ရွှေတောင်ပံ နတ်ဘုရားငှက် ထွက်ပြေးသွားတာလား
Vol. 38 Ch. 374
ဤအချိန်အခိုက်အတန့်တွင် စကားပြောဆိုနေသူမှာ ဖုန်းယွီဂိုဏ်း၏ ဂိုဏ်းချုပ်ဖုန်းပုချွင်ပင်။
သူသည် ခွန်အားများ ပြည့်ဝနေပြီး ဆံပင်ဖြူ မုတ်ဆိတ်ဖြူများရှိကာ တောင်ပိုင်းပင်လယ်မှ အင်မော်တယ်တစ်ပါးနှင့် တူညီနေပြီး ရိုးရှင်းမှုသို့ ပြန်လည်ရောက်ရှိသွားသော မျက်နှာသွင်ပြင်မျိုး ရှိနေပေ၏။
သူသည် ရွှေတောင်ပံ နတ်ဘုရားငှက် အမှတ်အသားကို ရေးထိုးထားသော သန့်ရှင်းသည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူသည် အင်မော်တယ်တစ်ပါးနှင့် အတိအကျ တူညီနေပေ၏။
ကွေ့ယီနယ်ပယ်ကျွမ်းကျင်သူဖြစ်သော ဖုန်းပုချွမ်သည် ယခုအချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
သူ၏မျက်လုံးများတွင် ပြင်းထန်သော လိုအင်ဆန္ဒအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူ၏နံဘေးပတ်ဝန်းကျင်တွင် ဖုန်းယွီဂိုဏ်း၏ အကြီးအကဲ ၁၂ ဦး မတ်တတ်ရပ်နေကြကာ သူတို့အားလုံးသည် ဓမ္မသောင်းချီနယ်ပယ်၏အထက်ရှိ ကျွမ်းကျင်သူများပင်။
ချီ ကျင့်ကြံခြင်းနှင့် စိတ်တည်ငြိမ်ခြင်းကို အမြဲတစေ အလေးထားခဲ့သော သူတို့သည် ယခုအချိန်တွင် သူတို့၏ သွေးချီအတက်အကျလှိုင်းများကို ထိန်းချုပ်မထားနိုင်တော့ချေ။
အတိတ်တွင် ဖုန်းယွီဂိုဏ်း ထွန်းကားလာခြင်းမှာ ဘိုးဘေးသည် ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်းရွှေတောင်ပံနတ်ဘုရားငှက်နှင့် မျိုးဆက်သောင်းချီစာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ဖုန်းယွီဂိုဏ်းသည် မျိုးရိုးအစဥ်အဆက် ရွှေတောင်ပံနတ်ဘုရားငှက်ကို ဝတ်ပြုခဲ့သည်။ ရွှေတောင်ပံ နတ်ဘုရားငှက်ကလည်း ဖုန်းယွီဂိုဏ်း ၏ သာယာဝပြောမှုကို ဥပဒေသအသင်္ချေ ရွှေခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးလေ၏။
သို့သော် ကောင်းမွန်သော အချိန်ကာလများသည် တည်မြဲခြင်းမရှိခဲ့ချေ။ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်အကြာက ခရီးစဉ်တစ်ခုအတွင်းတွင် ရွှေတောင်ပံနတ်ဘုရားငှက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်က ဖုန်းယွီဂိုဏ်းချုပ်သည် ဂိုဏ်း၏ အစွမ်းထက်ဆုံး ကျွမ်းကျင်သူများကို ဦးဆောင်ကာ နတ်ဘုရားငှက်၏တည်နေရာကို ရှာဖွေခဲ့လေ၏။
သို့သော် ထိုခရီးစဉ်အတွက် မည်သည့်ရလဒ်မျှ ထွက်ပေါ်မလာခဲ့ချေ။ ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားငှက် မထွက်ခွာမီက နတ်ဘုရားငှက်ဥတစ်လုံး ချန်ထားခဲ့သည်။
ဤသည်က ဂိုဏ်းအတွက် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ကျန်ရှိနေခဲ့ခြင်းပင်။
ထို့ပြင် နတ်ဘုရားငှက် ပျောက်ကွယ်သွားချိန်တွင် ဖုန်းပုချွင်သည် ဂိုဏ်းအတွင်းရှိ အထူး ပါရမီရှင် တပည့်ရင်းတစ်ဦးမျှသာ ဖြစ်ခဲ့သည်။
အချိန်တခဏကြာသည်အထိ...
