ဖုန်းယွီဂိုဏ်း
Vol. 38 Ch. 373
ကျုံးချင်က ပြုံးလိုက်၏။
ထိုကောင်စုတ်လေး.....
ယခင်တုန်းက ထိုနာမည်ကို သူ မုန်းတီးနေခဲ့သေးသည်။
ယခုအချိန်တွင် အဆင့်တက်ပြီးနောက် သူက ပို၍ပင် လိမ္မာလာခဲ့ပေ၏။
ရှောင်ဟေးသည် လေထုထဲရှိ ပေါကြွယ်ဝသော ဝိညာဉ်ချီကို အလွန်သဘောကျပုံရကာ ကျုံးချင်၏နံဘေးတွင် လှည့်ပတ်ပျံဝဲရင်း ပြောဆိုလိုက်သည်။
လွန်ခဲ့သည့်တစ်ကြိမ်က ဆန်းကြယ်မီးတောက်ကို ဝါးမျိုပြီးကတည်းက သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။
သူ အိပ်မောကျမသွားမီက နတ်ဘုရားစွမ်းရည်၏လျှို့ဝှက်ချက်များကို နားလည်လိုသည်ဟု ပြောဆိုခဲ့ပြီး ယခု ရုတ်တရက် ထွက်ပေါ်လာချိန်တွင် သူ တိုးတက်မှုတချို့ ရရှိခဲ့ကြောင်း သိသာထင်ရှားသည်။
"သခင်... ကျွန်တော်က အခု ကျွန်တော်တို့ ချီလင်မျိုးနွယ်စုရဲ့ အစစ်အမှန် နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ အငမ်းမရဝါးမျိုခြင်းကို နိုးထလာခဲ့ပြီ..."
ကျုံးချင် အံ့အားသင့်သွားပြီးနောက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကာ မေးမြန်းလိုက်၏။
"အငမ်းမရ ဝါးမျိုခြင်းလား...အရင်တုန်းက မင်း ဆန်းကြယ်မီးတောက်ကို ဝါးမျိုခဲ့တာက ဝါးမျိုတာပဲ မဟုတ်ဘူးလား..."
ကျုံးချင်၏စကားကို ကြားချိန်တွင် ချီလင်သည် သူ၏အမြှီးကို ခါယမ်းလိုက်ပြီး သူ၏ မီးကဲ့သို့နီရဲသော အကြေးခွံများ ရုတ်တရက် ပိတ်သွားပြီးနောက် ထိုအရာအားလုံး ပြန်ပွင့်လာခဲ့သည်။
"အငမ်းမရ ဝါးမျိုခြင်းဆိုတာက အရင်တုန်းက အသေးအမွှား လှည့်ကွက်တွေနဲ့ မတူဘူး..."
"အငမ်းမရ ဝါးမျိုခြင်းက လောကကြီးထဲက အရာအားလုံးကို ဝါးမျိုပစ်နိုင်တယ်... ကျွန်တော်တို့ ချီလင်မျိုးနွယ်စု ထဲမှာတောင် အရမ်းထူးချွန်တဲ့ ပါရမီရှင်အနည်းစုလောက်ကပဲ အဲ့ဒါကို ကျွမ်းကျင်နိုင်တာ..."
"ကျွန်တော်တို့ ချီလင်မျိုးနွယ်စု ထွန်းကားခဲ့တဲ့ အချိန်တွေကို ပြန်တွေးကြည့်ရင် ကျွန်တော့်ရဲ့ ဘိုးဘေးက ကုန်းမြေတစ်ခုလုံးကို ဝါးမျိုဖို့ အငမ်းမရ ဝါးမျိုခြင်းကို တစ်ကြိမ်အသုံးပြုခဲ့ဖူးတယ်..."
