← Chapters

နွားခေါင်းနှင့်မြင်းမျက်နှာနတ်ဆိုးများ

Vol. 7 Ch. 647

နွားခေါင်းနှင့်မြင်းမျက်နှာနတ်ဆိုးများ

Vol. 7 Ch. 647

ဆန်းလျန်သည် တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားကို ဝါးဖောင်အသွင်ဖြင့် ဝိညာဉ် မြစ်ရေထဲတွင် စီးမျောစေလိုက်ပြီး ဧရာမသစ်ပင်ကြီး ရှိရာနေရာသို့ တဖြည်းဖြည်း ချဉ်းကပ် လာလေသည်။ ယခုအချိန်တွင် ဝိညာဉ်မြစ်ရေ သည်အနည်းငယ် ထူးဆန်း နေသည်ဟု ဆန်းလျန် ကိုယ်တိုင်လည်း ခံစားနေရလေသည်။

ဝိညာဉ်မြစ်ရေသည် အမှန်တကယ်ပင် ထူးဆန်းနေခြင်း ဖြစ်လေသည်။

မြစ်ရေပြင်ထက်တွင် ရေဝဲကန်တော့များလည်း တစ်ခုပြီးတစ်ခု ပေါ်လာနေလေသည်။ ဆန်းလျန်က တန်ခိုးစွမ်းအား အသုံးပြုပြီး ရေဝဲကန်တော့များကို အာရုံခံကြည့် လိုက်လေရာ ရေဝဲကန်တော့များသည် အခြားသော လောကတစ်ခုနှင့် ချိတ်ဆက်နေသည်ကို သိလိုက်ရလေ၏။ ထိုရေဝဲကန်တော့များ အတွင်း ပြုတ်ကျသွားပါက လက်ရှိလောကသို့ လွယ်လွယ်နှင့် ပြန်ရောက် လာနိုင်တော့မည် မဟုတ်ပေ။

ထို့ပြင် အကန့်အသတ် မသိရသည့်အရာများဖြစ်သည့်အတွက် ရေဝဲကန်တော့များ၏ အခြားဘက်မှ လောကတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမှ မသိနိုင်ပေ။

ဆန်းလျန်က သူသိရှိလိုက်ရသည့် အချက်ကို အားလုံးကို ပြောပြလိုက်လေသည်။ ထိုမှသာ သူတို့အနေဖြင့် ရေဝဲကန်တော့များ အတွင်း ပြုတ်ကျသွားခြင်း မရှိအောင် သတိထားနိုင်မည် ဖြစ်လေသည်။

တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားသည် မယုံနိုင်လောက်အောင် ထူးခြားဆန်းကြယ် လေသည်။ သူတို့အုပ်စု ကိုဝိညာဉ် မြစ်လှိုင်းများထက်မှ ခေါ်ဆောင်သွားစဉ်မှာပင် ဝိညာဉ်မြစ်မှ မိစ္ဆာ စွမ်းအားများကို စုပ်ယူပြီး သူ့ကိုယ်သူ အားဖြည့်လိုက်လေသည်။

ဝိညာဉ်မြစ်ရေမှ မိစ္ဆာစွမ်းအားများသည် အလွန်မှ ညစ်ညမ်းလေသည်။ ထို့ကြောင့် နတ်ဘုရားများ အနေဖြင့် စုပ်ယူရန် မသင့်တော်ပေ။ မြစ်ရေအတွင်းမှ ဆိုးညစ်သည့် မိစ္ဆာစွမ်းအားများသည် နတ်ဘုရားတို့၏ ကြေးမုံမှန် အလားတောက်ပသည့် စိတ်ဝိညာဉ်ကို ညစ်နွမ်း စေနိုင်လေသည်။

မိစ္ဆာစွမ်းအားများကို စုပ်ယူခြင်းဖြင့် အသက်ဓာတ် စွမ်းအားအနည်းငယ် တိုးတက် လာနိုင်သော်လည်း အရှုံးနှင့်အမြတ် ယှဉ်လျှင် အရှုံးဘက်ကသာ များမည် ဖြစ်လေသည်။

