တောင်ကိုကြည့်ပြီး ပြေးရတာ မြင်းသေတယ်
Vol. 38 Ch. 376
ကောင်းကင်ပြာအောက်ရှိ ပင်လယ်ပြင်ပေါ်တွင် ကျုံးချင်သည် အမြင့်ဆုံးအမြန်နှုန်းဖြင့် ခရီးသွားနေခဲ့၏။
ရှောင်ဟေးနှင့်ရှောင်ကာတို့နှစ်ယောက်သည် လမ်းတလျှောက်လုံး အလွန်တက်ကြွနေခဲ့ကြသည်။
တစ်ယောက်က သူ၏အစ်ကိုကြီး ဖြစ်ရခြင်းမှ ယူဆောင်လာသော အာဏာ၏ စိတ်လှုပ်ရှားမှုကို အပြည့်အဝ ခံစားနေပြီး တခြားတစ်ယောက်ကမူ ညီလေးတစ်ယောက်၏ အခန်းကဏ္ဍကို လုံးလုံးလျားလျား ခံယူထားခဲ့သည်။
တစ်ယောက်က ရိုက်ချင်ပြီး တခြားတစ်ယောက်က အရိုက်ခံချင်နေသည်။ သူတို့သည် အလွန်ထူးဆန်းသော အတွဲတစ်တွဲပင်။
ဤပင်လယ်ပင်ကြီး၏ဧရိယာသည် အလွန်ကြီးမားကျယ်ပြန့်ပေ၏။
ကျုံးချင်၏ လက်ရှိအမြန်နှုန်းဖြင့်ပင် ရက်ပေါင်းများစွာကြာအောင် ခရီးသွားပြီးသည့်တိုင် ပင်လယ်၏အဆုံးသတ်သို့ မရောက်ရှိသေးချေ။
သို့သော် သူတို့အုပ်စု လျှင်မြန်စွာ ခရီးသွားနေစဉ်တွင် ပင်လယ်ပြင်ထဲ၌ ကျွန်းအမြောက်အများ ထွက်ပေါ်လာခဲ့သည်။
ထိုကျွန်းများသည် အတန်းလိုက်ရှိနေခြင်း မဟုတ်ဘဲ အကွာအဝေးအလိုက် ထွက်ပေါ်လာခြင်း ဖြစ်ပေ၏။
တစ်ရက်အတွင်း၌ သူတို့သည် ကျွန်းသုံးကျွန်းမှ ငါးကျွန်းအထိ မြင်တွေ့နိုင်သည်။
ထိုကျွန်းများပေါ်တွင် သက်ရှိအမြောက်အများ ရှိနေသည်။
ထိုလူများအနက် အများစု၏ကျင့်ကြံဆင့်သည် ယင်သုံးပါးနယ်ပယ်တွင် ရှိပြီး လူနည်းစုကသာ ယန်သုံးပါးနယ်ပယ်သို့ ရောက်ရှိကြသည်။
သတ်ဖြတ်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းတို့မှာ ထိုပင်လယ်ဧရိယာ၏ အဓိက အကြောင်းအရာ ဖြစ်ပုံရသည်။
ကျုံးချင်သည် ကျွန်း ဆယ်ကျွန်းကို ဖြတ်သန်းခဲ့ရာ ကျွန်းကိုးကျွန်းတွင် သက်ရှိများ တိုက်ခိုက်နေကြပြီး တစ်ကျွန်းကမူ တိုက်ခိုက်သတ်ဖြတ်ရန် လူအများ သွားလာလှုပ်ရှားနေကြ၏။
ဤနေရာမှ သူ့အား ပေးစွမ်းသော ခံစားချက်မှာ ဖရိုဖရဲ ဖြစ်ခြင်းပင်။
ဤအရာက ကျုံးချင်ကို စူးစမ်းလိုစိတ်များ ဖြစ်ပွားစေခဲ့သည်။
"ဒီကျွန်းတွေပေါ်က လူတွေက အလယ်ပိုင်းဒေသက မဟုတ်ဘူးလား..."
