အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
အခန်း(၁၂၁)
အလင်းတန်း(၂၈)ခု၊ စုစုပေါင်း ဓားချီအလင်းတန်း(၂၈)ခုက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။
ဓားချီအလင်းတန်းများသည် မိုးမြေ၏ အန္တရာယ်အရှိန်အဝါမှ ဖွဲ့စည်းသွားဟန် ရ၏။ ပမာဏအလွန်များပြားသော အန္တရာယ်အရှိန်အဝါသည် သတ်ဖြတ်ပွဲများ ဖြစ်ပေါ်နေသော တိုက်ပွဲမြေပြင်ထံမှ ထွက်ပေါ်လာနေသည်။ ယင်းက အနက်ရောင်အခိုးအငွေ့(၂၈)မျှင်အဖြစ် ခွဲထွက်သွားကြပြီး ဓားချီအလင်းတန်းများထဲသို့ ရူးသွပ်စွာ စီးဆင်းသွားကြသည်။ အန္တရာယ်အရှိန်အဝါက ဓားချီနှင့် အတူတကွ ပေါင်းစပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဓားချီအလင်းတန်း(၂၈)ခုက ကောင်းကင်ကို ထောက်ပံ့ထားသော ဧရာမတိုင်လုံးများသဖွယ် ပြောင်းလဲသွားကြသည်။
ဓားချီအလင်းတိုင်လုံးတစ်ခုစီက တောင်ထိပ်တစ်ခုနှင့် ဆင်တူပြီး အနိမ့်ဆုံး မီတာသုံးဆယ်မြင့်မားသည်။ လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများက အနက်ရောင်ဓားချီတိုင်လုံးများ၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ဓားချီအလင်းတိုင်လုံး(၂၈)ခုက မြေကြီးပေါ်မှာ တန်းမတ်စွာ ထောင်မတ်နေကြစဉ် ယင်းတို့ကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ရှိနေဟန် ရ၏။ ယင်းတို့က အလွန်ကျယ်ပြောသော ဧရိယာကို ဝိုင်းရံထားကြသည်။ ဤသည်မှာ ဧရိယာက အကျဉ်းချခံလိုက်ရသည့်အလားပင်။
“ ဗုန်း ဗုန်း ဗုန်း ”
ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားပြီး အရပ်ရှစ်မျက်နှာထံမှ မြန်ဆန်စွာ စုဝေးရောက်ရှိလာသည်။ မကြာမီ မိုးထိတောင်၏ ကောင်းကင်ယံတွင် အရွယ်အစားကြီးမားသော ဝိညာဉ်စွမ်းအားဝဲကတော့တစ်ခု ဖွဲ့စည်းသွားသည်။ ပမာဏများပြားသော ဝိညာဉ်စွမ်းအားက အပျက်အစီးဓားများထဲသို့ မြန်ဆန်စွာ စီးဆင်းသွားသည်။ ယင်းက အပျက်အစီးဓားများကို ပိုပြီးဒြပ်ထည်ရှိလာစေသည်။ ဤသည်မှာ ယင်းတို့က စစ်မှန်သော တိုက်ပွဲဓားများ ဖြစ်လာသည့်အလားပင်။
မရေမတွက်နိုင်သော ဓားချီအလင်းတန်းများက အပျက်အစီးဓားများကို ဝန်းရံထားပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ ဓားချီအလင်းတန်းများက အရာအားလုံးကို ထိမှန်သွားကြပြီး ဖျက်ဆီးပစ်လိုက်ကြသည်။
ရှေးဟောင်းသစ်ပင်ကြီးများက ဓားချီအလင်းတန်းရာထောင်ချီ၏ တိုက်ခိုက်မှုအောက်မှာ ချက်ချင်း ဖုန်မှုန့်ဖြစ်သွားကြသည်။ ထိုသို့စွမ်းအားက အလွန်အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသည်။
“ ဟား ဟား ဟား… အားလုံး မြန်မြန် ကြည့်ကြစမ်း… လီမိသားစု စလှုပ်ရှားပြီ… ပထမတန်းစား ကျင့်ကြံခြင်းမိသားစုလို့ မျှော်လင့်ထားသလိုပါလား… သူတို့ရဲ့ တိုက်ခိုက်မှုက တကယ်အံ့ဖွယ်ပဲ ”
“ အရှိန်အဝါကို ကြည့်ရတာတော့ အဲ့ဒါက အစွမ်းထက်ဝင်္ကပါတစ်ခု ဖြစ်ရမယ်… အဲ့ဒါက မိစ္ဆာသားရဲတွေကို အပိုင်းပိုင်း ခုတ်ပိုင်းပစ်နိုင်မလား ကြည့်ရအောင်… မိစ္ဆာသားရဲတွေက ဘယ်လိုလုပ် ငါတို့ကျင့်ကြံသူတွေကို အနိုင်ယူနိုင်မှာလဲ ”
“ သတ်… သူတို့အားလုံးကို သတ်ပစ်… မိစ္ဆာသားရဲရဲ့ ခန္ဓာကိုယ်က ရတနာတွေချည်းပဲ ”
အသက်ရှင်ကျန်ရစ်ကြသော ကျင့်ကြံသူများက ဤအခိုက်အတန့်မှာ စိတ်လှုပ်ရှားသွားကြသည်။ သူတို့တစ်ယောက်စီက ကောင်းကင်ပေါ်သို့ ပျံတတ်သွားနေသော အပျက်အစီးဓားများကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။ သူတို့အားလုံး၏ မျက်လုံးက ဝင်းလက်တောက်ပနေသည်။ သူတို့က နှလုံးသားထဲမှာ ဝမ်းသာစွာ အော်ဟစ်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် သူတို့အသက်ရှင်နိုင်ပြီ။ အသက်ကပ်ဘေးမှ လွတ်မြောက်သွားသော ခံစားမှုက အလွန်ဝမ်းမြောက်စရာကောင်း၏။
“ ဓားတစ်သောင်းမိစ္ဆာနှိမ်နင်းဝင်္ကပါ… မကောင်းတော့ဘူး… အဲ့ဒါ ဝင်္ကပါ… ဒီကျင့်ကြံသူတွေက ဝင်္ကပါကို အစကတည်းက ကြိုခင်းကျင်းထားတာပဲ… သူတို့က ဒီနေရာမှာ ဝင်္ကပါခင်းကျင်းပြီး တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲအားလုံးကို တစ်ချက်တည်း အပြတ်ရှင်းပစ်ချင်နေတာပဲ ”
အပျက်အစီးဓားများထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား ကိန်းအောင်းနေကြောင်း ခေါင်းသုံးလုံးရွှေခြင်္သေ့ မြင်သွားသောအခါ သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူက အလန့်တကြား အော်ပြောလိုက်သည်။
“ ဟွန့်… ရွှေခြင်္သေ့… မင်းက ဘာကို ကြောက်နေတာလဲ… ဝင်္ကပါဖြစ်တော့ရော ဘာဖြစ်လဲ… ငါကင်းကောင်က အဲ့ဒီဝင်္ကပါစုတ်ကို လက်တစ်ဖက်တည်းနဲ့ အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်မယ် ”
အနက်ရောင်မျောက်ဝံဘုရင်က ယခင်အတိုင်း စိတ်ဓာတ်တတ်ကြွနေဆဲပင်။ သူက ပါးစပ်ဟလိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ သူက ဝင်္ကပါကို လုံးဝ အရေးမစိုက်ပေ။
သို့သော်လည်း မဒူဆာသည် ဘေးပတ်ဝန်းကျင်မှ ဓားချီအလင်းတိုင်လုံးများကို မြင်သွားသောအခါ သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက အေးစက်စက် အော်ပြောလိုက်သည်။
“ မြန်မြန်… အဲ့ဒီဓားချီအလင်းတိုင်လုံးတွေကို ဖျက်ဆီးပစ်… ဝင်္ကပါတွေက မိုးမြေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဆက်စပ်နေပြီး အံ့ဖွယ်ကောင်းတဲ့ မှော်စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတယ်… ဒီဓားတစ်သောင်းမိစ္ဆာနှိမ်နင်းဝင်္ကပါက သတ်ဖြတ်ခြင်းဝင်္ကပါ… ဝင်္ကပါအသက်မဝင်ခင် အဲ့ဒါကို ငါတို့ချိုးဖြတ်ပစ်ရမယ်… မဟုတ်ရင် ငါတို့အားလုံးဆီ အန္တရာယ်ကျရောက်လာလိမ့်မယ် ”
