← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း(၁၂၄)

“ ဘယ်လောက် အားကောင်းလိုက်တဲ့ ကျောက်စိမ်းလက်လဲ… အဲ့ဒါက ဓမ္မရတနာတစ်ခုရဲ့ စွမ်းအားလား… အားကောင်းတဲ့ တိုက်ခိုက်မှုကိုရော ခုခံကာကွယ်မှုကိုရော ပြုလုပ်နိုင်တယ်လား ”

အံ့ဩထိတ်လန့်မှုက သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဓားဝင်္ကပါ ပျက်စီးသွားသည့်အခိုက် သူ၏ ကျားဟိန်းသံကို ချက်ချင်း ရပ်တန့်လိုက်သည်။ ကျားဟိန်းသံအတတ်က လွန်စွာ လွှမ်းမိုးဗိုလ်ကျပြီး ယင်း၏ တိုက်ခိုက်စွမ်းအားက အလွန်သန်စွမ်းသော်လည်း မိစ္ဆာချီကုန်ဆုံးနှုန်းက ပိုပြီးကြောက်စရာကောင်း၏။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီခြောက်ဆယ်ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားသည်။

မိစ္ဆာသန့်စင်ခြင်းမီးဖိုက မိစ္ဆာချီကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသောကြောင့် မဟုတ်လျှင် ယခု သူ့ဆီမှာ စွမ်းအားအများကြီး ကျန်ရှိတော့မည် မဟုတ်ချေ။

အဖြူရောင်အလင်းက သာမန်ကျင့်ကြံသူများ၏ အမြင်အာရုံကို ဖုံးကွယ်နိုင်သော်လည်း ယင်းက သီရှီထျန်၏ စူးရှသောအမြင်ကို မည်သို့ ဖုံးကွယ်နိုင်မည်နည်း။ အကြည့်တစ်ချက်ဖြင့်ပင် သူက အလင်းဘောလုံးထဲမှ အခြေအနေကို မြင်တွေ့သွားသည်။

အဖြူရောင်အလင်းဘောလုံးထဲတွင် ကျောက်စိမ်းလက်၏ လက်ခလယ်က အမှန်တကယ် ကွေးညွတ်နေသည်။ လျှပ်တစ်ပြက်အတွင်းမှာ ကျောက်စိမ်းလက်၏ လက်ခလယ်က အကြိမ်တစ်ရာခန့် ကွေးချည်ဆန့်ချည် ပြုလုပ်လိုက်သည်။ ထိုသို့ဖြစ်သွားတိုင်း ကျောက်စိမ်းအလင်းတန်းများက နေရာအသီးသီးဆီသို့ ပျံသန်းထွက်သွားကြသည်။ ယင်းတို့က သူ့ဆီသို့ ပျံသန်းလာနေသော အဖြူရောင်ငှက်မွှေးတစ်ချောင်းပြီးတစ်ချောင်းကို ဖျက်ဆီးပစ်လိုက်သည်။ သူက စက္ကန့်ပိုင်းလေးအတွင်းမှာ ငှက်မွှေးအားလုံးကို တားဆီးနိုင်ခဲ့သည်။

“ ယွမ်အာ… မြန်မြန် ပြန်လာခဲ့ ”

ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူက ဤနေရာမှာ ဆက်မနေချင်တော့ကြောင်း ထင်ရှားပေသည်။ သူက ထပ်မံ အော်ခေါ်လိုက်သည်။

ကျိုးယွမ်ဖေးနှင့် ချူယွမ်က အတူတကွ ရပ်နေကြသည်။ အစောနက သူတို့က အနက်ရောင်မျောက်ဝံဘုရင်နှင့် တိုက်ခိုက်နေခဲ့ကြသည်။ ယခုအချိန်မှာ သူတို့၏ အဝတ်အစားများက စုတ်ပြဲနေပြီး ပရမ်းပတာဖြစ်နေသည်။ ဒဏ်ရာများက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်နေပြီး သွေးကွက်တချို့က သူတို့၏ အဝတ်အစားပေါ်မှာ စွန်းထင်နေသည်။

အနက်ရောင်မျောက်ဝံဘုရင်နှင့် တိုက်ပွဲတွင် သူတို့ဆီမှာ ထိပ်တန်းအဆင့် သက်စောင့်ဓမ္မလက်နက်ရှိနေသည့်တိုင် သူတို့က အသားစီးမရခဲ့ကြပေ။ နောက်ပိုင်းတွင် သူတို့က ဓားဝင်္ကပါနှင့် စက်ကရာ၏ အသံလှိုင်းတိုက်ခိုက်မှုကို ထပ်မံ ရင်ဆိုင်ခဲ့ကြရသည်။ အဖြစ်အပျက်များက တစ်ခုပြီးတစ်ခု အလွန်မြန်ဆန်စွာ ဖြစ်ပျက်ခဲ့သောကြောင့် သူတို့က အနောက်ဆုတ်ရန် အခွင့်အရေးမရခဲ့ကြပေ။ ကံကောင်းသောကြောင့်သာ ယခုအချိန်ထိ သူတို့တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။

“ ဂိုဏ်းတူညီမယွမ်… သွားကြရအောင်… ဒီနေရာက ကိစ္စက အကိုတို့ ဝင်စွက်ဖက်နိုင်တဲ့အရာ မဟုတ်ဘူး… အခုချိန်မှ မထွက်သွားရင် ဒီနေရာမှာ အကိုတို့ အသက်ဆုံးရှုံးသွားလိမ့်မယ် ”

ကျိုးယွမ်ဖေးသည် သူ့အရှေ့မှ အခြေအနေကို ရှင်းလင်းစွာ နားလည်သည်။ ယခုအချိန်က ခွန်အားပြရမည့်အချိန် မဟုတ်ကြောင်း သူသိသည်။ ယခုအချိန်မှာ အရေးကြီးဆုံးက ဤနေရာမှ ထွက်သွားရန် ဖြစ်သည်။ ဤတိုက်ပွဲ၏ အပြောင်းအလဲက သူ၏ မျှော်လင့်ထားမှုထက် အများကြီး ကျော်လွန်သွားသည်။

သူက မိစ္ဆာသားရဲဘုရင်များကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ယင်းကို ချူယွမ်ကြားသောအခါ သူက ဘေးပတ်ဝန်းကျင်ကို မြန်ဆန်စွာ ဝေ့ဝိုက်ကြည့်လိုက်သည်။ သူက ကျိုးယွမ်ဖေးနားသို့ ချဉ်းကပ်သွားပြီး ဉာဏ်များသော အမူအရာဖြင့် တိုးတိုးလေး ပြောသည်။

“ ဂိုဏ်းတူအကိုကျိုး… အခုချိန်မှာ မိစ္ဆာသားရဲတွေအားလုံးက ကျွန်မရဲ့ တတိယဦးရီးတော်နဲ့ တိုက်ခိုက်နေကြတယ်… သူတို့ရဲ့ စိတ်အာရုံက တတိယဦးရီးတော်ဆီမှာပဲ ရှိနေတယ်… ရှင်ဘာလို့ နဂါးဖမ်းကြိုးကို အသုံးမပြုတာလဲ… ဒီအခွင့်အရေးကို အသုံးချပြီး မိစ္ဆာကျားကို ဖမ်းဆီးလိုက်ပါ… ပြီးသွားရင် တတိယဦးရီးတော်ရဲ့ ကာကွယ်ပေးမှုနဲ့အတူ ဒီကနေ ထွက်သွားကြမယ်… အဲ့ဒီအခါ ဘာပြဿနာမှ မရှိနိုင်ပါဘူး ”

သီရှီထျန်၏ အံ့ဖွယ်စွမ်းအားနှင့် အသံလှိုင်းတိုက်ခိုက်မှုကို ချူယွမ်မြင်သောအခါ ကျားနက်ကို လိုချင်စိတ်က ပိုပြီးပြင်းပြလာသည်။ သူက လက်ဗလာဖြင့် ဤနေရာမှ မည်သို့ပြန်သွားနိုင်မည်နည်း။ သူက ခေါင်းထဲမှာ ထွက်ပေါ်လာသော အတွေးကို ကျိုးယွမ်ဖေးအား ချက်ချင်း ပြောပြသည်။

သူ၏ မျှော်လင့်ချက်က ကျိုးယွမ်ဖေး ယခင်က ပြောခဲ့ဖူးသော နဂါးဖမ်းကြိုး ဖြစ်သည်။ ထိုကြိုးက ထူးဆန်းသော ရတနာဖြစ်သည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည်ပင် သတိမထားလျှင် နဂါးဖမ်းကြိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခံရလိမ့်မည်။ မည်သို့ဖြစ်ပါစေ ယင်းက ရေနဂါးတစ်ကောင်၏ အကြောမျှင်များဖြင့် သန့်စင်ထားသော ဓမ္မရတနာဖြစ်သည်။ သို့ဖြစ်၍ နဂါးဖမ်းကြိုး၏ စွမ်းရည်ကို သံသယရှိရန် မလိုပေ။

“ အဲ့ဒါက… ”

ယင်းကို ကျိုးယွမ်ဖေးကြားသောအခါ သူက တဒင်္ဂ တုံ့ဆိုင်းသွားသည်။

“ ရှင် ဘာလို့ စဉ်းစားနေသေးတာလဲ… အခုချိန်က အကောင်းဆုံး အခွင့်အရေးလေ… မြန်မြန် လုပ်ပါ ”

