အဆုံးစွန်ကောင်းကင်မြက်ခင်းလွင်ပြင်
Vol. 137 Ch. 1893
“နင်…” ယန်လု၏မျက်လုံးသူငယ်အိမ် ကြုံ့သွားမိလေ၏။ ဝမ်လင်း၏ ပုံပန်းအသွင်က တကယ်ပင် ကြောက်ဖွယ်ကောင်းနေ၏။ သူ၏ သွေ့ခြောက်နေသော ခန္ဓာကိုယ်မှာ သွေးတစက်မျှ မရှိလေသည့်အလား။
သူ့ဆံပင်တို့မှာ ကျွတ်ကျလုမတတ် သွေ့ခြောက်နေ၏။ သူ၏ခန္ဓာကိုယ်တွင်းလည်း၌ ရေဓာတ်လုံးဝ ကင်းမဲ့နေသည်။ သူ၏ အစွမ်းထက် မူလစိတ်ဝိညာဉ်ကြောင့်သာ မဟုတ်ပါက သူသည် သေလူတစ်ယောက်နှင့် မခြားသည့်ပုံ ပေါ်သည်။
သူ့အဖြူရောင်ဝတ်ရုံသည်ပင် လျော့တိလျော့တွဲ ဖြစ်နေချေ၏။ အလောင်းကောင်တစ်ကောင်ကို ဝတ်ရုံ ပတ်ပေးထားသလိုနှယ်။ ဝမ်လင်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ခံစားချက်က ယန်လုကို နောက်သို့ ခြေလှမ်းများစွာ ပြန်ဆုတ်သွားစေသည်။
ရီစီရုပ်သေးနှင့် တိုက်ခိုက်နေသော ဖန်ရှန်မင်လည် ရှိသေး၏။ သူမက ဝမ်လင်းကို လှမ်းကြည့်မိချိန်၌ နောက်ဆုတ်ကာ ပင့်သက်ရှိုက်မိသွား၏။ သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပေါ်လာသည်။
ဝမ်လင်း၏ ရှတတအသံ ထွက်ပေါ်လာသည့်အခါ ရီစီရုပ်သေးသည် မြူအဖြစ် ပြန်ပြောင်းလဲကာ သူ့ထံ ပျံသန်းလာ၏။ ၎င်း၏ကြမ်းကြုတ်သော မျက်လုံးနှင့် ကြက်သွေးရောင်လျှာတို့က ဝမ်လင်း၏ ခုလက်ရှိ ပုံပန်းအသွင်နှင့် ယှဉ်တွဲကြည့်သည့်အခါ ဝမ်လင်းကို ကြမ်းကြုတ်လှသော နတ်ဆိုးကျင့်ကြံသူတစ်ယောက်အလား ထင်ရစေသည်။
“ယန်လု…ငါ တံခါးပိတ်ကျင့်ကြံနေတာ။ ဘာကြောင့် ငါ့နေရာကို နင် လာခဲ့တာလဲ…”
ဝမ်လင်းသည် သူ၏ခန္ဓာကိုယ်ထဲရှိ ရေဓာတ်အားလုံး ဆုံးရှုံးသွားသည့်နောက် လူသေတစ်ယောက်လို ဖြစ်နေသည်။ သူက မျက်လုံးကစား၍ပင် မကြည့်နိုင် ဖြစ်နေကာ သည့်အတွက် ယန်လုထံ လှမ်းကြည့်ဖို့ ခေါင်းလှည့်လိုက်၏။
သို့ပေမည့် ထိုအပြုအမူက သူ့အော်ရာကို နိမ့်ပါးမသွားစေသည့်အပြင် ပို၍ အားကောင်းလာစေသည်။ ယန်လု၏ စိတ်နှလုံးမှာ တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွား၏။
“ငါ အကြီးအကဲဝမ် တံခါးပိတ်ကျင့်ကြံနေတာကို လာနှောက်ယှက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြီးအကဲဝမ်ရဲ့ ထူးဆန်းတဲ့ ရုပ်သေးက ဖန်ရှန်မင်ကို လာတိုက်ခိုက်တဲ့အတွက် သူမကို ကယ်ဖို့ ငါ ရောက်လာခဲ့ရတာပါ…”
