အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အခန်း(၁၂၇)
“ အကိုသီ… ဒီတိုက်ပွဲက ပျင်းစရာကောင်းတယ်… အဲ့ဒီကျင့်ကြံသူတွေက အရမ်းအားနည်းတယ်… သူတို့က ငါ့ရဲ့ တိုက်ခိုက်ချင်စိတ်ကို မလှုံ့ဆော်ပေးနိုင်ဘူး… အနာဂတ်မှာ ဒီထက် ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ တိုက်ပွဲတွေ မင်းရှာတွေ့ရင် ငါ့ကို ခေါ်ဖို့ သတိရပါ ”
အနက်ရောင်မျောက်ဝံဘုရင်က သီရှီထျန်၏ အရှေ့သို့ လျှောက်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ ထွက်သွားသည်။ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသော မျောက်ဝံလေးကောင်သည်လည်း အနက်ရောင်မျောက်ဝံဘုရင်နောက်မှလိုက်၍ မိုးထိတောင်ပေါ်မှ ထွက်သွားကြသည်။
“ ကျီး ”
သရဖူနီကြိုးကြာဘုရင်သည် အတောင်ပံဖြန့်၍ အဝေးသို့ မပျံသန်းသွားမီ တခြားမိစ္ဆာသားရဲဘုရင်များကို ခေါင်းညိတ်ပြသည်။
တိုက်ပွဲပြီးဆုံးသွားပြီးနောက် မိစ္ဆာသားရဲဘုရင်များသည် ဤနေရာမှာ ဆက်မနေကြတော့ပေ။ သူတို့တစ်ယောက်ပြီးတစ်ယောက်က ထွက်သွားကြသည်။
အတိတ်တွင် ကျင့်ကြံသူရာထောင်ချီက မိုးထိတောင်ပေါ်မှာ တစ်စုတစ်ဝေးတည်း ရှိနေခဲ့ကြသည်။ ကျင့်ကြံသူများ၏ ထိုသို့စုဝေးမှုက တောင်ပိုင်းမြေရိုင်းဒေသအပေါ် ကြီးမားသော ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် မိစ္ဆာသားရဲဘုရင်များက အင်အားပေါင်းစည်းခဲ့ကြခြင်းပင်။ ယခု ထိုခြိမ်းခြောက်မှုက ပြီးဆုံးသွားလေရာ ထုံးစံအားဖြင့် သူတို့က ကိုယ်ပိုင်နယ်မြေဆီသို့ အသီးသီး ပြန်သွားကြသည်။
ဤတိုက်ပွဲတွင် သူတို့က ကျင့်ကြံသူအလောင်းများနှင့် အကျိုးအမြတ်များစွာကို ရရှိခဲ့ကြလေရာ တံခါးပိတ်ကျင့်ကြံပြီး ကိုယ့်ကိုယ်ကိုယ် အစွမ်းတိုးမြှင့်ရန် စိတ်အားထက်သန်နေကြသည်။ အချိန်ကြန့်ကြာသွားလျှင် ကျင့်ကြံသူအလောင်းများထဲမှ စွမ်းအင်အနှစ်သာရက အလဟဿဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့က ကိုယ်ပိုင်နယ်မြေဆီသို့ အမြန်ဆုံး ပြန်သွားကြခြင်းပင်။ သူတို့က စွမ်းအင်အနှစ်သာရကို နည်းနည်းလေးမှ အလဟဿ မဖြစ်စေချင်ပေ။
မိစ္ဆာသားရဲဘုရင်များ တစ်ကောင်ပြီးတစ်ကောင် ထွက်သွားကြကြောင်း သီရှီထျန် မြင်သွားသည်။ ယင်းက သူ့အတွက် ထူးဆန်းသော ကိစ္စမဟုတ်ပေ။
ဤအခိုက်အတန့်မှာ ဇာမဏီငှက်က အတောင်ပံတဖျပ်ဖျပ်ခတ်၍ စက်ကရာ၏ အရှေ့သို့ ပျံသန်းလာပြီး သူ့ကို တုံ့ဆိုင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ အကိုသီ… ကျူးအာလည်း ပြန်တော့မယ်… မဟုတ်ရင် အပြင်ထွက်လာတာ အရမ်းကြာသွားလို့ အမ စိတ်ပူနေလိမ့်မယ် ”
“ အင်း… ကျူးအာ… နောက်နောင် မင်းမှာ အချိန်ရှိမယ်ဆိုရင် ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ အလည်လာနိုင်တယ်… အဲ့ဒီအချိန်ကျရင် ငါတို့ပြန်တွေ့ကြမယ် ”
သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး ဇာမဏီငှက်၏ တုံ့ဆိုင်းမှုအပေါ် တုံ့ပြန်လိုက်သည်။ ဤအတောအတွင်းမှာ ဇာမဏီငှက်က သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေသည်။ အထူးသဖြင့် သူခဏခဏပြောသော လျှို့ဝှက်ဆန်းကြယ်သည့် အမဆိုသူ ဖြစ်သည်။ ယင်းက သူ့ကို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်။
“ အင်း… ကျူးအာ သေချာပေါက် လာခဲ့မယ် ”
ဇာမဏီငှက်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ သိုလှောင်အိတ်တစ်လုံးကို ပါးစပ်ဖြင့် ကိုက်လိုက်သည်။ ထို့နောက် သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အလယ်ဗဟိုဆီသို့ ပျံသန်းသွားသည်။
အချိန်တစ်ခဏကြာပြီးနောက် မိုးထိတောင်ပေါ်တွင် သီရှီထျန်နှင့် မဒူဆာ နှစ်ယောက်တည်း ကျန်ရှိတော့သည်။
“ ရှပ်… ရှပ် ”
မဒူဆာသည် တခြားမိစ္ဆာသားရဲဘုရင်များကဲ့သို့ ချက်ချင်း မထွက်သွားပေ။ ယင်းအစား သူက တခြားမိစ္ဆာသားရဲဘုရင်များ ထွက်သွားသည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ ထို့နောက် သူက သီရှီထျန်ကို လှည့်ကြည့်လိုက်ပြီး သူ့ဆီသို့ လျှောက်သွားသည်။ သူလမ်းလျှောက်နေစဉ် သူ့ဦးခေါင်းပေါ်မှ ရောင်စုံမြွေများက ဂနာမငြိမ် ရွေ့လျားနေကြသည်။ မြွေတချို့က သူ့ပခုံးပေါ်သို့ လျှောဆင်းလာကြသည်။ သူ့မှာ ပြစ်ချက်မဲ့စွာ လှပသော ခန္ဓာကိုယ်ရှိသော်လည်း ယင်းက ကျောချမ်းဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
“ အမ် ”
သီရှီထျန်သည် မဒူဆာ၏ အပြုအမူကြောင့် အနည်းငယ် အံ့ဩသွားသည်။ သူက စိတ်ထဲမှာ ကိုယ့်ဘာသာ တွေးတောလိုက်သည်။
‘ မဒူဆာက တခြားမိစ္ဆာသားရဲဘုရင်တွေနဲ့အတူ မထွက်သွားဘူး… ဒါ့အပြင် သူက ငါ့ကို ကြည့်နေပြီး ငါ့ဆီ လျှောက်လာနေတယ်… သူ ဒီနေရာမှာ ဆက်နေနေတာ ငါ့ကြောင့်လား… သူ့မှာ ငါ့ကို ပြောစရာတစ်စုံတစ်ခု ရှိနေလို့လား… ဒါပေမဲ့ သူငါ့ကို ဘာပြောစရာရှိမှာလဲ… ဒီဟာက ပထမအကြိမ် ငါသူ့ကို တွေ့ဆုံဖူးတာပဲ… အရင်က ငါတို့ကြားမှာ ဘာပတ်သက်ဆက်နွယ်မှုမှ မရှိခဲ့ဘူး ’
သူက ယင်းကို စိတ်ထဲမှာသာ ပြောလိုက်သည်။ အပြင်ပန်းတွင် သူ၏ အမူအရာက နည်းနည်းမှ မပြောင်းလဲသွားပေ။ ယခင်ဘဝမှ သူ၏ အတွေ့အကြုံများကြောင့် သူသည် ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ စိတ်ခံစားချက်များကို တခြားလူအရှေ့မှာ ဖော်ပြလေ့မရှိတော့ပေ။ သို့ဖြစ်၍ တစ်ဖက်လူသည် သူ၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းကို မျက်နှာအမူအရာမှတဆင့် ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။
