← Chapters

အခန်း (၁၅၁)

Vol. 16 Ch. 151

အခန်း (၁၅၁)

Vol. 16 Ch. 151

ကျန်းကျိ၏အဖေက စုမိသားစုမှပေးထားသော တင်တောင်းငွေကိုလည်း ပြန်လည်ပေးအပ်ခဲ့၏။

ကျန်းဟုန်ရိအနေဖြင့် သူ၏ ဇနီးအပေါ် စိတ်ပျက်ဒေါသထွက်နေသော်လည်း ချွေးမအပေါ်တွင်တော့ မည်သည့်ပြဿနာမျှ မရှိပါချေ။

သူသည်က သူမအပေါ်သို့ ပြန်လည်ပေးဆပ်ချင်နေခဲ့သည်။

မင်္ဂလာမဆောင်မီကတည်းက သူမ၏ ယောက္ခမဖြစ်သူ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရသည်ဖြစ်၍ သူမအပေါ် အားနာနေမိပေ၏။

မင်္ဂလာဆောင်ပြီးနောက်တွင်တော့ စုဝေ့ဖင်းက သူမ၏ ဆံပင်ပုံစံကို ပြောင်းလဲလိုက်သည်။

မူလက သူမတွင် နက်မှောင်ပြောင်လက်သော ကျစ်ဆံမြီး နှစ်ဖက် ရှိခဲ့သော်လည်း ယခုတွင်တော့ ဆံပင်အားလုံးကို ဦးခေါင်းနောက်ဘက်တွင် ဝိုင်းလျက် ထုံးထားပြီး နဖူးပေါ်တွင်လည်း ဆံစံလေးများအဖြစ် ညှပ်ထားလေသည်။

သူမက နူးညံ့သိမ်မွေ့ပြီး လှပနေခဲ့၏။ ကျန်းကျိက မိသားစု ဝန်ထမ်းအိမ်ရာအတွက် စောစောစီးစီး လျှောက်ထားခဲ့ပေသည်။

တပ်ရင်းမှူးတစ်ဦးအနေဖြင့် သူသည်က သီးခြားဝင်းလေးတစ်ခုတွင် နေထိုင်နိုင်ပြီး အဆောင်တွင် နေရန်မလိုတော့ပါချေ။

ထို့ကြောင့် သူတို့က ကျန်းကျူးပင်း၏ အိမ်နှင့် ကပ်လျက်ရှိသော ဝင်းလေးကို ချက်ချင်းပင် ရွေးချယ်လိုက်ကြသည်။

ထိုဝင်းလေးမှာ အနည်းငယ် သေးငယ်သောကြောင့် တခြားမိသားစုများက ယူရန် တွန့်ဆုတ်နေကြသည့်အတွက် သူတို့ဇနီးမောင်နှံလေးအတွက်တော့ အလွန် အဆင်ပြေသော နေရာတစ်ခု ဖြစ်ခဲ့သည်။

လော်ယွီရှို့က ဝင်းလေးကို သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ပေးပြီးနောက် ပြန်ရန် ပြင်ဆင်တော့သည်။

လီရှန်းကတော့ အိမ်သို့ ပြန်ရန် အလွန်ပင်တက်ကြွနေခဲ့ချေပြီ။

သူမအနေဖြင့် အိမ်သို့ပြန်ပြီး စုဝေ့ချင်းကို တွေ့ချင်နေခဲ့ပြီ။

နောက်ဆုံး ဖုန်းပြောပြီးကတည်းက သူတို့ စကားမပြောဖြစ်ကြတော့ပါချေ။ အိမ်တွင် အခြေအနေများက မည်သိုးရှိနေသည်ကိုလည်း သူမ မသိသကဲ့သို့ အဘိုးဖြစ်သူ၏ အခြေအနေကိုလည်း မသိပါချေ။

ထို့ကြောင့် သူမ အမြန်ဆုံး ပြန်သွားချင်နေမိခဲ့သည်။။

နောက်ဆုံးတွင်တော့ ထိုယောက္ခမနှင့် ချွေးမတို့က ချုံကျိုးရှိ လူတိုင်းကို နှုတ်ဆက်ကာ အိမ်အပြန်ခရီးကို စတင်ခဲ့ကြတော့သည်။

သင်္ဘောပေါ်သို့ရောက်လျှင် လော်ယွီရှို့က ဝမ်းနည်းစွာ ငိုကြွေးလေတော့သည်။

သူမ၏ သားနှင့်သမီး နှစ်ဦးလုံးက ဤနေရာတွင် ရှိနေသော်လည်း သူမကတော့ အဝေးတွင်သာ ရှိနေရသည်။

