ်လာခဲ့ရပြီးနောက် ယန်လုသည်ပင် ဒီအကြောင်းကို ထုတ်ပြောလာတော့မည် မဟုတ်ပါ။

ရှေးနိုင်ငံကျင့်ကြံသူအဖြစ် သူ့ပုံရိပ်ကိုလည်း ဘိုးဘေးအရှင်ကုန်းနျန်က ချိပ်ပိတ်ထားခဲ့၏။ သူက တိတ်တဆိတ် အမိန့်ပေးထားပေသည်။

သုံးရက်တာက ဝမ်လင်းနှင့် ပတ်သတ်၍ ထင်ကြေးအမျိုးမျိုးကို အထိုင်ပြန်ကျသွားစေဖို့ငှာ မလုံလောက်ပေ။ လေးရက်မြောက်နေ့၌ နေသာနေစဉ် ဝမ်လင်းက ဝိညာဉ်ကျမ်းစာအဆောက်အဦပေါ်ရှိ ရှစ်ထပ်မြောက်တွင် မျက်လုံးဖွင့်လာသည်။

သူ့မျက်လုံးတို့မှာ အရင်နှင့် ကွာခြားသွားသလို ထင်မှတ်ရ၏။ သူ့မျက်လုံးထဲတွင် ခုချိန်၌ အိပ်မက်အလား အခိုးအငွေ့အမျှင်တန်းများ ပါဝင်နေပုံ ပေါ်သည်။ လူတစ်ယောက်က သူ့မျက်လုံးတို့ကို ကြည့်မိပါက သူ့အကြည့်တွင် နစ်မြုပ်သွားနိုင်ပြီး သူတို့ကိုယ်သူတို့ လွတ်မြောက်နိုင်စွမ်း မရှိတော့သည်ကို တွေ့ရှိပေလိမ့်မည်။

“ဝိညာဉ်စိတ်ကူးမူလ…ဒီတော့ ဒီမန္တာန်က ဒီလိုပေါ့…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်ကာ သူ့မျက်လုံးကို ထပ်မှိတ်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူသည် လေပူတချက် မှုတ်ထုတ်ကာ ထရပ်ပြီး လှေကားထစ်များအတိုင်း ဆင်းလာသည်။

ဝမ်လင်းသည် လှေကားထစ်များထံမှ တလှမ်းချင်း ဆင်းလာ၏။ သူက ရှစ်ထပ်မြောက်ကနေ ငါးထပ်မြောက်၊ သုံးထပ်မြောက်၊ ပထမထပ်ထံသို့ တိုက်ရိုက် ဆင်းလာသည်။

“မဟာစိတ်ဝိညာဉ်ကလန်ရဲ့ မန္တာန်တွေဟာ ဝိညာဉ်မျက်လုံးတာအိုပဲ ဖြစ်ဖြစ်၊ ဝိညာဉ်စိတ်ကူးမူလ မန္တာန်ပဲ ဖြစ်ဖြစ် လူတစ်ယောက်ဟာ သူ့ရဲ့ စိတ်ဝိညာည် တစိတ်ပိုင်းကို ခွဲထုတ်ပစ်ဖို့ လိုအပ်တယ်။ ဒီအစိတ်အပိုင်းဟာ လောကနဲ့ ဆက်သွယ်ပြီး မန္တာန်တွေကို ဆက်တိုက်ထုတ်ဖော်နိုင်မယ်…”

“လှိုဏ်ဂူလောကထဲမှာ ငါ အလွှာအထပ်ပုံရိပ်ယောင်မန္တာန်ကို မလေ့လာနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဒီမန္တာန်ကို အသုံးပြုဖို့အတွက် လှိုဏ်ဂူလောကမှာတုန်းက ငါဟာ တစ္ဆေရွက်ဖျင်ကို အသုံးချခဲ့ရတယ်။ ငါ့မှာ တစ္ဆေရွက်ဖျင်သာ မရှိရင် ဒီမန္တာန်ကို အသုံးပြုနိုင်စွမ်း မဲ့လိမ့်မယ်…”

ဝမ်လင်းသည် ဝိညာဉ်ကျမ်းစာအဆောက်အဦအတွင်းမှ လှမ်းလျှောက်ထွက်လာစဉ် သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။

