အခန်း (၁၅၃)
Vol. 16 Ch. 153
(14)ရက်နေ့ ညနေခင်း။
စုဝေ့ချင်းက အလုပ်ဆင်းသည်နှင့် ဘတ်စ်ကားမှတ်တိုင်သို့ အပြေးအလွှား သွားခဲ့သည်။
သူ၏ ဘေးတွင် စုဝေ့မင်လည်း ပါလာခဲ့လေ၏။
“ပစ္စည်းတွေ အကုန်ပါရဲ့လား”
ဘတ်စ်ကားပေါ်တက်ပြီး ထိုင်လိုက်သည်နှင့် စုဝေ့မင်က အမြန်မေးလိုက်သည်။
စုဝေ့ချင်းက သူ၏ လက်ထဲမှ အိတ်လေးကို ပုတ်ပြရင်းပြောလိုက်လေ၏။
“ပါတယ်၊ ပါတယ်၊ ဒါက အပူထိန်းဗူးထဲမှာ ထည့်ထားတာဆိုတော့ အခုထိ နွေးနေတုန်းပဲ၊ နောက်ထပ် နာရီနည်းနည်းလောက်ကြာရင်တောင် အေးသွားမှာ မဟုတ်ဘူး”
“ဒါဆို အကောင်းဆုံးပဲ၊ မင်းရဲ့ မရီး လက်ရာက အတော်လေး ကောင်းတယ်”
“ဘယ်လောက်ပဲ ကောင်းကောင်း အမေ့လက်ရာကိုတော့ မမီပါဘူး၊ ကျွန်တော် အမေ့လက်ရာကို အရမ်းလွမ်းနေတာ”
စုဝေ့မင်က သူ့ကို မျက်စောင်းထိုးလျက်ပြောလိုက်လေ၏။
“မင်းက မင်းအမေထက် ရှောင်လီကို ပိုလွမ်းနေတာလို့ ငါ ထင်တာပဲ၊ ဒါပေမဲ့ ဒါလည်း သဘာဝကျပါတယ်လေ၊ မင်းညီမရဲ့ မင်္ဂလာဆောင်ကြောင့် မင်းတို့ ဇနီးမောင်နှံက အစောပြီး ခွဲနေရတာကိုး”
“အဖေကတော့ ဘာတွေ ပြောနေတာလဲ၊ ဝေ့ဖင်းနဲ့ ကျွန်တော်က မောင်နှမတွေပဲလေ၊ သူမကိစ္စက ကျွန်တော့်ကိစ္စပဲပေါ့၊ ဒါ့အပြင် ရှန်းရှန်းကလည်း သူမရဲ့ ဒုတိယဦးလေးကို သွားတွေ့ချင်နေတာ၊
သူမရဲ့ ဒုတိယအစ်ကို(စုဝေ့ယန်)ကလည်း ချုံကျိုးမှာ စစ်မှုထမ်းနေတာဆိုတော့ နောက်တစ်ချိန်မှာ စကားပြောဆိုလို့ ရအောင် အခုကတည်းက ဆက်ဆံရေး တည်ဆောက်ထားရမှာလေ”
ထိုစကားများမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်ပြီး သိတတ်လွန်းလှသောကြောင့် စုဝေ့မင်က သူ၏ သားအပေါ် အမြင်သစ်ဖြင့် ကြည့်လာတော့သည်။
သူ အမြဲတမ်း ခံစားနေရသည်။
လက်ထပ်ပြီးကတည်းက သူ၏ သားငယ်လေးက ပြောင်းလဲသွားခဲ့သည်။ သူသည်က ပို၍ ကြိုးစားအားထုတ်လာသကဲ့သို့ ရည်မှန်းချက်လည်း ကြီးမားလာခဲ့သည်။
သူ၏ စကားပြောပုံမှာလည်း ပို၍ စနစ်ကျကာ အတွေးအခေါ် ရှိလာသောကြောင့် နားထောင်ရသူကို စိတ်ချမ်းသာစေခဲ့ပေသည်။
ယောက်ျားတွေက လက်ထပ်ပြီးမှ ရင့်ကျက်လာကြတယ်ဆိုတာ အမှန်ပဲ။
စုဝေ့မင် သူ၏ ချွေးမဖြစ်သူ လီရှန်းကို နောက်တစ်ကြိမ် ထပ်မံ ကျေးဇူးတင်မိပြန်သည်။