သို့သော်... ပန်းချီကားကတော့ ထိုအချက်များကို စိုးရိမ်ပူပန်ခြင်း ရှိဟန်မတူပါ။ ပန်းချီကားသည် မည်သည့်အရာနှင့် မဆို ပေါင်းစည်းနိုင်ပြီး ဝိညာဉ်မြစ်ရေ၏ မိစ္ဆာစွမ်းအားများကို စုပ်ယူကာ သံသရာလည်ခြင်း နိယာမကို ပြည့်စုံစေခဲ့လေသည်။

ရုတ်တရက်ပင်…

ဆန်းလျန်၏ရင်ထဲတွင် တင်းကျပ်လာပြီး မိစ္ဆာစွမ်းအားများ ဆယ်ဆခန့် မြင့်တက်လာသည်ကို ခံစားလိုက်ရလေသည်။

ဆန်းလျန်က ပန်းချီကားကို အရှိန်ကို မြှင့်တင်လိုက်ပြီး ဝိညာဉ်မြစ်ကို အလျင်အမြန် ဖြတ်ကျော်လိုက်လေသည်။

နေရာတစ်ခုသို့ သူတို့ ရောက်ရှိလာလေသည်။

ထိုနေရာတွင်…

အနက်ရောင် မြူခိုးများဖုံးလွှမ်းနေပြီး မရေမတွက်နိုင်အောင် များပြားသည့် မိစ္ဆာပုံရိပ်များ လွှမ်းမိုးနေလေသည်။ နွားအော်သံများ မြင်းဟည်းသံများလည်း ထွက်ပေါ်လျက် ရှိလေသည်။ အော်မြည်သံတိုင်းသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်သော မိစ္ဆာစွမ်းအားများ ပါရှိလေသည်။

သူတို့အားလုံးမှာ နတ်ဘုရားများ ဖြစ်သည့်အတွက် အော်သံများက သူတို့ကို ထိခိုက်စေခြင်း မရှိသည့်တိုင် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားကြရလေသည်။

တာအိုဆရာလုန်ချွမ်ကျီက သူ၏ ဆရာဖြစ်သူထံမှ ကြားဖူးထားသည်များကို သတိရသွားပြီး တုန်လှုပ် သွားလေသည်။

"ဒီနေရာမှာ ယင်းစီးနတ်ဆိုးတွေ အများကြီး ရှိနေတာပဲ..."

နတ်ဘုရားများအားလုံး သူ့ကို လှည့်ကြည့်လိုက်ကြပြီး ဆက်ပြောမည့်စကားကို နားစွင့် နေလိုက်ကြလေသည်။

လုန်ချွမ်ကျီက...

"ပြောကြတာတော့ ဟိုးအရင်တုန်းက အသူရာချောက်ကိုးထပ်မှာ ငရဲမင်း (၁၀) ပါး အုပ်စိုးတယ်ဆိုပဲ၊ သူတို့အားလုံးက တန်ခိုးစွမ်းအား တွေအရမ်းမြင့်မားကြတယ်၊ သူတို့လက်အောက်မှာ ယင်းစီးနတ်ဆိုးတွေ အများကြီးရှိတယ်၊ အဲဒီနတ်ဆိုးတွေက နွားခေါင်းနဲ့ မြင်းမျက်နှာ ရှိကြတယ်၊ သူတို့အားလုံးက ဝိညာဉ် နတ်ဘုရားတွေနဲ့ တန်ခိုးစွမ်းအား တူညီတယ်၊ ပြီးတော့… သူတို့က သံသရာ မလည်ချင်တဲ့ အမျက်ထွက်နေတဲ့ တစ္ဆေသရဲတွေကို ဖမ်းဆီးတဲ့ အလုပ်ကိုလုပ်ကြတာ”

ဝိညာဉ် နတ်ဘုရားများသည် နတ်ဘုရား အမျိုးအစားများထဲတွင် အဆင့်အနိမ့်ဆုံး နတ်ဘုရားများ ဖြစ်လေသည်။

