← Chapters

အခန်း (၁၅၂)

Vol. 16 Ch. 152

အခန်း (၁၅၂)

Vol. 16 Ch. 152

လီဟုန်ကျွင့် လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း ပြန်လည်ချေပရန် စကားတစ်ခွန်းမျှပင် မပြောရဲရှာပါချေ။

တစ်ချိန်က အရာရှိတန်းလျားတွင် နေထိုင်ကာ အရာရှိကြီးများနှင့် ရယ်မောနှီးနှောနိုင်ခဲ့သည့် ထိုအမျိုးသားမှာ တော်လှန်ရေးကော်မတီသို့ တစ်ခေါက်သွားပြီးနောက်တွင်တော့ ကျောရိုးကုန်းသွားရလေပြီ။

ယခုအချိန်တွင် သူသည်က အရာရှိများကို ပြန်လည်ငြင်းဆန်ရန်ပင် မဝံ့ရဲတော့ပါချေ။

သူ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး အတော်ကြာမှ မေးလိုက်လေ၏။

“သူတို့ကို လက်မှတ်ထိုးခိုင်းနိုင်ရင်ရော ဘယ်လိုဖြစ်လောက်မလဲ”

“ဒါဆိုရင်တော့ အရင်အတိုင်း အိမ်ပြန်ချပေးမှာပေါ့”

တစ်ဖက်လူက ဇွတ်အတင်း ခေါင်းမာနေဆဲဖြစ်ကြောင်းကို မြင်သော် ဝူချောင်ချန်း၏ အပြုံးများက အေးစက်သွားတော့သည်။

တစ်ဖက်လူထံမှ အတည်ပြုချက်ကို ရရှိသွားသည်နှင့် လီဟုန်ကျွင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

သူသည်က ငိုယိုနေဆဲဖြစ်သော ထုန်လင်းကို အလုပ်သမားသမဂ္ဂရုံးခန်းမှ အတင်းဆွဲခေါ်ထုတ်လာခဲ့လေသည်။

အိမ်သို့ ပြန်ရောက်ချိန်တွင် ထုန်လင်းက အော်ဟစ်လာတော့သည်။

“ရှင် ကျွန်မကို ဘာလို့ အတင်းဆွဲခေါ်လာတာလဲ၊ ကျွန်မသာ ဆက်နေရင် ဝူချောင်ချန်းကို ပြဿနာရှာလို့ ရဦးမှာကို..”

“ဖြောင်း..”

ထုန်လင်း စကားပင် မဆုံးသေးမီ လီဟုန်ကျွင့်က သူမ၏ ပါးကို ဖြတ်ရိုက်လိုက်ပေသည်။

သူမ ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အာရုံများပင် ဝေဝါးသွားတော့၏။ အတော်ကြာမှ သတိပြန်ဝင်လာကာ ထိတ်လန့်အံ့သြစွာ မေးလိုက်သည်။

“ရှင် ကျွန်မကို ရိုက်တယ်ပေါ့”

သူမက ပါးကို အုပ်ကာ လီဟုန်ကျွင့်ကို မယုံနိုင်သကဲ့သို့ မော့ကြည့်နေမိ၏။

“ရိုက်တယ်!”

လီဟုန်ကျွင့်၏ မျက်နှာက မည်းမှောင်မှောက်နေပြီး မတိုင်ခင်ကကဲ့သို့ ကြောက်ရွံ့နေပုံမျိုး မဟုတ်တော့ဘဲ မျက်ခုံးနှင့် မျက်ဝန်းများကြားတွင် ရက်စက်သည့် အရိပ်အယောင်တချို့ ရှိနေခဲ့သည်။

သူက အင်္ကျီလက်ကို မတင်လိုက်ပြီး ပြောလာလေ၏။

“ဒါတွေအားလုံးက မင်းကြောင့်ပဲ! မင်း တစ်နေကုန် ပြဿနာရှာနေလို့ ဒီအိမ်မှာ အေးချမ်းမှုမရှိတာ.. တကယ်လို့ မင်းသာ အကြီးဆုံးသမီးရဲ့ အိမ်ထောင်ရေးကို မစီစဉ်ခဲ့ရင် သူက ကျန်းမိသားစုကို ခေါ်လာပြီး ပြဿနာရှာပြီး အလုပ်ကို ပြန်သိမ်းသွားပါ့မလား

ရဲတွေကို သွားတိုင်ဖို့ သွေးထိုးပေးတာလည်း မင်းပဲ၊ နောက်ဆုံးတော့ ငါပဲ ခံနေရတာ”

“မင်းကြောင့်ပဲ...”

