လက်ဆောင်သုံးခု
Vol. 137 Ch. 1891
ထိုသေတ္တာသုံးခုသည် သာမန်ဆန်လှသည်။ ဖုန်များပင် တက်နေသေး၏။ သို့ပေမည့် ထိုသေတ္တာက နတ်ဘုရားအာရုံများကို အတွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးထားနိုင်သည်။
ယင်းသေတ္တာကို ခပ်ခြောက်ခြောက် အဝါရောင်ချိပ်တံဆိပ်တစ်ခုဖြင့် ချိပ်ပိတ်ထားပုံ ပေါ်သည်။ ၎င်းချိပ်ပိတ်မှုထံမှ ရှေးကျလွန်းသောအော်ရာကို ပေးစွမ်းနေ၏။
ထိုသေတ္တာကို ကြည့်ကာ ဝမ်လင်းက စဉ်းစားနေသည်။ သို့သော် ထို့နောက်တွင် သူ့မျက်လုံးက တလက်လက် ဖြစ်လာပြီး နှစ်ပေါင်းများစွာ မည်သူမျှ မဖယ်ရှားသော အဝါရောင်ချိပ်တံဆိပ်ကို ဆုတ်ဖြဲလိုက်လေ၏။
ထိုချိပ်တံဆိပ် ဖယ်ရှားခံလိုက်သည်နှင့် ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲသို့ ထူးခြားသောအားတစ်ခု ဝင်ရောက်လာသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ ထိုစွမ်းအားက သူ့ခန္ဓာကိုယ်အတွင်း၌ တပတ် လှည့်လည်ကာ မြန်ဆန်စွာ ထွက်ခွာသွား၏။ ၎င်းက ဒီသေတ္တာကို ဖွင့်လိုက်သူမှာ လူအမှန် ဖြစ်လားဟု ဆုံးဖြတ်လိုက်သည့်နှယ်။
ဝမ်လင်း၏ လက်ထဲ၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည်ဟု ထင်ရသည့် ချိပ်တံဆိပ်မှာ သူ့ရှေ့မှာပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဝမ်လင်းရှေ့၌ သေတ္တာတစ်ခုသာ မလှုပ်မယှက် လွင့်မြောတည်ရှိသည်။
ဝမ်လင်း၏အမူအရာက အလေးအနက် ဖြစ်လာ၏။ ထိုချိပ်တံဆိပ် ပြေလျှော့သွားသည့်အခါ၌ ထိုသေတ္တာထံမှ တုန်ခါမှုလှိုင်းကို ဝမ်လင်း ခံစားမိလိုက်သည်။
ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်၍ သေတ္တာထံ ဝေ့ယမ်းလိုက်သည်။ သေတ္တာကို ဖွင့်လိုက်သည့်အခါ အတွင်း၌ ရှိနေသောအရာ ပေါ်လာ၏။
၎င်းမှာ လက်သီးဆုပ်ခန့် အနက်ရောင်ကျောက်တုံး တစ်တုံးပင်။ ထိုကျောက်တုံးမှာ ပုံပန်းအသွင် မညီမညာဖြင့် သာမန်ကျောက်တုံး တစ်တုံးနှင့် မတူပေ။ ၎င်းကို အပေါက်ငယ်လေးများ ဖုံးလွှမ်းနေပြီး ခပ်ဖျော့ဖျော့တုန်ခါမှုလှိုင်းကို ထုတ်လွှတ်၍ ဒီလှိုဏ်ဂူထဲ၌ ပြည့်နှက်လာသည်။
ထိုကျောက်တုံးကို ကြည့်ကာ ဝမ်လင်းက မျက်မှောင်ကြုတ်သွားမိ၏။ သူက ၎င်းကို မည်သည့်အရာမှန်း မသိပေ။ သူ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီး ကျောက်တုံးထံ ဆန့်ထွက်စေ၏။ သို့ပေမည့် သူ့ နတ်ဘုရားအာရုံ နီးကပ်လာသည့်အခါ ၎င်းကို သေးငယ်သောအပေါက်များက စုပ်ယူသွားသည်။
