← Chapters

အခန်း (၁၅၇)

Vol. 16 Ch. 157

အခန်း (၁၅၇)

Vol. 16 Ch. 157

ဖန်ထုံအနေဖြင့် ထိုလွတ်လပ်သွားသောအချက်က သူမအတွက် စိတ်အကျေနပ်စေဆုံးအရာ ဖြစ်သည်ဟု ခံစားမိသည်။

သူမသည်က အလုပ်ခွင်တွင် အေးစက်တည်ငြိမ်သော အမျိုးသမီးငယ်တစ်ဦး ဖြစ်သော်လည်း သီးသန့်အချိန်များတွင် အလွန်ပင် ဆော့ကစားတတ်ပြီး တက်ကြွသူတစ်ဦး ဖြစ်ပေသည်။

သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး မည်သူကမျှ သတိမထားမိသည်ကို မြင်ချိန်တွင် ခန္ဓာကိုယ်ကို အသာကိုင်းပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဟေး... နင် သိပြီးပြီလား၊ ပြည်နယ်တစ်ခုလုံးမှာ ဒီသတင်းက ပျံ့နေပြီ.. ငါတို့ရဲ့ ဒါရိုက်တာက လူပျိုကြီးလေ ဟုတ်တယ်မလား

ဒီနှစ် နှစ်သစ်ကူးတုန်းက အိမ်ကိုပြန်တဲ့ တစ်ပတ်အတွင်းမှာတင် သူ အောင်သွယ်တွေနဲ့ တွေ့ဆုံမှုပေါင်းဆယ့်ရှစ်ကြိမ်တောင် လုပ်ခဲ့ရတာတဲ့၊

အခုဆို သူ့ကို ‘ဆယ့်ရှစ်ယောက်မြောက်’ လို့တောင် နာမည်ပြောင် ပေးထားကြတယ်”

လီရှန်း : “...”

ဆယ့်ရှစ်ယောက်မြောက်လား။

“တကယ်ကြီးလား၊ ကျွန်မတို့ရဲ့ ဒါရိုက်တာက... အဲဒီလောက်တောင် ဈေးကောင်းနေတာလား”

“ဘာဖြစ်လို့ မကောင်းရမှာလဲ၊ ငါတို့ရဲ့ ဒါရိုက်တာဝမ်ကိုပဲ ကြည့်လေ၊ အသက်ကလည်း သိပ်မကြီးသေးဘူး၊ သုံးဆယ်ကျော်လေးပဲ ရှိသေးတာ၊

ပြီးတော့ ကလေးလည်း မရှိဘူး ဆေးဝါးစက်ရုံ နည်းပညာဌာနရဲ့ အကြီးအကဲလည်း ဖြစ်သေးတယ်၊

သူ့ရဲ့ အရည်အချင်းတွေက ထိပ်တန်းမဟုတ်ရင်တောင် အရမ်းကောင်းမွန်တဲ့ အဆင့်မှာ ရှိနေတာပဲ၊ ဒီနှစ်ထဲက မူဝါဒတွေကိုလည်း နင်သိတာပဲလေ၊

ငါတို့ဒါရိုက်တာလို လူမျိုးကို လူတွေက ဝိုင်းပြီး ပစ်မှတ်ထားနေကြတာ မထူးဆန်းပါဘူး”

ဒါလည်း ဟုတ်တာပဲ။

ဒါရိုက်တာဝမ်က စနောက်တတ်ပြီး ဆော့ကစားတတ်သူ ဖြစ်သော်လည်း သူ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာက ခိုင်မာလွန်းပေသည်။

ဆေးဝါးစက်ရုံတွင် နည်းပညာဌာန၏ အရေးပါမှုကိုတော့ ပြောနေစရာပင် မလိုပါချေ။

သူသည်ကဆော့ကစားတတ်သည့် စရိုက်ရှိသော်လည်း ဌာနကို အမြဲတစေ ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ခဲ့သကဲ့သို့၊ အပြင်ပန်းတွင် ကြမ်းတမ်းသော်လည်း စိတ်ထားနူးညံ့ကာ အရည်အချင်းရှိသည့် အစ်မလျို့၏ အကူအညီကိုလည်း ရရှိထားသေးသည် မဟုတ်ပါလား။

သူက တကယ့်ကို ရွှေမင်းသားလေးလိုဖြစ်နေတာပဲ!