ဝင်္ကပါများသည် မိုးမြေစွမ်းအားနှင့် ချိတ်ဆက်နိုင်သော အံ့ဖွယ်နည်းလမ်းများ ဖြစ်ကြသည်။ မည်သည့်ဝင်္ကပါမဆို မိုးမြေနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီး အံ့ဖွယ်ကောင်းသော မှော်စွမ်းရည်များကို ထုတ်လွှတ်နိုင်ကြသည်။
ဥပမာ မြူခိုးဝင်္ကပါဆိုလျှင် သက်ရှိများ၏ အမြင်အာရုံကို ဖုံးကွယ်နိုင်သော မြူခိုးကို ထုတ်လွှတ်ပေးနိုင်၏။ သာမန်လူများသည် မြူခိုးဝင်္ကပါထဲမှာ ပိတ်မိသွားလျှင် အလွယ်တကူ အပြင်ပြန်ထွက်နိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် ဝင်္ကပါများသည် မိုးမြေစွမ်းအားနှင့် ချိတ်ဆက်ပြီးနောက် မူလစွမ်းအားထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုပြီးအားကောင်းသော စွမ်းအားကို ထုတ်လွှတ်ပေးနိုင်ကြသည်။ ဝင်္ကပါပညာရှင်တစ်ယောက်သည် စစ်သည်တော်ထောင်သောင်းချီအား ရပ်တန့်နိုင်သော ဝင်္ကပါတစ်ခုကို ဖန်တီးနိုင်ပြီး ကျင့်ကြံသူရာထောင်ချီကို သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုဖြင့် တစ်ခါတည်း အပြတ်ရှင်းပစ်နိုင်သည်။ သူတို့က ဝင်္ကပါစွမ်းအားပေါ် မူတည်၍ အံ့ဖွယ်ကောင်းသော မှော်စွမ်းရည်များကို ထုတ်လွှတ်နိုင်ကြသည်။
ဝင်္ကပါအမျိုးမျိုးရှိသကဲ့သို့ ဝင်္ကပါများ၏ မှော်စွမ်းရည်များသည်လည်း အမျိုးမျိုးရှိကြသည်။ ယင်းတို့က မရေမတွက်နိုင်အောင် အလွန်များပြားလှသည်။
“ ရှဲ… ရှဲ ”
မဒူဆာသည် စကားဆုံးသည်နှင့် သူ၏ ဦးခေါင်းကို လွှဲယမ်းလိုက်သည်။ သူ၏ မြွေဆံပင်များက လှုပ်ယမ်းသွားသည်။ နောက်အခိုက်အတန့်မှာ ဧရာမမြွေတချို့က ဓားချီအလင်းတိုင်လုံးတစ်ခုဆီသို့ ပျံသန်းသွားကြသည်။ သူတို့က ထိုအလင်းတိုင်လုံးကို ဖျက်ဆီးပစ်ချင်ကြသည်။
“ ဟွန့်… အရမ်းနောက်ကျသွားပြီ… လီမိသားစုရဲ့ တပည့်တွေ နားထောင်ကြ… ဓားဝင်္ကပါကို အသက်သွင်းပြီး အဲ့ဒီမိစ္ဆာကျားကို အမြန်သတ်ပစ်ကြ ”
စတုတ္ထအကြီးအကဲက အော်ပြောလိုက်သည်။ ရက်စက်ကြမ်းကြုတ်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဝီး ဝီး ဝီး… ”
ဓားချီအလင်းတိုင်လုံးအားလုံးက ကျယ်လောင်သော မြည်သံကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။ အနက်ရောင်ဓားချီတစ်သောင်းက ဓားချီအလင်းတိုင်လုံးများထဲမှ အဆက်မပြတ် ပေါ်လျှိုးလာကြပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဝင်္ကပါဧရိယာတစ်ခုလုံးကို ဓားချီများက ဖုံးလွှမ်းသွားသည်။ ဧရာမမြွေများသည် ဓားချီများ၏ တိုက်ခိုက်မှုအောက်မှာ အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ကြရသည်။
“ ဓားတစ်သောင်းမိစ္ဆာနှိမ်နင်းဝင်္ကပါ ”
ဓားချီသည် ချက်ချင်း မဆင်းသက်လာပေ။ ယင်းအစား ဓားချီများက ဝင်္ကပါ၏ အပေါ်မှ ကောင်းကင်ယံမှာ အချင်းချင်း ယှက်ထွေသွားကြသည်။ ထိုဓားချီများသည် အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းတို့က ဝင်္ကပါ၏ အံ့ဖွယ်မှော်စွမ်းရည်အောက်မှာ သုံးပေရှည်လျားသော နတ်ဆိုးဓားများအဖြစ် မြန်ဆန်စွာ ဖွဲ့စည်းသွားကြသည်။
နတ်ဆိုးဓားများသည် မင်ရည်ကဲ့သို့ အလွန်နက်မှောင်ပြီး ဓားတစ်လက်စီက ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီကို ထုတ်လွှတ်နေကြသည်။ ယင်းတို့၏ သတ်ဖြတ်ခြင်းအရှိန်အဝါက အလွန်ထူထဲသည်။ အကန့်အသတ်မဲ့သော နတ်ဆိုးချီက ဒီရေသဖွယ် ကောင်းကင်ပေါ်မှ တလိပ်လိပ် ကျဆင်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အရေအတွက်တစ်သောင်းခန့်ရှိသော နတ်ဆိုးဓားများက ဝင်္ကပါ၏ ကောင်းကင်ယံမှာ ဖွဲ့စည်းသွားကြသည်။ ဓားထိပ်ဖျားက မြေကြီးထံသို့ ချိန်ရွယ်ထားစဉ် ယင်းတို့က ထက်ရှသော ဓားချီကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းတို့က လေထဲမှာ အဆက်မပြတ် တုန်ခါနေကြသည်။
အရေအတွက်ထောင်သောင်းချီသော နတ်ဆိုးဓားများက မိုးထိတောင်၏ ကောင်းကင်တစ်လျှောက် ဖုံးလွှမ်းသွားသည်။
“ သတ် ”
“ ချလွင်… ချလွင်… ချလွင် ”
အေးစက်သော နှာခေါင်းရှုံ့သံနှင့်အတူ အပျက်အစီးဓားချီမှ ဖွဲ့စည်းသွားသော နတ်ဆိုးဓားတစ်သောင်းက အံ့ဖွယ်အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ ဝင်္ကပါ၏ စွမ်းအားအောက်မှာ ယင်းတို့က မြေကြီးပေါ်မှ သက်ရှိအားလုံးထံသို့ ရူးသွပ်စွာ ကျဆင်းသွားကြသည်။
ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးဓားများသည် သီရှီထျန်၊ မဒူဆာနှင့် တခြားမိစ္ဆာသားရဲများကိုသာ လွှမ်းခြုံသွားခြင်းမဟုတ်ဘဲ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများကိုလည်း ဖုံးလွှမ်းသွားကြသည်။
ဓားတစ်သောင်းမိစ္ဆာနှိမ်နင်းဝင်္ကပါ၏ စွမ်းအားက မြေပြင်ပေါ်မှ သက်ရှိအားလုံးထံသို့ ဆင်းသက်လာသည်။
အကန့်အသတ်မဲ့သော နတ်ဆိုးချီကြောင့် ချောက်ချားဖွယ်ကောင်းသော အနက်ရောင်တိမ်တိုက်တစ်ခုက ဝင်္ကပါ၏ အပေါ်မှာ ဖွဲ့စည်းသွားသည်။ လေနှင့် တိမ်တိုက်များက ဖရိုဖရဲဖြစ်သွားစဉ် မိုးကောင်းကင်၏ အရောင်က ပြောင်းလဲသွားသည်။ ပမာဏများပြားသော မိုးမြေဝိညာဉ်စွမ်းအားက ဓားဝင်္ကပါထဲသို့ အဆက်မပြတ် စီးဆင်းသွားနေသည်။
“ ဘာဖြစ်တာလဲ… ငါတို့က တစ်ဖက်တည်းလေ… ငါတို့ကို ဝင်္ကပါထဲကနေ ထုတ်ပေး… ဘာလို့ ငါတို့ကို တိုက်ခိုက်နေတာလဲ… ရပ်လိုက် ”
“ အား… လီမိသားစုက အရမ်းရက်စက်တာပဲ… သူတို့က ငါတို့ကိုပါ အပြတ်ရှင်းပစ်ချင်နေတယ် ”
“ ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ ဓားဝင်္ကပါလဲ… အားလုံးပဲ ဒီဓားဝင်္ကပါကို အတူတူ ချိုးဖြတ်ကြရအောင်… မဟုတ်ရင် ငါတို့အားလုံး ဝင်္ကပါထဲမှာ သေဆုံးသွားကြလိမ့်မယ် ”
