ရှောင်ဟေးက အမြဲတမ်း သခင်ရဲ့ ရှောင်ဟေးပါပဲ
Vol. 38 Ch. 372
ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းရှိ အချိန်သည် နေဝင်ဆည်းဆာ ဖြစ်သော်လည်း အပြင်ဘက်တွင်မူ မွန်းတည့်ချိန် ဖြစ်ပေ၏။
ကျုံးချင်သည် မိုးကောင်းကင်ယံရှိ ပူပြင်းသော နေမင်းကြီးကို မော့ကြည့်ပြီး သူ၏စိတ် အနည်းငယ် တွေဝေမိန်းမောနေခဲ့သည်။
ခြေလှမ်းတစ်လှမ်းတည်းဖြင့် သူသည် ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုကြားတွင် ဖြတ်သန်းသွားခဲ့သည်။
အကယ်၍ တစ်နေ့နေ့တွင် သူသည် အရာအားလုံးကို လျစ်လျူရှုနိုင်လောက်အောင် အစွမ်းထက်လာချိန်တွင် ကမ္ဘာနှစ်ခု မည်မျှပင် ဝေးကွာနေပါစေ ခြေလှမ်း တစ်လှမ်းတည်းဖြင့် ဖြတ်ကျော်နိုင်မည်လော။
သူ၏အနာဂတ်တာအိုအတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်မနေဘဲ မနေနိုင်ခဲ့ချေ။
အကယ်၍ သူသည် တာအို၏အဆုံးသတ်အထိ ကြီးထွားလာနိုင်ပါက အိမ်သို့ ပြန်နိုင်ကောင်း ပြန်နိုင်မည်လော...
အိုး... လူတွေ...
သူတို့သည် မည်မျှထိ ဝေးဝေး ခရီးသွားခဲ့ပါစေ သူတို့၏အောင်မြင်မှုများ မည်မျှထိ မြင့်မားပါစေ သူတို့၏မွေးရပ်မြေအပေါ် ဖော်ပြ၍ မရနိုင်သော စိတ်ခံစားမှု တစ်ခုကို အမြဲတစေ ခံစားရပေမည်။
ဖြစ်နိုင်သည်မှာ ဝန်လေးမှု မှီခိုမှု တမ်းတမှုတို့နှင့် မွေးရပ်မြေအပေါ် ချစ်မြတ်နိုးမှုပင်။
ထို့ပြင် မွေးရပ်မြေအပေါ် ဤဘက်လိုက်မှု ဖြစ်ရခြင်း အကြောင်းအရင်းမှာ လွမ်းဆွတ်ရသော လူများနှင့် မေ့မရနိုင်သော အဖြစ်အပျက်များ ရှိနေသောကြောင့်သာမက ဘဝစတင်ခဲ့သောနေရာဖြစ်ပြီး လူတစ်ယောက်၏ ကြီးထွားမှု လမ်းကြောင်းကို သယ်ဆောင်ထားသောကြောင့်လည်း ဖြစ်ပေ၏။
ကျုံးချင်က သူ၏အတွေးများကို ဖိနှိပ်လိုက်သည်။
သူ ချောက်နက်အတွင်းသို့ ပထမဆုံး ဝင်ရောက်ခဲ့သည့် နေရာသို့ ရောက်ရှိလာခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် လှေငယ်လေးတစ်စင်းက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တိတ်ဆိတ်စွာ ရှိနေခဲ့သည်။
ကျုံးချင်သည် လှေကို သိမ်းဆည်းလိုက်ပြီး ချောက်နက်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်ကာ မည်သည့်တွယ်တာမှုကိုမျှ မခံစားရချေ။
သူသည် အလယ်ပိုင်းဒေသသို့ ဦးတည်၍ ထွက်ခွာခဲ့တော့သည်။
...
ထို့ပြင် ကျုံးချင် ထွက်ခွာသွားသည်နှင့်....
ချောက်နက်နယ်မြေတွင်...
