ကျန့်ယီဂိုဏ်းမှအင်းပညာ
Vol. 7 Ch. 644
ဂိုဏ်းတူမောင်နှမ (၂)ယောက် စကားများနေသည့် အချိန်မှာပင်…
အလင်းတန်းတစ်ခုသည် တာအိုကျောင်းဆောင် ရှေ့တွင်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်လည် ပျောက်ကွယ် သွားလေသည်။
ကျန့်ယီဂိုဏ်းသားများသည် သူတို့ထံသို့ ဧည့်သည်တစ်ယောက် ရောက်လာသည်ကို သိလိုက်ကြလေသည်။
ထို့ကြောင့် တည်ငြိမ်မှု မပျက်စေဘဲ အတူတကွ အပြင်သို့ ထွက်လိုက်ကြလေသည်။ အပြင်ဘက်တွင် သူတို့ကို စောင့်နေသူကို တွေ့လိုက်ကြသည့် အခါတွင်တော့ အားလုံးမှာ အံ့အားသင့် သွားကြရလေသည်။ စုရှိုးချင်၏ မျက်နှာ အမူအရာပင်လျှင် ပြောင်းလဲသွားရလေသည်။
ရောက်လာသူမှာ အခြားသူမဟုတ်…။
ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ချန်ကျင်းချင်ပင် ဖြစ်လေသည်။ သူတို့အားလုံးလည်း တုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့ ထွက်လိုက်ကြပြီး ချန်ကျင်းချင်ကို နှုတ်ဆက် ဂါရဝပြုလိုက်ကြလေသည်။
ချန်ကျင်းချင်သည် သူတို့အားလုံးကို ငေးကြည့်နေလေသည်။
အားလုံးကြားထဲတွင် စုရှိုးချင်သည် သိသာထင်ရှားလျက် ရှိလေသည်။ သူမသည် တာအိုတန်ခိုးစွမ်းများနှင့် ပြည့်နေပြီး သန့်စင်သည့် တန်ခိုးစွမ်းအားများသည် စီးဆင်းနေသည့် မြစ်တစ်စင်းအလား ထင်မှတ်ရလေသည်။
သူမသည် အမှန်တကယ်ပင် ရှားပါးသည့် ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။ သူမသည် အရှေ့တောင်ပိုင်း ယွမ်ကျိုးနယ်တွင် ခေါင်းဆောင်တစ်ယောက် ဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပါ။
ချင်းရွှမ်နတ်တံခါးတွင်သာ မဟုတ်ပါ။ တစ်လောကလုံးတွင် ပါရမီရှင်းများ ပေါ်ထွန်းနိုင်လေသည်။
ချန်ကျင်းချင်မှာ သူမကိုလာရှာခြင်း ဖြစ်သည်ကို စုရှိုးချင်က ရိပ်မိလိုက်လေသည်။
ထို့ကြောင့် သူမက…
“ချန်ကျန်းရန်နတ်ဘုရား၊ ဘာကိစ္စများ ရှိလို့ပါလဲ…”
ချန်ကျင်းချင်ကပြုံးလိုက်ရင်း…
“ကျုပ်ရဲ့ဆရာက ဆရာသခင်စုရှိုးချင်ကို ထိုက်ယီတောင်ထိပ်မှာ ခဏလောက် တွေ့ချင်လို့ပါတဲ့…”
ချန်ကျင်းချင်၏စကားကြောင့် စုရှိုးချင်၏မျက်နှာမှာ အနီရောင် သမ်းသွားလေသည်။
