← Chapters

နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းခြင်း၊ နတ်ဘုရားမိုးကြိုးကပ်ဘေးနှင့် ကံကြမ္မာကောင်း ဖန်ဆင်းခြင်းမိုးရွာသွန်းမှု(၄)။

Vol. 58 Ch. 626

နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းခြင်း၊ နတ်ဘုရားမိုးကြိုးကပ်ဘေးနှင့် ကံကြမ္မာကောင်း ဖန်ဆင်းခြင်းမိုးရွာသွန်းမှု(၄)။

Vol. 58 Ch. 626

'ဒါပေမဲ့ ဒါကလည်း ကောင်းတဲ့ကိစ္စပါပဲ...'

''မိုးကြိုးကပ်ဘေးကူ' အတွက်တော့ ဒါက အကောင်းစားအစားအစာပဲ...'

'ဒီနတ်ဘုရားမိုးကြိုးတွေကို ဝါးမျိုလိုက်မယ်ဆိုရင် 'မိုးကြိုးကပ်ဘေးကူ'ကလည်း နတ်ဘုရားမိုးကြိုးကို ထိန်းချုပ်နိုင်သွားသလို ဖြစ်သွားလိမ့်မယ်...'

'ဒီလိုဆိုရင် ငါလည်း ပြိုင်ဘက်ကင်းတိုက်ကွက်တစ်ခုကို ပိုင်ဆိုင်သွားပြီပေါ့...'

ကျိုးစွေ့မှာ အလွန်စိတ်လှုပ်ရှားနေသည်။

သူသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိသည့်အပြင် တိုက်ခိုက်လိုစိတ်များ နိုးကြားလာကာ သွေးများဆူပွက်လာသည်ကိုပင် ခံစားနေရ၏။

ဝုန်း... အုန်း...။

ပုံသဏ္ဌာန်မဲ့ နတ်ဘုရားမိုးကြိုးများ တစ်ခုပြီးတစ်ခု ကျဆင်းလာကာ ပတ်ဝန်းကျင်၌ ပုံသဏ္ဌာန်မဲ့ လေဟာနယ်လှိုင်းတံပိုးများကို ဖြစ်ပေါ်စေပြီး ကြောက်မက်ဖွယ်ဖျက်ဆီးခြင်းစွမ်းအားများကို ဖြစ်ပေါ်စေလေသည်။

ထိုနတ်ဘုရားမိုးကြိုးများကို မမြင်ရသော်လည်း ဤဖျက်ဆီးခြင်းလှိုင်းတံပိုးများကိုမူ ခံစားသိရှိနိုင်ပေသည်။

သာမန်နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသာဆိုလျှင် တစ်ချက်အပစ်ခံရရုံဖြင့် သေဆုံးကာ ပြာကျသွားမည်မှာ သေချာလှသည်။

“ကောင်းတယ်... လာခဲ့စမ်း...”

ကျိုးစွေ့၏ မျက်လုံးများတွင် အလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီး အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။

ဤအချိန်တွင် သူ၏ကိုယ်ပေါ်ရှိ 'မိုးကြိုးကပ်ဘေးကူ'သည်လည်း ချက်ချင်းခုန်ထွက်သွား၏။ ၎င်းသည် သူ့ခေါင်းပေါ်တွင် ဖားပြုပ်တစ်ကောင်ကဲ့သို့ နေရာယူထားပြီး ပါးစပ်ကြီးကိုဟကာ ဧရာမလေဆင်နှာမောင်းကြီးတစ်ခုကို ဖန်တီးလိုက်ပုံရသည်။

ကျဆင်းလာသော နတ်ဘုရားမိုးကြိုးတစ်ချက်ချင်းစီတိုင်းသည် ပထမဆုံးအကြိမ်မှာပင် ၎င်း၏ဝါးမျိုခြင်းကိုခံရပြီး ကိုယ်ပိုင်မိုးကြိုးအဖြစ် သိမ်းပိုက်ခံလိုက်ရတော့သည်။

