မိုးနှင့်မြေသည်လူတစ်ယောက်အတွက်နေအိမ်
Vol. 7 Ch. 645
စုရှိုးချင်သည် ခဏမျှ စဉ်းစားနေလေသည်။
ဆန်းလျန်သည် ရှားပါးပြီး ထူးခြားသည့် တာအိုဆရာတစ်ယောက် ဖြစ်လေသည်။ သူမကို လှည့်ဖြားပြောဆိုမည်တော့ မဟုတ်တန်ရာ။ မည်သို့ပင်ဖြစ်စေ… ချင်းရွှမ်နတ်တံခါး အတွက် အလုပ်လုပ်ပေးမည် ဆိုပါက ဆိုးကျိုးထက် ကောင်းကျိုးသာ များလေသည်။
ထို့ပြင် ကျန်းယီဂိုဏ်းတွင်လည်း နတ်ဘုရားပေါ်ထွက်ခြင်း မရှိသည်မှာ နှစ်ထောင်ပေါင်းများစွာပင် ကြာခဲ့ပြီဖြစ်လသည်။ သူမသည်လည်း အင်းသိဒ္ဓိအမြုတေ ရရှိအောင် ကျင့်ကြံပြီးသည့် နောက်ပိုင်း ရှေ့ဆက်ကျင့်ကြံရန် အတွက် လမ်းပျောက်နေခဲ့လေသည်။ သူမကို လမ်းပြပေးနိုင်သည့် နတ်ဘုရားတစ်ပါးသည် ကျန့်ယီဂိုဏ်းတွင် မရှိခဲ့ပေ။
သို့သော်… ဆန်းကျန်းရန်နတ်ဘုရား၏ လမ်းညွှန် သင်ပြပေးမှုကိုသာ ရရှိပါက အနာဂတ်တွင် တောက်ပလာမည် မဆိုလျှင်နိုင်တောင်မှ အားကိုးရာတစ်ခုတော့ ရရှိမည် ဖြစ်လေသည်။
သူမသည် ရှင်းရှင်းလင်းလင်း စဉ်းစားပြီးသည့် အခါတွင်တော့….
“ကျွန်မ ဆန်းကျန်းရန်နတ်ဘုရား အတွက် အလုပ်လုပ်ပေးပါ့မယ်”
ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…
“ကျန့်ယီဂိုဏ်းရဲ့ စန်းရှန်းအင်းပညာကျမ်းနဲ့ ဟိုင်သန်းမှော်အင်းပညာဟာ တာအိုလမ်းကိုလျှောက်ဖို့ အစစ်မှန်ဆုံး ကျင့်စဉ်တွေပါပဲ၊ အဲဒီပညာရပ် (၂)ခုက ခပ်ဆင်ဆင်တူတယ်၊ မိုးနဲ့မြေမှာ အင်းပညာ အတွေးအခေါ်တွေက နက်နဲလွန်းတယ်၊ အဲဒီအတွေးအခေါ်တွေက နတ်ဘုရားတွေထက် သာလွန်တယ်၊ ဒါပေမဲ့ နောက်ပိုင်းသင်ကြား ပြသမှုတွေမှာ အင်းပညာအကြောင်း သိပ်မပါတော့ဘူး ဆိုတော့ မှတ်တမ်းတွေလည်း အနည်းငယ်ပဲ ကျန်ရစ်တော့တယ်၊ ဆရာတွေကလည်း နောက်ပိုင်း တပည့်တွေကို တာအိုကျမ်းစာတွေနဲ့ ဗုဒ္ဓကျမ်းစာတွေပဲ သင်ကြားပေးတော့တယ်၊ အင်းပညာ သင်ကြားမပေးတော့ဘူး၊ ဘာလို့လဲဆိုတော့ အင်းပညာက နက်နဲလွန်းတဲ့အတွက် တပည့်တွေ အသိပညာ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်ကြလို့ပဲ၊ ဒုတိယအချက်ကတော့ အင်းပညာက ဖန်ဆင်းခြင်းကို အနှောင့်အယှက် ဖြစ်တဲ့အတွက် ကပ်ဘေးဒုက္ခဆိုးကြီးကို ဦးတည်နေလို့ပဲ၊ ကျုပ် မင်းကို ဒီလောက်ပဲ ပြောပြနိုင်ပါတယ်၊ ကျန်တာကိုတော့ မင်းဟာမင်း ဆက်လက် လေ့လာရလိမ့်မယ်”
စုရှိုးချင်သည် ဆန်းလျန်၏စကားများကို ငြိမ်ပြီး နားထောင်နေမိလေသည်။