ရှောင်ဟေးသည် စကားပို၍ပြောလေလေ သူ ပို၍စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး သူ၏ လှပသော အကြေးခွံများ အဆက်မပြတ် ပိတ်လိုက်ပွင့်လိုက် ဖြစ်နေခဲ့သည်။
သူ၏ဟနေသော ပါးစပ်ကြီးသည် ယခုအချိန်တွင် တစ်စုံတစ်ခုကို ဝါးမျိုရန် မစောင့်နိုင်တော့သည့်အလားပင်။
"ဘာပဲဖြစ်ဖြစ် ဒီလိုပဲ ပြောရအောင်... ကျွန်တော် ပိုပြီးဝါးမျိုလေလေ ကျွန်တော် ပိုပြီးအားကောင်းလာလေလေပဲ... ပြီးတော့ ကျွန်တော် ပိုပြီးအားကောင်းလာလေလေ ကျွန်တော် ပိုပြီးဝါးမျိုနိုင်လေလေပဲ..."
"ဒီလို အပြန်အလှန် လုပ်ရင်းနဲ့ သိပ်မကြာခင်မှာပဲ ကျွန်တော်က ဒီလောကကြီးမှာ အရမ်းအစွမ်းထက်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာတော့မယ်..."
ထိုအကြောင်းကို ပြောချိန်တွင် ချီလင်သည် ကျုံးချင်ကို တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန် ထပ်မံ၍ဖြည့်စွက်လိုက်၏။
"သခင့်ရဲ့နောက် ဒုတိယနေရာမှာပေါ့..."
"သခင်... ဒီလို လုပ်ရအောင်... ကျွန်တော်က သခင်ကို အဲ့ဒီစွမ်းရည်ကို ပြမယ်... အဲ့ဒါဆိုရင် ကျွန်တော် လိမ်မပြောဘူးဆိုတာကို သခင် သိလိမ့်မယ်..."
ကျုံးချင်သည် နားထောင်ရင်း အနည်းငယ် ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ရှောင်ဟေးသည် ယခင်ကထက် များစွာပို၍ သန်မာအားကောင်းလာပုံရသည်။
ကောင်းကင်ဘုံချောက်နက်မှ ထွက်ခွာပြီးနောက် ကျုံးချင်သည် တစ်ယောက်တည်း ခရီးသွားနေရသဖြင့် အနည်းငယ် ပျင်းစရာ ကောင်းနေခဲ့ပေ၏။
ချီလင်ရှောင်ဟေး ထိုသို့ လှုပ်ရှားလာခြင်းနှင့်အတူ ခရီးစဉ်မှာ သက်ဝင်လှုပ်ရှားလာခဲ့သည်။
ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါဆိုရင် မင်း ဆန္ဒရှိသလို လုပ်လေ..."
ထိုစကားကို ကြားချိန်တွင် ချီလင်ရှောင်ဟေးသည် အိမ်မွေးရွှေရောင်ခွေးကြီးတစ်ကောင်အလား သူ၏အမြှီးကို ခါယမ်းလိုက်သည်။
သူသည် စိတ်လှုပ်ရှားစွာဖြင့် နှစ်ကြိမ်လှည့်ပတ်လိုက်ကာ ဘေးဘီဝဲယာကို ကြည့်လေသည်။
ထို့နောက် သူ၏မြင့်မားသော ချီလင်နားရွက် နှစ်ဖက် အောက်သို့တွဲကျသွားခဲ့သည်။
ဤကျယ်ပြန့်ပြီး အဆုံးမဲ့သော ပင်လယ်ကြီးထဲတွင် ဝါးမျိုစရာဟူ၍ မည်သည့်အရာ ရှိသနည်း...
သူက ပင်လယ်ရေကို ဝါးမျိုရမည်လော...
