အဆင့်ချိုးဖျက်ခြင်း
Vol. 137 Ch. 1896
သူတို့သုံးယောက်မှာ လှိုဏ်ဂူလောကမှ ထွက်လာသော ဟင်္သာငှက်၊ကျားဖြူနှင့် လိပ်နက်တို့ ဖြစ်ကြသည်။ သူတို့က လွန်ခဲ့သောနှစ်များစွာက ပြန်ရောက်လာခဲ့ပြီး တာအိုခုနစ်ခုကလန် မတည်ရှိတော့သည်ကို မြင်ခဲ့ကြ၏။ သူတို့က ထွက်သွားရန် ရွေးချယ်ခဲ့ကာ ဒီနေရာတွင် လေလွင့်ကျင့်ကြံသူများ ဖြစ်လာသည်။
သူတို့က ကျော်ကြားခဲ့သူများ ဖြစ်၏။ သို့ပေမည့် သူတို့မှာ သက်တမ်းကုန်ခါနီးချိန် ရောက်လာခဲ့ပြီ ဖြစ်ရာ ပင်ပန်းမှုကို ခံစားမိကာ အနားယူချင်ကြသည်။
သူတို့၏ကျင့်ကြံမှုအဆင့်ဖြင့် ဒီဆေးလုံးပင်လယ်တွင် များစွာ လုပ်ဆောင်နိုင်၏။ သို့သော် သူတို့သုံးယောက်က တည်ငြိမ်သောဘဝတွင် နေထိုင်ရန်သာ ရွေးချယ်ခဲ့သည်။
သို့ပေမည့် ကံတရားက သူတို့ကို မျက်နှာသာမပေးခဲ့ပေ။ သူတို့က ငြိမ်းငြိမ်းအေးအေး နေချင်ကြသော်လည်း အခုတော့ အသက်ရှင်ဖို့ ထွက်ပြေးနေရလေပြီ။ ဟင်္သာငှက်နှင့် လိပ်နက်တို့က ဒဏ်ရာအပြင်းအထန် ရထားကြ၏။ ကျားဖြူက ဒဏ်ရာသိပ်မရသေးပေ။ သူက သူ့မိတ်ဆွေရင်းနှစ်ယောက်ကို ခေါ်ကာ ဒီဆေးလုံးပင်လယ်မှ လွတ်မြောက်ဖို့ အကောင်းဆုံး လုပ်ဆောင်နေသည်။
သူ့မိတ်ဆွေနှစ်ယောက်ထံမှ စကားများကို ကြားသည့်အခါ ကျားဖြူက နာကျင်စွာ ပြုံး၏။
“မင်းတို့နှစ်ယောက် ဒီလို ပြောဖို့ မလိုဘူး။ ငါ တစ်ယောက်တည်း ဘယ်လိုလုပ် ထွက်သွားနိုင်ပါ့မလဲ။ ငါတို့ဟာ လှိုဏ်ဂူလောကထဲကို တူတူဝင်ရောက်ခဲ့ကြတယ်။ အခု အဇူရာနဂါး သေပြီ။ ဒါပေမဲ့ ငါတို့ဟာ ဒီမှာ အသက်အိုမင်းပြီး သေဆုံးတဲ့အချိန်ထိ နေကြမယ်လို့ သဘောတူခဲ့တယ်မဟုတ်လား။ ငါတို့ရဲ့ တာအိုကို လက်လွှဲပေးဖို့ အရည်အချင်းရှိတဲ့ ဂျူနီယာသုံးယောက်ကို ရှာကြမယ်လို့ သဘောတူခဲ့ကြတယ်မလား…”
“ငါတို့ ခုထိ ဒီအရာတွေကို မလုပ်ရသေးဘူး။ ဒါ့ကြောင့် ငါက တယောက်တည်း ထွက်ပြေးပြီး ဘယ်လိုပုံစံနဲ့ အသက်ရှင်ရမှာလဲ…”
ကျားဖြူကာ လိပ်နက်နှင့် ဟင်္သာငှက်တို့ကို သယ်ဆောင်ကာ ထွက်ပြေးနေရင်း ထိုသို့ အော်ဟစ်ကာ ပြောလာသည်။
သူတို့သုံးယောက်၏နောက်တွင် ကျောက်စိမ်းဖြူမျက်နှာနှင့် လူငယ်က လိုက်ပါလာ၏။ သူ့လက်ထဲတွင်လည်း ယပ်တောင်တစ်ခု ပါလာသည်။ လူငယ်ကျင့်ကြံသူချန်းကလည်း ရက်စက်လိုဟန် အကြည့်ကို လှစ်ဟဖော်ကာ သူက အေးစက်စက်ရယ်မော၍ လိုက်ပါလာ၏။
