← Chapters

အခန်း (၁၅၅)

Vol. 16 Ch. 155

အခန်း (၁၅၅)

Vol. 16 Ch. 155

စုဝေ့ဟိုင်အနေဖြင့် ပြည်နယ်မြို့တော်တွင် အစည်းအဝေး သွားတက်ချိန်က အသက် (40)နီးပါးရှိသော အိမ်ထောင်ကွဲအမျိုးသားတစ်ဦးကို အသက်ငယ်ပြီး ချောမောလှပသော အမျိုးသမီးငယ်တစ်ဦးက လက်ထပ်နေသည်ကို မြင်တွေ့ခဲ့ရသည်။

သို့သော်လည်း ထိုအမျိုးသားက အလွန်ပင် မာနကြီးလွန်းနေပြီး “ငါ မင်းကို လက်ထပ်တာကိုပဲ ကျေးဇူးတင်စမ်းပါ” ဟူ၍ ပြောနေသည့်ပုံစံမျိုး ဖြစ်နေခဲ့၏။

ထိုမြင်ကွင်းက စုဝေ့ဟိုင်အတွက် အတော်လေး အမြင်ကျယ်သွားစေခဲ့သည်။

ဝူလီတစ်ယောက် ထိုအကြောင်းကိုကြားလျှင် သူမကိုယ်သူမ ကံကောင်းသည်ဟု ခံစားလိုက်ရလေ၏။

ကံကောင်း၍သာ စုဝေ့ဟိုင်နှင့် စောစီးစွာ လက်ထပ်ခဲ့မိသည်။ သို့မဟုတ်ပါက နှစ်သစ်ကူးပြီးနောက်တွင် စုဝေ့ဟိုင်အတွက် ရွေးချယ်စရာအမျိုးသမီးများစွာ ရှိနေလာလိမ့်မည်။

တခြားနေရာများကို မဆိုထားနှင့်။ ဆေးဝါးစက်ရုံထဲတွင်ပင်လျှင် သူ့ကို လက်ထပ်လိုသော အလုပ်လက်မဲ့ အမျိုးသမီး ပညာတတ်များစွာ ရှိနေသည် မဟုတ်ပါလား။

“လောကကြီးက ဘာတွေ ဖြစ်နေတာလဲ”

လော်ယွီရှို့က သက်ပြင်းချလိုက်မိလေသည်။

သို့သော် သူမ နားလည်နိုင်ပေသည်။ သူတို့အားလုံးက မိဘများသာဖြစ်သည်မဟုတ်ပါလား။

ဘယ်သူကများ သားသမီးတွေကို ကျေးလက်ဘက်ကိုသွားပြီး ပညာတတ်လူငယ်အဖြစ် ဆင်းရဲဒုက္ခခံစေချင်ပါ့မလဲ။

ညစာစားပြီးနောက်တွင် စုဝေ့ဟိုင်က မိသားစုတစ်ခုလုံးကို အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။

လီရှန်းနှင့် လော်ယွီရှို့တို့မှာလည်း အမှန်တကယ်ပင် ပင်ပန်းနေကြပြီဖြစ်၍ အိမ်ကိုပင် သန့်ရှင်းရေး မလုပ်နိုင်တော့ဘဲ အဝတ်အစားများနှင့် ရေချိုးပစ္စည်းများကို ယူကာ အများသုံး ရေချိုးခန်းသို့ သွားခဲ့ကြလေ၏။

အများသုံး ရေချိုးခန်းတွင် လူသိပ်မများပါချေ။ ယောက္ခမနှင့် ချွေးမနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ခန္ဓာကိုယ် တိုက်ချွတ်ပေးရင်း ကူညီပေးခဲ့ကြသည်။

အိမ်ပြန်ရောက်ချိန်တွင် သူတို့၏ ဆံပင်များက ခြောက်သွေ့လုနီးပါး ဖြစ်နေချေပြီ။

လီရှန်းတစ်ယောက် အလွန်ပင် ပင်ပန်းနေသောကြောင့် ထိုင်ခုံပေါ်တွင် ထိုင်နေရင်းပင် ငိုက်မြည်းနေခဲ့တော့သည်။

“ဆံပင် စိုနေတုန်းကို မအိပ်နဲ့ဦး၊ ဘေးစောင်းလေး လှဲနေလိုက်၊ ကိုယ် တဘက်နဲ့ သုတ်ပေးမယ်”

စုဝေ့ချင်းက သူမ၏အခြေအနေကို ကြည့်ကာ စိတ်မကောင်းဖြစ်နေခဲ့ရသည်။ သူသည်က သူမကို အဝတ်အစားလဲခိုင်းပြီး ခုတင်အစွန်းတွင် ဆံပင်များ ချထားကာ ဘေးစောင်း လှဲနေစေခဲ့၏။