ချူယွမ်က အလျင်စလို တိုက်တွန်းသည်။

ကျိုးယွမ်ဖေး၏ မျက်လုံးထဲ၌ အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်လာသည်။ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ မိစ္ဆာသားရဲဘုရင်များ၏ စိတ်အာရုံက ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူပေါ်မှာ ကျရောက်နေကြောင်း မြင်တွေ့သွားသည်။

မည်သို့ဖြစ်ပါစေ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ထွက်ပေါ်လာမှုက မဒူဆာနှင့် တခြားမိစ္ဆာသားရဲဘုရင်များအတွက် ပေါ့သေးသေးကိစ္စ မဟုတ်ပေ။

“ ဒီဟာက အခွင့်အရေးကောင်းပဲ ”

ကျိုးယွမ်ဖေး၏ လက်ထဲမှာ အလင်းရောင် ဝင်းလက်သွားသည်။ နောက်အခိုက်အတန့်မှာ ထွန်းလင်းတောက်ပသော ကြိုးခွေတစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ ကြိုးပေါ်တွင် နက်နဲရှုပ်ထွေးသော မှော်သင်္ကေတများ ရှိသည်။ ကြိုး၏ အသွင်သဏ္ဍာန်သည်လည်း အလွန်ထူးဆန်းသည်။ ကြိုး၏ အစွန်းတစ်ဖက်တွင် အသက်ဝင်နေဟန်ရသော နဂါးဦးခေါင်း ရှိသည်။ အခြားအစွန်းတစ်ဖက်တွင်တော့ နဂါးအမြှီး ရှိသည်။ အကယ်၍ ထိုနှစ်ခုကို အတူတကွ ဆက်လိုက်လျှင် အရွယ်အစားသေးငယ်သော နဂါးတစ်ကောင် ဖြစ်ပေါ်လာလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်က ကြိုးပေါ်မှ နက်နဲရှုပ်ထွေးသော မှော်သင်္ကေတများကို သေချာဂရုတစိုက် စစ်ဆေးကြည့်မည်ဆိုလျှင် ယင်းတို့က မရေမတွက်နိုင်သော နဂါးအကြေးခွံများနှင့် ဆင်တူကြောင်း မြင်ရလိမ့်မည်။ ကြိုးသည် ဓမ္မရတနာနှင့် မတူပေ။ ယင်းအစား နဂါးတစ်ကောင်၏ သက်မဲ့ရုပ်ကြွင်းနှင့် ပိုပြီးဆင်တူသည်။ ယင်းက အလွန်အသက်ဝင်ပြီး အံ့ဖွယ်ကောင်းသည်။

“ နဂါးဖမ်းကြိုး… အဲ့ဒီမိစ္ဆာကျားကို ချည်နှောင်လိုက်စမ်း ”

ကျိုးယွမ်ဖေးက အော်ပြောလိုက်သည်။ ထိုအခါ သူ၏ လက်ဖဝါးပေါ်မှ နဂါးဖမ်းကြိုးက သူ့ဘာသာ အသက်ဝင်လာဟန် ရ၏။ ကြိုးက သေးငယ်သော နဂါးတစ်ကောင်အဖြစ် အမှန်တကယ် ပြောင်းလဲသွားသည်။ နဂါးသည် မယုံကြည်နိုင်ဖွယ်ကောင်းသော အလျင်နှင့်အတူ သီရှီထျန်၏ ဧရာမခန္ဓာကိုယ်ဆီသို့ ပျံသန်းသွားသည်။ ထို့ပြင် မှိတ်တုတ်မှိတ်တုတ် ထွန်းလင်းသော အလင်းရောင်နှင့်အတူ နဂါးဖမ်းကြိုးက ရုတ်တရက် ရှည်လျားသွားပြီး သေးငယ်လာသည်။

လျှပ်တစ်ပြက်အတွင်းမှာ နဂါးဖမ်းကြိုးက သီရှီထျန်၏ အနားသို့ ရောက်ရှိလာသည်။ နဂါးဦးခေါင်းက အလွန်တိတ်ဆိတ်စွာ ချဉ်းကပ်သွားနေလေရာ သီရှီထျန်၏ ခန္ဓာကိုယ်နားသို့ ရောက်ရန် သိပ်မလိုတော့ပေ။

ထိုမြင်ကွင်းကို မြင်သောအခါ ချူယွမ်က ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားသွားသည်။ သူ၏ မျက်နှာပေါ်မှာ မျှော်လင့်မှုဖြင့် ပြည့်နှက်သွားသည်။ ထို့ပြင် သူ၏ မျက်လုံးထဲမှာ စိုးရိမ်သော အကြည့်လည်း ရှိ၏။ သူက မည်သည့်အဖြစ်အပျက်ကိုမှ အလွတ်မခံချင်သောကြောင့် မျက်တောင်ပင်မခတ်ဝံ့ပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ…

သီရှီထျန်က ရုတ်တရက် အနောက်သို့ ခေါင်းလှည့်လိုက်သည်။ သူက သွေးဆာလောင်နေသော ပါးစပ်ကို ဟလိုက်ပြီး ကျိုးယွမ်ဖေးနှင့် ချူယွမ်ကို သရော်လှောင်ပြောင်သော အမူအရာဖြင့် အထင်သေးစွာ ကြည့်လိုက်သည်။

“ မင်းတို့တွေ ငါ့အနောက်ကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာလိမ့်မယ်ဆိုတာ ငါသိတယ်… မင်းတို့မသေမျိုးကျင့်ကြံသူတွေက ဉာဏ်အများဆုံးနဲ့ ကောက်ကျစ်အယုတ်မာဆုံး သတ္တဝါတွေဆိုတာ ဒီဘုရင် သိပြီးသား… ငါသီရှီထျန်က ဘယ်လိုလုပ် ဒီလိုလှည့်ကွက်ထဲ ကျဆင်းသွားမှာလဲ ”

စကားပြောလိုက်သည်နှင့်ချက်ချင်း သူ၏ ကျားခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ ချက်ချင်းဆိုသလိုပင် မိစ္ဆာမြူခိုးက သူ၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာ မိစ္ဆာမြူခိုးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်ဖုံးလွှမ်းသွားသည်။ ထို့နောက် မိစ္ဆာမြူခိုးက မြန်ဆန်စွာ ကျုံ့သွားပြီး မဟူရာလခြမ်းကွေးဓားများအဖြစ် ဖွဲ့စည်းသွားသည်။

မိစ္ဆာမြူနှင်းဓားသွားကို သူဖန်တီးပြီးနောက် ယင်းကို သူအားလပ်သည့်အခါတိုင်း အဆက်မပြတ် လေ့ကျင့်ခဲ့သည်။ သူက မိစ္ဆာမြူနှင်းဓားသွားကို ဖွဲ့စည်းသည့် ကြာချိန်ကို တတ်နိုင်သမျှ လျော့ချရန် ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့သည်။ သူက မိစ္ဆာမြူနှင်းဓားသွားကို အချိန်တိုလေးအတွင်း မြန်ဆန်စွာ ဖွဲ့စည်းချင်သည်။ အကယ်၍ ဖြစ်နိုင်လျှင် သူက မိစ္ဆာမြူနှင်းဓားသွားကို အတွေးတစ်ချက်ဖြင့် ချက်ချင်း ဖွဲ့စည်းချင်သည်။ ထိုအခါကျလျှင် သူ၏ မိစ္ဆာမြူနှင်းဓားသွားက အံ့ဖွယ်ကောင်းသော တိုက်ခိုက်ရေးအတတ်ပညာတစ်ခု ဖြစ်လာလိမ့်မည်။

ကြိမ်ဖန်များစွာ လေ့ကျင့်ပြီးနောက် သူက အတွေးတစ်ချက်ဖြင့် ဖွဲ့စည်းနိုင်သော နယ်ပယ်သို့ မရောက်ရှိသေးသော်လည်း မိစ္ဆာမြူနှင်းဓားသွားကို ဖွဲ့စည်းနိုင်သော ကြာချိန်ကို အတတ်နိုင်ဆုံး လျော့ချနိုင်ခဲ့သည်။ ထို့ကြောင့် ယခုအချိန်မှာ သူက မိစ္ဆာမြူနှင်းဓားသွားကို မြန်ဆန်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။

စက္ကန့်ပိုင်းလေးအတွင်းမှာ မိစ္ဆာမြူနှင်းဓားသွားများက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ချက်ချင်း ဖွဲ့စည်းသွားကြသည်။

“ မင်းက ဒီဘုရင်ကို ချည်နှောင်ချင်တယ်လား… မင်းရဲ့ စွမ်းအားက မလုံလောက်သေးဘူး… ချိုးဖြတ်လိုက်စမ်း ”

သူ၏ အမိန့်ပေးမှုအောက်မှာ ဒါဇင်ချီသော မိစ္ဆာမြူနှင်းဓားသွားများက အရှေ့သို့ တစ်ပြိုင်နက် ပျံသန်းထွက်သွားကြပြီး ကြွပ်ဆပ်သော သတ္ထုမြည်သံကို ထုတ်လွှတ်လိုက်သည်။ အနက်ရောင်အလင်းတန်းများက အရပ်မျက်နှာအသီးသီးထံမှ ထွက်ပေါ်လာကြသည်။ ယင်းတို့က နဂါးဖမ်းကြိုးကို တစ်ပြိုင်နက်ဖြစ်လုနီးပါး ခုတ်ပိုင်းလိုက်ကြသည်။

