← Chapters

အခန်း (၁၅၄)

Vol. 16 Ch. 154

အခန်း (၁၅၄)

Vol. 16 Ch. 154

အိမ်ရှင်မ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် အိမ်ကြီးကလည်း ချက်ချင်းပင် စည်ကားသွားခဲ့သည်။

ကလေးနှစ်ယောက်သည်လည်း အရင်ကထက် ပို၍ တက်ကြွနေကြပြီး လော်ယွီရှို့နောက်သို့ တကောက်ကောက်လိုက်ရင်း မေးမြန်းနေခဲ့ကြလေ၏။

“အဘွား... ချုံကျိုးက ပျော်စရာကောင်းလားဟင်.. ပင်လယ်ကြီးကို မြင်ခဲ့ရလား”

“အဘွား... ဒုတိယဦးလေးရဲ့ ကလေးလေးနာမည်က ဘယ်သူလဲ၊ သူက ဝဝတုတ်တုတ်လေးလား”

“အဘွား... ဒေါ်လေးက ဘယ်တော့ ပြန်လာမှာလဲ၊ ဦးလေးကရော ဒုတိယဦးလေးလတ်လိုပဲ အရပ်ရှည်လားဟင်”

လော်ယွီရှို့က စိတ်ရှည်လက်ရှည်ပင် ပြန်ဖြေပေးနေခဲ့လေသည်။

“ကလေးလေးနာမည်က စုကျန်းတဲ့၊ သူက တော်တော်လေး ဝလာပြီး ရှောင်ကျွင့် ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ၊ မင်းတို့ဦးလေးကလည်း အရပ်ရှည်တယ်၊

ဒါပေမဲ့ ဒုတိယဦးလေးလတ်လောက်တော့ ဗလမတောင့်ဘူးပေါ့၊ ဒါပေမဲ့ သူက တပ်ရင်းမှူးလေ၊ ဒုတိယဦးလေးထက်တောင် ပိုပြီး အရည်အချင်းရှိတယ်၊

ချုံကျိုးဆိုတာ ကျွန်းတစ်ကျွန်းပဲလေ... ပင်လယ်ကို မမြင်ဘဲ ဘယ်နေပါ့မလဲ၊ မင်းတို့ရဲ့ တတိယအဒေါ်တောင် ဓာတ်ပုံတွေ ရိုက်လာသေးတယ်၊ သွား... သူ့ဆီမှာ ဓာတ်ပုံတွေ တောင်းကြည့်ကြဦး”

ကလေးနှစ်ယောက်က ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်ကြပြီး လီရှန်းအနားသို့ ဝိုင်းအုံလာကြပေသည်။

“တတိယအဒေါ်... ဓာတ်ပုံတွေ! အဘွားပြောတယ်... အဒေါ်က ပင်လယ်ဓာတ်ပုံတွေ ရိုက်လာတယ်ဆို”

“ဓာတ်ပုံတွေ ကြည့်ချင်လို့လား”

လီရှန်းက တမင်သက်သက် အချိန်ဆွဲလိုက်၏။

“အင်း... အင်း... ကြည့်ချင်တယ်”

ကလေးနှစ်ယောက်က ဆန်စေ့ကောက်နေသော ကြက်လေးများကဲ့သို့ ခေါင်းကို အဆက်မပြတ် ညိတ်ပြနေကြလေသည်။

“ဒါဆိုရင်တော့ လွယ်ပါတယ်... အရင်ဆုံး တတိယအဒေါ်ကို အိမ်အလုပ်တွေ ကူလုပ်ပေးကြဦး၊

အလုပ်ပြီးသွားရင် အဒေါ်က ဓာတ်ပုံတွေ ပြရုံတင်မကဘူး၊ ချုံကျိုးမှာ အဒေါ်နဲ့ အဘွားတို့ ဘာတွေလုပ်ခဲ့လဲဆိုတဲ့ ပုံပြင်တွေကိုလည်း ပြောပြဦးမှာ၊ အရမ်းကို ပျော်စရာကောင်းပြီး စိတ်ဝင်စားဖို့ ကောင်းတာနော်”

အိမ်အလုပ် ကူလုပ်ရမယ်?!