သူတို့သည် ကျင့်စဉ်လမ်း အဆင့် တက်ရောက်နိုင်ရန်အတွက် ယင်စွမ်းအားများကို အသုံးပြုကျင့်ကြံကြပြီး ဖော့ဝမ့် အဆင့်ကျင့်ကြံသူများထက် တန်ခိုးစွမ်းအား မြင့်မားကြလေသည်။ လက်ရှိ ဆန်းလျန်တို့ အဖွဲ့သည့် ဝိညာဉ်နတ်ဘုရား (၃)ယောက်မှ (၅)ယောက်အထိ ရင်ဆိုင်နိုင်စွမ်း ရှိလေသည်။ ထို့ထက် ပိုပြီးများပြားလာပါက ရင်မဆိုင်ဘဲ ရှောင်ထွက်သွားသည်ကသာ ပိုကောင်းမည် ဖြစ်လေသည်။

မိစ္ဆာအခိုးအငွေ့များအထဲတွင် ယင်းစီးနတ်ဆိုး ထောင်ပေါင်းများစွာ ရှိနိုင်လေသည်။

သူတို့အနေဖြင့် မည်သည့်နည်းနှင့်မှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထိုအချိန်ခဏ အတွင်းမှာပင် သူတို့ဆီသို့ရောက်ရှိလာသည့် ဓားဝိညာဉ်တစ်ခုကို ခံစား လိုက်ရသည့် အတွက် ထိတ်လန့် အံ့သြ သွားကြလေသည်။

ထိုနေရာတွင် ဖန်းယန်ယင်းရှိနေပြီး သူမသည် မိစ္ဆာအခိုးအငွေ့များ အတွင်းသို့ ဆွဲယူခြင်းကို ခံလိုက်ရလေသည်။

ဆန်းလျန်သည် ကြက်သေသေသွားပြီး အတန်ကြာ စကားမပြောနိုင်ဖြစ်နေပြီးမှ…

“ကျင်းချင်… ယန်ယင်းကို အမြန်ဆွဲခေါ်စမ်း…”

သို့သော်… ချန်ကျင်းချင်မှာ ဆန္ဒပြင်းပြသည့် ဆွဲအားတစ်ခုက သူ့ကို စွဲခေါ်နေသည်ကို ခံစားလိုက်ရသည့် အတွက် ဖန်းယန်ယင်းကို ချက်ချင်း မကူညီလိုက်နိုင်ပေ။ သူခန့်မှန်းသည်မှာ မမှားဘူးဆိုလျှင် သူ့ကို ဆွဲငင်နေသည့်အရာသည် ဧရာမသစ်ပင်ကြီး ဖြစ်ဟန် တူလေသည်။

ဧရာမ သစ်ပင်ကြီးသည် သူ့ကိုယ်တွင်းမှ တစ်စုံတစ်ခုကို တဖြည်းဖြည်းချင်း ဆွဲငင်နေလေသည်။

ယင်းစီး နတ်ဆိုးများသည် ဧရာမသစ်ပင်ကြီးနှင့် ကျိန်းသေ ဆက်စပ်မှု ရှိနိုင်လေသည်။

အတန်ငယ် တည်ငြိမ်သွားမှ ချန်ကျင်းချင်သည် ဆန်းလျန်၏ အမိန့်အတိုင်း လုပ်ဆောင် လိုက်လေသည်။

ချန်ကျင်းချင်သည် ထူးဆန်းသည့် သင်္ကေတတစ်ခုကို ပြုလုပ်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး အနက်ရောင်မြူခိုးများ လွင့်ပြယ်သွားကာ ပတ်ဝန်းကျင်ကို စတင်မြင်လာရလေသည်။

နွားခေါင်းနှင့် မြင်းမျက်နှာရှိသည့် နတ်ဆိုးများသည် ဖန်းယန်ယင်းကို ဝန်းရံ ထားကြလေသည်။ သူတို့အားလုံးသည် ချွန်ထက်သော သံချိတ်ကောက်များ ပါဝင်သည့် သတ္တုကြိုးများကို ကိုင်ဆောင် ထားပြီး ဖန်းယန်ယင်းကို ဖမ်းဆီးရန် အသင့် ဖြစ်နေကြလေသည်။