ငရဲချော်ရည်၏အထက်၌ အလင်းကားချပ်တစ်ခု ရှိနေခဲ့ပေ၏။
အလင်းကားချပ်ပေါ်တွင် ကျုံးချင်၏ထွက်ခွာသွားသော ပုံရိပ်ကို အတိအကျ ပြသနေသည်။
အကြည့်သုံးစုံသည် ကျုံးချင်၏ကျောပြင်ပေါ်တွင် ရပ်တန့်နေပြီး သူတို့၏မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သရဲစိမ်းက ကျုံးချင်၏ ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
"သူ နောက်ဆုံးတော့ ထွက်သွားပြီလား..."
ရိုးရိုးသားသား ပြောဆိုရလျှင် ကျုံးချင်သည် သူ မြင်ဖူးသမျှ လူများအနက် အထူးခြားဆုံး လူတစ်ယောက်ပင်။
သူနှင့် တူညီသောလူဟူ၍ တစ်ယောက်မျှ မရှိချေ။
သူသည် ချောက်နက်အတွင်းသို့ ဝင်ရောက်ပြီးနောက် လုံးလုံးလျားလျား အန္တရာယ်ကင်းစွာ ထွက်သွားနိုင်သည့် ပထမဆုံးလူလည်း ဖြစ်ပေ၏။
ကျုံးချင်အပေါ် သရဲစိမ်း၏စိတ်ခံစားမှုများမှာ အလွန်အမင်း ရှုပ်ထွေးနေခဲ့သည်။
ထူးဆန်းပြီး နတ်ဆိုးဆန်ခြင်း....
ဤသည်မှာ သူ ကျုံးချင်ကို ပေးထားသော ဘွဲ့ထူးပင်။
ပြိုင်ဘက်ကင်းခြင်း...
ဤသည်မှာ ကျုံးချင်အပေါ် သူ့အရှင်၏ အကဲဖြတ်မှုပင်။
အရှက်မရှိခြင်းနှင့် ကန့်သတ်ချက်မရှိခြင်း....
ဤစရိုက်လက္ခဏာများကို သူ၏ကိုယ်ပိုင် လုပ်ရပ်များမှတစ်ဆင့် အပြည့်အဝ ပြသခဲ့သည်။
ထိုကဲ့သို့ လူတစ်ယောက်ကို သူ မုန်းသည်ဟု ဆိုခြင်းမှာ မမှန်ကန်သည့်အပြင် သဘောကျသည်ဟု ဆိုခြင်းမှာလည်း လုံးလုံးလျားလျား မှန်ကန်ပုံ မရချေ။
မည်သို့ပင်ဆိုစေကာမူ ဤခံစားချက်များသည် အလွန်ရှုပ်ထွေးလှ၏။
မိုးခေါင်မီးနှင့်သရဲစိမ်းတို့သည် ကျုံးချင်အပေါ် တူညီသော စိတ်ခံစားမှုများကို ခံစားခဲ့ရသည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ သူသည် ချောက်နက်မှ အန္တရာယ်ကင်းစွာ ထွက်ခွာသွားနိုင်ရုံသာမက အရှင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကိုပင် တည်ဆောက်နိုင်ခဲ့ခြင်းက အမှန်တကယ်ကို အံ့အားသင့်လေးစားဖွယ်ကောင်းသည်။
ချောက်နက်အရှင်သခင်အတွက်မူ ကျုံးချင် အပေါ် သူ၏စိတ်ခံစားမှုများမှာ များစွာပို၍ ရှုပ်ထွေးနေခဲ့သည်။
သူ၏ဧရာမမျက်လုံးကြီးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
နက်ရှိုင်းသောအသံတစ်သံက ငရဲချော်ရည် အတွင်း၌ တုန်ခါသွားကာ ပြောဆိုလိုက်၏။
"အနာဂတ်မှာ မင်း ဘယ်လောက်ထိ အဝေးကြီး ရောက်နိုင်မလဲ ဆိုတာကို ငါ တကယ် မျှော်လင့်နေတယ်..."