သူတို့နှစ်ယောက်က အလျင်မလိုကြပေ။ ဆေးလုံးပင်လယ်ကို ချိပ်ပိတ်ထား၏။ ထို့ကြောင့် ထိုသုံးယောက်မှာ ထွက်ပြေးနိုင်စွမ်း ရှိကြမည် မဟုတ်ပေ။ ထိုသုံးယောက်ကို အရုပ်ကဲ့သို့ ကစားနေရခြင်းက လူငယ်ကျင့်ကြံသူချန်းကို အူမြူးစေပေသည်။
သို့ပေမည့် အလံသုံးခုအောက်ရှိ အမျိုးသမီးသည် သူမ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို စိုက်ကြည့်လျက် သူမ၏မျက်လုံးထံမှ ထူးခြားသောအလင်းကို လှစ်ဟဖော်သည်။
သူမထံ၌ ဆိုးရွားသောခံစားမှု ရနေ၏။
“တနေ့တည်းနဲ့ ပင်လယ်ရေပြင်ဟာ ပေရာချီ လျှော့ကျသွားတယ်။ မနေ့ကထက် ပိုများများစားစားကို လျှော့ကျသွားတာ။ ဒါဟာ ပြဿနာတစ်ခုပဲ…”
သူမက အစိမ်းရောင်အစက်များ ပြည့်နေသော သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်၏။ အဖြူရောင်အစက်များမှာ သိပ်မကျန်တော့ပေ။ တစ်ထောင်ပင် မပြည့်လေတော့ပါ။
အကြီးမားဆုံး အဖြူရောင်အလင်းစက်သုံးစက်က ပျောက်ကွယ်သွားခဲ့ပေပြီ။ သည့်ထက် ပိုအားနည်းသော အလင်းစက်ကိုးခုတွင် လေးခု ပျောက်ကွယ်သွားပြီးနောက် နောက်ထပ်နှစ်စက် ထပ်မံ ပျောက်ကွယ်သွားသည်။ အလင်းစက်သုံးစက်ကသာ အတူတကွ တဖြည်းဖြည်း ရွှေ့လျားနေပြီး အစိမ်းရောင်အလင်းစက်နှစ်စက်က သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာနေသည်။
ထိုအမျိုးသမီးက သံလိုက်အိမ်မြှောင်ကို သေသေချာချာ ကြည့်ရှုစစ်ဆေး၏။ သူမက မျက်မှောင် ပိုကြုတ်လာသည်။
ဘာမှားနေတာမှ မရှိဘူး။ ဒါဆိုရင် နှစ်ရက်အတွင်း ရေတွေ ဘာကြောင့် ဒီလောက်များများ လျှော့နည်းသွားရတာလဲ။ နောက်နှစ်ရက်ပဲ ကျန်တော့တယ်။ ရှိစေတော့။ ငါ အဲ့နှစ်ရက်ကို စောင့်မနေတော့ဘူး။ ပင်လယ်ရေ ရုတ်တရက် လျှော့ကျသွားတာဟာ ထူးဆန်းလွန်းတယ်။ ကျန်တဲ့ ကျင့်ကြံသူတွေကို အမြစ်ဖျက်ဖို့ ငါ တစ်သောင်းသန့်စင်ခြင်းပျက်စီးခြင်းအရည်စက်ကို အသုံးပြုလိုက်တော့မယ်။
ထိုအမျိုးသမီးက မလွယ်ကူမှုကို ခံစားမိနေ၏။ အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သူမက အံတင်းတင်းကြိတ်ကာ အနက်ရောင်အရည်စက်ကို ထုတ်ယူလိုက်၏။ ထို့နောက် သူမက ၎င်းကို ပင်လယ်ထံ တောက်ထုတ်လိုက်သည်။
ထိုအနက်ရောင်ရေစက်က ချက်ခြင်း ပျံသန်းကာ ပင်လယ်အတွင်း ပျောက်ကွယ်သွားသည်။ ၎င်းပျောက်ကွယ်သွားပြီးနောက် ထိုအမျိုးသမီးရှေ့ရှိ ပင်လယ်ရေသည် အနက်ရောင်သို့ ပြောင်းသွားသည်။