ကံမကောင်းစွာပင် သီရှီထျန် မျှော်လင့်ထားသော မြင်ကွင်းက မဖြစ်ပေါ်လာပေ။ နဂါးဖမ်းကြိုးက မပြတ်တောက်သွားပေ။ ယင်းအစား ကြိုးပေါ်တွင် မှိတ်တုတ်မှိတ်တုတ်အလင်း ထွက်ပေါ်လာသည်။ မိစ္ဆာမြူနှင်းဓားသွားများ၏ တိုက်ခိုက်စွမ်းအားက နဂါးဖမ်းကြိုးပေါ်မှ အလင်းကြောင့် အားနည်းသွားသည်။ စွမ်းအားနှစ်ဆယ်ရာခိုင်နှုန်း သုံးဆယ်ရာခိုင်နှုန်းခန့်သာ ကြိုးပေါ်သို့ ကျရောက်သွားသည်။ ထိုမျှစွမ်းအားက နဂါးဖမ်းကြိုးအပေါ် မည်သည့်ထိခိုက်ပျက်စီးမှုမှ မဖြစ်စေပေ။

“ ဘယ်လောက် သန်မာလိုက်တဲ့ ရတနာလဲ… ငါသီရှီထျန် အဲ့ဒီကြိုးကို လိုချင်တယ် ”

မိစ္ဆာမြူနှင်းဓားသွား၏ စွမ်းအားကို ကောင်းကောင်း သူသိသည်။ သာမန်ဓမ္မလက်နက်တစ်ခုက မိစ္ဆာမြူနှင်းဓားသွားဒါဇင်ခန့်ဖြင့် ခုတ်ပိုင်းခံရလျှင် ယင်း၏ မျက်နှာပြင်ပေါ်မှာ အက်ကွဲရာများ သေချာပေါက် ထွက်ပေါ်လာလိမ့်မည်။ မသေမျိုးကျင့်ကြံသူတစ်ယောက်၏ ဓားပျံသည်ပင် သူ၏ မိစ္ဆာမြူနှင်းဓားသွားများကို မည်သည့်ထိခိုက်ပျက်စီးမှုမှ မဖြစ်စေဘဲ ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူ၏ မိစ္ဆာမြူနှင်းဓားသွားများက နဂါးဖမ်းကြိုးကို ခုတ်ပိုင်းလိုက်သည့်အခါ ကြိုးပေါ်တွင် မည်သည့်ခြစ်ရာမှ မထွက်ပေါ်လာပေ။ မိစ္ဆာမြူနှင်းဓားသွားများ နဂါးဖမ်းကြိုးပေါ်သို့ ကျဆင်းသွားသည့်အခိုက် ဓားသွားမှ ထုတ်လွှတ်နေသော ထက်ရှမှုက ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ရှင်းလင်းစွာ သူခံစားမိခဲ့သည်။

ထိုနဂါးဖမ်းကြိုးက အံ့ဖွယ်ထူးခြားသော ဓမ္မရတနာဖြစ်ကြောင်း သီရှီထျန် ချက်ချင်း သိလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ထိုကြိုးကို ပိုင်ဆိုင်ချင်သော အတွေးက သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။

နဂါးဖမ်းကြိုးသည် မိစ္ဆာမြူနှင်းဓားသွားများ၏ တိုက်ခိုက်မှုအောက်မှာ မည်သည့်ထိခိုက်ပျက်စီးမှုမှ မဖြစ်ခဲ့သော်လည်း ယင်းက လေထဲမှာ ရပ်တန့်သွားသည်။ ကြိုးသည် ကိုယ်ပိုင်အသက်ဝိညာဉ် ရှိနေသည့်အလား မှိတ်တုတ်မှိတ်တုတ် အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။

“ မကောင်းတော့ဘူး… မိစ္ဆာကျားက ငါတို့ကို ရှာတွေ့သွားပြီ… ဂိုဏ်းတူညီမယွမ်… မိစ္ဆာကျားကို ဒီတစ်ကြိမ် မဖမ်းဆီးနိုင်တော့ဘူး… ဒီကနေ အမြန်ဆုံး ထွက်သွားကြရအောင်… အရင်ဆုံး နဂါးဖမ်းကြိုးကို ငါပြန်ယူရမယ် ”

ကျိုးယွမ်ဖေးသည် လူငယ်မျိုးဆက်၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သီရှီထျန်၏ မျက်လုံးထဲမှ အထင်သေးရှုံ့ချမှုကို သတိထားမိသောအခါ သူတို့၏ အကြံအစည်က ထုတ်ဖော်ခံလိုက်ရပြီဖြစ်ကြောင်း သူသိလိုက်သည်။ ဤသို့အခြေအနေမျိုးမှာ အရှေ့ဆက်တိုးခြင်းက မဟန်ကြောင်း သူနားလည်သည်။

နဂါးဖမ်းကြိုးမှာ အစွမ်းထက်သော တိုက်ခိုက်စွမ်းရည်မရှိခြင်း မဟုတ်ပေ။ မည်သို့ဖြစ်ပါစေ ယင်းက ဓမ္မရတနာတစ်ခု ဖြစ်သည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းရည်က ချီသန့်စင်ခြင်းနယ်ပယ်မှာသာ ရှိသေး၏။

ဓမ္မရတနာ၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်ရန် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းစွမ်းအားကို လိုအပ်သည်။ သို့ဖြစ်၍ ချီသန့်စင်ခြင်းနယ်ပယ်မှာသာ ရှိသေးသော သူက နဂါးဖမ်းကြိုး၏ စွမ်းရည်ကို အပြည့်အဝ မထုတ်လွှတ်နိုင်ပေ။ သူက နဂါးဖမ်းကြိုး၏ စွမ်းရည်တစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုနိုင်သည်။

ထို့ပြင် ဤနေရာမှာ ရန်သူများက ဘေးပတ်ပတ်လည်မှာ ရှိနေကြသည်။ ဤနေရာမှာ အချိန်ကြာကြာ ဆက်နေခြင်းက သူတို့အတွက် မကောင်းမွန်ပေ။ အကယ်၍ ကံမကောင်းလျှင် သူတို့က ဤနေရာမှာတင် အသက်ဆုံးရှုံးသွားနိုင်သည်။

နောက်ဆုံးရလဒ်အနေဖြင့် ကျိုးယွမ်ဖေးက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက သီရှီထျန်ကို ဆက်ပြီး တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။ သူက ချိပ်တံဆိပ်လက်ဟန်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်လေရာ နဂါးဖမ်းကြိုးက ချက်ချင်း ထွန်းလင်းတောက်ပလာသည်။ နဂါးဖမ်းကြိုး၏ နဂါးဦးခေါင်းက ရုတ်တရက် အနောက်သို့ လှည့်လိုက်ပြီး ဦးတည်ရာပြောင်းလိုက်သည်။ နဂါးဖမ်းကြိုးက အမှန်တကယ်ပင် ကျိုးယွမ်ဖေးဆီသို့ ပြန်သွားသည်။

“ မင်းက ကြိုးကို ပြန်ယူချင်တယ်လား… အဲ့လောက်လွယ်မလား… အဲ့ဒါကို ငါ့အတွက် ချန်ထားခဲ့စမ်း ”

စက်ကရာက နဂါးဖမ်းကြိုးကို လိုချင်နေလေရာ ယင်းကို မည်သို့ကြောင့် အလွယ်တကူ ပြန်ပေးနိုင်မည်နည်း။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ကျားလက်သည်းကို မြှောက်လိုက်ကာ အဝေးမှ နဂါးဖမ်းကြိုးထံသို့ ကုတ်ဆွဲလိုက်သည်။

အခန်း(၁၂၅)

“ ဂရား ”

ကျားလက်သည်းကို သူကုတ်ဆွဲလိုက်သည်နှင့် မထင်မရှား ကျားဟိန်းသံက လေထဲမှာ ရုတ်တရက် ပျံ့လွင့်သွားသည်။ ယင်းက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းက သူ၏ ကျားရဲအရှိန်အဝါမှ အလိုအလျောက် ပဲ့တင်ထပ်နေခြင်း ဖြစ်သည်။ မိစ္ဆာချီလှိုင်းများက ကျားလက်သည်းထဲသို့ တစ်လှိုင်းပြီးတစ်လှိုင်း ဆက်တိုက် စီးဆင်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကျားလက်သည်းထဲ၌ မိစ္ဆာချီဖြင့် ပြည့်နှက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ကျားရဲအရှိန်အဝါနှင့်အတူ အဖျက်စွမ်းအားက ပေါ်လျှိုးလာသည်။ ဤအခိုက်အတန့်မှာ စက်ကရာ၏ သားရဲဘုရင်အရှိန်အဝါက တစ်ဟုန်ထိုး အားကောင်းလာသည်။

“ ဝုန်း ”

အရွယ်အစားကြီးမားပြီး ထူထဲသော အနက်ရောင်ကျားလက်သည်းက သူ့အရှေ့မှ လေထဲမှာ ဖွဲ့စည်းသွားပြီး အရှေ့သို့ ပျံသန်းထွက်သွားသည်။ ကျားလက်သည်းသည် အလွန်မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကျားလက်သည်းက အံ့ဖွယ်အရှိန်အဟုန်နှင့်အတူ နဂါးဖမ်းကြိုး၏ အပေါ်မှာ ထွက်ပေါ်လာပြီး အောက်သို့ ဆင်းသက်လာသည်။

