← Chapters

နဂါးတံခါး

Vol. 38 Ch. 377

နဂါးတံခါး

Vol. 38 Ch. 377

မျက်စိတစ်မှိတ်အတွင်း ယင်သုံးပါးနယ်ပယ် အစွမ်းထက်ကျွမ်းကျင်သူ နှစ်ဦးသည် ကျုံးချင်၏ရှေ့သို့ ရောက်ရှိသွားလေပြီ။

အေးစက်သော အလင်းတန်းတစ်တန်းက သူတို့၏မျက်နှာများပေါ်တွင် ဖြတ်ပြေးသွားခဲ့သည်။

"ကောင်လေး... တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် မင်းရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်လိုက်..."

"မင်းရဲ့ နောက်ဘဝကျရင် မျက်လုံးကို ပိုပြီးကျယ်ကျယ်ဖွင့်ထား... တိုက်ပွဲတစ်ခုနဲ့ ကြုံရရင် အဝေးကြီးမှာနေဖို့ မှတ်ထားစမ်း..."

သူတို့ စကားပြောနေစဉ်မှာပင် သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။

သူတို့သည် ရက်စက်ပြီး ခံစားချက်ကင်းမဲ့ကာ ပြတ်သားသည်။

သတ်ဖြတ်ခြင်းသည် သူတို့အတွက် အနည်းငယ်မျှပင် ဝန်ထုပ်ဝန်ပိုး မဖြစ်ကြောင်း သိသာထင်ရှားသည်။

ဤသည်မှာ စားသောက်ခြင်းကဲ့သို့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုအလားပင်။

ကျုံးချင်သည် ခပ်ဖျော့ဖျော့ သက်ပြင်းချလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ရာ ဥပဒေသ စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများ ရှိနေဆဲဖြစ်သော ထိုအမျိုးသားနှစ်ဦး၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားခဲ့သည်။

နောက်ထပ်အချိန်တခဏတွင် ဥပဒေသ စွမ်းအားများက သူတို့၏ခန္ဓာကိုယ်များကို ထွင်းဖောက်ဝင်ရောက်သွားပေ၏။

ရုတ်ချည်းဆိုသလိုပင် သွေးများ ပန်းထွက်လာကာ အလောင်းနှစ်လောင်းသည် မြေပြင်ပေါ်တွင် လဲကျနေလေပြီ။

ယင်သုံးပါးနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အရှင်သခင်တစ်ဦးဟု ယူဆနိုင်သော်လည်း သူတို့နှင့်ကျုံးချင်ကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားသည်။

လူဆိုးနှစ်ယောက်ကို ပေါ့ပေါ့ပါးပါး ကိုင်တွယ်ဖြေရှင်းပြီးနောက် ကျုံးချင်၏အကြည့်က တိုက်ပွဲမြေပြင်သို့ ပြန်ရောက်သွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် တိုက်ပွဲသည် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေလေပြီ။

ရှန်ဖေးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အဆုံးမဲ့သော အလင်းတန်းများ သူ၏ ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာကာ သူ၏ တိုက်ခိုက်ရေး စွမ်းအားကို ကြီးမားသော အတိုင်းအတာ တစ်ခုအထိ ချက်ချင်းတိုးမြှင့်လိုက်သည်။

"ဝုန်း..."

မိုးခြိမ်းသံကဲ့သို့ တုန်ခါသံများ ထွက်ပေါ်လာကာ သူ့ကို ဝိုင်းရံထားသော လူဆယ်ယောက်ကျော်မှာ ကြီးမားသောစွမ်းအားဖြင့် နေရာတွင်ပင် ဖိနှိပ်သတ်ဖြတ်ခြင်း ခံလိုက်ရပေ၏။

"အကောင်းနဲ့ အဆိုးကို မခွဲခြားတတ်တဲ့ အရူး အုပ်စုပဲ... ငါက နဂါးတံခါးကို တက်လှမ်းဖို့ ငါ့ရဲ့ စွမ်းအားတွေကို ထိန်းသိမ်းထားတာ... မင်းတို့ကို ငါက ကြောက်နေတယ်လို့ တကယ်ကြီး ထင်နေတာလား..."