အချိန်သည် မိုးချုပ်နေပြီ ဖြစ်လေသည်။ သူမသည် မိန်းကလေးတစ်ယောက် ဖြစ်သည့်အတွက် ဆန်းကျန်းရန် နတ်ဘုရားနှင့် (၂)ယောက်တည်း တွေ့ဆုံရန်မှာ မသင့်တော်လှပေ။
ထို့ပြင် ဆန်းကျန်းရန်နတ်ဘုရား ငယ်စဉ်ကလည်း မိန်းကလေးများနှင့် အချစ်ဇာတ်လမ်းလေးများ ရှိခဲ့ဖူးလေသည်။ သူတို့ (၂)ယောက် မည်သည့်ပတ်သက်မှုမှ မရှိသည့်တိုင် ပတ်ဝန်းကျင်တွင် စကားတင်းဆိုစရာများ ဖြစ်လာနိုင်လေသည်။ သို့သော်… သူမက ဖိတ်ကြားချက်ကို ငြင်းဆန် လိုက်ပါကလည်း မောက်မာရာကျပေလိမ့်မည်။
စုရှိုးချင် ချီတုံချတုံ ဖြစ်နေစဉ်မှာပင် သူမ၏ ဂိုဏ်းတူအစ်ကိုဖြစ်သူက ဝမ်းသာအားရဖြင့်…
“ဂိုဏ်းတူညီမလေး၊ ဘာတွေ စဉ်းစားနေတာလဲ၊ ဆန်းကျန်းရန် နတ်ဘုရားက မင်းကို ပညာတွေ သင်ပေးမလို့ဖြစ်ရ မယ်၊ အမြန်သွားလိုက်၊ လူကြီးကို စောင့်ရအောင် မလုပ်နဲ့”
ထိုစကားကြောင့် စုရှိုးချင်မှာ ဒေါသ ထွက်သွားရလေသည်။
သို့သော် သူမက ဒေါသကို စိတ်ထဲမှာပင် မျိုသိပ်ထားလိုက်လေသည်။ ဆန်းကျန်းရန် နတ်ဘုရားသည် လောကတွင် ဒုတိယအတော်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ ထို့ပြင် ချင်းရွှမ်နတ်တံခါး၏ လွှမ်းမိုးနိုင်မှုကလည်း ကျင့်ကြံသူ လောကတွင် မြင့်မားလေသည်။
ထို့ပြင် ယခု ချင်းရွှမ်တောင်ပေါ်တွင် ရောက်ရှိနေကြသည့် ကျင့်ကြံသူ အများစုမှာလည်း ချင်းရွှမ်နတ်တံခါးနှင့် ပတ်သက်ဆက်နွှယ် ကြသည့်သူများ ဖြစ်ကြလေသည်။ သူမ၏အဆင့်သည် ဆန်းကျန်းရန်နတ်ဘုရားနှင့် ယှဉ်လျှင် များစွာ အလှမ်းကွာဝေးလေသည်။ သူမက ပိုးစုန်းကြူးလေးဆိုလျှင် ဆန်းကျန်းရန် နတ်ဘုရားကတော့ လမင်းတစ်စင်းအလား ဖြစ်လေသည်။
သူမအနေဖြင့် သံသယဝင်မိပါက ဆန်းကျန်းရန်နတ်ဘုရားကို စော်ကားရာ ရောက်ပေလိမ့်မည်။
သူမ ငြင်းဆန်လိုက်သည့် သတင်းသာ ပေါက်ကြားသွားခဲ့လျှင် အရှေ့တောင်ဒေသရှိ ကျင့်ကြံသူလောက တစ်ခုလုံးသည် ကျန့်ယီဂိုဏ်းကို ပြစ်တင်ရှုတ်ချကြပေလိမ့်မည်။
ထို့ပြင် သူမအနေဖြင့် ဆန်းကျန်းရန် စိတ်ကွက်သွားမည်ကိုလည်း မခံယူရဲပေ။ သူမသည် ပါရမီရှင်တစ်ယောက် ဖြစ်သည့်တိုင် ဆန်းကျန်းရန် နတ်ဘုရားကိုတော့ မည်သည့်နည်းနှင့်မျှ ဖက်ပြိုင် အန်တုနိုင်မည် မဟုတ်ပါ။