အကယ်၍ ဖရိုဖရဲနတ်ဆိုးပင်လယ်၏ သက်ရှိများသာ ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့မည်ဆိုပါက ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် သူတို့၏နှလုံးသားများတွင် အဆုံးမဲ့ လှိုင်းလုံးများကို ဖြစ်ပေါ်စေပေမည်။
တစ်စုံတစ်ယောက်က ချောက်နက်မှ အန္တရာယ်ကင်းစွာ ထွက်လာနိုင်ရုံသာမက ချောက်နက်အရှင်သခင်ထံမှ နှုတ်ဆက် အကြည့်ကို ရရှိခဲ့ပြီး ကျုံးချင် အနာဂတ်တွင် မည်မျှ အဝေးသို့ ရောက်ရှိနိုင်မည်ကိုပင် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
အကယ်၍ ဤကိစ္စသာ ပျံ့နှံ့သွားပါက ဒဏ္ဍာရီများကြားမှ ဒဏ္ဍာရီတစ်ခု လုံးလုံးလျားလျား ဖြစ်လာပေလိမ့်မည်။
သေချာသည်မှာ....
ဤလောကတွင် အံ့ဖွယ်ဒဏ္ဍာရီများစွာသည် လူမသိသူမသိ ကျန်ရစ်ရန် ဖန်တီးခံထားရခြင်းပင်။
သို့သော် ကျုံးချင်၏တမူထူးခြားမှုဖြင့် သူသည် အနာဂတ်တွင် သာမန်ထက် လွန်ကဲသော ဒဏ္ဍာရီများကို တစ်ခုပြီးတစ်ခု ဖန်တီးနိုင်ခြေ အလွန်များသည်။
ရွှေသည် အမြဲတစေ တောက်ပနေသည်ဟုသာ ဆိုနိုင်ပေ၏။
ထို့ပြင် ကျုံးချင်၏တောက်ပမှုသည် အချိန်ကြာလာသည်နှင့်အမျှ သေချာပေါက် မှေးမှိန်သွားမည် မဟုတ်ချေ။ ထိုအစား အချိန်ကြာလာသည်နှင့်အမျှ ပို၍ မျက်စိကျိန်းလောက်အောင် တောက်ပလာပေမည်။
ကျုံးချင် ချောက်နက်မှ ထွက်ခွာသွားသည်နှင့်အမျှ....
အလယ်ပိုင်းဒေသနှင့် ကုန်းမြေလေးခုကို ပိုင်းခြားထားသော ဤချောက်ကမ်းပါးကို ကြီးမားကျယ်ပြန့်သော မြူခိုးဖြူများဖြင့် နောက်တစ်ကြိမ် ဖုံးလွှမ်းသွားခဲ့သည်။ ထူထပ်သိပ်သည်းသော မြူခိုးများသည် အဖြူရောင်နံရံတစ်ခုအလား အတွင်းသို့ ကြည့်ရှုရန် ကြိုးစားသော အမြင်အာရုံလှိုင်းများအားလုံးကို ပိတ်ဆို့ဟန့်တားထားခဲ့သည်။
ချောက်နက် အပြင်ဘက်တွင်...
ကောင်းကင်ပြာရောင် ပင်လယ်နှင့် ကြည်လင်သော ကောင်းကင်ကြီးကို ကြည့်ရင်း ကျုံးချင်သည် စိတ်သက်သောင့်သက်သာရှိမှု ခံစားချက်ကို ခံစားမိလေ၏။
သူသည် ကျယ်ပြန့်သော အဖြူရောင်ချောက်နက်ကို နောက်ကြောင်းပြန်လှည့်ကြည့်မိသည်။
သူသည် စိတ်ခံစားမှုဖြင့် နောက်တစ်ကြိမ် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
မရေမတွက်နိုင်သော လူများကို ကြောက်ရွံ့စွာ တုန်ယင်စေခဲ့သော ချောက်နက်တွင် ဤကဲ့သို့သော အတွင်းစိတ် အမှန်တရား ရှိမည်ဟု မည်သူမျှ မျှော်လင့်ထားခဲ့မည် မဟုတ်ချေ။ ထိုနေရာအတွင်းမှ ကောင်းမွန်သော အရာများစွာကို သူ ရရှိခဲ့ပေ၏။
သို့သော်....