ရှေးဟောင်း မှတ်တမ်းများအရ အလယ်ပိုင်းဒေသသည် စိတ်ဝိညာဥ်ချီများ ပေါကြွယ်ဝပြီး ထူးချွန်သောပုဂ္ဂိုလ်များရှိသည့် နေရာတစ်ခု ဖြစ်ကြောင်း ဖော်ပြထားပေ၏။
ဤသည်မှာ ပါရမီရှင်များကို မွေးထုတ်ပေးသော ကုန်းမြေဖြစ်ပြီး ပါရမီရှင်များအတွက် အစပြုသော နေရာတစ်ခုနှင့် အစွမ်းထက်သော ကျင့်ကြံသူများမှ သူတို့၏စွမ်းရည်များကို ပြသရန် စင်မြင့်တစ်ခုပင်။
သဘောတရားအရ ပြောဆိုရလျှင် ထိုကဲ့သို့ နေရာမျိုးသည် ငြိမ်းချမ်းနေသင့်ပေ၏။
ပဋိပက္ခနှင့်သတ်ဖြတ်ခြင်းတို့သည် ကျင့်ကြံခြင်းလောက၏ ဖြစ်ရိုးဖြစ်စဥ်ကိစ္စများ ဖြစ်သော်လည်း အလယ်ပိုင်းဒေသတွင် သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ကြီးမားကျယ်ပြန့်သော တိုက်ခိုက်သတ်ဖြတ်မှုများဖြင့် ပြည့်နှက်မနေသင့်ချေ။
ကျုံးချင်က ထိုလူများကို လျစ်လျူရှုပြီး ရှေ့သို့ ဆက်သွားခဲ့သည်။
ချီလင်က ကျုံးချင်၏နောက်မှ ပြေးလိုက်လာပြီး ရှောင်ကာက ချီလင်၏နောက်မှ ပြေးလိုက်လာသည်။
အချိန်များ နောက်ထပ်ခုနစ်ရက် ကုန်လွန်သွားပေ၏။
ယနေ့တွင် ချီလင်က ခေါင်းမော့ကာ ရှေ့သို့ညွှန်ပြပြီး ပြောဆိုသည်။
"ဆရာ... ကျွန်တော်တို့ အလယ်ပိုင်းကုန်းမြေကို ရောက်တော့မယ်..."
ကျုံးချင်က မော့ကြည့်လိုက်သည်။ အဝေးရှိ သမုဒ္ဒရာအတွင်းတွင် ကုန်းမြေ၏ အရိပ်အယောင်ကို ဝိုးတဝါး မြင်တွေ့နေရသည်။
တောင်တန်းများက မိုးကုတ်စက်ဝိုင်း တလျှောက်ဆန့်တန်းနေပြီး ပင်လယ်ပြင်နှင့် ဆက်သွယ်နေပေ၏။
ထိုတောင်တန်းများသည် သာမန်ထက် သာလွန်ထူးကဲပြီး တချို့က အိပ်ပျော်နေသော နဂါး တစ်ကောင်အလား ကုန်းမြေတလျှောက် ဆန့်တန်းနေကာ တချို့က ကောင်းကင်ကို မော့ကြည့်နေသော ကျားဖြူတစ်ကောင်အလား မားမားမတ်မတ် တည်ရှိနေကြသည်။
ထိုတောင်တန်းများ၏အရှိန်အဝါသည် ခမ်းနားထည်ဝါပြီး စိတ်ဝိညာဉ်ချီများ အလွန်ပေါကြွယ်ဝသည်။
ထိုအရာက ကျုံးချင်ကို ရှင်းပြ၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားသွားစေခဲ့သည်။
သူသည် အရှေ့ပိုင်းဒေသမှ ထွက်ခွာခဲ့ပြီး မြောက်ပိုင်းဒေသကို ဖြတ်ကျော်ကာ ဖရိုဖရဲ နတ်ဆိုးပင်လယ်ကို ဖြတ်သန်းပြီး ကောင်းကင်ဘုံချောက်နက်မှတစ်ဆင့် ခရီးသွားခဲ့ပေ၏။ ယခုအချိန်တွင် သူသည် နောက်ဆုံး၌ အလယ်ပိုင်းဒေသကုန်းမြေ၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရလေပြီ။
သူက သူ၏ခြေလှမ်းများကို နောက်တစ်ကြိမ် အရှိန်မြှင့်တင်လိုက်သည်။
သို့သော် ထိုပင်လယ်ဧရိယာမှာ အမှန်တကယ်ကို အလွန်ကြီးမားကျယ်ပြန့်သည်။