ထိုမင်ကဲ့သို့ နက်မှောင်သော ရေတို့က အံ့မခန်းနှုန်းဖြင့် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
“ဆေးလုံးပင်လယ်ထဲမှာ ဘာလျှို့ဝှက်ချက်ပဲ ရှိနေပါစေ ဒီအရည်စက်ကြောင့် သေရမယ်…”
ဝမ်လင်းကမူ ထိုနှစ်ရက်တာ ကြာမြင့်ပြီးနောက် သူက ပင်လယ်ရေပမာဏများစွာကို စုပ်ယူခဲ့ပြီးလေပြီ။ သူက ၎င်းကို သူ၏ခန္ဓာကိုယ်တွင်း၌ ရေအနှစ်သာရ ဖွဲ့စည်းနိုင်ရန် အလို့ငှာ သိပ်သည်းစေသည်။ သို့သော် ခုထိ သူ မဖွဲ့စည်းနိုင်သေးပေ။ စဉ်းစားပြီးနောက် သူက ပိုမြန်ဆန်စွာ စုပ်ယူတော့သည်။
နာရီများစွာ ကြာမြင့်ပြီးနောက် ဆေးလုံးပင်လယ်၏ တဝက်ကျော်သည် အနက်ရောင် ပြောင်းသွားခဲ့လေပြီ။ ၎င်းရေနှင့် ထိမိသော ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူအားလုံးသည် နာကျင်စူးဝါးစွာ အော်ဟစ်ကြရ၏။ သူတို့၏ ခန္ဓာကိုယ်များမှာ ထိအနက်ရောင်ရေကြောင့် ပျက်စီးယိုယွင်းရလေ၏။ သူတို့၏မူလစိတ်ဝိညာဉ်များပင် မလွတ်မြောက်နိုင်ကြချေ။
အစိမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူအုပ်စုများပင် ထိုအနက်ရောင်ပင်လယ်ထဲ၌ အရှိန်လျော့ကျသွား၏။ သို့သော် သူတို့က ဒဏ်ရာ မရကြပေ။ အလံများအောက်မှ အမျိုးသမီးက ဤအဖြစ်ကို မတွေ့မြင်နိုင်ပါ။ သို့သော် သူမ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်က ဖြစ်ပွားနေသော ပြောင်းလဲမှုများကို ရှင်းလင်းစွာ ပြသနေ၏။
သူမ၏သံလိုက်အိမ်မြှောင်ပေါ်ရှိ ဆေးလုံးပင်လယ်မြေပုံ တဝက်မှာ အနက်ရောင် ပြောင်းသွားခဲ့လေပြီ။ အနက်ရောင်ပင်လယ်နှင့် ထိမိသော အဖြူရောင်အစက်အပြောက်အားလုံးသည် အမြစ်ဖျက်ခြင်း ခံရသည့်နှယ် ပျောက်ကွယ်သွားတော့သည်။
“ဒီပြဿနာကို ဖြစ်စေတာ ဘယ်သူပဲဖြစ်ဖြစ် အခု ဒီဆေးလုံးပင်လယ်ကို စုပ်ယူနိုင်အုံးမလား ငါ မြင်ချင်မိတယ်…”
ထိုအမျိုးသမီးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမသည် သူမ၏သံလိုက်အိမ်မြှောင်ပေါ်ရှိ အဖြူရောင်အစက်ရာချီကို စောင့်ကြည့်နေရင်း သူမ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။
သူမသည် ပင်လယ်ရေများ မြန်ဆန်လွန်းစွာ လျှော့ကျနေသည်နှင့် ပတ်သတ်၍ အတော်လေး စိတ်ပူတကြီး ရှိနေသည်။ သူမက အကြောင်းရင်းကို ရှာကို ရှာရမည် ဖြစ်၏။