ဖန်းယန်ယင်းသည် ထိုက်စန့်ဓားကိုပင် တီထွင်ခဲ့သည့် ကျော်ကြားသည့် ဓားနတ်သမီးတစ်ပါး ဖြစ်လေသည်။ သူမ၏ ဓားဝိညာဉ်မှာ တောက်ပါနေပြီး သူမထံသို့ ဝင်ရောက်လာသည့် ချွတ်ထက်သော ချိတ်ကောက်များ ပါဝင်သည့် သတ္တုကြိုးများကို ခုခံတားဆီး ထားလိုက်လေသည်။

သူမ၏ဓားဝိညာဉ်ဖြင့် ခုတ်ပိုင်းခံလိုက်ရသည့် နွားခေါင်းနှင့် မြင်းမျက်နှာ နတ်ဆိုးများသည် ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ် ကုန်ကြလေသည်။ ဖန်းယန်ယင်းသည် မရဏဓားသည် ယင်းစီးနတ်ဆိုးများကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိလေသည်။

ချန်ကျင်းချင်က သူမအနားသို့ ရောက်လာပြီး တစ်ချက်ပြုံးလိုက်ရင်း….

“ဂိုဏ်းတူအစ်မ၊ ကျွန်တော် အစ်မကို ကူညီမယ်….”

ချန်ကျင်းချင်ထံမှ ထူးဆန်းလွန်းသည့် အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းတန်းများဖြင့် ထိမိသည့် ယင်းစီး နတ်ဆိုးများ၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း ကျယ်ပြန့်သွားပြီး ပေါက်ကွဲ ထွက်သွားလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးကိုပင် ထိခိုက် သွားစေလေသည်။

ချန်ကျင်းချင် ဖန်ဆင်းလိုက်သည့် လျှပ်စီး အလင်းတန်းများသည် ယင်းစီးနတ်ဆိုးများ အပေါ်သို့ ကျရောက်သွားသည်နှင့် တစ်စမကျန်အောင် သူတို့သည် လောင်ကျွမ်း သွားရလေသည်။ အချို့သော လျှပ်စီး အလင်းတန်းများကတော့ နတ်ဆိုးများကို အေးခဲသွားစေပြီး အမှုန့်အဖြစ် ပြောင်းလဲ သွားလေသည်။

လူအုပ်ကြီးမှာ ချန်ကျန်းရန် နတ်ဘုရား၏ နက်ရှိုင်းသည့် တာအိုကျင့်စဉ် တန်ခိုးစွမ်းအားများကို အလွန်မှ လေးစား သွားမိလေသည်။ ချန်ကျင်းချင်သည် လျှပ်စီးငါးမျိုး တန်ခိုးစွမ်းအားကို ကျင့်ကြံ ထားလိမ့်မည်ဟု သူတို့ ထင်မှတ် မထားခဲ့ကြပေ။

ယင်းစီး နတ်ဆိုးများသည် လျှပ်စီးမိုးကြိုးများဒဏ်ကို ခံနိုင်ရည်ရှိသူများ ဖြစ်ကြလေသည်။ သို့သော်… ချန်ကျင်းချင်၏ လျှပ်စီး စွမ်းအားများကတော့ သူတို့ခံနိုင်ရည် စွမ်းအားထက် သာလွန် နေခဲ့လေသည်။

ချန်ကျင်းချင် ကူညီတိုက်ခိုက် ပေးနေသည့်တိုင် ဖန်းယန်ယင်းအား သိသိသာသာ ဖိအားများကို ခံစား နေခဲ့ရလေသည်။

သူမသည် ထိုက်စန့်ဓားကို အသုံးပြုရန် အတွေ့အကြုံ နည်းသေးသော်လည်း ဆရာဖြစ်သူ ချန်ကျန့်မေ သေဆုံးမှု စိတ်ဒဏ်ရာဖြင့် နတ်ဆိုးများကို ရက်စက်စွာ သတ်ဖြတ် နေခဲ့လေသည်။ ယင်းစီး နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်လိုက်တိုင်း သူမ၏ဓားသည် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပိုမိုများပြား လာရလေသည်။ သတ်ဖြတ်နေရင်းဖြင့်ပင် ယင်းစီး နတ်ဆိုးများ၏ အားနည်းချက် များကိုလည်း သူမ နားလည် လာရလေသည်။

အသက်ရှင်သန်ရန် အတွက် ခုခံတိုက်ခိုက်နေခြင်းမှ  သတ်ဖြတ်ပွဲတစ်ခုအဖြစ် ပြောင်းလဲ သွားလေသည်။

အခြားသူများမှာလည်း ရပ်ကြည့် မနေနိုင်တော့ပေ။

သူတို့က…

“မိတ်ဆွေလေးချန်၊ ဖန်းနတ်သမီး၊ ကျုပ်တို့လည်း ကူညီမယ်….”