ဝမ်လင်းက တည်တည်ငြိမ်ငြိမ်သာ ရှိနေပြီး သူ့နတ်ဘုရားအာရုံကို ကျောက်တုံးက စုပ်ယူခွင့် ပြုထား၏။ သူသည် အတွင်း၌ ရှိနေသောအရာကို တဖြည်းဖြည်း တွေ့မြင်လာပြီး သူ့အမူအရာ ပြောင်းလဲသွားသည်။
“ဒါက…” ဝမ်လင်းသည် ဒီကျောက်တုံးအတွင်း၌ တိုင်းတာ၍မရသော ဟင်းလင်းပြင်ပါဝင်နေသည်ကို တွေ့မြင်လိုက်ရ၏။ ၎င်းမှာ ၎င်း၏ကိုယ်ပိုင် အမှီအခိုကင်းကင်း ဟင်းလင်းပြင်တစ်ခု ပါဝင်သော တွင်းပေါက်တစ်ခုနှင့် တူလေ၏။
“ဒါဟာ ဟင်းလင်းပြင်ကျောက်တုံးအပိုင်းအစပဲ။ ဒါက မင်းအတွက် ငါ့ရဲ့ ပထမဆုံးလက်ဆောင်၊ မင်းက လှိုဏ်ဂူလောကကနေ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်လာခဲ့တာ ငါ သိတယ်။ ဒါ့ကြောင့် မင်းရဲ့ သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်ဖို့ ကျိန်းသေပေါက် အခက်အခဲ ကြုံမှာပဲ။ ဒီဟင်းလင်းပြင်ကျောက်တုံးနဲ့ဆိုရင်တော့ မင်း အနေနဲ့ မင်းရဲ့ သိုလှောင်အိတ်ထဲက ပစ္စည်းတစ်ခုကို ထုတ်ယူနိုင်မယ်။ ဒါပေမဲ့ နောက်ထပ်တကြိမ်တော့ ရနိုင်မှာ မဟုတ်ဘူး။ မဟုတ်ရင် ဟင်းလင်းပြင် အစုအဝေးဟာ မတည်မငြိမ် ဖြစ်လာပြီး ပျက်စီးသွားနိုင်တယ်…”
ရှေးဟောင်းအသံတသံသည် ထိုဟင်းလင်းပြင် ကျောက်တုံးထံမှ ထွက်ပေါ်လာ၏။
“ဒီဟင်းလင်းပြင်ကျောက်တုံးဟာ တကြိမ်ပဲ အသုံးပြုနိုင်တာ။ ဒီကျောက်တုံးကို နောက်တခြားကဏ္ဍတစ်ခုမှာတော့ ထပ်ပြီး အသုံးပြုနိုင်သေးတယ်။ အဲ့တာက ကောင်းကင်ဘုံတာအိုကို ခွန်အားဖြည့်ပေးတဲ့ နေရာမှာပဲ။ မင်းနဲ့အတူ မပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံတာအိုရှိနေတာ ငါ သိတယ်။ အဲ့ကောင်းကင်ဘုံတာအိုကို ဒီနေရာထဲမှာ ထားပြီး အားအင်ဖြည့်ပေးလိုက်။ ဒါဆို ၎င်းဟာ တဖြည်းဖြည်း ပြီးပြည့်စုံလာလိမ့်မယ်…”
“ဒါဟာ ပထမလက်ဆောင်ပဲ။ မင်း သဘောကျလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်…” ရှေးဟောင်းအသံသည် ထွက်ပေါ်လာပြီးနောက် သဲလွန်စမရှိ ပြန်ပျောက်ကွယ်သွားသည်။ ဝမ်လင်းသည် ဒီကျောက်တုံးဟင်းလင်းပြင်ထဲ၌ မည်မျှ ရှာဖွေပါစေ ထိုအသံ၏ အရိပ်အယောင်ကို မရှာနိုင်ချေ။
ဝမ်လင်း၏မျက်လုံး သူငယ်အိမ်မှာ ကျဉ်းမြောင်းသွား၏။ သူ့နတ်ဘုရားအာရုံကို ဟင်းလင်းပြင်ကျောက်တုံးထံမှ ပြန်ရုတ်ကာ ၎င်းကို စိုက်ကြည့်ပြီး စဉ်းစားနေသည်။
သူက အလျင်စလို မပြုမူသေးပေ။ ကျောက်တုံးကို ဘေးတဖက်သို့ ရွှေ့ထားလိုက်၏။ သူ့အကြည့်က ဒုတိယမြောက်သေတ္တာပေါ် ကျရောက်သွားသည်။ ထိုသေတ္တာပေါ်၌လည်း ချိပ်ပိတ်မှု ရှိနေသည်သာ။ ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ၎င်းချိပ်ပိတ်မှုသည် ပယ်ဖျက်သွားပြီး ဘန်းခနဲ ပေါက်ကွဲကာ သေတ္တာ ပွင့်လာသည်။
