အခွင့်အလမ်း
Vol. 137 Ch. 1897
ရေအနှစ်သာရ ပြီးပြည့်စုံသွားသည့်အခါ၌ အရိပ်များသည် သူ့အနီးအနားတွင် ပေါ်လာ၏။ ထိုသူများ ပေါ်လာသည်နှင့် အစိမ်းရောင်အလင်းတစ်ခု ပျံ့လာသည်။
ဝမ်လင်းသည် ထိုရုတ်တရက် ပေါ်လာသော အရိပ်များကို အာရုံခံမိပြီးသားပင်။ သူက တည်ငြိမ်စွာ ဆက်ရှိနေပြီး သူ့ညာလက်ဖြင့် ပင်လယ်အထက်သို့ ဖမ်းဆုပ်ကိုင်လိုက်သည်။ ပင်လယ်ထဲရှိ အနက်ရောင်အရည်အားလုံးမှာ ဖြတ်ခနဲ စုဝေးကာ အနက်ရောင်အရည်စက်တစက် ဖြစ်တည်သည်။
ထိုအရည်စက်မှာ တစ်သောင်းသန့်စင်ခြင်းပျက်စီးခြင်းအရည်စက်ပင်။
ထိုအရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာကာ အစွမ်းထက်အော်ရာများက နောက်မှ ကပ်ပါလာ၏။ သူတို့အားလုံးက ဝမ်လင်းထံ တိုးဝင်လာကြစဉ် သူက လက်ထဲရှိ အရည်စက်ကို ဖိချေလိုက်သည်။
“ရေဟာ အော်ရာအားလုံးကို ပျော်ဝင်နိုင်တယ်။ မီးလောင်ကျွမ်းတာကိုလည်း တားဆီးနိုင်တယ်။ သက်ရှိတွေကိုလည်း မွန်းကြပ်စေနိုင်တယ်။ လောကကိုပါ အရောင်မဲ့စေနိုင်တယ်…”
ဝမ်လင်းသည် သူ့လက်ထဲရှိ အနက်ရောင်အရည်စက်ကို လုံးဝ ပျက်စီးသည့်ထိ ညှစ်ချေကာ ခပ်တိုးတိုး ရေရွတ်၏။ ရေအလား မင်ရည်မြောက်များစွာက ဝမ်လင်းကို ဗဟိုပြု၍ ပျံ့နှံ့လေ၏။
နီးကပ်လာသော ပုံရိပ်တစ်ထောင်နီးပါးက ဝမ်လင်းအနားသို့ ရောက်မလာနိုင်ခင်မှာပင် ထိုအရည်များ၏ ဝန်းရံခြင်းကို ခံရလေသည်။
ဆေးလုံးပင်လယ်အတွင်း၌ နာကျင်ထိတ်လန့်ဖွယ်အော်သံများ ပဲ့တင်ထပ်ကုန်သည်။ ထိုအနက်ရောင်ရေဖြင့် ထိမိသော အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများသည် တုန်ယင်ကာ သူတို့၏ခန္ဓာကိုယ်များသည် မြန်မြန်ဆန်ဆန် ပျက်စီးခြင်းဆိုက်ကာ သူတို့၏မူလစိတ်ဝိညာဉ်များပါ လွင့်ပြယ်ပျောက်ကွယ်ကုန်သည်။
တချို့က ရေမွန်းသလို ဖြစ်ကုန်၏။ သူတို့၏မျက်လုံးများက ပြူးကျယ်ကာ သေဆုံးရသည်။ ရေသည် လေထုကို ဖြတ်တောက်ရုံသာမက ကောင်းကင်ဘုံစွမ်းအင်နှင့် သူတို့၏ အသက်ဓာတ်များကို လောင်ကျွမ်းပစ်ချေပြီ။
တချို့က တိုက်ရိုက် ပျက်စီး၏။ သူတို့၏ခန္ဓာကိုယ် ဒွာရပေါက်များထံမှ သွေးများ ထွက်လာသည်။ ထိုရေက သူတို့၏ခန္ဓာကိုယ်များကို ခြေမွကာ မူလစိတ်ဝိညာဉ်များကို တစစီအပိုင်းပိုင်း ဖြစ်စေသည်။
ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေသည့်အခိုက်မှာပင် ထိုသို့ ဖြစ်ကုန်ကြသည်။ သူက တည်ငြိမ်စွာပင် အလောင်းများကို ဖြတ်၍ ရှေ့သို့ လှမ်း၏။ ထိုအလောင်းများထံမှ အနက်ရောင်အရည်များက ဝမ်လင်း၏ခန္ဓာကိုယ်တွင်း ဝင်ရောက်ကာ သူ၏သွေးနှင့် ပေါင်းစပ်သည်။
ရှေ့သို့ ခုနစ်လှမ်းမျှ လျှောက်လှမ်းပြီးနောက် ဝမ်လင်းက ရုတ်တရက်လှည့်ကာ အကွာအဝေးတစ်ခုထံ လှမ်းကြည့်သည်။ ထိုအကွာအဝေးမှ အဝေးရှိ အလံသုံးခုအောက်မှ အမျိုးသမီး ရှိနေသော နေရာတည်း။
ထိုအမျိုးသမီး၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူမ၏မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်လာ၏။ ဝမ်လင်း ပတ်လည်ရှိ အစိမ်းရောင်အစက်အားလုံးမှာ ပျောက်ကွယ်ကုန်လေပြီ။ ဆေးလုံးပင်လယ် တဝက်ကို ခြုံလွှမ်းထားသော အနက်ရောင်မှာလည်း ကွယ်ပျောက်သွားခဲ့ပြီး တဖြည်းဖြည်း ရွှေ့လျားကာ ပျောက်ကွယ်သွားသော အဖြူရောင်အလင်းစက်တစ်စက်သာ ကျန်ခဲ့လေ၏။
“သူက ဘယ်သူလဲ။ ငါတို့ ဒီမှာရှိနေတဲ့အစွမ်းထက်ကျင့်ကြံသူတွေကို ထောက်လှမ်းတုန်းက သူ့ကို ဘာကြောင့် မပြသပေးရတာလဲ…”
ထိုအမျိုးသမီးက ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် အံတင်းတင်းကြိတ်လိုက်၏။
“ဆေးလုံးပင်လယ်ရဲ့ အစိမ်းရောင်မိစ္ဆာကုန်းမြေက တပ်သားအားလုံး ငါ့အမိန့်ကို နားထောင်ကြ။ ဒီလူ့နောက်ကို လိုက်ပြီး သူ့ကို ထွက်သွားခွင့် မပေးနဲ့။ သူဟာ တစ်သောင်းသန့်စင်ခြင်းပျက်စီးခြင်းအရည်စက်ကို ယူဆောင်သွားတယ်။ သူ့ကို သတ်ပြီး ဒါကို ပြန်ယူဆောင်ရမယ်…”
ထိုအမျိုးသမီးက ထိုသို့ မပြောခင် သွေးအန်ထုတ်၏။ ထိုသွေးက သူမ၏ စကားလုံးများနှင့် ပေါင်းစပ်ကာ အခိုးအငွေ့အဖြစ် ပြောင်း၍ သံလိုက်အိမ်မြှောင်ထံ ဝင်ရောက်သည်။
ထိုသွေး လွင့်ပြယ်သွားသည့်အခါ အမျိုးသမီးဘေးရှိ အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူအားလုံးမှာ ရှေ့သို့ မြန်ဆန်စွာ ခြေလှမ်းကုန်၏။
တချိန်တည်းမှာ အစိမ်းရောင်မိစ္ဆာကုန်းမြေရှိ ကျင့်ကြံသူအားလုံးသည် ထိုအမျိုးသမီး၏ အသံ သူတို့၏စိတ်ထဲ၌ ပဲ့တင်ထပ်လာသည့်အခါ တုန်ယင်ကုန်သည်။