ဤသည်မှာ သူ၏လုံလောက်သော အားထားစရာ လှည့်ကွက်များ ကျေးဇူးကြောင့်လည်းဖြစ်သည်။
ချောက်နက်အတွင်း၌ အခိုင်အမာ ခြေကုပ်ယူထားသော ချောက်နက်အရှင်သခင်တွင် မည်သည့်အကြံအစည်မျှ မရှိခြင်းမှာ မဖြစ်နိုင်ချေ။
သူ၏ခရီးစဉ်ကို ပြန်လည်၍အမှတ်ရရင်း ချောက်နက်အရှင်သခင်သည် တစ်စုံတစ်ရာကို ရွေးချယ်နေကြောင်း ကျုံးချင် ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ပေ၏။
ထို့ပြင် သူသည် ရွေးချယ်ခံရသူများအနက်မှ တစ်ဦးပင်။
သူ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ ရလဒ်သည် အလွန်ကောင်းမွန်မည် မဟုတ်ချေ။
သူ၏များပြားသော အားထားစရာ လှည့်ကွက်များကြောင့်သာ ရွေးချယ်ခံရသည့် အခြေအနေမှ လွတ်မြောက်နိုင်ခဲ့ပြီး စေ့စပ်ညှိနှိုင်းနိုင်သည့် အနေအထားသို့ တက်လှမ်းနိုင်ကာ အကျိုးကျေးဇူး အမြောက်အများကိုပင် ရရှိခဲ့သည်။
သူနှင့် ချောက်နက်အရှင်သခင်ကြားရှိ ရင်းနှီးမြှုပ်နှံမှုဟု ခေါ်ဆိုသော အရာနှင့် ပတ်သက်၍ ကျုံးချင်တွင် လက်ရှိအချိန်၌ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မရှိချေ။
အနာဂတ်ကိစ္စများကို အနာဂတ်တွင်သာ ဆွေးနွေးရပေမည်။
ကျုံးချင်က အဝေးသို့ ကြည့်လိုက်ပြီး သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့သည်။
ပင်လယ်ပြင်အထက်ရှိ လေထဲတွင် ကျုံးချင် ပျံသန်းနေပြီး အဝေးရှိ ကျယ်ပြန့်သော သမုဒ္ဒရာကြီးကိုကြည့်ရင်း သူ၏အတွေးများ လွင့်မျောနေပေ၏။
မှတ်တမ်းများအရ ချောက်နက်မှ ထွက်ခွာလာကာ တန်းတန်းမတ်မတ်သွားခြင်းဖြင့် အလယ်ပိုင်းဒေသသို့ ရောက်ရှိနိုင်သည်။
ဤအလယ်ပိုင်းဒေသနယ်မြေတွင် အစွမ်းထက်သောကျင့်ကြံသူများ မည်မျှထိများများ သူ့ကို စောင့်ကြိုနေမည်နည်း...
သူက တီးတိုးရေရွတ်လိုက်သည်။
"တာအိုက ရှည်လျားပြီး ကြမ်းတမ်းတယ်..."
ကျုံးချင်က ရေရွတ်လိုက်ပြီးနောက် ကောင်းကင်ယံသို့ မြင့်တက်သွားကာ အဝေးသို့ လျှင်မြန်စွာ ပျံသန်းသွားခဲ့သည်။
သူ မြင့်တက်သွားသည်နှင့် တပြိုင်နက် ကျုံးချင်သည် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားမိပေ၏။
သူ၏ဒန်တျန် အသက်ဝင်လာသည်နှင့် လောကကြီးတစ်ခုလုံး၏ စိတ်ဝိညာဉ်ချီများက သူ့အပေါ် ဖိနှိပ်လာသကဲ့သို့ ဖြစ်နေသည်။
"ဝှစ်..."