ဓာတ်ပုံကြည့်ရမဲ့အပြင် ပုံပြင်ပါ နားထောင်ရဦးမှာလား။

စုချန်က ချက်ချင်းပင် သူ၏ရင်ဘတ်ကို ပုတ်လိုက်သည်။

“တတိယအဒေါ်... ခိုင်းသာခိုင်းလိုက်.. ကျွန်တော်က ယောက်ျားလေးပဲ၊ အလုပ်တွေ လုပ်နိုင်ပါတယ်”

စုကျွင့်သည်လည်း သူ၏အစ်ကိုအတိုင်း ရင်ဘတ်ကို ပုတ်ပြကာပြောလိုက်လေ၏။

“ရှောင်ကျွင့်ကလည်း ယောက်ျားလေးပဲ”

“ကောင်းပြီ... ဒါဆိုရင် ဒီအထုပ်ကို မီးဖိုချောင်ထဲက အဒေါ်ဝူဆီကို သွားပေးလိုက်ကြ”

လီရှန်းက အိတ်ထဲမှ ပုစွန်ထုပ်တစ်ထုပ်ကို ထုတ်ပေးလိုက်၏။

စနစ်တကျ သိုလှောင်ထားသောကြောင့် ဆားရည်ပုလင်းထဲမှ ရေခဲများမှာ အရည်မပျော်သေးသကဲ့သို့၊ ပုစွန်များမှာလည်း ကျောက်ခဲကဲ့သို့ ခဲနေဆဲပင်။

ရေခဲပုလင်းကို ဖယ်လိုက်ချိန်တွင် ပုစွန်များက သိပ်မလေးတော့သောကြောင့် ကလေးနှစ်ယောက်က တစ်ဖက်တစ်ချက်မှ ကိုင်ကာ မီးဖိုချောင်ထဲသို့ သယ်သွားကြလေသည်။

သူတို့ ပြန်ထွက်လာချိန်တွင် ဝူလီပါ လိုက်လာခဲ့၍ ပြောလိုက်လေ၏။

“ဒီပုစွန်တွေက တော်တော်ကြီးတာပဲ!”

“ချုံကျိုးက ပင်လယ်နားမှာဆိုတော့ အသားထက် ပင်လယ်စာက ပိုပေါတာလေ”

ဝူလီလည်း ကျိုးကြောင်းဆီလျော်သည်ဟု တွေးလိုက်၏။ တောင်နားတွင်နေလျှင် တောင်ထွက်ပစ္စည်းစားပြီး ပင်လယ်နားတွင်နေလျှင် ပင်လယ်စာစားသည်မှာ သဘာဝပင်။

သို့သော် သူမကပြောလိုက်လေ၏။

“ငါတော့ ဒီလောက်ကြီးတဲ့ ပုစွန်တွေကို တစ်ခါမှ မချက်ဖူးဘူး နင် ဒါတွေကို ချက်တတ်လား၊ ချက်တတ်ရင် နင်ပဲ ဦးဆောင်ပြီး ချက်ပေးပါလား”

လီရှန်းက ဝူလီ၏ အဓိပ္ပာယ်အပြည့်ရှိသော အပြုံးကို ကြည့်လိုက်လေ၏။

“…”

ဒီယောက်မကတော့ ဘာလို့ တခြားလူတွေကို အမြဲတမ်း ကျော့ကွင်းဆင်ဖို့ ကြိုးစားနေရတာလဲ။

“အဆင်ပြေပါတယ်၊ ကျွန်မပဲ ချက်လိုက်ပါ့မယ်”

လီရှန်းက သူမ၏အိတ်ထဲမှ ငါးခူ တစ်ထုပ်ကို ချက်ချင်းဆွဲထုတ်လိုက်ပြီး ပြောလိုက်လေသည်။

“နောက်ထပ် ငါးဟင်းတစ်ခွက် ထပ်ချက်ဦးမယ်”

သူမက စကားပြောရင်းနှင့်ပင် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။

ဟင်းချက်ခြင်းက လီရှန်းအတွက်တော့ မခက်ခဲပါချေ။ မစ်ရှင်ကမ္ဘာများ၏ အတွေ့အကြုံမပါလျှင်ပင် သူမ၏ ဟင်းချက်လက်ရာမှာ မဆိုးလှပေ။

ထို့ကြောင့် သူမက ပုစွန်ပေါင်းနှင့် ငါးခူဆီပြန်ကြော်ကို ပြင်ဆင်လိုက်သည်။ မကြာမီပင်မွှေးကြိုင်သော ဟင်းနံ့များမှာ တစ်အိမ်လုံးသို့ ပျံ့နှံ့သွားတော့၏။