သူမ၏အသံက ထိုမျှ ဝေးဝေးသို့ ပျံ့နှံ့နိုင်ခြင်းမှာ သူမ၏ကျင့်ကြံမှုအဆင့်က မြင့်မားလွန်း၍ မဟုတ်၊ သူမ၏လက်ထဲမှ သံလိုက်အိမ်မြှောင်ကြောင့်သာ။ ထိုသံလိုက်အိမ်မြှောင်က သာမန်မဟုတ်ပေ။ ၎င်းသည် ဆေးလုံးပင်လယ်ကို ခြုံလွှမ်းထားသော ဗဟိုချက်တစ်ခုပင်။
ဝမ်လင်းက တည်ငြိမ်စွာဖြင့် ဆေးလုံးပင်လယ်ကို ဖြတ်သန်းသွားနေ၏။ သူ၏သွားနှုန်းက မမြန်လွန်းပေ။ သို့သော် သူ့ခြေလှမ်းတိုင်း အဝေးသို့ ရွှေ့လျားပြီး ဖြစ်၏။
“ဒီလူတွေဟာ ဆေးလုံးပင်လယ်ကို ချိပ်ပိတ်ထားကြတယ်။ ဘာကြောင့်လည်း ငါ မသိပေမဲ့ သူတို့ဟာ တခြားသူတွေကို ဝင်ရောက်ခွင့်သာပြုပြီး ထွက်သွားခွင့် မပြုမှတော့ သူတို့ဟာ ဒီကသတင်းကို အပြင်ဘက် မပေါက်ကြားစေချင်ကြတာ သိသာတယ်…”
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူက ညာလက်ကို ပင့်မြှောက်လိုက်ရာ သူ့လက်ဝါးထံမှ လူသေးလေး ထွက်ပေါ်လာသည်။
ထိုလူသေးလေးသည် ဝမ်လင်း ဝိညာဉ်မျက်လုံးတာအိုဖြင့် ဖြစ်ပေါ်စေထားသော စိတ်ဝိညာဉ်တစ်ခု ဖြစ်၏။ သူ ရှေ့သို့ လှမ်းလျှောက်လျက် သူ၏အကြည့်က လူသေးလေး၏မျက်လုံးများနှင့် ဆုံတွေ့သည်။ ထိုလူသေးလေးက တုန်ယင်သွားကာ ဝမ်လင်းထံ ဒူးထောက်၏။
သူ၏ဦးခေါင်းက ဝမ်လင်း၏လက်ဝါးနှင့် ထိမိသည့်အခါ သူ့စိတ်ထဲတွင် တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ သူ အနာဂတ်ကို ထောက်လှမ်းရန် ဟန်ပြင်လိုက်စဉ် အစွမ်းထက်အားတစ်ခုက အတင်းအကြပ် နှောက်ယှက်လာသည်။
သူ မျက်မှောင်ကြုတ်သွား၏။ သူ၏အမူအရာက ပို၍ အလေးအနက် ဖြစ်လာသည်။
“တစ်ယောက်ယောက်က နှောက်ယှက်နေတယ်။ ငါ တစ်ယောက်တည်းကိုတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေရာမှာ ရှေ့ဖြစ်ကြည့်နိုင်တဲ့ မန္တာန်အားလုံးကို ဟန့်တားထားတာပဲ…”
ဝမ်လင်းက သူ့လက်ဝါးကို ပြန်ဆုပ်လိုက်ရာ လူသေးလေးလည်း ပျောက်ကွယ်သွား၏။
“ဒီမှာ ကိစ္စကြီးတစ်ခုခု ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေမှာ ငါ စိုးမိတယ်…”
ဝမ်လင်းသည် စဉ်းစားနေရင်း ရှေ့သို့ ခြေလှမ်းသည်။ သူ၏ ခြေထောက်အောက်တွင် လှိုင်းဂယက်များ ထလာသည်။ သူသည် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုကာ သဲလွန်စမရှိ ပျောက်ကွယ်သွား၏။