ကျုံးချင်၏ဒန်တျန် ကျယ်ပြန့်လာပြီးနောက် တဖန်ကျုံ့ဝင်သွားကာ သူ အစောပိုင်းက ဝါးမျိုလိုက်သော များပြားသည့် ဝိညာဉ်ချီအများစုကို ချက်ချင်းလှည့်ပတ်လိုက်သည်။
ဤနေရာရှိ ဝိညာဉ်ချီသည် မူလအရှေ့ပိုင်းဒေသ နှင့် နှိုင်းယှဉ်ပါက များစွာပို၍ ပေါကြွယ်ဝသည်။
သူက ပြောဆိုလိုက်၏။
"ဒီနေရာက ဝိညာဉ်ချီက အရှေ့ပိုင်းဒေသထက် အနည်းဆုံး နှစ်ဆပိုများတယ်..."
ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်အနေဖြင့် ဝိညာဉ်ချီ ပို၍ထူထပ်လေလေ ကျင့်ကြံခြင်းအတွက် ပို၍အကျိုးရှိလေလေပင်။
ထို့ကြောင့် ကျင့်ကြံခြင်းလောကတွင် ဂိုဏ်း အများအပြားသည် ဝိညာဉ်ချီ ပေါကြွယ်ဝသော ရတနာနယ်မြေတစ်ခုအတွက် ပြင်းထန်စွာ တိုက်ခိုက်ကြခြင်းပင်။
အရှေ့ပိုင်းဒေသတွင်ရှိစဉ်က အချိန်ကို ပြန်တွေးကြည့်လျှင် သာမန် မြေကွက်တစ်ခုနှင့် ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေအကြားရှိ ဝိညာဉ်ချီ ပေါများမှုမှာ ထက်ဝက်ခန့် ကွာခြားနိုင်ပေ၏။
သို့သော် ချောက်နက်ကို ဖြတ်ကူးပြီးနောက် လေဟာနယ်တစ်ခုလုံးရှိ ဝိညာဉ်ချီများမှာ အလွန်ပို၍ပေါကြွယ်ဝနေခဲ့သည်။
အလယ်ပိုင်းဒေသသို့ မရောက်မီကပင် ဤကဲ့သို့ ဖြစ်နေပြီဆိုလျှင် အလယ်ပိုင်းဒေသတွင် မည်သို့ ရှိနေမည်နည်း။
ထိုသို့တွေးတောကြည့်လျှင် လူများအားလုံးသည် အလယ်ပိုင်းဒေသကို တောင့်တနေကြခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ဤအချက်တစ်ချက်တည်းဖြင့်ပင် အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူများတွင် တခြားဒေသများအားလုံးကို အထင်သေးရန် အရင်းအနှီး ရှိနေလေပြီ။
သူ၏အသက်ရှူနှုန်းကို နောက်တစ်ကြိမ် ထိန်းညှိပြီးနောက် ကျုံးချင်သည် နောက်တစ်ကြိမ် ရှေ့သို့ ဆက်လက်၍ လွင့်မျောသွားခဲ့သည်။
ဤခရီးစဉ်တွင် ပုံမှန်မဟုတ်သော အရာတစ်ခုကို သူ ရှာဖွေတွေ့ရှိခဲ့ပေ၏။
ပထမအချက်အနေဖြင့် ဖရိုဖရဲနတ်ဆိုးပင်လယ် အထက်တွင် လွှမ်းမိုးထားသော ပျံသန်းမှု ဆန့်ကျင်ရေးစည်းမျဉ်းမှာ ပျောက်ကွယ်သွားပြီး လွတ်လပ်စွာ ပျံသန်းနိုင်သည်။