သူတို့ကို အမြဲတစေ မမြင်နိုင်တော့သကဲ့သို့ ပြန်ဆုံမည့်အချိန်ကိုလည်း မသိနိုင်ပါချေ။

လီရှန်းက သူမ၏ အနားတွင်ထိုင်ကာ ချော့မော့လိုက်သည်။

“အမေ... မငိုပါနဲ့တော့.. နောက်တစ်ခါလည်း ကျွန်မ အမေနဲ့အတူ လိုက်ခဲ့ဦးမယ်၊ ပြောရရင် ဝေ့ဖင်း မကြာခင်မှာ ကလေးမွေးမှာပဲလေ၊ အဲဒီကျရင် အမေက သူမကို ကလေးမီးဖွားပြီး ပြုစုပေးဖို့ လာရဦးမှာပဲမလား”

တကယ်တမ်းတွင် စုဝေ့ဖင်း၏ ယောက္ခမ အခြေအနေအရ သူမအနေဖြင့် ချွေးမဖြစ်သူ မီးဖွားပြီးနောက်တွင် ပြုစုစောင့်ရှောက်ပေးရန် လာရောက်နိုင်လိမ့်မည် မဟုတ်ပါချေ။

“ဟုတ်သားပဲ၊ မင်းပြောတာမှန်တယ်”

လော်ယွီရှို့သည်လည်း ဤအချက်ကို တွေးမိသွားပြီး ချက်ချင်းပင် မျက်ရည်များကို သုတ်လိုက်၏။

“နောက်ပိုင်း ဝေ့ဖင်း မီးဖွားတဲ့အချိန်ကျရင် ပြုစုပေးဖို့ ငါကိုယ်တိုင် လာရမှာပဲ”

လီရှန်းမှာတော့ သက်ပြင်းတစ်ချက်ကိုသာ အသာချလိုက်မိတော့သည်။

တစ်ချိန်တည်းမှာပင် လီဟုန်ကျွင့်၏ တိုင်စာနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှု ရလဒ်များ ထွက်ပေါ်လာခဲ့လေ၏။

သူသည်က ‘နိုင်ငံရေးပြစ်မှုမကင်းသူ “ အဖြစ် သတ်မှတ်ခံလိုက်ရပေသည်။

ပြုပြင်ပြောင်းလဲရေးအတွက် ထုတ်လုပ်ရေးခြံသို့ သွားရောက်ရန် မလိုတော့သော်လည်း သူ၏ စက်ပြင်ဆရာအလုပ်က လုံးဝ ပျောက်ဆုံးသွားခဲ့ချေပြီ။

စက်ရုံက သူ့ကို မစင်ကျုံးသည့် အလုပ်သို့ ပြောင်းရွှေ့ တာဝန်ပေးလိုက်ပြီး ထုန်လင်း၏ အလုပ်မှာလည်း ယာယီဝန်ထမ်းအဆင့်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ယခုအချိန်တွင် သူတို့တွင် ကျန်ရှိနေသေးသော တစ်ခုတည်းသော အရာမှာ ထိုဝင်းလေးရှိ အိမ်လေးသာလျှင် ရှိတော့သည်။

ထိုအိမ်မှာ မူလက ကျန်းဟုန်ကျန်းအတိက် ချထားပေးခဲ့ခြင်း ဖြစ်သောကြောင့် စက်ရုံက ပြန်လည် သိမ်းဆည်းခြင်း မပြုခဲ့ပါချေ။

ဒုတိယစက်ရုံမှူး ကျန်းချင်းတုန်က နှာခေါင်းရှုံ့လျက်ပြောလိုက်လေ၏။

“မင်း ကံကောင်းတယ်လို့ မှတ်လိုက်ပါ၊ ရဲဘော်ကျန်းဟုန်ကျန်းကသာ သူရဲကောင်းတစ်ဦး မဖြစ်ခဲ့ရင် မင်းမှာ အိမ်ရဖို့တောင် အရည်အချင်း ရှိမှာမဟုတ်ဘူး”

လီဟုန်ကျွင့်က ရက်အနည်းငယ်ကြာအောင် ထိန်းသိမ်းခံရပြီးနောက် လုံးဝ စိတ်ဓာတ်ကျဆင်းသွားခဲ့ရသည်။

သူ ပြန်ရောက်လာချိန်တွင် လီချောင် ကျေးလက်ဒေသသို့သွားရမည့် ကိစ္စကိုပင် မမေးမြန်းနိုင်တော့ချေ။

