← Chapters

ဝိညာဉ်မြစ်ရေမတည်မငြိမ်ဖြစ်ခြင်း

Vol. 7 Ch. 646

ဝိညာဉ်မြစ်ရေမတည်မငြိမ်ဖြစ်ခြင်း

Vol. 7 Ch. 646

ဆန်းလျန်သည် သူပြောနေသည့် စကားများကို အမြန်ပင် အဆုံးသတ်လိုက်လေသည်။

ဤကျင့်ကြံသူများသည် လက်ရှိလောကတွင် နှစ်ပေါင်းထောင်နှင့်ချီပြီး ကြာအောင် နေထိုင်ခဲ့ကြသူများ ဖြစ်လေသည်။ သူတို့သည် ဆန်းလျန်စကားကို သံသယ မဝင်ကြသည့်တိုင် လက်ရှိလောကမှ သူတို့၏ အောင်မြင်မှုများ အားလုံးကို စွန့်လွှတ်ပြီး သူတို့မသိသည့် အခြားသော လောကတစ်ခုကို သွားရောက်ရန်အတွက် ဆုံးဖြတ်ချက်ချရန် အချိန်လိုမည် ဖြစ်လေသည်။

သို့သော်... ဤလောကတွင် ကျင့်ကြံခြင်းမှာ အကန့်အသတ်ရှိသည်ကို သူတို့သိခဲ့ကြပြီ ဖြစ်လေသည်။ လောကကို မကျော်လွန်သေးသရွေ့ လက်ရှိလောကတွင် သူတို့သည် ချန်ကျင်းချင်ရောက်ရှိသည့် အဆင့်ထိသာ ကျင့်ကြံနိုင်မည် ဖြစ်လေသည်။

ထို့ပြင်... နတ်ဘုရားများ အနေဖြင့်လည်း မိုးကောင်းကင် အစစ်ဆေးခံရခြင်း များစွာကို ရင်ဆိုင်ရလေ့ ရှိလေသည်။

သူတို့အတွက် အဓိက တာအိုအစစ်ဆေးခံရခြင်း (၃) ခုကို ရင်ဆိုင်ပြီးလျှင်တောင်မှ မဆုံးနိုင်သော အခြား အစစ်ဆေးခံရမှုများက စောင့်ကြိုနေသေးသည်။ ထိုအစစ်ဆေး ခံရခြင်းများသည် အလွန်မှ ရင်ဆိုင်ရန် ခက်ခဲလေသည်။

သူတို့သည် ကျင့်စဉ်လမ်းသည် တိုးတက်မလာပါက အစစ်ဆေးခံရမှုများကို မည်သို့မှ ကျော်လွန်နိုင်မည် မဟုတ်ပေ။ တာအိုကျင့်ကြံသူ တစ်ယောက်သည် ကျင့်စဉ်လမ်းအဆင့် တက်ရန် အချိန်ကြာလေလေ ဘေးဒုက္ခရောက်ဖို့က ရာနှုန်းများလေလေ ဖြစ်လေသည်။

ဤသည်မှာ မိုးမြေနိယာမပင် ဖြစ်လေသည်။ လောကတွင် နတ်ဘုရား အရေအတွက် များပြားလာပါက စကြဝဠာ၏ ဟန်ချက်ညီမှုကို ထိခိုက်မည်ဖြစ်လေသည်။

ဆန်းလျန်သည် အထပ်ထပ်အခါခါ စဉ်းစားပြီးပြီ ဖြစ်လေသည်။

ထို့ပြင် သူနှင့် လုကျိုးယွမ်သည်လည်း သဘောတူညီမှု ရရှိခဲ့လေသည်။ ထို့ကြောင့် အသူရာချောက်တွင် ကတိထားခဲ့သည့်အတိုင်း အောင်မြင်ရန်မှာ ယခုကဲ့သို့ အခွင့်အရေးတစ်ခုသာ ရှိလေသည်။

အမှန်တကယ်သာ အကူအညီလိုအပ်ခြင်းမရှိခဲ့ပါလျှင် ဆန်းလျန်သည် ဤလောကမှ နတ်ဘုရားများကို ယခုကဲ့သို့ ခေါ်ထုတ်မည် မဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းက လုကျိုးယွမ်ကို မကျေမနပ် ဖြစ်စေသည်ကတော့ အမှန်ပင် ဖြစ်လေသည်။