သူမက သူ၏ ချွေးမ ဖြစ်လာပေးရုံတင်မကဘဲ သူမ၏ ကြိုးစားအားထုတ်မှုနှင့် ရည်မှန်းချက်ကြီးမှုများက မိဘအပေါ် မှီခိုပြီး ပျင်းရိနေခဲ့သော သူ၏ သားကိုပါ တက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်ခဲ့သည် မဟုတ်ပါလား။
ထိုသားအဖနှစ်ဦးက ဘတ်စ်ကားစီးကာ ဘူတာရုံသို့ တစ်လမ်းလုံး လာခဲ့ကြသည်။
သူတို့နှစ်ယောက် အဝေးမှပင် ယောက္ခမနှင့် ချွေးမနှစ်ဦး ဘူတာရုံဝင်ပေါက်တွင် ရပ်နေကြသည်ကို မြင်လိုက်ရ၏။
ပတ်ဝန်းကျင်တွင် စက်ဘီးတွန်းလာသူများစွာ ရှိနေပြီး ဆွေမျိုးသားချင်းများကို တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။ သူတို့၏ ခြေရင်းတွင်လည်း ခရီးဆောင်အိတ်များစွာ ရှိနေ၏။
လီရှန်းက သူမ၏ လက်ပတ်နာရီကို ကြည့်ရန် အင်္ကျီလက်ကို မကြာခဏ မတင်နေပြီး လော်ယွီရှို့ကတော့ စိတ်မရှည်သကဲ့သို့ ခြေဆောင့်နေခဲ့သည်။
သားအဖနှစ်ဦးမှာ အမြန်ပင် ပြေးသွားခဲ့ကြလေ၏။
“ယွီရှို့”
စုဝေ့မင်က သူ၏ ဇနီးကို နွေးထွေးစွာ ခေါ်လိုက်သည်။
“ရှန်းရှန်း”
စုဝေ့ချင်းကလည်း နောက်မှ ကပ်လိုက်လာပြီး လီရှန်းထံသို့ စိတ်လှုပ်ရှားစွာ ပြေးသွားလေတော့သည်။
“ဝေ့ချင်း”
လီရှန်းက လှေကားထစ်များမှ အမြန်ဆင်းကာ စုဝေ့ချင်းထံသို့ ပြေးသွားခဲ့၏။ သူမကိုယ်တိုင်ပင် သတိမထားမိဘဲ သူမ၏ မျက်နှာထက်တွင် ကြည်နူးသည့် အပြုံးများဖြင့် ပြည့်နှက်နေခဲ့လေသည်။
သူတို့၏ လက်နှစ်ဖက်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိကြလေ၏။
တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ချောင်းများက သူတို့၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသော်လည်း ဤမျှဆိုလျှင်ပင် အလွန်အမင်း ရင်းနှီးလွန်းသည်ဟု သတ်မှတ်နိုင်ပေပြီ။
ထို့ကြောင့် သူတို့ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ၊ နှလုံးသား၏ ဆန္ဒအတိုင်း တစ်ဦးကိုတစ်ဦး တင်းတင်းကြပ်ကြပ် ဖက်မထားမိကြပါချေ။ စုဝေ့မင်၏ ချောင်းဟန့်သံကြောင့် သူတို့ ခဏမျှ လက်တွဲထားပြီးနောက် ပြန်လည် လွှတ်လိုက်ကြတော့သည်။
“ပင်ပန်းနေပြီလား.. ဗိုက်ဆာပြီလား၊ ငါ ဝေ့ချင်းကို စွပ်ပြုတ် ယူလာခိုင်းလိုက်တယ်၊ ဗိုက်နွေးသွားအောင် သောက်လိုက်ကြဦး