ထိုလူများ၏မျက်လုံးဆယ့်သုံးစုံသည် ပြူးကျယ်နေပြီး အသက်ရှူမှားလုမတတ် ကြက်သေသေကာ စောင့်ဆိုင်းနေကြ၏။
ယဇ်ပလ္လင်၏ဗဟိုချက်ရှိ ရွှေတောင်ပံနတ်ဘုရားငှက်ဥသည် တုန်ယင်သွားသဖြင့် လူများအားလုံးကို ပို၍ပင် စိတ်လှုပ်ရှားသွားစေခဲ့သည်။
"ဒါက ကျွန်တော်တို့ ဖုန်းယွီဂိုဏ်းရဲ့ သမိုင်းမှာ သေချာပေါက် မှတ်တမ်းတင်ခံရမယ့် မြင်ကွင်း တစ်ခုပဲ..."
"နတ်ဘုရားငှက်ရဲ့ ကောင်းချီး နဲ့ဆိုရင် ဖုန်းယွီဂိုဏ်းက အမြင့်ကို သေချာပေါက် တက်လှမ်းနိုင်လိမ့်မယ်..."
"အနာဂတ်မှာ ငါတို့ဂိုဏ်းက အလယ်ပိုင်းဒေသရဲ့ထိပ်ဆုံးမှာတောင် ရပ်တည်နိုင်လိမ့်မယ်..."
အကြီးအကဲများသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြပြီး ဖုန်းပုချွင်က ပို၍ပင် ရဲရဲတင်းတင်း ပြောဆိုလိုက်၏။
သူသည် ဖုန်းယွီဂိုဏ်း၏ ခမ်းနားထည်ဝါသော အနာဂတ်ကို မြင်တွေ့ခဲ့ပြီးသည့်အလားပင်။
သူတို့၏ရိုးသားသော ဆင့်ခေါ်မှုကို ကြားလိုက်ရသည့်အလား ယဇ်ပလ္လင်အတွင်း၌ ရွှေတောင်ပံ နတ်ဘုရားငှက် အစစ်အမှန်မီးတောက်များ ပို၍စုဝေးလာခဲ့သည်။
အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော အစစ်အမှန်မီးတောက်က ရွှေတောင်ပံ နတ်ဘုရားငှက်ဥကို လွှမ်းခြုံသွားပေ၏။
အစစ်အမှန် မီးတောက်၏ ပူပြင်းသော အပူရှိန် အောက်တွင် တိုးညှင်းသော အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ရွှေတောင်ပံနတ်ဘုရားငှက်ဥထံမှ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းများ ပွင့်အံ့ထွက်လာခဲ့သည်။
မျက်စိကန်းလုမတတ် စူးရှတောက်ပသော အလင်းတန်းတစ်တန်းက တန်းတန်းမတ်မတ် ပျံ့လွင့်လာပြီး မြေအောက်နန်းတော်၏ အမိုးခုံးကို ထွင်းဖောက်ကာ တိမ်များထဲသို့ မြင့်တက်သွားသည်။
တစ်ချိန်တည်းမှာပင် ဖုန်းယွီဂိုဏ်းတစ်ခုလုံးရှိ နတ်ဘုရားငှက် အရုပ်တိုင်များအားလုံးမှ ငှက်များ၏မျက်လုံးများ ပွင့်လာသည်။
ဂိုဏ်း၏ဗဟိုချက်တွင် မြင့်တက်လာသော စိတ်ဝိညာဉ်ချီများသည် မြေအောက်နန်းတော် အတွင်းသို့ ချက်ချင်းစုဝေးသွားခဲ့သည်။
ဖုန်းယွီဂိုဏ်း၏ မြေအောက်နန်းတော်တွင် နှစ်ထောင်ချီကြာအောင် ထားရှိခဲ့သော ထိုရွှေတောင်ပံနတ်ဘုရားငှက်ဥသည် နောက်ဆုံးတွင် အက်ကွဲကာ ပွင့်ထွက်လာခဲ့လေပြီ။
ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ ဖုန်းပုချွင်သည် ဝုန်းခနဲအသံနှင့်အတူ ချက်ချင်းဒူးထောက်လိုက်သည်။
အကြီးအကဲ ၁၂ ဦးသည်လည်း ချက်ချင်းဒူးထောက်ကာ မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ကြသည်။
"လောကကြီးထဲကို ကြိုဆိုပါတယ် နတ်ဘုရားငှက်..."