သူ ထွက်သွားပြီးနောက် ဆယ်စက္ကန့်မပြည့်ခင်မှာပင် ပုံရိပ်တစ်ထောင်နီးပါး ထိုနေရာတွင် ပေါ်လာသည်။ ထိုပုံရိပ်များအားလုံးက အစိမ်းရောင်ဝတ်ရုံများဖြင့်ပင်။ သူတို့က ဘေးပတ်လည်သို့ အနည်းငယ် ကြည့်ရှုပြီးနောက် ထပ်မံ ပျောက်ကွယ်သွားသည်။
ဝမ်လင်းကမူ ကောင်းကင်ဘုံနွားထီးကုန်းမြေ အနီးအနားတွင် ပေါ်လာသည့်အခါ သူက လှမ်းထွက်လာ၏။ သူ မျက်မှောင်ကြုတ်သွားသည်။ သူသည် ဒီပင်လယ်ကနေ မထွက်သေးပေ။ အပေါ်သို့ မော့ကြည့်လိုက်သည်။ သူ၏အကြည့်က ပင်လယ်ကို ထွင်းဖောက်သွားဟန်တူပြီး သူက အထက်ရှိ နက်မှောင်သောကောင်းကင်ကို တွေ့မြင်သည်။
“ဒီမှာရှိတဲ့ အတားအဆီးတွေကြောင့် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို ဒီပင်လယ်အတွင်းမှာပဲ အသုံးပြုနိုင်ပြီး အပြင်ဘက် ထွက်သွားလို့ မရ ဖြစ်နေတယ်။ ဒီအတားအဆီးက နည်းနည်းတော့ ဆန်းကြယ်တာပဲ…”
ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ သူသည် အတားအဆီးများနှင့် ပတ်သတ်၍ မထိတ်လန့်ပေ။ သူ့အတားအဆီးအနှစ်သာရကနေ အတားအဆီးတစ်ခု လွတ်မြောက်ဖို့မှာ ခက်ခဲ၏။ အတားအဆီးများ သူ ပိုကြုံတွေ့ရလေလေ သူ၏ အတားအဆီးအနှစ်သာရအတွက် သာ၍ အကျိုးဖြစ်စေလေပင်။
သူသာ အစွမ်းထက်ရှေးဟောင်းအတားအဆီးတစ်ခုကို သန့်စင်စုပ်ယူနိုင်ပါက သူ၏အတားအဆီးအနှစ်သာရသည် များစွာ တိုးတက်လာနိုင်မည် ဖြစ်၏။
“ဒီမှာ ရှိတဲ့အတားအဆီးတွေကို သန့်စင်ပြီး ငါ့အတားအဆီးအနှစ်သာရထဲ စုပ်ယူရမယ်…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူက ဝိညာဉ်ကျမ်းစာအဆောက်အဦ၌ ရှိခဲ့စဉ်က ထိုနေရာရှိ အတားအဆီးများကို ကလန်၏ အကြီးအကဲတစ်ယောက်အနေဖြင့် သန့်စင်ခြင်းသည် မသင့်တော်လှဟု ခံစားမိခဲ့၏။ ထို့အပြင် ယင်းအတားအဆီးများမှာ သိပ်ထူးခြားဆန်းပြားခြင်း မရှိိပေ။ ယင်းတို့မှာ အစွမ်းထက်ကျင့်ကြံသူများ၏ စိတ်ဆန္ဒ ပါဝင်ရုံသာ ရှိ၏။
စဉ်းစားနေလျက် ဝမ်လင်းက အတော့်ကို တည်ငြိမ်စွာ ရှိနေ၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ မီးတောက်ဆယ့်နှစ်ခုကျော်က ဝမ်လင်း၏ ညာဘက်ရှိ ပင်လယ်ထဲ စတင် ကျွမ်းလောင်ချေသည်။