“ဒီအမျိုးသမီးက ငါ့အစေခံပဲ။ အကြီးအကဲယန်လု ငါ့ကိုယ်စား သူမကို စိတ်ပူပေးဖို့ မလိုပါဘူး…” ဝမ်လင်းက ပြုံးလိုက်၏။ သို့သော် သူ့အပြုံးမှာ ကြောက်မက်ဖွယ် အပြုံး ဖြစ်နေလေသည်။ ဖန်ရှန်မင်က တုန်ယင်ကာ သူမ၏ဆရာနောက်သို့ ဆုတ်သွား၏။
“ဒီကိစ္စဟာ အရေးမကြီးပါဘူး။ အကြီးအကဲယန်လု၊ ငါ သင့်ကို မေးချင်တာ တစ်ခု ရှိတယ်…” ဝမ်လင်းက သူ့ခေါင်းကို လှည့်ကာ ဖန်ရှန်မင်ထံ လှမ်းကြည့်လိုက်ပြီးနောက် ယန်လုကို ပြောလိုက်သည်။
“အကြီးအကဲဝမ် ဘာများ မေးချင်တာလည်း ငါ သိပါရစေ…” သူမသည် ဝမ်လင်းကို စိတ်ထဲကနေ ကြောက်နေမိလေပြီ။
“ငါဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေနဲ့ မရင်းနှီးလှဘူး။ ဒါ့ကြောင့် ရေများများ ရှိနိုင်တဲ့ နေရာ သင် သိပါသလား။ ရေများလေ ကောင်းလေပဲ…”
“ရေ…သူက မန္တာန်ကို ကျင့်ကြံနေတာ မဟုတ်ဘူးပဲ။ ရေအနှစ်သာရကို စုပ်ယူနေတာကို…”
ယန်လု၏မျက်လုံးသည် အရောင်တောက်လာ၏။ သူမက ချက်ခြင်းပင် ပြဿနာကို မြင်သည်။ သူမက အသက်ဝဝရှိုက်သွင်းလိုက်သည်။ တအောင့်အကြာတွင် သူမက ပြောလာ၏။ “ကောင်းကင်ဘုံနွားထီးနဲ့ အစိမ်းရောင်မိစ္ဆာကုန်းမြေကြားမှာ အဆုံးမဲ့ကျွန်းပင်လယ်တစ်ခု ရှိတယ်။ အဲ့ကိုရောက်ဖို့ ဒီကနေဆို ကိုးလလောက် အချိန်ပေးရမယ်…”
“ငါ အဲ့ကို ဘယ်လို သွားရမလဲ…”
ယန်လုက သူမ၏ညာလက်ကို တုံ့နှေးခြင်းမရှိ ဝေ့ယမ်းလိုက်၏။ ကျောက်စိမ်းပြားတစ်ခု ပေါ်လာကာ သူမ၏နတ်ဘုရားအာရုံဖြင့် ၎င်းပေါ်သို့ ထိုကျွန်းထံ သွားရောက်နိုင်မည့် မြေပုံကို ခပ်နှိပ်လိုက်၏။
သူမက ထိုကျောက်စိမ်းပြားကို ဝမ်လင်းထံ ပစ်ပေးလိုက်သည်။ ဝမ်လင်းက ဖမ်းယူလိုက်၏။ သူက နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ပြီးနောက် ယန်လုထံ ခေါင်းညိတ်ပြလိုက်သည်။
“အကြီးအကဲယန်လု…ကျေးဇူးအများကြီး တင်ပါတယ်…” ထိုသို့ ပြောပြီးနောက် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး ဖန်ရှန်မင်ကို ထပ်မံ မကြည့်တော့ပေ။ သူက မြူအဖြစ် ပြောင်းကာ ပျံသန်းသွားလေသည်။
ရီစီရုပ်သေးက ဝမ်လင်းနောက်မှ လိုက်ပါလာ၏။ ၎င်းက မြူနှင့် ပေါင်းစပ်ပြီးနောက် ဝမ်လင်းက ၎င်းကို သိမ်းဆည်းလိုက်သည်။ တချိန်တည်းမှာ ဝမ်လင်း၏မီးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် မော့ကြည့်လာ၏။ ၎င်းကလည်း ဝမ်လင်းနောက်သို့ လိုက်ပါ အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း မပျောက်မကွယ်သွားချင်း ဖန်ရှန်မင်က စိတ်လက်မအေး ဖြစ်နေရ၏။ အခု ဒီတကြိမ် ဝမ်လင်း သူမကို ထိတ်လန့်စေမှုကို မေ့ဖျောက်ပစ်ဖို့ ခက်ပေတော့မည်။