သို့သော်… ဆန်းလျန်ပြောနေသည့် စကားများသည် နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် အထောက်အကူဖြစ်နေသည့် အတွက် သူမသည် စိတ်လှုပ်ရှားနေမိလေသည်။
သူမက…
“ဆရာ… ကျွန်မကို ဆက်ပြီး သင်ပြပေးစေချင်ပါတယ်…”
ဆန်းလျန်က…
“နတ်ဘုရားတစ်ပါး ဖြစ်ဖို့ဆိုတာက ရိုးရှင်းပြီး လွယ်ကူပါတယ်၊ သေသေချာချာ သိမြင်နားလည်ပြီး ကျင့်ကြံနိုင်မယ် ဆိုရင် အဲဒီအဆင့်ကို တက်ရောက်နိုင်မှာပါ၊ နတ်ဘုရားတစ်ပါး ဖြစ်လာပြီဆိုရင် မူလဝိညာဉ်ခန္ဓာ ရရှိလိမ့်မယ်၊ ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်ဝါဒ၊ တာအိုဝါဒ ဆိုပြီး လမ်းတွေကွဲပြားပေမယ့် အဆုံးသတ်မှာ လမ်းစဉ်အားလုံးဟာ တစ်ခုတည်းဖြစ်တယ်…."
ဆန်းလျန်က ဟိုဟိုဒီဒီ အပိုစကားများ ပြောနေစဉ်တွင် စုရှိုးချင်သည် အာရုံစူးစိုက်မိခြင်း မရှိပါ။ သို့သော် ဆန်းလျန်က အသေးစိတ်ကို သဘောတရားများကို ပြောပြသည့် အခါတွင်တော့ သူမက အာရုံစိုက်မိလေသည်။
သို့သော် ဟိုဟိုဒီဒီစကားများနှင့် အသေးစိတ် သဘောတရားများ ပေါင်းစပ်သွားသည့်အခါ လူတစ်ယောက်ကို ဝိညာဉ်စွမ်းအား မြင့်တက်သွားစေနိုင်သည့် ကျင့်စဉ်တစ်ခုကို ရရှိမည် ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်သည် ယခုကဲ့သို့ သင်ပြပေးခြင်းမှာ သူမအတွက် အထူးပြုလုပ်ထားသည့် အလား ထင်မှတ်ရလေသည်။ ဆန်းလျန်၏စကားများသည် သူမ၏ ဝိညာဉ်စွမ်းအားများကို တိုးတက် လာစေခဲ့လေသည်။
ဝိညာဉ်စွမ်းအား တိုးလာသည်နှင့်အမျှ အခက်အခဲများကို ချိုးဖောက်နိုင်သည့် အခွင့်အလမ်းများ ပိုမိုမြင့်မားလာမည် ဖြစ်လေသည်။
ဆန်းလျန်က ကျင့်စဉ်များကို သရုပ်ခွဲပေးတိုင် စုရှိုးချင်သည် စိတ်လှုပ်ရှားရလေသည်။ ထို့နောက် ဆန်းလျန်ထံမှ သင်ယူရသည်ကို သူမသည် ပျော်ရွှင်လာပြီး အချိန်များ ကုန်ဆုံးသွားသည်ကိုပင် မေ့လျော့သွားရလေသည်။
နောက်ဆုံးတွင်တော့ ဆန်းလျန်၏ သင်ပြပေးမှုက ပြီးဆုံးသွားလေသည်။
စုရှိုးချင်မှာ ဆန်းလျန်၏ စကားများကို ထပ်မံ နားထောင်ချင်မိသေးသည်။ သို့သော် ထပ်ပြီး မဆောင်းဆိုတော့ပေ။ ထို့နောက် ဆန်းလျန်ကို လေးစားစွာဖြင့် ဦးညွှတ် အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ထို့နောက် သူမသည် တာအိုကျောင်းဆောင်ထဲမှ ထွက်လာခဲ့တော့သည်။
ထိုအချိန်တွင်….