ချီလင်ရှောင်ဟေးသည် ထိုသို့ပြုလုပ်ရန် ဆန္ဒမရှိချေ။
သူသည် သူ၏ခြေထောက်နှစ်ချောင်းဖြင့် အားယူကာ ကြယ်ပျံတစ်စင်းအလား ရှေ့သို့တိုးထွက်သွားခဲ့သည်။
ဓမ္မသောင်းချီနယ်ပယ် ပဉ္စမအဆင့်တွင်ရှိသော ချီလင် ရှောင်ဟေး၏နံဘေး၌ အနီးကပ် လိုက်ပါလာသော ကျုံးချင်သည် မည်သည့် ဖိအားကိုမျှ မခံစားရချေ။
ဝှစ်....
လူတစ်ယောက်နှင့်ချီလင်တစ်ကောင်... အစိမ်းရောင်ဝတ်စုံဝတ် တစ်ယောက်နှင့် မီးကဲ့သို့နီရဲသောတစ်ကောင်....
ပုံရိပ်နှစ်ခုသည် အဆုံးမဲ့ပင်လယ်ပြင်ကို ဖြတ်သန်းကာ ပြင်းထန်စွာ ပြေးထွက်သွားပြီး ကောင်းကင်ဘုံအတွင်းသို့ တိုက်ရိုက်မြင့်တက်သွားကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ကြသည်။
"တွေ့ပြီ..."
ချီလင်ရှောင်ဟေး၏ခန္ဓာကိုယ် ရုတ်တရက် ရပ်တန့်သွားပြီး လေထဲတွင် တွန့်လိမ်ကာ ရပ်တန့်သွားခဲ့သည်။
ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် အထီးကျန် ကျွန်းငယ်လေး တစ်ကျွန်း ထွက်ပေါ်လာပေ၏။
ကျွန်းငယ်လေးဟု ခေါ်သော်လည်း ကျွန်း၏ အမှန်တကယ် ဧရိယာမှာ အလွန်ကြီးမားသည်။ ကျုံးချင်နှင့်ချီလင်ရှောင်ဟေးသည် လေထဲတွင် အလွန်မြင့်မားစွာ ရောက်နေပြီး ပင်လယ်ပြင်မှလွဲ၍ ပတ်ဝန်းကျင်တွင် တခြားဘာမှမရှိသောကြောင့်သာ သေးငယ်နေပုံရခြင်းဖြစ်သည်။
ဤနေရာ၌ နှိုင်းယှဥ်စရာတစ်ခုမျှ မရှိသဖြင့် ကျွန်းသည် သေးငယ်နေပုံ ရပေ၏။
ကျွန်းငယ်လေးပေါ်တွင် ကြမ်းတမ်းသော ကျောက်ဆောင်များက ရှုပ်ထွေးစွာ ယှက်နွှယ်နေပြီး လှိုင်းထန်နေသော ပင်လယ်ရေက ကျောက်ဆောင်များကို အဆက်မပြတ် ရိုက်ခတ်နေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြန့်ကျဲနေသော ပေါင်းပင်များကြားတွင် ငါးငယ်များ ကဏန်းများနှင့်ပိုးမွှားများ တွားသွားနေသည်ကို မြင်တွေ့ရသည်။
ထိုကျွန်းသည် အရှေ့ပိုင်းဒေသ၏ ကမ်းရိုးတန်းရှိ ပုံမှန်ကျွန်းငယ်လေးတစ်ကျွန်းနှင့် သိပ်မကွာခြားလှချေ။
ကျုံးချင် စကားမပြောနိုင်မီမှာပင် ချီလင် ရှောင်ဟေးက တိုက်ရိုက်ထိုးဆင်းသွားခဲ့သည်။
သူ၏ မီးကဲ့သို့နီရဲသော အကြေးခွံများသည် နေရောင်ခြည်အောက်တွင် တလက်လက် တောက်ပနေပြီး ကောင်းကင်ဘုံကိုးထပ်မှ ကျဆင်းလာသော မီးကြယ်တံခွန်တစ်ခုအလားပင်။
တိမ်တိုက်အလွှာများသည် မီးတောက်များကြောင့် လောင်ကျွမ်းသွားပြီး လေနှင့်တိမ်များ ယှက်နွှယ်ကာ သဘာဝလွန်ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်နှင့် တူညီပေ၏။
တစ်ချိန်တည်းမှာပင် ကျုံးချင်သည် လေထဲတွင် မျောလွင့်နေပြီး သူ၏အကြည့်က ချီလင်ထံသို့ တည်ငြိမ်စွာ ကျရောက်နေခဲ့သည်။
ဝုန်း....
