အခန်း (၁၅၆)
Vol. 16 Ch. 156
တော်လှန်ရေးကော်မတီက လီဟုန်ကျွင့်ကို ဖမ်းဆီးပြီး ရက်အနည်းငယ်ခန့် ထိန်းသိမ်းခဲ့သည်။ သူ ပြန်လာချိန်တွင် စက်ပြင်ဆရာမှ အိမ်သာကျုံးသူအဖြစ် ပြောင်းလဲသွားသော်လည်း လက်တွေ့တွင်တော့ သူသည် အထည်အလိပ်စက်ရုံ၏ ဝန်ထမ်းတစ်ဦး ဖြစ်နေဆဲပင်။
“တကယ်ပဲ ခက်ခဲတယ်”
စုဝေ့ချင်းက လီရှန်း၏ ခါးလေးကို ပုတ်ကာ လက်ကို လွှတ်ခိုင်းလိုက်ပြီးနောက် လီရှန်းကို စောင်ဖြင့် ပတ်ပေးလိုက်၏။
သူကတော့ အပူထိန်းဗူးထဲမှ ရေနွေးများကို လောင်းထည့်ကာ ခြေထောက်ကို ရေနွေးစိမ်ရန် ပြင်ဆင်လိုက်လေသည်။
“သူက စက်ရုံမှာ လုပ်သက် အတော်လေး ကြာနေပြီလေ၊ သူက ပြစ်မှုမကင်းတဲ့ဖြစ်သွားပေမဲ့ သူရဲ့ ပြစ်မှုကို အတိအကျ သတ်မှတ်ဖို့ကျတော့ ခက်နေတယ်၊
ပြောရရင် အထည်လိပ်စက်ရုံက တချို့လူတွေက သူ့ကို အပြစ်မရှိဘူးလို့ ထင်နေကြတာလည်း ပါမှာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းက သူရဲကောင်းရဲ့ သမီးဖြစ်ပေမဲ့ သူ့ရဲ့ သမီးလည်း ဖြစ်နေတာပဲလေ၊
တချို့လူတွေရဲ့ အမြင်မှာတော့ သူ မင်းအပေါ် ဘာပဲလုပ်လုပ် သူက မင်းကို အသက်ပေးထားတဲ့သူဖြစ်လို့ ဒါက သူ လုပ်သင့်လုပ်ထိုက်တာလို့ ထင်နေကြမှာပဲ”
လီရှန်းက နှာခေါင်းရှုံ့ပြီး ပြောလိုက်လေ၏။
“ကျွန်မကို အသက်စွန့်ပြီး မွေးဖွားပေးခဲ့တာက ကျွန်မအမေပဲ၊ သူကတော့ ခဏတာလောက် ပျော်ရွှင်မှုကို ခံယူပြီး ကိစ္စနည်းနည်းလောက်အတွက်ပဲ ပါဝင်ခဲ့တာပါ”
စုဝေ့ချင်းတစ်ယောက် လည်ပင်းကို ကျုံ့လိုက်မိ၏။
မှန်ပေသည်။ ကလေးရယူခြင်း ကိစ္စတွင် အမျိုးသားများက အမှန်တကယ်ပင် အခွင့်ထူးခံအဖြစ်သာ ရှိနေကြသည် မဟုတ်ပါလား။
[ဒါဆိုရင် နောင်တစ်ချိန် ရဲဘော်လီရှန်း ကိုယ်ဝန်ရှိလာတဲ့အချိန် ကိုယ်ဝန်ဆောင်အတွက် ဝေဒနာတွေ အားလုံးကို မင်းဆီကို ပြောင်းလိုက်ရင် ဘယ်လိုလဲ?]
