← Chapters

အခုကစပြီး မင်းကို ရှောင်ကာ လို့ ခေါ်မယ်

Vol. 38 Ch. 375

အခုကစပြီး မင်းကို ရှောင်ကာ လို့ ခေါ်မယ်

Vol. 38 Ch. 375

ဝှစ်...

ဖုန်းပုချွင်သည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ လေဟာနယ်ကို ဆုတ်ဖြဲကာ အမြင့်ဆုံးအမြန်နှုန်းဖြင့် ပြေးထွက်သွားခဲ့သည်။

သူ၏ ကွေ့ယီနယ်ပယ်ကျင့်ကြံမှုသည် မြင့်မားသော်လည်း သူသည် ရွှေတောင်ပံငှက်ငယ်လေးကို မမီနိုင်ခဲ့ချေ။

သူသည် ဖုန်းယွီဂိုဏ်း၏ အထက်တွင် မျောလွင့်နေပြီး အချိန်တခဏမျှ ကြက်သေသေနေကာ အတွေးနက်နေပုံရသည်။

ထို့နောက် သူသည် လက်တစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်ကာ အနီးအနားရှိ တောင်ထိပ်တစ်ခုကို တိုက်ရိုက်ခြေမွဖျက်ဆီးလိုက်၏။

တောင်ထိပ်သည် ဝုန်းခနဲ အသံနှင့်အတူ ကျိုးပဲ့သွားပြီး ခမ်းနားထည်ဝါသော တောင်ကြီးသည် သူ၏ဒေါသအောက်တွင် လေထဲ၌ ပြန့်ကျဲနေသော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရွှေတောင်ပံနတ်ဘုရားငှက်ကို ထွက်သွားစေရန် မည်သည့်အရာက အတိအကျ တွန်းအားပေးခဲ့သနည်း...

အနောက်မှ လိုက်ပါလာသော အကြီးအကဲဆယ်ယောက်ကျော်သည် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကြ၏။ ဂိုဏ်းချုပ်ပင်လျှင် ရွှေတောင်ပံ ငှက်ငယ်လေးကို အမီမလိုက်နိုင်ခဲ့ချေ။

ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် အချက်တစ်ချက်ကို လက်ခံရတော့ပေမည်။

ရွှေတောင်ပံ နတ်ဘုရားငှက်သည် မွေးဖွားပြီးပြီးချင်း အိမ်မှ ထွက်ပြေးသွားခဲ့လေပြီ။

ဖုန်းပုချွင်၏ ဒေါသတကြီး အော်ဟစ်သံက ဂိုဏ်းတစ်ဂိုဏ်းလုံးအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

"လူတိုင်းကို စေလွှတ်လိုက်... ဘာပဲဖြစ်ဖြစ် နတ်ဘုရားငှက်ကို ငါတို့ ရှာတွေ့ရမယ်..."

"ဘာပဲဖြစ်ဖြစ် နတ်ဘုရားငှက်ကို ငါတို့ ပြန်ခေါ်လာရမယ်..."

ယန်သုံးပါးနယ်ပယ်နှင့် ဓမ္မသောင်းချီနယ်ပယ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လီတစ်သောင်းပတ်လည်အတွင်း၌ ရှာဖွေရန် ချက်ချင်းလူစုခွဲသွားကြ၏။

အလယ်ပိုင်းဒေသ၏ ဖရိုဖရဲနယ်မြေတွင် မားမားမတ်မတ် ရပ်တည်နေသော ဧရာမအင်အားစုကြီးတစ်ခု ဖြစ်သည့် ဖုန်းယွီဂိုဏ်းသည် မျက်စိတစ်မှိတ်အတွင်း လူသူကင်းမဲ့သော မြို့ တစ်မြို့ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အလယ်ပိုင်းဒေသ၏အပြင်ဘက်ရှိ ကျယ်ပြောပြီး အဆုံးမဲ့သော သမုဒ္ဒရာကြီး၏အထက်တွင်....