ဆန်းလျန်သည် မျက်လုံးများကို အသာမှိတ်ထားပြီး စကြဝဠာကို လှည့်လည် အာရုံပြုနေလေသည်။

အခြားသော လောကနတ်ဘုရားများကလည်း စဉ်းစားရန်အတွက် အချိန်ယူနေကြလေသည်။

ထိုအချိန်မှာပင် လေထုထဲမှ လှုပ်ရှားမှုတစ်ခုသည် ဆန်းလျန်၏ စိတ်အာရုံတွင် လာရောက် ရိုက်ခတ်လေသည်။

ကျီဖူတောင်နှင့် ထိုက်ယီတောင်ကြားတွင် စီးဆင်းနေသည့် ဝိညာဉ်မြစ်သည် ဆန်းလျန်၏ စိတ်အာရုံကို လာရောက် ရိုက်ခတ်သည်အထိ စွမ်းအားများကို ထုတ်လွှတ်နေခဲ့လေသည်။

ဆန်းလျန်သည် ထိုသို့ဖြစ်ရသည့် ဇာစ်မြစ်ကို ချက်ချင်း အာရုံခံလိုက်လေသည်။

ထိုအခါ အသူရာချောက်ဆီမှ မိုးထိအောင် မြင့်မားသည့် သစ်ပင်ကြီးတစ်ပင် ပေါက်ရောက်နေသည်ကို တွေ့မြင် လိုက်ရလေသည်။

ထိုသစ်ပင်၏ အမြစ်များသည် အသူရာချောက်တွင် ကုပ်တွယ်ထားပြီး လေထဲသို့ အဆုံးမရှိ မြင့်တက်နေလေသည်။

ထိုအချိန်တွင် သစ်ပင်ကြီးအောက်တွင် ရက်စက်ကြမ်းတမ်းဟန် ရှိသည့် နွားရိုင်းကြီး တစ်ကောင်သည် နူးညံ့ဟန်ရှိသည့် ငှက်တစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေကြလေသည်။

သူတို့မှာ နွားရိုင်းဘုရင်ကြီးနှင့် တောင်သခင်ကွေလိတို့ပင် ဖြစ်လေသည်။

သူတို့တိုက်ခိုက်နေကြသည့် အချိန်တွင်ပင် အကြောင်းပြချက်မရှိဘဲ ထိုဧရာမသစ်ပင်ကြီး ပေါ်ထွက်လာခြင်း ဖြစ်လေသည်။ ထိုသစ်ပင်ကြီးသည် ဒဏ္ဍာရီထဲမှ ကမ္ဘာ့သစ်ပင်နှင့် ဆက်စပ်နေသည်ဟု ဆန်းလျန်က မှန်းဆလိုက်မိလေသည်။

ထိုသို့သော အဖြစ်အပျက် ဖြစ်လာသည်နှင့် ဆန်းလျန်သည် ဆက်ပြီး ထိုင်မနေနိုင်တော့ပေ။ ထို့ကြောင့် သူ၏ စိတ်အာရုံများကို ရုပ်ခန္ဓာနှင့် ပြန်လည် ပေါင်းစည်းလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်လေသည်။

"မိတ်ဆွေတို့ …. အပြင်မှာ တစ်ခုခုဖြစ်နေပြီ၊ ဒါကြောင့် စိတ်မဝင်စားဘူး ဆိုရင်တော့ ပြန်နိုင်ပါပြီ…”

ဖားဟိုင်ဆရာတော်က…

“အခု ဘာတွေဖြစ်နေလို့လဲ၊ အတူတူ သွားကြည့်ကြမယ်လေ၊ မိုးပြိုကျမယ် ဆိုရင်တောင်မှ ကျုပ်တို့က ဆန်းကျန်းရန် နတ်ဘုရားကို နည်းနည်းပါးပါး လောက်တော့ ကူညီပေးနိုင်ပါတယ်”

အားလုံးက သဘောတူ လိုက်ကြလေသည်။

သူတို့အားလုံးသည် မိုးနှင့်မြေတွင် ထိပ်တန်းအဆင့် နတ်ဘုရားများ ဖြစ်ကြသည် မဟုတ်ပါလား။ သူတို့အားလုံး၏ တန်ခိုးစွမ်းအားနှင့် ဆန်းလျန်၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်လိုက်မည် ဆိုလျှင် လောကတွင် မည်သည့်အရာကိုမှ ကြောက်စရာမလိုပေ။

ဆန်းလျန်က…

“ဒါဖြင့်လည်း ကောင်းပြီလေ၊ ကျုပ် အားမနာတော့ဘူးနော်”

မကြာခင်မှာပင် ခန်းမကြီး တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ဖန်ဆင်းထားသည့် ကျောင်းတော်ကြီးသည် တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားအဖြစ် ပြောင်းလဲသွားလေသည်။ ပန်းချီကား အရွယ်အစားမှာ ပေထောင်ပေါင်းများစွာ ရှည်လျားပြီး ကော်စောပျံတစ်ချပ် အလား သူတို့အားလုံးကို သယ်ဆောင် သွားလေသည်။

ထိုအချိန်တွင်….