သို့တိုင် သူက မဒူဆာကို စူးစမ်းလိုသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှာလည်း သတိထားမှု ရှိသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားအားလုံးက မြွေများသဖွယ် လူးလွန့်နေပြီး သူ၏ ရုပ်ခန္ဓာကိုယ်က အထွတ်အထိပ် အခြေအနေမှာ ရှိနေသည်။ သူက အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားသည်။
“ အနာဂတ်မှာ နင် ဒီလိုကိစ္စမျိုး နောက်ထပ် မလုပ်မိတာ ကောင်းလိမ့်မယ်… မိစ္ဆာမျိုးနွယ်စုက မသေမျိုးကျင့်ကြံခြင်းလောကကို မရင်ဆိုင်နိုင်ဘူး… နောက်တစ်ခါ အခုလိုကိစ္စမျိုး ထပ်ဖြစ်လာရင် တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ် ”
မဒူဆာသည် သီရှီထျန်၏ ဘေးသို့ လျှောက်သွားပြီး အေးတိအေးစက် လေသံဖြင့် ပြောသည်။
“ မင်းဘာကိုဆိုလိုတာလဲ ”
သီရှီထျန်၏ နှလုံးက ရုတ်တရက် တင်းကျပ်သွားသည်။ သူ၏ သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားသည်။ သူက မဒူဆာကို စိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ အသိစိတ်ထဲ၌ မုန်တိုင်းတစ်ခု ပေါ်ထွက်လာနေဟန် ရ၏။
မဒူဆာသည် သီရှီထျန်၏ စကားကို ဂရုမစိုက်ပေ။ သူက လေးနက်သော အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် သီရှီထျန်ကို ကြည့်လိုက်သည်။ သူက ဆက်ပြောသည်။
“ ငါဘာကိုဆိုလိုတာလဲ နင်ကောင်းကောင်း သိပါတယ်… မှတ်ထားပါ… ဒီကုန်းမြေမှာ မိစ္ဆာသားရဲတွေ ရှင်သန်နေထိုင်နိုင်တဲ့ နေရာက အများကြီး မရှိဘူး… နင့်မှာ ကျင့်ကြံဖို့ အရည်အချင်းရှိတယ်… နှစ်ပေါင်းရာနဲ့ချီ ကြာပြီးရင် နင်က မိစ္ဆာမျိုးနွယ်စုအတွက် ထောင့်တိုင်တစ်ခု ဖြစ်လာနိုင်လိမ့်မယ်… ခွန်အား… အရေးကြီးဆုံးက ခွန်အားပဲ… နင်အလုံအလောက်သန်မာရင် ဘာမဆိုလုပ်နိုင်တယ် ”
မဒူဆာသည် သူ့စကားဆုံးသည်နှင့် နေရာမှာ ရပ်တန့်မနေပေ။ သူက အရှေ့သို့ ဆက်ပြီး လျှောက်သွားသည်။ သူက သီရှီထျန်ကို ဖြတ်ကျော်သွားပြီး သူ့အရှေ့မှ တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ထူထဲသော တောအုပ်ထဲ၌ ပျောက်ကွယ်သွားသည်။
အစောနက သူပြောခဲ့သော စကားများသည်သာ သီရှီထျန်၏ စိတ်ထဲ၌ ဆက်ပြီး ထွက်ပေါ်နေသည်။ ထိုစကားများထဲမှာ လေးနက်သော အဓိပ္ပာယ်တစ်ခု ကိန်းအောင်းနေဟန် ရ၏။
သီရှီထျန်သည် မဒူဆာ၏ ထွက်ခွာမှုကို မတားဆီးပေ။
သို့သော် သူ့နှလုံးက ပြင်းထန်စွာ တုန်ယင်နေသည်။
“ မဒူဆာက တစ်စုံတစ်ခုကို သတိထားမိသွားတာကြောင့် ငါ့အပေါ် အာရုံစိုက်လာတာ ဖြစ်မယ်… ဒါပေမဲ့ နှစ်ပေါင်းရာချီကြာအောင် ငါစောင့်မနေနိုင်ဘူး… သာမန်မိစ္ဆာသားရဲတွေက ကျင့်ကြံဖို့ အချိန်အများကြီး လိုအပ်လိမ့်မယ်… ဒါပေမဲ့ ငါက သာမန်မိစ္ဆာသားရဲ မဟုတ်ဘူး… ငါ့ဆီမှာ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်၊ မိစ္ဆာသန့်စင်ခြင်းမီးဖိုနဲ့ အရေအတွက်ရာထောင်ချီတဲ့ ကျင့်ကြံသူအလောင်းတွေ ရှိတယ်… အဲ့ဒီအလောင်းတွေကို ငါသန့်စင်မယ်ဆိုရင် ငါမြန်မြန်ဆန်ဆန် အင်အားကြီးမားလာလိမ့်မယ်… မေမေကျားဖြူနဲ့ တခြားလူတွေ အခုချိန် ဘယ်လိုဖြစ်နေမလဲ ငါသိချင်မိတယ် ”
မေမေကျားဖြူနှင့် သူ့ညီငယ်ညီမငယ်အကြောင်း စဉ်းစားလိုက်သည့်အခါ သီရှီထျန်၏ မျက်လုံးထဲမှ အကြည့်က ပိုပြီးစိတ်ဓာတ်ပြတ်သားလာသည်။ သူလျှောက်နေသော လမ်းက မှားနေသည်ဟု တစ်ခါမှ သူသံသယမဖြစ်ပေ။
ဤတစ်ကြိမ်တွင် သူက ကျင့်ကြံသူရာထောင်ချီကို တစ်ခါတည်း သတ်ဖြတ်ရန် အမှန်တကယ် ထောင်ချောက်တစ်ခု ဆင်ခဲ့သည်။ သို့သော် သူက အကြောင်းမဲ့သက်သက် ထိုသို့လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ထိုကျင့်ကြံသူများက သူ၏ အသက်အန္တရာယ်နှင့် နေရပ်ကို ခြိမ်းခြောက်လာသောကြောင့် ထိုသို့ပြင်းထန်စွာ သူတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသော အရာများကို လွယ်လွယ် သူအလွတ်မပေးနိုင်ပေ။ အဆူးကို အမြန်ဆုံး ဖယ်ရှားပစ်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
ထို့ပြင် သူက အမြန်ဆုံး စွမ်းအားတိုးပွားချင်သည်။ ပုံမှန်အတိုင်း သူကျင့်ကြံမည်ဆိုလျှင် ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် ရာစုနှစ်တစ်ခု ကြာမြင့်လိမ့်မည်။ ထိုမျှအချိန်အကြာကြီး သူမစောင့်နိုင်ပေ။ အထူးသဖြင့် သူ့ဆီမှာ မိစ္ဆာသန့်စင်ခြင်းမီးဖို ရှိနေသည့်အခါ သူက အမြန်ဆုံး စွမ်းအားတိုးပွားနိုင်မည့် နည်းလမ်းကိုသာ ရွေးချယ်ချင်သည်။
မှန်ပေ၏။ ယခု သူ့ဆီမှာ ကျင့်ကြံသူအလောင်းရာထောင်ချီ ရှိသွားသည်။ သို့သော်လည်း ယင်းတို့ကို သန့်စင်ခြင်းသည် နေ့ချင်းညချင်း ဆောင်ရွက်နိုင်သောအရာ မဟုတ်ပေ။ ထိုအတွက် အချိန်ကာလတစ်ခု ကြာမြင့်လိမ့်မည်။
“ မိစ္ဆာတွေ… တကယ်လို့ မိစ္ဆာတွေ ပိုပြီးသန်မာချင်တယ်ဆိုရင် အရာရာကို ကြောက်နေလို့ မဖြစ်ဘူး… ငါတို့အနောက်ဆုတ်ပေးလေ ပိုပြီးအနိုင်ကျင့်ခံရလေပဲ… အနေနဲ့အမြန် ဒီလောကကြီးကို ငါအသိပေးမယ်… မိစ္ဆာတွေ ပိုပြီးသန်မာချင်တယ်ဆိုရင် သတ်ရဲဖြတ်ရဲတဲ့ သတ္တိရှိဖို့ လိုတယ်ဆိုတာ… ”
သီရှီထျန်က စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်နေသည်။
သူက မိုးထိတောင်ပေါ်မှာ ကြာကြာမနေပေ။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ အမြန်ပြန်သွားသည်။