ဝမ်လင်းကို ကိုယ်စားပြုသော အဖြူရောင်အစက်အပေါ် သူမက ကြည့်ရှုလိုက်ပြန်၏။ သို့သော် သူမ၏အကြည့် ဖြတ်ကျော်သွားစဉ် သူမ၏မျက်လုံးက ဝမ်လင်းကို ကိုယ်စားပြုသော အဖြူရောင်အစက်အပေါ် အကြည့် ရပ်တန့်သွားကာ သတ်ဖြတ်လိုစိတ် လှစ်ဟပေါ်လာသည်။
“အဖြူရောင်အစက်တိုင်းဟာ အစိမ်းရောင်မိစ္ဆာကုန်းမြေက မဟုတ်တဲ့ကျင့်ကြံသူတိုင်းကို ကိုယ်စားပြုတယ်။ အဖြူရောင်အစက် အားလုံးဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေထိ တဖြည်းဖြည်း ထွက်ပြေးနေကြတာ။ ဒါပေမဲ့ ဒီအဖြူရောင်အစက်ကတော့ မလှုပ်မယှက် ရှိနေတယ်…”
“ငါ ဒါကို အရင်တည်းက သတိပြုမိခဲ့သင့်တာပဲ…” သူမ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် လှစ်ခနဲ ပေါ်၏။
“မြောက်ဘက်စူးစူး။ ကီလိုမီတာ(၉၇)သန်း၊ အစိမ်းရောင်မိစ္ဆာစစ်သား တပ်စုသုံးဆယ်က အဲ့နေရာကို…သွားသတ်…” သူမ ပြော၍ မပြီးခင်မှာပင် ဝမ်လင်းကို ကိုယ်စားပြုသည့် ထိုအဖြူရောင်အစက်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထိုသည်က ရုတ်တရက် ဆန်လွန်းသဖြင့် သူမ စကားဆိုနေတာကိုပါ ရပ်တန့်ကာ မင်သက်မိသွားစေသည်။
ဝမ်လင်းက ဒီရက်များအတွင်း ပင်လယ်ရေကို အဆက်မပြတ် စုပ်ယူနေခဲ့၏။ သို့သော် သူက မည်သည့်ရေအနှစ်သာရကိုမျှ မဖွဲ့စည်းနိုင်သေးချေ။ ထို့နောက်တွင် သူက ပို၍ မြန်မြန်ဆန်ဆန် စတင် စုပ်ယူတော့၏။ ထိုအခါ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ သူက မျက်လုံးဖွင့်လာ၏။ သူ၏ မျက်လုံးတို့မှာ တောက်ပနေသည်။
“ရေအနှစ်သာရ…။ ငါ ရေအနှစ်သာရကို ခံစားမိလိုက်တယ်…” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ အနည်းငယ် တွေဝေပြီးနောက် သူက ပြတ်သားသောအကြည့်ကို လှစ်ဟသည်။ သူ ထရပ်ကာ ရှေ့သို့ လှမ်း၏။ သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေ်လာကာ သူသည် လောကနှင့် တသားတည်းပေါင်းစပ်ကာ ပျောက်ကွယ်သွားချေသည်။
ထို့နောက် သူက အနက်ရောင်အရည်များ ရှိနေသော ဆေးလုံးပင်လယ်၏ တဝက်တွင် ပေါ်လာ၏။ သူ ပေါ်လာသည့်အခါ သူက ထိုအနက်ရောင်ပင်လယ်ထံမှ အသွေးအသားနှင့် မူလစိတ်ဝိညာဉ်များကိုပါ တိုက်စားပျက်စီးစေနိုင်သော ကြောက်မက်ဖွယ်အားတစ်ခုကို ခံစားမိ၏။
“ဒါဟာ ရေအနှစ်သာရရဲ့ တခြားစွမ်းအားတစ်ခုပဲ…” ဝမ်လင်း၏ခန္ဓာကိုယ်မှာ ခုလက်ရှိ၌ သူ့ရေအနှစ်သာရကို ပြီးပြည့်စုံဖို့ ကိုးခုမြောက်စက်ဝန်းတွင် ရှိနေပေ၏။ သူသည် ပင်လယ်နက်ကို တခြားသူများထက် ပို၍ ခံနိုင်ရည် ရှိပေသည်။