ဝူလီက အိမ်မှာ ဟင်းတွေ ချက်ထားနှင့်ပြီဆိုတော့ အိမ်ပြန်ရောက်တာနဲ့ ပူပူနွေးနွေး စားလို့ရမှာပါ”
စုဝေ့မင်က ပြောဆိုရင်း သားဖြစ်သူကို အပူထိန်းဗူး ထုတ်ပေးရန် လက်ဟန် ပြလိုက်၏။
အပူထိန်းဗူးထဲတွင် ဝက်နံရိုးစွပ်ပြုတ် ပါဝင်ပေသည်။ ယနေ့ခေတ်တွင် အဆီများသော အသားများကသာ တန်ဖိုးအရှိဆုံးဖြစ်ပြီး အရိုးများက ဈေးမကြီးပါချေ။
ဝူလီက ကုန်တိုက်တွင် အလုပ်လုပ်သူဖြစ်၍ ထိုကုန်ပစ္စည်းသတင်းများကို အလွယ်တကူသိနိုင်သောကြောင့် ယခုတလော အိမ်သို့ ပစ္စည်းများစွာ ယူဆောင်လာခဲ့တတ်၏။
လီရှန်းလည်း ဝက်နံရိုးစွပ်ပြုတ်ကို တစ်ငုံ သောက်လိုက်သည်။ အပူထိန်းဗူးမှာ အလွန်ပင် အရည်အသွေးကောင်းသောကြောင့် စွပ်ပြုတ်မးက ပူပူနွေးနွေး ရှိနေဆဲပင်။
“အမေ... သောက်ကြည့်ပါဦး၊ ယောက်မရဲ့ လက်ရာက တကယ်ကောင်းတာပဲ”
ကျန်းဝမ်ကျန့်၏ လက်ရာနှင့် နှိုင်းယှဉ်လျှင် ဝူလီ၏ လက်ရာမှာ အမှန်တကယ်ပင် ကောင်းမွန်လွန်းသည်။
ဤစွပ်ပြုတ်မှာ လတ်ဆတ်ပြီး မွှေးကြိုင်ကာ အရသာမှာလည်း ပြည့်စုံလေ၏။ ငရုတ်ကောင်းဖြူပါ ထည့်ထားသောကြောင့် ဤကဲ့သို့ အေးစက်လှသော နေ့ရက်မျိုးတွင် သောက်လိုက်ရသည်မှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလွန်းပေသည်။
“မရီးရဲ့ လက်ရာက ကောင်းတယ်ဆိုပေမဲ့ မင်းရဲ့ စွပ်ပြုတ်ကိုတော့ မမီပါဘူး”
စုဝေ့ချင်းသည် သူ၏ ဇနီးက တခြားလူကို ချီးမွမ်းနေသည်ကို ကြားချိန်တွင် မနာလိုဖြစ်သွားပြီး ပြောလိုက်သည်။
“ပြီးခဲ့တဲ့အကြိမ်က ဝက်အဆုတ်စွပ်ပြုတ်ကို ပြန်တွေးမိတိုင်း အခုထိ သွားရည်ကျနေတုန်းပဲ”
သူက အမြန်ပင် ပြောလိုက်ပြန်သည်။
“နောက်တစ်ခါကျရင် ကျွန်မ ချက်ကျွေးမယ်လေ”
သူ၏ အစားအသောက်ကို လောဘကြီးနေသည့်ပုံစံကို ကြည့်ကာ လီရှန်းတစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပါချေ။
“ထားလိုက်ပါတော့... ဝက်အဆုတ်တွေက ဆေးရတာ အရမ်းလက်ဝင်တယ်၊ ပြီးတော့ ကိုယ်တို့တိုက်ခန်းက လေဝင်လေထွက်လည်း သိပ်မကောင်းဘူးလေ၊
ဝက်အဆုတ်စွပ်ပြုတ်က သောက်လို့ကောင်းပေမဲ့ အနံ့က တော်တော်ပြင်းတာ၊ ဦးလေးတို့အိမ်သွားမှပဲ အခွင့်သာရင် ချက်ကြတာပေါ့”
လီရှန်း : “...”