ထို့နောက် သူက ခုံအနိမ့်လေးကို ယူကာ ခာတင်ဘေးတွင် ထိုင်ကာ ခြောက်သွေ့သော တဘက်ဖြင့် သူမ၏ ဆံပင်များကို ဂရုတစိုက် သုတ်ပေးနေခဲ့လေသည်။

အပူပေးစက်လေးကိုလည်း ဘေးနားသို့ ရွှေ့ထားခဲ့သော်လည်း အလွန်အမင်းပူပြီး ဆံပင်များ လောင်သွားမည်စိုးသောကြောင့် အနည်းငယ်လောက် ဝေးသောအကွာအဝေးတွင်သာ ထားပေးခဲ့၏။

လီရှန်း၏ ဆံပင်များက အလွန်လှပသောကြောင့် စုဝေ့ချင်းအနေဖြင့် လောင်ကျွမ်းသွားမှာကို မကြည့်ရက်ပါချေ။

လီရှန်းက အလွန် ငိုက်မြည်းနေပြီး တစ်စုံတစ်ဦးက သူမ၏ ဦးခေါင်းကို ထိတွေ့ပေးနေသောကြောင့် ပို၍ပင် သက်သောင့်သက်သာရှိစွာ ခံစားနေရသည်။

သူမက မျက်လုံးများကို မှိတ်ထားရင်း စုဝေ့ချင်း၏ ‘ခေါင်းနှိပ်ပေးမှု’ ကို ခံယူနေသော်လည်း အားယူ၍ မေးလိုက်လေသည်။

“လီမိသားစုရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ”

“အထည်လိပ်စက်ရုံက မြေနေရာလဲလှယ်ဖို့ လုပ်နေတယ်လေ၊ လီဟုန်ကျွင့်က စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးဖို့ ကူညီပေးပါဦးဆိုပြီး မင်းရဲ့ ဦးလေးနောက်ကို နေရာအနှံ့ လိုက်ရှာနေတယ်”

“သူကတော့ အိပ်မက်မက်နေတာပဲ”

လီရှန်းအနေဖြင့် တစ်ခါမျှ ကျိန်ဆဲလေ့မရှိသော်လည်း ယခုတွင်တော့ လီဟုန်ကျွင့်က ဤမျှအထိ အရှက်မရှိဘဲ ကျန်းကျူးရိထံ အကူအညီတောင်းရဲလိမ့်မည်ဟု သူမ ထင်မထားခဲ့သည့်အတွက် ဒေါသထွက်စွာ ပြောမိခဲ့ရသည်။

“သူတို့မှ တခြားလမ်းလုံးဝမရှိတော့လို့ ဖြစ်မယ်”

စုဝေ့ချင်းကတော့ လီဟုန်ကျွင့်၏ စိတ်အခြေအနေကို နားလည်ပေးနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဤသို့သောခေတ်ကြီးထဲတွင် သီးသန့်အိမ်တစ်လုံးပိုင်ဆိုင်နိုင်ရန်ဆိုသည် ဝန်ထမ်းအမြောက်အမြားရှိသည့် စက်ရုံကြီးတစ်ခုတွင် မလွယ်ကူပါချေ။

လီဟုန်ကျွင့် ယခင်က နေထိုင်ခဲ့သည့် ကေဒါများအတွက် သီးသန့်ဝင်းလေးမျိုးဆိုလျှင် ပို၍ပင် ခက်ခဲလွန်းပေသည်။

“ခြံဝင်းနဲ့နေဖို့ကိုမပြောနဲ့၊ သူ့ကို အဆောင်ကြီးတွေမှာတောင် ဘယ်တော့မှ နေခွင့်မရစေရဘူး”

လီရှန်း၏ အမည်မှ ရှန်းမှာ “ကောင်းမြတ်ခြင်း” ဟု အဓိပ္ပာယ်ရသော်လည်း သူမကိုယ်သူမ လူကောင်းတစ်ယောက်ဟုတော့ မသတ်မှတ်ထားပါချေ။

“သားအဖအဖြစ်ကနေ အဆက်အသွယ်ဖြတ်ကြောင်း ကြေညာချက်က သတင်းစာထဲမှာ ပါလာပြီလား”

“မနေ့ကပဲ ပါလာတာ၊ အခုလောက်ဆို အထည်လိပ်စက်ရုံက လူတိုင်း သိနေကြပြီ ထင်တယ်”