အတွင်း၌ မြူများ ဝန်းရံထားသော ကျောက်စိမ်းပြားတစ်ခု ရှိနေ၏။ ၎င်းမှာ မြူများဖြင့် ပြုလုပ်ထားသည် ကျောက်စိမ်းပြားတစ်ခုနှင့် တူနေသည်။ ၎င်းက ဝမ်လင်းရှေ့တွင် ပေါ်လာသည့်အခါ မြူများသည် ထူးဆန်းစွာ ရွှေ့လျားသည်။
မြူကျောက်စိမ်းပြားကို စိုက်ကြည့်နေလျက် ဝမ်လင်း မျက်မှောင်ကြုတ်မိ၏။ သူက လက်ဆန့်ထုတ်လိုက်ရာ ထိုကျောက်စိမ်းပြား သူ့လက်ကြားထံ ပျံသန်းလာသည်။ ထိုကျောက်စိမ်းပြားကို သူ့လက်ဖြင့် ထိမိသည်နှင့် ရှေးဟောင်းအသံက သူ့စိတ်ထဲ၌ ပေါ်လာပြန်သည်။
“ဒါဟာ မင်းအတွက် ငါ ပြင်ဆင်ပေးထားတဲ့ ဒုတိယမြောက်လက်ဆောင်ပဲ။ ဒီကျောက်စိမ်းပြားဟာ ဝိညာဉ်မျက်လုံးတာအိုမန္တာန်ကို ငါ့တဘဝလုံး ကျင့်ကြံခြင်းနဲ့ ဖွဲ့စည်းထားတဲ့ ကျောက်စိမ်းပြားပဲ။ ဒါက မင်းကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့စေနိုင်မယ်။ ဒါမှမဟုတ် မင်းအတွက် တစ်ခုခုကို ရှေ့ဖြစ်ကြည့်နိုင်မယ်…”
“ဒါပေမဲ့ တကြိမ်ပဲ လုပ်နိုင်မှာ…”
ထိုအသံ ပြန်ပျောက်ကွယ်သွား၏။ ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားကာ သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်သည်။ သူသည် အတွင်းရှိ မရေမတွက်နိုင်သော ပုံရိပ်များကို မြင်၏။ သူသာ ဆန္ဒရှိပါက သည်ကျောက်စိမ်းပြားနှင့် လူတစ်ယောက်ကို ရှေ့ဖြစ်ကြည့်နိုင်ပေမည်။
ပထမလက်ဆောင်က ဝမ်လင်းကို သူ့သိုလှောင်အိတ်ကို လုံလုံခြုံခြုံ ရှိစေနိုင်ပြီး သူ့ကောင်းကင်ဘုံတာအိုကို အားအင်ဖြည့်တင်းနိုင်စေမည် ဖြစ်၏။ ဤသည်က မက်မောဖို့ ကောင်းသော်လည်း လိုအပ်လွန်းလှသည်တော့ မဟုတ်ပေ။
သို့ပေမည့် ဒုတိယလက်ဆောင်ကမူ ကွဲပြား၏။ ပထမလက်ဆောင်ထက် အဆများစွာ ပိုတန်ဖိုးရှိသည်။ ထိုအသံ ပြောသည့်အတိုင်းသာ အမှန်ဖြစ်ပြီး ၎င်းက သူကိုယ်တိုင်၊ သို့မဟုတ် တစုံတယောက်၏ အတိတ်နှင့်အနာဂတ်ကို ရှေ့ဖြစ်ကြည့်မြင်နိုင်သည်ဆိုပါက ထိုကျောက်စိမ်းပြားသည် ဝမ်လင်းအတွက် အလွန်အမင်း အဖိုးတန်နေလေပြီ။ အရေးတကြီးအခိုက်အတန့်၌ သည်ကျောက်စိမ်းပြားက သူ့အသက်ကို ကယ်တင်ပေးကောင်း ပေးနိုင်၏။
ထိုကျောက်စိမ်းပြားကို ကြည့်ကာ ဝမ်လင်း၏စိတ်နှလုံးသည် ရုတ်တရက် တချက် ခုန်ပေါက်သွား၏။ အချိန်အတန်ကြာပြီးနောက် ၎င်းထံမှ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ ထို့နောက် သူက တတိယမြောက်သေတ္တာထံသို့ ကြည့်လိုက်သည်။