သူသည် မြေကြီးပေါ်ရှိ အလောင်းများကိုကြည့်ပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။

ထိုစကားကို ပြောဆိုပြီးနောက် သူသည် ဒေါသမပြေသေးသဖြင့် မျက်လုံးတစ်ဖက်ကန်းသားရဲ ခေါင်းဆောင်၏ အလောင်းကို နှစ်ကြိမ်တိုင်တိုင် တက်နင်းလိုက်သည်။

ထိုအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် သူက အော်ဟစ်လိုက်၏။

"အစ်ကို... မကြောက်ပါနဲ့... ခင်ဗျားကို ကူညီဖို့ ကျွန်တော် ရောက်လာပြီ..."

သို့သော် သူ မော့ကြည့်လိုက်ချိန်တွင် အနည်းငယ် ဆွံ့အသွားခဲ့သည်။

ကျုံးချင်၏ရှေ့တွင် အလောင်းနှစ်လောင်းက ပက်လက်လန်၍ လဲကျနေသည်။

"အစ်ကို... ကျွန်တော် သတိမထားမိလိုက်ဘူး... ခင်ဗျားရဲ့စွမ်းအားက တော်တော်လေး ကောင်းတာပဲ..."

သူ၏မျက်လုံးများ တောက်ပလာပြီး ကျုံးချင်၏ရှေ့သို့ ရောက်လာခဲ့သည်။

သူ၏အသံသည် သူ မရောက်လာမီကတည်းက ကြိုရောက်နေပေ၏။

ကျုံးချင်က အရေးမစိုက်သောလေသံဖြင့် ပြောဆိုသည်။

"သာမန်ပါပဲ..."

"ဟား ဟား ဟား..."

လူငယ်လေးက အားရပါးရ ရယ်မောလိုက်သည်။

"ခင်ဗျားက နှိမ့်ချနေတာပါ...ဒီလူဆိုးနှစ်ယောက်က အားမနည်းဘူး... သူတို့က ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျွမ်းကျင်သူ တွေလေ... သူတို့ကို အသံတိတ် သတ်နိုင်တယ် ဆိုတော့.... အစ်ကို ခင်ဗျားမှာ အနည်းဆုံး ယင်သုံးပါးနယ်ပယ် တတိယအဆင့် စွမ်းအားတော့ ရှိနေရမယ်..."

ကျုံးချင်သည် ပြုံးလိုက်သော်လည်း မည်သည့်စကားမျှ ပြန်မပြောခဲ့ချေ။

ထိုအမူအယာသည် ရှန်ဖေး၏အမြင်အရ အသိအမှတ်ပြုမှုတစ်ခုပင်။

သူက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ကျုံးချင်အား ပြောဆိုသည်။

"ကျွန်တော်က ရှန်ဖေး ပါ... အစ်ကို့ရဲ့နာမည်ကို သိခွင့်ပြုပါ..."

"ကျုံးချင်..."

"ဒါဆို အစ်ကိုကျုံး ပေါ့..."

ရှန်ဖေးက လက်ပူးဆုပ်ပြီး ဆက်လက်၍ ပြောဆိုလိုက်၏။

"ပြောရမယ်ဆိုရင် ကျွန်တော့်ကြောင့် အစ်ကိုကျုံး... ခင်ဗျားက အကြောင်းမဲ့ ဘေးဒုက္ခ တစ်ခုကို ခံစားရတော့မလို့ပဲ..."

"အဲ့ဒီကိစ္စအတွက် ကျွန်တော် တောင်းပန်ပါတယ်..."

ကျုံးချင်က ထိုလူငယ်လေးအပေါ် အနည်းငယ် သဘောကျနေမိသည်။

ကြီးမားသော တိုက်ပွဲကြီးတစ်ခုအတွင်း၌ သူစိမ်းတစ်ယောက်၏ ဘေးကင်းမှုကို ဂရုစိုက်နေခြင်းက သူသည် ကြင်နာတတ်သော လူတစ်ယောက် ဖြစ်ကြောင်း ပြသနေခြင်းပင်

သူက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။

"ကိစ္စ မရှိပါဘူး..."

"ညီအစ်ကိုရှန်... မင်းနဲ့ ဒီလူတွေ ကြားက ပဋိပက္ခရဲ့ အကြောင်းအရင်းက ဘာလဲ..."

"ဟူး... အဲ့ဒါက ပြောရရင် ဇာတ်လမ်းရှည် ကြီးပဲ..."

ရှန်ဖေးက ခေါင်းခါယမ်းပြီး ပြောဆိုသည်။

"ကျွန်တော်က လိုရင်းကိုပဲ ပြောပြပါ့မယ်..."