"သခင်... သေချာကြည့်ထားနော်..."
ချီလင်ရှောင်ဟေး၏အသံက အောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် ကျွန်းငယ်လေး၏အထက်တွင် ပျံဝဲနေပြီး သူ၏အသံ ရုတ်တရက် ရုန့်ရင်းကြမ်းတမ်းလာခဲ့သည်။
သူ၏အကြေးခွံများအားလုံးသည် မျက်စိတစ်မှိတ်အတွင်း တပြိုင်နက်တည်း ပိတ်သွားပြီးနောက် သူ၏ကြမ်းတမ်းသော ဦးချိုနှစ်ချောင်း၏အလယ်တွင် ကြက်သွေးရောင် အလင်းတန်းတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
ထို့နောက် သူ၏ပါးစပ်ကြီး ရုတ်တရက် ပွင့်ဟလာခဲ့သည်။
ချီလင်၏ဦးချိုများအလယ်ရှိ အလင်းစက်ငယ်လေးသည် အနည်းငယ် နိမ့်ဆင်းသွားပြီး သူ၏ ပါးစပ်ထဲသို့ ညင်သာစွာ ကျဆင်းသွားပေ၏။
ထိုအလင်းစက်ငယ်လေးသည် ချီလင်၏ပါးစပ်ထဲတွင် ပေါက်ကွဲသွားပြီး ကောင်းကင်ဘုံ အတားအဆီးကို ထိုးဖောက်သွားသော လောင်ကျွမ်းနေသည့် ကြယ်တစ်ပွင့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအလင်းတန်းသည် အောက်ဘက်သို့ စီးဆင်းသွားပြီး ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝုန်း....ဝုန်း...ဝုန်း..
နားကွဲလုမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ကျုံးချင်သည် ကျွန်းငယ်လေးအပေါ်သို့ သူ၏ အကြည့်ကို ပို့လွှတ်လိုက်သော်လည်း ပထမအကြိမ်ကြည့်ရုံဖြင့် ပေါက်ကွဲမှုများ၏ အရင်းအမြစ်ကို သူ ချက်ချင်းမခွဲခြားနိုင်ခဲ့ချေ။
ကျွန်းသည် ငြိမ်းချမ်းပြီး အန္တရာယ်ကင်းစွာ ရှိနေဆဲပင်။
သူ မျက်တောင်ထပ်ခတ်လိုက်ချိန်တွင် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ထနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
သူ၏ နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ ကြည့်လိုက်ရာ ထိုကျွန်းအောက်ရှိ ကြမ်းတမ်းသော ကျောက်ဆောင်များသည် အောက်ဘက်သို့ ဆန့်တန်းနေပြီး မီတာထောင်နှင့်ချီ အကွာရှိ ပင်လယ်ကြမ်းပြင်အထိ ဆက်သွယ်နေကြောင်း တွေ့ရှိလိုက်ရသည်။
ဤကျွန်းငယ်လေးသည် ကျွန်းတစ်ကျွန်းနှင့် တူညီသော်လည်း အမှန်အားဖြင့် ထိုနေရာသည် သမုဒ္ဒရာက ဖုံးလွှမ်းထားသော မြင့်မားသည့် တောင်တစ်လုံး၏ထိပ်ပင်။
ချီလင်ရှောင်ဟေးသည် ပျံဝဲနေပြီး သူ၏ပွင့်ဟနေသော ပါးစပ်ကြီးဖြင့် လေဟာနယ်ကို အလျားလိုက် ဆုတ်ဖြဲနေပေ၏။
သူသည် ကျွန်းငယ်လေးတစ်ခုလုံးကို သူ၏ပါးစပ်ဖြင့် အမှန်တကယ်ကို ကိုက်ဖြတ်လိုက်သည်။