မရေမတွက်နိုင်သော နတ်ဆိုးဓားများက ကောင်းကင်ယံမှ ကျဆင်းလာကြသည်။ ဓားတစ်လက်စီမှ ထုတ်လွှတ်နေသော အဖျက်စွမ်းအားက အလွန်အားကောင်းသည်။ ကျင့်ကြံသူအများအပြားသည် ထိုသို့ဖြစ်လာမည်ဟု မထင်ထားသောကြောင့် ကြိုတင်မပြင်ဆင်နိုင်ခဲ့ပေ။ လီမိသားစုက သူတို့ကိုလည်း တိုက်ခိုက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နာကျင်ကြေကွဲသော အော်ဟစ်သံများက မိုးထိတောင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။ သူတို့၏ ခန္ဓာကိုယ်က ဓားချီများဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ကြရသည်။ သက်ရှိများက အသားတုံးများအဖြစ် ပြောင်းလဲသွားကြသည်။ ယင်းက ကြက်သီးထဖွယ်ကောင်းသော ချောက်ချားဖွယ်မြင်ကွင်းပင်တည်း။
“ ဟား ဟား ဟား… မင်းတို့က ငါတို့လီမိသားစုပိုင်တဲ့ သံလိုက်အိမ်မြှောင်ကို မျက်စိကျရဲတယ်လား… မင်းတို့က သေဖို့ ထိုက်တန်တယ်… ဒီနေ့ လီမိသားစုက မိစ္ဆာသားရဲတွေတင်မကဘူး… မင်းတို့အားလုံးကိုလည်း ဒီနေရာမှာ မြေမြှုပ်ပစ်မယ် ”
“ သေကြစမ်း ”
စတုတ္ထအကြီးအကဲက ချောက်ချားဖွယ်ကောင်းစွာ ရယ်လိုက်သည်။ သူက ဓားဝင်္ကပါကို အမိန့်ပေးနေရင်း သီရှီထျန်ဆီသို့ ပျံသန်းသွားသည်။
လေထဲတွင် အနက်ရောင်နတ်ဆိုးဓားချီများက ရုတ်တရက် အတူတကွ စုဝေးသွားကြပြီး ရက်စက်ကြမ်းကြုတ်သော အနက်ရောင်နတ်ဆိုးနဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။ နတ်ဆိုးနဂါးက ၎င်း၏ အမြှီးကို လွှဲယမ်းလိုက်လေရာ လေထုက ပြင်းထန်စွာ တုန်ယင်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဆိုးနဂါးက သီရှီထျန်ပေါ်သို့ ရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်သည်။ အလွန်သိပ်သည်းသော နတ်ဆိုးချီက နဂါးထံမှ ထုတ်လွှတ်နေလေရာ ၎င်း၏ ဘေးပတ်ဝန်းကျင်မှ လေထုသည်ပင် အေးခဲသွားတော့မည့်ဟန် ရ၏။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
လီမိသားစု၏ အဓိကပစ်မှတ်သည် အစကတည်းက သီရှီထျန် ဖြစ်သည်။
သီရှီထျန်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ပြီး ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ရယူရန်သည် လီမိသားစု၏ အဓိကရည်ရွယ်ချက် ဖြစ်သည်။ ထိုလေလွင့်ကျင့်ကြံသူများသည်တော့ သူတို့က ဓားခုတ်ရာ လက်ဝင်လျှိုသကဲ့သို့ ဖြစ်သွားကြသည်။
နတ်ဆိုးနဂါးသည် နတ်ဆိုးဓားချီများမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ သတ်ဖြတ်ခြင်းအရှိန်အဝါက အလွန်သိပ်သည်းသည်။ အထူးသဖြင့် ၎င်းက သီရှီထျန်တစ်ယောက်တည်းကို ပစ်မှတ်ထားလိုက်သည့်အခါ ဖြစ်သည်။ ရုတ်တရက်ဆိုသလို သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံးက ထောင်မတ်သွားကြသည်။ ဤအခိုက်အတန့်မှာ သူက ဆူးကောင်သဖွယ် ဖြစ်လာသည်။
သူက တုံ့ဆိုင်းမနေဘဲ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ လေကို အရူးအမူး စုပ်သွင်းလိုက်သည်နှင့် သူ၏ ဧရာမခန္ဓာကိုယ်က စတင်အရွယ်အစားကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ပေတစ်ရာနီးပါး ကြီးမားသွားသည်။ တစ်ချိန်တည်းမှာ သူက စိတ်ထဲ၌ အမြန်တွေးလိုက်သည်။
“ လီမိသားစုရဲ့ ဘိုးဘေးရတနာ ဝိညာဉ်သံလိုက်အိမ်မြှောင်က ငါ့ဆီမှာဆိုတာ လီမိသားစု သိတယ်… ကျားရဲတောင်တန်းဒေသထဲမှာ ငါသတ်ခဲ့တဲ့ ကျင့်ကြံသူက လီမိသားစုကပဲ… လီမိသားစုနဲ့ ငါ့ကြားမှာ မဖြေရှင်းနိုင်တဲ့ ရန်ငြိုးရှိသွားပြီ… အခု ဓားဝင်္ကပါရဲ့ စွမ်းအားတစ်ဝက်ကျော်က ငါ့ဆီ ဦးတည်လာနေတယ်… ကြည့်ရတာ လီမိသားစုက ငါ့ကို သတ်ပြီး ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ရယူချင်နေတဲ့ပုံပဲ… ဒါပေမဲ့ ငါသီရှီထျန်က ဒီအတိုင်း ငြိမ်ခံနေမယ့်ကောင် မဟုတ်ဘူး ”
အခန်း(၁၂၂)
နတ်ဆိုးဓားချီအများအပြားက အနက်ရောင်နတ်ဆိုးနဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားကြောင်း သီရှီထျန်မြင်သောအခါ အခြေအနေကို သူနားလည်သွားသည်။ နတ်ဆိုးနဂါးသည် မရေမတွက်နိုင်သော နတ်ဆိုးဓားများမှ ဖွဲ့စည်းသွားခြင်းဖြစ်ပြီး အလွန်ထက်ရှသော ဓားချီများ၏ ဝိုင်းရံခံထားရသည်။
တစ်စုံတစ်ယောက်သည် နတ်ဆိုးနဂါးကို တိုက်ခိုက်ရန်မဆိုထားနှင့် လက်ဖြင့် ထိလိုက်မည်ဆိုလျှင်ပင် သူ့ခန္ဓာကိုယ်က ထောင်သောင်းချီသော ဓားချီများဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခံရလိမ့်မည်။
နတ်ဆိုးဓားများ၏ ဆင်းသက်လာမှုကြောင့် ကျင့်ကြံသူအများအပြားက အော်ဟစ်ညည်းတွားလိုက်ကြသည်။ ယင်းက လီမိသားစု၏ လက်ချက်ဖြစ်ကြောင်း သီရှီထျန် သိလိုက်သည်။ ထိုဓားဝင်္ကပါသည် သူ့ကို ပစ်မှတ်ထားရန် လီမိသားစု ကြိုတင်ပြင်ဆင်ထားသော အရာဖြစ်သည်။
သူက ဝေလငါး ရေစုပ်သကဲ့သို့ လေကို အရူးအမူး ရှူသွင်းလိုက်သည်။ ဓားဝင်္ကပါ၏ စွမ်းအားက အကန့်အသတ်မဲ့သည်။ ဓားဝင်္ကပါမှ ဖွဲ့စည်းသွားသော နတ်ဆိုးနဂါးက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။ နတ်ဆိုးဓားတစ်လက်သည် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်သည်။ ယခု နတ်ဆိုးဓားထောင်သောင်းချီက နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားလေရာ ၎င်း၏ တိုက်ပွဲစွမ်းအားက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည်ပင် ခုခံတားဆီးနိုင်သောအရာ မဟုတ်ပေ။ သို့ဖြစ်လေရာ မကြာသေးခင်ကမှ အဆင့်တတ်လှမ်းခဲ့သော မိစ္ဆာသားရဲတစ်ကောင်ကိုတော့ ပြောနေစရာမလိုပေ။
‘ အဲ့နတ်ဆိုးနဂါးကို ငါ့အနား ရောက်လာစေလို့ မဖြစ်ဘူး… မဟုတ်ရင် ငါသေချာပေါက် သေဆုံးသွားလိမ့်မယ် ’
