← Chapters

တုန်လှုပ်ဖွယ်‌ ပြောင်းလဲမှု

Vol. 137 Ch. 1894

တုန်လှုပ်ဖွယ်‌ ပြောင်းလဲမှု

Vol. 137 Ch. 1894

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် မြေပြင်ထုသည် တုန်ဟည်းကာ မြေကြီးဖြင့် ပြုလုပ်ထားသော ဧရာမလက်သီးတလုံး ပေါ်လာကာ ဝမ်လင်းထံ ပျံသန်းဝင်လာ၏။

ဝမ်လင်း၏အမူအရာက ပြောင်းလဲမသွားပေ။ သို့သော် သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ ထိုမြေကြီးလက်သီး နီးကပ်လာသည့်အခါ သူကလည်း လက်သီးတလုံး ပစ်သွင်းလိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဝမ်လင်းက လှုပ်ရှားမသွားပေ။ သို့သော် မြေကြီးလက်သီးချက်ကမူ ပျက်စီးသွားလေပြီ။ မြေပြင်အတွင်းမှ ကြောက်မက်ဖွယ်အော်မြည်သံ ထွက်ပေါ်လာ၏။

မြေပြင်ထံမှ မြေဝါရောင်ပုံရိပ်တစ်ခု ပေါ်လာ၏။ တုံ့နှေးမနေဘဲ သူက ခြေတလှမ်းလှမ်းကာ မြေကြီးအတွင်းသို့ ထွက်ပြေးလေတော့၏။

အဝေးမှ ကြည့်ပါက မြေပြင်ပေါ်ရှိ မြက်ပင်များသည် ဝေ့ယမ်းလှုပ်ခါနေကာ အတွင်း၌ လူတစ်ယောက် ပုန်းကွယ်နေသည်ကို မြင်နိုင်မည်။

တချိန်တည်းမှာ အစိမ်းရောင်အလင်းဖြင့် မီးကို ခုခံ ရုန်းကန်နေသော တတိယမြောက်သူက နာကျင်စွာအော်ဟစ်လိုက်ရပြီး ရုတ်တရက် ရပ်တန့်သွား၏။

ချက်ခြင်းပင် သူသည် မီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ကြောက်မက်ဖွယ်မီးက မီးမုန်တိုင်းတစ်ခုကို ဖွဲ့တည်၏။ ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာသည် ၎င်းထံမှ လှမ်းလျှောက်ထွက်လာသည်။

“ပြေးချင်တာလား…”  ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက မြေကြီးအတွင်း ထွက်ပြေးဖို့ ကြိုးစားနေသော ပုံရိပ်ထံ လှမ်းကြည့်ကာ ရှေ့သို့ ခြေလှမ်းပြီး မြေပြင်ထက်သို့ ခြေချလိုက်သည်။

“ငါ မင်းကို မသတ်ချင်ခဲ့ဘူ။ ဒါပေမဲ့ မင်းက သေချင်နေတာပဲ…”  ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့ သွေ့ခြောက်သောလက်ကို ပင့်မြှောက်လိုက်၏။ သူက နောက်မှ မလိုက်ပေ။ ထိုအစား သူ့လက်ကို မြေပြင်ထက်သို့ ဖိချလိုက်သည်။

ဤသည်က သူ့အောက်ရှိ မြေပြင်ထံကနေ အော်ရာတစ်ခုကို ပေါက်ကွဲထွက်လာစေသည်။ သူ့သွေ့ခြောက်သောလက်ကို ပြန်ပင့်တင်လိုက်သည်။ မြက်ပင်များ မြန်မြန်ဆန်ဆန် စတင် သွေ့ခြောက်လာကာ ရေငွေ့များ ပျံလာပြီး ဝမ်လင်း၏သွေ့ခြောက်သောလက်ဖြင့် စုပ်ယူခြင်းကို ခံရသည်။

ထိုစုပ်ယူမှုနှုန်းက အလွန်မြန်၏။ ဝမ်လင်း ပတ်လည်ရှိ အစိမ်းရောင်မြက်ပင်များသည် သွေ့ခြောက်ကုန်လာသည်။ ရေခိုးရေငွေ့များက သူ့လက်နှစ်ဖက်ထံ ပျံသန်းလာသည်။