စုရှိုးချင်သည် သက်ပြင်းတစ်ချက် ကျိတ်ပြီး ချလိုက်မိလေသည်။
စောစောကပင် သူမ၏ ကျင့်စဉ်လမ်း လျင်မြန်မှုအတွက် အလွန် ဂုဏ်မောက်နေခဲ့မိပြီး သူမ၏ ဂိုဏ်းတူအစ်ကိုကိုပင် မလေးမစား ဆက်ဆံခဲ့မိသည်ကို ချက်ချင်း နောင်တ ရသွားမိလေသည်။ သူမသည် ရင့်ကျက်ခြင်း မရှိသည့် မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ရပေပြီ။
သူမသည် ချက်ချင်းပင် နှလုံးသားထဲမှ အမှောင်ဆန်သည့် မိစ္ဆာဘက်ခြမ်းကို မြင်တွေ့လိုက်ရလေသည်။
ပါရမီရှင်ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အတွက်ကြောင့် သူမသည် မာန်မာနတရား၏ အပြစ်ကို ချက်ချင်းသိမြင်ပြီး ဓားသွားကဲ့သို့ ထက်မြက်သည့် စိတ်နှလုံးဖြင့် ထိုမာန်မာနတရားကို ချက်ချင်း ပယ်သတ် လိုက်လေတော့သည်။
သူမက နှိမ့်ချစွာဖြင့်ပင်…
“ကျွန်မ ဆန်းကျန်းရန် နတ်ဘုရားနဲ့ လိုက်တွေ့ပါ့မယ်”
“ကျုပ်နဲ့ လိုက်ခဲ့ပါ…”
ချန်ကျင်းချင်က ပြုံးရင်း ပြောလိုက်လေသည်။
ထို့နောက် သက်တံရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုက်ယီတောင်ထိပ်သို့ ထွက်ခွာ သွားလေတော့သည်။
ချင်းရွှမ်နတ်တံခါးတွင် အဆင့်မြင့်ဆရာသခင် အချို့မှလွဲပြီး အခြားသူများမှာ ပျံသန်းခွင့်မရှိပေ။
ထို့ကြောင့် ချင်းလျန်တောင်ထိပ်မှ အလင်းတန်းကို လူအများက အာရုံစိုက်မိသွားကြပြီး မကြာမီပင် စုရှိုးချင်ကို ဆန်းလျန်က ခေါ်ယူတွေ့ဆုံသည့် သတင်းသည် ပျံ့နှံ့သွားလေသည်။
ကျင့်ကြံသူအချို့က ဆန်းလျန်နှင့် စုရှိုးချင်အကြောင်းကို သွားပုပ်လေလွင့် ပြောချင်ကြသည့်တိုင် သူတို့ မပြောခင်မှာပင် နားထောင်သူများက ပြောမည့်စကားနှင့် နောက်ဆက်တွဲဆိုးကျိုးကို ရိပ်မိသည့်အလား နားမထောင်ဘဲ ထွက်သွားကြလေသည်။
သွားပုပ်လေလွင့် ပြောသူများသည် အရှုတ်ထုပ်များ ဖြစ်ကြလေသည်။ နတ်ဘုရားများသည် တန်ခိုးစွမ်းအားများဖြင့် ပြည့်နေကြသူများ ဖြစ်ကြလေရာ သွားပုပ်လေလွင့် အသရေဖျက်သည့် စကားများ ပြောသည်ကိုသာ သိရှိသွားပါက ရလဒ်မကောင်းနိုင်ပေ။ တစ်ချက်တည်းဖြင့် ဘဝကူးသွားနိုင်လေသည်။
တာအိုဆရာ တုန်းဖုန်းသည် ဥပမာဖြစ်လေသည်။