သီရှီထျန်သည် “ ကျားဟိန်းသံကျင့်စဉ် ”ကို အစွမ်းကုန်သုံး၍ လှည့်ပတ်လိုက်သည်။ သူ၏ မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုက မယုံကြည်နိုင်သော အလျင်ဖြင့် စတင်လှည့်ပတ်သွားသည်။ လှည့်ပတ်မှုက အလွန်မြန်ဆန်လေရာ မိစ္ဆာသန့်စင်ခြင်းမီးဖိုကိုပင် ရှင်းလင်းစွာ မမြင်နိုင်တော့ပေ။ ကျောက်စိမ်းဆေးမီးဖိုထဲမှ အနက်ရောင်အရည်က မိစ္ဆာစံအိမ်အပြင်သို့ မြန်ဆန်စွာ လွင့်မျောသွားပြီး သူ၏ မရီဒျန်များထဲမှာ ဒလဟော စီးဆင်းသွားသည်။ ထို့နောက် မိစ္ဆာချီသည် သူ၏ လည်ချောင်းဝသို့ ချက်ချင်း ဆန်တတ်လာသည်။
မိစ္ဆာသန့်စင်ခြင်းမီးဖိုက မြန်ဆန်စွာ လှည့်ပတ်သွားသည်နှင့် မီးဖိုထဲမှာ စုပ်ယူခံထားရသော အလောင်းများက မြန်ဆန်စွာ ကျုံ့သွားကြပြီး မိစ္ဆာချီအဖြစ် သန့်စင်ခံလိုက်ကြရသည်။ တစ်ချိန်တည်းမှာ ပမာဏများပြားသော မိစ္ဆာချီက သူ၏ လည်ချောင်းဝသို့ ဆန်တတ်သွားသည်။
သူ၏ မရီဒျန်များက အကန့်အသတ်သို့ ရောက်ရှိသွားသည်။ မိစ္ဆာချီသည် မင်ရည်သဖွယ် စီးဆင်းနေသည်။
“ ဝေါင်း ”
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သီရှီထျန်သည် နတ်ဆိုးနဂါးကို စူးစိုက်ကြည့်လိုက်သည်။ မောက်မာထောင်လွှားမှုနှင့် ရူးသွပ်မှုက သူ၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။ သူက ပါးစပ်ဟကာ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီကို ကိုးကြိမ်တိုင်တိုင် လှည့်ပတ်၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
“ ဝေါင်း”
ကမ္ဘာမြေတုန်ဟီးသွားစေမည့် ကျားဟိန်းသံက တဖန် ထွက်ပေါ်လာသည်။ စက်ကရာကို ဗဟိုပြု၍ မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာသည်။
နက်ရှိုင်းသော အက်ကွဲကြောင်းများက မြေကြီးပေါ်မှာ အရူးအမူး ထွက်ပေါ်လာနေစဉ် မြေကြီးက ကျယ်လောင်သော မြည်သံနှင့်အတူ အောက်ဘက်သို့ ကျွံကျသွားသည်။
ဤသည်မှာ အလွန်ပြင်းထန်သော ငလျင်က မိုးထိတောင်ပေါ်မှာ ဖြစ်ပေါ်လာသည့်အလားပင်။
“ ဖူချီ ”
အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများက အပြင်းအထန် တုန်ယင်သွားကြပြီး သွေးအန်လိုက်ကြရသည်။ သူတို့၏ မျက်နှာက ဖြူဖျော့သွားသည်။ သူတို့က အာရုံခြောက်ပါးကို ပိတ်ဆို့ထားလျှင်ပင် ကျားဟိန်းသံ၏ အသံလှိုင်းရိုက်ခတ်မှုကို မကာကွယ်နိုင်သေးပေ။
ဤအခိုက်အတန့်မှာ သီရှီထျန်၏ ကျားဟိန်းသံသည် ဓားတစ်သောင်းမိစ္ဆာနှိမ်နင်းဝင်္ကပါမှ ပေးသော ဖိအားအောက်မှာ လုံးဝ ပြောင်းလဲသွားသည်။
ကျားဟိန်းသံသည် အားကောင်းသော တိုက်ခိုက်မှုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ကျင့်ကြံသူကိုးဆယ်ရာခိုင်နှုန်းခန့် အသတ်ခံလိုက်ကြရသည်။ အစွမ်းထက်ဓမ္မလက်နက်ရှိသော ကျင့်ကြံသူများနှင့် အခြေတည်နယ်ပယ် ကျင့်ကြံသူတချို့သာလျှင် အသက်ရှင်ကျန်ခဲ့ကြသည်။
သို့တိုင် ဤအခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေပြီး သူတို့၏ အသားအရေက အလောင်းကောင်ပမာ ဖြူဖျော့နေသည်။ သူတို့၏ မျက်လုံးထဲမှာ ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။
ယင်းက စက်ကရာ၏ ကျားဟိန်းသံ ဖြစ်သည်။ သူ၏ ထိန်းချုပ်မှုအောက်မှာ မဟူရာအသံလှိုင်းစက်ဝန်းများက နတ်ဆိုးနဂါးနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ နတ်ဆိုးနဂါးကို ဓားတစ်သောင်းမိစ္ဆာနှိမ်နင်းဓားဝင်္ကပါ၏ စွမ်းအားထက်ဝက်ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းက အလွန်အားကောင်းသော အရှိန်အဟုန်နှင့်အတူ သီရှီထျန်ထံသို့ ခုန်အုပ်လာသော်လည်း မဟူရာအသံလှိုင်းစက်ဝန်းများနှင့် တွေ့ဆုံသွားသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။ နတ်ဆိုးနဂါးက ပြင်းထန်စွာ တုန်ယင်သွားစဉ် ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ ထက်ရှသော အနက်ရောင်ဓားများ ပြန်ပေါ်လာကြသည်။ ဤသည်မှာ ဓားများ၏ စုစည်းမှုက အချိန်မရွေး ပြိုကွဲသွားတော့မည့်အလားပင်။
“ မင်းတို့တွေ ဓားဝင်္ကပါကို အစွမ်းကုန်သုံးပြီး အသက်သွင်းကြ… ဒီနေ့ အဲ့ဒီမိစ္ဆာကျားကို သေချာပေါက် သတ်ပစ်နိုင်ရမယ် ”
လီဝမ်၏ မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်သော အမူအရာ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဝီး… ဝီး… ဝီး… ”
ကျားဟိန်းသံအောက်မှာ ဓားချီအလင်းတိုင်လုံး(၂၈)ခုက ပြင်းထန်စွာ တုန်ယင်သွားကြသည်။ ဓားချီအလင်းတိုင်လုံးများက တုန်ယင်နေစဉ် အရေအတွက်များပြားသော ဓားချီက ယင်းတို့ထံမှ ဒလဟော ပေါ်လျှိုးလာသည်။ ယင်းတို့က လေထဲမှာ နတ်ဆိုးဓားများအဖြစ် ဖွဲ့စည်းသွားကြပြီး နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားကြသည်။
ကျားဟိန်းသံအောက်မှာ ပြိုကွဲသွားတော့မည့် နတ်ဆိုးနဂါးက စွမ်းအားအသစ်၏ အားဖြည့်ပေးမှုကြောင့် ပြန်လည်ဖွဲ့စည်းသွားသည်။ ၎င်းက မောက်မာထောင်လွှားစွာ မာန်ဖီလိုက်ပြီး သီရှီထျန်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ၎င်းက နဂါးလက်သည်းများကို ဆန့်တန်းလိုက်လေရာ ထက်ရှသော ဓားချီက လေထုကို ဆုတ်ဖြဲသွားသည်။
“ သေစမ်း မိစ္ဆာကျား ”
နဂါးလက်သည်းက သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာပြီး အောက်သို့ ကျဆင်းလာကြောင်း သီရှီထျန်မြင်သောအခါ သူ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်။
“ မဟုတ်ဘူး… ငါမသေရဘူး… ငါသေလို့မဖြစ်ဘူး… မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို ငါလျှောက်ပြီးကတည်းက ငါ့ရဲ့ ကံကြမ္မာက ငါ့လက်ထဲမှာပဲ… ငါကလွဲလို့ ဒီလောကမှာ ဘယ်သူမှ ငါ့အသက်ကို မနုတ်ယူနိုင်ဘူး… အား… ”