လီဟုန်ကျွင့်က အံကိုတင်းတင်းကြိတ်ထားပြီး မျက်ဝန်းများမှာလည်း သွေးများဖြင့် နီမြန်းနေလေ၏။ သူ၏ လက်ချောင်းများမှာ လက်သီးအဖြစ် တင်းတင်းဆုပ်ထားလျက် တစ်ကိုယ်လုံး တုန်ရီနေခဲ့ကာ နှလုံးသားထဲမှ ဒေါသများကို အတင်းအကျပ် မျိုသိပ်ထားရပုံပင်။

“ဒါဆို ဒါတွေအားလုံးက နင့်ကြောင့်ပေါ့လေ?!”

သားဖြစ်သူ မတော်တဆဖြစ်ပြီးကတည်းက အိမ်တွင် မရှိသကဲ့သို့ နေထိုင်လာခဲ့သော အဘွားလီက အခန်းထဲမှ ရုတ်တရက် ပြေးထွက်လာကာ ထုန်လင်း၏ ဆံပင်ကို ဆွဲ၍ လက်ရွယ်ကာ ရိုက်နှက်တော့သည်။

သို့သော် ထုန်လင်းမှာလည်း အလျှော့ပေးမည့်သူ မဟုတ်သောကြောင့် အဘွားလီကို တွန်းထုတ်လိုက်သည်။

“အား.. အမလေး... ငါ့ခါး!”

အဘွားလီက ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီးနောက် ခါးကိုကိုင်ကာ အော်ဟစ်ငိုယိုတော့သည်။

“ငါတို့ လီမိသားစုမှာ ဘာအပြစ်တွေ ရှိခဲ့လို့ နင့်လို အဖျက်မနဲ့ လာတွေ့ရတာလဲ၊ ဟုန်ကျွန့်ရဲ့ အလုပ်ကို ဖျက်ဆီးရုံတင်မကဘူး၊ ကိုယ့်သားသမီးတွေကိုလည်း ကောင်းကောင်းမပြုစုနိုင်ဘူး၊ အခုတော့ အိမ်ပါ ဆုံးရှုံးရတော့မယ်”

“ဒီအဘွားကြီးကတော့ လျှောက်ပြောနေပြန်ပြီ! ကျွန်မသာ အဖျက်မဆိုရင် ရှင့်ရဲ့ လီမိသားစုက ဘာလဲ?”

ထုန်လင်းက ပြန်လည်အော်ဟစ်လိုက်၏။

“ရှင်က ကျွန်မကို ပြန်ပြောရဲသေးတယ်ပေါ့? မမေ့နဲ့ဦး .. တော်လှန်ရေးကော်မတီက လူတွေ လာတုန်းက ရှင်ပဲ ရှေ့ကနေ ပြေးထွက်သွားတာ မဟုတ်ဘေုးလား

ရှိသမျှ အကြောင်းစုံကို အကုန်အန်ထုတ်ခဲ့တာ ဘယ်သူလဲ?”

“ဒါက နင် အရင်ဆုံး ဟုန်ကျွန့်ကို သွားတိုင်ခိုင်းလို့လေ မဟုတ်ရင် ငါတို့မိသားစု ဒီလောက်အထိ ဒုက္ခရောက်ပါ့မလား”

အဘွားလီက ကြမ်းပြင်ကို လက်ဖြင့်ပုတ်ကာ အော်ငိုပြန်၏။

“ရွှံ့ရုပ်မှာတောင် အမျက်ရှိသေးတာပဲ၊ နင်က ဘာလို့ ကျန်းမိသားစုကို အမြဲတမ်း သွားပြီး ဗိုလ်ကျချင်နေရတာလဲ”

“ ကျွန်မကိုပဲ ဘာလို့ အပြစ်ပုံချနေရတာလဲ?”