မီးချီလင်ရှောင်ဟေးသည် သူ၏ ကြက်သွေးရောင်အကြေးခွံများဖြင့် လေထဲတွင် ဂုဏ်ယူဝံ့ကြွားစွာ ပျံဝဲနေခဲ့သည်။

အလယ်ပိုင်းဒေသသို့ ကျုံးချင်နှင့်အတူ သွားသော ခရီးစဉ်အတွင်း သူသည် ကျွန်းငယ်လေး သုံးလေးကျွန်းကို အဆက်မပြတ် ဝါးမျိုခဲ့ပေ၏။

တစ်ချိန်တည်းမှာပင် အစွမ်းထက်သော ပင်လယ်သားရဲ အမြောက်အများကိုလည်း သူ စားသုံးခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ရှောင်ဟေး၏အရှိန်အဝါသည် အလွန်အမင်း အားကောင်းနေပြီး ကျုံးချင်၏အရှိန်အဝါနှင့်ပင် ဝိုးတဝါး နီးကပ်နေသည်။

ထို့ပြင် သူ၏ခွာလေးဖက်အောက်တွင် နှုတ်ခမ်းဆူနေသော ငှက်ငယ်လေးတစ်ကောင်က ယခုအချိန်တွင် ပျံဝဲနေခဲ့သည်။

ထိုငှက်ငယ်လေးသည် ချီလင်ရှောင်ဟေး၏ မြင့်မားသော အရှိန်အဝါနှင့် မတူချေ။

ထိုငှက်ငယ်လေးတွင် အရောင်အသွေး စုံလင်သော အမွှေးအတောင်များ ရှိပြီး ငှက်၏ ရှည်လျားကာ ပြားချပ်နေသော နှုတ်သီးသည် ခေါင်း၏ရှေ့သို့ပင် ထွက်ပေါ်နေပေ၏။

ထိုအရာမှာ ဘဲနှုတ်သီးတစ်ခုနှင့် အတိအကျ တူညီနေသည်။

ထိုထူးဆန်းသောငှက်သည် အဆက်မပြတ် လှည့်ပတ်ပျံဝဲနေပြီး ရှောင်ဟေး၏ခွာလေးဖက် ကြားတွင် အရှေ့အနောက် ယက်ကန်ယက်ကန် သွားလာနေကာ သူ၏ခေါင်းကို ရံဖန်ရံခါ ပွတ်သပ်နေပေ၏။

ချီလင်ရှောင်ဟေးက အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုကောင်လေးသည် သူ၏နောက်သို့ လိုက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

အကယ်၍ ထိုကောင်လေးသာ သိပ်ပြီးစားချင်စရာ မကောင်းသောကြောင့်သာ မဟုတ်ခဲ့လျှင်...

သူသည် ထိုကောင်လေးကို အရှင်လတ်လတ် ဝါးမျိုပစ်သည်မှာ အချိန်အတော်ကြာမြင့်ပြီး ဖြစ်ပေမည်။

ချီလင်က ထူးဆန်းသော ငှက်ကို သူ၏ခွာဖြင့် ရွံရှာစွာ တွန်းဖယ်လိုက်၏။

"ဟေး ဟေး ဟေး... ငှက်မိုက်လေး... ငါ နောက်ဆုံးအကြိမ် ပြောမယ်... ငါ့နောက်ကို ဆက်မလိုက်ဘဲ နေပေးလို့ ရမလား..."

သို့သော် နောတစ်ခဏတွင် ငှက်ငယ်လေးက သူ့ကို ထပ်မံ တွယ်ကပ်လာပြီး ရှောင်ဟေး၏ ခြေထောက်ကို တိုက်ရိုက်ရစ်ပတ်ထားခဲ့သည်။

ငှက်ငယ်လေး၏ ဘဲနှုတ်သီးနှင့်တူသော နှုတ်သီးမှာ တွဲကျနေပြီး သနားစရာကောင်းစွာ ညည်းတွားလိုက်သည်။

"ရွှတ် ရွှတ် ရွှတ်..."

"အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို နှင်မထုတ်ပါနဲ့နော်..."

"ကျွန်တော် မွေးဖွားလာတဲ့ အခိုက်အတန့်မှာပဲ အစ်ကိုကြီးရဲ့ အရှိန်အဝါကို အနံ့ခံမိတယ်... အဲ့ဒါက ဘယ်လို ခံစားရလဲဆိုတာ အစ်ကိုကြီး သိလား..."

"လောကကြီးထဲက အရာအားလုံးက အစ်ကိုကြီး ရဲ့ ဝါးမျိုတာကို ခံရတော့မယ့် အတိုင်းပဲ..."

"ဒီအစွမ်းထက်တဲ့ အရှိန်အဝါက ကျွန်တော့်ကို တကယ်ပဲ စွဲမက်စေတယ်..."

"ဒီက ညီလေးက အစ်ကိုကြီးရဲ့ဝါးမျိုမှုကို ခံရဖို့တောင် ဆန္ဒရှိပါတယ်..."

ချီလင်ရှောင်ဟေးသည် မှင်တက်သွားပေ၏။

"ဝါး... ကောင်လေး... မင်းက လီတစ်သောင်း အကွာအဝေးကနေ ငါ့ရဲ့ ကြီးမားတဲ့အရှိန်အဝါကို ခံစားနိုင်တယ်ပေါ့..."

ငှက်ငယ်လေးသည် အမွှေးအနည်းငယ်သာ ရှိသေးသော ခေါင်းကို ညိတ်ပြလိုက်ပြီး ချီလင်၏ ခြေထောက်ကို အဆက်မပြတ် ပွတ်သပ်နေသည်။

"အင်း... အင်း..."

ထိုငှက်ငယ်လေးသည် ကိုယ့်ကိုယ်ကိုယ် ချီလင်၏ အသားနှင့်သွေးကြောများထဲသို့ ပေါင်းစပ်သွားချင်ပုံရသည်။

"အစ်ကိုကြီးရဲ့နောက်ကို လိုက်ဖို့အတွက် ကျွန်တော့်ရဲ့စွမ်းအားတွေအားလုံးကို ကျွန်တော် သုံးစွဲခဲ့ပြီးပြီ..."

"ကျေးဇူးပြုပြီး... ကျွန်တော့်ကို အစ်ကိုကြီးရဲ့နောက် လိုက်ခွင့်ပြုပါ... ကျွန်တော်က စားတာလည်း နည်းနည်းလေးပါ... ပြီးတော့ ကျွန်တော်က အသုံးဝင်ပါတယ်... ကျွန်တော် အစ်ကိုကြီး ကို သေချာပေါက် ပြဿနာ မရှာပါဘူး..."

ရှောင်ဟေးက နှုတ်ခမ်းသပ်ကာ နှာခေါင်းကို ရှုံ့လိုက်ပြီး ရွှေတောင်ပံ ငှက်ငယ်လေးထံမှ ရင်းနှီးသော သွေးမျိုးဆက်အရိပ်အယောင်တစ်ခုကို သတိပြုမိလိုက်၏။

သို့သော် ရှောင်ဟေးသည်လည်း ငယ်ရွယ်သေးသဖြင့် ထိုငှက်ငယ်လေးတွင် မည်ကဲ့သို့ သွေး​မျိုးဆက်မျိုးရှိကြောင်းကို သူ အတိအကျ မခွဲခြားနိုင်ခဲ့ချေ။

သို့သော် သွေး​မျိုးဆက်၏နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသော ထိုရင်းနှီးမှုခံစားချက်က ထို ငှက်ငယ်လေးမှာ ရှေးခေတ်ကတည်းက တည်ရှိခဲ့ပြီး သူ၏ ချီလင်မျိုးနွယ်စု နှင့် အဆက်အသွယ် အများအပြား ရှိကြောင်း ရှောင်ဟေးကို သဘောပေါက်သွားစေခဲ့သည်။