သူသည် ဝိညာဉ်ကျမ်းစာအဆောက်အဦ၏ အပြင်ဘက် အက်ကြောင်းထံမှ ပျံသန်းထွက်လာ၏။ သူ ထွက်လာသည့်အခါတွင် အစိမ်းရောင်ကောင်းကင်တောင်ထွတ်အပြင်ဘက်ရှိ အက်ကြောင်းမှာ ပိတ်ဆို့သွားလေသည်။

အစိမ်းရောင်ကောင်းကင်တောင်ထွတ် အတွင်းရှိ ဘိုးဘေးကုန်းနျန်က ဝမ်လင်း ထွက်ခွာလာမှုကို စောင့်ကြည့်ကာ သက်ပြင်းချမိ၏။ ဝမ်လင်းသာ နှစ်ပေါင်းသုံးရာထက် စောပြီး ကိုးထပ်မြောက်ကို ဝင်ရောက်ခဲ့ပါက သူသည် မည်သို့လုပ်ရတော့မည်ကို တကယ် မသိ ဖြစ်ရလိမ့်မည်။

“ပထမမျိုးဆက်ဘိုးဘေးဟာ ဝမ်လင်းက ကိုးထပ်မြောက်ကို နှစ်ပေါင်းသုံးရာကျမှ ဝင်ရောက်နိုင်လိမ့်မယ်လို့ ရှေ့ဖြစ်ဟောခဲ့တယ်။ သူ ကိုးထပ်မြောက်ကို ဝင်ရောက်ပြီး ကိုးရက်မြောက်နေ့ကျရင် မိစ္ဆာစိမ်းကုန်းမြေရဲ့ ကလန်ကြီးသုံးခုက မဟာစိတ်ဝိညာဉ်ကလန်နဲ့ ကောက်ရီကလန်ကို အမြစ်ဖျက်ဖို့ ပူးပေါင်းကြလိမ့်မယ်လို့ ပထမမျိုးဆက်ဘိုးဘေးက ပြောခဲ့တယ်…”

“သူတို့ရဲ့ ပန်းတိုင်ဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေ အောက်မှာ ဖိနှိပ်ခံထားရတဲ့ ကောင်းကင်ဘုံနွားထီးသားရဲ စိတ်ဝိညာဉ်ကို ရဖို့အတွက်ပဲ…”

အရှင်ကုန်းနျန်က စိုးရိမ်ပူပန်နေပုံ ပေါ်၏။ သူသည် ရှေ့ဖြစ်လာမည့် အရာအားလုံးကို သိကာ ကြိုပြင်ဆင်မှုများ ဆက်တိုက်လုပ်ခဲ့သော်လည်း ဝမ်လင်း ယူဆောင်လာသော မရေရာမှုက သူ့ကို မလွယ်ကူသလို ခံစားမိစေသည်။

“ပထမမျိုးဆက်ဘိုးဘေးဟာ မဟာစိတ်ဝိညာဉ်ကလန်ကို ဖန်တီးခဲ့တယ်။ သူ့နောက်ခံဟာ အလွန်တရာ ဆန်းကြယ်လှတယ်။ နောက်ပိုင်းမျိုးဆက် ဘိုးဘေးတွေတောင် သူဟာ ဘယ်သူလဲ မသိကြဘူး။ ဝိညာဉ်တာအိုမျက်လုံးမှာ အစိတ်အပိုင်းနှစ်ခု ရှိတယ်ဆိုတဲ့ ကောလဟာလ စကားလည်း ရှိတယ်။ တခြားအစိတ်အပိုင်းဟာ တာအိုမျက်လုံးဝိညာဉ်လို့ အမည်ရတယ်…”

“ပြောကြတာက ပထမမျိုးဆက်ဘိုးဘေးဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ပုန်းကွယ်နေတဲ့ ကလန်တစ်ခုရဲ့ အစွမ်းထက်တာအိုတပည့်တစ်ယောက်တဲ့။ ဒါပေမဲ့ သူ့မျိုးဆက်မှာ နှစ်ယောက် ရှိခဲ့တယ်…”