ရုတ်တရက်ပင် စနစ်၏ အသံက သူ၏ စိတ်ထဲသို့ ရောက်ရှိလာတော့သည်။
စုဝေ့ချင်းက လီရှန်းကို မသိမသာ ခိုးကြည့်လိုက်မိပြီး အနည်းငယ် အံ့အားသင့်သွားရ၏။
စနစ်မှာ ယခင်က လီရှန်းရှေ့တွင် စကားပြောရန် အလွန်ကြောက်ရွံ့ခဲ့သည်ပင်။ ယခု အဘယ်ကြောင့် မကြောက်တော့သသည်လဲ။
[အခု စနစ်ကလည်း အဆင့်မြှင့်တင်လို့ ရနေပြီလေ၊ ဟုတ်ပြီလား]
ထူးဆန်းသော အီလက်ထရွန်နစ် အသံမှာ ပြောင်းလဲခြင်းမရှိသော်လည်း စကားပြောဆိုသည့် လေသံကတော့ ယခင်ကထက် များစွာ ပို၍ သက်ဝင်လှုပ်ရှားလာခဲ့သည်။
စနစ်က တကယ်ပဲ အဆင့်မြှင့်တင်လိုက်တာလား။
လီရှန်းအနေဖြင့် စနစ်၏အသံကို ကြားလိုက်ရသော်လည်း မကြားချင်ယောင်ဆောင်ကာ လီဟုန်ကျွင့်ကိုသာ ဆက်လက်၍ အပြစ်တင်နေခဲ့သည်။
“သူက ကိုယ်ကျင့်တရား ပျက်ပြားပြီး ယုတ်မာတဲ့ လူစားမျိုးပဲ၊ ကျွန်မ ထုန်လင်းကိုတောင် အဲဒီလောက်အထိ မမုန်းဘူး
သူမက ကျွန်မရဲ့ မိထွေးလေ၊ သူမအပေါ် ဘာမျှော်လင့်ချက်မှလည်း မရှိသလို ဘာတောင်းဆိုချက်မှလည်း မရှိဘူး ဒါပေမဲ့ လီဟုန်ကျွင့်ကျတော့...”
သူမ အံကို တင်းတင်းကြိတ်လိုက်ရင်းပြောလိုက်လေ၏။
“သူ့ကိုတော့ ကျွန်မ တစ်သက်လုံး ခွင့်မလွှတ်နိုင်ဘူး”
စုဝေ့ချင်းက သူမကို အမြန်ပင် ပွေ့ဖက်ထားလိုက်လေ၏။
“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကိုယ်တို့နှစ်ယောက်လုံး ခွင့်မလွှတ်ဘဲနေကြတာပေါ့”
ထိုနူးညံ့သော အသံတို့ဖြင့် ချော့မော့ခံလိုက်ရသောကြောင့် လီရှန်း၏ မျက်ဝန်းများမှာ အနည်းငယ် ပူစပ်လာရတော့သည်။ သူမ စုဝေ့ချင်း၏ ပုခုံးပေါ်တွင် မျက်နှာအပ်ကာ ခဏမျှ ငြိမ်သက်စွာ မှီနေပြီးမှ ပြန်လည်ပြောဆိုလိုက်သည်။
“ရှင် အခုနက ခြေထောက်သုတ်တဲ့ လက်နဲ့ ကျွန်မရဲ့ မျက်ရည်တွေကို သုတ်လိုက်တာလား”
စုဝေ့ချင်း : “...မင်းကတော့ တကယ့်ကို အချိန်အခါ မသိတတ်တာပဲ”
ခုနက အခြေအနေလေးက တကယ့်ကို ကြည်နူးစရာ ကောင်းနေတာလေ။
“မဟုတ်ဘူး၊ ကျွန်မ သိရမှဖြစ်မယ်၊ ရှင့်မှာ ခြေဆီအနံ့တွေ ဘာတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ”
“မရှိပါဘူး!”
စုဝေ့ချင်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် ခြေထောက်ကို ချက်ချင်းပင် မြှောက်ပြလိုက်သည်။
“ကြည့်လိုက်လေ.. ကိုယ့်ရဲ့ခြေထောက်မှာ အသားမာတောင် မရှိဘူးနော်”
ဘယ်မှာသွားပြီး အနံ့ရှိမှာလဲ။ သူက သန့်ရှင်းသပ်ရပ်တဲ့ ယောက်ျားတစ်ယောက်ပဲ။
နောက်ပြီး သူက ဆေးဝါးစက်ရုံမှာ ကြီးပြင်းလာတာလေ!