အထူးသဖြင့် ဝမ်လင်းရှေ့မှ မြက်ပင်များသည် မြန်ဆန်စွာ သွေ့ခြောက်နေ၏။ ရေငွေ့များက ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နေကာ ထိုသွေ့ခြောက်မှုက ထွက်ပြေးသွားသောလူနောက်သို့ လိုက်လံနေသလား မှတ်ရသည်။

မြေကြီးအတွင်းရှိ ထိုကျင့်ကြံသူမှာ သူ့စိတ်နှလုံးတုန်ယင်မှုကို အရူးအမူး ခံစားမိသည်။ သူသည် သေခြင်းတရားက သူ့နောက် လိုက်လံနေပြီဟု ခံစားမိ၏။ ထိုအော်ရာကသာ သူ့ကို ထိမိပါက သူ သေရလိမ့်မည်။

သူ အသည်းအသန် ထွက်ပြေးနေစဉ် သူ့နောက်မှ မြက်ပင်တို့မှာ ပိုမြန်မြန် သွေ့ခြောက်လာသည်။ အနီးအနားရှိ လှိုဏ်ဂူများထဲမှ အချို့သည်ပင် သက်ရောက်ခြင်း ခံရသည်။ ထွက်ပြေးနေသော ကျင့်ကြံသူက အံတင်းတင်းကြိတ်၍ ထိုလှိုဏ်ဂူများထံ တရကြမ်း ပြေးဝင်သည်။

“သေစမ်း…သူက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ။ ဒါပေမဲ့ သူက တစ်ယောက်တည်းပဲ။ သူသာ လူတိုင်းကို ဒေါသထွက်စေခဲ့ရင် သူလည်း သေရလိမ့်မယ်…”

ထွက်ပြေးနေသော လူက လှိုဏ်ဂူများထံ ဦးတည်နေသည်။ သူ့နောက်မှ မြက်ပင်တို့က မြန်ဆန်စွာ သွေ့ခြောက်လိုက်လာကာ သူ့အား မှီလုမှီခင် ဖြစ်လာသည်။ သူက လှိုဏ်ဂူများထံ နီးကပ်လာချိန်၌ သူ့မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ပေါ်သည်။ အစွမ်းထက်အော်ရာတစ်ခုသည် လှိုဏ်ဂူများထဲမှ တစ်ခုထံကနေ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ထိုအော်ရာနှင့်အတူ ဆံဖြူအဘိုးအိုက လှိုဏ်ဂူတစ်ခုထံကနေ လှမ်းလျှောက်ထွက်လာသည်။

သူ ပေါ်လာသည်နှင့် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ပေါ်လာသည်။ ထိုအဘိုးအိုက တုံ့နှေးမနေဘဲ ထွက်ပြေးနေသော ကျင့်ကြံသူထံ ဦးတည်ကာ လက်ဝေ့ယမ်းလိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ တုန်ခါလှိုင်းတစ်ခု မြေပြင်အနှံ့ ပျံ့လွင့်ပြီး ထွက်ပြေးနေသော ကျင့်ကြံသူထံ လှမ်းလာသည်။ ဤသည်က ထိုကျင့်ကြံသူကို တခဏတာ ရပ်တန့်သွားစေပြီးနောက် သူသည် အဝေးသို့ ခပ်မြန်မြန် လွင့်ထွက်သွားလေ၏။

“ထွက်သွားစမ်း…”

ထိုသူ သွေးအန်လိုက်ရပြီးနောက် မြေကြီးထဲမှ လွင့်ထွက်လာ၏။ ထိုအခါ သွေ့ခြောက်နေသော မြက်ခင်းပြင်က ဧရာမပါးစပ်ကြီးတစ်ခုနှယ် သူ၏ခန္ဓာကိုယ်ကို လာထိသည်။