ဤကိစ္စသည် အစမှအဆုံးအထိ လေးငါးရက်သာ ကြာမြင့်ခဲ့သော်လည်း ယင်း၏ ကြီးမားမှုက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။ သီရှီထျန်သည် တောအုပ်ထဲမှာ တိတ်တဆိတ် လမ်းလျှောက်နေရင်း ဤအတောအတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးလိုက်သည်။
ယေဘုယျအားဖြင့်ဆိုရသော် ဤတစ်ကြိမ် သူ၏ ရိတ်သိမ်းမှုက လုံးဝ မသေးငယ်ပေ။
ပထမဆုံးအနေနှင့် သူ၏ ဦးခေါင်းပေါ်မှာ ပျံဝဲနေသော အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့သည်။ မသေမျိုးကျင့်ကြံသူများ သူ့အား ပြဿနာလာရှာမည်ကို အချိန်ကာလတစ်ခုအထိ သူစိုးရိမ်နေရန် မလိုတော့ပေ။ အနည်းဆုံးတော့ သူသည် နှစ်အနည်းငယ်ကြာအောင် အေးအေးချမ်းချမ်း ကျင့်ကြံနိုင်လိမ့်မည်။ ထိုသို့အေးချမ်းစွာ ကျင့်ကြံနိုင်မည့် အချိန်သည် သူ့အတွက် အလွန်တန်ဖိုးကြီးမားပေသည်။
ထို့ပြင် သူက မသေမျိုးကျင့်ကြံသူများ၏ အလောင်းခန္ဓာကိုယ်များကို ရရှိခဲ့သည်။ ယင်းက သူ့အတွက် ကြီးမားသော ကံကြမ္မာကောင်း ဖြစ်သည်။ သူက မသေမျိုးကျင့်ကြံသူများ၏ အသုံးအဆောင်ပစ္စည်းများနှင့် ရတနာများကိုလည်း ရရှိခဲ့သည်။ ယင်းက သူ၏ အနာဂတ် အခြေခံအုတ်မြစ်ကို တောင့်တင်းခိုင်မာစေလိမ့်မည်။ သူ၏ ကျင့်ကြံခြင်းသည်လည်း အလျှင်အမြန် တိုးမြှင့်သွားလိမ့်မည်။
နောက်ဆုံးအနေနှင့် သူက ဤအခွင့်အရေးကို အသုံးချ၍ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်အားလုံးနှင့် တွေ့ဆုံနိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် သူတို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် သိကျွမ်းသွားကြသည်။ ယခု သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အင်အားအကြောင်း ကောင်းမွန်စွာ နားလည်သွားသည်။ အရေးကြီးဆုံးမှာ သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အဖွဲ့ဝင်တစ်ယောက် အမှန်တကယ် ဖြစ်လာသည်။ ယခုအချိန်မှစ၍ သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သူ့ကိုယ်ပိုင်အခြေခံအုတ်မြစ်ကို တရားဝင် တည်ဆောက်နိုင်တော့မည်။
ထိုထဲမှ မည်သည့်အကျိုးအမြတ်မဆို သူ့အတွက် အလွန်တန်ဖိုးကြီးမားပေသည်။ သို့သော်လည်း သီရှီထျန်က ယင်းတို့အားလုံးကို တစ်ခါတည်း ရရှိသွားခဲ့သည်။ ယင်းက ယခင်ဘဝတွင် သူအသုံးပြုခဲ့ဖူးသော စီးပွားရေးနည်းလမ်းများနှင့် ဆင်တူပေသည်။
တောအုပ်ထဲမှာ မြန်ဆန်စွာ လမ်းလျှောက်နေစဉ် သူ၏ ဧရာမခန္ဓာကိုယ်က တဖြည်းဖြည်း အရွယ်အစားကျုံ့သွားသည်။ နောက်ဆုံးမှာ သူက သာမန်ကျားတစ်ကောင်၏ အရွယ်အစားသို့ ပြန်ရောက်သွားသည်။
သူက တွေးတောနေရင်း မြန်ဆန်စွာ ပြေးသည်။ မကြာမီ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
သူက လှိုဏ်ခေါင်းကို ဖြတ်၍ ချိုင့်ဝှမ်းထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။ သူက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်လေရာ ကျယ်လောင်သော လင်းတအော်သံကို ကြားလိုက်ရ၏။ ဝေဟင်ပေါ်၌ ပျံဝဲနေသော ယင်းခုန်း၏ ဧရာမခန္ဓာကိုယ်သည် အောက်သို့ အမြန်ထိုးဆင်းလာပြီး သီရှီထျန်၏ အရှေ့မှာ ရပ်လိုက်သည်။
သူ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားသော အရိပ်အယောင် ထွက်ပေါ်လာပြီးလျှင် ယင်းခုန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ အရှင်မင်းကြီး… နောက်ဆုံးတော့ ပြန်ရောက်လာပြီ ”
ယင်းခုန်း၏ လေသံထဲမှာ စိတ်လှုပ်ရှားမှုအပြင် စိတ်သက်သာရာရသော ခံစားမှုလည်း ပါရှိသည်။ ယင်းက သူ့နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ စက်ကရာ၏ ပြန်ရောက်လာမှုက သူ့ကို ချက်ချင်း စိတ်အေးသွားစေသည့်အလားပင်။
အခန်း(၁၂၈)
“ အရှင်မင်းကြီး ”
“ အရှင်မင်းကြီး ”
သီရှီထျန် ပါးစပ်ဟ၍ စကားမပြောနိုင်မီ အနီရောင်ပုံရိပ်တစ်ခုက အဝေးမှ မြန်ဆန်စွာ ပြေးလာနေကြောင်း သူမြင်လိုက်ရသည်။ အနီရောင်ပုံရိပ်၏ အနောက်တွင် ပုံရိပ်အများအပြားက လိုက်ပါလာကြသည်။ သူတို့အားလုံးက စက်ကရာကို မြင်သွားသောအခါ စိတ်လှုပ်ရှားမှုနှင့် စိတ်သက်သာရာရသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။
“ ကောင်းတယ်… မင်းတို့အားလုံး ဒီရောက်နေကြတယ်ဆိုတော့ အဲ့ဒီပစ္စည်းတွေကို အခုပဲ ငါထုတ်လိုက်မယ်… မင်းတို့တွေ တစ်ယောက်နည်းနည်းစီ ယူလိုက်ကြပါ ”
သီရှီထျန်သည် သူ့အရှေ့မှ လက်အောက်ငယ်သားများကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ ကျင့်ကြံခြင်းက အနည်းငယ် တိုးမြှင့်လာကြောင်း သူမြင်တွေ့သွားသည်။ ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ ကျင့်ကြံခြင်းနည်းလမ်းအကြောင်း သိရှိပြီးနောက် မည်သို့ကြောင့် သူတို့က ပေါ့ပေါ့ဆဆ နေဝံ့ကြမည်နည်း။ သူတို့အားလုံးသည် အချိန်အားလပ်သည့်အခါတိုင်း တစိုက်မတ်မတ် ကျင့်ကြံရန် ကြိုးစားကြလိမ့်မည်။ သူတို့၏ လက်ရှိရည်ရွယ်ချက်သည် ခန္ဓာကိုယ်ထဲမှ မရီဒျန်များကို အမြန်ဆုံး ဖွင့်လှစ်ရန် ဖြစ်သည်။
သို့သော်လည်း ယခုမှ ရက်အနည်းငယ်မျှသာ ကုန်လွန်သေးလေရာ သူတို့၏ တိုးတတ်မှုက သိပ်မကြီးမားပေ။ သူတို့၏ တိုးတတ်မှုက ယခင်စုဆောင်းထားသမျှသာ ဖြစ်၏။ အကယ်၍ သူတို့က နောက်ထပ် မြန်မြန်ဆန်ဆန် တိုးတတ်ချင်လျှင် ဝိညာဉ်ရတနာများနှင့် ပြင်ပအထောက်အပံ့များကို လိုအပ်လိမ့်မည်။
“ ရွှတ် ”