ဝါးမျိုရန် အချိန်မမီသော နတ်ဘုရားမိုးကြိုးအနည်းငယ်သာ ကျိုးစွေ့၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

သို့သော်ငြား ကျိုးစွေ့၏ ဆင်နတ်ဘုရားအရေပြားက အလွယ်တကူ တားဆီးပေးလိုက်၏။

မရေမတွက်နိုင်သော လျှပ်စီးကြောင်းများသည် သူ၏အရေပြားပေါ်တွင် တဖျစ်ဖျစ်မြည်ကာ လူးလာခေါက်တုံ့ သွားလာနေပြီး မိုးကြိုးများ တလက်လက်တောက်ပနေသော်လည်း သူ၏အခြေခံကိုကား အန္တရာယ်မပေးနိုင်ခဲ့ချေ။

'ဆင်နတ်ဘုရားအရေပြားဆိုတဲ့အတိုင်း ကာကွယ်နိုင်စွမ်းက တကယ်ကိုအစွမ်းထက်လွန်းတယ်...'

'အခု ငါ့အရေပြားက ဆင်နတ်ဘုရားချပ်ဝတ်တန်ဆာတစ်ခုနဲ့ တူနေပြီး အစွမ်းထက်တဲ့ကာကွယ်နိုင်စွမ်း ပါဝင်နေပြီ...'

'ရှေးဟောင်းနတ်ဘုရားဆင်ရဲ့ အရေပြားကို အင်မော်တယ်ရတနာမျိုးစုံတောင် မဖောက်ထွင်းနိုင်ဘူးလို့ ကောလာဟလတွေရှိတယ်… မှော်အတတ်အားလုံး ထိုးဖောက်လို့မရတဲ့ အဆင့်ထိတောင် ရောက်နေတာတဲ့...'

'ကောလာဟလတွေထဲကလောက် မစွမ်းသေးပေမဲ့ အခု ငါ့အရေပြားမှာလည်း ကနဦးပုံစံလေးတစ်ခုတော့ ရှိနေပြီပဲ...'

'မိုးကြိုးကပ်ဘေး ပစ်ခတ်လာရင်တောင် တားဆီးနိုင်နေပြီ...'

'သာမန်စွမ်းအင်တွေကတော့ ငါ့အရေပြားကို ထိခိုက်ဖို့ မစဉ်းစားနဲ့တော့...'

ကျိုးစွေ့သည် လုံခြုံမှုအပြည့်အဝကို ခံစားနေရသည်။

ယခု သူသည် လူသားပုံစံ နတ်ဘုရားသားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အလွန်အမင်း ကြမ်းကြုတ်နေသည်ဟု ခံစားလိုက်ရ၏။

သူ၏တစ်ကိုယ်လုံးသည် အစွမ်းထက်သော ကောင်းကင်အဆင့် ဝိညာဉ်ရတနာတစ်ခုကဲ့သို့ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး အလွန်တောက်ပနေချေသည်။

ခန္ဓာကိုယ်ပေါ်ရှိ အရေပြားတွင် ရွှေရောင်နဂါးဆင်သင်္ကေတများ တစ်လုံးပြီးတစ်လုံး တလက်လက်တောက်ပနေလေသည်။

နတ်ဘုရားမိုးကြိုးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော်လည်း သူ့ကိုကား မည်သို့မျှ မတတ်နိုင်ခဲ့ချေ။

ခုနစ်ရက်၊ ခုနစ်ည…။

ယခုတစ်ကြိမ် နတ်ဘုရားမိုးကြိုးကပ်ဘေးသည် ခုနစ်ရက်ခုနစ်ညတိတိ ကြာမြင့်ခဲ့ပြီး အဆက်မပြတ် ပစ်ခွင်းနေခဲ့သည်။