စုဝေ့ချင်းက သူ့မိဘတွေကို တိုက်ကျွေးဖို့ စိတ်ကူးထဲတောင် မရှိဘူးလား။
ကံကောင်းစွာဖြင့် စုဝေ့ချင်းက ထိုမျှအထိ မသိတတ်သည်တော့ မဟုတ်ပါချေ။ သူသည် ချက်ချင်းပင် လှည့်ကြည့်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“အဲဒီကျရင် အများကြီးချက်ပြီး စတီးအိုးနဲ့ အိမ်ကို ပြန်သယ်လာကြတာပေါ့”
“သားမက်တစ်ယောက်ဖြစ်ပြီးတော့ ဦးလေးကို သိပ်မသိတတ်ဘူး.. မိန်းမက သူ့အိမ်သူပြန်တာကိုတောင် ဝက်အဆုတ်စွပ်ပြုတ် သယ်လာဖို့ စဉ်းစားနေသေးတယ်... မင်းရဲ့အတွေးအခေါ်ကတော့ သိပ်မကောင်းဘူးနော်”
စုဝေ့မင်က စနောက်လိုက်လေသည်။
“ဟုတ်တယ်လေ... ဧကထောင်ပေါင်းများရှိနေတဲ့ မြေကွက်လပ်ထဲမှာမှ ကျွန်တော့်မိန်းမက တစ်ပင်တည်းသော ပျိုးပင်လေး ဖြစ်နေတော့လည်း ဘာတတ်နိုင်မှာလဲ”
စုဝေ့ချင်းက ချက်ချင်းပင် ကြွားဝါလိုစွာဖြင့် မေးစေ့ကို ပင့်ပြလိုက်ပေသည်။
လော်ယွီရှို့က ရယ်မောရင်း စုဝေ့မင်၏ ကျောကို ပုတ်လိုက်ကာပြောလိုက်လေ၏။
“စကားတွေ အရမ်းများမနေနဲ့တော့၊ ကားဂိတ်ကို သွားရအောင်... မဟုတ်ရင် နောက်ဆုံးကား လွတ်သွားလိမ့်မယ်”
တိုက်တိုက်ဆိုင်ဆိုင်ပင် သင်္ဘောဆိပ်မှ ပြည်နယ်မြို့တော်သို့ သွားမည့် နောက်ဆုံးကား မထွက်မီမှာပင် ဆေးဝါးစက်ရုံမှာလည်း အလုပ်ဆင်းချိန်သို့ ရောက်သွားခဲ့သည်။
ထို့ကြောင့် ယောက္ခမနှင့် ချွေးမတို့ ကုန်းပေါ်ခြေချသည်နှင့် စုဝေ့မင်ထံ ဖုန်းဆက်ပြီး စုဝေ့ချင်းကိုပါ ခေါ်ကာ လာကြိုခိုင်းလိုက်ခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးတွင် ပစ္စည်းများ အလွန်များပြားလွန်းသည်ဖြစ်၍ ကားပေါ်သို့ ထိုအထုပ်ကြီးများနှင့် တက်ရန်မှာ မလွယ်ကူပါချေ။
ထွက်ပေါက်အထိ သယ်လာရန်ပင် အတော်လေး အားစိုက်ခဲ့ရခြင်း ဖြစ်ပေသည်။
လူနှစ်ဦးအတွက် သယ်ရခက်သော အလေးချိန်မှာ လူလေးယောက်ဖြစ်သွားချိန်တွင်တွင် များစွာပေါ့ပါးသွားတော့သည်။
သူတို့လေးယောက်လုံး ဝိုင်းကူသယ်ခဲ့ကြပြီး ခရီးဆောင်အိတ်များကို ဘတ်စ်ကားပေါ်သို့ တင်လိုက်ကြ၏။
“တော်သေးတာပေါ့၊ နောက်ဆုံးကားက လူသိပ်မများလို့... မဟုတ်ရင် ဒီပစ္စည်းတွေအကုန် ဆံ့မှာမဟုတ်ဘူး”
စုဝေ့မင်က နဖူးမှချွေးကို သုတ်ရင်း သက်ပြင်းချလိုက်သည်။
“အိတ်ထဲမှာ ဘာတွေပါလို့လဲ၊ ကျောက်ခဲတွေ ထည့်ထားလားတောင်ထင်ရတယ်... ဘာလို့ ဒီလောက် လေးနေရတာလဲ”