ချက်ခြင်းပင် ထိုကျင့်ကြံသူသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာလည်း အလျင်အမြန် သွေ့ခြောက်သွား၏။ သူက ရေဓာတ်အားလုံး ဆုံးရှုံးသွားစဉ် သူ့မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာ၏။ သို့ပေမည့် သူ၏မူလစိတ်ဝိညာဉ်ကို အနက်ရောင်အခိုးအငွေ့တို့က ဝန်းရံလာပြီး ရီစီရုပ်သေးက သူ့အား မှီလာသည်။ သူ့မူလစိတ်ဝိညာဉ်က အနက်ရောင်အခိုးငွေ့ဖြင့် ဝန်းရံခံရကာ နာကျင်စွာ စူးစူးဝါးဝါးအော်ဟစ်သံများ ပဲ့တင်ထပ်ပြီးနောက် တဖြည်းဖြည်း လွင့်ပြယ်သွားချေသည်။

“ရောင်းရင်းကျင့်ကြံသူ…ဒီအဘိုးအိုနာမည်က ချွားချွားပါ။ သင့်ကို ရန်စတဲ့သူလည်း သေသွားခဲ့ပါပြီ။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ဒီတာအိုမန္တာန်ကို ပြန်ရုတ်သိမ်းပေးပါ။ ဒီနေရာဟာ ကောင်းကင်ဘုံနွားထီးကလန်ရဲ့ အနိမ့်ဆုံးနေရာတစ်ခု ဖြစ်ပြီး ဆုံးရှုံးလို့ မရနိုင်ပါဘူး။ ကျေးဇူးပြုပြီး အဆုံးစွန်ကောင်းကင်မြက်ခင်းဒေသရဲ့ လေလွင့်ကျင့်ကြံသူအားလုံးရဲ့ အခြေခံကို မဖျက်စီးပစ်လိုက်ပါနဲ့…”

ထိုဆံဖြူအဘိုးအိုသည် အကွာအဝေးတစ်ခုကနေ ဝမ်လင်းထံ လှမ်းကြည့်၍ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။

သူ ထိုသို့ ဆိုလိုက်သည့်နောက် မြေပြင်ပေါ်ရှိ မြက်ပင်များသည် ဆက်လက် မသွေ့ခြောက်တော့ဘဲ ရေငွေ့များသည် ဝမ်လင်း၏ခန္ဓာကိုယ်ထံ ပျံသန်းဝင်လာသည်။ သို့ပေမည့် ထိုကျင့်ကြံသူထံမှ ရေအနှစ်သာရနှင့် ဒီမျှ ရေပမာဏသည် ဝမ်လင်းအတွက် ကိုးကြိမ်မြောက်စက်ဝန်းကို ပြီးမြောက်စေဖို့ မလုံလောက်ပေ။

သည်အခိုက်တွင် သူက သူ့လက်ကို မြေပြင်ထက်မှ ပြန်မြှောက်ကာ အကွာအဝေးတစ်ခုရှိ အဘိုးအိုထံ လှမ်းကြည့်သည်။ ထို့နောက် သူက မြက်ခင်းပြင်ကို ကြည့်ကာ စဉ်းစားသည်။

“ဒီမှာရှိတဲ့ လေလွင့်ကျင့်ကြံသူအများစုဟာ မြေအောက်မှာ နေကြတာပဲ။ ထူးဆန်းတယ်…။ ကုန်းမြေတစ်ခုရဲ့ အနိမ့်ဆုံးအပိုင်း။ ဒါမှမဟုတ် ဒီနေရာဟာ မြေကြီးနှလုံးသားနဲ့ အနီးကပ်ဆုံးနေရာလို့လည်း ပြောနိုင်တယ်…”

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက စကားထပ်မဆိုတော့ပေ။ သို့သော် သူက အဘိုးအိုထံ တချက် ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားလေ၏။

ရီစီရုပ်သေးကို ပြန်ဆင့်ခေါ်ထားရာ ၎င်းက ဝမ်လင်းဘေးတွင် ခြင်သားရဲဘုရင်နှင့်အတူ ရှိနေသည်။ သူက လက်ဝေ့ယမ်းပြီး ၎င်းကို သိမ်းဆည်းလိုက်၏။

ဝမ်လင်း ရှေ့သို့ လှမ်းထွက်သွားစဉ် လှိုင်းဂယက်များ ထလာကာ သူသည် လောကနှင့် တသားတည်း ပေါင်းစပ်သည်။ သူသည် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြု၍ ပျောက်ကွယ်ကာ ဒီမြက်ခင်းလွင်ပြင်ကနေ ထွက်ခွာလာတော့သည်။