ချင်းရွှမ်တောင်ကို ဖြတ်သန်း စီးဆင်းနေသည့် ဝိညာဉ်မြစ်ရေမှာ မြင့်တက်လာလေသည်။

မြစ်ရေလျှံနေပြီဖြစ်ပြီး ချန်ကျင်းချင်သည် မတော်တဆ မြစ်ရေထဲသို့ ကျသွားကြသည့် ကျင့်ကြံသူများကို တန်ခိုးစွမ်းအားများ အသုံးပြုကာ ကယ်တင် ပေးနေခဲ့လေသည်။

ထိုအချင်းအရာကို မြင်သည်နှင့် ဖားဟိုင်ဆရာတော်က…

“မိတ်ဆွေလေးချန်… ကျုပ်ကူညီပေးမယ်”

ထို့နောက် ဖားဟိုင်ဆရာတော် သူ၏ ဝတ်ရုံစတစ်စကို ဝိညာဉ်မြစ်ပေါ်သို့ ပစ်လွှတ်လိုက်လေသည်။ ထိုအခါ အဝါရောင် မြစ်ရေများသည် ရပ်တန့် သွားလေတော့သည်။

ဖားဟိုင်ဆရာတော်၏ မျက်နှာတွင် သွေးရောင်များ လွှမ်းလာလေသည်။ ဝိညာဉ်မြစ်ရေသည် အကြောင်းပြချက်မရှိဘဲ လေးလံလာလေသည်။ မြစ်ရေသည် ယိယွမ်ချုန်းစွေ၏ အနှစ်သာရနှင့်ပင် ယှဉ်ပြိုင်နိုင်မည့်အလား ဖြစ်လေသည်။ မြစ်ရေကို ဖိနှိပ်ထားရန်အတွက် ဖားဟိုင်ဆရာတော်သည် သူ၏ တန်ခိုးစွမ်းအားများ အားလုံးကို အသုံးပြုခဲ့ရလေသည်။

တာအိုဆရာ တစ်ယောက်က ရယ်မောလိုက်ရင်း…

“ဖားဟိုင်ဆရာတော်၊ ကျုပ် လုန်ချွမ်ကျီ ဆရာတော်ကို ကူညီပါ့မယ်”

ပြောပြီးသည်နှင့် တာအိုဆရာသည် ဝတ်ရုံစဖြင့် ဖုံးအုပ်ထားရာ နေရာဆီသို့ လက်နှစ်ချောင်း ထိုးညွှန်လိုက်လေသည်။ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ဝတ်ရုံစကို အလင်းတန်းက ဖိနှိပ်ထားလိုက်လေသည်။

ဆန်းလျန်က သူတို့ (၂)ယောက်ကို ခေါင်းညိတ်ပြလိုက်ရင်း…

“ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့….”

ထိုအချိန်မှာပင် လူအုပ်အတွင်းမှ ဖန်ပုလင်းတစ်လုံးကို ကိုင်ဆောင်ထားသည့် သီလရှင်တစ်ပါး ထွက်လာလေသည်။

“ဒီဝိညာဉ်မြစ်ရေတွေကို သန့်စင်ပစ်ဖို့ ကျွန်မကူညီပါရစေ ဆန်းကျန်းရန် နတ်ဘုရား”

အမှန်တော့ လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို ဆန်းလျန်ဖြေရှင်းနိုင်ပါသည်။

သို့သော်… ကျိကျိုက် ဝတ်ကျောင်းတော်မှ ကျောင်းထိုင်သီလရှင် ဆရာလေးဖြစ်သည့် ကျိုးနန်ဆရာလေးက ကူညီချင်နေသည့် အတွက် သူ့အနေဖြင့် ငြင်းမနေတော့ပေ။

“ကျေးဇူးတင်ပါတယ်”

ဆန်းလျန်က ပြုံးပြီး ပြောလိုက်လေသည်။

ကျိုးနန်ဆရာလေးက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း….