“ဒါတွေက ဟိုင်နန်က ဒေသထွက်ပစ္စည်းတွေလေ၊ ပုပ်သွားပြီလားတော့ မသိဘူး၊ တွေးကြည့်ရင်တော့ ဒီလိုရာသီဥတုမျိုးမှာ မပုပ်လောက်ပါဘူး”
“မပုပ်နိုင်ပါဘူး ပြန်လာခါနီးတုန်းက ထမင်းချက်ဆောင်က ရေခဲသေတ္တာထဲမှာ ဆားရည်ပုလင်းတွေနဲ့ ရေခဲအောင် လုပ်ထားသေးတာ”
ဈေးကွက်ရှာဖွေရေးဌာနမှာ ပင်လယ်ထဲသို့ စစ်ဆေးရန် ထွက်ရသည်ဖြစ်၍ သင်္ဘောများပေါ်တွင် ရေခဲသေတ္တာများ ပါရှိ၏။
ထို့အပြင် ချုံကျိုးသည် တစ်နှစ်ပတ်လုံး အပူချိန်မြင့်မားသောကြောင့် အစားအစာများ မပုပ်အောင် ထမင်းချက်ဆောင်တွင်လည်း ရေခဲသေတ္တာများ ရှိပေသည်။
မပြန်မီတွင် လီရှန်းတို့အဖွဲ့မှာ ပတ်ဝန်းကျင်မှ တံငါသည်များထံသွားကာ လတ်လတ်ဆတ်ဆတ် ဖမ်းမိသော ပင်လယ်စာများကို စုဆောင်းခဲ့ကြ၏။
ထို့နောက် ရေလုံသောအဝတ်များနှင့်ထုပ်ကာ အထဲတွင် ရေခဲနေသော ဆားရည်ပုလင်းများထည့်ပြီး အပြင်မှ အနွေးထည်များနှင့် အထပ်ထပ်ပတ်၍ အိမ်အထိ သယ်လာခဲ့ကြခြင်း ဖြစ်ပေသည်။
ဤနည်းလမ်းကို စုဝေ့ဖင်းကကူညီစဉ်းစားပေးခဲ့ခြင်းဖြစ်လေ၏။ လော်ယွီရှို့က နည်းပညာပိုင်းကို သိပ်ပြီးနားမလည်သော်လည်း လီရှန်းက ထိုနည်းလမ်းက သေချာပေါက် အလုပ်ဖြစ်လိမ့်မည်ဟု ပြောခဲ့သောကြောင့် သူတို့နှစ်ဦးက ပစ္စည်းများကို ပို၍ အများအပြားယူကာ လေးလံစွာ သယ်လာဖြစ်ခဲ့ကြသည်။
မကြာမီပင် သူတို့အဖွဲ့ ပြည်နယ်မြို့တော်မှ အိမ်သို့ ပြန်ရောက်လာကြ၏။ အိမ်ထဲတွင် ဟင်းရနံ့များ မွှေးပျံ့နေပြီး အရသာရှိသော အစားအစာများကိုလည်း ပြင်ဆင်ထားပြီးပုံရ၏။
ဝူလီက ဟင်းပွဲများ ချရန် အလုပ်ရှုပ်နေခဲ့ပြီး စုဝေ့ဟိုင်ကတော့ ဧည့်ခန်းထဲတွင် ကလေးနှစ်ယောက်နှင့် ဆော့ကစားပေးနေခဲ့သည်။
စုချန်နှင့် စုကျွင့်တို့၏ အပြုံးများမှာ အရင်ကထက် ပို၍ တောက်ပနေသည်ကို လီရှန်း သတိပြုမိလိုက်လေ၏။
ဤရက်ပိုင်းများတွင် ညီအစ်ကိုနှစ်ယောက်လုံးက အိမ်တွင် သက်သောင့်သက်သာ ဖြတ်သန်းနေရကြောင်း သိမြင်နိုင်သည်။
မူရင်းဇာတ်လမ်းထဲတွင်ကဲ့သို့ ဝူလီက ကလေးနှစ်ယောက်ကို လျစ်လျူရှုမထားတော့ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် စုဝေ့ဟိုင်က အခုရက်ပိုင်းတွင် အလုပ်သိပ်မများသောကြောင့် နေ့စဥ်နေ့တိုင်း ကလေးများနှင့် အချိန်ပေးနေပုံရ၏။
“ဝေ့ဟိုင်.. အဖေနဲ့အမေတို့ ပြန်ရောက်ပြီ”
ဝူလီက လီရှန်းတို့ တံခါးဝတွင် ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် ဝမ်းသာအံ့ဩသောအမူအရာဖြင့် စုဝေ့ဟိုင်ကို လှမ်းခေါ်လိုက်လေသည်။