ကြမ်းတမ်းသော ကိုက်ချက်တစ်ချက်နှင့်အတူ ကျွန်းပေါ်ရှိ ကျောက်ဆောင်များ ရုတ်တရက် အက်ကွဲသွားခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလို ပင်လယ်ကြမ်းပြင် တောင်ကြောမှ ရှင်းလင်းစွာ မြင်တွေ့ရသော အက်ကွဲကြောင်းတစ်ခု ပွင့်အံ့ထွက်လာခဲ့သည်။
ကျုံးချင်သည် သူ၏မျက်လုံးများကို မကျဥ်းမြောင်းဘဲ မနေနိုင်ခဲ့ဘဲ ကောင်းကင်နှင့်မြေပြင် ပြိုကျနေသည့် ထိုမြင်ကွင်းကို အသေအချာ စိုက်ကြည့်နေမိသည်။
"အငမ်းမရ ဝါးမျိုခြင်းလား..."
နောက်တစ်ကြိမ် ကြည့်လိုက်ချိန်တွင် အက်ကွဲကြောင်းသည် ဖြတ်ပိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ပင်လယ်ပြင်အထက်တွင် ပေါ်လွင်နေသော ကျွန်းတစ်ခုလုံးသည် အမှုန်အမွှားများအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပေ၏။
ထိုအမှုန်အမွှားများဖြစ်သွားသော နေရာသည် လီတစ်ရာခန့် ကျယ်ဝန်းပြီး တိုက်ရိုက်ကြေမွှပျက်စီးသွားကာ ကုန်းမြေနစ်မြုပ်သွားသည့်အလား မြေပြင်တပြင်လုံး တုန်ခါသွားခဲ့သည်။
ထို့နောက် ရှောင်ဟေး၏ အသက်ရှူထုတ်မှုတစ်ချက်နှင့်အတူ ကောင်းကင်နှင့်မြေပြင်ကြားရှိ ကျွန်းငယ်လေးကို သူ ဝါးမျိုလိုက်ပြီး လှိုင်းထန်နေသော ပင်လယ်ရေမျက်နှာပြင်သာ ကျန်ရစ်ခဲ့သည်။
ချီလင်သည် လှည့်ပတ်ပျံဝဲပြီး သူ၏အမြှီးကို မြင့်မြင့်ထောင်ကာ ကျုံးချင်ထံသို့ ပြန်လှည့်လာပြီး ပြုံးပြလိုက်သည်။
"ဟီးဟီး...သခင်... ကျွန်တော့်ရဲ့ အဲ့ဒီလှုပ်ရှားမှု က ဘယ်လိုလဲ..."
သူ စကားပြောဆိုနေစဉ်မှာပင် သူ၏စွမ်းအားသည် သိသိသာသာ အနည်းငယ် တိုးလာခဲ့ပေ၏။
ကျုံးချင်သည် အံ့အားသင့်မသွားဘဲ မနေနိုင်ခဲ့ချေ။ နတ်ဘုရားသားရဲဆိုသည်မှာ အမှန်တကယ်ကို နတ်ဘုရားသားရဲ ပင် ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်၏ ချစ်မြတ်နိုးခြင်းကိုခံရသူပင်။
ကျွန်းငယ်လေးတစ်ကျွန်းကို ဝါးမျိုရုံဖြင့် ချီလင်သည် သူ၏ကျင့်ကြံမှုကို တိုးမြှင့်နိုင်သည်။ ထိုစွမ်းရည်က သူ့ကို မနာလို ဖြစ်စေခဲ့သည်။
ချီလင်၏ လက်ရှိစွမ်းဆောင်ရည်ကို အကဲခတ်ကြည့်ရသလောက် သူ အလယ်ပိုင်းဒေသသို့ သွားမည့်ခရီးစဉ်တွင် အမှန်တကယ်ကို ကြီးမားသော အကူအညီတစ်ခု ဖြစ်လာနိုင်သည်။
ထို့နောက် လူတစ်ယောက်နှင့် ချီလင်တစ်ကောင်တို့သည် သူတို့၏ခရီးစဉ်ကို ဆက်လက်၍ သွားခဲ့ကြ၏။
ဝါးမျိုရမည့် နောက်ထပ်အရာတစ်ခုကို ရှာဖွေရင်း သူတို့သည် အလယ်ပိုင်းဒေသသို့ ခရီးသွားခဲ့ကြသည်။
... ...