မဟုတ်ပါချေ။ တစ်ပြည်နယ်လုံးမှ လူများ သိသွားကြခြင်း ဖြစ်ပေသည်။

စုဝေ့ချင်းက ပြည်နယ်သတင်းစာထဲတွင် တိုက်ရိုက်ပါဝင်အောင် လုပ်ဆောင်ခဲ့ပြီး သတင်းစာထဲတွင် အမြန်ဆုံးပါလာရန်အတွက် စကားကောင်းများစွာလည်း ပြောခဲ့ရသေး၏။

အမှန်စင်စစ် မိဘအရင်းနှင့် အဆက်အသွယ်ဖြတ်ခြင်းမှာ ကဲ့ရဲ့ဖွယ်ရာ ဖြစ်သော်လည်း ထိုဖခင်ဖြစ်သူမှာ “နိုင်ငံရေးပြစ်မှုမလွတ်ကင်းသူ “တစ်ဦး ဖြစ်နေပါက အခြေအနေက ပြောင်းလဲသွားပေလိမ့်မည်။

အထူးသဖြင့် စုဝေ့ချင်းသည်က အမျိုးသမီးငယ်လေးတစ်ဦး၏ ငယ်စဉ်မှ အရွယ်ရောက်သည်အထိ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို အသေးစိတ် ဆောင်းပါးတိုလေးပင် ရေးသားခဲ့သေးသည်။

ထိုကဲ့သို့ ပြတ်ပြတ်သားသား အဆက်အသွယ်ဖြတ်ခြင်းမှာ စက်ဆုပ်ဖွယ်ရာ မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် လူများကို အလွန်ပင် ရင်နာမိစေခဲ့၏။

ထို့ကြောင့် လီရှန်း၏ ရွေးချယ်မှုမှာ ကျေးဇူးကန်းခြင်း မဟုတ်တော့ဘဲ အမှောင်ကိုစွန့်၍ အလင်းကိုဆောင်ခြင်းသာ ဖြစ်ခဲ့သည်။

“ပြည်နယ်မြို့တော်မှာတောင် သတင်းစာဝယ်ဖို့ ခက်တယ်၊ ခရိုင်မြို့တွေမှာဆိုရင် စက်ရုံဝန်ထမ်း အဆင့်အတန်းရှိတဲ့ ကေဒါတွေလောက်ပဲ တစ်စောင်၊ နှစ်စောင် ဝယ်ဖတ်ကြတာလေ”

“ဒါဆိုရင် လီဟုန်ကျွင့်က မမြင်ရဘူးပေါ့”

လီရှန်းက မှိတ်ထားသော မျက်လုံးများကို ဖွင့်ကာ အလျင်အမြန်ပင် ထထိုင်လိုက်၏။

“ဘာလို့ ထထိုင်တာလဲ၊ ပြန်လှဲပါဦးကွာ”

စုဝေ့ချင်းက မတ်တပ်ရပ်ကာ သူမ၏ ပုခုံးကို ဖိ၍ ပြန်လှဲစေပြီးနောက် ဆက်ပြောသည်။

“စိတ်မပူပါနဲ့၊ သူ သေချာပေါက် မြင်ရမှာပါ.. သတင်းကောင်း နားထောင်ချင်တဲ့လူတွေက သူ့ဆီကို သတင်းစာ သွားပေးကြမှာပဲလေ”

လီရှန်း : “...”

ဒါကတော့ ကျိုးကြောင်းဆီလျော်လွန်းတယ်။

လီဟုန်ကျွင့်က လူချစ်လူခင် သိပ်ပေါသူ မဟုတ်သည့်အတွက် သူ့ကို မနှစ်သက်သူများစွာ ရှိနေသည် မဟုတ်ပါလား။

“သူတော့ တကယ့်ကို ဒေါသထွက်နေတော့မှာပဲ”

သတင်းစာကို မြင်လိုက်ရချိန်တွင် ဖြစ်ပေါ်လာမည့် လီဟုန်ကျွင့်၏ မျက်နှာထားကို တွေးမိပြီး လီရှန်း ပျော်ရွှင်သွားရသည်။

သူမက ခုတင်အစွန်းတွင် မှောက်လျက်လှည့်ကာ စုဝေ့ချင်းကို ခေါင်းစောင်းကြည့်ရင်း ပြောလိုက်လေ၏။

“ကျွန်မက နည်းနည်းလောက် ယုတ်မာတယ်လို့ ရှင် မထင်ဘူးလား”

“ယုတ်မာတယ်?”