သူ၏ မျက်လုံးက အေးစက်သွားသည်။ သို့သော် သူက စိတ်ထဲမှာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ၏ ကံကြမ္မာကို သူကိုယ်တိုင်မှလွဲ၍ တခြားမည်သူမှ မထိန်းချုပ်နိုင်ကြောင်း၊ ကောင်းကင်ဘုံသည်ပင် မထိန်းချုပ်နိုင်ကြောင်း တွေးလိုက်သောအခါ သူ၏ အသိစိတ်က ကျယ်ပြန့်သွားသည်။ သူက ထိုအတွေးကို အသိစိတ်ထဲမှ မောင်းမထုတ်နိုင်တော့ပေ။ ထိုအတွေးက သူ၏ စိတ်ထဲမှာ တဝဲလည်လည် ရှိနေသည်။ ထိုအတွေး ထွက်ပေါ်လာတိုင်း သူ၏ မျက်လုံးထဲမှ အလင်းရောင်က ပိုပြီးစူးရှတောက်ပလာသည်။ သူတစ်ယောက်တည်းသာ ပိုင်ဆိုင်သော အရှိန်အဝါက သူ၏ နှလုံးသားထဲမှာ ကြီးထွားလာသည်။
ယခင်ဘဝတွင် ဆိုးဝါးသော သူ၏ သေဆုံးမှုအတွက် သူ့ကိုယ်သူမှလွဲ၍ တခြားမည်သူ့ကိုမှ သူအပြစ်မတင်ခဲ့ပေ။ ယခု သူပြန်မွေးဖွားလာသည့်အခါ သူ့အသက်အား တခြားတစ်စုံတစ်ယောက်က နုတ်ယူသွားမည်ကို နောက်တစ်ကြိမ် သူခွင့်ပြုလိမ့်မည် မဟုတ်ချေ။ ယခင်ဘဝတွင် ယင်းက သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာမှာ နစ်မြုပ်နေသော အတွေးတစ်ခုထက် မပိုခဲ့ပေ။ ယင်းက အားနည်းသော မျိုးစေ့တစ်စေ့ ဖြစ်သည်။ မည်သည့်မတော်တဆမှုမှမရှိလျှင် ယင်းက အပင်ပေါက်လာရန် အချိန်အတော်ကြာလိမ့်မည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ သေခြင်းရှင်ခြင်းဖိအားဖြင့် ရင်ဆိုင်ရသောအခါ ထိုမျိုးစေ့က ရုတ်တရက် အပင်ပေါက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက အပင်ကြီးတစ်ပင်ဖြစ်လာသည်။
“ ငါသာလျှင် ”ဟူသော မာန်မာနနှင့် “ ငါ့ကံကြမ္မာက ငါ့လက်ထဲမှာ ”ဟူသော အရှိန်အဝါက စက်ကရာ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ဤအခိုက်အတန့်မှာ စက်ကရာ၏ ကျားရဲအရှိန်အဝါက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ထိုသို့အရှိန်အဝါအောက်မှာ သူက ဤလောက၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်လာဟန် ရ၏။
“ ဝေါင်း ”
ပိုပြီးလွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ မဟူရာအသံလှိုင်းစက်ဝန်းများက ရုတ်တရက် အသွင်ပြောင်းလဲသွားသည်။ ယင်းတို့က လေထဲမှာ မဟူရာလခြမ်းကွေးအသံဓားများအဖြစ် ဆင့်ကဲပြောင်းလဲသွားကြသည်။ အသံဓားတစ်လက်စီသည် ပုံရိပ်ယောင်သဖွယ် တည်ရှိမှုဖြစ်သည်။ သို့တိုင် ယင်းတို့က အမှန်တကယ် ဒြပ်ထည်ရှိကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ မဟူရာလခြမ်းကွေးအသံဓားများက မယုံကြည်နိုင်သော အလျင်နှင့်အတူ နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိမှန်သွားကြသည်။
“ ခရက် ”
နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော နတ်ဆိုးဓားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်က အလွန်မာကျောပြီး ၎င်း၏ တိုက်ခိုက်စွမ်းရည်က အံ့ဖွယ်ကောင်းသည်။ အကယ်၍ တစ်စုံတစ်ယောက်က ၎င်း၏ နဂါးလက်သည်းဖြင့် ဖမ်းဆုပ်ခံရလျှင် သူက မည်မျှသန်စွမ်းပါစေ ခန္ဓာကိုယ်က ဇကာပေါက်ဖြစ်သွားလိမ့်မည်။ သို့သော်လည်း အသံဓားများက နတ်ဆိုးဓားများထက် ပိုပြီးကြောက်စရာကောင်းသည်။ အသံဓားများက နတ်ဆိုးနဂါး၏ လက်သည်းကို ထိမှန်သွားသည့်အခါ နဂါးလက်သည်းများက ချက်ချင်း ဖြတ်တောက်ခံလိုက်ရသည်။
ဖြတ်တောက်ခံလိုက်ရသော နဂါးလက်သည်းများက နတ်ဆိုးဓားများအဖြစ် ပြန်ပြောင်းလဲသွားသည်။ ထို့နောက် ယင်းတို့က လေထဲမှာ ဓားချီအဖြစ် ပြိုကွဲသွားကြပြီး မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားကြသည်။
ထို့ပြင် ထိုအသံဓားများသည် ကျားဟိန်းသံ၏ အသံလှိုင်းစက်ဝန်းများမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ စက်ကရာ၏ ကျားဟိန်းသံက ပိုပြီးကြာရှည်လေ အသံဓားအရေအတွက်က ပိုပြီးများပြားလာလေ ဖြစ်သည်။ လေထဲတွင် အရေအတွက်အကန့်အသတ်မဲ့သော မဟူရာလခြမ်းကွေးအသံဓားများက နတ်ဆိုးနဂါးထံသို့ ဒီရေသဖွယ် ဦးတည်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အသံဓားများက မိုးမြေတစ်ခွင် ပြည့်နှက်သွားသည်။
အသံဓားတစ်လက်စီက အလွန်ထက်ရှသည်။ အသံဓားများက နတ်ဆိုးနဂါးထံသို့ ဦးတည်သွားသည့်အခါ နတ်ဆိုးနဂါးသည် ပင်လယ်ထဲ၌ ရေမကူးတတ်သော လူတစ်ယောက်ပမာ ဖြစ်လာသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်က အဆုံးမဲ့သော အသံလှိုင်းလုံးများကြားထဲမှာ မြန်ဆန်စွာ နစ်မြုပ်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်က ထောင်သောင်းချီသော အပိုင်းအစများအဖြစ် မြန်ဆန်စွာ ကွဲထွက်သွားပြီး ထိုအပိုင်းအစများက အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားကြသည်။
“ ဟမ်… အသံဓားတွေ… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
ထိုအခိုက်အတန့်မှာ မိုးထိတောင်၏ အပြင်ဘက်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က မျက်လုံးပြူးထွက်လုနီးပါး အံ့ဩထိတ်လန့်သွားသည်။
ထိုပုဂ္ဂိုလ်မှာ မြင့်မြတ်ထည်ဝါသော အရှိန်အဝါရှိပြီး သူက အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။ အစတွင် သူက ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ပေါ်မှာ တိတ်တဆိတ် မတ်တတ်ရပ်နေရင်း မိုးထိတောင်ပေါ်မှ တိုက်ပွဲကို အေးစက်စက် စိုက်ကြည့်နေသည်။ သို့သော်လည်း ရံဖန်ရံခါ သူ၏ အကြည့်က ချူယွမ်နှင့် ကျိုးယွမ်ဖေးထံသို့ ကျရောက်သွားလေ့ရှိသည်။ ရှင်းလင်းစွာပင် သူက ထိုနှစ်ယောက်ကို အထူးအာရုံစိုက်နေသည်။ ထို့ပြင် သူ၏ ညာလက်ထဲမှာ ကျောက်စိမ်းလက်တစ်ဖက်ကို ဆုပ်ကိုင်ထားသည်။
ထိုကျောက်စိမ်းလက်သည် လွန်စွာ အနုစိတ်ပြီး သက်ဝင်လှုပ်ရှားသည်။ ဤသည်မှာ ယင်းက အစစ်အမှန် လက်တစ်ဖက်ဖြစ်သည့်အလားပင်။ ကျောက်စိမ်းလက်ဖဝါးပေါ်မှ လက္ခဏာမျဉ်းကြောင်းများကိုပင် ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ယင်းက ပြစ်ချက်မဲ့သော လက်တစ်ဖက် ဖြစ်သည်။ လက်၏ အရောင်က ကျောက်စိမ်းဖြစ်နေသောကြောင့်မဟုတ်လျှင် ယင်းက လူသားလက်တစ်ဖက်ဖြစ်သည်ဟု အထင်မှားမိကြလိမ့်မည်။