ဖားဟိုင် ဆရာတော်သည် တစ်ချက်ပင် မတုံ့ဆိုင်းတော့ဘဲ အနက်ရောင် မြွေကြီးတစ်ကောင် အဖြစ် အသွင်ပြောင်းလဲ လိုက်လေသည်။ မြွေကြီးက ပါးစပ်ကိုဟလိုက်ပြီး ယင်းစီးနတ်ဆိုးများကို တစ်ကောင်ချင်းစီ ဝါးမျိုစားသောက် ပစ်လိုက်လေတော့သည်။

လူအုပ်ကြီးမှာ ခေါင်းများ ခါယမ်း လိုက်မိကြလေသည်။

ကျင်းကွမ်း ဝတ်ကျောင်းတော်တွင် ဝတ်ပြုကိုးကွယ်ကြသူများ အနေဖြင့် သူတို့ ကိုးကွယ်သည့် ဆရာတော်သည် ဧရာမ ပင်လယ်မြွေကြီးတစ်ကောင် ဖြစ်သည်ကိုသာ သိရှိသွားပါက လာရောက် ဝတ်ပြုကိုးကွယ်ရဲကြမည် မဟုတ်တော့ပေ။

ဖားဟိုင်ဆရာတော်သည် ဘုန်းကြီးဝတ်ပြီး ကတည်းက သီလစောင့်ထိန်းခဲ့ပြီး တိုက်ခိုက် သတ်ဖြတ်ခြင်းများကို သိပ်ပြီးပြုလုပ်ခဲ့ခြင်း မရှိပေ။ ယခုတော့ အခွင့်အရေးရသည်နှင့် စိတ်တိုင်းကျ သတ်ဖြတ်နေပြီ ဖြစ်လေသည်။

ယင်းစီးနတ်ဆိုးများမှာ အားနည်းသူများ မဟုတ်ကြပါ။

သို့သော်… သူတို့ ရင်ဆိုင်နေရသည့် နတ်ဘုရားများမှာ တန်ခိုးစွမ်းအား အဆမတန် မြင့်မားသူများ ဖြစ်ကြလေသည်။  သူတို့သည် မျက်စိတစ်မှိတ် အတွင်းမှာပင် နှိမ်နင်း ခံလိုက်ကြရလေတော့သည်။

ဖန်းယန်ယင်းသည် နောက်ဆုံးတော့ ဖိအားများကို ခံစားရခြင်း မရှိတော့ပါ။ နွားခေါင်းနှင့် မြင်းမျက်နှာနတ်ဆိုးများမှာ ဆယ်ယောက်ခန့်သာ ကျန်တော့သည်။ သူမအတွက် လုံးဝမှုစရာ မလိုတော့ပေ။

သူမသည် ဓားကို ကိုင်မြှောက်လိုက်ပြီး ပျောက်ကွယ် သွားလေသည်။

ထို့နောက်တွင်တော့ နတ်ဆိုများမှာ မျက်လုံးများကန်းကုန်ပြီး ဓားဒဏ်ရာ ရရှိထားသည့် နေရာများမှ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လျက် ရှိလေသည်။

သူတို့သည် မျက်စိကန်းကုန်ပြီ ဖြစ်သည့်အတွက် ရန်သူကို တွေ့မြင်ရခြင်း မရှိတော့ပါ။

သူတို့သည် ထိတ်လန့် ကြောက်ရွံ့နေကြပြီး သံမဏိချိတ်ကောက်များကို ဦးတည်ချက်မဲ့စွာ ဝှေ့ယမ်းနေကြလေသည်။ ထို့ကြောင့် အချင်းချင်းထိခိုက်မိကာ ဒဏ်ရာများ ရကုန်ကြလေတော့သည်။