စုဝေ့ချင်းက သူမ၏စကားကို နားမလည်သကဲ့သို့ ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

“အဖေအရင်းက ဒုက္ခရောက်နေတာကို ကျွန်မက ဝမ်းသာနေတာလေ”

“အရင်တုန်းက သူ မင်းအပေါ် လုပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ရင် အခုလို အဆက်အသွယ် ဖြတ်လိုက်တာကပဲ အတော်လေးကို သနားညှာတာရာ ရောက်နေပါပြီ”

စုဝေ့ချင်း မျက်လွှာချလိုက်ပြီး လီရှန်း၏ မျက်နှာကို လက်ဖြင့်အုပ်ကိုင်ကာ သူမ၏ ပန်းရောင်သန်းနေသော နှုတ်ခမ်းလေးကို ပြင်းပြင်းပြပြ နမ်းရှိုက်လိုက်သည်။

သူမက လုံးဝ “မယုတ်မာ” ကြောင်းကို သူ၏ လုပ်ရပ်ဖြင့် သက်သေပြလိုက်ခြင်းပင်။

ဆန့်ကျင်ဘက်အနေဖြင့် ယခုအချိန်တွင် သူမက အလွန်ပင် လှပနေသည်ဟုပင် သူ ထင်မြင်မိလေ၏။

“ကိုယ်သာ မင်းနေရာမှာဆိုရင် မင်းထက်တောင် ပိုပြီး ယုတ်မာမိမှာ”

စုဝေ့ချင်းက သူကိုယ်သူ လူကောင်းတစ်ယောက်ဟု တစ်ခါမျှ မသတ်မှတ်ခဲ့ပါချေ။

သူက အပြင်ပန်းတွင် ပျင်းရိပုံရသော်လည်း အမှန်တကယ်တွင်တော့ အတော်လေး အငြိုးအတေးကြီးသူတစ်ဦး ဖြစ်ပေသည်။

“အိုး... ရှင်သာဆိုရင် ဘာလုပ်မှာလဲ”

လီရှန်းလည်း စိတ်ဝင်စားသွားကာ စုဝေ့ချင်း၏ လည်ပင်းကို လက်ဖြင့် သိုင်းဖက်လိုက်၏။

စုဝေ့ချင်း အနည်းငယ်လောက် စိတ်အာရုံ ထွေပြားသွားရသည်။

အသစ်စက်စက် ဇနီးမောင်နှံလေးက လဝက်ခန့် ခွဲနေခဲ့ရသည် မဟုတ်ပါလား။

လောကကြီးမှာ သူ့လောက် ဆာလောင်နေတဲ့ ယောက်ျား နောက်တစ်ယောက် ရှိတော့မယ်မထင်ဘူး။

ယခုတွင် အရသာရှိလှသော စားသောက်ပွဲကြီးက သူ၏ရှေ့မဝတွင် ရှိနေသော်လည်း ဇနီးသည်၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်နှင့် စိတ်ကို ငဲ့ညှာနေရသောကြောင့် စိတ်ကြိုက် မစားသုံးနိုင်သေးပါချေ။

သူ၏ မျိုးရိုးအမည်မှာ စုမဖြစ်သင့်ဘဲ လျို့သာ ဖြစ်သင့်ပေသည်။ သူ၏ အမည်မှာလည်း စုဝေ့ချင်း မဟုတ်ဘဲ လျို့ရှဟွေ့ သာ ဖြစ်သင့်တော့ပေသည်။

( t/n_ ရှေးတရုတ်ရာဇဝင်ထဲက စိတ်ကို အရမ်းထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်]

“ကိုယာ သာဆိုရင်...”

စုဝေ့ချင်း၏ စိတ်အာရုံများက ဝေဝါးနေသော်လည်း ပါးစပ်ကတော့ မေးခွန်းကို ပြန်လည်ဖြေနေဆဲပင်။

“ဟင်?”

လီရှန်းက သူ၏ နားရွက်ကို ထပ်မံ ထိတွေ့လိုက်ပြန်သည်။

စုဝေ့ချင်း : “...”