“သူတို့နှစ်ယောက်ဟာ ဝိညာဉ်မျက်လုံးတာအိုနဲ့ တာအိုမျက်လုံးဝိညာဉ်တို့ကို အမွေဆက်ခံခဲ့ကြတယ်။ အဲ့ဒီနောက် တချို့အကြောင်းရင်းတွေကြောင့် ဘိုးဘေးအိုဟာ ပြီးပြည့်စုံတဲ့တာအိုကို ရရှိဖို့ လက်လွှတ်ခဲ့တယ်။ သူဟာ တကယ်တည်း ထွက်လာခဲ့ပြီး ကောင်းကင်ဘုံဘိုးဘေး ဖန်တီးထားခါစ ဒီကောင်းကင်ဘုံနွားထီးကုန်းမြေကို ရောက်လာခဲ့တယ်။ အဲ့ဒီ‌နောက် သူဟာ ဒီနေရာမှာ မဟာစိတ်ဝိညာဉ်ကလန်ကို ဖန်တီးခဲ့တာပဲ…”

“ဒါ့အပြင် နောက်ထပ် ကောလဟာလစကားတွေလည်း ရှိသေးတယ်…”

အရှင်ကုန်းနျန်သည် နောက်ဆုံး ကောလဟာလစကားနှင့် ပတ်သတ်၍ စဉ်းစားမိသည့်အခါ သူသည် မတုန်ယင်မိဘဲ မနေနိုင် ဖြစ်ရသည်။ သူသည် အဝေးရှိ ကုန်းမြေဗဟိုချက် ရှိသောနေရာထံ လှမ်းကြည့်လိုက်မိသည်။

နောက်ဆုံးကောလဟာလကတော့ မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်များစွာ စုစည်းခဲ့သော သတင်းပင်။ ထိုသတင်းအချက်အလက်မှာ ကြောက်မက်ဖွယ် ကောင်းလှပေ၏။

“ဒီကောလဟာလ အတိုင်းဆိုရင် အင်ပါယာဆရာသခင်ရဲ့ တာအိုပညာရပ်ကို တာအိုမျက်လုံးဝိညာဉ်လို့ ခေါ်တွင်တယ်တဲ့…”

အရှင်ကုန်းနျန်သည် ငြိမ်သက်စွာ စဉ်းစားနေရင်း စိတ်မတင်မကျ ခံစားမိနေ၏။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ စတင်ကျင့်ကြံတော့သည်။

ဝမ်လင်းသည် မဟာစိတ်ဝိညာဉ်ကလန်ကို ဖြတ်၍ ပျံသန်းလာသည်။ မဟာစိတ်ဝိညာဉ်ကလန်မှာ ကြီးမားလွန်း၏။ ထို့ကြောင့် အကြည့်တချက်ဖြင့်ပင် အဆုံးသပ်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။ လူတစ်ယောက်သည် မိုးထိထိုးနေသော တောင်များကိုသာ တတောင်ပြီးတတောင် ဆင့်နေသည်ကို မြင်ရလိမ့်မည်။

သို့ပေမည့် ဝမ်လင်း တောင်တလုံးကို ဖြတ်သန်းသွားတိုင်း နတ်ဘုရားအာရုံများက ဖြန့်ကျက်ကာ ပုံရိပ်များအသွင် ဖွဲ့စည်း၍ သူ့ထံ ရင်းနှီးမှုဖြင့် လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ကြသည်။

တခြားသူများက ဝမ်လင်းကို လေးစားသမှု ပေးပါက သူသည်လည်း တန်ပြန်လေးစားပေမည်။ လမ်းတလျှောက် သူက ပြုံး၍ သူ့ကလန်ရောင်ရင်းများကို ပြန်လည်နှုတ်ဆက်၏။ ထို့နေက် သူသည် သူ၏လောင်ကျွမ်းနေသော တောင်ထွတ်ထံ ရောက်လာသည်။ ဖန်ရှန်မင်က တောင်အပြင်ဘက်တွင် ရှိလို့နေ၏။ သူမက ပင်ပန်းနေပြီ ဖြစ်သော်လည်း မထွက်သွားဝံ့ပေ။

လောင်ကျွမ်းတောင်နှင့် နီးကပ်လာသည့်နောက် ဝမ်လင်း၏အကြည့်က ဖန်ရှန်မင်ထံ ကျရောက်သွားပြီး သူ့အမူအရာကမူ ပြောင်းလဲမသွားပေ။ သူက တောင်ပေါ်သို့ ခြေချလိုက်ပြီးနောက် သူ့အသံ ပဲ့တင်ထပ်လာသည်။