“အားနာစရာ မလိုပါဘူး ဆန်းကျန်းရန် နတ်ဘုရား၊ ရှင်နဲ့ ကျွန်မရဲ့ ဆရာဒေါ်လေးချီးရှိုးနဲ့က မိတ်ဆွေဟောင်းတွေပဲကိုး … ”

သူမသည် ပြောနေရင်းနှင့် ဖန်ပုလင်းလေးထဲမှ ရေများကို အောက်သို့ လောင်းချလိုက်လေသည်။

ထိုအခါ ဝိညာဉ်စွမ်းအား မိုးစက်များ ရွာသွန်းလာပြီး ဝိညာဉ်မြစ်ရေ၏ မကောင်းသည့် အငွေ့အသက်များ အားလုံး ပျောက်ကွယ် သွားရလေသည်။ ဝိညာဉ်မြစ်ရေကြောင့် ဒဏ်ရာရကာ နာကျင်ခံစားခဲ့ကြရသည့် ကျင့်ကြံသူများပင်လျှင် ချက်ချင်းပြန်လည် သက်သာကောင်းမွန် လာကြလေသည်။

ဖားဟိုင်ဆရာတော်နှင့် တာအိုဆရာ လုန်ချွမ်ကျီတို့၏ ကူညီမှုကြောင့် ချန်ကျင်းချင်သည် ဝိညာဉ်မြစ်ရေထဲတွင် နစ်မြုပ်သွားကြသည့် တာအိုကျင့်ကြံသူများကို ကယ်တင်နိုင်ခဲ့လေသည်။

ထို့နောက် သူက ဆန်းလျန်ရှိရာသို့ ရောက်လာပြီး…

“ဆရာ ဘာလို့ ဒီလိုဖြစ်ရတာလဲ”

ဆန်းလျန်က…

“ကျုပ်လည်း အခြေအနေကို ရှင်းရှင်းလင်းလင်း မသိသေးဘူး၊ ရှေ့ကိုနည်းနည်းလောက် သွားကြည့်မှရမယ်”

ချန်ကျင်းချင်က…

“ဝိညာဉ်မြစ်ရေ မတည်မငြိမ် စပြီးဖြစ်လာကတည်းက ဂိုဏ်းတူအစ်မ ဖန်းယန်ယင်းက စုံစမ်းဖို့ ထွက်သွားပါတယ်၊ ဒါပေမဲ့ သူ့ဆီက ဘာသတင်းမှ မကြားရသေးပါဘူး”

ဆန်းလျန်က…

“ယန်ယင်းဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်၊ ကဲ… ကျုပ်တို့ အတူတူ သွားကြရအောင်”

တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ  ပန်းချီကားသည် လူများကို သယ်ဆောင်ကာ ဝိညာဉ်မြစ် အထက်ပိုင်းသို့ ရောက်ရှိလာလေသည်။ မြစ်အထက်ပိုင်းတွင် အဝါရောင်မြစ်ရေများ မြင့်တက်နေပြီး ဆန်းလျန်က မြစ်ရေများကို တန်ခိုး စွမ်းအားဖြင့် တားဆီးထားလိုက်လေသည်။

ဆန်းလျန်က…

“ဖားဟိုင်ဆရာတော်နဲ့ မိတ်ဆွေ လုန်ချွမ်ကျီ၊ မိတ်ဆွေတို့ရဲ့ တန်ခိုးစွမ်းအားတွေကို ရုပ်သိမ်းလိုက်ပါ၊ ဒီကိစ္စကို ကျုပ်လုပ်လိုက်ပါ့မယ်”

ဖားဟိုင်ဆရာတော်သည် ထိုအခါမှ စိတ်သက်သာရာရသွားပြီး သူ၏ဝတ်ရုံစကို ပြန်ရုပ်သိမ်းလိုက်လေသည်။

ကျီဖူတောင်နှင့် ထိုက်ယီတောင်သည် ချက်ချင်းပင် ပေါင်းစပ်သွားပြီး ဝိညာဉ်မြစ်ကို လုံးဝ ပိတ်ဆို့ ထားလိုက်လေတော့သည်။

ထို့ကြောင့် သူတို့ စီးနင်းလာသည့် ပန်းချီကားသည် တောင် (၂)လုံးကို ကွေ့ပတ်သွားရန် လိုအပ်လေသည်။

အခြားသူများသည် ဆန်းလျန်၏ တောင်နှင့် သမုဒ္ဒရများကိုပင် ရွှေ့ပြောင်းနိုင်သည့် တန်ခိုးစွမ်းအားများကို အလွန်ပင် လေးစား သွားကြလေသည်။ ထိုသို့သော တန်ခိုးစွမ်းအားကို အေးအေးဆေးဆေးပင် ဖော်ထုတ်သွားနိုင်သည်မှာ အလွန်ထူးဆန်းလေသည်။