“ပထမတစ်ခုက အဖိုးတန်နေပြီ။ ဒုတိယတစ်ခုက ပိုပြီးတောင် အဖိုးတန်နေသေးတယ်။ တတိယတစ်ခုက ဘာများဖြစ်မလဲ ငါ သိချင်နေမိပြီ…”
ဝမ်လင်းက ကျောက်စိမ်းပြားကို ဘေးတဖက်သို့ ချကာ သူ့ညာလက်ဖြင့် တတိယမြောက်သေတ္တာကို ဖမ်းဆုပ်ယူလိုက်သည်။
ထိုသေတ္တာပေါ်ရှိ ချိပ်ပိတ်မှုမှာ ပျောက်ကွယ်သွားလေ၏။ ၎င်းသေတ္တာကိုယ်တိုင်သည်ပင် ဆွေးမြေ့နေပုံ ရသည်။ ၎င်းသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ လက်သည်းခွံလောက် အရွယ်ရှိသော သလင်းကဲ့သို့ ကြည်လင်သည့်ရေစက်တစက် လှစ်ဟပေါ်လာ၏။
ထိုရေစက်မှာ မြူများဖြင့် ပြည့်နေပြီး တလျှံ့လျှံ တောက်ပမှုကို ပေး၍ လူတစ်ယောက်၏ စိတ်ကို ဖမ်းစားနိုင်စွမ်း ရှိသည်။ လူတစ်ယောက်က ၎င်းကို ကြည့်လိုက်သည့်အခါ ၎င်းရေစက်၏ လောကအတွင်း သက်ဆင်းသွားရနိုင်လောက်မည်။
ထိုရေစက်ထံမှ အားကောင်းလှသော ရေအနှစ်သာရအော်ရာ ပျံ့လွင့်နေပြီး ဒီလှိုဏ်ဂူထဲ၌ ပြည့်နှက်သည်။ ထိုအော်ရာမှာ တောင်နှင့် တသားတည်း ပေါင်းစပ်သွား၍ လောင်ကျွမ်းနေသော မီးတောက်များသည်ပင် ငြှိမ်းသေမည့် အရိပ်အယောင် ပြသလာသည်။
ဝမ်လင်းသည် ထိုရေစက်ကို တွေ့မြင်သည့်အခါ သူ့အမူအရာက ပြောင်းလဲသွား၏။ သူသည် ရေစက်ကို စိုက်ကြည့်ကာ စိတ်ထဲ၌ လှိုင်းထန်နေလေပြီ။
သည်တတိယပစ္စည်းက ပြီးခဲ့သောလက်ဆောင်နှစ်ခုထက် ဝမ်လင်းအတွက် ပို၍ လိုအပ်နေသည့်အရာပင်။ ဝမ်လင်း၏ ရေအနှစ်သာရမှာ ဒြပ်စင်ငါးခုဂြိုဟ်ပေါ်၌ အငယ်စားပြီးပြည့်စုံမှုသို့ ရောက်ခဲ့ပြီး ရှေ့ဆက်မတိုးနိုင် ဖြစ်နေခဲ့ရ၏။ ထို့အတွက် သူသည် စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့်တွင် တစ်နေခြင်းပင်။
သူ့မီးအနှစ်သာရခန္ဓာကို ဖွဲ့စည်းပြီးသည့်နောက်တွင်ပင် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က တိုးတက်မလာခဲ့ပေ။ ထိုမီးအနှစ်သာရခန္ဓာက သူ့မန္တာန်များကိုသာ ပိုကြမ်းစေခဲ့သည်။
“ငါ့မှာ အနှစ်သာရခုနစ်ခု ပိုင်ဆိုင်ထားတယ်။ ဒီရေအနှစ်သာရသာ ပြီးပြည့်စုံသွားရင် ငါ့မှာ အနှစ်သာရရှစ်ခု ပိုင်ဆိုင်လာမှာ ဖြစ်ပြီး စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်ကို ရောက်နိုင်လိမ့်မယ်။ အဲ့ဒီနောက် ငါသာ ကိုးခုမြောက်အနှစ်သာရကို ပိုင်ဆိုင်နိုင်ခဲ့ရင် စိတ်ဝိညာဉ်လေဟာနယ်အဆင့်ကို ချိုးဖျက်ပြီး ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်မယ်…”