ထုန်လင်းကတော့ အဆက်မပြတ် ငိုကြွေးနေခဲ့သည်။ သူမက လီချောင်ကို ဘူတာရုံ၌ လိုက်လံပို့ဆောင်ချိန်ကျမှသာ သူ သွားရမည့်နေရာက ပင်းချန်မြို့ ဖြစ်နေကြောင်းကို သိလိုက်ရ၏။

ထို့နောက် သူမက ပညာတတ်လူငယ်ရုံးမှ ရဲဘော်များကို မေးမြန်းကြည့်ခဲ့လေသည်။

ထိုအချိန်မှသာ လီချောင်ကို စာရင်းသွင်းခဲ့သူမှာ သူမ၏ သမီးဖြစ်သူ လီကျူးဖြစ်ကြောင်း သိလိုက်ရတော့သည်။

မွေးချင်း ညီအစ်ကို မောင်နှမများက ဤကဲ့သို့ တစ်ဦးကိုတစ်ဦး ရန်သူသဖွယ် ပြုမူကြလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပါချေ။

ဤသည်ကမှာ ဝဋ်လည်ခြင်းများလားဟုပင် သူမ တွေးတောနေမိ၏။

သူမက လီရှန်းကို ဒုက္ခပေးချင်ခဲ့သောကြောင့် သူမ၏ သားသမီးနှစ်ဦးမှာ မောင်အရင်းနှင့် အဖေအရင်းကို ပြန်လည်သစ္စာဖောက်ခဲ့ကြခြင်းပင်လား။

အကယ်၍ ဤသည်မှာ ဝဋ်လည်ခြင်း ဆိုပါက အဘယ်ကြောင့် ထိုဝဋ်သည် သူမထံသို့ မလာဘဲ သူမ၏ သားသမီးများထံသို့ ကျရောက်ခဲ့ရပါသနည်း။

သူမ၏ ဆုတောင်းသံကို ကောင်းကင်ဘုံက ကြားသွား၍ ဖြစ်ပေလိမ့်မည်။

ထိုဇနီးမောင်နှံနှစ်ယောက် အိမ်သစ်ရွေးချယ်ရန်နှင့် စာချုပ်လက်မှတ်ထိုးရန် သွားရောက်ချိန်တွင် ဝူချောင်ချန်းက တိုက်ရိုက်ပင် ပြောဆိုလိုက်လေ၏ ။

“ဒီအိမ်ထဲမှာ မင်းတို့ရဲ့ အပိုင်တင် မကဘူး၊ ကျန်းရူတုန်နဲ့ လီရှန်းတို့ရဲ့ အပိုင်တွေလည်း ပါဝင်နေတယ်၊ ဒါကြောင့် မင်းတို့ စာချုပ်ချုပ်ပြီး အိမ်ရွေးချယ်ဖို့ဆိုရင် သက်ဆိုင်သူ သုံးဦးစလုံး ရှိနေမှ ဖြစ်မယ်”

ကျန်းရူတုန်? လီရှန်း?

ထိုအမည်များကို ကြားလိုက်ရသည့် ခဏတွင် ထိုဇနီးမောင်နှံ၏ မျက်နှာထားများ ပြောင်းလဲသွားရသည်။

ရက်အနည်းငယ်အတွင်းမှာပင် တစ်ချိန်က ထက်မြက်သည့်ပုံရသော လီဟုန်ကျွင့်မှာ နွမ်းလျကာ၊ ခါးကုန်း၍ အိုမင်းရင့်ရော်သွားပုံရသည်။

ထုန်လင်းမှာလည်း မကြာသေးမီ ရက်များအတွင်း မျက်ရည်များစွာ စီးကျထားရသောကြောင့် မျက်လုံးများ နီမြန်းဖောင်းအစ်ကာ ဖြူဖျော့နေခဲ့သည်။

ဝူချောင်ချန်းက သက်ပြင်းချလျက်ပြောလိုက်လေ၏။

“စက်ရုံကို အပြစ်မတင်ပါနဲ့၊ ဒါတွေက စည်းမျဉ်းစည်းကမ်းတွေပဲလေ”

“ရှင်တို့က ကျွန်မတို့ မိသားစုတစ်ခုလုံးကို သေတွင်းထဲကို မောင်းထည့်နေတာပဲ!”