ကုန်းမြေ၏အရိပ်အယောင်ကို သူတို့ မြင်နိုင်သော်လည်း ကျုံးချင်တို့အဖွဲ့သည် ရက်ပေါင်းများစွာ ခရီးသွားခဲ့ကြပြီးနောက် ကုန်းမြေသည် ပို၍ပို၍ နီးကပ်လာပုံရသော်လည်း သူတို့သည် ပင်လယ်ကို ဖြတ်သန်းနေရဆဲပင်။
ကျုံးချင်သည် အမြန်နှုန်းကို အတင်းအကျပ် မမြှင့်တင်တော့ဘဲ တည်ငြိမ်သော အမြန်နှုန်းကိုသာ ထိန်းသိမ်းထားပြီး ပြောဆိုသည်။
"ဒါက 'တောင်ကို ကြည့်ပြီး ပြေးရတာ မြင်းသေတယ်' လို့ ပြောကြတဲ့ ဆိုရိုးစကားမျိုး ဖြစ်နေနိုင်တယ် မဟုတ်လား..."
နေဝင်ဆည်းဆာချိန်သို့ ရောက်လာသည်နှင့် သူသည် ကျွန်းတစ်ကျွန်းပေါ်တွင် အနားယူရန် ဆုံးဖြတ်လိုက်၏။
မနက်ဖြန်တွင် သူသည် ကုန်းမြေပေါ်သို့တက်ရန် ကြီးမားသော အားစိုက်ထုတ်မှုတစ်ခုကို ပြုလုပ်ပေမည်။
မိုးကောင်းကင်ယံ အထက်တွင် ချီလင်က တိုးညှင်းသော အသံဖြင့် ပြောဆိုသည်။
"သခင်... အောက်ဘက်မှာ သက်ရှိတွေ အများကြီး ရှိတယ်... ကျွန်တော်တို့ ချီလင်မျိုးနွယ်စုရဲ့ ဂုဏ်သတင်းက ကြီးမားတယ်... သခင်အတွက် မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်လာအောင် ကျွန်တော်က ခဏရှောင်နေလိုက်ရမလား..."
ကျုံးချင်က အချိန်တခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ချီလင်၏နာမည်သည် စကြဝဠာ တစ်လျှောက် ပဲ့တင်ထပ်နေပြီး လောကတဝှမ်း၌ လူသိများကျော်ကြားသည်။
သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူသည် မရေမတွက်နိုင်သော လူများ၏ လိုချင်မက်မောမှုများကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။
ကျုံးချင်သည် ကြောက်ရွံ့ခြင်းမရှိသော်လည်း ပြဿနာများကို သူ မနှစ်သက်ချေ။
ထို့နောက် ချီလင်သည် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကျုံးချင်၏လက်မောင်းထံသို့ ပြန်လည်၍တွယ်ကပ်သွားကာ အမှတ်အသားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ထိုအရာကို မြင်တွေ့ချိန်တွင် ရှောင်ကာ၏ မျက်လုံးများ တောက်ပလာပြီး သူလည်း ချီလင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲပြီး ကျုံးချင်ထံသို့ တွယ်ကပ်ချင်ခဲ့သည်။
သို့သော် ချီလင်က သူ့ကို ခေါင်းဖြင့် တွန်းဖယ်လိုက်ပြီး သူ့ကို လွင့်ထွက်သွားစေသည်။
အချိန်တခဏကြာသည်အထိ ရှောင်ကာသည် ချီလင်ကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး သူ၏ ကြယ်ကဲ့သို့ တောက်ပနေသော မျက်လုံးဝိုင်းကြီးများတွင် နာကြည်းမှုနှင့် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်နေသည်။
"အစ်ကိုကြီး... အစ်ကိုကြီးက ကျွန်တော့်ကို မလိုချင်တော့ဘူးလား..."