ယန်လုက နေရာတွင် ရပ်နေပြီး အချိန်အကြာကြီး စဉ်းစားနေပြီးမှ သက်ပြင်းချ၏။ သူမက ကျောက်စိမ်းပြားအတွင်း၌ မှားယွင်းသော သတင်းအချက်အလက်ကို ထည့်မပေးခဲ့ပေ။ သူမက ဖန်ရှန်မင်ကို အရေးစိုက်မနေတော့ဘဲ သူမ၏လှိုဏ်ဂူထံ ပြန်လည် ပျံသန်းသွားသည်။
ဝမ်လင်းအတွက်မူ သူက မဟာစိတ်ဝိညာဉ်ကလန်မှ ထွက်ခွာလာပြီးနောက် ခြေလှမ်းသည်။ လှိုင်းဂယက်များ ထလာပြီးနောက် သူ ပျောက်ကွယ်သွား၏။ သူက လောကနှင့် ပေါင်းစပ်ကာ သဲလွန်စမရှိ ထွက်ခွာလာသည်။
ကောင်းကင်ဘုံကုန်းမြေ၏ ရှားပါးလှသော မြက်ခင်းလွင်ပြင်၊ မဟာစိတ်ဝိညာဉ်ကလန်နှင့် ကီလိုမီတာတစ်သိန်းလောက် အကွာတွင် ကောင်းကင်ထက်၌ လှိုင်းဂယက်များ ထလာကာ ဝမ်လင်းက လှမ်းလျှောက်ထွက်လာ၏။ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်ကပ် အလောင်းတလောင်းနှင့် တူနေဆဲ ဖြစ်ပြီး သူက မြေပြင်ထက်သို့ ကြည့်လိုက်သည်။ သည် မြက်ခင်းလွင်ပြင်၌ လှိုဏ်ဂူများစွာ ရှိနေပြီး သည်နေရာ၌ လေလွင့်ကျင့်ကြံသူ တော်တော်များများ ရှိနေတာ ထင်ရှားသည်။
သည်နေရာတွင် လေလွင့်ကျင့်ကြံသူအများအပြား ရှိနေခြင်းမှာ ဒီမြက်ခင်းပြင်က သိပ်သည်းသော ကောင်းကင်ဘုံစွမ်းအင်ကို ပေးစွမ်းနေခြင်းကြောင့် ဖြစ်၏။ ၎င်းက တောင်တန်းတချို့နှင့် မယှဉ်သာသော်လည်း အားမနည်းလေပေ။
“အဆုံးစွန်ကောင်းကင်မြက်ခင်းလွင်ပြင်…။ ယန်လုရဲ့ ကျောက်စိမ်းပြားအရဆိုရင် ဒီကို ရောက်လာတဲ့နောက် အစိမ်းရောင်မိစ္ဆာကုန်းမြေနဲ့ ဆက်စပ်နေတဲ့ ကျွန်းကို ရောက်ဖို့ ခြောက်လလောက် အချိန်ရယူအုံးမယ်…”
ဝမ်လင်းသည် စဉ်းစားနေရင်း မြန်ဆန်စွာ ပျံသန်းနေ၏။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ လေဟာနယ်အတွင်းရှိ ဝမ်လင်း၏ကိုယ်ပွား စွမ်းအားဖြင့်ပင် သူသည် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို ဝေးဝေးလံလံသို့ အကြိမ်ကြိမ် အသုံးမပြုနိုင်ပေ။ ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ သူ လှုပ်ရှားသွားလာခဲ့သလို တိုတောင်းသော အကွာအဝေး ဖြစ်ပါက အဆင်ပြေသေး၏။ သို့သော် ခုချိန်၌ သူသည် သုံးလတာ သွားရမည့် ခရီးစဉ်ကို တခါတည်း ဖြတ်ကျော်လာခြင်းပင်။ ထို့ကြောင့် သူ့အတွက် ဒီစွမ်းရည်ကို ထပ်မံအသုံးပြုရန် အချိန်တချို့ လိုအပ်လိမ့်မည်။