“အဲ့အချိန်ကျရင် ငါဟာ ဆန်းကြယ်လေဟာနယ်အဆင့်မှာပဲ ရှိသေးပင်မဲ့ ငါ့အနှစ်သာရကိုးခုနဲ့ဆို မဟာမန္တာန်တွေကို အသုံးပြုစရာမလိုဘဲ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတွေကို တိုက်ခိုက်နိုင်ပြီ။ ငါသာ ဆန်းကြယ်လေဟာနယ် နောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ရင် ဆန်းကြယ်အတိဒုက္ခတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရမှာ မဟုတ်ဘဲ အတိဒုက္ခကိုးခုလုံးကို တခါတည်း ဖြတ်ကျော်ရလိမ့်မယ်။ အဲ့နောက်ကျရင် ငါဟာ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ပြီ…”
ဝမ်လင်းသည် သူ၏ကျင့်ကြံမှုလမ်းကြောင်းမှာ တခြားသူများနှင့် ကွဲပြားသည်ကို နားလည်ထားပေ၏။ သူ့ထံ၌ အပူဇော်ခံမီးတောက်ဟူ၍မရှိ၊ ကောင်းကင်နှင့်မြေကြီးအပေါ် စစ်မှန်သန့်စင်သောနားလည်မှုသာ ရှိပေ၏။ သူသာ အနှစ်သာရကိုးခုကို ရရှိပြီး ဆန်းကြယ်လေဟာနယ်အဆင့်သို့ ဝင်ရောက်ခဲ့ပြီးပါက သူသည် တခြားသူများနှင့် သိသိသာသာ ကွာခြားသွားလိမ့်မည်။
ဝမ်လင်း၏ ကျင့်ကြံခြင်းအတွက် သော့ချက်မှာ အနှစ်သာရများဟု ဆိုနိုင်သည်။
အနှစ်သာရများသည် ရိုးရှင်းဟန် ရသော်လည်း ယင်းတို့ကို ရရှိဖို့နှင့် ပြီးပြည့်စုံစေဖို့မှာ အလွန်ခက်သည်။ ရေအနှစ်သာရအစက်ကို ကြည့်ကာ ဝမ်လင်းသည် အသက်ဝဝ မရှုထုတ်မိဘဲ မနေနိုင် ဖြစ်ရ၏။
ဤသည်မှာ သူ့ဘဝတွင် ဒီလိုရေအနှစ်သာရအစက်ကို ရရှိဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ပထမဦးဆုံး ရရှိခဲ့သည်မှာ ဆန်းကြယ်သော ရှေ့ဖြစ်ဟောသူထံမှ ဖြစ်၏။ ထိုရေအနှစ်သာရအစက်နှင့် ဒြပ်စင်ငါးခုဂြိုဟ်၌ သူ့ ကံတရားကြောင့် သူ၏ ရေအနှစ်သာရမှာ အငယ်စားပြီးပြည့်စုံမှုသို့ ရောက်ရှိခဲ့ခြင်းပင်။
သို့ပေမည့် အခု သူ့လက်ထဲရှိ ဒီရေစက်က ရှေ့ဖြစ်ဟောသူ သူ့ကို ပေးခဲ့သော ရေစက်ထက် အဆများစွာ သာလွန်သည်။ နှိုင်းယှဉ်၍ပင် မဖြစ်နိုင်ပေ။
“ဒီရေစက်ဟာ ငါ မင်းအတွက် ပြင်ဆင်ပေးထားတဲ့ တတိယမြောက်လက်ဆောင်ပဲ။ ငါဟာ ကောင်းကင်မြစ်ကုန်းမြေက မြစ်ပေါင်း(၉၉)ခုကို သန့်စင်ခဲ့ပြီး ရေအနှစ်သာရနဲ့ ကျင့်ကြံသူတွေကို အသုံးပြုပြီး ဒါတွေကို အားဖြည့်တင်းခဲ့တာ။ ဒါကို မင်း စုပ်ယူပြီးရင် မင်းရဲ့ ရေအနှစ်သာရက ပြီးပြည့်စုံစေမလားတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ပြီးပြည့်စုံမှု မရှိရင်တောင် သိပ်ကွာဟလှတော့မှာ မဟုတ်ဘူး…”