“ နင် ဟင်းချက်တာ ဆီ အရမ်းသုံးတာပဲ”

လီရှန်းက ဒယ်အိုးထဲသို့ ဆီများကို တွန့်ဆုတ်ခြင်းမရှိဘဲ လောင်းထည့်နေသည်ကို ကြည့်ရင်း ဝူလီ မှတ်ချက်ပေးလိုက်သည်။

လီရှန်းသာ ဤကဲ့သို့ ချက်မည်မှန်းသိလျှင် သူမကို ကူခိုင်းမိမည် မဟုတ်ပေ။ သူမ နောင်တရနေမိ၏။

ဤသည်မှာ ဆီကို အလွန်အမင်း ဖြုန်းတီးရာ ရောက်ပေသည်။

သူမတွင် အတွေးလေးများအချို့ ရှိနေသော်လည်း စိတ်ရင်းကတော့ ရိုးသားသည့် အမျိုးသမီးငယ်တစ်ဦးသာ ဖြစ်သောကြောင့် ဆီများ အကုန်အကျများနေသည်ကို ကြည့်ကာ နှမြောနေမိရ၏။

“ငါးခူက ဆီများများနဲ့ မကြော်ရင် အရသာမရှိဘူးလေ”

တကယ်တမ်းတွင် သူမ ဆီများများမထည့်ခဲ့ပါချေ။ သူမ၏ အတွေ့အကြုံအရဆိုလျှင် ဆီအမြောက်အမြားနှင့် အကျွတ်ကြော်မှသာ အရသာရှိမည် ဖြစ်သည်။

ယခုကဲ့သို့ ဆီအလွှာပါးပါးလေးဖြင့် ဖြည်းဖြည်းချင်း ကြော်နေခြင်းမှာပင် အတော်လေး ချွေတာရာ ရောက်နေပေပြီ။

“ဒီအနံ့က တကယ့်ကို မွှေးလွန်းတာပဲ၊ ဗိုက်တောင် ဆာလာပြီ”

မည်သည့်အချိန်က မီးဖိုချောင်တံခါးဝသို့ ရောက်လာမှန်းမသိသော စုဝေ့ဟိုင်က ဝူလီကို ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“မင်းချက်တဲ့ ဟင်းတွေကျတော့ ဘာလို့ ဒီလောက် အနံ့မမွှေးရတာလဲ”

ဝူလီတစ်ယောက် ဒေါသထွက်သွားပြီး မျက်စောင်းထိုးကာပြောလိုက်လေ၏။

“အိုးထဲမှာ ဆီ ဘယ်လောက်တောင် ပါနေလဲဆိုတာကိုရော ရှင် မကြည့်ဘူးလား”

ဒီလောက် ဆီအများကြီးနဲ့ဆိုရင် ဖိနပ်အောက်ခံပြားကို ကြော်ရင်တောင် မွှေးနေမှာပဲ။ ငါးဆိုတာတော့ ပြောနေစရာတောင် မလိုဘူး!

“ဒါဆို နောက်တစ်ခါ ဟင်းချက်ရင် ငါတို့လည်း ဆီပိုသုံးကြတာပေါ့”

စုဝေ့ဟိုင်က သူ၏ဗိုက်ကို ပွတ်ရင်း ပြောလိုက်မိသည်။ သူက ဦးနှောက်သုံးရသော အလုပ်ကို လုပ်ရသူ ဖြစ်ပေ၏။ အကယ်၍ အာဟာရမပြည့်ဝသည့်အတွက် ဦးနှောက်အလုပ်မလုပ်တော့လျှင် မဖြစ်ပါချေ။

ဒီအနံ့က တကယ့်ကို အံ့သြစရာပဲ!

သူက ဗိုက်ထဲမှာ တစ်ခုခုရှိအောင်ဆိုပြီး မက်မွန်သီး ကွတ်ကီးနှစ်ခုပဲ စားထားရတာလေ။

ဝူလီ : “...”

သူတို့က ချမ်းသာနေကြလို့လား။

ဘယ်လိုလုပ်ပြီး နေ့တိုင်း ဒီလိုမျိုး စားနိုင်မှာလဲ!