ထိုအရာကို တွေးမိချိန်တွင် ချီလင်ရှောင်ဟေးသည်လည်း အလေးအနက် စဉ်းစားလိုက်၏။

ထို့နောက် သူက ပြောဆိုသည်။

"ငါ စဉ်းစားပါရစေအုံး... မင်းလည်း မြင်တဲ့အတိုင်းပဲ... ငါ့လို ချောမောတဲ့ ချီလင်နောက်ကို လိုက်ချင်တဲ့ ညီလေးတွေ အများကြီးရှိတယ်..."

ငှက်ငယ်လေးက ခေါင်းကို ချီလင်၏ ခြေထောက်နှင့် အသည်းအသန် ဖိထားပြီး မယုံနိုင်လောက်အောင် ချစ်စရာကောင်းနေပုံရသည်။

"အစ်ကိုကြီး... ကျွန်တော် တောင်းပန်ပါတယ်... အစ်ကိုကြီးလို ကြီးမြတ်တဲ့ တည်ရှိမှု မျိုးအတွက် ကျွန်တော်က အစ်ကိုကြီးရဲ့ တစ်ဦးတည်းသော နောက်လိုက်ဖြစ်ဖို့ မျှော်လင့်မထားပါဘူး..."

"ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပထမဆုံး ဖြစ်ခွင့်ပြုပါ..."

ရှောင်ဟေးက နှုတ်ခမ်းဆူလိုက်သော်လည်း ငှက်ငယ်လေး၏ ချိုသာသော စကားများမှာ အလွန်အမင်း ထိရောက်လွန်းလှသည်။

"ကောင်းပြီ...ကောင်းပြီလေ... အဲဒါဆိုရင် မင်းကို ငါ့နောက်လိုက်ခွင့်ပြုဖို့ ငါက မလိုလားပေမယ့် ခွင့်ပြုလိုက်မယ်..."

ချစ်စရာကောင်းသော ငှက်ငယ်လေးက ရွှင်မြူးစွာ ရယ်မောလိုက်ပြီး သူ၏ခေါင်းလေးကို ရှောင်ဟေး၏ခြေထောက်ဖြင့် ရှေ့နောက်အဆက်မပြတ် ပွတ်သပ်နေပေ၏။

"ယေး..."

ချီလင်ကလည်း ထိုအရာကို အလွန်စိတ်ကျေနပ်နေခဲ့သည်။

သူ၏ခန္ဓာကိုယ်ကို လှုပ်ခတ်မှုတစ်ခုနှင့်အတူ သူသည် ငှက်ငယ်လေးကို ယူဆောင်ကာ မဝေးလှသော ကျွန်းငယ်လေးတစ်ကျွန်းဆီသို့ ဦးတည်သွားခဲ့သည်။

ချီလင်၏အသံသည် သူ ရောက်မမီကတည်းက ရောက်ရှိလာခဲ့ပေ၏။

"သခင်..."

ချီလင်ရှောင်ဟေးသည် ကျုံးချင်၏အောက်တွင် အစေခံတစ်ယောက်အဖြစ် အချိန်အတော်ကြာ ရှိနေခဲ့ပြီး ယခုအချိန်တွင် သူ၏ ကံကြမ္မာ အလှည့်အပြောင်း ရောက်လာပြီဖြစ်ရာ သူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

"သခင်... ကျွန်တော် ညီလေးတစ်ယောက် ရလာခဲ့ပြီ... လာကြည့်ပါအုံး..."