ပတ်ဝန်းကျင်ရှိမြေပြင်ကို ဧရာမမြေကျင်းကြီးများအဖြစ် ပြောင်းလဲသွားစေပြီး တောင်ထွတ်များစွာ ကြေမွကာ မြေပြင်နှင့်တစ်ပြေးညီ ဖြစ်သွားလေသည်။

မြေပြင်အောက်ခြေတွင် မရေမတွက်နိုင်သော မိုးကြိုးစွမ်းအင်များ ပြည့်နှက်နေပြီး နှစ်ထောင်ပေါင်းများစွာ ကြာသည့်တိုင် ပျောက်ကွယ်သွားမည်မဟုတ်ဟု ထင်ရသည်။

တောင်ကြားတစ်ခုမှာမူ မိုးကြိုးတောင်ကြားတစ်ခုအဖြစ်သို့ပင် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တွင် မိုးကြိုးများစွာ တလက်လက်တောက်ပနေ၏။

ရွှမ်ဟွမ်ကျွန်းတစ်ကျွန်းလုံးမှာလည်း ဟိန်းဟောက်သံများ ထွက်ပေါ်နေပြီး အခါအားလျော်စွာ ပြင်းထန်သောမြေငလျင်များ လှုပ်ခတ်နေလေသည်။

ဤကဲ့သို့သော လှိုင်းတံပိုးများကြောင့် မည်သည့်ကျင့်ကြံသူမျှ ထိုကဲ့သို့သောပတ်ဝန်းကျင်တွင် ကျင့်ကြံနိုင်ခြင်းမရှိချေ။ သူတို့သည် ကောင်းကင်ကပ်ဘေးပြီးဆုံးမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံသာတတ်နိုင်ပြီး ထိုသို့မှသာ ကျင့်ကြံခြင်းကို ပြန်လည်စတင်နိုင်ပေမည်။

ကျိုးစွေ့၏ ကိုယ်ပေါ်ရှိအဝတ်အစားများမှာလည်း စောစောစီးစီးကပင် ကြေမွသွားခဲ့ပြီး တစ်ကိုယ်လုံး ဗလာကျင်းနေလေ၏။ သို့သော် တစ်ချိန်တည်းမှာပင် သူ၏ကြေးနီရောင်အရေပြားနှင့် ပြီးပြည့်စုံလွန်းသော ကြွက်သားများကိုလည်း ဖော်ပြနေချေသည်။

ကြွက်သားတိုင်းတွင် ပေါက်ကွဲထွက်မတတ်သော စွမ်းအင်များ ပြည့်နှက်နေပြီး နဂါးဆင်များ ခိုအောင်းနေသကဲ့သို့ စွမ်းအား၏အလှတရားများ ဖြာထွက်နေသည်။

ထောင်ပေါင်းများစွာသော နတ်ဘုရားမိုးကြိုးများနှင့် ကြုံတွေ့ရသော်လည်း သူ၏ခန္ဓာကိုယ်သည်ကား ဆံခြည်တစ်မျှင်မျှပင် ထိခိုက်ခြင်းမရှိသေးချေ။

ထို့အပြင် မိုးကြိုးကပ်ဘေး၏ သန့်စင်မှုကိုခံယူပြီးနောက် သူ၏ခန္ဓာကိုယ်သည် ပိုမိုအစွမ်းထက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ ရတနာအလင်းတန်းများ ဖြာထွက်နေပြီး အပြစ်အနာအဆာကင်းကာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာတစ်ခုကဲ့သို့ ဖြစ်နေသည်။

ဝုန်း... အုန်း...။

ခဏအကြာတွင် နောက်ဆုံးနတ်ဘုရားမိုးကြိုးတစ်ချက်သည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့၏။ ၎င်းသည် ကောင်းကင်ဘုံ၏ အပြစ်ပေးသည့် တိုက်ကွက်တစ်ခုကဲ့သို့ လေဟာနယ်တွင် ကြောက်မက်ဖွယ်အက်ကွဲကြောင်းများ ပေါ်ထွက်လာစေပြီး ကောင်းကင်နှင့်မြေကြီးကို နှစ်ပိုင်းခွဲလိုက်သကဲ့သို့ ထင်ရသည်။