အရှေ့ဆီမှ ရောင်နီပင်ထွန်းနေပြီ ဖြစ်ပြီး တိမ်များမှာ လှပစွာ လင်းလက်နေကြလေသည်။
စုရှိုးချင်မှာ အမြန်ပြန်ပြီး ကျင့်စဉ်ကျင့်ကြံချင်လှပြီ ဖြစ်လေသည်။ သူမသည် လေကဲ့သို့ လျင်မြန်သည့်အဟုန်ဖြင့် ချင်းလျန်တောင်ထိပ်သို့ ပြန်ရောက်လာလေသည်။ တာအိုကျောင်းဆောင်ထဲတွင် သူမ၏ ဂိုဏ်းတူမောင်နှမများသည် တရားထိုင်နေကြလေသည်။
သူမ တံခါးကိုဖွင့်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။
"အမြန်ထကြ... အမြန်ထကြ...."
ပျော်ရွှင်တောက်ပနေသည့် သူမ၏မျက်နှာကို တွေ့လိုက်ရသည့် အခါတွင်တော့ ဂိုဏ်းတူ မောင်နှမများသည် သူမ အနားသို့ ချက်ချင်း ရောက်လာကြလေသည်။
ဆန်းလျန်နှင့် တွေ့ဆုံပြီးသည့်နောက် သူမ တစ်စုံတစ်ခု ရရှိလာသည်ကို အားလုံး သိလိုက်ကြလေသည်။ သူမက အသေးစိတ် အကြောင်းအရာများကို အားလုံးကို ပြန်လည် ဝေမျှလိုက်လေသည်။
သူမက အဖြစ်အပျက်များကို ပြောပြလိုက်သည့် အခါတွင်တော့ အားလုံးက သူမကို လေးစားသွားကြလေသည်။
ထိုသတင်းသည် ပျံ့နှံ့သွားသည့်အခါတွင်တော့ သူမသည် အသက်ရှည်ခြင်း လမ်းစဉ်၏ လျှို့ဝှက်ချက်ကို သိရှိသွားကြပြီဟု ကျင့်ကြံသူများက ထင်မှတ် သွားကြလေသည်။ သူတို့သည်လည်း ထိုလျှို့ဝှက်ချက်ကို သိလိုလှလေသည်။
***
ဆန်းလျန်က စုရှိုးချင်ကို သင်ပြပေးပြီးသည့်နောက် ထပ်မံတွေ့ဆုံခြင်း မရှိတော့ပါ။
ယနေ့မှစတင်ပြီး သူနှင့်အတူ အသူရာချောက်သို့ လိုက်ပါလိုသည့် လူများကို စုစည်းတော့မည် ဖြစ်လေသည်။ ကံကောင်းသည့်အချက်မှာ သူသည် အသေးစိတ် ကိစ္စရပ်များကို လုပ်ဆောင်ရန် မလိုအပ်ခြင်း ဖြစ်လေသည်။ သူလုပ်ဆောင်ရန် လိုအပ်သည်မှာ နတ်ဘုရားများနှင့် ဆက်သွယ်ရန်သာ ဖြစ်လေသည်။
ဤလောကမှ နတ်ဘုရားများသည် တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုလျှင် ဆန်းလျန်ကို မည်သူမှ အနိုင်ယူနိုင်မည် မဟုတ်ပါ။ သို့သော်… ထိုနတ်ဘုရားများသည် သာမန်လူများတော့ မဟုတ်ကြပါချေ။ သူတို့သည် အသူရာချောက်တွင် များစွာ အားကိုးအားထား ရနိုင်သည့်သူများ ဖြစ်လာကြပေလိမ့်မည်။
ကျင့်ကြံသူများသည် သူရာချောက်မှ မိုးမြေနိယာမများနှင့် ပတ်သက်မည် မဟုတ်ပါ။ ထို့ကြောင့် သူတို့အနေဖြင့် အောင်မြင်နိုင်ရန် ပိုပြီးနီးစပ်နိုင်လေသည်။
ထို့ပြင်… ထျန်းယီနှင့် တာ့ရှားဧကရာဇ်တို့တွင်လည်း တန်ခိုးစွမ်းအား မြင့်မားသည့် နောက်လိုက်များစွာ ရှိနေသေးသည်။ ထို့ကြောင့် ဆန်းလျန်သည် အသေးစိတ်အချက်များကို ဂရုစိုက်နိုင်မည် မဟုတ်ပေ။ ဤလောကမှ နတ်ဘုရားများသည် သူ့ကိုကူညီပြီး ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်ပေးနိုင်မည့် သူများ ဖြစ်ကြလေသည်။ ထိုအခါတွင်တော့ ဆန်းလျန်အနေဖြင့် ရန်သူများ အုပ်စုဖွဲ့ တိုက်ခိုက်သည်ကို ကြောက်စရာလိုတော့မည် မဟုတ်ပေ။