ထုန်လင်းက ဆက်လက် အော်ဟစ်နေဆဲပင်။

“အဲဒီအလုပ်က အစကတည်းက လီချောင်ပိုင်တာ၊ ဘာလို့ အဲဒီကောင်မလေးက ယူရမှာလဲ၊ ရှင်တို့နှစ်ယောက်လုံး ကျွန်မကို လက်ထပ်တုန်းက ဒီအလုပ်က လီချောင်အတွက်လို့ သဘောတူခဲ့ကြတာ မဟုတ်ဘူးလား!”

“ဒါက နင် လီရှန်းရဲ့ အိမ်ထောင်ရေးကို မဟုတ်တာတွေ ကြံစည်ခဲ့လို့ဖြစ်လာရတာလေ!”

“သူမက အစ်မကြီး ဖြစ်ပြီးတော့ မောင်လေးအတွက် အနစ်နာခံပြီး အိမ်ထောင်ပြုပေးတာက မသင့်တော်ဘူးလား?”

ထုန်လင်းက အဘွားလီကို စိုက်ကြည့်လိုက်သည်။

“ဒါတွေက အရင်တုန်းက ရှင်ပဲ ကျွန်မကို အကြံပေးခဲ့တာ မဟုတ်ဘူးလား ၊ မဟုတ်ရင် ကျွန်မလို အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်က ကလေးတစ်ဖက်နဲ့ မုဆိုးဖိုယောကျာ်းတစ်ယောက်ကို ဘာလို့ လက်ထပ်ရမှာလဲ!”

“ရှင်တို့ကိုယ်တိုင်က လီရှန်းအပေါ် မကောင်းကြတာလေ ၊ ကျွန်မက သူ့နဲ့ ဘာမှမတော်စပ်ဘဲ ဘာလို့ သူ့အပေါ် ကောင်းနေရမှာလဲ?”

“သူ ကံဆိုးတာက သူ့ထိုက်နဲ့သူပဲ”

“သူ သေသင့်တယ်၊ သူက ဆင်းဆင်းရဲရဲ နေသွားသင့်တာ၊ သူက သူ့အဖေအရင်းကိုတောင် ဂရုမစိုက်တဲ့သူပဲ၊ ကျွန်မကရော သူ့အတွက် ဘာမို့လို့လဲ? ကျွန်မရဲ့သားသမီးတွေအတွက် ကျွန်မ တိုက်ပွဲဝင်တာ ဘာမှားလို့လဲ?”

ထုန်လင်းမှာ ရူးသွပ်နေသော အခြေအနေသို့ ရောက်ရှိနေပြီး လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပေသည်။

အဘွားလီက အနည်းငယ် ကြောက်လန့်သွားသော်လည်း လီဟုန်ကျွင့်က ထုန်လင်းကို ထပ်မံရိုက်နှက်လိုက်ရာ သူမမှာ ကြမ်းပြင်ပေါ်တွင် ပြန်လဲသွားပြီး ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

“ငါ ကျန်းမိသားစုဆီ သွားမလို့.. အိမ်မှာ ပြဿနာထပ်မရှာနဲ့၊ မဟုတ်ရင် ငါ့အကြောင်း သိစေရမယ်”

လီဟုန်ကျွန့်က အေးစက်စွာ ခြိမ်းခြောက်လိုက်ပြီးနောက် အိမ်မှ ထွက်ခွာသွားကာ ကျန်းကျူးရိကို ရှာရန် စက်ရုံသို့ တန်းတန်းမတ်မတ် သွားတော့သည်။

သူ စက်ရုံသို့ ရောက်ချိန်တွင် ကျန်းကျူးရိက အလုပ်မဆင်းသေးပါချေ။

အစောပိုင်းက ဒေါသတကြီး ဖြစ်နေသော လီဟုန်ကျွင့်မှာ စက်ရုံအလုပ်သမားများကို မြင်လိုက်ရသည့် ခဏတွင်ပင် ဒေါသများ ချက်ချင်း ပျောက်ကွယ်သွား၏။