စက်ကရာသည် သူ့ကိုယ်ပိုင်သိုလှောင်အိတ်ထဲမှ သိုလှောင်အိတ်ဒါဇင်ခန့်ကို ထုတ်ယူလိုက်သည်။ သူက သိုလှောင်အိတ်တစ်ခုချင်းစီကို မြန်ဆန်စွာ ဖွင့်လှစ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သိုလှောင်အိတ်များက အရောင်မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး ကျင့်ကြံသူအလောင်းများက အပြင်မှာ ဆက်တိုက် ထွက်ပေါ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့၏ အရှေ့မှ မြေကွက်လပ်ထဲ၌ ကျင့်ကြံသူအလောင်းများဖြင့် ပြည့်နှက်သွားသည်။
အလောင်းများက အလွန်များပြားသည်။ ယင်းတို့က စုစုပေါင်း အရေအတွက်တစ်ထောင်ကျော်သည်။
ယင်းကို ချီဟောင်နှင့် တခြားသားရဲဘုရင်များ မြင်သောအခါ အံ့ဩမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူတို့က သီရှီထျန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
“ အဲ့ဒီကျင့်ကြံသူတွေက သေသွားကြပြီဆိုပေမဲ့ ပမာဏများပြားတဲ့ သွေးချီနဲ့ စွမ်းအင်အနှစ်သာရက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတုန်းပဲ… သူတို့တွေကို ဝါးမျိုပြီး သန့်စင်မယ်ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်ထဲက သွေးချီနဲ့ စွမ်းအင်အနှစ်သာရကို မင်းတို့ စုပ်ယူနိုင်လိမ့်မယ်… အဲ့ဒါက မင်းတို့ရဲ့ ကျင့်ကြံခြင်းအတွက် အရမ်းအကျိုးရှိတယ်… မင်းတို့တစ်ယောက်စီက အလောင်းတချို့ကို ရွေးချယ်ပြီး အမြန်ဆုံး သန့်စင်ပါ… သွေးအစာသန့်စင်တဲ့ နည်းလမ်းအတိုင်း သူတို့ကို သန့်စင်နိုင်တယ်… မဟုတ်ရင် သူတို့ရဲ့ စွမ်းအင်အနှစ်သာရက အလေအလွင့်ဖြစ်သွားလိမ့်မယ် ”
သီရှီထျန်သည် သူ၏ လက်အောက်ငယ်သားများအပေါ် မည်သည့်အခါကမှ မနှမြော မတွန့်တိုခဲ့ပေ။ သူတို့သည် သူအယုံကြည်ရဆုံး လက်အောက်ငယ်သားများ ဖြစ်ကြသည်။ သူတို့သည် သူတည်ဆောက်မည့် အင်အားစုအတွက် အရေးပါဆုံး အဖွဲ့သားများ ဖြစ်ကြသည်။
သီရှီထျန်သည် သူ့ကိုယ်သူ စွမ်းအားတိုးမြှင့်ရင်း သူ့လက်အောက်ငယ်သားများကိုလည်း စွမ်းအားတိုးမြှင့်နိုင်ရန် အတတ်နိုင်ဆုံး ကူညီပေးလိမ့်မည်။
“ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး… အဲ့ဒါ အရမ်းကောင်းတယ်… ဒီငယ်သားတွေက ကျင့်ကြံခြင်းစွမ်းအား အရမ်းအားနည်းနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေကြတာပါ… အဲ့ဒီအလောင်းတွေကို သန့်စင်လိုက်မယ်ဆိုရင် ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက အချိန်တိုလေးအတွင်း တိုးမြှင့်သွားလိမ့်မယ် ”
ပိုင်စုစုက စိတ်လှုပ်ရှားစွာ ပြောသည်။ ရှင်းလင်းစွာပင် သူက ပိုပြီးသန်မာသော ခွန်အားကို လိုချင်တောင့်တနေသည်။
ချီဟောင်နှင့် တခြားသားရဲဘုရင်များသည်လည်း သီရှီထျန်ကို စိတ်လှုပ်ရှားစွာ ကျေးဇူးတင်လိုက်ကြသည်။
“ အဲ့ဒီမတိုင်ခင် ငါလုပ်စရာတစ်ခုရှိသေးတယ်… မင်းတို့အားလုံး အနောက်ဆုတ်နေကြ… ငါ့အနောက်မှာ ရပ်နေကြပါ ”
သီရှီထျန်က သူတို့ကို တည်ကြည်လေးနက်စွာ ပြောသည်။ ချီဟောင်နှင့် တခြားသားရဲဘုရင်များသည် သူ့စကားအတိုင်း သူ့အနောက်မှာ ရိုသေကျိုးနွံစွာ ရပ်လိုက်ကြသည်။
နောက်အခိုက်အတန့်မှာ စက်ကရာ၏ မျက်လုံးက ထွန်းလင်းတောက်ပလာသည်။ မည်သူမှ သူ့အား မော်မကြည့်နိုင်စေမည့် အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါကို သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ ရက်စက်ကြမ်းကြုတ်သော သားရဲအရှိန်အဝါက ဘေးပတ်ဝန်းကျင်သို့ ဒီရေလှိုင်းသဖွယ် တလိပ်လိပ် ပျံ့လွင့်သွားသည်။
" … "
ထိုအရှိန်အဝါအောက်မှာ သီရှီထျန်အပေါ် ကြည့်သော ချီဟောင်နှင့် တခြားသားရဲဘုရင်များ၏ အကြည့်က လုံးဝ ပြောင်းလဲသွားသည်။ သူတို့အားလုံးက မြေကြီးပေါ်မှာ ရိုသေကျိုးနွံစွာ ဝမ်းလျားမှောက်လိုက်ကြသည်။ ဤသည်မှာ ကြီးမားသော တောင်ကြီးတစ်တောင်က သူတို့ကို အပေါ်မှ ဖိထားသည့်အလားပင်။ သူတို့က နည်းနည်းမှ မလှုပ်ရှားဝံ့ကြချေ။ သူတို့က သူတို့အရှေ့မှ အရှင်မင်းကြီးကို ကြည်ညိုလေးစားစွာ ကြည့်လိုက်ကြသည်။
သူတို့၏ ဘေးပတ်ဝန်းကျင်တွင် လေကြမ်းက ရုတ်တရက် တိုက်ခတ်လာသည်။ လေကြမ်းတိုက်ခတ်နေစဉ် စက်ကရာ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး တောက်ပသော ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်မီးတောက်က တအိအိလှုပ်ခတ်နေသည့်အလားပင်။ ထူးဆန်းသည်မှာ ထိုခရမ်းရောင်မီးတောက်ထဲတွင် ဝိညာဉ်တစ်ကောင်၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာတစ်ခု တည်ရှိနေပုံပေါ်သည်။
သူ၏ အရှေ့မှ ကျင့်ကြံသူအလောင်းရာထောင်ချီထဲတွင် မည်သည့်ဝိညာဉ်မှ ရုပ်ခန္ဓာကိုယ်ထဲမှ မထွက်ခွာရသေးပေ။
မိုးထိတောင်ပေါ်တွင် သီရှီထျန်သည် သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံး၏ လျှို့ဝှက်ချက်ကို မထုတ်ဖော်ချင်သောကြောင့် တခြားမိစ္ဆာသားရဲဘုရင်များ၏ အရှေ့မှာ ဝိညာဉ်ဆွဲထုတ်ခြင်းကို မလုပ်ဆောင်ခဲ့ပေ။ ထို့ကြောင့် သူက ကျင့်ကြံသူအလောင်းရာထောင်ချီ၏ ဝိညာဉ်များကို စုပ်ယူရန် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်ရောက်သည်အထိ စောင့်ဆိုင်းခဲ့သည်။
“ ငါ့ရဲ့ ခရမ်းရောင်ဘုရင်စာလုံးက ဝိညာဉ်တွေနဲ့ ဆက်စပ်နေတာ ထင်ရှားတယ်… ငါ့ရဲ့ ဘုရင်စာလုံးထဲမှာ သီးခြားလေဟာနယ်တစ်ခု ရှိတယ်… အဲ့ဒီဝိညာဉ်အားလုံးကို ဘုရင်စာလုံးထဲ တစ်ခါတည်း စုပ်ယူလိုက်မယ်ဆိုရင် ငါ့ရဲ့ ဘုရင်စာလုံးက တစ်ခုခုပြောင်းလဲသွားနိုင်မလား ”
သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက တဒုန်းဒုန်း ခုန်လှုပ်နေကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။ ဤသည်မှာ ခရမ်းရောင်ဘုရင်စာလုံးက ကိုယ်ပိုင်အသက်ဝိညာဉ်ရှိနေသည့်အလားပင်။ ထို့ကြောင့် သူ၏ စိတ်ထဲမှာ အတွေးတစ်ခု ထွက်ပေါ်လာသည်။ ခရမ်းရောင်ဘုရင်စာလုံးက သူ၏ မွေးရာပါသဘာဝစွမ်းရည်ဖြစ်သော်လည်း အရိုးသားဆုံး ဝန်ခံရလျှင် ထိုစွမ်းရည်အကြောင်း သူဘာမှမသိပေ။ သို့သော် ထိုဘုရင်စာလုံးက သာမန်မဟုတ်ကြောင်း ရေးတေးတေး သူခံစားမိသည်။ ဤသည်မှာ ဘုရင်စာလုံးထဲ၌ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအား တည်ရှိနေသည့်အလားပင်။ သို့သော်လည်း ထိုစွမ်းအားကို အသုံးပြုနိုင်သော အရည်အချင်း သူ့ဆီမှာ မရှိနေပေ။
ယခု သူ၏ အရှေ့မှာ ဝိညာဉ်ရာထောင်ချီ ရှိနေသည်။ ထိုဝိညာဉ်အားလုံးကို သူ၏ ဘုရင်စာလုံးထဲသို့ စုပ်ယူလိုက်လျှင် သူ၏ ဘုရင်စာလုံးက တစ်စုံတစ်ခု ပြောင်းလဲသွားနိုင်မည်လော သူစူးစမ်းသိချင်သည်။
သူ၏ နဖူးပေါ်မှ ဘုရင်စာလုံးအကြောင်း စဉ်းစားနေစဉ် ထွန်းလင်းတောက်ပသော ခရမ်းရောင်အလင်းက အပြင်သို့ ပျံ့နှံ့ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ခရမ်းရောင်အလင်းက မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး အရှေ့သို့ ပြန့်ကျဲသွားသည်။ နောက်အခိုက်အတန့်မှာ သူ့အရှေ့မှ နယ်မြေတစ်ခုလုံးက ခရမ်းရောင်အလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရလေသည်။
ခရမ်းရောင်အလင်းသည် လွှမ်းမိုးဗိုလ်ကျပြီး အဆုံးမဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ခရမ်းရောင်အလင်းက သူ့အရှေ့မှ အလောင်းရာထောင်ချီကို ဖုံးလွှမ်းသွားသည်။ တဒင်္ဂအတွင်းမှာ သူ့အရှေ့မှ မြင်ကွင်းက ခရမ်းရောင်ပင်လယ်အဖြစ် လုံးဝ ပြောင်းလဲသွားသည်။ ယင်းက ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ထို့ပြင် ခရမ်းရောင်အလင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုး ကိန်းအောင်းနေဟန် ရ၏။ ခရမ်းရောင်အလင်းက ကျင့်ကြံသူအလောင်းများကို ဖုံးလွှမ်းသွားသည်နှင့်ချက်ချင်း သူတို့နှင့် တစ်ပုံစံတည်း တူညီသော အရိပ်များက ခန္ဓာကိုယ်ထဲမှ တွားသွားထွက်လာကြသည်။ ထိုအရိပ်များသည် ဝိညာဉ်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့၏ အရှေ့မှ ဝိညာဉ်များသည် သာမန်ဝိညာဉ်များ မဟုတ်ကြချေ။ သူတို့က မသေမျိုးကျင့်ကြံသူများ၏ ဝိညာဉ်များ ဖြစ်ကြသည်။
သူတို့က ပုံရိပ်ယောင်ဖြစ်သော်လည်း သူတို့၏ အသွင်သဏ္ဍာန်နှင့် အမူအရာကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
သို့သော်လည်း ထိုဝိညာဉ်များသည် ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီးနောက် သူတို့၏ အမူအရာမှာ ကြောက်လန့်မှု၊ ချောက်ချားမှုဖြင့် ပြည့်နှက်သွားသည်။ သူတို့က အဆက်မပြတ် ရုန်းကန်နေကြသည်။ ဤသည်မှာ သူတို့က ခရမ်းရောင်အလင်းထဲမှ လွတ်မြောက်ချင်နေသည့်အလားပင်။ အော်ဟစ်ညည်းညူသံများက သူတို့၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
“ မဟုတ်ဘူး… မိစ္ဆာကျား… မင်းငါတို့ရဲ့ အသက်ကို ယူပြီးပြီပဲ… ကျေးဇူးပြုပြီး ငါတို့ရဲ့ ဝိညာဉ်ကို လွှတ်ပေးပါ ”
“ ငါမင်းကို အားလုံးပေးပါ့မယ်… ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ ”
“ အရှင်မင်းကြီး… မင်းငါ့ကို လွှတ်ပေးမယ်ဆိုရင် မင်းအပေါ်မှာ ငါသစ္စာရှိရှိ အမှုထမ်းပါ့မယ် ”
“ ငါတို့ကို အမြန်လွှတ်ပေးစမ်း… မဟုတ်ရင် ငါတို့မသေမျိုးကျင့်ကြံခြင်းလောကရဲ့ တန်ခိုးရှင်တွေက မင်းတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို အမှုန့်ဖြစ်အောင် ဖျက်ဆီးပစ်လိမ့်မယ် ”
ခရမ်းရောင်အလင်းအောက်မှာ ဝိညာဉ်အားလုံးက ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားမိသွားကြသည်။ တစ်ယောက်ပြီးတစ်ယောက်က စတင်အသနားခံကြသည်။
တချို့က နူးညံ့သော စကားလုံးများကို ပြောပြီး တချို့က အလှအပဖြင့် ဆွဲဆောင်ကြသည်။ တချို့သည်တော့ ခက်ထန်ကြမ်းကြုတ်သော စကားလုံးများဖြင့် ခြိမ်းခြောက်ကြသည်။ နည်းလမ်းရာထောင်ချီက ဤနေရာမှာ အဆက်မပြတ် ထွက်ပေါ်လာသည်။ သူတို့က သာမန်လူများထက် အမှန်တကယ် ပိုဉာဏ်များကြသည်။
“ ဟွန့်… မင်းတို့အသက်ရှင်ခဲ့ချိန်တုန်းက ငါ့ရဲ့ ရန်သူတွေ ဖြစ်ခဲ့ကြတယ်… မင်းတို့ အခု သေသွားကြပြီး ဝိညာဉ်ဖြစ်လာကြတော့ မင်းတို့က ငါ့ရဲ့ လက်အောက်မှာ အမှုထမ်းချင်တယ်တဲ့လား… ပြီးတော့ အသက်မရှိတော့တဲ့ မင်းတို့ရဲ့ ခြိမ်းခြောက်မှုကို ငါသီရှီထျန်က ကြောက်မယ်တဲ့လား… ရယ်စရာကောင်းလိုက်တာ ”
“ လာစမ်း… မင်းတို့အားလုံး ”
ထိုဝိညာဉ်များ၏ အသနားခံစကားများနှင့် ခြိမ်းခြောက်စကားများကို စက်ကရာကြားသောအခါ အထင်သေးရှုံ့ချသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ့အရှေ့မှ ဝိညာဉ်များကို မည်သို့ကြောင့် သူလက်လွှတ်ရမည်နည်း။ ခရမ်းရောင်ဘုရင်စာလုံး၏ လျှို့ဝှက်ဆန်းကြယ်သော မှော်စွမ်းရည်ကို သူမသိသေးသော်လည်း ယင်းက ဝိညာဉ်များနှင့် ဆက်စပ်နေကြောင်း သူသေချာသည်။ ထို့ကြောင့် ဝိညာဉ်များများ ပိုပြီးရှိလေ သူ့အတွက် ပိုပြီးကောင်းလေ ဖြစ်သည်။
သို့ဖြစ်၍ သူ့အရှေ့မှ ထိုမဟာအခွင့်အရေးကို မည်သို့ကြောင့် သူလက်လွှတ်နိုင်မည်နည်း။