ရာနှင့်ချီသည့် နွားခေါင်းနှင့် မြင်းမျက်နှာနတ်ဆိုးများမှာ နှိမ်နင်းခံလိုက်ရပြီ ဖြစ်လေသည်။ အသက်ရှင်နေသည့် အခြားသော နတ်ဆိုးများမှာလည်း တွားသွားပြီး အသူရာ ချောက်အတွင်းသို့ ပြန်ဆင်း သွားကြလေသည်။

ယင်းစီး နတ်ဆိုးများကို မြိုချပစ်လိုက်သည့် ဖားဟိုင်ဆရာတော်မှလွဲပြီး အခြားသော နတ်ဘုရားများမှာ တိုက်ပွဲတွင် သိပ်ပြီး မကူညီလိုက်ရပါ။ ဖားဟိုင်ဆရာတော် လူအသွင် ပြန်ပြောင်းလိုက်သည့် အခါတွင်တော့ သူ၏ဗိုက်ကြီးမှာ အန်းကုန်း ကိုယ်တော်ကြီးအလား ဖောင်းကားလျက် ရှိလေ၏။

ဟုန်ယွမ်ဆရာတော်က ဖားဟိုင်ဆရာတော်မှာ နတ်ဆိုးအများကြီးကို စားပစ်လိုက်သည့်အတွက် အစာမကျေ ဖြစ်မည်ကို စိတ်ပူပြီး ပြဒါးဆေး တစ်လုံးထုတ်ကာ ပေးလိုက်လေသည်။

"နောင်တော်... ဒါက ကျုပ်တို့ ရှောင်လေယင်းကျောင်းတော်က တာ့ဟွမ်ပြဒါးဆေးပါ၊ ဒါစားလိုက်ရင် ခင်ဗျားစုပ်ယူထားတဲ့ မိစ္ဆာစွမ်းအားတွေ သန့်စင်သွားလိမ့်မယ်..."

ဖားဟိုင်ဆရာတော်က ရယ်မောလိုက်ရင်း...

"ကျေးဇူးပဲဟေ့... ဒါပေမဲ့ မင်းကျုပ်ကို နောင်တော်လို့ မခေါ်သင့်ဘူးနော်... ဆရာဘိုးဘိုးလို့ ခေါ်သင့်တာ...."

ဖားဟိုင် ဆရာတော်၏ စကားကြောင့် ဟုန်ယွမ်ဆရာတော်မှာ နှုတ်ခမ်း တစ်ချက်မဲ့ လိုက်မိလေသည်။

ကျင်းကွမ်းဝတ် ကျောင်းတော်မှ ပေါင်ယွဲ့ဆရာတော်ကြီးမှာ ရှောင်လေယင်း ကျောင်းတော်မှ ဟွေခဲ့ ဆရာတော်ကြီးနှင့် အဆင့်အတန်းတူသူ ဖြစ်လေသည်။

လူပြန်ဝင်စားသည့် ပေါင်ယွဲ့ဆရာတော်ကြီးကို ဖားဟိုင်ဆရာတော်က ပြန်လည်ရှာဖွေခဲ့ပြီး အတိတ်ဘဝကို မမှတ်မိခင် အချိန်များတွင် တပည့်အဖြစ် ပညာသင် ပေးခဲ့လေသည်။ ထို့ကြောင့် ပေါင်ယွဲ့ ဆရာတော်၏ ဆရာဖြစ်သည့် ဖားဟိုင်ဆရာတော်ကို ဆရာဘိုးဘိုးဟု ခေါ်သင့်သည်မှာ အမှန်ပင် ဖြစ်လေသည်။

ဆရာတော် (၂) ပါး နောက်ပြောင်နေကြသည်ကို ဆန်းလျန်က အရေးမစိုက်တော့ဘဲ ဖန်းယန်ယင်းကို မေးလိုက်လေသည်။

"ယန်ယင်း... ဒီယင်းစီးနတ်ဆိုးတွေ ဘယ်က ရောက်လာကြတာလဲ...."

***

All Chapters