သူသည်က မည်သူ့ကိုမျှ အကူအညီမတောင်းရဲဘဲ အလုပ်သမားတန်းလျားသို့ ပြန်သည့် လမ်းတစ်ခုတည်းဖြစ်သော စက်ရုံတံခါးဝတွင်သာ စောင့်နေရဲပေသည်။

သို့သော်... မိုးချုပ်သည်အထိ စောင့်သော်လည်း ကျန်းကျူးရိက ရောက်မလာခဲ့ပါချေ။ ဆိုလိုသည်မှာ ကျန်းကျူးရိက စက်ရုံတွင် မရှိနေခြင်းပင်။

တစ်ဖက်တွင် ကျန်းကျူးရိက သူ့ကို တမင်ရှောင်နေသည်ဟု ခံစားရပြီး၊ တခြားတစ်ဖက်တွင်လည်း သူသည်က အရေးမပါတော့ဟု ခံစားနေရ၏။

သူ လေးလံသော စိတ်နှလုံးဖြင့် အိမ်သို့ ပြန်လာခဲ့ရသည်။ အခြေအနေများက အဘယ်ကြောင့် ဤမျှအထိ ပျက်စီးသွားရသည်ကို သူ နားမလည်နိုင်တော့ပါချေ။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူသည်က လူတိုင်းအားကျရသော လူတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူတို့က အရာရှိများ မဟုတ်သော်လည်း ဝန်းခြံကျယ်ကျယ်နှင့် နေနိုင်ခဲ့ပြီး အမြွှာမောင်နှမလည်း ရှိခဲ့သည်။

ဇနီးမောင်နှံ နှစ်ဦးလုံးကလည်း အလုပ်ရှိကြသည်။

တစ်နှစ်အတွင်းမှာ အရာအားလုံးက ဘာလို့ ပြောင်းလဲသွားရတာလဲ။

ကျန်းကျူးရိက လီဟုန်ကျွင့်ကို အမှန်တကယ်ပင် ရည်ရွယ်ချက်ရှိရှိရှောင်နေခြင်း ဖြစ်၏။

သူ၏ အလုပ်နေရာနှင့် အိမ်မှ ဝေစုက ရောင်းချပြီးသား ဖြစ်၍ လီဟုန်ကျွန့်နှင့် ထပ်မံငြင်းခုံလိုစိတ် မရှိတော့ပါချေ။ သူက နောက်ဆုံးနေ့တွင်မှ အထည်စက်ရုံသို့သွားကာ ကိုယ်စား လက်မှတ်ထိုးပေးရုံသာ တွေးထားသည်။

ထို့အပြင် လီဟုန်ကျွင့်နှင့် သူ၏ဇနီးတို့က တစ်ခုခု လုပ်လာမည်ကိုလည်း သူ စိုးရိမ်နေခဲ့သည်။ ယနေ့ခေတ်တွင် လူတစ်ဦးကို ဒုက္ခပေးရန် နည်းလမ်းများစွာ ရှိသည် မဟုတ်ပါလား။

သူက တုန်ယွမ်သို့လည်း မပြန်ဘဲ ကျန်းရှင်းမင်၏ ရုံးခန်းတွင်သာ နေထိုင်ကာ ပြန်ရန် ငြင်းဆန်နေခဲ့၏။

“မိုးချုပ်တဲ့အထိ သူ မပြန်သေးရင် ဘယ်လိုလုပ်မလဲ”

ကျန်းရှင်းမင်တစ်ယောက် သူ၏ နားထင်ကို ပွတ်သပ်ရင်း ခေါင်းကိုက်သကဲ့သို့ ခံစားနေရပေသည်။

ကျန်းကျူးရိက ထိုင်ခုံတွင် မှီလိုက်ရသည်။

“မပြန်ရင်လည်း ရုံးခန်းထဲမှာပဲ ကြမ်းပြင်ပေါ် အိပ်လိုက်မှာပေါ့၊ တခြား ဘာလုပ်လို့ ရမှာလဲ?”