ထိုမီးတောက် ပေါ်လာသည့်အခါ နာကျင်ထိတ်လန့်စွာ အော်သံများ ပဲ့တင်ထပ်ပြီး အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူဆယ့်နှစ်ယောက်ကျော် ပေါ်လာ၏။ သူတို့၏ခန္ဓာကိုယ်များသည် အနက်ရောင်မီးဖြင့် လောင်ကျွမ်းခံရလေသည်။ အသည်မှာ သူတို့၏ သတ်ဖြတ်လိုစိတ်ကြောင့် တောက်လောင်သော ဆန်းကြယ်မီး ဖြစ်ချေ၏။
ဝမ်လင်းက ဆန်းကြယ်မီးကို အသုံးပြုခဲ၏။ ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ သူ့အနေဖြင့် ၎င်းကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်းပင်။ သို့ပေမည့် ၎င်းသည် မထင်မှတ်စွာ သူ အသုံးပြုလိုက်သည့်အခါ၌ပင် အလွန်အစွမ်းထက်နေဆဲ ဖြစ်၏။ သည်ကျင့်ကြံသူ ဆယ့်နှစ်ယောက်ကျော်က တတိယအဆင့်သို့ မရောက်ကြသေးပေ။ သူတို့က ဝမ်လင်းကို ရှာဖို့ ကင်းထောက်လေးမျှသာ။ သူတို့ထံ၌ ခုခံဖို့ အခွင့်အရေး မရှိချေ။
ဝမ်လင်းသည် ဆေးလုံးပင်လယ်ကို ဖုံးလွှမ်းထားသော အတားအဆီးကို စူးစမ်းလေ့လာဖို့ ရေများထံမှ တရကြမ်း ထိုးထွက်ရန် ဟန်ပြင်လိုက်၏။ သို့ပေမည့် သူ၏အမူအရာက ပြောင်းလဲသွားကာ သူသည် လှည့်၍ အကွာအဝေးတစ်ခုထံ လှမ်းကြည့်သည်။
“သူတို့သုံးယောက်က တကယ်ပဲ ဒီမှာ ရောက်နေကြတာပဲ…” ဝမ်လင်းက ပြုံး၍ သူ့ဦးတည်ရာကို ပြောင်းကာ ရှေ့သို့ ခြေလှမ်းသည်။
ပင်လယ်အတါင်း၌ ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟိန်းသွား၏။ ကျားဖြူက လိပ်နက်နှင့် ဟင်္သာငှက်တို့ကို သယ်ဆောင်ကာ မြန်ဆန်စွာ ထွက်ပြေးရင်း သွေးအန်လိုက်ရသည်။ ကျင့်ကြံသူချန်းက နှုတ်ခမ်းသပ်ကာ ကြမ်းကြုတ်သောအမူအရာကို လှစ်ဟဖော်သည်။
“မင်းရဲ့ ခန္ဓာကိုယ်က အတော်လေး သန်မာတာပဲ။ မင်းကို ရုပ်သေးအဖြစ် သန့်စင်ရင် ကောင်းမွန်နိုင်တယ်…”
“မင်းတို့သုံးယောက်က ကောင်းမွန်တဲ့ ကျင့်ကြံခြင်းအဆင့် ပိုင်ဆိုင်ထားတယ်။ ငါ့ကလန်ရဲ့ စုံစမ်းမှုအရ မင်းတို့ဟာ ဒီကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က ရွှေ့ပြောင်းလာခဲ့တာ ဖြစ်ပြီး ဘာကလန်မှ မပိုင်ဆိုင်ကြဘူး။ ငါ့ ဝူဂျီကလန်ကို ဝင်ရောက်ပြီး အသက်ဘေးကို ရှောင်မလား…”
ကျောက်စိမ်းဖြူမျက်နှာနှင့်လူငယ်က ပြုံးလေ၏။