"ကျွန်တော်က စိတ်ဝိညာဉ်ကျွန်းက လာတာ... ပြီးတော့.....ဒီလူတွေက လေကျွန်းက လူတွေပဲ... စိတ်ဝိညာဉ်ကျွန်းနဲ့ လေကျွန်းက မဟာရန်သူ တွေ ဖြစ်ပြီး အရင်းအမြစ်တွေအတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာ..."

"ကျွန်တော်က စိတ်ဝိညာဉ်ကျွန်း မှာ အဆင့်အတန်း နည်းနည်းရှိပြီးတော့ ထိပ်သီးလူနည်းစုထဲမှာ ပါတယ်လို့ သတ်မှတ်ခံရတယ်... ပြီးတော့ အဲ့ဒီမျက်လုံးတစ်ဖက်ကန်းသားရဲကို ကျွန်တော်က တစ်ခါက ရန်စစော်ကားမိဖူးတယ်..."

"ဒီတစ်ကြိမ်မှာ သူ ကျွန်တော့်ကို တစ်ယောက်တည်း တွေ့တာနဲ့ ကျွန်တော့်ကို ဖမ်းဆီးသတ်ဖြတ်ဖို့ လူစုခဲ့တယ်... ပြီးတော့ ကျွန်တော် မမျှော်လင့်ထားခဲ့တာက ကျွန်တော် သေဆုံးသွားတာကို တခြားလူတွေ သိသွားရင် စိတ်ဝိညာဉ်ကျွန်းက လက်စားချေမှာကို ကြောက်လို့ သူက ရူးသွပ်သွားပြီး အစ်ကို့ကိုတောင် တိုက်ခိုက်ခဲ့တာပဲ..."

"အစ်ကိုကျုံး... ခင်ဗျားမှာ ကျွမ်းကျင်မှု တချို့ ရှိလို့ တော်သေးတာပေါ့... မဟုတ်ရင် သူတို့သာ ခင်ဗျားရဲ့အသက်ကို ယူသွားခဲ့ရင် ကျွန်တော်က တကယ်ပဲ ထာဝရအပြစ်သား ဖြစ်သွားလိမ့်မယ်..."

"ဒါနဲ့ အစ်ကိုကျုံး... ခင်ဗျားက ဘယ်ကျွန်းက လာတာလဲ..."

အနီးအနားရှိ ပင်လယ်ဧရိယာတွင် ကျွန်းပေါင်း တစ်ရာ့ရှစ်ကျွန်း ရှိသဖြင့် သူ ထိုသို့ မေးမြန်းခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

ဤပင်လယ်ပြင်ပေါ်တွင် ထွက်ပေါ်လာသူများမှာ အခြေခံအားဖြင့် ကျွန်းတစ်ရာ့ရှစ်ကျွန်း မှ လူများသာ ဖြစ်ကြ၏။

ကျုံးချင်က ခေါင်းခါယမ်းလိုက်သည်။

"ငါက ဘယ်ကျွန်းကမှ လာတာ မဟုတ်ဘူး... ကောင်းကင်ဘုံချောက်နက်ကနေ လာတာပဲ..."

ထိုစကားကို ကြားချိန်တွင် ရှန်ဖေး သိသိသာသာ မှင်တက်သွားခဲ့သည်။

ထို့နောက် သူသည် ပတ်လည်လှုပ်ယမ်းနေသော ဗုံငယ်လေးတစ်ခုအလား သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"မဖြစ်နိုင်တာ..."

"လုံးဝမဖြစ်နိုင်ဘူး..."

"ကောင်းကင်ဘုံချောက်နက်က ဖရိုဖရဲ နတ်ဆိုး ပင်လယ်မှာ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့တာ... အဲ့ဒီထဲကနေ တစ်ယောက်ယောက် ထွက်လာနိုင်တယ် လို့ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး... အလယ်ပိုင်းဒေသက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေတောင် ကောင်းကင်ဘုံချောက်နက်ကို ဖြတ်မကူးရဲကြဘူး..."

ထိုအကြောင်းကို ပြောချိန်တွင် သူက ကျုံးချင်ကို ကြည့်သည့် သူ၏အကြည့်သည် အနည်းငယ် ရှုပ်ထွေးနေပြီး သူက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"အစ်ကိုကျုံး... ခင်ဗျားက ဒီကို အခုမှ ရောက်ဖူးတာပဲ ဖြစ်မယ်...ဟုတ်တယ်မလား..."