တာအိုဆရာ တုန်းဖုန်းသည် နှစ်ပေါင်းထောင်ချီပြီး အသက်ရှည်ခဲ့သည့် လောကနတ်ဘုရား တစ်ပါး ဖြစ်သည့်တိုင် ဆန်းကျန်းရန်နတ်ဘုရားနှင့် ရင်ဆိုင်လိုက်ရသည့်အခါ တစ်ချက်တည်းဖြင့် အသက်ပျောက်သွား ခဲ့ရလေသည်။ ထို့ကြောင့်ပင် ဆန်းကျန်းရန် နတ်ဘုရားနှင့် ပတ်သက်သည့် အတင်းအဖျင်း မကောင်းသတင်းကို မည်သူမှမပြောရဲကြပေ။
စုရှိုးချင် ထိုက်ယီတောင်ထိုပ်သို့ ရောက်လာသည့် အခါတွင်တော့ ချန်ကျင်းချင်က သူမကို လမ်းပြပြီးသည်နှင့် ထွက်ခွာသွားလေသည်။
ဆန်းလျန်သည် အဆင့်မြင့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
လုန်ဟွပွဲတော် ပြီးဆုံးသွားလျှင် သူနှင့်စကားပြောခွင့် ရနိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် ဆန်းလျန်သည် လူအများနှင့် ချိတ်ဆက် အလုပ်လုပ်ရသည်ကို သိပ်ပြီး စိတ်ရှည်လှသူမဟုတ်ပေ။ ထိုနေရာတွင် အရည်အချင်းရှိသူကတော့ ချန်ကျင်းချင်ပင် ဖြစ်လေသည်။
ကောင်းကင်ထက်တွင် ကြယ်စင်များက တောက်ပနေလေသည်။
ထိုက်ယီတောင်ထိပ်သည် မိုးကောင်းကင်နှင့် နီးကပ်လွန်းလှသဖြင့် ကြယ်စင်များကိုပင် ဖမ်းယူဆုပ်ကိုင်နိုင်မည့် အလား ထင်မှတ်ရလေသည်။
ဆန်းလျန်နေထိုင်ရာ တာအိုကျောင်းဆောင်လေး ရှိရာသို့ သွားသည့်လမ်းသည် အလင်းရောင်များ တောက်ပနေလေသည်။ စုရှိုးချင်သည် လမ်းလေးအဆုံးထိ လမ်းလျှောက် လာခဲ့လေသည်။
ကျောင်းဆောင် တံခါးကပွင့်နေပြီး လရောင်က အတွင်းသို့ သဘာဝကျစွာ ဖြာကျနေလေသည်။
သူမဝင်သွားသည့်အခါ အခန်းထဲတွင် လရောင်မှလွဲပြီး အခြားအလင်းရောင် မရှိပါချေ။
ဆန်းလျန်သည် ကျောက်သလွန်ထက်တွင် လဲလျောင်းနေလေသည်။ ကြည့်ရသည်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဟန် ရှိလေသည်။ စုရှိုးချင်သည် ဆန်းလျန်ကို မနှိုးရဲပဲ အနားတွင်သာ တိတ်တဆိတ်ထိုင်ရင်း စောင့်နေခဲ့လေသည်။
တာအို ကျောင်းဆောင်ထဲတွင် ထူးထူးခြားခြား မွမ်းမံ ခြယ်သထားခြင်းများ မရှိဘဲ ပန်းချီကားတစ်ချပ်သာ ချိတ်ဆွဲထားလေသည်။
ပန်းချီကားထဲတွင် တောင်တန်းများနှင့် မြစ်ရေများပုံကို ရေးဆွဲထားပြီး နှစ်ကြောင်း ကဗျာလေးတစ်ပုဒ် ရေးသားထားလေသည်။
“မိုးနဲ့မြေမှာ ဘယ်သူ့ကိုမှ အားကိုးလို့မရပါဘူး၊ ကိုယ့်ကိုကိုယ်ပဲ အားကိုးလို့ရနိုင်ပါတယ် …