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ခရမ်းရောင်အလင်းထဲမှာ ခရမ်းရောင်ချည်မျှင်များ ပေါ်ထွက်လာကြသည်။ ယင်းတို့က ဝိညာဉ်များကို ချည်နှောင်လိုက်ကြပြီး သူတို့ကို ဘုရင်စာလုံးထဲသို့ အတင်းအဓမ္မ ဆွဲခေါ်လိုက်ကြသည်။ ဘုရင်စာလုံးအနားသို့ သူတို့နီးကပ်သွားလေ သူတို့၏ အရွယ်အစားက မြန်ဆန်စွာ ကျုံ့သွားလေ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဘုရင်စာလုံးက ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။
ဝိညာဉ်တစ်ကောင်ပြီးတစ်ကောင်သည် ဘူးသီးခြောက်နှင့် ဆင်တူသော ဘုရင်အမှတ်အသားထဲသို့ တိုက်ရိုက် ဆွဲသွင်းခံလိုက်ကြရသည်။
“ ဘန်း… ဘန်း… ဘန်း ”
ဝိညာဉ်ရာပေါင်းများစွာကို စုပ်ယူပြီးနောက် ဖော်မပြနိုင်သော စူးရှရှအလင်းရောင်က သူ၏ နဖူးပေါ်မှ ဘုရင်စာလုံးထံမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ကျယ်လောင်သော ပေါက်ကွဲသံများက သူ၏ အသိစိတ်ထဲမှာ ဆက်တိုက် ထွက်ပေါ်လာသည်။
" နောက်ဆုံးတော့ အပြောင်းအလဲရှိလာပြီ ”
ယင်းကို သီရှီထျန် ခံစားမိသည်။ သူက နောက်ထပ် စဉ်းစားမနေဘဲ ခရမ်းရောင်အလင်းကို ထိန်းချုပ်၍ ဝိညာဉ်အားလုံးကို သူ၏ နဖူးပေါ်မှ ဘုရင်စာလုံးထဲသို့ ဆက်ပြီး ထည့်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ မိစ္ဆာအာရုံက ဘုရင်စာလုံးထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
သူ၏ ခရမ်းရောင်ဘုရင်စာလုံးထဲမှာ ထူးဆန်းသော နယ်မြေလွတ်တစ်ခုရှိကြောင်း သူမြင်သွားသည်။ နယ်မြေလွတ်တစ်ခုလုံးထဲ၌ ခရမ်းရောင်အရည်ဖြင့် ပြည့်နှက်နေသည်။ ယင်းက နယ်မြေလွတ်အစား ခရမ်းရောင်ရေကန်နှင့် ပိုပြီးဆင်တူသည်။ ရေကန်သည် မကျယ်ဝန်းပေ။ အစတွင် ရေကန်က ဝိညာဉ်တစ်ရာနှစ်ရာကိုသာ ထိန်းသိမ်းပေးနိုင်သည်။ ဝိညာဉ်များ အထဲသို့ ဝင်ရောက်လာသည့်အခါ ရေကန်က ထိုဝိညာဉ်အားလုံးကို တိုက်ရိုက် စုပ်ယူလိုက်သည်။
ခရမ်းရောင်ရေကန်ထဲသို့ ဝိညာဉ်များ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ခရမ်းရောင်ကန်ထဲမှ ထွက်ပေါ်လာပြီး ဝိညာဉ်များထဲသို့ တိုးဝင်သွားသည်။ ထိုစွမ်းအားက ဝိညာဉ်နှင့် ခရမ်းရောင်ရေကန်ကို အတူတကွ ချိတ်ဆက်ပေးလိုက်ပြီး တစ်သားတည်း ပေါင်းစည်းစေသည်။
အခန်း(၁၂၉)
ခရမ်းရောင်ရေကန်၏ မူလအရွယ်အစားက မကြီးမားပေ။ စက်ကရာက ဝိညာဉ်ရာထောင်ချီကို အဆက်မပြတ် စုပ်ယူနေလေရာ ခရမ်းရောင်ရေကန်ထဲ၌ ဝိညာဉ်များဖြင့် မြန်ဆန်စွာ ပြည့်နှက်သွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ခရမ်းရောင်ရေကန်သည် ဝိညာဉ်များကို နောက်ထပ် မထိန်းသိမ်းနိုင်တော့ပေ။ သို့တိုင် ဝိညာဉ်များသည် ဘုရင်စာလုံးထဲသို့ အပြင်ဘက်မှ အဆက်မပြတ် ဝင်ရောက်လာနေသည်။
တစ်ခဏကြာပြီးနောက် ထူးဆန်းသော အပြောင်းအလဲက ဘုရင်စာလုံး၏ နယ်မြေလွတ်ထဲမှာ ထွက်ပေါ်လာသည်။
မူလက တည်ငြိမ်နေသော ခရမ်းရောင်ရေကန်သည် ရုတ်တရက် ပရမ်းပတာ လှုပ်ခတ်လာသည်။ ရေကန်ထဲတွင် လှိုင်းလုံးများ ထွက်ပေါ်လာကြသည်။ လှိုင်းလုံးများ အချင်းချင်း ပွတ်တိုက်သွားကြစဉ် ရေကန်ထဲ၌ ခရမ်းရောင်လှိုင်းဂယက်များ ချက်ချင်း ထွက်ပေါ်လာကြသည်။
ခရမ်းရောင်လှိုင်းဂယက်များ ပျံ့လွင့်သွားသည်နှင့် ခရမ်းရောင်ရေကန်ထဲမှ ဝိညာဉ်များက တစ်ယောက်ပြီးတစ်ယောက် မျက်လုံးမှိတ်လိုက်ကြသည်။ သူတို့က ခရမ်းရောင်ရေကန်နှင့် တိတ်တဆိတ် ပေါင်းစည်းသွားကြသည်။ မကြာမီ သူတို့က ရုတ်တရက် တစ်ချိန်တည်း မျက်လုံးပြန်ဖွင့်လိုက်ကြသည်။ ခရမ်းရောင်အလင်းတန်းများက သူတို့၏ မျက်လုံးထဲမှ ပျံသန်းထွက်သွားကြစဉ် သူတို့၏ လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်တန်းလိုက်ကြသည်။ သူတို့က အနောက်သို့ ဆွဲငင်သော လက်ဟန်ကို ထုတ်ဖော်လိုက်ကြသည်။
“ ထန်… ထန်… ထန်… ”
သူတို့က ဗလာလေဟာနယ်ထဲသို့ လက်ဆန့်ထုတ်လိုက်ပြီး အနောက်သို့ ပြန်ဆွဲငင်လိုက်သည့်အခါ သူတို့၏ လက်ထဲတွင် ခရမ်းရောင်အလင်း တောက်ပသော လက်နက်အများအပြား ထွက်ပေါ်လာကြသည်။ ယင်းတို့က ဓားမော့များ၊ ဓားများ၊ လှံများနှင့် ပုဆိန်များ အစရှိသည်တို့ ဖြစ်ကြသည်။
လက်နက်အမျိုးမျိုးက သူတို့၏ လက်ထဲမှာ ထွက်ပေါ်လာကြသည်။
ထို့နောက် သူတို့တစ်ယောက်စီက ခရမ်းရောင်ပင်လယ်၏ အစွန်းသို့ မြန်ဆန်စွာ လျှောက်သွားကြသည်။ ခရမ်းရောင်ရေကန်၏ အပြင်ဘက်တွင် ခရမ်းရောင်နယ်မြေရှိသည်။ ထိုနေရာတွင် ခရမ်းရောင်အလင်းတန်းများက အဆုံးမဲ့စွာ ရွေ့လျားနေကြသည်။ ခရမ်းရောင်အလင်းမှလွဲ၍ မည်သည့်အရာမှ မမြင်ရပေ။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ခရမ်းရောင်ရေကန်သည် ခရမ်းရောင်ချီ၏ အလယ်ဗဟိုမှာ တည်ရှိသည်။
“ ထန်… ထန်… ”
ခရမ်းရောင်ချီက ရေကန်ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ကြီးမားသော အပြောင်းအလဲတစ်ခုက ထွက်ပေါ်လာသည်။ ခရမ်းရောင်ရေကန်ထဲမှ ရေက ပြင်းထန်စွာ လှုပ်ခါသွားပြီး အလွန်သိပ်သည်းသော ခရမ်းရောင်အလင်းအကာအကွယ်ကို ထုတ်လွှတ်ပေးလိုက်သည်။
ခရမ်းရောင်ချီ၏ ဝင်ရောက်လာမှုကြောင့် ခရမ်းရောင်အကာအကွယ်အလွှာထဲမှ ရေကန်က ပြင်းထန်စွာ တုန်ခါနေကြောင်း သူမြင်တွေ့သွားသည်။ ရေကန်သည် ကိုယ်ပိုင်အသက်ဝိညာဉ်ရှိသည့်အလား အရပ်မျက်နှာအဘက်ဘက်တွင် လူးလွန့်သွားပြီး အပြင်ဘက်သို့ နည်းနည်းချင်းစီ ကျယ်ပြန့်သွားသည်။
“ ထန်… ထန်… ထန်… ”
တစ်ချိန်တည်းမှာ ခရမ်းရောင်ရေကန်ထဲမှ ဝိညာဉ်များသည် သူတို့၏ လက်ထဲမှ လက်နက်များကို ဝှေ့ယမ်း၍ ခရမ်းရောင်ရေကန်အပြင်ဘက်မှ ခရမ်းရောင်ချီကို တိုက်ခိုက်လိုက်ကြသည်။ လက်နက်များကို သူတို့ဝှေ့ယမ်းလိုက်သည့်အခါ ခရမ်းရောင်ချီ တစ်စိတ်တစ်ပိုင်းက ပြိုကွဲသွားပြီး ခရမ်းရောင်ရေကန်ထဲသို့ စီးဆင်းသွားသည်။