ဒီလိုမျိုးကို ဘယ်သူက တောင့်ခံနိုင်မှာလဲ။

သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ချောင်းတစ်ချက် ခပ်ဖွဖွဆိုးလိုက်ပြီး စိတ်ကို အနည်းငယ် ပြန်လည် စုစည်း၍ ပြောလိုက်လေ၏

“သူ့ရဲ့ အရင်နေရာကိုပဲ ပြန်ပို့လိုက်မှာ”

လီရှန်းက အံ့အားသင့်စွာ ရေရွတ်လိုက်လေ၏။

“ဟင်! သူ့ရဲ့ ဇာတိက ရွာလေးတစ်ရွာပဲဆိုပေမဲ့ အဲဒီရွာက ချမ်းသာတဲ့ ရွာတစ်ရွာပဲ”

ထိုနေရာက အမှန်တကယ်ပင် မြေဩဇာ ကောင်းမွန်လှပြီး ရွာလူကြီးများမှာလည်း အလွန်ပင် အားကိုးရကြသူများ ဖြစ်ပေသည်။

အခက်ခဲဆုံးသော နှစ်၊ လနှင့် ရက်များအတွင်းမှာပင် ရွာလူကြီးများက တစ်ဧကလျှင် ပိဿာပေါင်း သောင်းချီ ထွက်နှုန်းရှိအောင်လုပ်နိုင်သည်ဟု ဆိုလျှင်အလွန်အကျွံ ကြွားဝါခြင်းမဟုတ်ပါချေ။

ရလဒ်အနေဖြင့် ထိုနှစ်များအတွင်း သူတို့ရွာမှာ တခြားသော ဆွေမျိုးမိတ်ဆွေ၏ အမြတ်ထုတ်ခြင်းကို ခံခဲ့ရသော်လည်း လူသားများကောင်းသည့်အတွက် ကောင်းကင်ဘုံမှ ကြည့်ရှုပေးသည်ဟူသို စကားကဲ့သို့ပင် ဖြစ်ခဲ့ရသည်။

အခြေအနေများ ပြန်လည် ကောင်းမွန်လာချိန်တွင် တစ်ဖက်မှလည်း ကျေးဇူးဆပ်ရန် ရောက်ရှိလာခဲ့ကြလေသည်။

ထို့ကြောင့်ပင် ထိုရွာက ချမ်းသာသော ရွာတစ်ရွာဖြစ်နေသည်ပင်။

“ဒါပေမဲ့ ခရိုင်မြို့လောက်တော့ မကောင်းဘူးလေ၊ မဟုတ်ရင် ဘယ်သူကများ ခရိုင်မြို့ကို လာပြီး အလုပ်ကြမ်းသမား လုပ်ချင်ပါ့မလဲ”

အချမ်းသာဆုံးသော ရွာများပင်လျှင် စုပေါင်းပိုင်ဆိုင်မှုများသာ ဖြစ်သည်။

တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လယ်ထွန်ပြီးနောက်တွင်ပင် အဖွဲ့အစည်းက ငွေနှင့် ရိက္ခာ ခွဲဝေပေးသည်ကို စောင့်ဆိုင်းကြရသေး၏။

ယခုကဲ့သို့ အလုပ်သမား ဖြစ်ရသည်နှင့် လုံးဝ မတူပါချေ။

ဤစက်ရုံတွင်ဆိုပါက ပုံသေသတ်မှတ်ထားသော လစာ ရရှိရုံတင်မကဘဲ အိမ်ထောင်စုစာရင်းမှာလည်း စက်ရုံတွင် ရှိနေသောကြောင့် လစဉ် ရိက္ခာ ထောက်ပံ့မှုကိုလည်း ရရှိကြသည် မဟုတ်ပါလား။

“ဒါလည်း ဟုတ်တာပဲ”

လီရှန်းကလည်း ဤအချက်ကို အသိအမှတ်ပြုလိုက်၏။

သူမက နှစ်စဉ် နှစ်သစ်ကူးကာလတိုင်းတွင်သာ ပြန်လေ့ရှိသောကြောင့် ထိုရွာအကြောင်း အနည်းငယ်သာ သိရှိပေသည်။

တကယ်တမ်းတွင် ထိုရွာကို ချမ်းသာသောရွာဟု သူမ ထင်မြင်မိခြင်းမှာလည်း ထိုရွာတွင် စကားပြော အလွန်ကောင်းသော အဖွဲ့ခေါင်းဆောင်တစ်ဦး ရှိနေသောကြောင့်ပင်။

ယခု ပြန်စဉ်းစားကြည့်လျှင် တခြားရွာများနှင့် သိပ်ပြီး ကွာခြားပုံမရပါချေ။ ထို့အပြင် ထိုတပ်မဟာအဖွဲ့ခေါင်းဆောင်သည်က လီဟုန်ကျွင့်ကို ရွာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားသောကြောင့် ရွာ၏ အရေးကိစ္စများကိုပင် လီဟုန်ကျွင့်နှင့် ဆွေးနွေးရသည်ကို နှစ်သက်လေ့ရှိပေသည်။

“ဒါပေမဲ့ ဒါက ခက်ခဲမှာပဲမလား”

All Chapters