ကျုံးချင်သည် ယခုအချိန်တွင် မီးပုံတစ်ခု၏နံဘေးတွင် ထိုင်နေပြီး ပင်လယ်ငှက်တချို့ကို မီးတောက်များ၏အထက်တွင် ကင်ထားသည်။

ငှက်ငယ်လေးက ချောင်းကြည့်လိုက်ပြီး ကျုံးချင်ကို တစ်ချက်ကြည့်ကာ မီးပုံပေါ်ရှိ ငှက်ငယ်လေးများကို တစ်ချက်ကြည့်လိုက်၏။

ငှက်ငယ်လေးက မပျော်မရွှင်ဖြင့် အော်ဟစ်လိုက်သည်။

"အစ်ကိုကြီး... အစ်ကိုကြီးရဲ့သခင်က ကျွန်တော့်ရဲ့ သွေးဝေးဆွေမျိုးတွေကို စားနေသလိုပဲ..."

ချီလင်က ခေါင်းငုံ့ကာ ကြီးမားသော ရိုက်ချက် တစ်ချက်ပေးလိမ့်မည်ဟု မည်သူက သိမည်နည်း။

ဖတ်ခနဲ အသံနှင့်အတူ သူသည် ငှက်ငယ်လေးကို မြေကြီးပေါ်သို့ ရိုက်ချလိုက်၏။

သူက အော်ဟစ်ပြောဆိုလိုက်သည်။

"ဒါက ဒေါသထွက်စရာပဲ... တကယ်လို့ ငါ့ရဲ့သခင်က ဒီနေ့ မင်းကို စားချင်တယ် ဆိုရင် မင်းက လိမ်လိမ်မာမာနဲ့ သံတံကျင်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ချိတ်ထားလိုက်တာ ပိုကောင်းမယ်..."

မှင်တက်နေသော ငှက်ငယ်လေးက အလျင်အမြန် ကုန်းရုန်းထလာပြီး ပြောဆိုသည်။

"ရွှတ် ရွှတ် ရွှတ်... အစ်ကိုကြီးရဲ့သခင်က အခု ကျွန်တော့်ကို စားချင်လို့လား... တကယ်လို့ ကျွန်တော့်ကို စားချင်တယ်ဆိုရင် ကျွန်တော် အခုပဲ ဝင်သွားလိုက်မယ်..."

ငှက်ငယ်လေးသည် ချစ်စရာကောင်းစွာ တုန်ယင်သွားပြီးနောက် မီးပုံထဲသို့ တိုးဝင်ရန် ကြိုးစားလိုက်၏။

ကျုံးချင်က သူ၏မျက်လုံးများကို လှန်လိုက်ပြီး ငှက်ငယ်လေးကို အရေးမစိုက်စွာ တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည်။

ထို့နောက် သူသည် ငှက်ကင်များပေါ်သို့ သူ၏ အာရုံကို ပြန်လည်၍ပို့လွှတ်လေသည်။

ထိုငှက်ငယ်လေးသည် သိပ်ပြီးစားချင်စရာ ကောင်းပုံ မရချေ။

ချီလင်ရှောင်ဟေးက ရယ်မောလိုက်ပြီး ကျုံးချင်၏အနီးသို့ တိုးကပ်သွားကာ ပြောဆိုသည်။

"သခင်... ဒီငှက်မိုက်လေးက သိပ်ပြီးအစွမ်းမထက်ပေမဲ့ သူက တော်တော်လေး သိတတ်တယ် မဟုတ်လား..."

"ဘာလို့ သူ့ကို ကျွန်တော်တို့ရဲ့နောက် လိုက်ခွင့်မပေးရမှာလဲ..."

ကျုံးချင်က အရေးမစိုက်သည့် အမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"မင်း သဘောပဲလေ..."

"ကျေးဇူးတင်ပါတယ် သခင်..."

"မြန်မြန်... သူ့ကို သခင်လို့ ခေါ်လိုက်..."

ငှက်ငယ်လေး၏ အမွှေးအနည်းငယ်သာ ရှိသေးသော တောင်ပံများသည် ရိုသေလေးစားမှုကို ပြသသည့်အနေဖြင့် ဖြန့်ကျက်သွားပေ၏။

"သခင်... သခင်..."

"ဒီအတိုင်း ရပ်မနေနဲ့... သခင့်အတွက် ထင်းသွားရှာချေ... မင်းမှာ အခြေခံအသိတရားတောင် မရှိဘူးလား..."