တစ်ချိန်တည်းမှာပင်...
အလယ်ပိုင်းဒေသ....
ဖရိုဖရဲ နယ်မြေ၌...
စိမ်းလန်းသော တောင်များပေါ်တွင် အင်မော်တယ်ပန်းပင်များ ပေါက်ရောက်နေပြီး နတ်ဘုရား သစ်ပင်များ ပြန့်ကျဲနေသည်။
မရေမတွက်နိုင်သော ရှားပါးပြီး ထူးဆန်းသည့် သားရဲများက တောင်များနှင့်သစ်တောများ တလျှောက် လှည့်လည်သွားလာနေကြ၏။ သားရဲများ၏အော်ဟစ်သံများနှင့် ကျားများ၏ဟိန်းဟောက်သံများက လေထုထဲတွင် ပြည့်နှက်နေခဲ့သည်။
ပေါကြွယ်ဝသော စိတ်ဝိညာဉ်ချီများက တောင်ခြေမှနေ၍ အထက်သို့ ပျံ့လွင့်သွားပြီး ကောင်းကင်ကိုးထပ်အထိ ရောက်ရှိကာ လူများ၏သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော စိတ်ဝိညာဉ်အလင်းတိုင်တစ်တိုင်ကို ဖြစ်ပေါ်စေခဲ့သည်။
ထိုစိတ်ဝိညာဉ်အလင်းတိုင်၏ အောက်တွင် ရှေးဟောင်းဆန်းပြီး ခမ်းနားထည်ဝါသော နန်းတော်များက အလယ်ဗဟိုတွင် တည်ရှိနေခဲ့သည်။
ထိုနန်းတော်များကို တောင်၏ပုံသဏ္ဍာန် အနိမ့်အမြင့်အတိုင်း တည်ဆောက်ထားပြီး ထိုအရာများအားလုံးတွင် အခြေခံတာအိုစွမ်းအားများ ပါဝင်နေပုံရသည်။
မိုးကောင်းကင်ယံမှ ဆင်းသက်လာသော စိတ်ဝိညာဉ်အလင်းတိုင်က နန်းတော်များ၏ အစိတ်အပိုင်းတိုင်းကို အပြည့်အဝ လွှမ်းခြုံထားပေ၏။
ထိုနန်းတော်များ၏အလယ်ဗဟိုရှိ ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခု၏ အထက်တွင် ဧရာမအရုပ်တိုင်တစ်ခုကို ချိတ်ဆွဲထားသည်။
ဤသည်မှာ ရွှေတောင်ပံ နတ်ဘုရားငှက်တစ်ကောင်၏ပုံစံပင်။
နတ်ဘုရားငှက်အရုပ်တိုင်၏ ဖြန့်ကျက်ထားသော လှပသည့် တောင်ပံများက အောက်ဘက်ရှိ ဆက်သွယ်ထားသော နန်းတော်များကို ကာကွယ်ပေးနေပုံရသည်။
ထိုနန်းတော်များကြားတွင် ယင်သုံးပါးနယ်ပယ် နှင့်အထက်ရှိ ကျင့်ကြံသူတစ်စုသည် နတ်ဘုရားငှက်အမှတ်အသားများကို ရေးထိုးထားသော အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ကာ မြင့်မားပြီး ထူထပ်သော စိတ်ဝိညာဉ်ချီများအောက်တွင် ခေါက်တုံခေါက်ပြန် ကင်းလှည့်နေကြ၏။
ထိုလူများသည် လွန်းပျံများအလား နန်းတော်များအကြား၌ သွားလာကာ အဆက်မပြတ် စောင့်ကြပ်နေကြ၏။
ဤသည်မှာ ထိုရတနာနယ်မြေတွင် နှစ်ပေါင်း သောင်းနှင့်ချီကြာအောင် နက်ရှိုင်းစွာ အမြစ်တွယ်ပြီး အစွမ်းထက်သည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ကြောင်း သိသာထင်ရှားသည်။
"ဟား ဟား ဟား... ငါ့ရဲ့ဖုန်းယွီဂိုဏ်းက ဒီနေ့ကို နောက်ဆုံးတော့ ကြိုဆိုနိုင်ခဲ့ပြီ..."