ထုန်လင်းက ဝမ်းနည်းစွာ ငိုကြွေးလာတော့သည်။

မူဝါဒအသစ် ထွက်ပေါ်လာချိန်မှ ယခုအထိ တစ်လမပြည့်မီကာလအတွင်း လီမိသားစုက ပြိုကွဲပျက်စီးသွားခဲ့ရချေပြီ။

ပထမဦးစွာ သားသမီးနှစ်ဦးလုံးက ကျေးလက်ဒေသဘက်သို့ အပို့ခံလိုက်ရသည်။ ထို့နောက် လီဟုန်ကျွင့်မှာလည်း မူလအလုပ်ပြုတ်ကာ အိမ်သာဆေးရသည့် အပြစ်ဒဏ်ကို ခံခဲ့ရသည်။

ထုန်လင်းလည်း အလုပ်ပြုတ်ခဲ့ရသည်။

ယခုတွင်တော့ ...

ယခုတွင်တော့ သူတို့၏ အိမ်ကိုပင် ပြန်လည် သိမ်းဆည်းတော့မည်။

ထုန်လင်းတစ်ယောက် ကြမ်းပြင်ပေါ်သိာ့ လှဲချကာ နှပ်များရွှဲကာ မျက်ရည်များဖြင့် ငိုကြွေးလာတော့သည်။

“လောကကြီးမှာ လူတွေကို ဒီလောက်အထိ အနိုင်ကျင့်နေလို့ ဘယ်ဖြစ်မှာလဲ၊ ကျွန်မတို့မှာ အမှားရှိရင်လည်း ရှိမှာပေါ့၊ ဒါပေမဲ့ သေလောက်အောင် အပြစ်ပေးစရာ မလိုပါဘူး!

ရှင်တို့က ကျွန်မတို့ကို ဘာလို့ ဒီလောက်အထိ အတင်းအကျပ် လုပ်နေရတာလဲ၊ ကျွန်မတို့မှာ အိမ်မရှိရင် ကျွန်မတို့ ဘယ်မှာသွားနေရမှာလဲ”

“မင်း ပြောတာကိုလည်း ပြန်ကြည့်ဦး၊ ငါတို့ စက်ရုံမှာ အိမ်ချမပေးရသေးတဲ့ မိသားစုတွေ အများကြီး ရှိနေတာပဲမဟုတ်ဘူးလား

မင်းတို့ နှစ်ယောက်က ကေဒါတွေလည်း မဟုတ်ဘူး၊ စံပြဝန်ထမ်းတွေလည်း မဟုတ်ဘူး ဒီနှစ်တွေအတွင်းမှာ ဒီဝင်းလေးထဲမှာ နေနိုင်ခဲ့တာက ကျန်းဟုန်ကျန်းက သူရဲကောင်းတစ်ဦး ဖြစ်ခဲ့လို့ပဲ”

သမဂ္ဂရုံးခန်းထဲတွင် လူအတော်များများ ရှိနေခဲ့ပြီး ထုန်လင်း၏ အော်ဟစ်ငိုယိုသံကြောင့် လူတိုင်းက လာရောက် ကြည့်ရှုနေကြချေပြီ။

“ဟုတ်တယ်.. ဒီဇနီးမောင်နှံက တခြားလူရဲ့ အိမ်မှာနေပြီး သူ့သမီးကို နှိပ်စက်ခဲ့ကြတာလေ၊ ဒီနေ့ သူတို့တွေ ဒီလိုဖြစ်ခဲ့တာ ထိုက်တန်တာပဲ”

“အဲဒီအချိန်တုန်းက ကလေးမလေးအပေါ် နည်းနည်းလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရင် ဒီနေ့ ဒီလိုမျိုး အကျပ်အတည်းတွေ ဖြစ်နေမှာမဟုတ်ဘူး”

“ကြားတာတော့ သူတို့က တခြားလူကို ဒုက္ခပေးဖို့ ကြိုးစားရင်း မအောင်မြင်ဘဲ ပြန်ပြီးတိုင်ကြားတာကို ပြန်ခံလိုက်ရတာတဲ့”

“သူတို့မှာ အားနည်းချက်တွေ အများကြီး ရှိနေတာကို ဘယ်လိုများ ရဲတင်းရတာလဲ...”