ခရမ်းရောင်ချီ၏ အားဖြည့်ပေးမှုအောက်မှာ ခရမ်းရောင်ရေကန်က စွမ်းအင်ဖြင့် ပြည့်လျှံသွားဟန် ရ၏။ ရေကန်သည် အပြင်ဘက်သို့ အဆက်မပြတ် ချဲ့ထွင်သွားသည်။
“ ထန်… ထန်… ထန်… ”
ချိုင့်ဝှမ်း၏ ကောင်းကင်ယံတွင် မိုးမြေဝိညာဉ်စွမ်းအင်လှိုင်းများက အရပ်မျက်နှာအသီးသီးထံမှ ပေါ်လျှိုးလာကြပြီး ချိုင့်ဝှမ်းထဲမှာ မြန်ဆန်စွာ စုဝေးသွားကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ မိုးကောင်းကင်က အရောင်အသွေးစုံလင်လာပြီး အရွယ်အစားကြီးမားသော ဝိညာဉ်စွမ်းအားဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ပမာဏများပြားသော ဝိညာဉ်စွမ်းအားက ဝဲကတော့၏ စုပ်ယူခံလိုက်ရသည်။
ခရမ်းရောင်ချီ၏ ပေါင်းစပ်မှုကြောင့် ခရမ်းရောင်ရေကန်က မြန်ဆန်စွာ ကျယ်ပြန့်သွားသည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် ခရမ်းရောင်ရေကန်ထဲမှ ဝိညာဉ်အားလုံးက စွမ်းအားကုန်ခမ်းသွားသည့်အလား ရပ်တန့်လိုက်ကြသည်။ သို့သော် ခရမ်းရောင်ရေကန်သည် အချိန်တိုလေးအတွင်းမှာ မူလထက် ဆယ်ဆခန့် ပိုပြီးကျယ်ဝန်းသွားသည်။ မူလရေကန်ကို ရေကန်ငယ်ဟု ခေါ်ဆိုလျှင် ယခုရေကန်ကို ရေကန်ကြီးဟု ခေါ်ဆိုနိုင်ပေသည်။
ခရမ်းရောင်ရေကန်၏ ကျယ်ဝန်းလာမှုက ရေကန်ထဲမှာ ပြည့်ကျပ်နေသော ဝိညာဉ်များကို ချက်ချင်း သက်တောင့်သက်သာရှိစေပြီး ချောင်ချိစေသည်။ တစ်ချိန်တည်းမှာ အပြင်ဘက်မှ ဝိညာဉ်များက ရေကန်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာကြပြီး ရေကန်ထဲမှာ ခြေချလိုက်ကြသည်။
“ ခရမ်းရောင်ဘုရင်စာလုံးရဲ့ နယ်မြေလွတ်က အရမ်းထူးဆန်းတာပဲ… အဲ့ဒါက သူ့ဘာသာ နယ်မြေချဲ့ထွင်နိုင်တယ်… ပြီးတော့ ခရမ်းရောင်ရေကန်ထဲက ဝိညာဉ်တွေက အရမ်းသန်မာတဲ့ပုံပဲ… ပုံမှန်ဆိုရင် သာမန်ဝိညာဉ်တွေမှာ ဘာစွမ်းအားမှ မရှိကြဘူး… ဒါပေမဲ့ သူတို့က ခရမ်းရောင်ရေကန်ထဲ ဝင်ရောက်ပြီးတဲ့နောက်မှာ သိသိသာသာ ဆင့်ကဲပြောင်းလဲသွားကြတယ်… ကြည့်ရတာ အဲ့ဒါကို ဝိညာဉ်လို့ မခေါ်နိုင်တော့ဘူး… သူတို့ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ အသွင်အပြင်အရ သူတို့က တိုက်ပွဲဝိညာဉ်တွေနဲ့ ပိုပြီးဆင်တူတယ် ”
သီရှီထျန်က စိတ်ထဲမှာ ဝမ်းသာပျော်ရွှင်သွားသည်။
“ ငါ့ရဲ့ မွေးရာပါသဘာဝစွမ်းရည်က နောက်ထပ် တိုးတတ်ဖို့ အလားအလာရှိတယ်… အဲ့ဒါက ဝိညာဉ်တွေကို စုပ်ယူနိုင်ရုံပဲ အစွမ်းထက်တာ သေချာပေါက် မဖြစ်နိုင်ဘူး… သူ့မှာ ပိုပြီးလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းရည်ရှိရမယ် ”
ဘုရင်စာလုံး၏ အပြောင်းအလဲကို မြင်သောအခါ သီရှီထျန်က စိတ်လှုပ်ရှားသွားသည်။ တခြားအရာများကို မတွေးလျှင်ပင် ခရမ်းရောင်ပင်လယ်ထဲမှ ထိုတိုက်ပွဲဝိညာဉ်များကို အပြင်သို့ သူထုတ်လွှတ်မည်ဆိုလျှင် ယင်းက သူ့အတွက် ကြီးမားသော အထောက်အကူကို ဖြစ်စေလိမ့်မည်။
ယင်းကို စဉ်းစားမိသောအခါ သူက နောက်တစ်ကြိမ် စမ်းသပ်ကြည့်လိုက်သည်။ သို့သော်လည်း သူ့ကို စိတ်ပျက်စေသည်မှာ သူက လောလောဆယ်တွင် ခရမ်းရောင်ဘုရင်စာလုံး၏ ဝိညာဉ်စုပ်ယူခြင်းစွမ်းရည်ကိုသာ အသုံးပြုနိုင်သေး၏။ တခြားမည်သည့်စွမ်းရည်ကိုမှ အသုံးမပြုနိုင်ပေ။
သီရှီထျန်က သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးအကြောင်း စူးစမ်းလေ့လာနေစဉ် ဇာမဏီငှက်သည် သိုလှောင်အိတ်ကို သယ်ဆောင်လျက် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ပြန်သွားသည်။
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင် အပူချိန်က အလွန်သင့်တင့်သည်။ ယင်းက မည်သည့်ပန်းအမျိုးအစားမဆို ရှင်သန်ရန် သင့်တော်သည်။ ပန်းမျိုးတစ်ရာက တစ်နှစ်ပတ်လုံး ပွင့်လန်းနေစဉ် မွှေးကြိုင်သော ပန်းရနံ့အမျိုးမျိုးက လေထဲမှာ ပျံ့လွင့်နေသည်။ ယင်းက ချိုင့်ဝှမ်းအတွင်းမှ ပတ်ဝန်းကျင်ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ပျော်ရွှင်မှု ပေးသည်။
အရောင်စုံလင်သော လိပ်ပြာများက ပန်းပင်များပေါ်မှာ လှည့်ပတ်ပျံသန်းနေကြစဉ် ချိုင့်ဝှမ်းထဲမှာ သက်ဝင်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
“ အမကြီး… အမကြီး… မြန်မြန် ထွက်လာပါ… ကျူးအာ အမအတွက် ဘာသယ်လာလဲ လာကြည့်ပါ ”
ဇာမဏီငှက်က အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်စဉ် အနီရောင်အမြှီးတစ်ချောင်းက သူ့အနောက်မှာ ထောင်မတ်နေသည်။ သူက ပြတင်းပေါက်ဘောင်ပေါ်မှာ ရပ်နားလိုက်ပြီး သူ၏ နုတ်သီးထဲမှ သိုလှောင်အိတ်ကို အောက်ပစ်ချလိုက်သည်။ သူ့အရှေ့တွင် ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး ရှိသည်။
ဇာမဏီငှက်၏ ရွှင်လန်းတတ်ကြွပုံကို မြင်သောအခါ မိန်းကလေးက ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ နင်ကတော့လေ နောက်ထပ် ပြဿနာရှာပြန်ပြီ ”
“ မဟုတ်ဘူး… ဒီတစ်ကြိမ် ကျူးအာ ပြဿနာမရှာပါဘူး ”
ဇာမဏီငှက်က် ခေါင်းမြင့်မြင့်မော့လိုက်ပြီး အော်ပြောလိုက်သည်။
“ အမ… ဒီတစ်ကြိမ် ငါ အကိုသီရယ်၊ အမမဒူဆာရယ်၊ တခြားလူတွေနဲ့ အတူပူးပေါင်းပြီး ဆိုးသွမ်းတဲ့ အဲ့ဒီမသေမျိုးကျင့်ကြံသူတွေကို နှိမ်နင်းပစ်ခဲ့တယ်… ဘယ်လိုလဲ ငါမတော်ဘူးလား… ဒီမှာ ငါ့ရဲ့ အောင်မြင်မှုဆုလာဘ်… ကျူးအာလည်း အမလို တောင်ပိုင်းမြေရိုင်းဒေသအတွက် အလုပ်လုပ်ပေးနိုင်ပြီ ”
သူက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြောသည်။