“မင်း ဒီလက်ဆောင်သုံးခုလုံးကို သဘောကျလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ မင်းဟာ ငါ့မဟာစိတ်ဝိညာဉ်ကလန်ကို အကာအကွယ်ပေးနိုင်ဖို့ ငါ မျှော်လင့်တယ်။ ငါ့ နောက်မျိုးဆက်တွေကိုလည်း ဗဟိုကုန်းမြေဆီ ပြန်ပို့ဆောင်ပေးပါ…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူ့စိတ်ထဲမှ ရှေးဟောင်းအသံ ပျောက်ကွယ်သွားပြီးနောက် သူက ထိုရေစက်ကို ဆုပ်ကိုင်လိုက်သည်။ ၎င်းက သူ့အတွက် သိသာစွာ အရေးကြီးလှသည်။
ထိုရေအနှစ်သာရကို ဆုပ်ကိုင်ထားလျက် ဝမ်လင်း၏ နတ်ဘုရားအာရုံက ၎င်းအတွင်းသို့ ဝင်ရောက်လာသည်။ ထိုရေစက်ကို အသေအချာ ရှာဖွေစူးစမ်း ကြည့်ပြီးနောက် မည်သည့်ပြဿနာမှ မရှိဟု သူ ယုံကြည်သွားသည်။ သူ၏မျက်လုံးက တောက်ပနေပြီး အပေါ်သို့ မော့ကြည့်လာ၏။
“အနာဂတ်မှာ ငါ့မှာသာ မဟာစိတ်ဝိညာဉ်ကလန်ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအား ရှိလာခဲ့ရင် ငါ လုပ်ဆောင်မှာပါ…”
ဝမ်လင်း၏စကားသံ ပဲ့တင်ထပ်စဉ် မိုးကြိုးတန်းတစ်ခုသည် မဟာစိတ်ဝိညာဉ်ကလန်၏ အပြင်ဘက်၌ ကျယ်လောင်စွာ တုန်ဟိန်းသံကို ထုတ်ဖော်လေသည်။
ထိုတုန်ဟည်းသံ ပဲ့တင်ထပ်စဉ် ကျင့်ကြံသူများစွာ လှုပ်ခါကုန်၏။ ဘိုးဘေးကုန်းနျန်က ထိုင်နေပြီး သူက မျက်လုံးဖွင့်လာသည်။ သူ့စိတ်နှလုံးသားမှာ လှုပ်ခါကာ သူ၏မျက်လုံး သူငယ်အိမ်သည် ကြုံ့၍ အပြင်ဘက်ရှိ တုန်ဟည်းနေသော မိုးကြိုးထံ စိုက်ကြည့်လေသည်။
“ပထမမျိုးဆက်ဘိုးဘေး…”
ထိုမိုးကြိုးသံ တုန်ဟည်းနေစဉ် ဝမ်လင်းက သူ့ဘယ်လက်ကို ပင့်မြှောက်ကာ ချိပ်ဟန်တစ်ခု ထုတ်ဖော်သည်။ အစွမ်းထက်ဖိအားတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်ကာ သည်တောင်ကို ခြုံလွှမ်းသည်။
“အနှစ်သာရအစစ်အမှန်ခန္ဓာ၊ ငါ့ကို ကာကွယ်ပေးထား…” ဝမ်လင်း၏အသံ မဟာစိတ်ဝိညာဉ်ကလန်၌ ပဲ့တင်ထပ်၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေလိုက်ရာ လောင်ကျွမ်းနေသောတောင်မှ မီးများက သူ၏လှိုဏ်ဂူအပြင်ဘက်တွင် စုဝေးကာ သူ့မီးအနှစ်သာရခန္ဓာ ဖွဲ့တည်သည်။ ထို့နောက် ထိုသူက ထိုင်ချလိုက်သည်။
တချိန်တည်းမှာ ဖန်ရှန်မင်၏မျက်လုံးသည် အရောင်တောက်သွားကာ မီးများ ဖုံးလွှမ်းနေသော တောင်ထိပ်ထံသို့ မော့ကြည့်၏။ သူမ မည်သည်ကို တွေးနေသလဲ မသိရနိုင်ပေ။
ဝမ်လင်းသည် ဖန်ရှန်မင်းကို လုံးဝ လစ်လျူရှုမထားပေ။ သူက ထိုအမျိုးသမီးကို ဒီနေရာသို့ ခေါ်လာဝံ့မှတော့ သူမနှင့် ရင်ဆိုင်ဖို့ သူ့ထံ၌ နည်းလမ်းတစ်ခု ရှိထားပြီးသားပင်။ ဝမ်လင်းက မျက်လုံးမှိတ်လိုက်ပြီးနောက် သူ့ညာလက်ဖြင့် ဟင်းလင်းပြင်ကျောက်တုံးကို ဆုပ်ကိုင်လိုက်၏။