"ခင်ဗျားရဲ့ ခံစားချက်ကို ကျွန်တော် နားလည်နိုင်တယ်..."

"ခင်ဗျားရဲ့အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် အထင်ကြီးစရာကောင်းတဲ့ နောက်ခံတစ်ခုကို ဖန်တီးချင်တာလေ..."

"ကျင့်ကြံခြင်းလောကမှာ ဒါက နားလည်ပေးလို့ ရပါတယ်..."

"ဒါပေမဲ့ ဖန်တီးတဲ့အချိန်ကျရင် နည်းနည်းလောက်ပိုပြီး သေသေချာချာ စဉ်းစားလို့ မရဘူးလား..."

"ဒီနေ့ ခင်ဗျားက ကျွန်တော်နဲ့ တွေ့လို့ တော်သေးတာပေါ့... တကယ်လို့ တခြား တစ်ယောက်ယောက်နဲ့ တွေ့ပြီး ဒီလို ယုတ္တိမတန်တဲ့ နောက်ခံမျိုးကို ဖန်တီးခဲ့ရင် ခင်ဗျား လှောင်ပြောင်ခံရလိမ့်မယ်..."

"ဖန်တီးတာက တစ်ပိုင်းပေါ့... ဒါပေမဲ့ အဲ့ဒါက လက်တွေ့နဲ့ ကင်းကွာနေလို့ မရဘူးလေ..."

ကျုံးချင် ဆွံ့အသွားသည်။ သူသည် အမှန်တရားကို ပြောနေရုံ သက်သက်ပင်။ ထိုအရာက မည်သည်ကြောင့် အချက်အလက်များကို လုပ်ကြံဖန်တီးခြင်း ဖြစ်သွားရသနည်း။

သို့သော် ရှန်ဖေး၏စကားများမှတစ်ဆင့် သူသည် အချက်အလက်တစ်ခုကို သွယ်ဝိုက်သော နည်းဖြင့် နားလည်သွားခဲ့သည်။

ဤသည်မှာ ကောင်းကင်ဘုံချောက်နက်သည် ဒေသကြီးလေးခုမှ သက်ရှိများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်နေရုံသာမက အလယ်ပိုင်းဒေသတွင်လည်း တားမြစ်နယ်မြေ တစ်ခု ဖြစ်နိုင်ခြေရှိကြောင်းပင်။

သူသည်လည်း ဤကိစ္စကို ရှင်းမပြခဲ့ချေ။

ကြိုတင်ခန့်မှန်းချက်တစ်ခုအောက်တွင် ကျုံးချင် မည်မျှထိ ရှင်းပြစေကာမူ ရှန်ဖေးက သူ ကြွားလုံးထုတ်နေခြင်းဟုသာ တွေးထင်ပေလိမ့်မည်။

ဤအချိန်အခိုက်အတန့်တွင် ရှန်ဖေးသည် သူ၏ အတွေ့အကြုံတချို့ကို ကျုံးချင်ထံသို့ အဆက်မပြတ် ဝေမျှနေဆဲပင်။

ဤသည်က တခြားအကြောင်းအရင်း မဟုတ်ချေ။ နောက်တစ်ကြိမ်တွင် သူ မည်သူမည်ဝါ ဖြစ်ကြောင်း လုပ်ကြံဖန်တီးခြင်းမပြုမီ ကြိုတင် ပြင်ဆင်ရန် လိုအပ်ပြီး ကြီးကျယ်ခမ်းနားသော အရာများကို ကြွားလုံးမထုတ်ဘဲ လက်တွေ့ကျရန် လိုအပ်ကြောင်း ဖြစ်ပေ၏။

ထို့ပြင် ဤပင်လယ်ဧရိယာတွင် သိုသိုသိပ်သိပ် နေရန်မှာ အဓိကအကြောင်းအရင်းပင်။

ထင်ပေါ်ကျော်ကြားသူများသည် များသောအားဖြင့် အသက်မရှည်ကြချေ။

ထိုကိစ္စများကို ပြောဆိုနေစဉ် သူသည် ဥပမာများကိုလည်း ပေးကာ အချက်အလက်များကိုလည်း ဖော်ပြခဲ့သည်။

ထိုစကားများကို ဆက်တိုက်နားထောင်ပြီးနောက် ကျုံးချင်၏နဖူးပေါ်တွင် အနက်ရောင် အရေးအကြောင်းတချို့ ထွက်ပေါ်လာခဲ့သည်။