လီရှန်းက အလေးအနက် ခေါင်းညိတ်ထောက်ခံလိုက်သည်ပြောလိုက်လေ၏။

“အမှန်တော့ ကျွန်မတို့ရဲ့ဒါရိုက်တာက ရုပ်လည်း အတော်လေးချောပါတယ်”

“ဒါပေါ့... အဲဒီ တစ်ဆယ့်ရှစ်ယောက်ထဲက တစ်ဆယ့်ငါးယောက်လောက်ကတော့ သူ့ကို သဘောကျသွားကြမှာ သေချာတယ်၊

ဒါပေမဲ့ သူကတော့ တစ်ယောက်ကိုမှ သဘောမတူဘဲ နှစ်သစ်ကူးခြောက်ရက်နေ့မှာတင် ခရိုင်မြို့ကို အမြန်ပြန်ပြေးလာခဲ့တာ”

ဖန်ထုံက ဒါရိုက်တာဝမ်၏ စစ်ပြေးတစ်ဦးကဲ့သို့ ပြုမူပုံကို ရွံရှာသကဲ့သို့ဖြင့် နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။

အဓိကအချက်မှာ သူမသည်က ထိုစိတ်လှုပ်ရှားဖွယ် သတင်းများကို အားရပါးရ နားမထောင်ရသေးသောကြောင့်သာ ဖြစ်ပေသည်။

“ကျွန်မတို့စက်ရုံက (6)ရက်နေ့မှာ ပြန်ဖွင့်တာဆိုတော့ သူ ပြန်လာတာ မှန်နေတာပဲ”

“ဒါပေမဲ့ အဲဒီတုန်းက ထမင်းစားဆောင်က မဖွင့်သေးဘူးလေ၊ အဲဒီရက်တွေမှာ သူ ဘယ်မှာ သွားစားနေလဲဆိုတာ မသိရဘူး”

ဒါရိုက်တာဝမ်တစ်ယောက် စားစရာမရှိဘဲ ဖြစ်နေမည့်ပုံကို တွေးတောမိတိုင်း ဖန်ထုံမှာ မရယ်ဘဲ မနေနိုင်တော့ပါချေ။

“ဟေး... အမျိုးသမီးဆောင်က တစ်ယောက်ယောက်က ငါတို့ရဲ့ ဒါရိုက်တာအတွက် နှစ်ရက်လောက် ထမင်းလာပို့ပေးတာကို ငါမြင်ခဲ့တယ်နော် ၊ ငါတို့ရဲ့ဒါရိုက်တာမှာ တစ်ခုခုများ ရှိနေပြီလား မသိဘူး”

ယခင်က တိတ်ဆိတ်နေခဲ့သော တခြားလုပ်ဖော်ကိုင်ဖက် ရှောင်တုက အနားသို့ တိုးကပ်လာခဲ့သည်။

အတင်းအဖျင်း သတင်းများက သူ့၏ အေးစက်တည်ငြိမ်သော အမူအရာမျိုး ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့သည့်ပုံပင်

သူက စာအုပ်ကို ပိတ်ကာ ပျော်ရွှင်စွာဖြင့် စကားဝိုင်းထဲ ဝင်လာတော့သည်။

ဖန်ထုံ : “ဝန်ထမ်းဆောင်ရဲ့ အခြေအနေနဲ့ ဟင်းချက်လို့ ရလို့လား”

ရှောင်တုက ခေါင်းညိတ်ပြသည်။

“ဒီနှစ် နှစ်သစ်ကူးတုန်းက ဝန်ထမ်းဆောင်မှာ လူအတော်များများ ရှိနေခဲ့တာဆိုတော့ မီးဖိုချောင်က မီးဖိုလေးတွေကို အဲဒီကို ရွှေ့ပေးထားတယ်လို့ ကြားတယ်”

အဲဒီလိုလား။

ဒါဆိုရင်တော့ ဖြစ်နိုင်တာပဲ။

ဖန်ထုံတစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး လက်နှစ်ဖက်ကို ပွတ်၍ ပြောလိုက်လေ၏။

“ဘယ်သူဖြစ်မလဲဆိုတာ သိချင်လိုက်တာ၊ ကျစ် ကျစ် ငါတို့ဒါရိုက်တာမှာ သဘောကျတဲ့သူ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“မင်းတို့က ငါ့ကို ဒီလောက်တောင် ဂရုစိုက်နေကြတာလား...”