ကျားလက်သည်း၏ ရွေ့လျားမှုက အလွန်မြန်ဆန်သည်။ ထို့ပြင် ကျားလက်သည်းထံမှ ထုတ်လွှတ်နေသော ထက်ရှမှုက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကိုပင် အကျဉ်းချလိုက်ဟန် ရ၏။ ထိုဧရိယာအတွင်းထဲမှ အရာအားလုံးက မယုံကြည်နိုင်ဖွယ်ကောင်းစွာ ရပ်တန့်သွား၏။ ထိုမြင်ကွင်းက အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။ နဂါးဖမ်းကြိုးသည်ပင် ကျားလက်သည်း၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါအောက်မှာ တဒင်္ဂ ရပ်တန့်သွားရသည်။

နဂါးဖမ်းကြိုးက တဒင်္ဂမျှသာ ရပ်တန့်သွားသော်လည်း ထိုအချိန်တိုလေးအတွင်းမှာ အနက်ရောင်ကျားလက်သည်းက အောက်သို့ ဆင်းသက်လာပြီး နဂါးဖမ်းကြိုးကို ဖုံးအုပ်လိုက်သည်။ နောက်အခိုက်အတန့်မှာ အနက်ရောင်ကျားလက်သည်းက နဂါးဖမ်းကြိုးကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်သည်။

“ မင်းကများ ငါ့ရဲ့ နဂါးဖမ်းကြိုးကို လိုချင်နေတယ်လား… စဉ်းတောင် မစဉ်းစားနဲ့ ”

ကျိုးယွမ်ဖေး၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက လက်နှစ်ဖက်စလုံးကို မြန်ဆန်စွာ လှုပ်ရှားလိုက်ပြီး ချိပ်တံဆိပ်သင်္ကေတများကို ဆက်တိုက် ဖွဲ့စည်းလိုက်သည်။ ချိပ်တံဆိပ်သင်္ကေတများကို သူဖွဲ့စည်းလိုက်သည်နှင့် ကျားလက်သည်း၏ ဖမ်းဆုပ်ခံရတော့မည့် နဂါးဖမ်းကြိုးက ရုတ်တရက် အလွန်အားကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ နဂါးဖမ်းကြိုး၏ ရုန်းကန်မှုအောက်မှာ ကျားလက်သည်းက ပြင်းထန်စွာ တုန်ယင်လာသည်။

မိစ္ဆာချီမှ ဖွဲ့စည်းသွားသော ကျားလက်သည်းသည် နဂါးဖမ်းကြိုး၏ ရုန်းကန်မှုကြောင့် ပြိုကွဲသွားတော့မည့်ဟန် ရ၏။

“ ဟွန့်… ငါ့လက်ထဲ ရောက်ပြီးသားအရာကို ပြန်ပေးရမယ်တဲ့လား… စိတ်ကူးယဉ်နေလိုက်… ပြန်လာစမ်း ”

သီရှီထျန်၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။ နဂါးဖမ်းကြိုး၏ ရုန်းကန်မှုက အလွန်အားကောင်းသည်။ သို့တိုင် သူက စိတ်အားမလျော့သွားပေ။ သူ၏ မိစ္ဆာစံအိမ်ထဲတွင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက မြန်ဆန်စွာ လှည့်ပတ်သွားသည်။ မိစ္ဆာချီက မိစ္ဆာစံအိမ်ထဲမှ ဒလဟော တိုးထွက်လာပြီး သူ၏ ကျားလက်သည်းထဲသို့ စီးဆင်းသွားသည်။ သူက မည်သည့်အရာကိုမှ ဂရုစိုက်မနေဘဲ နဂါးဖမ်းကြိုးကို ဆက်ပြီး ချုပ်နှောင်လိုက်သည်။

ထို့ပြင် သူက ကျားလက်သည်းကို သူ့ထံသို့ အားသုံး၍ ဆွဲလိုက်သည်။ သူက နဂါးဖမ်းကြိုးကို သူ့ဆီသို့ ဆွဲယူချင်နေသည်။

ထိုမျှသာ မဟုတ်ပေ။ သီရှီထျန်သည် အခြားကျားလက်သည်းကို မြှောက်လိုက်ပြီး ကျိုးယွမ်ဖေးကို တိုက်ခိုက်လိုက်သည်။ မိစ္ဆာချီ၏ အားဖြည့်ပေးမှုအောက်မှာ အနက်ရောင်ကျားလက်သည်းတစ်ခုက ကျိုးယွမ်ဖေး၏ အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာပြီး သူ၏ ရင်ဘက်ကို တိုက်ခိုက်လိုက်သည်။

“ ဟမ် ”

ကျိုးယွမ်ဖေး အံ့ဩထိတ်လန့်သွားသည်။ သူ၏ မျက်လုံးထဲမှာ တုံ့ဆိုင်းမှုနှင့် အမုန်းတရား ထွက်ပေါ်လာသည်။ ဓားလက်ချောင်းကို ဆန့်ထုတ်လိုက်သည်နှင့် သူ၏ ကျောနောက်မှ မိစ္ဆာသုတ်သင်ဓားက အရှေ့သို့ ပျံသန်းထွက်လာပြီး ကျားလက်သည်းကို ခုခံတားဆီးလိုက်သည်။

သို့တိုင် ကျားလက်သည်းထဲမှာ ကိန်းအောင်းနေသော အင်အားကြောင့် သူက နာကျင်စွာ ညည်းညူလိုက်ရသည်။ သူက မျက်နှာရှုံ့မဲ့သွားသည်။ သူက နောက်ဆုံးအနေနှင့် နဂါးဖမ်းကြိုးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက စိတ်ဓာတ်ပြတ်သားသော အမူအရာဖြင့် ချူယွမ်ကို လက်ဆွဲကာ အနောက်လှည့်၍ ထွက်သွားသည်။

“ သွားကြစို့… အသက်ရှင်နေသေးရင် မျှော်လင့်ချက်ရှိတယ်… ဒီနေ့ ရန်ကြွေးကို အနာဂတ်မှာ ငါသေချာပေါက် ပြန်ယူမယ် ”

အဘယ့်ကြောင့်ဆိုသော် ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူကို အထူးအာရုံစိုက်နေကြသော ဘုရင်မမဒူဆာနှင့် တခြားမိစ္ဆာသားရဲဘုရင်များက စိတ်မရှည်သော အမူအရာကို ထုတ်ဖော်လာကြောင်း သူမြင်လိုက်ရသောကြောင့်ပင်။

အကယ်၍ သူတို့က အရူးအမူး တိုက်ခိုက်လာကြမည်ဆိုလျှင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည်ပင် ဤနေရာမှ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။ ယခုအချိန်မှ သူတို့မထွက်သွားလျှင် နောက်ထပ် အခွင့်အရေးရှိတော့မည် မဟုတ်ချေ။

ယင်းက သူ့ကို ရွေးချယ်မှုနှစ်ခု ပေးသည်။

ရှင်းလင်းစွာပင် သူက အသက်ရှင်ရန် ရွေးချယ်လိုက်ပြီး နဂါးဖမ်းကြိုးကို လက်လွှတ်လိုက်သည်။ ရွေးချယ်မှုနှစ်ခုကို မည်သို့သူချင့်ချိန်ပါစေ သူ့အသက်က အရေးကြီးဆုံး ဖြစ်သည်။

ထို့ကြောင့် သူက နဂါးဖမ်းကြိုးကို စိတ်ဓာတ်ပြတ်သားစွာ လက်လျော့လိုက်သည်။ သူက နောက်ထပ် စဉ်းစားမနေတော့ဘဲ မိစ္ဆာသုတ်သင်ဓားကို စီးနင်း၍ ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူ၏ ဘေးသို့ ချက်ချင်း ပျံသန်းသွားသည်။

ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူက ကျိုးယွမ်ဖေး၏ လုပ်ဆောင်မှုကို မြင်သောအခါ ချီးကျူးမှုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ သွားကြစို့… ဒီနေရာကနေ ထွက်သွားကြမယ် ”

လူငယ်နှစ်ယောက် ရောက်လာသည်ကို ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူမြင်သောအခါ သူက နောက်ထပ် စဉ်းစားမနေတော့ပေ။ သူက ဤနေရာမှာ နောက်ထပ် တစ်စက္ကန့်ပင် ဆက်မနေချင်ပေ။

သူက လူငယ်နှစ်ယောက်ကို လက်ဆွဲ၍ အနောက်လှည့်လိုက်သည်။ သူက ကျိုးယွမ်ဖေး မိစ္ဆာသုတ်သင်ဓားကို စီးနင်းသော အလျင်ထက် အဆပေါင်းများစွာ ပိုမြန်သော အလျင်ဖြင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှ ပျံသန်းထွက်သွားသည်။

“ အခုမှ ထွက်သွားချင်တယ်လား… ငါရှိနေတာ အဲ့လောက် လွယ်ကူမယ်တဲ့လား ”

ဘုရင်မမဒူဆာက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူက တစ်ဖက်လူကို မည်သို့ကြောင့် လွယ်ကူစွာ ထွက်သွားခွင့်ပေးနိုင်မည်နည်း။ သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော အရှိန်အဝါက ပုံမှန်မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်လာသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်က အသက်မဲ့သော ကျောက်တုံးတစ်တုံးသဖွယ် ဖြစ်လာဟန် ရ၏။ သူ၏ တစ်ကိုယ်လုံးက မာကျောအေးစက်လာပြီး စိတ်ခံစားချက်ကင်းမဲ့သွားသည်။ သူ့မျက်လုံးထဲမှ အကြည့်သည်ပင် ချက်ချင်း ပြောင်းလဲသွားသည်။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်အလင်းက သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ထို့နောက် သူက ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူကို စိုက်ကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလို ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