ဒုတိယအချက်အနေဖြင့် လေဟာနယ်တည်ငြိမ်မှုနှင့် လေဟာနယ်ဆွဲငင်အား နှစ်ခုလုံးတွင် ပို၍ထူထပ်သိပ်သည်းလာကြောင်း သူ တွေ့ရှိခဲ့သည်။
ကျုံးချင်၏ ယခင်ကျင့်ကြံဆင့်နယ်ပယ်အရ သူ၏ပျံသန်းမှုအမြန်နှုန်းသည် လီတစ်သောင်းထက် ကျော်လွန်နေလေပြီ။
သို့သော် ဤအချိန်အခိုက်အတန့်တွင် သူ၏ပျံသန်းမှုသည် မူလအမြန်နှုန်း၏ ဆယ်ပုံတစ်ပုံထက်ပင် နည်းပါးနေပေ၏။
ထို့ပြင် အရှေ့ပိုင်းဒေသတွင် ကျုံးချင်၏စွမ်းအားဖြင့် လေဟာနယ်ကို ဆုတ်ဖြဲရန် မခက်ခဲသော်လည်း ဤနေရာတွင်မူ သူ လုံးလုံးလျားလျား မလုပ်နိုင်ခဲ့ချေ။
အလယ်ပိုင်းဒေသသည် အမှန်တကယ်ကို ဂုဏ်သတင်းနှင့် အလယ်ပိုင်းဒေသ ထိုက်တန်ပုံရသည်။
ကျုံးချင်သည် အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏။
သူ၏ရှေ့ရှိ အဆုံးမဲ့ပင်လယ်ပြင်ပေါ်တွင် မျောလွင့်နေသော သက်ရှိများသည် သေးငယ်သော အပိုင်းအစများအဖြစ် ပြန့်ကျဲနေခဲ့သည်။
ထို့ပြင် ဤမျောလွင့်နေသော သက်ရှိများကြားတွင် ငါးများနှင့် ပုစွန်များကဲ့သို့ သေးငယ်သည့် သတ္တဝါများ ရံဖန်ရံခါ ရှိနေပေ၏။
ဤအရေးမပါပုံရသော သတ္တဝါများသည် အမှန်အားဖြင့် အရှေ့ပိုင်းဒေသနှင့် နှိုင်းယှဉ်ပါက ဆွဲငင်အားနှင့်ဖိအား ဆယ်ဆနီးပါးကို ရင်ဆိုင်နေကြရသည်။
တစ်နည်းအားဖြင့် လက်တစ်ဖဝါးထက် မကြီးသော မျောလွင့်နေသည့် အပင်တစ်ပင်ကို ဤနေရာမှနေ၍ အရှေ့ပိုင်းဒေသသို့ ယူဆောင်သွားပါက ချက်ချင်းဆိုသလိုပင် မိုးပျံသစ်ပင်ကြီးတစ်ပင် ဖြစ်လာနိုင်ပေ၏။
သူက တီးတိုးရေရွတ်လိုက်သည်။
"အလယ်ပိုင်းဒေသ... မင်းဆီမှာ ငါ့အတွက် အံ့အားသင့်စရာတွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ..."
ဝှစ်...
ကျုံးချင်၏ပုံရိပ်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီး ပင်လယ်ရေမျက်နှာပြင်အထက်တွင် ပျံသန်းကာ အဆက်မပြတ် ရှေ့သို့ဆက်သွားခဲ့သည်။
အချိန်ကုန်လွန်သွားသည်နှင့်အမျှ ချောက်နက်ကြီးသည် နောက်တွင် လျှင်မြန်စွာ ကျန်ရစ်ခဲ့ပေ၏။
ထိုအချိန်မှာပင်....