သီရှီထျန်၏ ကျားဟိန်းသံက မဟူရာလခြမ်းကွေးသဏ္ဍာန် အသံဓားများအဖြစ် ဖွဲ့စည်းသွားကြောင်း ထိုပုဂ္ဂိုလ်မြင်သောအခါ သူ၏ မျက်နှာက ရုတ်တရက် ရုပ်ဆိုးအကျည်းတန်သွားသည်။
အသံလှိုင်းပညာရပ်သည် ဤလောက၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များအနက် တစ်ခုဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အသံသည် အခြေခံဒြပ်စင်ငါးမျိုးနှင့် ယင်ယန်နှင့် လုံးဝ မသက်ဆိုင်ဘဲ သီးခြားလွတ်လပ်စွာ တည်ရှိနေသောကြောင့်ပင်။ ထို့ကြောင့် ဤလောကတွင် အသံကို တိုက်ခိုက်မှုအဖြစ် အသုံးပြုနိုင်သော ပညာရပ်များက အလွန်ရှားပါးသည်။ ထို့နည်းတူပင် အသံလှိုင်းတိုက်ခိုက်မှုကို ခုခံတားဆီးနိုင်သော ဓမ္မလက်နက်များနှင့် လျှို့ဝှက်ပညာရပ်များက အလွန်ရှားပါးသည်။
အသံလှိုင်းစွမ်းရည်တွင် နယ်ပယ်တချို့သာ ရှိ၏။ ဥပမာ သားရဲတစ်ကောင်၏ ဟိန်းသံက အနိမ့်ဆုံးနယ်ပယ် ဖြစ်သည်။ ယင်းက သက်ရှိများကို ခြောက်လှန့်ရာတွင်သာ အသုံးဝင်သည်။ ယင်းက အတိတ်တွင် သီရှီထျန် လုပ်ဆောင်ခဲ့သောအရာ ဖြစ်သည်။ နောက်ထပ်နယ်ပယ်သို့ တတ်လှမ်းသွားသည့်အခါ အသံလှိုင်းက ဘေးပတ်ဝန်းကျင်မှ သစ်ပင်များနှင့် ကျောက်တုံးကျောက်ဆောင်များကို တိုက်ရိုက် အက်ကွဲသွားစေလိမ့်မည်။ ကမ္ဘာမြေတုန်ဟီးစေနိုင်သော ကျားဟိန်းသံက ထိုနယ်ပယ်ထဲမှာ ဖြစ်သည်။ ယင်းက အသံလှိုင်းပညာရပ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
တစ်စုံတစ်ယောက်သည် ထိုနယ်ပယ်သို့ မရောက်ရှိသေးလျှင် အသံစွမ်းရည်၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်ဦးလိမ့်မည် မဟုတ်ချေ။ ပြောင်းပြန်တွေးကြည့်လျှင် အသံစွမ်းရည်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးမှသာလျှင် မြင့်မားသော နောက်ထပ် နယ်ပယ်များဆီသို့ ခြေချနိုင်လိမ့်မည်။
အခန်း(၁၂၃)
နောက်ထပ်နယ်ပယ်သည် အသံလှိုင်းဒီရေ ဖြစ်သည်။ ထိုနယ်ပယ်တွင် အသံသည် ဒြပ်ထည်ရှိလာပြီး ရန်သူကို တိုက်ခိုက်နိုင်လိမ့်မည်။ ထို့ပြင် အသံသည် ဒီရေလှိုင်းသဖွယ် တစ်လှိုင်းပြီးတစ်လှိုင်း အဆုံးမဲ့စွာ ထွက်ပေါ်လာလိမ့်မည်။
အတိတ်တွင် စက်ကရာက ထိုနယ်ပယ်မှာ ဖြစ်သည်။ သူက ရန်သူများကို တိုက်ခိုက်ရန် အသံလှိုင်းစက်ဝန်းများကို အဆက်မပြတ် ထုတ်လွှတ်နိုင်သည်။ ထိုနယ်ပယ်တွင် အသံ၏ တိုက်ခိုက်စွမ်းအားက အလွန်အားကောင်းသည်။
ယင်းထက် ပိုပြီးမြင့်သော နောက်ထပ် နယ်ပယ်က အသံဓားဖြစ်သည်။ ထိုနယ်ပယ်တွင် အသံလှိုင်းက ဓားအဖြစ် အသွင်ပြောင်းလဲသွားလိမ့်မည်။ ထိုနယ်ပယ်တွင် အသံက ဒြပ်ထည်ရှိသော တိုက်ခိုက်ရေးလက်နက်အဖြစ် အမှန်တကယ် ပြောင်းလဲသွားလိမ့်မည်။ အသံက တိုက်ခိုက်ရေးလက်နက်တစ်ခုဖြစ်လာသည့်အခါ ယင်းက ဒြပ်ထည်ရှိခြင်းနှင့် ဒြပ်ထည်မဲ့ခြင်းကြားမှာ တည်ရှိသွားလိမ့်မည်။ ယင်းက ပုံရိပ်ယောင်ဖြစ်သကဲ့သို့ အစစ်အမှန်လည်း ဟုတ်၏။
ထို့ကြောင့် အသံဓား၏ တိုက်ခိုက်စွမ်းအားနှင့် ထက်ရှမှုက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားလိမ့်မည်။
အသံဓားသည် မသေမျိုးကျင့်ကြံသူများ၏ ဓမ္မလက်နက်များနှင့် နှိုင်းယှဉ်လျှင်ပင် မနိမ့်ကျပေ။ အမှန်မှာ အသံဓားက ပိုပြီးအစွမ်းထက်သည်။ သီရှီထျန်၏ အသံဓားများက ဓားဝင်္ကပါမှ ဖွဲ့စည်းသွားသော ဧရာမနတ်ဆိုးနဂါးကိုပင် အပိုင်းပိုင်း ဖြတ်တောက်နိုင်လေရာ ယင်း၏ တိုက်ခိုက်စွမ်းအားက မည်မျှအားကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ထိုနယ်ပယ်ကို အသံဓားဟု ခေါ်သည်။
အသံဓားနယ်ပယ်က အဆုံးသတ် မဟုတ်သေးပေ။ ယင်းထက် ပိုပြီးမြင့်မားသော နယ်ပယ်များ ရှိသေးသည်။ အတိုချုပ်ဆိုရသော် ဤလောကတွင် အသံလှိုင်းပညာရပ်ကို မြင့်မားသော နယ်ပယ်တစ်ခုအထိ ကျင့်ကြံထားသော ပုဂ္ဂိုလ်များကို မည်သူကမှ ရန်မပြုဝံ့ကြချေ။ ထိုပုဂ္ဂိုလ်များသည် နယ်ပယ်တူတွင် တခြားလူများထက် အများကြီး ပိုသန်မာကြသည်။
မရေမတွက်နိုင်သော အသံဓားများက ဓားဝင်္ကပါထဲမှာ ရွေ့လျားကခုန်နေကြောင်း ဝတ်စုံစိမ်းဝတ် သက်လတ်ပိုင်းအမျိုးသား မြင်သောအခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။
“ ငါဆက်စောင့်ကြည့်နေလို့ မဖြစ်ဘူး… ဓားဝင်္ကပါကို ချိုးဖြတ်ပြီး ယွမ်အာနဲ့ ထွက်သွားရမယ်… မဟုတ်ရင် မိစ္ဆာသားရဲတွေအများကြီး တကယ် ရူးသွပ်သွားပြီး သဲကြီးမဲကြီး တိုက်ခိုက်လာမယ်ဆိုရင် သူတို့ကို ငါတားဆီးနိုင်မှာ မဟုတ်ဘူး ”
ဝတ်စုံစိမ်းဝတ် သက်လတ်ပိုင်းအမျိုးသားက စကားပြောလိုက်စဉ် သူဆုပ်ကိုင်ထားသော ကျောက်စိမ်းလက်က ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကျောက်စိမ်းအလင်းက ဖော်မပြနိုင်အောင် စူးရှတောက်ပလာပြီး အားကောင်းလာသည်။
အံ့ဖွယ်အကောင်းဆုံးမှာ ကျောက်စိမ်းအလင်းထဲတွင် သေးငယ်သော မျဉ်းကြောင်းများ ထွက်ပေါ်လာကြသည်။ ယင်းတို့က သွေးကြောများနှင့် ဆင်တူသည်။ ဤသည်မှာ ယင်းက ဓမ္မရတနာတစ်ခုမဟုတ်ဘဲ တကယ့် အစစ်အမှန်လက်တစ်ဖက် ဖြစ်သည့်အလားပင်။
“ မိစ္ဆာတားဆီးလက်… ဓားဝင်္ကပါကို ချိုးဖြတ်လိုက်စမ်း ”
ကျောက်စိမ်းလက်သည် လေထဲသို့ ပျံသန်းသွားသည်နှင့် ရုတ်တရက် အရွယ်အစားကြီးမားသွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ လက်က ဧရာမဗုဒ္ဓလက်ဝါးသဖွယ် ကြီးမားသွားသည်။ ကျောက်စိမ်းလက်သည် မိုးကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ဓားဝင်္ကပါ၏ အပေါ်မှာ ထွက်ပေါ်လာသည်။
အံ့ဩဖွယ်ကောင်းစွာ ကျောက်စိမ်းလက်က ဓားဝင်္ကပါတစ်ခုလုံးကို ဖုံးအုပ်သွားသည်။ မြေပြင်ပေါ်မှ သက်ရှိအားလုံးသည် ကျောက်စိမ်းလက်ဝါးပေါ်မှ လက္ခဏာမျဉ်းကြောင်းများကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ဤအခိုက်အတန့်မှာ ကျောက်စိမ်းအလင်းက ကောင်းကင်တစ်ခွင်လုံး ထွန်းလင်းသွားစေသည်။