သူစိုက်ကြည့်လိုက်သော ဦးတည်ရာတွင် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်က အံ့ဖွယ်ကောင်းစွာ စတင်ပြောင်းလဲသွားသည်။ ရှေးဟောင်းသစ်ပင်ကြီး၏ အမြစ်များမှစတင်၍ ပင်စည်နှင့် အကိုင်းအခတ်များက ရုတ်တရက် အရောင်ပြောင်းသွားသည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ သစ်ပင်ကြီးက ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်ပင်ကြီးတစ်ခုလုံးက ကျောက်တုံးသစ်ပင်အဖြစ် လုံးဝ ပြောင်းလဲသွားသည်။ သစ်ပင်၏ အသက်ဓာတ်သည်ပင် ချက်ချင်း ခမ်းခြောက်သွားသည်။

မဒူဆာမျက်လုံး… ။

ယင်းက အလွန်ကြောက်စရာကောင်းသည်။

မဒူဆာမျက်လုံးကို အသုံးပြုလိုက်သည်နှင့် သူ၏ မြင်ကွင်းအရှေ့မှ အရာအားလုံးက ချက်ချင်း ကျောက်ရုပ်ဖြစ်သွားလိမ့်မည်။ လျှပ်တစ်ပြက်အတွင်းမှာ မဒူဆာမျက်လုံး၏ စွမ်းအားက ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူပေါ်သို့ ကျရောက်လာသည်။

“ ဘယ်လောက် အားကောင်းလိုက်တဲ့ မဒူဆာမျက်လုံးလဲ… မိစ္ဆာတားဆီးလက် ”

ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူသည် အမှန်တကယ် သာမန်မဟုတ်ပေ။ မဒူဆာမျက်လုံး၏ စွမ်းအားက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့မည်ဖြစ်ကြောင်း သူမြင်သောအခါ သူ၏ ဘယ်လက်ကို ချက်ချင်း မြှောက်၍ ခုခံတားဆီးလိုက်သည်။ ထို့နောက် ကျောက်စိမ်းလက်သည် ကျောက်စိမ်းအလင်းကို ထုတ်လွှတ်၍ သူ၏ နောက်ကျောကို ကာကွယ်ပေးလိုက်သည်။

ကျောက်စိမ်းလက်သည် မဒူဆာမျက်လုံး၏ အံ့ဖွယ်စွမ်းအားကို အာရုံခံမိသွားသည့်အလား အဖြူရောင်ကျောက်စိမ်းအလင်းကို ထုတ်လွှတ်လိုက်သည်။ အဖြူရောင်အလင်းက သူတို့သုံးယောက်ကို ဖုံးလွှမ်းသွားသည်။

ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်က တဒင်္ဂမျှသာ ရပ်တန့်သွားသည်။ ထို့နောက် သူက ပိုပြီးမြန်ဆန်သော အလျင်ဖြင့် အဝေးသို့ ချက်ချင်း ပျံသန်းသွားသည်။

ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူနှင့် မိစ္ဆာသားရဲဘုရင်များ တိုက်ခိုက်နေကြသည်ကို အခွင့်ကောင်းယူ၍ ကျင့်ကြံသူများက အရပ်မျက်နှာအသီးသီးဆီသို့ အမြန်ဆုံး ထွက်ပြေးသွားကြသည်။ မြေကြီးပေါ်တွင် မရေမတွက်နိုင်သော အလောင်းများက ပြန့်ကျဲနေသည်။

သို့သော် ထိုအရာအားလုံးကို ဖော်ပြရန် အချိန်ကြာသော်လည်း အမှန်မှာ ယင်းတို့အားလုံးက စက္ကန့်ပိုင်းလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံသူအများအပြားက ထိုသို့သတိမရှိကြချေ။ သို့ဖြစ်၍ လူအနည်းစုသာလျှင် အမှန်တကယ် ထွက်ပြေးလွတ်မြောက်သွားကြသည်။ မိုးထိတောင်ပေါ်တွင် ကျင့်ကြံသူရာဂဏန်းခန့် ကျန်ရှိနေဆဲပင်။

“ ဟွန့် ”

ဝတ်စုံစိမ်းဝတ် ကျင့်ကြံသူက အမှန်တကယ် ထွက်သွားနိုင်ကြောင်း မဒူဆာမြင်သောအခါ သူ၏ မျက်လုံးထဲမှာ လေးနက်သောအကြည့် ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏ တွက်ချက်မှုက မှားယွင်းသွားသည့်အလားပင်။ သို့သော်လည်း သူက အနောက်မှ လိုက်မဖမ်းပေ။ ယင်းအစား သူက မိုးထိတောင်ပေါ်မှ အသက်ရှင်ကျန်ရစ်ကြသော ကျင့်ကြံသူများကို စိုက်ကြည့်လိုက်သည်။

“ အား… ငါ့ခြေထောက်… ငါ့ခြေထောက်က ကျောက်ဖြစ်သွားပြီ ”

“ မကောင်းတော့ဘူး… အဲ့ဒါ မဒူဆာရဲ့ မွေးရာပါသဘာဝစွမ်းရည်ပဲ… သူက ငါတို့ကို ကျောက်ရုပ်အဖြစ် ပြောင်းချင်နေတယ် ”

“ ပြေးကြဟေ့… ”

ဤအခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်က တစ်စုံတစ်ခု လွဲမှားနေကြောင်း ထိုကျင့်ကြံသူများ သတိထားမိသွားကြသည်။ သူတို့၏ ခြေထောက်များမှစတင်၍ ခန္ဓာကိုယ်က တစ်လက်မချင်းစီ ကျောက်ရုပ်ဖြစ်သွားနေကြောင်း မြင်တွေ့သွားကြသည်။ ကျောက်ရုပ်ဖြစ်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို နောက်ထပ် သူတို့မခံစားနိုင်တော့ပေ။ ဤသည်မှာ ယင်းတို့က သူတို့အပိုင် မဟုတ်တော့သည့်အလားပင်။ သူတို့က ထွက်ပြေးချင်သော်လည်း အလွန်နောက်ကျသွားချေ၏။ သူတို့၏ ခြေထောက်များက ကျောက်ရုပ်ဖြစ်နေလေရာ မည်သို့ထွက်ပြေးနိုင်ဦးမည်နည်း။

ထို့ပြင် သူတို့က ချီသန့်စင်ခြင်းနယ်ပယ် အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်ကြသည်။ မဒူဆာမျက်လုံး၏ စွမ်းအားကို ခုခံကာကွယ်နိုင်သော အရည်အချင်း သူတို့ဆီမှာ မရှိပေ။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် အသက်ရှင်ကျန်ရစ်ကြသော ကျင့်ကြံသူများက ကျောက်ရုပ်ဖြစ်သွားကြသည်။ ထို့ပြင် ကျောက်ရုပ်များ၏ မျက်နှာအမူအရာကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သူတို့တစ်ယောက်စီက ကြောက်လန့်ချောက်ချားသော အမူအရာကို ထုတ်ဖော်ထားကြသည်။

ထိုမြင်ကွင်းက စိတ်နှလုံးမခိုင်မာသော လူများကို နေရာမှာတင် မူးမေ့သွားစေနိုင်၏။

မဒူဆာ လှုပ်ရှားလိုက်သည့်အခိုက် တိုက်ပွဲက ချက်ချင်း ပြီးဆုံးသွားသည်။

ကျင့်ကြံသူရာထောင်ချီက မိုးထိတောင်ပေါ်မှာ အစုလိုက်အပြုံလိုက် သေဆုံးသွားကြသည်။

အကြည့်တစ်ချက်ဖြင့်ပင် မြေကြီးပေါ်မှာ ခန္ဓာကိုယ်အပိုင်းပိုင်း ပြတ်တောက်နေသော အလောင်းများကို မြင်တွေ့နိုင်ပေသည်။ သူတို့က ဆိုးဝါးစွာ သေဆုံးခဲ့ကြသည်။ သွေးက သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများထဲမှ ဒလဟော စီးထွက်နေပြီး မြေကြီးပေါ်မှာ အိုင်ထွန်းနေသည်။ သွေးညှီနံ့နှင့် သေခြင်းအရှိန်အဝါက လေထဲသို့ ပျံ့လွင့်သွားသည်။

မရဏကျီးကန်းတစ်ကောင်ပြီးတစ်ကောင်သည် မြေကြီးပေါ်မှ အလောင်းများပေါ်သို့ ပျော်ရွှင်စွာ ဆင်းသက်လာကြသည်။ သူတို့က တစ်စုံတစ်ရာကို စုပ်ယူနေသည့်အလား နှစ်သက်ကြည်နူးသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

“ နဂါးဖမ်းကြိုးတဲ့လား… ကြည့်ရတာ အဲ့ဒါက ရှည်လျားတဲ့ အကြောမျှင်တစ်ခုနဲ့ ဖန်တီးသန့်စင်ထားတာ ဖြစ်ရမယ်… မဟုတ်မှ အဲ့ဒါက နဂါးတစ်ကောင်ရဲ့ အကြောမျှင်ဖြစ်နေမလား ”