ပုံသဏ္ဌာန်မဲ့စွမ်းအားတစ်ခုက မိုင်တစ်သန်းရှိသော ကောင်းကင်ယံကို ဆုတ်ဖြဲလိုက်သကဲ့သို့ပင်။

ဘန်း...။

ဤတိုက်ကွက်သည် ကျိုးစွေ့၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာကျရောက်လာပြီး ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းကိုခံရသကဲ့သို့ ဖြစ်သွား‌ရသည်။

သို့သော် ကျိုးစွေ့၏ခန္ဓာကိုယ်ပေါ်တွင် စစ်မှန်သောနဂါးတစ်ကောင်နှင့် နတ်ဘုရားဆင်တစ်ကောင် ပေါ်ထွက်လာခဲ့၏။ ၎င်းတို့သည် လေဟာနယ်တွင် မားမားမတ်မတ်ရပ်တည်နေပြီး ဒြပ်ရှိအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော ရွှေနက်ရောင်သင်္ကေတစာလုံးများ ပေါ်ထွက်လာသည်။ ၎င်းတို့သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး ပြိုင်ဘက်ကင်းသော နတ်ဘုရားစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။

ချက်ချင်းပင် ဤစွမ်းအားနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပြင်းထန်စွာရိုက်ခတ်သွားပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာ၏။ ပုံသဏ္ဌာန်မဲ့သော လှိုင်းတံပိုးတစ်ခုသည် အရပ်လေးမျက်နှာသို့ တိုက်ခတ်သွားပြီး ရွှမ်ဟွမ်ကျွန်းအပြင်ဘက်သို့တိုင် တိုက်ခတ်သွားကာ မိုင်တစ်သန်းရှိသော ပင်လယ်ပြင်ကို လွှမ်းမိုးသွားပြီး ကြောက်မက်ဖွယ် ဆူနာမီလှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။

ဤအချိန်တွင် ကျိုးစွေ့၏အရေပြားပေါ်၌ ထူထပ်လှသော အက်ကွဲကြောင်းများ ရုတ်တရက်ပေါ်ထွက်လာပြီး ရွှေနက်ရောင်သွေးများ အများအပြားစီးဆင်းလာကာ သူ၏တစ်ကိုယ်လုံးသည် သွေးလူသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေချေသည်။

ထင်ရှားစွာပင် နောက်ဆုံးနတ်ဘုရားမိုးကြိုး၏ စွမ်းအားမှာ အတိုင်းအဆမဲ့ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူ၏ဆင်နတ်ဘုရားခန္ဓာကိုယ်ပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး ဆင်နတ်ဘုရားအရေပြားကို ဖောက်ထွင်းသွားခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် သူ၌ နဂါးဆင်နှလုံးသား ရှိနေသေး၏။

ဤထူးခြားသော နှလုံးသားသည် ခန္ဓာကိုယ်၏ အနာကျက်နှုန်းကို မြန်ဆန်စေပြီး သူ၏ကိုယ်ပေါ်ရှိ ဒဏ်ရာများကို အလျင်အမြန်ပျောက်ကင်းစေနိုင်သည်။

ခဏအကြာတွင် ပြင်းထန်သော နှလုံးခုန်သံတစ်ချက်ချင်းစီနှင့်အတူ သူ၏အရေပြားပေါ်ရှိ ဒဏ်ရာများမှာ အံ့ဩဖွယ်ကောင်းလောက်အောင် အလျင်အမြန်ပျောက်ကင်းသွားပြီး နဂိုအတိုင်း ပြန်ဖြစ်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏အရေပြားသည် ပြီးပြည့်စုံသောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး မည်သည့်ဒဏ်ရာမျှပင် မရှိတော့ချေ။