ဝမ်လင်း ထွက်ခွာသွားမှ ထိုအဘိုးအိုသည် စိတ်အေးနိုင်တော့၏။ မြေပြင်ထက်မှ အရိပ်များ ထွက်ပေါ်လာပြီး လူဆယ့်နှစ်ယောက်ကျော်က ဝမ်လင်းထွက်သွားသော နေရာထံ လှမ်းကြည့်လာကြ၏။

“လက်ဝဲစီနီယာက ပြတ်သားပါပေတယ်။ ဒီလူဟာ ငါတို့ ရန်စမသင့်တဲ့သူပဲ။ သူ့ရုပ်သေးကလည်း အားကောင်းသလို သူ့သားရဲကလည်း ထူးခြားလှတယ်။ သူကိုယ်တိုင်ကလည်း အတော်လေး အစွမ်းထက်တယ်။ ဒီလိုလူဟာ ကလန်မရှိတာ မဖြစ်နိုင်လောက်ဘူး….”

“ဟုတ်တယ်။ သူက ပြတ်သားလွန်းတယ်။ တောင်နက်တာအိုရဲ့ လူလေးယောက်ဟာ အသက်ခံလိုက်ရတယ်။ သူဟာ တကယ်ပဲ ကြမ်းကြုတ်တယ်။ ပြီးတော့ သူ့ပုံပန်းသွင်ပြင်အရဆို သူဟာ နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်တယ်…”

တောင်နက်တာအိုရဲ့ လေးယောက်ကတော့ သူတို့ကိုယ်သူတို့ အပြစ်တင်ရမှာပဲ။ သူတို့ဟာ သူ့နောက်ကို ရက်ပေါင်းများစွာ လိုက်ခဲ့ကြတာ။ သူတို့ အခု သေသွားကြပြီ။ ဒါ့ကြောင့် ဒီကိစ္စဟာ ပြီးသွားပြီ။ ရောင်းရင်းတို့ လူစုခွဲကြတော့…”

အဘိုးအိုက ထိုသို့ ပြောလိုက်ပြီးနောက် ပြန်လှည့်ကာ ထွက်ခွာသွား၏။

ဝမ်လင်းက ဒုတိယကြိမ်မြောက် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုပြီးနောက် သူသည် တောင်တန်းတစ်ခုအတွင်း၌ ပေါ်လာသည်။ ယန်လု၏ မြေပုံအရ သူက ကျွန်းပင်လယ်သို့ ရောက်ဖို့ သုံးလလောက် လိုလိမ့်အုံးမည်။

“ကောင်းကင်ဘုံနွားထီးကုန်းမြေက ကြီးမားလွန်းတာပဲ…”  ဝမ်လင်းက ခြင်သားရဲကို ဆင့်ခေါ်ကာ ၎င်းပေါ်၌ ထိုင်၍ အရှေ့ဘက်သို့ ဆက်လက် ပျံသန်းသည်။ ခြင်သားရဲက မြန်လှ၏။ သည်နေရာမှာ အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် နီးကပ်နေပြီ ဖြစ်၍ ကျင့်ကြံသူများများစားစား ရှိမနေ၊ သေမျိုးမြို့များကိုသာ မကြာဆိုသလို တွေ့ရ၏။

ဝမ်လင်းသည် အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် ပတ်သတ်၍ များများစားစား မသိထားပေ။ သို့သော ခန်းယန်၏ မှတ်ဉာဏ်များထဲ၌ အစိမ်းရောင်မိစ္ဆာကုန်းမြေမှာ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ တွေ့ရှိခဲ့၏။ ထိုနေရာရှိ လူတိုင်းက ကြောက်မက်ဖွယ် ကောင်းလေသည့်အလား။

လျှပ်တပြတ်အတွင်း ဆယ်ရက် ကုန်လွန်သွား၏။ ဝမ်လင်းက တချို့ကျင့်ကြံသူများနှင့် လမ်းကြောင်းများကို ဖြတ်ကျော်လာခဲ့သည်။ သို့သော် သူတို့က တစ်ယောက်နှင့် တစ်ယောက် ပတ်သတ်ခြင်း မရှိဘဲ ဖြတ်သွားဖြတ်လာကြရုံသာ။ နတ်ဘုရားအာရုံများ ဖြန့်ကျက်လာခဲ့လျှင်ပင် ဝမ်လင်း၏ ပုံပန်းသွင်ပြင်ကို တွေ့မြင်ပြီးနောက် သူတို့သည် ထွက်သွားကြသည်သာ။