သူ၏ ရယ်စရာကောင်းသော အမူအရာကို မြင်သောကြောင့် လီရှန်း ရယ်မောမိသွားတော့သည်။
သို့သော် သူမက အမှန်တကယ်ပင် အိပ်ငိုက်နေပြီဖြစ်၍ သူ၏လက်ကို လွှတ်လိုက်ပြီး စောင်ထဲသို့ ပြန်ဝင်လိုက်သည်။
“သွားလေ... ရေချိုးပြီး စောစောအိပ်တော့.. ကျွန်မ တကယ်အိပ်ချင်နေပြီ၊ မနက်ဖြန် အလုပ်သွားရဦးမယ်”
“အင်း အိပ်လိုက်တော့၊ ကိုယ် သွားချိုးလိုက်ဦးမယ်”
သူမက မျက်စိပင် မဖွင့်နိုင်လောက်အောင် အိပ်ငိုက်နေသည်ကို မြင်ချိန်တွင် စုဝေ့ချင်းက သူမကို စောင်သေချာခြုံပေးလိုက်ပြီးမှ ရေချိုးရန်အတွက် အပူထိန်းဗူးကို ယူကာ ထွက်လာခဲ့လေသည်။
အခန်းထဲမှ ထွက်လာသည်နှင့် စနစ်က ထပ်မံ ပေါ်လာပြန်သည်။
[ငါ့ရဲ့ အကြံပြုချက်ကို ဘယ်လိုသဘောရလဲ?]
“အဲလိုသာဖြစ်နိုင်ရင် အရမ်းကို ကောင်းတာပေါ့၊ ရှန်းရှန်းကို ကိုယ်ဝန်ဆောင်ရတဲ့ ဝေဒနာတွေကနေ တကယ်ကြီး ကာကွယ်ပေးနိုင်မယ်ဆိုရင်တော့ အံ့ဩစရာပဲ”
စုဝေ့ချင်းက သူ၏နှလုံးသားထဲမှစကားကို ဆိုလိုက်ခြင်း ဖြစ်ပေသည်။
သူ၏ မရီးဟောင်း ကလေးမွေးသည်ကို သူ မြင်တွေ့ခဲ့ဖူးပေ၏။ ဤသည်မှာ အလွန်ပင် ခက်ခဲလွန်းသည်။
အန်ချင်သကဲ့သို့ ဖြစ်ခြင်း၊ အိပ်ငိုက်ခြင်းတို့အပြင် ကိုယ်ဝန်ဆောင်ကာလ နောက်ပိုင်းတွင် ခြေထောက်များ ဖောယောင်ခြင်းနှင့် ကြွက်တက်ခြင်း ဝေဒနာများကိုပါ ခံစားရတတ်သည် မဟုတ်ပါလား။
ဆိုရလျှင် ဤသည်မှာ အလွန်ပင် ပင်ပန်းဆင်းရဲလွန်းပေသည်။
“ရဲဘော်လီရှန်း ကိုယ်ဝန်ရှိလာတဲ့အချိန် ငါ ကူညီပေးမှာပေါ့”
စနစ်က ၎င်း၏ နှလုံးသားထဲမှ ဝမ်းသာမှုကို ထိန်းချုပ်ထားကာ လေသံကို အမြဲတမ်းရှိနေသကဲ့သို့ တည်ငြိမ်စွာ ထားခဲ့လေသည်။
စုဝေ့ချင်းက အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် စနစ်”
“ဝေ့ချင်း?”
ရုတ်တရက် အနောက်ဘက်မှ စုဝေ့မင်၏ အသံ ထွက်ပေါ်လာခဲ့သည်။
“ညဉ့်နက်သန်းခေါင်ကြီး မအိပ်ဘဲနဲ့ ဘာတွေဖြစ်နေတာလဲ၊ ညဘက်ကြီးမှာ တစ်ယောက်တည်း ဘာတွေ တိုးတိုးတိုးတိုး ပြောနေရတာလဲ”
“ရှန်းရှန်း အိပ်ပျော်သွားလို့ ကျွန်တော် အပြင်ထွက်ပြီး စာခဏလောက် လေ့လာမလို့ပါ”
စုဝေ့ချင်းက ခေါင်းကို လှည့်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး စုဝေ့မင်ကို တစ်ချက်ကြည့်လိုက်သည်။
“အဖေရော ဘာလို့ မအိပ်သေးတာလဲ”
စုဝေ့မင်က ဂွမ်းကပ်အင်္ကျီကို ခြုံလျက် စုဝေ့ချင်း၏ ဘေးတွင် ရပ်ကာ ဆေးလိပ်တစ်လိပ်ကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်သည်။
“ဆေးလိပ်တစ်လိပ်လောက် သောက်မလို့”
ထိုသားအဖနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
သူတို့ နှစ်ဦးက တစ်ဦး၏ မျက်လုံးထဲတွင် နောက်တစ်ဦး၏ နားလည်မှုကို မြင်လိုက်ကြရသည်။
ဟင်း... တကယ့်ကို ဆင်းရဲဒုက္ခရောက်စေပဲ!