လီရှန်းက ဟင်းနှစ်ပွဲကို ပြင်ဆင်ပြီး အချဉ်ရည်ကိုလည်း ကိုယ်တိုင် စပ်လိုက်သည်။ စုဝေ့မင်က ထမင်းစားရန်အတွက် စကားပြောပြီးသည်နှင့် လူတိုင်း၏ တူများမှာ ငါးခူကြော်ဆီသို့ ပြိုင်တူ ဦးတည်သွားကြလေ၏။

လီရှန်းက စုချန်နှင့် စုကျွင့်တို့အတွက် ငါးအသားအချို့ကို လျှင်မြန်စွာ ခက်ပေးပြီး ပြောလိုက်သည်။

“ဒီငါးက အရိုးနည်းတော့ ကလေးတွေအတွက် အဆင်ပြေတယ်၊ ပရိုတင်းဓာတ်လည်း ကြွယ်ဝလို့ ကျန်းမာရေးအတွက် အရမ်းကောင်းတယ်”

“တကယ်ကို မွှေးပြီးအရသာရှိတာပဲ”

စုဝေ့မင်က တစ်လုပ် စားကြည့်လိုက်ပြီးနောက် ကြော်ထားသော ဟင်းရနံ့မှာ ပါးစပ်အတွင်း ပျံ့နှံ့သွားခဲ့လေသည်။

သူ မနေနိုင်ဘဲ မေးလိုက်မိသည်။

“မင်းတို့တွေ ချုံကျိုးမှာလည်း ဒါတွေပဲ စားခဲ့ကြတာလား”

ဒါက တကယ့်ကို မိုက်တာပဲ!

“မဟုတ်ပါဘူး၊ ဒါက ပြန်မလာခင် တံငါရွာကို သွားပြီး စုဆောင်းခဲ့တာပါ”

စစ်တပ်တွင် ပင်လယ်စာများကို ထောက်ပံ့ပေးသည် ဆိုသော်လည်း နေ့တိုင်း ဤကဲ့သို့ စားရန်မှာ မဖြစ်နိုင်ပါချေ။

“ဒီငါးက တကယ်ကောင်းတာပဲ၊ ဒါပေမဲ့ နည်းနေတယ်၊ နောင်ကျရင် ဝေ့ယန်တို့သာ အဆင်ပြေမယ်ဆိုရင် အိမ်ကို ပိုပို့ပေးဖို့ ပြောလိုက်ဦး”

“ကျွန်မတို့ ဒါတွေကို သယ်လာရတာ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ ကြည့်လိုက်ဦး၊ ဒါတွေက ရေခဲထဲက ထွက်လာတာနဲ့ ချက်ချင်း ပုပ်လွယ်တာလေ”

လော်ယွီရှို့က သူ့ကို မျက်စောင်းထိုးလိုက်သည်။ သူတို့၏ ခရီးဆောင်အိတ်များထဲတွင် အလေးဆုံးအရာမှာ ပင်လယ်စာများ မဟုတ်ဘဲ အပူထိန်း ဆားရည်ပုလင်းများသာ ဖြစ်ပေသည်။

စုဝေ့မင်က သက်ပြင်းချကာပြောလိုက်လေ၏။

“အခွင့်သာရင် ငါလည်း ချုံကျိုးကို သွားချင်မိတယ်”

သူက သားဖြစ်သူကို တွေ့ချင်၍ သွားချင်နေခြင်း မဟုတ်ဘဲ ဤငါးခူကြော် တစ်လုပ်အတွက်သာ ဖြစ်လေ၏။

ငါးခူကြော်များ ကုန်သွားချိန်တွင် လူတိုင်းက ဝက်သားအချိုချက်ဆီသို့ အာရုံပြောင်းသွားကြသည်။

ထိုအချိန်မှသာ လော်ယွီရှို့အနေဖြင့် စက်ရုံမှ အခြေအနေများကို မေးမြန်းရန် အချိန်ရတော့၏။

သူမက အမျိုးသမီးသမဂ္ဂ၏ ဒါရိုက်တာဖြစ်၍ မူဝါဒအသစ်များ ထွက်ပေါ်လာချိန်တွင် စက်ရုံ၌ ရှိနေသင့်သော်လည်း သမီးဖြစ်သူကို ခွဲမထားနိုင်သောကြောင့် ချုံကျိုးသို့ လိုက်သွားခဲ့သည်။