သူက ပျံသန်းနေရင်း ညာလက်ကို ပင့်မြှောက်လိုက်၏။ သူ့လက်မောင်းထံမှ ခြင်သားရဲဘုရင်၏ အော်ဟိန်းသံ ထွက်ပေါ်လာသည်။ မင်ကဲ့သို့ ခြင်သားရဲဘုရင် ပေါ်လာကာ ဝမ်လင်းကို သယ်ဆောင်ပေး၏။ ၎င်းက မြူးထူးစွာ အော်သံပေး၍ အကွာအဝေးတစ်ခုထံ ပျံသန်းသွားလေသည်။
ဝမ်လင်းသည် ခြင်သားရဲဘုရင်၏ ကျောပေါ်တွင် ထိုင်ကာ မျက်လုံးမှိတ်ထား၏။ သူ့ခုလက်ရှိ ကျင့်ကြံခြင်းမှာ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း အတော်လေး အစွမ်းထက်နေပေပြီ။ သူက ကိုးခုမြောက်စက်ဝန်း ပြီးမြောက်ဖို့ ရေအနှစ်သာရ အများအပြားကို စုပ်ယူရပေမည်။
ခြင်သားရဲက ပျံသန်းနေ၏။ ၎င်း၏ အော်သံက နတ်ဘုရားအာရုံတော်တော်များများကို အာရုံစိုက်မိစေကာ ယင်းတို့က ထွက်လာ၍ စစ်ဆေးကြည့်ကြ၏။ သူတို့က ဝမ်လင်းနှင့် ခြင်သားရဲဘုရင်ကို တွေ့မြင်သည့်အခါ နတ်ဘုရားအာရုံများကို ပြန်ရုတ်၍ လစ်လျူရှုသည်။
သို့ပေမည့် တချို့နတ်ဘုရားအာရုံများကမူ ဝမ်လင်းနောက်သို့ လိုက်ပါနေတုန်းပင်။ သူတို့ထံ၌ ရည်ရွယ်ချက်တစ်ခုခု ရှိနေသည့်အလား။
ဒီမြက်ခင်းလွင်ပြင်က အဆုံးမဲ့လှ၏။ ဝမ်လင်း၏ခြင်သားရဲက ဝေးဝေးသို့ ပျံသန်းလာခဲ့ပြီး လေပြီ။ သူ့နောက် လိုက်လာသော နတ်ဘုရားအာရုံ အများစုက ပြန့်ကြဲသွားကြ၏။ သို့သော် သုံးခုကတော့ သူ့နောက်မှ လိုက်ပါနေတုန်းပင်။
ထိုနတ်ဘုရားအာရုံသုံးခုထဲ နှစ်ယောက်မှာ ဆန်းကြယ်လေဟာနယ်အလယ်အဆင့်၊ ကျန်တစ်ယောက်ကတော့ စိတ်ဝိညာဉ်ဟေလာနယ်နောက်ဆုံးအဆင့်တွင် ရှိသည်။ သူတို့၏နတ်ဘုရားအာရုံများက လိုက်ပါလာသော တခြားသူများ၏ နတ်ဘုရားအာရုံများကို ပြန်ဆုတ်သွားစေခြင်းပင်။
ခုနစ်ရက်တာကြာမြင့်ပြီးနောက် သည်မြက်ခင်းပြင် အဆုံးသပ်သို့ ရောက်လာချိန်၌ ဝမ်လင်းသည် သူ့ဟင်းလင်းပြင်ကွေးညွှတ်ခြင်း စွမ်းရည်ကို ထပ်မံ ပြန်ရလာပြီဟု ခံစားမိ၏။ သူ့နောက်တွင် နတ်ဘုရားအာရုံ သုံးခု လိုက်ပါနေသော်လည်း သူက ဂရုမစိုက်ပေ။ သူက ခြင်သားရဲဘုရင်၏ ကျောပေါ်တွင် ထရပ်လိုက်သည်။
သို့ရာတွင် ထိုအခိုက်၌ သူ့နောက်မှ သုန်မှုန်သောအသံတသံ ထွက်ပေါ်လာသည်။
“ရောင်းရင်းနတ်ဆိုး ကျင့်ကြံသူ။ သင်က ငါ့အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်ကို လာပြီး ခုလို ဘာမဟုတ်သလိုနဲ့ ထွက်သွားချင်တာလား…”