ဆယ်ရက်ကြာပြီးနောက် ဝမ်လင်းက တတိယကြိမ်မြောက်ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုကာ သည်တောင်တန်းမှ ပျောက်ကွယ်သွားသည်။

အရှေ့ပိုင်းကုန်းမြေက အလွန်ကြီးမားကျယ်ပြန့်လှ၏။ ကောင်းကင်ဘုံနွားထီးနှင့် အစိမ်းရောင်မိစ္ဆာကုန်းမြေတို့ကြားတွင် ဆေးလုံးပင်လယ်ဟု ခေါ်သော ပင်လယ်တစ်ခုရှိ၏။ ပြောကြသည်မှာ ထိုပင်လယ်သည် ကောင်းကင်မှ ပြုတ်ကျလာသော ဆေးလုံးတစ်လုံးက ဖန်တီးထားခြင်း ဟူသည်။

သို့ပေမည့် ထိုကောလဟာလက ယုတ္တိမဲ့လွန်းသည်။ မည်သူကမျှလည်း ဒီသတင်းစကားကို မယုံကြပေ။ သို့သော် ဤသည်မှာ မျိုးဆက်တဆက်ပြီးတဆက် လက်ဆင့်ကမ်းလာခဲ့သော ကောလဟာလ ဖြစ်၏။

ထိုဆေးလုံးပင်လယ်သည် အဆုံးအဆမဲ့ကာ လှိုင်းထန်နေတတ်သည်။ ကုန်းတွင်းပင်လယ် ဖြစ်သော်လည်း လေနှင့်လှိုင်းတို့က ကြမ်းလှ၏။

သည်နေရာမှာ ကောင်းကင်ဘုံနွားထီးကုန်းမြေနှင့် အစိမ်းရောင်မိစ္ဆာကုန်းမြေ နှစ်ခုလုံးက ပိုင်ဆိုင်သည့် နေရာ ဖြစ်သည့်အတွက်ကြောင့် သည်နေရာ၌ ကျင့်ကြံသူများသည် ရုန့်ရင်းဆန်ခတ် ဗရမ်းဗတာ အခြေအနေ ရှိသည်။ ကောင်းကင်တွင် တိမ်နက်များ ပြည့်ဖုံးကာ မိုးကြိုးတို့ တုန်ဟည်း၍ မိုးများသည် ကျဆင်းကာ ပင်လယ်နှင့် ပေါင်းစည်းနေချေသည်။

တိမ်စိုင်များအောက်၊ မိုးရွာသွန်းမှုတွင် လှိုင်းဂယက်များ ထလာ၏။ ဝမ်လင်း၏ပုံရိပ်က ထိုလှိုင်းဂယက်များထံမှ လှမ်းထွက်လာကာ သူက ပင်လယ်ထက်တွင် ရပ်သည်။

အောက်ဘက်မှ ပင်လယ်ကို ကြည့်ကာ ဝမ်လင်း၏ သွေ့ခြောက်နေသော မျက်လုံးတစုံက အရောင်တောက်လာ၏။ သူသည် သူ့ရေအနှစ်သာရပြည့်စုံဖို့ စက်ဝန်းတပါ ပြည့်ရန် တဝက်ကျန်သေးသည်။ သူက များများစားစား မလိုအပ်တော့ပေ။ အနည်းငယ်မျှသာ လိုအပ်လေတော့သည်။

သို့ပေမည့် သူ အချိန်တိုအတွင်း ရေအနှစ်သာရ လုံလုံလောက်လောက်ကို ရဖို့ နည်းလမ်းမှာ အဆုံးမဲ့ပင်လယ်ကနေ ၎င်းကို သိပ်သည်းဖို့သာ ရှိသည်။ သူ အောင်မြင်စွာ သိပ်သည်းနိုင်မည်လားကိုမူ မသိနိုင်သေးပေ။