ထို့ပြင် နတ်ဘုရားတိုင်းတွင် လျှော့တွက်၍မရသည့် အခြေခံကျင့်စဉ်နှင့် တန်ခိုးစွမ်းအားများ ရှိလေသည်။
ဤအချက်သည် အသူရာချောက်နှင့် နှိုင်းယှဉ်လျက် အားသာချက်ဖြစ်လေသည်။ ရာနှင့်ချီသည့် ကျင့်ကြံသူဂိုဏ်းများရှိပြီး ကျင့်ကြံသူတိုင်းသည် အမျိုးမျိုးသော ကျင့်စဉ်များကို ကျင့်ကြံနိုင်ကြလေသည်။
လုန်ဟွာပွဲတော် ကျင်းပရန် အချိန်ကျသည့် အခါတွင်တော့ ဆန်းလျန်က သူ၏ နတ်ဘုရား စွမ်းအားများကို ထုတ်ဖော် လိုက်လေသည်။
သူ၏နတ်ဘုရား စွမ်းအားများသည် သမုဒ္ဒရာတစ်စင်းအလား တောက်ပ လင်းထိန်နေပြီး သူ၏ တာအိုကျောင်းဆောင် ထက်တွင် တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားသည် တောက်ပစွာ ပေါ်ထွက်လာလေသည်။
မကြာမီမှာပင် တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားသည် ထိုက်ယီတောင်ထိပ်သို့ ပျံတက်သွားပြီး ကောင်းကင်ဘုံ နန်းတော်ကြီးတစ်ခု ဖြစ်တည်လာလေသည်။
မိုးနှင့်မြေတွင် ခမ်းနားသည့် ကောင်းကင်နတ်တံခါး တစ်ချပ် ထွက်ပေါ်လာပြီး ထိုတံခါးသည် အခြားလောက တစ်ခုသို့ သွားရောက်နိုင်သည့် တံခါးဝတစ်ခုအလားပင် ဖြစ်လေသည်။
နတ်ဘုရားများနှင့် ဆရာတော်ကြီးများသည် ထိုနေရာသည် လုန်ဟွာပွဲတော် ကျင်းပရန် နေရာဖြစ်ကြောင်း သိရှိလိုက်လေသည်။
ထိုနေရာသည် ကောင်းကင်ဘုံ နန်းတော်နှင့် ဆင်တူနေသည့်အတွက် ဆန်းလျန်၏ တိုင်းတာမရနိုင်သည့် တန်ခိုး စွမ်းအားများကို အားလုံးက ကျိတ်ပြီး လေးစား လိုက်မိကြလေသည်။
ကောင်းကင်ဘုံ နန်းတော်သို့ သွားရာနေရာတွင် ကြမ်းခင်း (၂၃)ခု ပေါ်လာလေသည်။ သူတို့သည် မိုးကောင်းကင်တံခါးမှ ဝင်ရောက်လိုက်သည်နှင့် ထူးခြားဆန်းကြယ်လွန်းသည့် ကျောင်းတော်ကြီး တစ်ခုကို တွေ့မြင်လိုက်ရလေသည်။ ထို့နောက် သူတို့သည် အချင်းချင်း ခေါင်းညိတ်ပြလိုက်ကြပြီး ကျောင်းတော်ကြီး အတွင်းသို့ ဝင်လိုက်ကြလေ သည်။
သူတို့ ဝင်သွားသည်နှင့် ခန်းမအလယ်တွင် ထိုင်နေသည့် ဆန်းလျန်ကို တွေ့လိုက်ကြရလေသည်။
သူတို့က ဆန်းလျန်ကို ဦးညွှတ် နှုတ်ဆက်လိုက်ကြလေသည်။
ခန်းမအလယ်တွင် ကြမ်းခင်းအဝတ် (၂၃) ခု ခင်းကျင်းထားလေသည်။ ကြမ်းခင်းအဝတ်များ အားလုံးမှ မတူညီသည့် တာအိုစွမ်းအားများ ထွက်ပေါ်နေလေသည်။
နတ်ဘုရားများနှင့် ဆရာတော်ကြီးများသည် သူတို့ခံစားရသည့် အာရုံများအတိုင်း ကြမ်းခင်း အဝတ်များပေါ်တွင် ထိုင်လိုက်ကြလေသည်။
ဆန်းလျန်က….