ထိုပင်လယ်ရေက ကြောက်မက်ဖွယ် ကောင်းသော်လည်း သူ့ခန္ဓာကိုယ်ကို ချက်ခြင်း မတိုက်စားနိုင်ပေ။ ပို၍ အရေးကြီးသည်မှာ ၎င်းထံ၌ ဝမ်လင်း ခုချိန်၌ လိုအပ်နေသော ရေအနှစ်သာရ ပါဝင်နေခြင်းတည်း။
သူ ပေါ်လာသည့်နောက် ဝမ်လင်းက တွေဝေခြင်းမရှိ ထိုင်ချလိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ၏ခန္ဓာကိုယ်တွင်းရှိ ဒွာရပေါက်(၃၆၀၀၀)ကို ဖွင့်လှစ်ပြီး အနက်ရောင်ပင်လယ်ရေကို သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူလေတော့သည်။
သူက မြန်ဆန်စွာ စုပ်ယူနေစဉ် သူ့ခန္ဓာကိုယ်ထဲ၌ နာကျင်မှုကို ခံစားရ၏။ သို့သော် တချိန်တည်းမှာ အလွန်သက်တောင့်သက်သာ ဖြစ်မှုက သူ့စိတ်နှလုံးမှ ထွက်ပေါ်နေခြင်းကိုလည်း ခံစားရသည်။ သူ၏ခန္ဓာကိုယ်မှာ အားအင်ပြည့်ဖြိုးလာကာ ကိုးခုမြောက်စက်ဝန်းက တဖြည်းဖြည်း ပြီးပြည့်စုံလာနေ၏။
ဝမ်လင်းနှင့် အဝေးရှိ ဆေးလုံးပင်လယ်၏ တခြားတဖက်၊ အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် အနီး၊ အလံသုံးခုအောက်တွင် ထိုအမျိုးသမီး၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားလေ၏။ သူမက သူမ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို စိုက်ကြည့်နေပြီး သူမ၏ညာလက်က တုန်ယင်သည်။
မြေပုံပေါ်တွင် ဆေးလုံးပင်လယ်တဝက်ကို ခြုံလွှမ်းထားသော အနက်ရောင်အရည်က မြန်ဆန်စွာ လွင့်ပြယ်လို့နေ၏။ သူမက ဤသည်ကို တွေ့မြင်သည့်အခါ သူမ၏အမူအရာသည် ပြောင်းလဲသွားပြီး ပင့်သက်ရှိုက်မိသည်။
“ဒါက…” သူမသည် သံလိုက်အိမ်မြှောင်ကို ကြည့်နေလျက် သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်ဖွယ် ဖြစ်ပေါ်လာသည်။ သိပ်မကြာခင်တွင် သူမက ထိုအနက်ရောင်ပင်လယ်အတွင်း၌ အဖြူရောင်အစက်တစ်စက် ရှိနေသည်ကို သတိပြုမိလိုက်၏။ ထိုအစက်က တောက်ပခြင်း မရှိလေပေ။ သို့သော် ၎င်းမှာ ဒီဆေးလုံးပင်လယ်၏တဝက်အတွင်း၌ ရှိနေသော တခုတည်းသော အဖြူရောင်အစက်ပင်။
“ဒီလူပဲ…” ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်ကာ သူမက ဘယ်လက်ကို ရှေ့သို့ ညွှန်လိုက်၏။
“အစိမ်းရောင်မိစ္ဆာတပ်သား အုပ်စုငါးဆယ်။ အဲ့လူကို သွားသတ်ကြ…”
ထိုသို့ ပြောလိုက်သည်နှင့် သူမဘေးရှိ ကျင့်ကြံသူ တစ်ထောင်မှ တစ်ဝက်ကျော်သည် ရှေ့သို့ ခြေလှမ်းကာ ပျောက်ကွယ်သွားချေသည်။