စဉ်းစားနေပြီး ဝမ်လင်းက ပင်လယ်ကြမ်းပြင်ထံ တဖြည်းဖြည်း နစ်မြုပ်သွားသည်။ အချိန်မည်မျှ ကြာမှန်းမသိပြီးနောက် သူ့အောက်တွင် ကုန်းမြေ ပေါ်လာသည်။

ပင်လယ်ကြမ်းပြင်တွင် ရောင်စုံ ပင်လယ်ရေငြှိပင်တို့၊ အကောင်ပလောင်တို့ ရှိနေ၏။ အနီးအနားတွင် ကူးခတ်နေသောငါးများလည်း ရှိနေကြသည်။ ဝမ်လင်းက ပင်လယ်ရေငြှိပင်များအတွင်း ထိုင်ချကာ မျက်လုံးမှိတ်၍ သူ့လက်နှစ်ဖက်ကို ပေါင်နှစ်ဖက်ပေါ် တင်ထားပြီး သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေထားသည်။

သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည့်အခိုက်၌ သူ့ပတ်လည်ရှိ ပင်လယ်ရေသည် တုန်ဟည်းသွားသည်။ မမြင်ရသောလှိုင်းဂယက်များက အဘက်ဘက်သို့ ပျံ့လွင့်သည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ရေအနှစ်သာရ…စုစည်းစေ…”

သူ ထိုသို့ ဆိုသည့်နောက် အဆုံးမဲ့ပင်လယ်သည် မြင့်တက်လာကာ ကျယ်လောင်စွာ တုန်ဟည်းသံများ လောကတခွင် ပဲ့တင်ထပ်လေသည်ဟု ထင်ရသည်။

ထိုအခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်မှ မည်သည့်အော်ရာမှ ပေးစွမ်းမနေ၊ သူက ဒီဆေးလုံးပင်လယ်နှင့် တသားတည်း ဖြစ်နေသည့်အလား။

ထိုဆေးလုံးပင်လယ်သည် တုန်ယင်လာကာ ဆူပွက်လာ၏။ ၎င်းသည် ကုန်းမြေနှစ်ခုလုံး၏ လေလွင့်ကျင့်ကြံသူများကို အာရုံစိုက်မိနိုင်စေသည်။ သို့ပေမည့် ပင်လယ်အတွင်း၌ သွေးချောင်းစီးတိုက်ပွဲက ပြင်းထန်နေသည်။ ထို့ကြောင့် မည်သူကမျှ ပင်လယ်အတွင်း လှိုင်းထန်လာသည်ကို သတိမပြုမိကြပေ။

သည်ပင်လယ်တစ်ခုလုံးကို အတားအဆီးများ အလွှာအထပ်ဖြင့် ခြုံလွှမ်းထား၏။ သည်အတားအဆီးက ထူးခြားဆန်းပြားလွန်းသည်။ ဝမ်လင်းသည်ပင် ဝင်ရောက်လာသည့်အခါ၌ ၎င်းကို သတိမပြုမိခဲ့ပေ။ သူ ဆေးလုံးပင်လယ်ကို စုပ်ယူသည့်အခါကျမှသာ သူက ၎င်းကို ခပ်ရေးရေး သတိပြုမိသည်။

သည်အတားအဆီးအလွှာက လူတစ်ယောက်ကို ဝင်ရောက်ခွင့်သာ ပြုထားပြီး ထွက်ခွာခွင့် မပြုတော့ပေ။ ထို့ကြောင့် သည်ဆေးလုံးပင်လယ်တစ်ခုလုံးမှာ လုံးဝ ချိပ်ပိတ်ထားသလို ဖြစ်နေသည်။

ဝမ်လင်းသည် ရေအနှစ်သာရကို စုပ်ယူနေရင်း ပင်လယ်အတွင်းမှ စူးစူးဝါးဝါး အော်သံဟစ်သံများကို ကြားရ၏။ ကောင်းကင်ဘုံနွားထီးကုန်းမြေရှိ လေလွင့်ကျင့်ကြံသူအများစုမှာ အစိမ်းရောင်တစ္ဆေမီးဖြင့် ခြုံလွှမ်ထားသော ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ခံနေရသည်။

ဆေးလုံးပင်လယ်၌ ကျင့်ကြံသူများစွာမှာ သည်လို ကြုံနေရ၏။

All Chapters