ဖုန်းပုချွင်က ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အရှင် ကျင့်ကြံဖို့အတွက် ကောင်းကင်နှင့်မြေပြင်ရတနာတွေကို လွန်ခဲ့တဲ့ နှစ်သုံးထောင် ကတည်းက တောင်တန်းတစ်ခုလုံးမှာ ကျွန်တော် ကိုယ်တိုင် စုဆောင်းထားခဲ့ပါတယ်..."
"အရှင် မြန်မြန်ဆန်ဆန် ကြီးထွားလာအောင် ကျွန်တော်တို့ ကူညီပေးနိုင်ဖို့ အချိန်သိပ်မကြာတော့ပါဘူး..."
ဖုန်းပုချွင်၏ဆင့်ခေါ်မှုနှင့်အတူ ရွှေတောင်ပံနတ်ဘုရားငှက်ဥသည် နှစ်ခြမ်းကွဲသွားခဲ့၏။
ငှက်ငယ်လေးက နောက်ဆုံးတွင် အသွင်အပြင်ကို ထုတ်ဖော်ပြသလိုက်သည်။
ငှက်ငယ်လေး၏ခန္ဓာကိုယ်သည် သေးငယ်သော်လည်း အမွှေးများက အရောင်အသွေး စုံလင်ပြီး ရွှေရောင်အလင်းတန်းများက သူ၏မျက်လုံးသူငယ်အိမ်များတွင် တောက်ပနေသည်။
ငှက်ငယ်လေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အရာအားလုံးကို လွှမ်းခြုံထားသော ရှေးဟောင်းအရှိန်အဝါတစ်ရပ်က လေဟာနယ်တစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။
ဤသည်မှာ ငှက်ငယ်လေးတစ်ကောင်သာ ဖြစ်သော်လည်း ငှက်ငယ်လေး ထုတ်လွှတ်လိုက်သော နတ်ဘုရားငှက်နက်နဲသိမ်မွေ့ချီသည် အလွန်ပူပြင်းပေ၏။
လက်ရှိတွင် ဂိုဏ်းအင်အားစုအသီးသီးက မွေးမြူထားသော နတ်ဘုရားသားရဲဟု ခေါ်ဆိုသည့် အရာများနှင့် မတူညီချေ။
ထိုငှက်ငယ်လေး၏ခန္ဓာကိုယ်တွင် စီးဆင်းနေသောအရာမှာ အမှန်တကယ်ကို ရှားပါးသော ရှေးဟောင်း သွေးမျိုးဆက်ပင်
ငှက်ငယ်လေးသည် ပထမဆုံး ပတ်ဝန်းကျင်ကိုကြောင်စီစီဖြင့် ကြည့်လိုက်၏။ ထို့နောက် သူသည် ဖုန်းပုချွင်၏ စကားများကို ကြားပြီးနောက် အချိန်တခဏကြာ စဉ်းစားလိုက်ကာ တောင်ပံများကို ခတ်လိုက်ပြီး တုံ့ပြန်လိုက်သည့်အလားပင်။
နတ်ဘုရားငှက် မွေးဖွားလာခဲ့သည်မှာ သိသာထင်ရှားလှ၏။
ထိုငှက်သည် မွေးရာပါ ဉာဏ်ရည်ဥာဏ်သွေးကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားသည်။
ရွှေတောင်ပံ နတ်ဘုရားငှက်က သူတို့၏ စကားများကို တုံ့ပြန်နေသည်အား မြင်တွေ့ချိန်၌ လူများအားလုံး မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားကြပြီး အလျှင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"နတ်ဘုရားငှက်... အရှင် အိပ်ဖို့နေရာကို ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ..."
ဖုန်းပုချွင်သည် မယုံနိုင်လောက်အောင် ရိုသေလေးစားနေပြီး ငှက်ငယ်လေးအတွက် အက်ကွဲပြီး ကျွမ်းလောင်နေသောဥခွံ မှ ကျန်ရစ်သည့် အကြွင်းအကျန်များကို ဖယ်ရှားရန် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
ငှက်ငယ်လေးသည် ဉာဏ်ရည် ကို ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း ယခုလေးတင်မှ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ထိုငှက်သည် သွေးမျိုးဆက်မှ သယ်ဆောင်လာသော မှတ်ဉာဏ်များကို ချေဖျက်နေရဆဲ ဖြစ်သည့်အလား အနည်းငယ် ဇဝေဇဝါဖြစ်နေပုံ ရပေ၏။
သို့သော် နောက်ထပ်အချိန်တခဏတွင်...