ဟယ်ထူလော့ကျမ်းစာဟာ ဘယ်အရာကိုမှ မမှီခိုပါဘူး… ဗလာနယ်ထဲကနေ အခြေခံလာတာ ဖြစ်တယ်…”
ထိုကဗျာလေးကို ဖတ်ပြီးသည်နှင့် စုရှိုးချင်သည် တအံ့တသြ ဖြစ်သွားရလေသည်။
ထိုကဲ့သို့သော စာသားမျိုးကို ရေးသားနိုင်သူဆို၍ ဤလောကတွင် ဆန်းကျန်းရန်နှင့် ရှန်စန်းကျန်းရန်သာလျှင် ရှိနိုင်လေသည်။
သူမအနေဖြင့် ထိုသို့သောကဗျာမျိုး ရေးသားနိုင်သည့် အဆင့်သို့ ရောက်ရှိရန်အတွက် နှစ်ပေါင်းမည်မျှကြာအောင် ကျင့်ကြံရဦးမည်လဲ မသိနိုင်ပေ။ တစ်ဘဝလုံးကျင့်ကြံပြီး ထိုအဆင့်သို့ ရောက်ချင်မှလည်း ရောက်မည် ဖြစ်လေသည်။
သူမ သတိမထားမိခင်မှာပင် ဆန်းလျန်သည် ကျောက်သလွန်ထက်မှ ထလာလေသည်။
စုရှိုးချင်သည် ချက်ချင်းပင် စိတ်အာရုံကို စုစည်းလိုက်ပြီး ဆန်းလျန်ကို လက်နှစ်ဖက်စုပ်ပြီး ဦးညွှတ်ဂါရဝ ပြုလိုက်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“မင်းက ကျုပ်ရဲ့တပည့်မဟုတ်တဲ့ အတွက် ဒီလိုဂါရဝပြုစရာ မလိုပါဘူး၊ ကျုပ်တို့တွေဟာ မာန်မာနထားပြီး မမောက်မာသင့်ဘူး၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့တော့ လိုအပ်တယ်"
စုရှိုးချင်းက…
“အကြံပေးတာ ကျေးဇူးတင်ပါတယ် ဆန်းကျန်းရန်နတ်ဘုရား၊ ဘာအကြောင်းများရှိလို့ ကျွန်မကို ခေါ်တာပါလဲ”
ဆန်းလျန်က…
“မင်းက ကျင့်စဉ်လမ်းမှာ အလားအလာ အများကြီးရှိတဲ့သူ တစ်ယောက်ပဲ၊ ဒါကြောင့် မင်းကို လမ်းညွှန်မှု နည်းနည်းလောက် ပေးချင်လို့ပါ”
ပွင့်ပွင့်လင်းလင်း ပြောလိုက်သည့် ဆန်းကျန်းရန်၏ စကားကြောင့် စုရှိုးချင်မှာ စိတ်သက်သာရာ ရသွားလေသည်။
ဆန်းလျန်က ထပ်ပြောလိုက်လေသည်။
“ဒါပေမဲ့ ကျုပ်ဆီက သင်ယူပြီးရင် တစ်ခုတော့ ပြန်ပေးရမယ်နော်”
“တစ်ခုတော့ ပြန်ပေးရမည်” ဆိုသည့်စကားကို စုရှိုးချင်သည် တလွဲအတွေး ရောက်သွားပြီး ရှက်သွေး ဖြာသွားရလေသည်။
သို့သော်… ဆန်းလျန်၏ နောက်ထပ်ပြောလာသည့် စကားကို ကြားရသည့် အခါတွင်တော့ သူမသည် အတွေးလွန်နေ ခဲ့သည်ကို သဘောပေါက်သွား ရလေသည်။