သူတို့လည်း မျိုးရိုးအမည်ကို လျို့လို့ပဲ ပြောင်းလိုက်သင့်ပြီ!
[T/n - ရှေးတရုတ်ရာဇဝင်တွင် စိတ်ကို အလွန်ထိန်းချုပ်နိုင်သော ပုဂ္ဂိုလ် လျို့ရှအောက်ဟွေ့ကို ရည်ညွှန်းတာပါ]
လီရှန်းတစ်ယောက် ထိုညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသော်လည်း စုဝေ့ချင်း၏ မျက်လုံးအောက်တွင်တော့ အမည်းရောင်ကွင်းများ ရှိနေပြီး နွမ်းလျပုံရပေသည်။
မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရသောကြောင့် ဖြစ်ပေလိမ့်မည်။
လော်ယွီရှို့က သူ့ကို မြင်ချိန်တွင် သူ၏ နောက်ကျောကို နှစ်ချက်မျှ မသိမသာ ပုတ်လိုက်မိ၏။
သို့သော် သူမ နားလည်ပေးနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ သူကို့က လက်ထပ်ပြီးကာစဖြစ်ကာ ခွဲနေရသည်ကလည်း ကြာသွားခဲ့သည်။
လူငယ်လေးများတွင် အားအင်များလည်း ရှိနေကြသည်ဖြစ်၍ တစ်ဦးနှင့်တစ်ဦး ခွဲမရအောင် ဖြစ်နေကြကြသည်မှာ သဘာဝပင် မဟုတ်ပါလား။
ဒါပေမဲ့လည်း...
ငါ့သားရဲ့ ကျန်းမာရေးကတော့ အရမ်းကို အားနည်းလွန်းနေပြီ။
လော်ယွီရှို့က လီရှန်း၏ ဖြူစင်ဝင်းပကာ ပန်းရောင်သမ်းနေသော မျက်နှာနှင့် တောက်ပနေသော မျက်ဝန်းများကို ကြည့်လိုက်သည်။
လီရှန်းက သူမ၏သားထံမှ အသက်စွမ်းအားများကို စုပ်ယူလိုက်သည့် မိစ္ဆာမလေးတစ်ဦးနှင့် တူနေပြီး၊ သူမ၏သားကတော့ အရည်အချင်းကုန်ခမ်းလုနီးပါး ဖြစ်နေသည့် ကြာပန်းဖြူလေးတစ်ပွင့်နှင့် တူနေသည်ဟူ၍ တွေးမိလိုက်လေသည်။
လော်ယွီရှို့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် စုဝေ့မင်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
“ရှင် ပြောကြည့်... ကျွန်တို့တွေ ဝူလီကို ဝက်ကျောက်ကပ်လေး ဘာလေး ရနိုင်မလားလို့ စုံစမ်းခိုင်းထားသင့်လား၊ အဲဒါလေးတွေ ရှိရင် ဒီမနက် ရှင့်တို့ သားအဖအတွက် စွပ်ပြုတ်လေး ချက်ပေးဖို့ ဝယ်ထားရအောင်”
စုဝေ့မင် : “...”
ဒါက ဘာကို ဆိုလိုတာလဲ။
သူ့မိန်းမက သူ့ကို အလုပ်ကို ကြိုးကြိုးစားစား မလုပ်ဘူးလို့ ထင်နေတာလား။
မနေ့က သူမကို စိတ်မကောင်းဖြစ်ခဲ့တာ မှားသွားပြီပဲ။ သူ သူမကို ပိုပြီးတော့တောင် နှိပ်စက်ခဲ့သင့်တာ!