ထိုကောင်လေးသည် ကြင်နာတတ်သော်လည်း စကားများလွန်းသည်။

သူတို့သည် ယခုလေးတင် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ကျင့်ကြံခြင်းလောက၏ ရက်စက်မှုကို ကျုံးချင်အား နားလည်စေရန်အတွက် သူ၏ကိုယ်ပိုင်ဝှက်ဖဲများကို ထုတ်ပြရန်ပင် ဝန်မလေးခဲ့ချေ။

ရှန်ဖေးသည် သူ့ကို ကျင့်ကြံခြင်း လောက၏ အတွေ့အကြုံ မရှိသေးသူတစ်ဦးအဖြစ် သဘောထားနေသလော...

ကျုံးချင်၏နံဘေးရှိ ငှက်ငယ်လေးက သမ်းဝေလိုက်ပြီး အလွန်အမင်း ပျင်းစရာကောင်းသည်ဟု ခံစားမိလေ၏။

ဤအချိန်အခိုက်အတန့်တွင် ရှန်ဖေး၏ စကားလုံးရေစီးကြောင်းသည် လျော့ပါးသွားမည့် အရိပ်အယောင် မပြဘဲ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။

ကျုံးချင်ထံ၌ ပြောစရာစကား မရှိတော့ချေ။ သူသည် ရှန်ဖေး၏ ရှည်လျားသော ဟောပြောချက်ကို ကြားဖြတ်ဟန့်တားကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ညီအစ်ကိုရှန်... မင်းက ဒီခရီးစဉ်မှာ ခြုံခိုတိုက်ခိုက်မှုကို ကြုံခဲ့ရတာ ဆိုတော့ မင်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေဆီ ပြန်သွားပြီးတော့ မင်းရဲ့ဘေးကင်းမှုကို သတင်းပို့ဖို့ လိုသေးလား..."

ရှန်ဖေးသည် ကျုံးချင်၏ကြားဖြတ်ဟန့်တားခြင်းကို ခံလိုက်ရပြီးနောက် သူ စကားများလွန်းသွားကြောင်း သဘောပေါက်သွားကာ သူ၏ ပါးစပ်ကို အနည်းငယ် အနေရခက်စွာဖြင့် ဖုံးအုပ်လိုက်၏။

သူ အလျင်အမြန် ရယ်မောလိုက်ပြီးနောက် ကျုံးချင်ကို ချက်ချင်းရှင်းပြလိုက်သည်။

"ကျွန်တော်တို့ ပင်လယ်ဧရိယာမှာ နေထိုင်တဲ့ လူတွေအတွက်ကတော့ ရက်နည်းနည်းကြာတိုင်း တိုက်ခိုက်မှုတွေ သတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့ရတာက သာမန်ပါပဲ..."

"ဒီလို အဆင့်ရှိတဲ့ ခြုံခိုတိုက်ခိုက်မှုမျိုးကို ကျွန်တော်က ဘယ်လိုလုပ်ပြီး စိတ်ထဲထည့်ထားနိုင်မှာလဲ..."

"ဒီအတွက် ဘေးကင်းကြောင်း သတင်းပို့ဖို့ မလိုဘူး..."

"ဒါ့ပြင် ဒီတစ်ကြိမ် ကျွန်တော် ထွက်လာတုန်းက ပြန်သွားဖို့ မရည်ရွယ်ခဲ့ဘူး..."

ထိုအကြောင်းကို ပြောချိန်တွင် သူ၏မျက်လုံးအကြည့် ရွေ့လျားသွားခဲ့သည်။

သူက ကျုံးချင်ကို မျက်စိတစ်ဖက် မှိတ်ပြပြီး ပြောဆိုသည်။

"အစ်ကိုကျုံး... ခင်ဗျား ဒီနေရာကို လာတာ ကျွန်တော်နဲ့ ရည်ရွယ်ချက် တူတူပဲ ဖြစ်ရမယ် ...ဟုတ်တယ်မလား..."

"ဘာ ရည်ရွယ်ချက်လဲ..."

ကျုံးချင် အနည်းငယ် မှင်တက်သွားပေ၏။

"နဂါးတံခါးကို တက်လှမ်းဖို့လေ..."

ရှန်ဖေးက ရုတ်တရက် ပြောဆိုသည်။

All Chapters