“မင်း ဘာကြောင့် သူနဲ့ အပိုတွေ ပြောနေရတာလဲ။ ငါတို့ သူ့နောက် တလမ်းလုံး လိုက်လာခဲ့တာဟာ သူဟာ ဒီနေရာကို ဖြတ်သွားရုံလား။ ဒါမှမဟုတ် ဒီမှာ မိတ်ဆွေအချို့ ရှိနေတာလား ဆိုပြီး မြင်ချင်လို့လေ။ အခု သူက ဖြတ်သွားဖြတ်လာပဲဆိုတာ ငါတို့ မြင်နေရပြီ။ မင်းရဲ့ သားရဲကို ထားခဲ့ပါ။ ဒီအဘိုးအိုက မင်းကို ချမ်းသာပေးလိုက်မယ်…”
ဝမ်လင်း၏ရှေ့မှ လွှမ်းမိုးနေသောအော်ရာ ထွက်ပေါ်လာ၏။ ဝမ်လင်းကသာ သူ့ကို ငြင်းဆန်ပါက ရလဒ်သည် ဆိုးဆိုးဝါးဝါး ဖြစ်လာမည့်အလား။
သူ၏ စကားလုံးများ ပဲ့တင်ထပ်လာစဉ် ဝမ်လင်း၏နောက်မှ လောကသည် တွန့်ခေါက်ပုံပျက်ကာ နက်မှောင်သော ဧရာမလက်မောင်းတဖက် ကောင်းကင်တွင် ပေါ်လာသည်။ ၎င်းက တိမ်ထုများကို ဖြတ်၍ ဆင်းသက်ကာ ဝမ်လင်းထံ လှမ်းလာ၏။ ထိုလက်၌ ပြင်းထန်သောအားတစ်ခု ပါဝင်နေဟန် ရကာ ဝမ်လင်းထံ နီးကပ်လာသည်။
ဝမ်လင်းက တဖက်သို့ လှည့်လိုက်၏။ မူလတုန်းက သူသည် မလိုလားဘဲ ပြဿနာ မဖြစ်ချင်ခဲ့ပေ။ သို့သော် တစုံတစ်ယောက်က သူ့ကို ပစ်မှတ်လာထားမှတော့ သူက ငြိမ်ခံနေမည် မဟုတ်ပါ။ ဝမ်လင်းက လှည့်လိုက်ပြီး သူ၏မျက်လုံးက အရောင်တောက်သွား၏။ သူ့သွေ့ခြောက်သော ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ဆုတ်ဖြဲလိုက်သည်။
ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်လာကာ လောကရှိ အရာအားလုံးကို ဝါးမြိုလေတော့မည့်ဟန် ပေါက်၏။ လောကတစ်ခုလုံးကို ထိုအက်ကြောင်းက ပိုင်းခြားကာ တိုးဝင်လာသော လက်ထံ ဦးတည်လေသည်။
ထိုအက်ကြောင်းက ကျယ်လောင်စွာ မြည်ဟိန်းသံများကို ဖြစ်စေကာ လောကကိုပါ အရောင်များ ပြောင်းလဲသွားစေသည်။ ကြီးမားသောရှေးတောက်လက်တဖက် ဝမ်လင်းနောက်တွင် ပေါ်လာပြီး ကောင်းကင်ကို ဆုတ်ဖြဲ၏။
ဝမ်လင်းထံ လှမ်းလာသော လက်မှာ ထိုအက်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ဆုတ်ဖြဲခြင်း ခံရသည်။
ပျက်စီးသွားသော ထိုအနက်ရောင်လက်ထံမျ ခပ်အုပ်အုပ် ငြီးသံများ ထွက်ပေါ်လာပြီးနောက် ပုံရိပ်သုံးခု လွင့်စင်ထွက်လာ၏။ သူတို့သုံးယောက်က ဝမ်လင်းကို ကြည့်ကာ ထိတ်လန့်နေကြသည်။ သူတို့က ဝမ်လင်း၏တိုက်ခိုက်မှုစွမ်းအားကြောင့် တုန်လှုပ်မိသည်။
“သူဟာ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး…”