စက်ကရာသည် သူ့အရှေ့မှ နဂါးဖမ်းကြိုးကို ဖမ်းဆုပ်လိုက်ပြီး ယင်းကို ဂရုတစိုက် စစ်ဆေးလေ့လာလိုက်သည်။ သူ၏ နှလုံးသားထဲမှာ ဝမ်းသာပျော်ရွှင်မှု ထွက်ပေါ်လာသည်။ နဂါးဖမ်းကြိုးပေါ်တွင် နဂါးအကြေးခွံများနှင့် ဆင်တူသော မှော်သင်္ကေတများ အများကြီး ရှိသည်။ ယင်းတို့က လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပေးသည်။ ထို့ပြင် နွေးထွေးသော အရှိန်အဝါတစ်ခုက သူ၏ လက်ထဲမှာ စီးဆင်းနေသည်။ ယင်းက သူ့ကို အလွန်သက်တောင့်သက်သာ ရှိစေသည်။

ယင်းက သာမန်ရတနာ မဖြစ်နိုင်ပေ။ ယင်းက သေချာပေါက် အစွမ်းထက် ဓမ္မရတနာဖြစ်ရမည်။

သူက ဓမ္မလက်နက်အများကြီးကို မြင်ဖူးသည်။ သို့သော်လည်း မည်သည့်ဓမ္မလက်နက်ကမှ သူ့အား ထိုသို့ခံစားမှုမျိုး မပေးပေ။

ထို့ပြင် ဤနဂါးဖမ်းကြိုးသည် အစောနက သူ၏ ဖမ်းဆုပ်မှုအောက်တွင် အလွန်အားကောင်းသော ရုန်းကန်မှုကို ထုတ်လွှတ်ခဲ့သည်။ ရှင်းလင်းစွာပင် ယင်းက အံ့ဖွယ်ထူးခြားသော ရတနာဖြစ်သည်။ သူက နဂါးဖမ်းကြိုးကို အကြိမ်ရေအနည်းငယ် ကြည့်ပြီးနောက် နောက်ထပ် အာရုံမစိုက်တော့ဘဲ ယင်းကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။

သူက ခေါင်းမော့လိုက်ပြီး အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များကို ကြည့်လိုက်သည်။ အစောနက တိုက်ပွဲသည် အစသာရှိသေးကြောင်း သီရှီထျန် ကောင်းကောင်း သိသည်။ ယခု တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်လေရာ အကျိုးအမြတ်များ ရိတ်သိမ်းရမည့်အချိန် ရောက်ရှိလာသည်။

တိုက်ပွဲက အလွန်ကြီးမားလေရာ မည်သို့ကြောင့် အကျိုးအမြတ်များမရှိဘဲ နေမည်နည်း။

မြေပြင်ပေါ်မှ အလောင်းများသည် မသေမျိုးကျင့်ကြံသူများ၏ ခန္ဓာကိုယ်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့က အစောနကမှ သေဆုံးသွားကြခြင်း ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက သူတို့၏ အသွေးအသားများထဲမှာ စိမ့်ဝင်နေသည်။ မိစ္ဆာသားရဲများအတွက် ထိုသို့သွေးအစာက အာဟာရဓာတ်အကြွယ်ဝဆုံး ဖြစ်သည်။ ထိုအလောင်းများကို သန့်စင်လိုက်လျှင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက မြန်ဆန်စွာ တိုးမြှင့်သွားလိမ့်မည်။

အခန်း(၁၂၆)

ထို့ကြောင့် မိစ္ဆာသားရဲများအတွက် ကျင့်ကြံသူများ၏ အလောင်းများက ကြီးမားသော ရိတ်သိမ်းမှုဖြစ်သည်။ အကယ်၍ သူတို့သာ ကျင့်ကြံသူအလောင်းတချို့ကို ရရှိပြီး ယင်းတို့ကို စုပ်ယူနိုင်မည်ဆိုလျှင် သူတို့၏ စွမ်းအားက တစ်ဆင့်နှစ်ဆင့် မြင့်တတ်သွားလိမ့်မည်။

မှန်ပေသည်။ ဤနေရာတွင် အလောင်းက ရာထောင်ချီရှိသည်။ မိစ္ဆာသားရဲဘုရင်များထဲတွင် သီရှီထျန်မှလွဲ၍ တခြားမည်သူမှ ထိုမျှများပြားသော အလောင်းများကို တစ်ခါတည်း မစုပ်ယူနိုင်ပေ။ သူတို့၏ စွမ်းအင်သန့်စင်သော စွမ်းရည်က မည်မျှအားကောင်းပါစေ အကန့်အသတ်ရှိဆဲပင်။ အများဆုံး သူတို့က တစ်ကြိမ်လျှင် အလောင်းတစ်ရာခန့်သာ ဝါးမျိုနိုင်ကြသည်။ နောက်ထပ် အလောင်းများကို ဝါးမျိုချင်လျှင် အစာချေဖျက်ပြီးသည်အထိ စောင့်ရလိမ့်မည်။

ကျင့်ကြံသူများ၏ အလောင်းများအတွက်တော့ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက သူတို့၏ အသွေးအသားများထဲမှာ စိမ့်ဝင်နေသော်လည်း ယင်းက အချိန်ကြာကြာ မတည်ရှိနိုင်ပေ။ တစ်နာရီ သို့မဟုတ် နှစ်နာရီကြာပြီးနောက် အကယ်၍ ထိုအလောင်းများကို မစုပ်ယူလျှင် ဝိညာဉ်စွမ်းအားက အလောင်း၏ အသက်ဓာတ်နှင့်အတူ လွင့်ပြယ်သွားလိမ့်မည်။ အလောင်းကို ထိန်းသိမ်းနိုင်သော နည်းလမ်းမရှိလျှင် စွမ်းအင်အနှစ်သာရက တဖြည်းဖြည်း လွင့်ပြယ်သွားလိမ့်မည်။

ထို့ကြောင့် မိစ္ဆာသားရဲများသည် သတ်မှတ်ထားသော အချိန်အတွင်းမှာ ကျင့်ကြံသူအလောင်းများကို မြန်ဆန်စွာ ဝါးမျိုကြရလိမ့်မည်။ သို့မဟုတ်လျှင် စွမ်းအင်အနှစ်သာရက လွင့်ပြယ်သွားလိမ့်မည်။ ယင်း၏ ဆိုလိုရင်းမှာ ဤနေရာတွင် ကျင့်ကြံသူအလောင်းရာထောင်ချီ ရှိနေသော်လည်း သူတို့က ယင်းတို့အားလုံးကို မစုပ်ယူနိုင်ကြပေ။

ထို့ကြောင့် ကျင့်ကြံသူအလောင်းများက ကြီးမားသော ရတနာဖြစ်သော်လည်း သီရှီထျန်တစ်ယောက်တည်းသာ ထိုရတနာထံမှ အကျိုးအမြတ်အများဆုံး ရရှိနိုင်လိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် သီရှီထျန်ဆီမှာ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ် ရှိသည်။ ထို့ပြင် သူ၏ မိစ္ဆာစံအိမ်ထဲမှာ အံ့ဖွယ်ကောင်းသော မိစ္ဆာသန့်စင်ခြင်းမီးဖိုလည်း ရှိသည်။ သူက မိစ္ဆာသန့်စင်ခြင်းမီးဖိုကို အသုံးပြု၍ အသွေးအသားများထဲမှ စွမ်းအင်အနှစ်သာရကို စုပ်ယူနိုင်သည်။ အရေအတွက်ကို စိတ်ပူရန် မလိုပေ။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာသန့်စင်ခြင်းမီးဖိုက အလောင်းများကို စုပ်ယူလိုက်သည့်အခါ အလောင်းများက သဘာဝအလျောက် အရွယ်အစားကျုံ့သွားကြလိမ့်မည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် အရေအတွက်များပြားသော အလောင်းများကို ထိန်းသိမ်းပေးနိုင်သည်။ ထို့ပြင် မိစ္ဆာသန့်စင်ခြင်းမီးဖို၏ စုပ်ယူခံလိုက်ရသော အလောင်းများသည် စွမ်းအင်အနှစ်သာရလွင့်ပြယ်ခြင်း မဖြစ်နိုင်ပေ။ သူတို့က နည်းနည်းချင်းစီ သန့်စင်ခံကြရလိမ့်မည်။

ထို့ကြောင့် ကျင့်ကြံသူအလောင်းရာထောင်ချီက သူ့အတွက် ကြီးမားသော ရိတ်သိမ်းမှု ဖြစ်သည်။ ထိုမျှများပြားသော ကျင့်ကြံသူအလောင်းများဖြင့်ဆိုလျှင် သူက အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာရန် ပိုပြီးလွယ်ကူသွားလိမ့်မည်။ ထို့နောက် သူက အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီး စစ်မှန်သော မိစ္ဆာတစ်ကောင်ဖြစ်လာနိုင်လိမ့်မည်။

မှန်ပေသည်။ သူတို့၏ ရိတ်သိမ်းမှုက ကျင့်ကြံသူအလောင်းများသာလျှင် မဟုတ်ပေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ သိုလှောင်အိတ်များလည်း ရှိသေးသည်။ ထိုသိုလှောင်အိတ်များထဲတွင် မသေမျိုးကျင့်ကြံသူများ အသုံးပြုသော အသုံးအဆောင်ပစ္စည်းများ ရှိသည်။ အကယ်၍ ထိုပစ္စည်းများကို အချိုးအစားညီမျှစွာ ခွဲဝေကြမည်ဆိုလျှင် မိစ္ဆာသားရဲတစ်ကောင်စီက ပမာဏများပြားသော ရတနာပစ္စည်းများကို ပိုင်ဆိုင်ကြလိမ့်မည်။