“…”

ဘေးပတ်ဝန်းကျင်မှ ဝန်ထမ်းများက လှောင်ပြောင်သရော်၍ ပြောဆိုနေကြသည်။ သူတို့အနေဖြင့် ထိုဇနီးမောင်နှံကို မနှစ်သက်ခဲ့သည်မှာ ကြာလှပေပြီ။

သူတို့က ဝန်ထမ်းများ ဖြစ်ကြပြီး ရာထူးကြီးသူများလည်း မဟုတ်ကြပါချေ။

သို့သော် သူတို့အားလုံးက အဆောင်ကြီးများထဲတွင် နေကြရချိန်၌ လီဟုန်ကျွင့်နှင့် သူ၏ဇနီးကတော့ ဝင်းလေးထဲတွင် နေထိုင်ခွင့် ရနေခဲ့သည်။

ထုန်လင်းတစ်ယောက် စိတ်ဓာတ်ကျဆင်းသွားပြီး သူတို့ကို အော်ဟစ်လိုက်သည်။

“ရှင်တို့ ဘာသိလို့လဲ.. အသိမ်းခံရတာက ရှင်တို့အိမ် မဟုတ်ဘူးလေ၊ ရှင်တို့ကတော့ လှောင်ပြောင်စကားတွေပြောနိုင်တာပေါ့”

“အိုး... ကျွန်မကတော့ ဘယ်သူကမှ လာသိမ်းမှာကို မကြောက်ပါဘူး ကျွန်မအိမ်က တရားဝင် ရထားတာလေ၊ တချို့လူတွေလို အပြစ်ရှိစိတ်မရှိဘဲ နေနေတာ မဟုတ်ဘူး”

ရှေ့ဆုံးမှ သက်လတ်ပိုင်း အရာရှိ အမျိုးသမီးမှာ လက်ပိုက်လျက် ထုန်လင်းကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

“ကျွန်မတို့ကို လာပြီး အနိုင်ကျင့်ဖို့ မကြိုးစားနဲ့၊ ရှင်တို့ရဲ့ အိမ်ကို ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားစမ်းပါ”

လီဟုန်ကျွင့်က သူ၏ မျက်နှာကို သုတ်လိုက်ပြီး အားနည်းသော လေသံဖြင့်ပြောလိုက်လေ၏။

“သူတို့ လက်မှတ်ထိုးပေးတာကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူးလား”

တော်လှန်ရေးကော်မတီတွင် ရက်အနည်းငယ် ကြာမြင့်အောင် နေခဲ့ရပြီးနောက် သူ၏ စိတ်ဓာတ်မှာ လုံးဝ ပျက်စီးသွားခဲ့ပေပြီ။

ထို့အပြင် သူ၏ လက်ရှိအလုပ်မှာ အိမ်သာကျုံးရသည့် အလုပ် ဖြစ်နေခဲ့သည်။

သူ ရေချိုးပြီး အဝတ်အစားလဲလျှင်ပင် သူ၏ ခန္ဓာကိုယ်မှ အနံ့ဆိုးတစ်ခု ထွက်နေသည်ဟု ခံစားနေရဆဲပင်။

သူ လူအုပ်ကြားထဲသို့ပင် မသွားရဲပါချေ။ လူအများက ထိုအနံ့ကို ရသွားမည်ကို သူ စိုးရိမ်နေမိသည်။

လက်ရှိ၌ ရုံးခန်းထဲတွင် ဝန်ထမ်းအမြောက်အမြား ပိတ်သိပ်နေခြင်းက သူ့ကို အနည်းငယ် စိုးရိမ်ထိတ်လန့်စေခဲ့သည်။

“ဟုန်ကျွင့်... ဒီနှစ်တွေအတွင်းမှာ စက်ရုံက မင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်၊

အခု မင်း ဒုက္ခရောက်နေချိန်မှာတောင် စက်ရုံက မင်းကို အမြဲတမ်း ဝန်ထမ်းအဖြစ် ဆက်ထားပေးပြီး အလုပ်ပဲ ပြောင်းပေးလိုက်တာလေ၊ ဒါကြောင့် စက်ရုံကို ဒီကိစ္စမှာ လူဆိုးအဖြစ် အသုံးမချပါနဲ့ဦး”

ဝူချောင်ချန်းက လေးနက်စွာ ပြောဆိုလိုက်ပြီး လီဟုန်ကျွင့်၏ တခြားသော အတွေးများကို တိုက်ရိုက်ပင် ဖြတ်တောက်လိုက်လေ၏။

“အခုက မတည်ငြိမ်တဲ့ ကာလတွေဖြစ်နေတာ၊ အရင်တုန်းက မင်း အမှားမလုပ်ခဲ့ရင်တော့ ငါတို့ မင်းအတွက် ကူညီပြောပေးနိုင်ဦးမယ်၊ ဒါပေမဲ့ အခုတော့...”

“ဟုန်ကျွင့်... ဒီနေ့ခေတ်မှာ နေစရာနေရာ တစ်ခုရှိနေတာကိုပဲ မင်း ကံကောင်းတယ်လို့ မှတ်လိုက်ပါ၊ နောက်ထပ် အများကြီး ထပ်မတောင်းဆိုပါနဲ့တော့”

All Chapters