ချီလင်၏ စိတ်မရှည်သော အသံ ထွက်ပေါ်လာပေ၏။
"ငါရဲ့အဆင့်အတန်းက အရမ်းအံ့အားသင့်ဖို့ ကောင်းနေလို့ သခင့်အတွက် ပြဿနာ ဖြစ်လာမှာစိုးရိမ်လို့ ငါက ရှောင်နေတာပဲ..."
"မင်းရဲ့အဆင့်အတန်း က ဘာလဲ..."
"မင်းက ဘာမှ မဟုတ်တဲ့ ကောင်လေးတစ်ကောင်ပဲ... မင်း ဝင်လာဖို့ မလိုဘူး..."
"ဒါ့ပြင် သခင်ရဲ့ခန္ဓာကိုယ်က မင်းလို အကောင်ပေါက်လေးတစ်ကောင်နေဖို့ အရည်အချင်း ပြည့်မီတဲ့ နေရာလား..."
"အချိုးကို မပြေဘူး..."
"အမ်..."
ရှောင်ကာက နာကြည်းစွာ တုံ့ပြန်လိုက်၏။
ပထမဆုံးအကြိမ်အနေဖြင့် ငှက်ငယ်လေး၏ နှလုံးသားလေးအတွင်း၌ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်တစ်ခုဟု ယူဆရမည့် အရာတစ်ခု ပဋိသန္ဓေတည်သွားတော့သည်။
ဤသည်မှာ သူသည် ကြိုးစားပမ်းစား ကျင့်ကြံပြီး သူ့သခင်၏ခန္ဓာကိုယ်ပေါ်တွင် နေထိုင်ရန်နှင့် တစ်နေ့နေ့တွင် သူ့အစ်ကိုကြီးကဲ့သို့ အမှတ်အသားတစ်ခု ဖြစ်လာရန်အတွက် အရည်အချင်း ပြည့်မီအောင် ကြိုးစားရန်ပင်။
ကျုံးချင်သည် ထိုတက်ကြွသော နှစ်ကောင်ကို ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သူ နားလည်သွားခဲ့လေပြီ။ ထို ချီလင်သည် ဤငှက်ငယ်လေးကို လမ်းမှားသို့ လုံးလုံးလျားလျား ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ပေ၏။
သူက ရှောင်ကာကို နောက်မှလိုက်လာရန် လက်ယပ်ခေါ်လိုက်သည်။
"သွားကြစို့..."
တိမ်များအထက်မှ ပျံသန်းနေရင်း သူတို့သည် ကျွန်းတစ်ကျွန်းပေါ်သို့ ဆင်းသက်ခဲ့ကြသည်။
သူတို့ ရောက်ရှိသွားချိန်တွင် ထိုကျွန်းသည် အလွန်ရှေးကျပြီး အခေါင်းပေါက်ဖြစ်နေကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။
ဤကျွန်းတွင် တွင်းနက်ကြီးများဖြင့် ပြည့်နှက်နေပြီး ကျွန်း၏အတွင်းပိုင်းကိုပင် အခေါင်းပေါက် ဖောက်ထားခဲ့ပေ၏။
ထိုကျွန်းကို အခေါင်းပေါက်ကျွန်းဟု ဖော်ပြခြင်းမှာ အသင့်တော်ဆုံးပင်။
သို့သော် အခေါင်းပေါက်ကျွန်းပေါ်တွင် လူများလည်း ရှိနေခဲ့သည်။
အမှန်အားဖြင့် ကျုံးချင်နှင့် မဝေးလှသော နေရာတွင် သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဖြစ်ပွားနေခဲ့သည်။
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သားရဲများမှ အသွင်ပြောင်းထားသော လူဆယ်ယောက်ကျော်သည် လူငယ်တစ်ယောက်ကို ဝိုင်းရံထားကြ၏။
"သတ်..."