သတ်ဖြတ်ခြင်း၏ နောက်ကွယ်တွင် ကြီးမားသော ရိတ်သိမ်းမှုများ အမြဲတမ်း ရှိ၏။

“ အရမ်းကောင်းတယ် ”

ကြည်လင်သော အော်သံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက ဇာမဏီငှက်၏ အသံဖြစ်သည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ လေထဲမှာ လှည့်ပတ်ပျံသန်းနေသည်။

ဇာမဏီ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေစဉ် သူက ကျယ်လောင်စွာ အော်လိုက်သည်။

အမှန်မှာ ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ မိစ္ဆာမျိုးနွယ်စုနှင့် မသေမျိုးကျင့်ကြံသူများကြားမှ ရန်ငြိုးက ရှေးခေတ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တောင်တန်းဒေသထဲတွင် သေခြင်းရှင်ခြင်းသာ ရှိ၏။ သူတို့ကြားမှာ ဆွေးနွေးညှိနှိုင်းမှု မလိုပေ။ မသေမျိုးကျင့်ကြံသူများ၏ လက်ထဲမှာ သေဆုံးသွားခဲ့သော ဝိညာဉ်သားရဲများနှင့် မိစ္ဆာသားရဲများ၏ အရေအတွက်က မသေးငယ်ပေ။ ထို့ကြောင့် သူတို့ကြားမှ အမုန်းတရားနှင့် ရန်ငြိုးက အလွန်နက်ရှိုင်းသည်။

သို့ဖြစ်၍ ဇာမဏီငှက်က မသေမျိုးကျင့်ကြံသူများကို အလွန်မုန်းတီးနေသည်မှာ ထူးဆန်းသောအရာ မဟုတ်ပေ။

“ ရောင်းရင်းတို့… မသေမျိုးကျင့်ကြံသူအားလုံးကို ငါတို့သတ်ပြီးပြီ… နောက်ထပ် ဘာဆက်လုပ်ကြမလဲ ”

ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်က သီရှီထျန်၊ မရဏကျီးကန်းဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က မြေပြင်ပေါ်မှ ကျင့်ကြံသူအလောင်းများထံသို့ ရွှေ့ပြောင်းသွားသည်။ သူပြောချင်သော အဓိပ္ပာယ်က အလွန်ထင်ရှားသည်။

“ အဲ့ဒီကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်က စွမ်းအင်အနှစ်သာရ အများကြီး ကြွယ်ဝတယ်… အဲ့ဒါက ငါတို့မိစ္ဆာမျိုးနွယ်စုအတွက် အရမ်းအသုံးဝင်တယ်… ဒါပေမဲ့ ငါမလိုအပ်ဘူး… နင်တို့တွေပဲ အဲ့ဒါတွေကို ခွဲဝေယူကြပါ ”

မဒူဆာက အေးစက်စက် ပြောသည်။ သူက ထိုကျင့်ကြံသူအလောင်းများကို နှမြောတသ မဖြစ်ပေ။ ယင်းမှာ သူက မောက်မာထောင်လွှားပြီး တသီးတခြား တည်ရှိနေချင်သောကြောင့် မဟုတ်ပေ။ အကြောင်းမှာ သူက အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲဖြစ်ပြီး အမြူတေဓာတ်လုံးဖွဲ့စည်းရန် ခြေလှမ်းဝက်မျှသာ ဝေးကွာနေတော့သောကြောင့် ဖြစ်သည်။ ထိုကျင့်ကြံသူအလောင်းများက သူ့အတွက် အများကြီး အသုံးမဝင်ပေ။

ယခု သူလိုအပ်နေသည်မှာ အဆင့်ချိုးဖြတ်ရန်အလို့ငှာ တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်ရန် ဖြစ်သည်။

“ ငါ အလောင်းသုံးရာကို လိုချင်တယ် ”

ခေါင်းသုံးလုံးရွှေခြင်္သေ့ဘုရင်သည် သွယ်ဝိုက်မနေဘဲ တဲ့တိုးပြောသည်။ ထိုအလောင်းများဖြင့်ဆိုလျှင် သူ့ကိုယ်သူ အစွမ်းတိုးမြှင့်နိုင်လိမ့်မည်။ ထို့ပြင် သူ၏ လက်အောက်ငယ်သားများကိုလည်း ခွန်အားတိုးမြှင့်ပေးနိုင်လိမ့်မည်။ အလောင်းသုံးရာသည် သူ့အတွက် လုံလောက်သော အရေအတွက် ဖြစ်၏။ ထိုထက်ပိုများလျှင် အလောင်းများက အလဟဿဖြစ်သွားလိမ့်မည်။

“ ဒီဘုရင်နဲ့ လက်‌အောက်ငယ်သားတွေက သေခြင်းအရှိန်အဝါကိုပဲ စုပ်ယူချင်တယ်… ဒီနေရာမှာ လူတွေအများကြီး သေဆုံးသွားကြတယ်… အဲ့ဒါကြောင့် ဒီနေရာမှာ သေခြင်းအရှိန်အဝါက အရမ်းပဲ သိပ်သည်းတယ်… ဒီဘုရင်က အလောင်းတွေကို စိတ်မဝင်စားဘူး… ရက်အနည်းငယ်ကြာပြီးရင် ဒီဘုရင်က လက်အောက်ငယ်သားတွေကို ခေါ်လာပြီး ဒီနေရာမှာ ရက်အတော်ကြာကြာ နေထိုင်မယ် ”

မရဏကျီးကန်းဘုရင်သည် အသွေးအသားများကို စိတ်မဝင်စားပေ။ သူတို့သည် သက်မဲ့အလောင်းများထံမှ ထုတ်လွှတ်နေသော သေခြင်းအရှိန်အဝါကိုသာ နှစ်ချိုက်ကြသည်။

တိုက်ပွဲကြီး ပြီးဆုံးပြီးနောက် သေကြေပျက်စီးမှုများက အလွန်များပြားပေသည်။ ထို့ကြောင့် ချိုင့်ဝှမ်းတစ်ခုလုံးတွင် အလွန်သိပ်သည်းသော သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ သာမန်လူများက ယင်းကို မမြင်နိုင်ကြပေ။ သို့သော်လည်း မရဏကျီးကန်းမျိုးနွယ်က ယင်းကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထုံးစံအားဖြင့် သူတို့သည် ထိုမျှသိပ်သည်းသော သေခြင်းအရှိန်အဝါကို လက်လွှတ်မခံချင်ပေ။ မိစ္ဆာသားရဲများထဲတွင် သူတို့မှလွဲ၍ တခြားမည်သူမှ သေခြင်းအရှိန်အဝါကို မစုပ်ယူနိုင်ကြပေ။ သို့ဖြစ်၍ သူတို့က သေခြင်းအရှိန်အဝါကို တခြားမည်သူနှင့်မှ ဝေမျှရန် မလိုပေ။

“ ငါက အလောင်းတစ်ရာ လိုချင်တယ် ”

သရဖူနီကြိုးကြာဘုရင်က မြေကြီးပေါ်မှ အလောင်းများကို ကြည့်လိုက်ပြီး ပြောသည်။

“ ဟီး ဟီး… ငါကင်းကောင်က အလောင်းငါးရာယူမယ်… အဲ့ထက်ပိုများရင် အသုံးမဝင်တော့ဘူး ”

အနက်ရောင်မျောက်ဝံဘုရင်က ရယ်မောလိုက်ပြီး ပြောသည်။

“ ဒါဆို ကျန်တဲ့အလောင်းတွေက ငါ့အပိုင်ပဲ ”

လူတိုင်း၏ ဝေစုခွဲမှုကို နားထောင်ပြီးနောက် စက်ကရာက နောက်ဆုံးမှာ ပါးစပ်ဟလိုက်ပြီး သူ၏ ဆန္ဒကို ပြောသည်။ သူစကားပြောလိုက်သည့်အခိုက် သူ၏ အသံထဲမှာ ထူးခြားသော ဩဇာအာဏာအရှိန်အဝါက ကိန်းအောင်းနေသည်။ ယင်းက ဘေးပတ်ဝန်းကျင်တွင် မမြင်နိုင်သော ဖိအားကို ဖြစ်ပေါ်စေသည်။

“ ငါ့ကံကြမ္မာကို ငါသာလျှင် ထိန်းချုပ်နိုင်တယ် ”ဟူသော အတွေးက သူ၏ နှလုံးသားထဲမှာ ကြီးထွားလာသည့်အခါ တမူထူးခြားသော ဩဇာအာဏာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ သဘာဝအလျောက် ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက လောလောဆယ်တွင် သိပ်မထင်ရှားသေးပေ။ သို့သော်လည်း အချိန်ကာလတစ်ခုကြာပြီးလျှင် ယင်းက ဤလောက၌ သူတစ်ဦးတည်းသာ ပိုင်ဆိုင်သော တမူထူးခြားသည့် အရှိန်အဝါဖြစ်လာလိမ့်မည်။

ထိုအချိန်ကျလျှင် သူပြောသည့် စကားလုံးတိုင်းမှာ သို့မဟုတ် သူ၏ လုပ်ဆောင်မှုတိုင်းမှာ တမူထူးခြားသော ဩဇာအာဏာအရှိန်အဝါက ကိန်းဝပ်နေလိမ့်မည်။