“အထဲကိုဝင်ခဲ့။ ဒီလှိုဏ်ဂူဟာ နည်းနည်းရှုပ်ပွနေတယ်။ ရှင်းလင်းပြီး နေဖို့ နေရာတစ်ခု ရှာပါ။ ငါ လိုလိုခေါ်တဲ့အခါတိုင်း အသင့်ဖြစ်နေပါစေ…”

ဖန်ရှန်မင်သည် ခေါင်းငုံ့ကာ ခေါင်းညိတ်လိုက်၏။ သူမက အံတင်းတင်းကြိတ်ကာ လောင်ကျွမ်းတောင်ထံ လျှောက်လှမ်းလာသည်။ အပူလှိုင်းက သူမကို ပို၍ ချွေးပျံစေသည်။ ဝမ်လင်း ရှိနေသော နေရာထံသို့ ဒေါသပါသော အကြည့် တချက် လှမ်းကြည့်ပြီးနောက် သူမက သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်ရ၏။ ထို့နောက် သူမသည် ဝမ်လင်း၏အမိန့်အတိုင်း လှိုဏ်ဂူများကို ရှင်းလင်းအောင် စလုပ်သည်။

ဝမ်လင်းက တောင်ထိပ်ရှိ လှိုဏ်ဂူထံ ပြန်ရောက်လာပြီး ထိုင်ချလိုက်၏။ သူက လက်ဝေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် သေတ္တာသုံးလုံး ပေါ်လာသည်။ ထိုသေတ္တာသုံးလုံးမှာ အရှင်ကုန်းနျန် သူ့ကို ပေးခဲ့သော လက်ဆောင်သုံးခုပင်။

“မဟာစိတ်ဝိညာဉ်ကလန်က ငါ့အပေါ်မှာ ကောင်းနေတယ်။ ငါ ဆရာ့ကို သွားမရှာခင် ဒီမှာ အချိန်တချို့ နေလိုက်မယ်…”

“ဒါပေမဲ့ ဆရာ့ရဲ့ နေရာက အခြေအနေအဝဝကို ငါ ခုထိ နားမလည်သေးဘူး။ ဒါပေမဲ့ ငါ ရုတ်တရက် ပေါ်လာတာဟာ တချို့လူတွေအတွက် မပျော်မရွင် ဖြစ်သွားနိုင်လောက်တယ်။ ဒါ့ကြောင့် ငါဟာ ဆရာ့ကို မရှာခင် ငါ့ကျင့်ကြံမှုအဆင့်ကို ပိုမြင့်မားအောင် လုပ်မှ ဖြစ်မယ်..”

ဝမ်လင်းကဲ့သို့ ကျင့်ကြံမှုအဆင့် ရှိနေပြီ ဖြစ်သော တစုံတစ်ယောက်မှာ အနာဂတ်ရှိ အန္တရာယ်ကို အာရုံခံမိနိုင်၏။ ထိုအာရုံခံနိုင်မှုက လောကရှိ ပြောင်းလဲမှုများကို ရှေ့ဖြစ်သိနိုင်သော လူများလောက် ရှင်းရှင်းလင်းလင်း မရှိသော်လည်း အခြေအနေ တချို့တဝက်ကို ဖမ်းဆုပ်ကြည့်နိုင်သည်။

သူက သူ့ထံသို့ မဟာကပ်ဘေးကြီးတစ်ခု စုဝေးလာနေပြီဟု ဝိုးတဝါး ခံစားမိနေပေ၏။

“ငါ့မှာ လုံလောက်တဲ့ ကျင့်ကြံမှုအဆင့်သာ ရှိရင် ဒီကပ်ဘေးတွေအားလုံးဟာ ဘာပြဿနာမှ မရှိတော့ဘူး။ အခု မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ငါ ပေါ်ထွက်လာလိမ့်မယ်လို့ ရှေ့ဖြစ်ကြည့်ခဲ့တဲ့ သူဟာ ဘယ်လိုလက်ဆောင်မျိုး ပေးခဲ့လဲဆိုတာ ငါ မြင်ချင်နေပြီ…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ပထမဆုံး သေတ္တာထံသို့ အကြည့်ရောက်သွားသည်။

All Chapters