ထိုလူငယ်သည် ကြမ်းတမ်းသော ပိတ်ထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသားမည်းကာ သူ၏ကျင့်ကြံမှုမှာ ယင်သုံးပါးနယ်ပယ် တတိယအဆင့်တွင် ရှိသည်။ သူကိုကြည့်ရသည်မှာ အာဟာရချို့တဲ့နေပုံရသည်။
အာဟာရချို့တဲ့ခြင်းဟူသော အသုံးအနှုန်းသည် သာမန်လူများကြားတွင်သာ ထွက်ပေါ်လာလေ့ ရှိပေ၏။
ကောင်းကင်နှင့်မြေပြင်၏ စိတ်ဝိညာဉ်ချီကို ဝါးမျိုပြီး နေနှင့်လ၏ လျှို့ဝှက်ချက်များကို ဆုပ်ကိုင်ထားသော ကျင့်ကြံသူများအနေဖြင့် မည်သူက ခွန်အားများ ပြည့်ဝပြီး မျက်လုံးများ မတောက်ပဘဲ နေမည်နည်း။
ထို့ပြင် သူသည် ယင်သုံးပါးနယ်ပယ် တတိယအဆင့်တွင် ရှိသော အစွမ်းထက်ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် အောင်မြင်မှုများ အတော်အသင့် ရရှိထားသူပင်။
သို့သော် ကျုံးချင်၏အမြင်အရ ထိုလူငယ် အာဟာရချို့တဲ့နေသည်ဟူသော အထင်အမြင်ကို ပေးစွမ်းနေခဲ့သည်။
သူ၏အဝတ်အစားများသည်လည်း အလွန်စုတ်ပြဲနေပုံ ရပေ၏။
ထို့ပြင် ဤကိစ္စသည် ထူးခြားသောဖြစ်စဉ်တစ်ခု မဟုတ်ချေ။
ထိုလူငယ်ကို လိုက်လံဖမ်းဆီးနေသော လူအုပ်စုနှင့် ဤရက်အနည်းငယ်အတွင်း၌ ကျွန်းများပေါ်တွင် သူ မြင်တွေ့ခဲ့ရသော လူများ အပါအဝင် အခြေခံအားဖြင့် လူများအားလုံးသည် ထိုကဲ့သို့သာ ဖြစ်ကြ၏။
အနီးအနားရှိ ပင်လယ်ဧရိယာတွင် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိသည့်အလားပင်။
ကျွန်းပေါ်တွင် သတ်ဖြတ်ခြင်းများ ဆက်လက် ဖြစ်ပွားနေပြီး အမျိုးမျိုးသော နတ်ဘုရား အလင်းတန်းများ ပွင့်အံ့ထွက်လာခဲ့သည်။
ထိုလူများသည် အစွမ်းထက်သော နက်နဲသိမ်မွေ့သည့် နည်းစနစ်များကို အခမဲ့ ရနေသည့်အလား လူငယ်ထံသို့ ဦးတည်ကာ ထုတ်လွှတ်နေကြသည်။
လူအုပ်ထဲတွင် ခေါင်းဆောင် ဖြစ်ကြောင်း ထင်ရှားသော မျက်လုံးတစ်ဖက်ကန်းသားရဲတစ်ကောင်က နက်ရှိုင်းသော အသံဖြင့် ပြောဆိုလိုက်၏။
"ရှန်ဖေး... လက်နက်ချလိုက်..."
"ဒီနေ့ မင်း လွတ်မှာ မဟုတ်ဘူး..."