ကျားဖြူ၏မျက်နှာမှာ သေလောက်အောင် ဖြူရောနေ၏။ သူက စကားပြန်မဆို၊ လိပ်နက်နှင့် ဟင်္သာငှက်တို့ကို သယ်ကာ အရူးအမူး ထွက်ပြေးနေ၏။ သို့သော် သူ မည်မျှ မြန်မြန် လှုပ်ရှားပါစေ ထိုနှစ်ယောက်ထံမှ လမ်းကြောင်း သွေဖွယ်ကာ လွတ်မြောက်အောင် မစွမ်းနိုင် ဖြစ်နေသည်။
“ကျားဖြူ…မင်းတို့သုံးယောက်ဟာ နာမည်မရှိတဲ့သူတွေ မဟုတ်လောက်ဘူး…။ မင်းတို့ ဘာကြောင့် ဒီဆေးလုံးပင်လယ်ကို ရောက်လာခဲ့ရတာလဲ…”
ကျောက်စိမ်းဖြူမျက်နှာနှင့် လူငယ်က ဖြည်းဖြည်းချင်း ပြောကာ သူ့လက်ထဲရှိ ယပ်တောင်ထံ လက်ညွှန်လိုက်သည်။
ထိုယပ်တောင်ထံမှ အစိမ်းရောင်အခိုးငွေ့တို့ ထွက်ပေါ်လာကာ ရွှေရောင်ဓားတစ်လက် ကိုင်ထားသော ရွှေရောင်ကောင်းကင်ဘုံသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသည်။ ၎င်းက ရှေ့သို့ ခြေလှမ်းပြီး ကျားဖြူထံ ခုတ်ပိုင်းချလိုက်သည်။
ထိုရွှေရောင်ဓား သက်ဆင်းလာသည့်အခါ ကျားဖြူက တဖက်သို့ လှည့်၏။ မာန်သွင်းသံနှင့်အတူ ကျားဖြူအရိပ်တစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ် ကွဲထွက်ပြီး ထိုရွှေရောင်ချပ်ဝတ်နှင့် ကောင်းကင်ဘုံသားထံ ခုန်အုပ်ဝင်လာသည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ ထိုကောင်းကင်ဘုံသားသည် ပျက်စီးသွားရသည်။ သို့သော် ကျားဖြူအရိပ်မှာလည်း နာကျင်စွာ အော်ဟစ်ကာ ပျက်စီးသွား၏။ ကျားဖြူသည် သွေးထပ်မံ အန်ကာ ပေတစ်ထောင်ထိ နောက်ဆုတ်သွားသည်။
“ဒီအဘိုးအိုဟာ ကျားဖြူပဲ။ တာအိုခုနစ်ခုကလန်ရဲ့ ဗိုလ်ချုပ်လေးယောက်ထဲက တစ်ယောက် ဖြစ်တယ်။ ငါဟာ ငါ့နာမည်နဲ့ ငါ့ကလန်ကို ပြောင်းလဲမယ့်သူ မဟုတ်ဘူး…။ ကောင်လေး ဒါကို ကောင်းကောင်း မှတ်ထားပါ…”
ကျားဖြူသည် အခြေအနေ သိပ်မကောင်းတော့ပေ။ သူက ထွက်ပြေးခြင်းကို ရပ်လိုက်၏။ သူသည် အခုလိုမျိုး ထွက်ပြေးခြင်းသည် သေခြင်းကနေ မလွတ်မြောက်နိုင်လောက်တာကို နားလည်ထားသည်။
သူ သေရတော့မည် ဖြစ်၍ သူက ပေါက်ကွဲကာ အစွမ်းကုန် တိုက်ခိုက်ခဲ့မည်ပင်။
“ဟင်္သာငှက်ဗိုလ်ချုပ်၊ တာအိုခုနစ်ခုကလန်ရဲ့ ဗိုလ်ချုပ်လေးယောက်ထဲက တစ်ယောက်…” ကျားဖြူနောက်မှ ဟင်္သာငှက် ပါးစပ်ထောင့်မှ သွေးများ စီးကျနေလျက် ထိုလူငယ်ထံ ခပ်တင်းတင်း စိုက်ကြည့်နေလေ၏။