ယခု ပြန်ရောက်ပြီဖြစ်၍ သူမ၏ လုပ်ငန်းများကို အမြန်ဆုံး ပြန်လည် စတင်ရမည် မဟုတ်ပါလား။

“ကျွန်မတို့စက်ရုံမှာ အရာအားလုံး အဆင်ပြေရဲ့လား”

စုဝေ့မင်သည်လည်း ဤကိစ္စအတွက် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

ဆေးဝါးစက်ရုံ ဝန်ထမ်းများ၏ သားသမီးများမှာ အိမ်ထောင်ပြုရန် အခက်အခဲ မရှိသကဲ့သို့၊ သူတို့၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုဖြင့်လည်း အလုပ်အကိုင် ရှာဖွေနိုင်ကြသည်။

ထို့အတွက် မတိုင်မီအချိန်များက စုဝေ့မင်အနေဖြင့် ညည်းညူစရာ တစ်ခုမျှ မရှိလောက်ဟု ထင်မိခဲ့၏။

အိမ်ထောင်ပြုမည့် အရွယ်ရောက်သူများက အောင်သွယ်နှင့် တွေ့ဆုံကြပြီး၊ အရွယ်မရောက်သေးသူများကတော့ ကျေးလက်ဒေသသို့ သွားကြရမည် သို့မဟုတ် တခြားစက်ရုံတစ်ခုတွင် အလုပ်ရှာရန် ကြိုးစားကြရမည်ပင်။

ဆေးဝါးစက်ရုံတွင်တော့ မည်သည့် နောက်ပေါက်မှ မရှိပါချေ။ ဝင်ခွင့်ရသူတိုင်းမှာ သူတို့၏ စစ်မှန်သော အရည်အချင်းနှင့် ကျွမ်းကျင်မှုအပေါ်၌သာ မူတည်ပေသည်။

“ဘာတွေများ ကောင်းနေမှာလဲ၊ ဒီနှစ်ထဲမှာတင် ကျွန်တော်တို့တိုက်တန်းတစ်ခုတည်းမှာ အိမ်ထောင်ပြုတဲ့ စုံတွဲ တစ်ဒါဇင်လောက် ရှိတယ်၊ အဒေါ်မာတို့ မိသားစုဆိုရင် ဒီနှစ်ထဲမှာတင် ချွေးမ သုံးယောက်တောင် ဝင်လာတော့မှာ”

စုဝေ့ချင်းက မျက်စောင်းထိုး၍ပြောလိုက်သည်။ တိုက်ခန်းအတွင်း မကြာမီ ဖြစ်ပေါ်လာတော့မည့် ဆူညံပွက်လောရိုက်မှုများကို သူ ကြိုတင် မြင်ယောင်နေမိ၏။

ယခင်က ချွေးမများအပေါ် အထင်သေးတတ်သော အဒေါ်မာက ယခုအချိန်တွင် ချွေးမကို အိမ်ထဲသို့ အရောက်ခေါ်ရန်သာ အလောတကြီး ဖြစ်နေခဲ့ရသည်။

“သုံးယောက်တောင်? သူမ ရူးနေတာလား၊ သူမရဲ့ တတိယမြောက်သားက ဆယ့်ကိုးနှစ်ပဲ ရှိသေးတာလေ!”

လော်ယွီရှို့က မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့က နှစ်သစ်ကူးတုန်းက ဇာတိရွာကို ပြန်သွားပြီး အသက်တွေကို ပြောင်းခဲ့ကြတယ်လေ၊ သားအလတ်နဲ့ အငယ်က အမြွှာတွေ ဖြစ်သွားကြတယ်တဲ့”

စုဝေ့မင်မှာလည်း စကားပင် မဆိုနိုင်တော့ပါချေ။ ထိုအဒေါ်မာမှာ အမှန်တကယ့်ကို ရဲတင်းလွန်းပြီး စုံစမ်းစစ်ဆေးခံရမည်ကိုပင် မကြောက်ပုံရသည်။

“ဒါက ဘာမှမဟုတ်သေးပါဘူး ခရိုင်မြို့ထဲက အခြေအနေတွေက ပို ကောင်းပါသေးတယ်၊ ပြည်နယ်မြို့တော်မှာဆိုရင် လုံးဝကို ရှုပ်ထွေးနေတာ”

All Chapters