"အားလုံး ရောက်လာပေးကြတဲ့ အတွက် တကယ်ပဲ ဝမ်းသာမိပါတယ်၊ ဒီနေရာမှာ တစ်ခုခုထူးခြားတာများ ခံစားမိကြသလား"
ဖားဟိုင်ဆရာတော်က …
"ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ခံစားရတယ်၊ ကျုပ် ဒီနေရာကို ဝင်လိုက်တာနဲ့ ကျုပ်ရဲ့ခန္ဓာကိုယ်က ပေါ့ပါးပြီး နေလို့ထိုင်လို့ ကောင်းနေတယ်"
အခြားသူများကလည်း သဘောတူ လိုက်ကြလေသည်။
ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တောက်ယွမ်က အနည်းငယ် စဉ်းစားလိုက်ပြီး…
"ကျုပ်တို့ အရင်လောကမှာ မရှိတော့ဘဲ တခြားလောကတစ်ခုကို ရောက်နေတာများလား"
တောက်ယွမ်၏ စကားက ခန်းမအတွင်းမှ အခြားသူများကိုပါ ထိတ်လန့် အံ့သြသွားစေလေသည်။ သို့သော်… သူတို့သည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ကြလေသည်။
ဤနေရာသည် အခြားလောက တစ်ခုဖြစ်သည်မှာ ထင်ရှားနေခဲ့လေသည်။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် သူတို့အားလုံးသည် လောကကို ကျော်လွန်သွားသည့် သဘောပင် ဖြစ်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်အရင်က ဘယ်လိုနေရာမှာ ရောက်နေခဲ့သလဲဆိုတာ ပြောဖို့အတွက် အားလုံးကို ဖိတ်ကြားရတာပါ"
အားလုံးက ဆန်းလျန်၏ စကားကို အာရုံစိုက်လိုက်ကြလေသည်။
အဘယ်ကြောင့်ဆိုသော်… လောကကို ကျော်လွန်ခြင်းဆိုသည်မှာ တာအို ကျမ်းစာများတွင်ရော ဗုဒ္ဓဘာသာကျမ်းစာ များတွင်ပါ ဖော်ပြထားသည့် အရာတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် သိချင်နေကြလေသည်။
ထို့ပြင် သူတို့သည် ဆန်းကျန်းရန် နတ်ဘုရား၏ ကိုယ်ကျင့်သိက္ခာကိုလည်း ယုံကြည်လေသည်။
ရှန်စန်းကျန်းရန်လုကျိုးယွမ် သည်ပင် လောကကို ကျော်လွန်သူတစ်ယောက် ဖြစ်သည့်တိုင် ထိုအကြောင်းအရာများကို ထုတ်ဖော်ပြောပြခြင်း မရှိခဲ့ပေ။ ရှန်စန်းကျန်းရန်က အားလုံးကို သင်ပြပေးသည့်တိုင် မည်သူမှ သူ၏အဆင့်ထိ မရောက်ရှိနိုင်ကြပေ။
ရှန်စန်းကျန်းရန်ကတော့ သူသိသည့်အရာများကို လျှို့ဝှက်ထားခဲ့ပြီး ဆန်းကျန်းရန် နတ်ဘုရားကတော့ ရက်ရောစွာဖြင့် မျှဝေပေးတော့မည် ဖြစ်လေသည်။
သူတို့သည် ဆန်းကျန်းရန်၏ အတွေ့အကြုံများကို နားထောင်ပြီးသည့် အခါတွင်တော့ အကြောင်းရင်းကို သိရှိသွားကြလေသည်။ သူတို့သည် ရှန်စန်းကျန်းရန်၏ နေအိမ်တွင် ကျင့်ကြံနေကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့လုပ်သမျှ အရာအားလုံးကို ရှန်စန်းကျန်းရန်က သိနေခဲ့ခြင်း ဖြစ်လေသည်။
ထိုခံစားချက်သည် အလွန်မှ ထူးဆန်းလှလေသည်။
*****