ငှက်ငယ်လေးက ရုတ်တရက် ခေါင်းစောင်းလိုက်ပြီး ဦးတည်ချက်တစ်ခုသို့ စူးစမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤသည်မှာ သူသည် ကောင်းကင်နှင့်မြေပြင် ကြားရှိ ပုံမှန်မဟုတ်သော အရာတစ်ခုကို အာရုံခံလိုက်မိသည့်အလားပင်။
"နတ်ဘုရားငှက်...အရှင်က လောကကြီးထဲကို အခုမှ ရောက်လာတာ... ပြီးတော့ အရှင်အပေါ် မသင့်တော်တဲ့ အတွေးတွေ ရှိနေတဲ့ သူတွေ မရေမတွက်နိုင်အောင် ရှိတယ်..."
"မစိုးရိမ်ပါနဲ့... ကျွန်တော်တို့ ဖုန်းယွီဂိုဏ်းရဲ့ ပြန်ပြီးမြင့်တက်လာမယ့် အခြေအနေအတွက် ကျွန်တော် အစီအစဥ်ဆွဲပြီးပါပြီ..."
"တစ်နှစ်... တစ်နှစ်ပဲ..."
"အရှင်က ကျွန်တော်တို့ ဖုန်းယွီဂိုဏ်းကို အလယ်ပိုင်းဒေသရဲ့ ထိပ်ဆုံးကို ဦးဆောင်သွားနိုင်လိမ့်မယ်..."
"အရှင်က ဖုန်းယွီဂိုဏ်း ရဲ့ အနာဂတ် ပဲ..."
သူ ခေါင်းငုံပြီး စကားပြောနေစဉ်မှာပင် ဖုန်းယွီဂိုဏ်းတွင် အငယ်ဆုံးအကြီးအကဲဖြစ်သော အကြီးအကဲဆယ့်နှစ်က ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ရဲ့အနာဂတ် ထွက်ပြေးသွားပြီ..."
"ဘာ..."
ဖုန်းပုချွင် မော့ကြည့်လိုက်ရာ ငှက်ငယ်လေးသည် တောင်ပံများကို ဖြန့်ထားပြီး ဝှစ်ခနဲအသံနှင့်အတူ မြေအောက်နန်းတော်၏အမိုးခုံးကို တိုက်ရိုက်ထွင်းဖောက်သွားသည်အား မြင်တွေ့လိုက်ရသည်။
မြေအောက်နန်းတော်၏အထက်ရှိ ပင်မခန်းမကြီးသည် ငှက်ငယ်လေးကြောင့် တိုက်ရိုက် ကြေမွှသွားပြီး အပေါက်ကြီးတစ်ပေါက် ကျန်ရစ်ခဲ့သည်။
နောက်ထပ် မျက်စိတစ်မှိတ်အတွင်းမှာပင် ငှက်ငယ်လေး၏ပုံရိပ်သည် ခုနစ်ရောင်ခြယ်အလင်းတန်းတစ်တန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပျောက်ကွယ်သွားပေ၏။
ဖုန်းပုချွင်သည် မှင်တက်သွားပြီး တစ်နေကုန် ထောင်မတ်နေခဲ့သော သူ၏မီးခိုးရောင် မုတ်ဆိတ်မွှေးများ တွဲလောင်းကျသွားခဲ့သည်။
ငှက်ငယ်လေး အကောင်ပေါက်ပြီးနောက် ဖြစ်လာမည့် မြင်ကွင်းကို မရေမတွက်နိုင်အောင် သူ စိတ်ကူးကြည့်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု သူ ဘယ်တော့မှ မတွေးတောခဲ့ဖူးချေ။
သူ၏ဂိုဏ်းမှ ရွှေတောင်ပံ နတ်ဘုရားငှက်သည် အကောင်ပေါက်သည်နှင့် တစ်ပြိုင်နက် ထွက်ပြေးသွားခဲ့သလော..