ကျောက်စိမ်းလက်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ကိန်းအောင်းနေဟန် ရ၏။ ယင်းက မိုးမြေကို ဖုံးအုပ်နိုင်စွမ်းရှိသည်။ သို့သော်လည်း ထိုအရှိန်အဝါက စက္ကန့်ပိုင်းမျှသာ ထွက်ပေါ်လာ၏။ နောက်အခိုက်အတန့်မှာ ယင်းက ပျောက်ကွယ်သွားသည်။ ဤသည်မှာ ယင်းက မည်သည့်အခါကမှ မထွက်ပေါ်လာခဲ့သည့်အလားပင်။ ထို့ကြောင့် ယင်းက မည်သူ၏ စိတ်အာရုံကိုမှ မဆွဲဆောင်သွားပေ။ အလွန်အားကောင်းသော စွမ်းအားက ကျောက်စိမ်းလက်ထံမှ ဆက်ပြီး ထွက်ပေါ်လာသည်။
“ ဝုန်း… ဝုန်း… ”
ဧရာမကျောက်စိမ်းလက်က အောက်သို့ မြန်ဆန်စွာ ကျဆင်းလာသည်။ ကျောက်စိမ်းအလင်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသောဖိအား ကိန်းအောင်းနေဟန် ရ၏။ ယင်းက တောင်ကြီးတစ်တောင်ပမာ ကြီးမားလေးလံ၏။ ကျောက်စိမ်းလက် ဆင်းသက်လာသည်နှင့် မိုးမြေဝိညာဉ်စွမ်းအားက အရူးအမူး ပေါ်လျှိုးလာသည်။ ကျယ်လောင်သော ပေါက်ကွဲသံများက လေထဲမှာ တရစပ် ထွက်ပေါ်လာသည်။
ရက်စက်ကြမ်းကြုတ်သော စွမ်းအားက အရပ်မျက်နှာအသီးသီးဆီသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ ဓားဝင်္ကပါပေါ်မှာ စုစည်းနေသော နတ်ဆိုးချီတိမ်တိုက်သည်ပင် ချက်ချင်း လွင့်ပြယ်သွားသည်။
“ မကောင်းတော့ဘူး… အဲ့ဒါက ဓမ္မရတနာပဲ… အနီးနားမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ရှိတယ်… သူက ငါတို့ရဲ့ ဓားဝင်္ကပါကို ဖျက်ဆီးချင်နေတယ် ”
ကျောက်စိမ်းလက်ထွက်ပေါ်လာသည့်အခိုက် စတုတ္ထအကြီးအကဲက ယင်းကို ချက်ချင်း သတိထားမိသွားသည်။ ကျောက်စိမ်းလက် ထွက်ပေါ်လာမှုက လွန်စွာ ရုတ်တရက်ဆန်သောကြောင့် အစတွင် ယင်း၏ အဆင့်ကို သူမသုံးသပ်နိုင်ခဲ့ပေ။ ထို့နောက် ကျောက်စိမ်းလက်ထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်အားလှိုင်းများကို သူအာရုံခံမိသောအခါ ယင်းက ဓမ္မလက်နက်မဟုတ်ဘဲ ဓမ္မရတနာဖြစ်ကြောင်း သူသိလိုက်သည်။ ထို့ပြင် ယင်းက အစွမ်းထက် ဓမ္မရတနာဖြစ်သည်။
ကျောက်စိမ်းလက်က ချက်ချင်း မကျဆင်းလာသော်လည်း ဓားတစ်သောင်းမိစ္ဆာနှိမ်နင်းဝင်္ကပါက တုန်ယင်နေသော မြည်သံကို အဆက်မပြတ် ထုတ်လွှတ်နေကြောင်း သူကြားနေရသည်။ ဤသည်မှာ ဓားဝင်္ကပါက ကျောက်စိမ်းလက်ထံမှ ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိသည့်အလားပင်။
“ ဝုန်း… ဝုန်း… ”
ကျောက်စိမ်းလက် အောက်သို့ ကျဆင်းလာသည့်အခါ ဓားချီအလင်းတိုင်လုံး(၂၈)ခုက မိုးမြေနှင့် ချိတ်ဆက်နေသော အနက်ရောင်ဓားချီများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ဓားချီအလင်းတိုင်လုံးများက တုန်ယင်သွားကြပြီး မရေမတွက်နိုင်သော အနက်ရောင်ဓားချီများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားဝင်္ကပါ၏ ပစ်မှတ်က စက်ကရာထံမှ ပြောင်းလဲသွားသည်။ ယင်းက ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ကျောက်စိမ်းလက်ကို အရူးအမူး တိုက်ခိုက်လိုက်သည်။
လေထဲမှာ ပေါက်ကွဲသံများဖြင့် ဆူညံသွားသည်။ ယင်းက အလွန်ချောက်ချားဖွယ်ကောင်းသည်။
“ ဟွန့်… မင်းက ငါ့ရဲ့ မိစ္ဆာတားဆီးလက်ကို ဒီဓားဝင်္ကပါလောက်နဲ့ ခုခံချင်တာလား… ဒီဓားဝင်္ကပါက မဆိုးပေမဲ့ အဲ့ဒါကို အသုံးပြုနေတဲ့လူက အရမ်းအားနည်းတယ်… မင်းက ချီသန့်စင်ခြင်းနယ်ပယ်က ကျင့်ကြံသူလေးပါပဲ… မင်းအတွက် ဘယ်ဟာကကောင်းမှန်း မသိဘူး… ငါ့အတွက် ချိုးဖြတ်လိုက်စမ်း ”
ယင်းကို ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူမြင်သောအခါ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ မိစ္ဆာတားဆီးလက်က စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ကျောက်စိမ်းအလင်းရောင်အောက်မှာ အနက်ရောင်ဓားချီအားလုံးက နေရောင်ခြည်နှင့် ထိတွေ့သွားသော နှင်းကဲ့သို့ မြန်ဆန်စွာ အရည်ပျော်သွားသည်။
“ ချိုးဖြတ်စမ်း ”
ကျောက်စိမ်းလက်၏ ဖိနှိပ်မှုအောက်မှာ ဓားချီအလင်းတိုင်လုံး(၂၈)ခုက ပြင်းထန်စွာ တုန်ယင်သွားကြသည်။ မရေမတွက်နိုင်သော ဓားချီက ဓားချီအလင်းတိုင်လုံးများထံမှ အဆက်မပြတ် ထွက်ပေါ်လာနေသည်။ သို့တိုင် ဓားချီအားလုံးက ကြီးမားသော ဖိအားအောက်မှာ ပြင်းထန်စွာ တုန်ယင်နေပြီး အဆက်မပြတ် ပြိုကွဲသွားသည်။
“ အား… ”
ကျယ်လောင်သော အော်ဟစ်သံများက လူတစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။ ကျောက်စိမ်းလက်ကြောင့် ဓားချီအလင်းတိုင်လုံးများက ချက်ချင်း ပြိုကွဲသွားကြပြီး ဓားချီများအဖြစ် ပြောင်းလဲသွားသည်။ ဓားချီပေါက်ကွဲသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ သစ်ပင်ကြီးများနှင့် ကျောက်တုံးကျောက်ဆောင်များက အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ကြရသည်။
ကောင်းကင်ပေါ်ထိ ထောင်မတ်နေသော ဓားချီအလင်းတိုင်လုံးများသည် ကျယ်လောင်သော မြည်သံနှင့်အတူ ပြိုကွဲသွားကြပြီး ပျောက်ကွယ်သွားကြသည်။ ဓားချီအလင်းတိုင်လုံးများ ပျောက်ကွယ်သွားသည့်နေရာတွင် မရေမတွက်နိုင်သော အသွေးအသားအပိုင်းအစများ ထွက်ပေါ်လာကြသည်။ ယင်းက အော်ဂလီဆန်ပြီး ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်တည်း။
ထိုအသွေးအသားအပိုင်းအစများသည် အစောနက ပျောက်ကွယ်သွားကြသော လီမိသားစုဝင်များ ဖြစ်ကြသည်။ ဓားချီအလင်းတိုင်လုံးများ ပြိုကွဲသွားသည့်အခိုက် သူတို့၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော ဓားချီအောက်မှာ အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ကြရသည်။ သူတို့၏ သေဆုံးပုံက အလွန်ဆိုးဝါးသည်ဟု ဆိုနိုင်သည်။