“ မဟုတ်သေးဘူး ကျူးအာ… နင်က တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးရဲ့ အင်အားကို အသုံးပြုပြီး ရာထောင်ချီတဲ့ ကျင့်ကြံသူတွေကို တစ်ခါတည်း သုတ်သင်ပစ်ခဲ့တယ်ဆိုတာ သိရဲ့လား… အဲ့ဒီလိုလုပ်ရပ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို နင်စဉ်းစားကြည့်ဖူးလား ”
မိန်းမပျိုလေးက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး သူ့အပေါ်မှ မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ စိုးရိမ်ကြောင့်ကြသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဘာအကျိုးဆက်ရှိမှာလဲ ”
ကျူးအာက စိတ်ရှုပ်ထွေးစွာ ပြောသည်။
" တကယ်လို့ နောက်ထပ် ကျင့်ကြံသူတွေရောက်လာမယ်ဆိုရင် ငါတို့တွေ နောက်တစ်ကြိမ် သူတို့ကို သတ်ပစ်ကြမယ် ”
ဇာမဏီငှက်က အကြိမ်ရေအနည်းငယ် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက ဘေးသို့ ခေါင်းစောင်းလိုက်ပြီး မိန်းမပျိုလေးကို ကြည့်လိုက်သည်။
“ နောက်တစ်ကြိမ် သတ်ပစ်မယ်တဲ့လား ”
ယင်းကို ကြားသောအခါ မိန်းမပျိုလေးက ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သူက လေးနက်သော အကြည့်နှင့်အတူ တီးတိုးရေရွတ်လိုက်သည်။
“ နောက်ထပ် ရောက်လာကြမှာက အခုလို ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူအုပ်စုတွေ မဟုတ်တော့မှာပဲ ငါစိုးရိမ်တယ်… သူတို့က အခြေတည်နယ်ပယ် ကျင့်ကြံသူတွေ၊ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတွေနဲ့ ဝိညာဉ်သန္ဓေတည်နယ်ပယ်က တန်ခိုးရှင်တွေတောင် ဖြစ်နိုင်တယ်… အဲ့ဒီအခါကျရင် တောင်ပိုင်းမြေရိုင်းဒေသက တကယ်ပဲ မဟာကပ်ဘေးကို ရင်ဆိုင်ရလိမ့်မယ် ”
မိန်းမပျိုလေး၏ အသံထဲမှာ စိတ်ပျက်အားလျော့မှု တစ်စွန်းတစ်စ ပါရှိ၏။
သူက မိုးထိတောင်ပေါ်မှာ ဖြစ်ပွားခဲ့သော တောင်ပိုင်းမြေရိုင်းဒေသ၏ မိစ္ဆာသားရဲဘုရင်များနှင့် မသေမျိုးကျင့်ကြံသူများကြားမှ တိုက်ပွဲကို လုံးဝ မသိထားခြင်း မဟုတ်ပေ။ ထို့ပြင် သူက တောင်ကုန်းပေါ်တွင် သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲဘုရင်များ အတူတူ စုဝေးခဲ့ကြကတည်းက ထိုသို့ဖြစ်လာမည်ဟု ကြိုခန့်မှန်းခဲ့သည်။
အကယ်၍ မိန်းမပျိုလေးက သူတို့ကို တားဆီးချင်သည်ဆိုလျှင် သူ၏ စွမ်းအားနှင့် ဂုဏ်အဆင့်အတန်းကြောင့် ယင်းက ခက်ခဲသောအလုပ် မဟုတ်ပေ။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူက မတားဆီးခဲ့ပေ။ သူက တောင်ပိုင်းမြေရိုင်းဒေသမှ မိစ္ဆာမျိုးနွယ်စုနှင့် မသေမျိုးကျင့်ကြံသူများကြားမှ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ မျိုးနွယ်စုနှစ်ခုကြား၌ မဖြေရှင်းနိုင်သော အမုန်းတရား ပေါ်ပေါက်လာရန် သူက တိတ်တဆိတ် ခွင့်ပြုခဲ့သည်။
“ အမ… သူတို့ကို အနိုင်မယူနိုင်ဘူးလား ”
ကျူးအာက ခေါင်းလှည့်လိုက်ပြီး မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် သူ့အရှေ့မှ မိန်းမပျိုလေးက သူမြင်ဖူးသမျှ သက်ရှိအားလုံးထဲမှာ အသန်မာဆုံး ဖြစ်သည်။ သူ့အမ မဖြေရှင်းနိုင်သော ပြဿနာဟူ၍ တစ်ခါမှ သူမမြင်ဖူးချေ။
ယင်းကို မိန်းမပျိုလေးကြားသောအခါ သူက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။
“ နောက်သုံးနှစ်အတွင်း မိစ္ဆာကပ်ဘေးဒုက္ခ(၁၉)ခုကို ငါဖြတ်ကျော်နိုင်ပြီး ငါ့ရဲ့ အမြူတေဓာတ်လုံးကို သန့်စင်နိုင်မယ်၊ ပထမအသွင်သဏ္ဍာန်ပြောင်းလဲခြင်းနယ်ပယ်ကို ငါဝင်ရောက်နိုင်မယ်ဆိုရင် မသေမျိုးကျင့်ကြံခြင်းလောကကို ငါနည်းနည်း ရင်ဆိုင်နိုင်လိမ့်မယ်… မဟုတ်ရင် လာမယ့်အနာဂတ်မှာ တောင်ပိုင်းမြေရိုင်းဒေသက ကပ်ဘေးအကြီးကြီးတစ်ခုနဲ့ ကြုံတွေ့ရလိမ့်မယ် ”
အမှန်မှာ သူက အစောနက တိုက်ပွဲကို တမင်မတားဆီးခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား ပန်းမျိုးတစ်ရာချိုင့်ဝှမ်းနှင့် ဝေးရာဆီသို့ သူမထွက်သွားနိုင်ခြင်း ဖြစ်သည်။ သူက ကပ်ဘေးဒုက္ခကျော်လွှားရန်အလို့ငှာ ပြင်ဆင်နေခြင်း ဖြစ်သည်။ သူက ကပ်ဘေးဒုက္ခအတွက် နောက်ဆုံးပြင်ဆင်မှုအနေဖြင့် စွမ်းအားစုဆောင်းနေသည်။
ယေဘုယျအားဖြင့်ဆိုရသော် မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်သည် လူသားများထက် အများကြီး ပိုပြီးခက်ခဲသည်။
အကယ်၍ လူသားများ၏ ကျင့်ကြံခြင်းအကန့်အသတ်က သူတို့၏ ပင်ကိုယ်ပါရမီပေါ်မှာ မူတည်သည်ဆိုလျှင် မိစ္ဆာကျင့်ကြံသူများက အများကြီး ပိုပြီးခက်ခဲပေသည်။ သူတို့သည် ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသည့်အချိန်မှစ၍ မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရာတွင် ခြေလှမ်းတိုင်းမှာ အခက်အခဲများဖြင့် ပြည့်နှက်နေသည်။ မသေမျိုးကျင့်ကြံသူများသည် တိတ်တဆိတ် တရားထိုင်၍ ကျင့်ကြံရန်သာ လိုအပ်သည်။ အကယ်၍ သူတို့ဆီမှာ ကောင်းမွန်သော ဝိညာဉ်အမြစ်၊ ကောင်းမွန်သော ကျင့်စဉ်များနှင့် အချိန်အလုံအလောက်ရှိမည်ဆိုလျှင် သူတို့က ပိုပြီးမြင့်သော နယ်ပယ်များဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် တတ်လှမ်းသွားနိုင်ကြလိမ့်မည်။
သူတို့အတွက် တစ်ခုတည်းသော အန္တရာယ်မှာ အဆင့်ချိုးဖြတ်သည့်အခါ ရင်ဆိုင်ရမည့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ဖြစ်သည်။
သူတို့အတွက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခတစ်ခုတည်း ရှိသည်။