ယခုအချိန်မှာပင် သူ၏ စကားထဲမှာ ထိုအရှိန်အဝါက မထင်မရှား ထွက်ပေါ်နေသည်။

ယင်းကို ကြားသောအခါ အနက်ရောင်မျောက်ဝံဘုရင်က အံ့ဩစွာ အော်ပြောလိုက်သည်။

“ အကိုသီ… မင်းဘာလို့ အဲ့လောက်များတဲ့ အလောင်းတွေကို ယူချင်တာလဲ… ကျင့်ကြံသူအလောင်းတွေထဲက စွမ်းအင်အနှစ်သာရက အချိန်ခဏလေးပဲ ခံတယ်… အဲ့ဒါတွေကို မင်းမထိန်းသိမ်းနိုင်ဘူး ”

“ ဟုတ်တယ် ”

ဇာမဏီငှက်ကလည်း ပြောသည်။

“ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ကျင့်ကြံဖို့ အကောင်းဆုံး တာအိုခန္ဓာကိုယ်လို့ အမပြောတာ ငါကြားဖူးတယ်… သူတို့ရဲ့ အသွေးအသားထဲက စွမ်းအင်အနှစ်သာရက တခြားသက်ရှိတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး ပိုကြွယ်ဝတယ်… ဒါပေမဲ့ သူတို့သေသွားတဲ့အခါ သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကို နှစ်နာရီအတွင်း သန့်စင်ရမယ်… မဟုတ်ရင် စွမ်းအင်အနှစ်သာရအားလုံးက အလဟဿဖြစ်သွားလိမ့်မယ်… အသုံးမဝင်တော့ဘူး ”

ဇာမဏီငှက်သည် သီရှီထျန်၏ ဘေးနားမှာ တဝဲလည်လည် ပျံသန်းနေရင်း သူသိထားသမျှ အရာအားလုံးကို တတွတ်တွတ် ပြောသည်။

“ ကျင့်ကြံသူတွေရဲ့ ပစ္စည်းတွေကို ဝေစုခုနစ်ပုံခွဲပြီး တစ်ယောက်တစ်ပုံ ယူကြမယ်… ပြီးကျရင် ကိုယ့်ရဲ့ သက်ဆိုင်ရာပိုင်နက်ဆီ ပြန်ကြမယ် ”

ဘုရင်မမဒူဆာက သီရှီထျန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ ဤသည်မှာ သူက တစ်စုံတစ်ခုကို နားလည်သွားသည့်အလားပင်။ သို့သော်လည်း သူက မေးမြန်းခြင်း မပြုပေ။ သူက ကျန်ရှိသော ပစ္စည်းများကို မည်သို့ခွဲဝေသင့်ကြောင်းသာ ပြော၏။

မိစ္ဆာသားရဲဘုရင်များသည် မဒူဆာ၏ ဝေစုခွဲပေးမှုအပေါ် မငြင်းဆန်ကြချေ။

နောက်အခိုက်အတန့်မှာ မရဏကျီးကန်းများသည် လူသေအလောင်းများထံမှ သိုလှောင်အိတ်များကို မြန်ဆန်စွာ ကောက်သိမ်းလိုက်ကြပြီး မြေကွက်လပ်တစ်ခုမှာ စုပုံလိုက်ကြသည်။ ထို့နောက် သူတို့က ယင်းတို့ကို ခုနစ်ပုံခွဲလိုက်သည်။ ပစ္စည်းအားလုံးက သိုလှောင်အိတ်များဖြစ်သောကြောင့် မမျှမတဖြစ်မည်ကို စိုးရိမ်ရန် မလိုပေ။ သူတို့တစ်ယောက်စီသည် ဝေစုတစ်ပုံကို ယူလိုက်ကြပြီး သူတို့၏ ကိုယ်ပိုင်သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ကြသည်။

ထို့နောက် မိစ္ဆာသားရဲဘုရင်များသည် မြေပြင်ပေါ်မှ အလောင်းများကို လိုက်လံစုဆောင်းကြသည်။

အသက်မဲ့နေသော အလောင်းများကို သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းနိုင်ပေသည်။ သို့ဖြစ်၍ အလောင်းများ လိုက်လံစုဆောင်းခြင်းသည် သူတို့အတွက် ခက်ခဲသောအလုပ် မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ ချိုင့်ဝှမ်းထဲမှ အလောင်းအားလုံးက ပြောင်ရှင်းသွားသည်။ တခြားမိစ္ဆာသားရဲဘုရင်များသည် သိုလှောင်အိတ်တစ်လုံး သို့မဟုတ် နှစ်လုံးသာ အပြည့်ဖြည့်တင်းနိုင်ခဲ့ကြသည်။ သီရှီထျန်သည်တော့ သိုလှောင်အိတ်ဒါဇင်ခန့်ကို အပြည့်ဖြည့်တင်းနိုင်ခဲ့သည်။ သူစုဆောင်းခဲ့သော အလောင်းများက အရေအတွက်တစ်ထောင်ကျော်သည်။

“ ကြီးမားတဲ့ ရိတ်သိမ်းမှုပဲ… အရမ်းကောင်းတယ်… ဒီအလောင်းတွေနဲ့ဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းက ပိုပြီးမြန်လာလိမ့်မယ်… ဒါတင်မကဘူး… ချီဟောင်နဲ့ တခြားလူတွေရဲ့ ကျင့်ကြံခြင်းလည်း ပိုပြီးမြန်လာလိမ့်မယ်… အဲ့ဒါက သူတို့တွေကို အချိန်တိုလေးအတွင်း မိစ္ဆာသားရဲဖြစ်လာစေလိမ့်မယ်… ပြီးတော့ ငါ့ကို အဓိကရည်ရွယ်တဲ့ အန္တရာယ်က လောလောဆယ် ပပျောက်သွားပြီ… ဝိညာဉ်သံလိုက်အိမ်မြှောင်ကြောင့် ငါ့ကို ပြဿနာလာရှာမှာကို နောက်ထပ် စိုးရိမ်စရာ မလိုတော့ဘူး ”

စက်ကရာသည် အလောင်းများကို လိုက်လံသိမ်းဆည်းနေရင်း စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်သည်။

ဤတစ်ကြိမ် ရိတ်သိမ်းမှုသည် အမှန်တကယ် မသေးငယ်ပေ။ အရေအတွက်ရာထောင်ချီသော ကျင့်ကြံသူအလောင်းများကို မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ ထည့်သွင်းမည်ဆိုလျှင် သူက အလောင်းများထံမှ ပမာဏများပြားသော စွမ်းအင်အနှစ်သာရကို ဆက်တိုက် စုပ်ယူနိုင်ပြီး မိစ္ဆာချီကို အဆက်မပြတ် သန့်စင်နိုင်လိမ့်မည်။

မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် သူ့ဘာသာ အလိုအလျောက် လှည့်ပတ်နိုင်သည်။ ယင်း၏ ဆိုလိုရင်းမှာ အကယ်၍ သူက ကြိုးစားပမ်းစား မကျင့်ကြံလျှင်ပင် အလောင်းများထံမှ စွမ်းအင်အနှစ်သာရကို စုပ်ယူရုံဖြင့် သူ၏ ကျင့်ကြံခြင်းနှင့် မိစ္ဆာချီပမာဏကို အလွန်မြန်ဆန်စွာ တိုးမြှင့်နိုင်လိမ့်မည်။

ယင်းက အလွန်ကြီးမားသော ရိတ်သိမ်းမှု ဖြစ်၏။ ယင်းက သူ့အား အမြူတေဓာတ်လုံး မဖွဲ့စည်းနိုင်ခင်အထိ စွမ်းအင်အနှစ်သာရ ထောက်ပံ့ပေးရန် လုံလောက်ပေသည်။ ယင်းက သူ့အား ပိုပြီးသန်မာလာစေမည့် မဟာအခွင့်အရေးတစ်ခု ဖြစ်သည်။

ထို့ပြင် ကျင့်ကြံသူအလောင်းများ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်များလည်း ရှိသေးသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးသည် ထိုဝိညာဉ်များကို စုပ်ယူနိုင်ပေသည်။ ဖြစ်နိုင်သည်မှာ ယင်းက ဘုရင်အမှတ်အသား၏ စွမ်းအားကို ပိုပြီးသန်စွမ်းစေလိမ့်မည်။

ကျင့်ကြံသူတစ်ထောင်ကျော်ကို တစ်ခါတည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက အမှန်တကယ်ပင် ကြီးမားသော လှုပ်ရှားမှုဖြစ်သည်။ ယင်းက မသေမျိုးကျင့်ကြံခြင်းလောကကို ကြီးမားသော ထိတ်လန့်မှု သေချာပေါက် ဖြစ်စေလိမ့်မည်။ ယင်းက ခြိမ်းခြောက်မှုကိုလည်း ဖြစ်စေလိမ့်မည်။

မှန်ပေ၏။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသအပေါ် မသေမျိုးကျင့်ကြံခြင်းလောက၏ အထူးအာရုံစိုက်မှုကိုလည်း ရရှိစေနိုင်သည်။ သို့သော်လည်း သူသေချာသည်မှာ တောင်ပိုင်းမြေရိုင်းဒေသက ယာယီငြိမ်းအေးသွားလိမ့်မည်။ သီရှီထျန်လိုအပ်နေသည်မှာ ထိုသို့ငြိမ်းချမ်းသော အချိန်ကာလပင် ဖြစ်သည်။ သူ့မှာ အချိန်အလုံအလောက် ရှိမှသာလျှင် ပိုပြီးမြင့်မားသော နယ်ပယ်ဆီသို့ သူတတ်လှမ်းနိုင်လိမ့်မည်။

All Chapters