"ရွှေတောင်ပံနတ်ဘုရားငှက်က ဒီနေ့ အကောင်ပေါက်တော့မယ်..."
ဖုန်းယွီဂိုဏ်း၏ ပင်မခန်းမကြီးရှိ မြေအောက် နန်းတော်မှ ပဲ့တင်ထပ်နေသော ရယ်မောသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ်အချိန်တခဏတွင် အစွမ်းထက်သော ပုံရိပ်ဆယ်ခုကျော်သည် ကွဲပြားခြားနားသော နန်းတော်များမှ ပျံသန်းထွက်လာပြီး ပင်မခန်းမကြီး၏ မြေအောက်နန်းတော်သို့ အပြေးအလွှား သွားခဲ့ကြသည်။
ဖုန်းယွီဂိုဏ်း၏ ပင်မခန်းမကြီးရှိ မြေအောက် နန်းတော်တွင်....
ရှေးဟောင်းပုံစံများ ထွင်းထုထားသော ယဇ်ပလ္လင်တစ်ခုသည် ထိုနေရာအတွင်း၌ တည်ရှိနေပေ၏။
ယဇ်ပလ္လင်အတွင်း၌ တလက်လက် တောက်ပနေသော အစစ်အမှန်မီးတောက်များက အဆက်မပြတ် ယိမ်းယိုင်နေပြီး ထိတ်လန့်ဖွယ် နက်နဲသိမ်မွေ့ချီလှိုင်းများကို ထုတ်လွှတ်နေခဲ့သည်။
ဤယဇ်ပလ္လင်သည် မကြီးမားသော်လည်း ထိုအရာအတွင်းရှိ အစစ်အမှန်မီးတောက်များသည် အဆုံးမဲ့စွမ်းအင်များကို သယ်ဆောင်ထားသည်။ ထိုမီးတောက်များကို ကြည့်ရုံမျှဖြင့် လူများအားလုံးကို ထိတ်လန့်တုန်လှုပ်ဖွယ် ခံစားချက်တစ်ခုအား ပေးစွမ်းနိုင်ပေ၏။
အကယ်၍ ဗဟုသုတရှိသူတစ်ဦးသာ ထိုနေရာတွင် ရှိနေမည်ဆိုပါက သူတို့သည် ထိုမီးတောက်များကို ချက်ချင်းမှတ်မိပေလိမ့်မည်။
ထိုယဇ်ပလ္လင်ငယ်လေးအတွင်း၌ ယိမ်းယိုင်နေသော အစစ်အမှန်မီးတောက်မှာ အရာအားလုံးကို ဝါးမျိုနိုင်သည်ဟု ကောလာဟလ ထွက်နေသော နတ်ဘုရားငှက် အစစ်အမှန်မီးတောက်ပင်။
ဓမ္မသောင်းချီနယ်ပယ်အောက်ရှိ ကျင့်ကြံသူ များသည် ထိုနေရာအနီးသို့ ချဉ်းကပ်လာပါက သူတို့၏တာအိုမူလအစသည် နတ်ဘုရားငှက် အစစ်အမှန်မီးတောက် ၏ ရက်စက်စွာ လောင်ကျွမ်းခြင်းကို ခံရနိုင်ခြေရှိသည်။
ထိုသို့ဆိုသည့်တိုင် ယခုအချိန်တွင် အစွမ်းထက်သော လူဆယ်ယောက်ကျော်သည် ထိုနေရာကို ဝိုင်းရံထားကြပြီး သူတို့၏မျက်လုံးများဖြင့် ယဇ်ပလ္လင်၏ဗဟိုချက်ကို စူးစိုက်၍ ကြည့်နေကြ၏။