စုဝေ့မင်၏ ဖြူစင်ရိုးသားသော နှလုံးသားမှာ ကြေကွဲလုနီးပါး ဖြစ်သွားရပေသည်။
သူသည်က အိမ်ထောင်သက် နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး သားသမီး လေးဦးတောင် ရှိနေသော်လည်း နောက်ဆုံးတွင်တော့ အနှိမ်ခံနေရဆဲပင်။
လောကကြီးမှာ ဒီလို အကြောင်းပြချက်မျိုးကြောင့် စိတ်မထိခိုက်တဲ့အမျိုးသား မရှိနိုင်ဘူး။
သူ တကယ့်ကို မတရား ခံစားနေရတာပဲ!
လော်ယွီရှို့က သူ့ကို ထပ်မံ တွန်းလိုက်ပြန်သည်။
“ဝေ့ချင်းကိုလည်း ကြည့်ဦး၊ မျက်လုံးတွေက ညိုနေပြီ၊ လူငယ်လေးတွေကတော့.. နည်းနည်းပါးပါး ကိုယ့်ကိုယ်ကိုယ် ထိန်းဦးမှပေါ့”
“ဟမ်?”
စုဝေ့မင်က သားဖြစ်သူကို လှမ်းကြည့်လိုက်ပြီးနောက် အလေးအနက် ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“အမှန်ပဲ!”
ဒါဆို ခံစားချက်တွေက သူ့ဆီကို ဦးတည်နေတာ မဟုတ်ဘူးပေါ့။
သူ ချက်ချင်းပင် ပြောလိုက်သည်။
“ရှောင်ဝူကို စုံစမ်းခိုင်းလိုက်ပါဦး၊ ပြီးတော့ အိမ်ကိုပါ သယ်သွားဖို့ ပိုဝယ်ထားလိုက်ရမယ်”
သူလည်း အားရှိအောင် နည်းနည်းလောက် စားဦးမှဖြစ်မယ်။
လီရှန်း အားလပ်ရက်ပြီးနောက် အလုပ်ပြန်ဝင်သည့်အချိန်တွင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖန်ထုံထံမှ သကြားလုံးများကို လက်ခံရရှိခဲ့သည်။
“မင်္ဂလာသကြားလုံးတွေလား”
ဖန်ထုံက ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်၊ ငါ လူလွတ်အဆောင်ကနေ ထွက်ပြီး ဝန်ထမ်းအိမ်ရာကို ပြောင်းလိုက်ပြီ၊ နင့်ရဲ့ အစ်ကိုကြီးနဲ့ ယောက်မတို့ရဲ့ အိမ်နဲ့လည်း အရမ်းနီးတယ်၊ သူတို့က တတိယထပ်မှာနေပြီး ငါတို့က ဒုတိယထပ်မှာနေတာလေ”
ဒါက တကယ့်ကို နီးကပ်လွန်းတာပဲ။
စုဝေ့ဟိုင်ကို ချထားပေးခဲ့သော ဝန်ထမ်းအိမ်ရာတိုက်မှာ သုတေသနဌာနမှ သုတေသီများသာ အများဆုံး နေထိုင်ကြခြင်း ဖြစ်၏။ ဖန်ထုံ၏ အိမ်ထောင်ဖက်မှာလည်း သုတေသီတစ်ဦး ဖြစ်၍ သူတို့ လက်ထပ်ပြီးနောက်တွင် ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။
“အခုတော့ အရင်ကထက်စာရင် ညနေဘက် လမ်းလျှောက်ထွက်ရတာ ပိုပြီး လွတ်လပ်သွားပြီ”
အမျိုးသမီးဆောင်တွင် လူတိုင်းက လူလွတ် အမျိုးသမီးငယ်များ ဖြစ်ကြသောကြောင့် စက်ရုံဘက်က သူတို့၏ လုံခြုံရေးအတွက် ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်ထားလေ့ရှိသည်။
ဝန်ထမ်းအိမ်ရာက မိသားစုအလိုက် နေထိုင်ကြခြင်းဖြစ်၍ ထိုကဲ့သို့ ကန့်သတ်ချက်များ မရှိပါချေ။