ရှန်ဖေးသည် တူညီသောနယ်ပယ်ရှိ အစွမ်းထက်ကျင့်ကြံသူဆယ်ယောက်ကျော်၏ ဝိုင်းရံမှုကို ရင်ဆိုင်နေရသော်လည်း နောက်ကျန်နေမည့် အရိပ်အယောင် မပြခဲ့ချေ။ ထိုအစား သူသည် စကားလုံးများဖြင့်ပင် ထိုးနှက်ခဲ့သည်။
"ဟား ဟား ဟား... ဒီသခင်လေးက ထွက်သွားချင်တယ်ဆိုရင် မင်းတို့လို အမှိုက်ကောင်တွေက ဘယ်လိုလုပ်ပြီး တားနိုင်မှာလဲ..."
မျက်လုံးတစ်ဖက်ကန်း သားရဲခေါင်းဆောင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အကြည့်က အဝေးရှိ ကျုံးချင်ထံသို့ ရောက်ရှိသွားခဲ့သည်။
"ဟမ့်..."
"ခေါင်းမာလိုက်တာ..."
သူသည် သူ၏ လက်အောက်ငယ်သားနှစ်ဦးကို ချက်ချင်းအမိန့်ပေးလိုက်၏။
"မင်းတို့ နှစ်ယောက်... သွားပြီး အဲ့ဒီလူကို သတ်လိုက်စမ်း..."
"ရှန်ဖေးကို ခြုံခိုတိုက်ခိုက်တာက အရမ်း အရေးကြီးတယ်... ဒီသတင်း ပေါက်ကြားသွားလို့ မဖြစ်ဘူး..."
သူ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် လူနှစ်ဦးသည် သတ်ဖြတ်လိုခြင်း အရှိန်အဝါများနှင့်အတူ ကျုံးချင်ထံသို့ ချက်ချင်းပြေးဝင်လာခဲ့ကြ၏။
ထိုအရာက ကျုံးချင်ကို အနည်းငယ် စိတ်ဓာတ်ကျသွားစေခဲ့သည်။
သူသည် အနိုင်ကျင့်ရန် ဤမျှထိ အလွန်လွယ်ကူသည့်ပုံ ပေါက်နေသလော....
တစ်ချိန်တည်းမှာပင် လူအုပ်၏ဝိုင်းရံ တိုက်ခိုက်မှုကို ခံနေရသော ရှန်ဖေးက စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။
"တစ်ဖက်ကန်းသားရဲ... မင်း သတ်ချင်ရင် ငါ့ကို ရအောင်သတ်လေ... အပြစ်ကင်းတဲ့ လူတစ်ယောက်ကို ဘာလို့ ဒီကိစ္စထဲ ဆွဲသွင်းနေတာလဲ..."
"မင်းမှာ အရှက်နည်းနည်းလောက်တော့ ရှိလို့ မရဘူးလား..."
"မင်းက ငါ့ကို မသတ်နိုင်လို့ လမ်းသွားလမ်းလာ တစ်ယောက်အပေါ် ဒေါသ ပုံချနေတာပဲ..."
သူ၏လှောင်ပြောင်မှုသည် အကျိုးသက်ရောက်မှု မရှိခဲ့ချေ။
မျက်လုံးတစ်ဖက်ကန်းသားရဲက ကျုံးချင်ကို ကြည့်သည့်အကြည့်မှာ သေလူတစ်ယောက်ကို ကြည့်နေသည့်အလား အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သည်။
ရှန်ဖေးက အကူအညီမဲ့နေပြီး ကျုံးချင်ထံသို့ လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။
"အစ်ကို... ခဏလောက် တောင့်ထား... ကျွန်တော် အခုချက်ချင်း လာကယ်မယ်..."
"ဟား ဟား ဟား... မင်းက လူတစ်ယောက်ကို ကယ်ဖို့ တွေးနေတုန်းပဲလား... မင်းကိုယ်မင်း အရင် ဂရုစိုက်သင့်တယ်..."
အချိန်တခဏအတွင်း တိုက်ပွဲသည် ပို၍ပင် ပြင်းထန်လာပေ၏။