သူတို့အားလုံး သိသိသာသာ စိတ်လှုပ်ရှားနေကြသည်။
ယဇ်ပလ္လင်၏ဗဟိုချက်ရှိ နတ်ဘုရားငှက် အစစ်အမှန်မီးတောက်၏အလယ်တွင် မရေမတွက်နိုင်သော မီးတောက်များက အဝိုင်းပုံစံ အရာတစ်ခုကို ထောက်ပံ့ပေးထားသည်။
ဂရုတစိုက် ကြည့်လိုက်ပါက ထိုအရာသည် ငှက်ဥတစ်လုံး ဖြစ်နေသည်ကို မြင်တွေ့ရပေမည်။
ထိုငှက်ဥသည် အရောင်အသွေး စုံလင်သော အလင်းတန်းများဖြင့် တဖျတ်ဖျတ် တောက်ပနေပြီး ဥ၏အညိုရောင်အကွက်များပေါ်တွင် မှေးမှိန်သော အက်ကွဲကြောင်းတစ်ခု ရှိနေပေ၏။
ထိုအက်ကွဲကြောင်းမှ တာအို ဥပဒေသ အစက်အပြောက်များ စီးဆင်းလာခဲ့သည်။
လောကကြီးကို တုန်လှုပ်သွားစေမည့်အရာတစ်ခုက ထိုဥအတွင်း၌ ပေါက်ဖွားနေကြောင်း သိသာထင်ရှားသည်။
"ဂိုဏ်းချုပ်... ဂုဏ်ယူပါတယ်... ကျွန်တော်တို့ ဖုန်းယွီဂိုဏ်း ပြန်ပြီးမြင့်တက်လာမယ့်နေ့ ရောက်လာပြီ..."
"ရွှေတောင်ပံ နတ်ဘုရားငှက်က တကယ်ကြီး အကောင်ပေါက်တော့မယ်..."
ဖုန်းယွီဂိုဏ်း၏ ဒုတိယအကြီးအကဲသည် ငှက်ဥ ပေါ်ရှိ အက်ကွဲကြောင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကာ သူ၏မျက်ခုံးများနှင့် နှုတ်ခမ်းမွေးများ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။
"နှစ်ထောင်နဲ့ချီ ကြာခဲ့ပြီ... ဒီဂိုဏ်းချုပ်က နှစ်ထောင်နဲ့ချီပြီး စောင့်ခဲ့ရတာ... နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီ..."
"ဒီရွှေတောင်ပံနတ်ဘုရားငှက်သာ ပြန်ပြီးမွေးဖွားနိုင်ပြီဆိုရင် ကျွန်တော်တို့ ဖုန်းယွီဂိုဏ်းက အလယ်ပိုင်းဒေသမှာ အမြင့်ကို တက်လှမ်းနိုင်မယ့် တည်ရှိမှုတစ်ခု ဖြစ်လာဖို့ အချိန်သိပ်မကြာတော့ဘူး..."
"ဖုန်းယွီဂိုဏ်းက နောက်ဆုံးတော့ ပြန်ပြီးမြင့်တက်လာတော့မယ်..."