“ကျန့်ယီဂိုဏ်းရဲ့ အင်းပညာက စစ်မှန်တယ်၊ အစဉ်အဆက်လည်း ကျင့်စဉ်တွေကို ထိန်းသိမ်းခဲ့ကြတယ်၊ ပြီးတော့ အင်းချပ်တွေကို သာမန်လူတွေလည်း အသုံးပြုနိုင်တဲ့အတွက် ကျန့်ယီဂိုဏ်းဟာ လောကတစ်ခွင်မှာ ဂုဏ်သတင်း ကျော်ကြားမှုအပြည့်နဲ့ ရပ်တည်နိုင်တာ မထူးဆန်းပါဘူး၊ ဒါကြောင့် မင်းများ ကျုပ်အတွက် နှစ်နည်းနည်းလောက် အလုပ်တစ်ခုလောက် လုပ်ပေးနိုင်မလားလို့ မျှော်လင့်မိပါတယ်၊ ကျုပ်ရဲ့တပည့်တွေကို အင်းပညာ နည်းနည်းလောက် သင်ပေးစေချင်ပါတယ်၊ အင်းပညာဆိုတာက ဘယ်ကျင့်ကြံသူမဆို အသုံးပြုလို့ သင့်တော်တယ်လေ၊ မင်း ကျုပ်အတွက် အလုပ်လုပ်ပေးတဲ့ နှစ်တွေမှာ ကျင့်စဉ်လမ်းတစ်လျှောက် မင်းရင်ဆိုင်နေရတဲ့ အခက်အခဲတိုင်းကို ကျုပ်ကို မေးမြန်းနိုင်ပါတယ်၊ ကျုပ်ကိုကူညီရလို့ မင်းရဲ့ကျင့်စဉ်လမ်း မနှောင့်နှေးစေရပါဘူး၊ ပြီးတော့ မင်းကို ကျုပ်ရဲ့ တပည့်တစ်ယောက် အဖြစ်လည်း သတ်မှတ်ပေးမယ်၊ မင်း ဘယ်လိုသဘောရလဲ”
ဆန်းလျန်က တလေးတစားဖြင့် တောင်းဆိုလိုက်လေသည်။
ဤလောကသည် အသူရာချောက်ထက်ပိုပြီး ကျင့်ကြံသူဂိုဏ်းများ ပေါများလေသည်။ ဤလောကမှ ကျင့်ကြံသူများ သည် ယင်းစန်းဒေသမှ ကျင့်ကြံသူများထက် သာလွန်ကြလေသည်။ ထို့ပြင် ယင်းစန်းမှ ကျင့်ကြံသူများနှင့် မတူသည့်အချက်မှာ ကျန့်ယီဂိုဏ်း၏ ထူးခြားချက်ဖြစ်လေသည်။ အင်းပညာဆိုသည်က ကျင့်ကြံခြင်းအဆင့် မည်သည့်အဆင့်ပင် ဖြစ်ပါစေ သင်ယူနိုင်သလို အသုံးလည်း ပြုနိုင်လေသည်။
စုရှိုးချင်သည် အင်းပညာတွင် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကျန့်ယီဂိုဏ်းမှ အဆင့်မြင့် ဆရာသခင်တစ်ပါး ဖြစ်လေ သည်။ သူမသည် အင်းသိဒ္ဓိ အမြုတေကိုပင် ရရှိအောင် ကျင့်ကြံထားနိုင်ခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က သူမကို အသူရာချောက်သို့ ခေါ်သွားချင်မိလေသည်။ ထိုသို့သာဆိုလျှင် သူတည်ထောင်ထားသည့် တာ့ကျိုးပြည် အတွက်အလွန်အဆင်ပြေမည် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် စုရှိုးချင်သည်လည်း တာ့ကျိုးပြည်၏ ကံကြမ္မာနှင့် ပတ်သက်ဆက်နွှယ်သူ တစ်ယောက်ဖြစ်လာကာ ကျင့်ကြံခြင်းအဆင့်လည်း မြင့်တက်လာမည် ဖြစ်လေသည်။
သို့သော် … ဆန်းလျန်က သူမကို အတင်းဖိအားပေးမည်တော့ မဟုတ်ပါ။ အရာအားလုံးသည် သူမ၏ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်လေသည်။
****