“ဒီကိစ္စကို အမြန်ဆုံး ရှင်းသင့်တယ်လို့ ကျွန်တော် ထင်တယ်၊ ရှန်းရှန်းက အချိန်မရွေး ပြန်လာနိုင်တယ်လေ၊ တကယ်လို့ ရှန်းရှန်းက ဆေးဝါးစက်ရုံမှာ အလုပ်လုပ်နေတာကို သူ သိသွားရင် ကျိန်းသေပေါက် လာပြီးကပ်နေတော့မှာ”

“မလောပါနဲ့၊ ဆက်ဆံရေး ဖြတ်တောက်တဲ့ ကြေညာချက်က မနက်ဖြန် သတင်းစာထဲမှာ ပါလာတော့မှာ၊ မနက်ဖြန်ကျရင် ငါ ကိုယ်တိုင် သတင်းစာ သွားဝယ်လိုက်မယ်”

ကျန်းရှင်းမင်မှာ လက်ကို နောက်ပစ်ကာ ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။

“ကျွန်တော် တံခါးဝကို အရင်သွားကြည့်လိုက်ရမလား”

သူသာ မျက်စိလျင်လျင်နှင့် လီဟုန်ကျွင့် တံခါးဝတွင် ရပ်နေသည်ကို အစောကြီး သတိမပြုမိပါက ကျန်းကျူးရိတစ်ယောက် ထောင်ချောက်ထဲသို့ ရောက်သွားနိုင်ပေသည်။

ဤသည်မှာ စက်ရုံတစ်ခု ဖြစ်သည့်အတွက် တံခါးဝတွင် ပြဿနာတက်လျှင် လီဟုန်ကျွင့်က ဂရုမစိုက်သော်လည်း ကျန်းကျူးရိအတွက်တော့ သိက္ခာကျစရာ ဖြစ်ပေလိမ့်မည်။

သူကတော့ အနည်းငယ်ကွာခြားပေသည်။ လီဟုန်ကျွင့်အနေဖြင့် သူငယ်စဉ်က ရုပ်ရည်ကိုသာ မှတ်မိနေလောက်သည်။

သူတို့ ယခင်က တစ်ကြိမ် ဆုံတွေ့ခဲ့ဖူးသော်လည်း ထိုအချိန်က လီဟုန်ကျွင့်အနေဖြင့် သူ၏ အစ်ကိုကြီးအပေါ်၌သာ အာရုံစိုက်နေခဲ့ပုံရသည်။

သို့မဟုတ်ပါက သူ ဘေးမှ ဖြတ်သွားချိန်တွင် လီဟုန်ကျွင့် သတိပြုမိပေလိမ့်မည်။

“ကောင်းပြီလေ... သွားကြည့်လိုက်ဦး”

ကျန်းကျူးရိက ရုံးခန်းထဲရှိ ကြမ်းပြင်ပေါ်တွင် အိပ်ရသည်ကို သိပ်ပြီးမလိုလားသောကြောင့် အမြန်ပင် ခေါင်းညိတ်လိုက်လေ၏။

ထို့ကြောင့် ကျန်းရှင်းမင် အောက်ထပ်သို့ ဆင်းသွားပြီး ဝင်းတံခါးအပြင်ဘက်တွင် လိုက်လံရှာဖွေခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ရှိခဲ့ပါချေ။ ထို့နောက် သူ ကျန်းကျူးရိထံသို့ အပြေးအလွှား ပြန်လာခဲ့ပြီး ပြောလိုက်သည်။

“သူ မရှိတော့ဘူး”

“တကယ်ကြီးလား”

ကျန်းကျူးရိက စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ပြီး အိမ်သို့ အပြေးအလွှား ပြန်ခဲ့သည်။

သူ၏ ခြေလှမ်းများမှာ အနောက်မှ ခွေးလိုက်ဆွဲနေသကဲ့သို့ပင် မြန်ဆန်လွန်းလွန်းပေသည်။

သို့သော် အိမ်ရှေ့သို့ ရောက်ချိန်တွင် အတွင်းဘက်မှ ဆူညံသံများကို ကြားလိုက်ရသောကြောင့် သူ ချက်ချင်းပင် ထိတ်လန့်သွားရတော့သည်။

လီဟုန်ကျွင့်က သူတို့အိမ်အထိလာပြီး ပြဿနာရှာနေတာလား။

သူ၏ ခြေလှမ်းများမှာ ပို၍ပင် မြန်ဆန်သွားတော့သည်။

All Chapters