ထို့နောက်… သူတို့သည် ရှည်လျားပြီး နက်ရှိုင်းသည့် ဥမင်တစ်ခုကို ဖြတ်ကျော်ခဲ့ကြလေသည်။ ထို့နောက် သူတို့သည် ဝိညာဉ်မြစ်ပေါ်သို့ ရောက်ရှိလာကြလေသည်။

ထိုနေရာသည် အခြား လောကတစ်ခုကဲ့သို့ ဖြစ်နေပြီး အဆုံးမရှိသော အဝါရောင် ဝိညာဉ်မြစ်ရေများဖြင့် ဝန်းရံထားလေသည်။

ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည့် ဟုန်ယွမ်ဆရာတော်က.....

"ဒီနေရာက ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းရဲ့ နေရာမဟုတ်လား"

သူက ထိုမေးခွန်းကို မေးလိုက်သည်နှင့် အခြားသောသူများ၏ မျက်နှာအမူအရာများက ထူးဆန်း သွားကြလေသည်။ ချင်းရွှမ်နတ်တံခါး၏ ဝိညာဉ်မြစ်သည် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းနှင့် ဆက်စပ် ပတ်သက်နေသည် မဟုတ်ပါလား။

ဇင်ဗုဒ္ဓဘာသာ ဂိုဏ်းတည်ရှိရာ ရှောင်လေယင်း ကျောင်းတောင်သည် ယင်းစန်းတောင်တွင် တည်ရှိလေသည်။

ထိုနေရာသည် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း တည်ရှိရာနေရာ ဖြစ်လေသည်။ ထို့ကြောင့် ဟုန်ယွမ်ဆရာတော် အနေဖြင့် သူနှင့်နီးစပ်သည့် အရာကို မှားယွင်းပြောဆိုသည်မှာ မဖြစ်နိုင်ပေ။

ကျင့်ကြံသူများမှာ ချင်းရွှမ်နတ်တံခါး၏ လျှို့ဝှက်ချက်တစ်ခုကို မတော်တဆ တွေ့ရှိခြင်းလေလား သို့မဟုတ် ဆန်းကျန်းရန်နတ်ဘုရား၏ တခြား အကြံအစည်လေလား မဝေခွဲနိုင် ဖြစ်နေကြလေသည်။

ဆန်းလျန်ကိုယ်တိုင် သည်လည်း အနည်းငယ် အံ့အားသင့်မိ သွားသည့်တိုင် ယခင်ကပင် ထိုကဲ့သို့သော အတွေးမျိုး ရှိခဲ့ဖူးသည့်အတွက်  အလွန်အမင်း အံ့သြ တုန်လှုပ် သွားခြင်းမျိုးတော့ မဖြစ်မိပေ။

ယခုတော့ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းနှင့် ချင်းရွှမ်နတ်တံခါးသည် တစ်စုံတစ်ခု ဆက်နွှယ်မှုရှိသည်ကို ဆန်းလျန်အနေဖြင့် အတည်ပြုလိုက်နိုင်ပြီ ဖြစ်လေသည်။

သို့သော်… ဆန်းလျန်သည် ယခင်ကလည်း ဝိညာဉ်မြစ်ရေထဲတွင် ကျင်လည်ခဲ့ဖူးသူ တစ်ယောက် ဖြစ်လေရာ ယခုကဲ့သို့ ဥမင်တည်ရှိသည်ကိုတော့ တစ်ခါမှ သိရှိခဲ့ခြင်း မရှိပေ။

ထိုဥမင်သည် ရှာဖွေမတွေ့နိုင်ရန် ဖုံးကွယ်ထားသည့် နေရာတစ်ခုလည်း ဖြစ်နိုင်လေသည်။

ယနေ့တွင် ဝိညာဉ်မြစ်ရေ မတည်မငြိမ် ဖြစ်လာသည့်အတွက် ဥမင်ကို ဖုံးကွယ်ထားသည့် အရန်အတား ကျိုးပျက်သွားသည်လား မပြောတတ်ပေ။

ထိုကိစ္စများနှင့်ပတ်သက်လျှင် ရဲ့လျိုယွင်က ပိုပြီး သိရှိနိုင်မည် ဖြစ်လေသည်။

သို့သော်... ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းနှင့် အတူ ရဲ့လျိုယွင် ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

***

All Chapters