“အစွမ်းထက်လိုက်တဲ့ ရုပ်ပိုင်းခန္ဓာကိုယ်။ ဒီလူဟာ ဒီလူဟာ ရှေးနိုင်ငံ ကျင့်ကြံသူတစ်ယောက်နဲ့တောင် ယှဉ်နိုင်နေတယ်…”
သူတို့၏အမူအရာများသည် ပြောင်းလဲသွားကြ၏။ သူတို့က တုန်ခါလှိုင်းကြောင့် နောက်သို့ လွင့်ထွက်သွားစဉ် မတူညီသောနေရာများသို့ ကွဲထွက်၍ ထွက်ပြေးကြတော့သည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်သာ။ သူက စလှုပ်ရှားပြီ ဆိုမှတော့ အလွယ်တကူ လက်လွှတ်ပေးတော့မည် မဟုတ်ပေ။ သူ့ညာလက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်၏။ ဟိန်းမြည်သံ ပဲ့တင်ထပ်ကာ ရီစီရုပ်သေးသည် စိတ်လှုပ်ရှားသောအကြည့်ဖြင့် ပေါ်လာပြီး လူတစ်ယောက်နောက်သို့ လိုက်လံတော့၏။
ချက်ခြင်းပင် ၎င်းရုပ်သေးက မှီလာကာ ထိုလူ့ကို အနက်ရောင်မြူများ ဝန်းရံ၏။ ကြောက်မက်ဖွယ်အော်ဟစ်သံများ ပဲ့တင်ထပ်ကာ တဖြည်းဖြည်း လွင့်ပျောက်သွား၏။
သိပ်မကြာခင်တွင် ဝမ်လင်း၏အောက်မှ ခြင်သားရဲဘုရင်က မာန်သွင်းသံ ပေး၍ စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံသူထံ ဦးတည်ဝင်ရောက်လာ၏။ ထိုသူ မည်သို့မျှ မတုန့်ပြန်နိုင်ခင်မှာပင် ခြင်သားရဲဘုရင် နီးကပ်လာပြီး ၎င်း၏ခြင်နှုတ်သီးဖြင့် ထိုသူ့အပေါ် ထိုးစိုက်ချလာသည်။ ခြင်သားရဲဘုရင်က ရှိုက်သွင်းစဉ် ထိုသူက ခုခံရန် ကြိုးစား၏။ သို့သော် ဝမ်လင်းက သက်တောင့်သက်သာ လက်ညွှန်လိုက်သည်။
ထိုလက်ညွှန်ချက်ဖြင့်ပင် ထိုကျင့်ကြံသူမှာ လုံးဝ ရပ်တန့်သွားပြီး သူ၏ နီးကပ်လာသော သေခြင်းကိုသာ စောင့်ကြည့်ရလေတော့သည်။
ဝမ်လင်းကမူ ခြင်သားရဲဘုရင်ထံမှ ခုန်ထွက်၍ ထွက်ပြေးနေသော တတိယမြောက်သူထံ လှမ်းကြည့်၏။ သူ၏မီးအနှစ်သာရအစစ်အမှန် ခန္ဓာကိုယ်က မီးပင်လယ်အဖြစ်သို့ ပြောင်း၏။ ထို့နောက် ၎င်းက ဧရာမပါးစပ်ကြီးအသွင် ဖြစ်ပေါ်ကာ ထိုတတိယမြောက်သူကို ဝါးမြိုလေသည်။
ထိုမြင်ကွင်းမှာ အမှန်ပင် ကြောက်မက်ဖွယ်တည်း။ ကောင်းကင်နှင့်မြေကြီးနှင့် ချိတ်ဆက်ထားသောမီးက ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြိုသည်။ ၎င်းက တတိယမြောက်သူနှင့် နီးကပ်လာ၏။ တတိယမြောက်သူက ဝါးမြိုခံရတော့မည့် အခိုက်၌ အစိမ်းရောင်အလင်းတစ်ခု ပေါ်လာကာ ထိုမီးကို ခုခံသည်။
“ဆရာ…ငါ့ကို ကယ်ပါအုံး…”
သူ ထိုသို့ ပြောလိုက်သည့်အခိုက်၌ အစိမ်းရောင်ကုန်းမြေများမှာ တုန်ခါသွားပြီး မြေပြင်အနှံ့ ခပ်အုပ်အုပ်အသံတစ်သံ ပဲ့တင်ထပ်သည်။
“ရပ်လိုက်…”