ထိုအမျိုးသမီး၏ သံလိုက်အိမ်မြှောင်အတွင်း၌ အစိမ်းရောင်အစက်အပြောက်များစွာ ဝမ်လင်း၏ ပတ်ပတ်လည်တွင် ပေါ်လာကာ သူ့ကို ဝန်းရံကြလေသည်။
ဝမ်လင်းကမူ ရေအနှစ်သာရကို မြန်ဆန်စွာ စုပ်ယူနေပြီး သူ၏ခန္ဓာကိုယ်ကလည်း အလျင်အမြန် ပြန်ကောင်းမွန်လာနေ၏။ သူ့ သွေ့ခြောက်နေသောလက်တို့က အလျင်အမြန် ပြန်ကောင်းမွန်လာကာ သူ၏သွေးတို့မှာလည်း အသက်ဓာတ် ပြန်ရလာသည့်နှယ် စတင်ရွှေ့လျားကုန်သည်။
သူ၏ဦးခေါင်း၊ ခန္ဓာကိုယ်၊ ဆံပင်တို့မှာ ဆက်လက် သွေ့ခြောက်နေခြင်း မရှိတော့၊ သူက အနက်ရောင်ပင်လယ်ရေကို အဆက်မပြတ် စုပ်ယူနေ၏။
ရေအနှစ်သာရ၏ ကိုးခုမြောက်စက်ဝန်းက ဝမ်လင်း ပင်လယ်နက်ရေတို့ကို စုပ်ယူပြီး ၎င်းစက်ဝန်းထံ စွမ်းအားအသစ်ကို ထည့်သွင်းပေးသည့်နောက် နောက်တဖန် စတင် လှုပ်ရှားလာချေသည်။
ထိုအမြန်နှုန်းက အတော့်ကို မြန်သည်။ သည်ပင်လယ်ရှိ ပင်လယ်ရေမျက်နှာပြင်မှာ မြန်ဆန်လွန်းစွာ လျှော့ကျလာ၏။ ဝမ်လင်း၏ ရေအနှစ်သာရ၏ ကိုးခုမြောက်စက်ဝန်းမှာ အလျင်အမြန် ပြီးပြည့်စုံလာချေသည်။
ကိုးခုမြောက်စက်ဝန်း ပြီးမြောက်သွားခိုက်၌ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏ခန္ဓာကိုယ်မှာ ဆက်လက် သွေ့ခြောက်နေခြင်း မရှိတော့ လုံးဝ ပြန်ကောင်းမွန်လာခဲ့လေပြီ။
သူ ပြန်ကောင်းမွန်လာသည်နှင့် သူ့ရှစ်ခုမြောက်အနှစ်သာရက သူ့ခန္ဓာကိုယ်တွင် ပေါ်လာ၏။ ၎င်းမှာ ရေအနှစ်သာရပင်။
ထိုရေအနှစ်သာရ ဖြစ်ပေါ်လာခြင်းက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို ရုတ်တရက် တိုးတက်လာစေသည်။ သူ့ထံမှ အစွမ်းထက်အော်ရာတစ်ခု ပျံ့လွင့်လာ၏။ ၎င်းမှာ သူ့အစစ်အမှန် ကျင့်ကြံခြင်း၊ စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့် ဖြစ်လေ၏။
သည်အခိုက်တွင် သူ၏အော်ရာက အရူးအမူး တိုးတက်လာကာ အဆင့်ချိုးဖျက်ချေသည်။
ထိုအခါ သူ၏ အော်ရာမှာ စိတ်ဝိညာဉ်လေဟာနယ် အထွတ်အထိပ်အဆင့်သို့ ရောက်လာပြီး ဆန်းကြယ်လေဟာနယ်အဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။
တချိန်တည်းမှာ ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ တစီစီအသံများ ပဲ့တင်ထပ်နေ၏။ သူ၏မျက်လုံးထံမှ ရေသလင်းကဲ့သို့ အလင်းဓာတ် လှစ်ဟပေါ်နေသည်။
“ရေအနှစ်သာရ၊ ငါ့ခန္ဓာကိုယ်ထဲက သွေးအဖြစ် သိပ်သည်းစေ၊ ခုချိန်ကစပြီး ငါ့သွေးဟာ ရေအနှစ်သာရ ဖြစ်လာစေမယ်…”