"ဟုတ်ကဲ့ပါ..."

ကျွန်းငယ်လေးပေါ်တွင်အမွှေးမစုံသေးဘဲ ဘဲ တစ်ကောင်နှင့် တူညီသော ငှက်ငယ်လေးတစ်ကောင်က ထင်းများ စုဆောင်းရင်း မောဟိုက်နေခဲ့သည်။

ဘိုးဘေးများအတွက် ကောင်းကင်ကို ဖုံးကွယ်ရန်နှင့် နေကို ပိတ်ဖုံးရန် စွမ်းအားရှိသော်လည်း အမွေးမစုံသေးသော သူ၏ရွှေရောင်တောင်ပံများသည် ယခုအချိန်တွင် သစ်ကိုင်းတစ်စည်းကို အချိုးမကျစွာ ဆုပ်ကိုင်ထားပြီး ဖင်ကိုကော့ကာ တစ်လှမ်းချင်းစီ ပြေးလွှားနေခဲ့သည်။

သူတို့သည် အားရပါးရ စားသောက်ပြီးနောက် သူတို့၏ခရီးစဉ်ကို ဆက်လက်၍ ထွက်ခွာသွားခဲ့သည်။

"အခုကစပြီး မင်းကို ရှောင်ကာ လို့ ခေါ်မယ်..."

"ရှောင်ကာ... ကျွန်တော်က အဲ့ဒီလို နာမည်မျိုး မလိုချင်ပါဘူး..."

"သခင်က မင်းကို ဘယ်လိုပဲ ခေါ်ခေါ်... အဲ့ဒါက မင်းရဲ့နာမည်ပဲ... ငါ့ကို ရှောင်ဟေး လို့ ခေါ်တယ်..."

မကြာမီမှာပင်....

အစိမ်းရောင်ဝတ်စုံဝတ် လူတစ်ယောက် အနီရောင် ချီလင် တစ်ကောင်နှင့် အမွှေးမရှိသော ငှက်ငယ်လေးတစ်ကောင်..

ပုံရိပ်သုံးခုသည် အထက်သို့ ပျံဝဲသွားပြီး အလယ်ပိုင်းဒေသသို့ သူတို့၏ခရီးစဉ်ကို တဖန်ပြန်၍ စတင်လိုက်ကြသည်။

ချီလင်ရှောင်ဟေးသည် ဤခရီးစဉ်တလျှောက်လုံး အလွန်အမင်း စိတ်ကျေနပ်နေခဲ့ပြီး သူတို့ အုပ်စုထဲတွင် အလယ်အလတ်အဆင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

"ရှောင်ကာ... ငါ့ရဲ့အမိန့်ကို နားထောင်..."

"ပင်လယ်ထဲကို ဆင်းပြီး သခင့်အတွက် ဆူဖြိုးတဲ့ ငါးကြီးတစ်ကောင် သွားဖမ်းစမ်း..."

"ဟုတ်ကဲ့ပါ အစ်ကိုကြီး..."

"ရှောင်ကာ... ရှေ့ကသွားပြီး လမ်းကြောင်းစုံစမ်းအုံး..."

"ဟုတ်ကဲ့ပါ အစ်ကိုကြီး..."

သူတို့ ရှေ့သို့ဆက်သွားသည်နှင့်အမျှ ရှောင်ဟေးသည် အာဏာအရသာကို ခံစားနေပေ၏။

ကျုံးချင်က မမြင်ယောင်ဆောင်နေပြီး ဤအခြေအနေကို သဘောကျနေခဲ့သည်။

ထိုသက်ဝင်လှုပ်ရှားနေသော ကောင်ငယ်လေးနှစ်ကောင်က သူ၏ခရီးစဉ်အတွက် ပျော်ရွှင်မှု အလွှာတစ်ခုကို သေချာပေါက် ထပ်ပေါင်းပေးခဲ့သည်။

All Chapters