ကျုံးချင်သည် ရှေးဟောင်းခေတ်မှ ထိတ်လန့်ဖွယ်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။
ဤထိတ်လန့်ဖွယ်အရှိန်အဝါသည် ပင်လယ်ရေ မျက်နှာပြင်အောက်တွင် နက်ရှိုင်းစွာ မြှုပ်နှံထားခြင်းဖြစ်သည်။
ထိုအရာမှာ သူ့ထက် မရေမတွက်နိုင်အောင် ပို၍အားကောင်းသော တည်ရှိမှုတစ်ခုပင်။
သို့သော် ကျုံးချင်သည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ထိုအရာကို ရှောင်ရှားရန် လျှင်မြန်စွာ ရှေ့သို့ဆက်သွားခဲ့ပြီး အောက်ဘက်သို့ စူးစမ်းရန် သူ၏နတ်ဘုရားစိတ်အာရုံကိုပင် အသုံးမပြုခဲ့ချေ။
ဤအဆင့်ရှိ တည်ရှိမှုတစ်ခုမှာ သူ၏လက်ရှိ အဆင့်တွင် လွယ်ကူစွာ ထိတွေ့နိုင်သော အရာတစ်ခု လုံးလုံးလျားလျား မဟုတ်ပေ။
ကျုံးချင်သည် ရက်အနည်းငယ်ကြာအောင် ဆက်လက်၍ ခရီးသွားခဲ့၏။
မကြာမီမှာပင် အဆက်မပြတ် ပူနွေးနေသော ပင်လယ်လေပြင်းအတွင်း၌ ကုန်းမြေ အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
အရှေ့တွင် ကျွန်းကြီး တစ်ကျွန်း ရှိနေသလော သို့မဟုတ် သူသည် အလယ်ပိုင်းဒေသ နှင့် အလွန်နီးကပ်နေသလော ဆိုသည်ကို သူ မသိခဲ့ချေ။
ကျုံးချင်သည် လေကို ပြင်းပြင်းရှူသွင်းလိုက်ရင်း အချိန်တခဏကြာမျှ စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ချေ။
ရုတ်တရက် ကျုံးချင်၏လက်မောင်းပေါ်ရှိ ချီလင်အမှတ်အသား စတင်၍ လှုပ်ရှားလာခဲ့ကာ အသံတစ်သံ ထွက်ပေါ်လာသည်။
"သခင်... ဒီနေရာက တကယ်ကို အံ့အားသင့်စရာကောင်းတာပဲ... ကျွန်တော် သဘောကျတယ်..."
ထိုအမှတ်အသား ကျုံ့သွားပြီး နောက်ထပ်တခဏတွင် ရှောင်ဟေးက ကျုံးချင်၏ လက်မောင်းမှ ထွက်ပေါ်လာပေ၏။
ရှောင်ဟေးဟု ခေါ်သော်လည်း ဤချီလင်၏ အသွင်အပြင်သည် နက်မှောင်ပြီး မှိုင်းညို့မနေတော့ချေ။
မူလက မည်းနက်ပြီးတောက်ပြောင်သည့် အကြေးခွံများသည် လွန်ခဲ့သည့်တစ်ကြိမ်က ဆန်းကြယ်မီးတောက်ကို ဝါးမျိုပြီးနောက် မီးကဲ့သို့ နီရဲသော ပုံစံများစွာကို ရရှိထားသည်။
ထိုအရာသည် ချီလင်တစ်ကောင်မှ ပြီးပြည့်စုံသော မီးချီလင်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ပထမအကြိမ် မြင်လိုက်ရုံဖြင့် သူသည် ရှေးဟောင်း ရက်စက်ကြမ်းကြုတ် သားရဲတစ်ကောင်နှင့် တူညီနေပေ၏။
ကျုံးချင်က နောက်ပြောင်လိုက်သည်။
"အခု မင်းကို ရှောင်ဟေးလို့ ခေါ်တာ မသင့်တော်ဘူးလားလို့ ငါ တွေးနေတာ..."
ချီလင်က ရယ်မောလိုက်ပြီး လေထဲတွင် လှည့်ပတ်ပျံဝဲကာ ပြောဆိုသည်။
"ရှောင်ဟေးက အမြဲတမ်း သခင့်ရဲ့ရှောင်ဟေးပါပဲ..."