ကျောက်စိမ်းလက်သည် မြေကြီးပေါ်မှ လူတချို့ကို စိုးရိမ်ဟန် ရ၏။ ယင်းက ဓားဝင်္ကပါကို ချိုးဖြတ်ပြီးသည်နှင့် မူလအရွယ်အစားသို့ ချက်ချင်း ပြန်ကျုံ့သွားသည်။ ကျောက်စိမ်းအလင်းရောင် ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း မိစ္ဆာတားဆီးလက်က ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူ၏ လက်ထဲသို့ ပြန်ရောက်သွားသည်။
ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူက လေထဲမှာ ရပ်နေသည်။ သူ၏ အကြည့်က မြေပြင်ပေါ်မှ ကျိုးယွမ်ဖေးနှင့် ချူယွမ်ပေါ်သို့ ကျရောက်သွားသည်။ သူက ဂုဏ်သိက္ခာကြီးမြတ်သော လေသံဖြင့် ပြောသည်။
“ ယွမ်အာ… တူတော်ယွမ်ဖေး… အချိန်မကြန့်ကြာနဲ့တော့… ဒီကနေ မြန်မြန် ထွက်သွားရအောင် ”
သူက မိုးထိတောင်ပေါ်မှ ကျိုးယွမ်ဖေးနှင့် ချူယွမ်ကို စိုးရိမ်သောကြောင့် သူ၏ မိစ္ဆာတားဆီးလက်ကို ပြန်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် သူ၏ ကျောက်စိမ်းလက်ဖြင့် ဖိချခံရလျှင် မိုးထိတောင်ပေါ်မှ သက်ရှိအများစုက အသားပြားဖြစ်သွားကြလိမ့်မည်။
သူ့အရှေ့မှ မိစ္ဆာသားရဲဘုရင်များကို စိုက်ကြည့်နေစဉ် သူက ခြိမ်းခြောက်မှုကို ခပ်ရေးရေး ခံစားမိသွားသည်။ မိစ္ဆာသားရဲဘုရင်တစ်ပါးစီသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ယင်းက ကောလဟာလ မဟုတ်ပေ။ မသေမျိုးကျင့်ကြံခြင်းလောကမှာ အမှန်တကယ် ရှိသည်။
တစ်ခါက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် မိစ္ဆာသားရဲဘုရင်တစ်ပါးနှင့် တွေ့ဆုံပြီးနောက် တိုက်ခိုက်ရန် အလွန်စိတ်အားထက်သန်လာသည်။ သို့သော်လည်း တိုက်ပွဲအခြေအနေက သူမျှော်လင့်ထားသကဲ့သို့ တစ်ဖက်သတ်ဆန်မနေပေ။ မိစ္ဆာသားရဲဘုရင်၏ ခန္ဓာကိုယ်က အလွန်သန်မာပြီး ၎င်းက အံ့ဖွယ်ကောင်းသော မွေးရာပါသဘာဝစွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် မိစ္ဆာသားရဲဘုရင်က ရူးသွပ်သွားပြီး သဲကြီးမဲကြီး တိုက်ခိုက်လာသည့်အခါ ထိုကျင့်ကြံသူက ကြောက်လန့်တကြား အဝေးသို့ ထွက်ပြေးသွားရသည်။
ယခု သူ၏ အရှေ့၌ ရှိနေသည်မှာ မိစ္ဆာသားရဲဘုရင်တစ်ပါးတည်း မဟုတ်ပေ။ ယင်းအစား မိစ္ဆာသားရဲဘုရင်အများကြီး ဖြစ်သည်။ သူတို့တစ်ကောင်စီက အံ့ဖွယ်ကောင်းသော မွေးရာပါသဘာဝစွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ အထူးသဖြင့် ဘုရင်မမဒူဆာ ဖြစ်သည်။ သူ၏ မွေးရာပါသဘာဝစွမ်းရည်က ပိုပြီးကြောက်စရာကောင်းသည်။ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်နိုင်သည်။
“ မင်းက ထွက်သွားချင်တယ်လား ”
ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူ၏ စကားကို သရဖူနီကြိုးကြာဘုရင်က ကြားသွားသည်။ သူက ထိုလူများကို မည်သို့ကြောင့် အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။ သူက အတောင်ပံဖြန့်လိုက်ပြီး ကောင်းကင်ပေါ်သို့ မြင့်မြတ်ထည်ဝါစွာ ပျံသန်းသွားသည်။ သူ၏ နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော အတောင်ပံများက နူးညံ့သော အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းရောင်အောက်မှာ သန့်စင်သော အဖြူရောင်ငှက်မွှေးများက လျှို့ဝှက်ဆန်းကြယ်စွာ အောက်သို့ ကျဆင်းလာသည်။
ငှက်မွှေးများ၏ အစွန်းက ဓားထိပ်ဖျားကဲ့သို့ အလွန်ချွန်ထက်သည်။ အေးစက်စက် အဖြူရောင်အလင်းက ငှက်မွှေးများပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ယင်းတို့က မြေပြင်ပေါ်သို့ ရိုးရှင်းစွာ ကျဆင်းလာနေသော်လည်း ဘေးပတ်ဝန်းကျင်မှ အပူချိန်က ရုတ်တရက် နိမ့်ဆင်းသွားသည်။ ငှက်မွှေးများကို မြင်သွားသောအခါ မြေပြင်ပေါ်မှ ကျင့်ကြံသူများက ကျောရိုးချမ်းစိမ့်မှုကို ခံစားမိသွားကြသည်။
ရာထောင်ချီသော ငှက်မွှေးများက အဖြူရောင်အလင်းနှင့်အတူ မြေပြင်ပေါ်သို့ ကျဆင်းလာကြသည်။ ယင်းတို့ထဲမှ အများစုက ချွန်ထက်သော အဖြူရောင်မြားများသဖွယ် ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ ငှက်မွှေးများ၏ အလျင်သည် လျှပ်စီးပမာ မြန်ဆန်လှ၏။
မြေပြင်ပေါ်မှ ကျင့်ကြံသူများသည် သူတို့၏ ဦးခေါင်းပေါ်မှာ အဖြူရောင်အလင်းတန်းများ ဖြတ်ပြေးသွားကြောင်းသာ မြင်လိုက်ကြရ၏။ ငှက်မွှေးများ၏ ပုံရိပ်ကို ရှင်းလင်းစွာ မမြင်နိုင်ကြချေ။ ထို့ပြင် ငှက်မွှေးများ၏ ရွေ့လျားမှုက အလွန်တိတ်ဆိတ်၏။ လေကို ဖြတ်သန်းသွားသော အသံကိုပင် မကြားရပေ။ ယင်းက ငှက်မွှေးများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည် ဖြစ်သည်။
“ တကယ်လို့ ငါထွက်သွားချင်ရင် မင်းတို့ ငါ့ကို မတားဆီးနိုင်ဘူး… တောင်ပိုင်းမြေရိုင်းဒေသထဲက ဘယ်မိစ္ဆာသားရဲဘုရင်နဲ့မှ ငါရန်သူမဖြစ်ချင်ဘူး… အဲ့ဒီလူငယ်နှစ်ယောက်ကို ခေါ်ပြီး ဒီကနေ ချက်ချင်း ငါထွက်သွားမယ်… ဘာကိုမှ ငါဝင်မနှောင့်ယှက်ဘူး ”
ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူက စက်ကရာနှင့် တခြားမိစ္ဆာသားရဲဘုရင်များကို ကြည့်လိုက်သည်။ သူ၏ မိစ္ဆာတားဆီးလက်က လေထဲသို့ မြှောက်တတ်သွားပြီး အဖြူရောင်အလင်းဘောလုံးတစ်လုံးကို ဖွဲ့စည်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်က ကျောက်စိမ်းလက် ဖွဲ့စည်းလိုက်သော အဖြူရောင်အလင်းဘောလုံး၏ ကာကွယ်ပေးခြင်းခံလိုက်ရသည်။
“ ဒန်… ဒန်… ဒန်… ”
အဖြူရောင်ငှက်မွှေးများက ကျောက်စိမ်းအလင်းအကာအကွယ်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ အဖြူရောင်အလင်းအောက်မှာ သတ္ထုမြည်သံများ တရစပ် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့လွင့်သွားသည်။