မိုးကြိုးစွမ်းအင်များစွာသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ်ထဲရှိ နဂါးဆင်သွေးများ၏ ဝါးမျိုစုပ်ယူခြင်းကိုခံရကာ သန့်စင်သောစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝုန်း... ဝုန်း... ဝုန်း…။

ဤအခိုက်အတန့်တွင် မိုင်တစ်သန်းရှိသော ကောင်းကင်ယံကို လွှမ်းခြုံထားသည့် ကပ်ဘေးတိမ်တိုက်များသည် နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့ချေပြီ။

မိုးကြိုးကပ်ဘေးစွမ်းအင်အားလုံး ကုန်ခမ်းသွားခဲ့ပြီး မည်သည့်နတ်ဘုရားမိုးကြိုးမျှ ထပ်မံကျဆင်းလာနိုင်ခြင်း မရှိတော့ချေ။

ကောင်းကင်တစ်ခုလုံးတွင် တောက်ပသောနေရောင်ခြည်များ တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး တိမ်ကင်းစင်ကာ ကောင်းကင်တစ်ခုလုံး ရှင်းလင်းသွားတော့သည်။

'နောက်ဆုံးတော့ နတ်ဘုရားမိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ...'

'အခု ငါက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်နေပြီ...'

ကျိုးစွေ့၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ပျော်ရွှင်သောအမူအရာများ ပြည့်နှက်နေကာ အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။

ယခုမှစ၍ သူသည် ကျင့်ကြံခြင်းလောကတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့လေပြီ။

နတ်ဘုရားအသွင်ပြောင်းအဆင့် နှောင်းပိုင်းကျင့်ကြံသူနှင့် ကြုံတွေ့ရလျှင်ပင် သူသည် ရင်ဆိုင်နိုင်စွမ်းရှိနေပြီဖြစ်သည်။

သူသည် မိမိခန္ဓာကိုယ်ထဲရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် မှော်စွမ်းအင်များကို ခံစားကြည့်လိုက်ရာ အတိုင်းအဆမဲ့အစွမ်းထက်နေပြီး သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းနေသည်ကို တွေ့ရှိလိုက်ရသည်။

ထို့အပြင် သူ၏ကိုယ်ပေါ်ရှိ မူလဝိညာဉ်စွမ်းအားမှာလည်း ပုံသဏ္ဌာန်မဲ့စွာဖြင့် ပျံ့နှံ့သွားနိုင်ပြီး ဧရိယာမိုင်တစ်သိန်းအထိ လွှမ်းခြုံထားနိုင်သည်။

အစွမ်းထက်သော နယ်ပယ်တစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားပြီး အရပ်လေးမျက်နှာကို ဖိနှိပ်ထား၏။

ဤခံစားချက်မှာ သူကိုယ်တိုင် နတ်ဘုရားတစ်ပါးကဲ့သို့ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလားပင်။

'ကံကောင်းလို့ 'မိုးကြိုးကပ်ဘေးကူ'က ကူညီပေးခဲ့လို့ပေါ့...'

'မဟုတ်ရင် နောက်ဆုံးနတ်ဘုရားမိုးကြိုးကို တားဆီးနိုင်မှာမဟုတ်ဘူး...'

ကျိုးစွေ့မှာ ကူကယ်ရာမဲ့ သက်ပြင်းချမိလိုက်သည်။

သူသည် နောက်ဆုံးနတ်ဘုရားမိုးကြိုး၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားသိရှိနိုင်ပြီး ခန္ဓာနှင့်ဝိညာဉ်ပါ ပျက်စီးစေနိုင်သောစွမ်းအားများ ပါဝင်နေသည်။

သူမှလွဲ၍ မည်သည့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမဆို ၎င်းနှင့်ကြုံတွေ့ရပါက သေချာပေါက်သေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ကံကောင်းထောက်မစွာဖြင့် သူ၏ကိုယ်ပေါ်ရှိ 'မိုးကြိုးကပ်ဘေးကူ'သည် အချိန်မီလှုပ်ရှားခဲ့ပြီး နတ်ဘုရားမိုးကြိုးအများအပြားကို ဝါးမျိုခဲ့၏။