“လိပ်နက်ဗိုလ်ချုပ်…” လိပ်နက်ဗိုလ်ချုပ်က သူတို့သုံးယောက် သေရတော့မည်ကို နားလည်၏။ ထို့ကြောင့် သူက သက်ပြင်းချကာ သူတို့၏နောက်ခံပုံရိပ်ကို ဆက်လက် ဖုံးကွယ်မထားတော့ပေ။
“တာအိုခုနစ်ခုကလန်…။ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ အဲ့ကလန် ရှိတာလား…”
ကျောက်စိမ်းဖြူမျက်နှာနှင့် လူငယ်က အနည်းငယ် စဉ်းစားကြည့်၏။ သို့သော် သူက သူတို့၏ စူးစမ်းထောက်လှမ်းမှုအတွင်း ထိုကလန်ကို စဉ်းစားမကြည့်တတ် ဖြစ်နေ၏။
“တာအိုခုနစ်ခုကလန်…” ကျင့်ကြံသူချန်းက သူတို့၏ နာမည်များကို ကြားလိုက်ရသည့်နောက် ထိုသုံးယောက်ထံ သေချာ ကြည့်လိုက်သည်။
“ကောင်းကင်ဘုံနွားထီးကုန်းမြေနဲ့ ပတ်သတ်လို့ စုံးစမ်းမှုထဲမှာ ဒီနာမည်ကို ငါ တခါ မြင်ခဲ့ဖူးတယ်။ ဒီကလန်ဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကလန်တစ်ခုပဲ။ သူတို့ရဲ့ ကလန်ခေါင်းဆောင်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ လို့ခေါ်တာ ထင်တယ်။ သူ့ကျင့်ကြံမှုအဆင့်ကလည်း သာမန်မဟုတ်ဘူးတဲ့။ ဒါပေမဲ့ ဒါက ကြာမြင့်လွန်းခဲ့ပြီ။ သူက သေသွားခဲ့တာ ဖြစ်မယ်…”
ခုနစ်ရောင်စုံ ကောင်းကင်ဘုံအုပ်စိုးသူ၏ အမည်ကို ကြားသည့်အခါ ကျားဖြူနှင့်ကျန်နှစ်ယောက်သည် ငြိမ်သက်သွားကြ၏။ သူတို့၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန် အမူအရာများ ဖြစ်ပေါ်လာသည်။
“ကလန်ခေါင်းဆောင် သေသွားပေမယ့်လည်း နောက်တစ်ယောက် ကျန်သေးတယ်။ သူသာ ထွက်လာခဲ့ရင် သူက ချက်ခြင်းပင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ကျော်ကြားလိမ့်မယ်…” ကျားဖြူက ရုတ်တရက် ထိုသို့ ပြောလာ၏။
ဟင်္သာငှက်နှင့် လိပ်နက်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ အနှံ့ ကျော်ကြားမယ် ဟုတ်လား။ ဒီကိစ္စက စိတ်ဝင်စားစရာပဲ။ ဒီလူဟာ ကောက်ရီကလန်က ယွမ်ရီဖန် ပြောတဲ့သူများလား။ ဟာသပဲ…”
ကျောက်စိမ်းဖြူမျက်နှာနှင့်လူငယ်က ရယ်မောကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှေ့သို့ တိုးလာသည်။ ကျင့်ကြံသူချန်းကလည်း သူနှင့်အတူ လိုက်ပါတိုးဝင်လာသည်။
သို့သော် သူတို့က ကျားဖြူနှင့် တခြားနှစ်ယောက်ထံ နီးကပ်မလာခင် အေးစက်စက်အသံတစ်ခု လေပြင်းအလား ပေါ်လာလေသည်။
“ဟာသပဲ ဟုတ်လား…”