အနည်းဆုံးအနေဖြင့် စွမ်းအား၏ သုံးပုံနှစ်ပုံခန့်ကို လျှော့ချနိုင်ခဲ့သည်။ ထို့နောက် သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ပေါင်းစပ်လိုက်မှသာ တားဆီးနိုင်ခဲ့ခြင်းဖြစ်ပေသည်။

သို့မဟုတ်ပါက ယခုတစ်ကြိမ်ကပ်ဘေးကို ကျော်ဖြတ်ရာတွင် အမှန်တကယ်ပင် အသက်အန္တရာယ်နှင့် နီးစပ်နေမည်ဖြစ်သည်။

'ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာနဲ့တူတဲ့ နတ်ဘုရားမိုးကြိုးဆိုတဲ့အတိုင်းပဲ...'

"ဒီအရာက အားပျော့တဲ့ပုံစံ၊ အတုအယောင်ပုံစံဖြစ်နေပြီး အင်မော်တယ်လောကရဲ့ ရှန်ရှောင်မိုးကြိုး အစစ်အမှန်မဟုတ်သေးဘူး...”

"ဒါပေမဲ့လည်း ဒီလောက်စွမ်းအားနဲ့တင် သေမျိုးလောကမှာ လွှမ်းမိုးနိုင်ဖို့ လုံလောက်နေပြီ...”

"အခု ‘မိုးကြိုးကပ်ဘေးကူ’က ရှန်ရှောင်မိုးကြိုးအမြောက်အများကို ဝါးမျိုလိုက်တဲ့အတွက် အစွမ်းထက်တဲ့ လျှို့ဝှက်လက်နက်တစ်ခုကို ပိုင်ဆိုင်လိုက်ရတာပဲ...”

"နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတွေနဲ့ ကြုံတွေ့ရရင်တောင်မှ သတ်ဖြတ်နိုင်စွမ်းရှိသွားပြီ...”

ကျိုးစွေ့မှာ အလွန်တရာ ကျေနပ်သွားလေသည်။

ဤကပ်ဘေးကို ဖြတ်ကျော်ရာတွင် သူရရှိလိုက်သော အကျိုးအမြတ်များမှာ အမှန်တကယ်ပင် ကြီးမားလွန်းလှသည်ဟု ဆိုနိုင်ပေ၏။

ရှန်ရှောင်မိုးကြိုးကပ်ဘေး၏ စွမ်းအားကို အသုံးချ၍ သူ၏ခန္ဓာကိုယ်ကို သန့်စင်နိုင်ခဲ့ပြီး နဂါးဆင်ခန္ဓာကိုယ်၏ ဆင့်ကဲပြောင်းလဲမှုကိုပါ အထောက်အကူပြုနိုင်ခဲ့သည်သာမက၊ တစ်ချိန်တည်းမှာပင် ရှန်ရှောင်မိုးကြိုး၏ စွမ်းအင်များကို ဝါးမျိုနိုင်ခဲ့ကာ ‘မိုးကြိုးကပ်ဘေးကူ’၏ စွမ်းအားကိုလည်း တိုးတက်စေခဲ့၏။

ထိုအရာသည် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်လေ၏။

အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ကပ်ဘေးဖြတ်ကျော်ချိန်တွင် ဤမျှလောက်များပြားသော အကျိုးအမြတ်များကို မရရှိနိုင်ကြချေ။

အကျိုးအမြတ်မရှိသည့်အပြင် ဆိုးကျိုးများသာ များပြားတတ်ပြီး အနည်းငယ်ပေါ့ဆမိသည်နှင့် အခြေခံအုတ်မြစ်ပျက်စီးသွားကာ ကျင့်ကြံခြင်းအဆင့်မှာလည်း ဆက်လက်တိုးတက်နိုင်တော့မည် မဟုတ်ချေ။

All Chapters