ရုတ်တရက် သူတို့၏ နောက်ကွယ်မှ ဒါရိုက်တာဝမ်၏ ပေါ့ပေါ့ပါးပါး အသံ ထွက်ပေါ်လာခဲ့သည်။

ဖန်ထုံ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး အနေရခက်စွာဖြင့် လှည့်ကြည့်လိုက်ကာ သူမ၏ အပြုံးကလည်းတောင့်ခဲသွားတော့သည်။

“မင်္ဂလာမနက်ခင်းပါ ဒါရိုက်တာဝမ်”

“မင်္ဂလာမနက်ခင်းပါ ရဲဘော်ဖန်ထုံ”

ဒါရိုက်တာဝမ်ကလည်း ဟန်ဆောင်အပြုံးတစ်ခုကို ပြန်လည်ပြလိုက်၏။

ရှောင်တု၏ အပြုံးမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူ၏ အမြဲတတစေရှိနေတတ်သည့် အေးစက်သော ပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်ကာ မည်သည့်အရာကိုမှမသိလိုက်သကဲ့သို့ စာအုပ်ကိုသာ ငုံ့ဖတ်နေတော့သည်။

ဒါရိုက်တာဝမ်က ရုံးခန်းအတွင်းရှိ တခြားသူများမှာလည်း ခေါင်းကို ပို၍ ငုံ့ထားကြသည်ကို သတိပြုမိလိုက်ပြီးနောက် လီရှန်းကို ခေါင်းညိတ်ပြကာ သူ၏ ရုံးခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

သူ အထဲသို့ ဝင်သွားသည်နှင့် ဖန်ထုံ၏ ပုခုံးများမှာ တွန့်ကျသွားတော့သည်။

“သေပြီ... သူ သေချာပေါက် ငါ့အမေကို ပြန်တိုင်လိမ့်မယ်”

လီရှန်း : “...ရှင့် အမေက ဒါရိုက်တာကို သိလို့လား”

“သိတာမှ အတော်လေးကို သိတာ၊ ဒီတစ်ခေါက် ငါ့အမေက သူ့အတွက် အမျိုးသမီး သုံးယောက်တောင် မိတ်ဆက်ပေးခဲ့တာလေ”

ဖန်ထုံက လက်ညှိုးသုံးချောင်းကို ထောင်၍ ပြောလိုက်၏။

လူမှုဆက်ဆံရေးဆိုသည်မှာ တစ်ဦးတစ်ယောက်၏ နောက်ကွယ်တွင် အတင်းပြောရင်း အမိဖမ်းခံရရုံတင်မကဘဲ တခြားသော ရန်ငြိုးရန်စများလည်း ရှိနေတတ်သည် မဟုတ်ပါလား။

ဆယ့်ရှစ်နှစ်ယောက်မြောက် ...

ဒါရိုက်တာဝမ်.. ရှင်ကတော့ တကယ်ကြီး ကြိုးစားခဲ့တာပဲ။

လီရှန်း တွေးတောရင်းဖြင့် မနေနိုင်ဘဲ သက်ပြင်းချမိသွားရသည်။

သူမ စိတ်ထဲတွင်တော့တွေးတောလိုက်လေ၏။

ဒီနှစ်က လူတိုင်းအတွက် ခက်ခဲတဲ့ နှစ်တစ်နှစ်ပဲ။

နှစ်သစ်ကူးပြီးခါစ ဖြစ်သောကြောင့် အလုပ်က သိပ်မများလှပါချေ။ လီရှန်းက သူမ၏ အလုပ်များကို အဆုံးသတ်ရင်း စာကိုလည်း ကြိုးကြိုးစားစား ဆက်လက်လေ့လာနေခဲ့သည်။

သူမတွင် မစ်ရှင်ကမ္ဘာမှ အတွေ့အကြုံများ ရှိသောကြောင့် အရာအားလုံးကို အလွယ်တကူ နားလည်နိုင်သော်လည်း ယခင်က လက်တွေ့ဆေးပညာကိုသာ အဓိက လေ့လာခဲ့ဖူးသောကြောင့် ယခုကဲ့သို့ ဆေးဝါးဗေဒမှာ သူမအတွက် နယ်ပယ်သစ်တစ်ခု ဖြစ်နေခဲ့သည်။

တချို့အရာများကို မြင်ရုံနှင့် နားလည်သော်လည်း တချို့အရာများမှာ ပထမဦးဆုံးအကြိမ် တွေ့ကြုံရခြင်း ဖြစ်သောကြောင့် အချိန်ပေး၍ လေ့လာရန် လိုအပ်ပေသည်။

သူမသည်က ပါရမီရှင်တစ်ဦး မဟုတ်ပါချေ။ သူမ၏ တစ်ခုတည်းသော အားသာချက်မှာ အခြားသူများထက် အတွေ့အကြုံ ပိုမိုများပြားခြင်းပသာ ဖြစ်၏။

အလုပ်တွင် တစ်နေ့တာကို အေးအေးဆေးဆေး ဖြတ်သန်းပြီးနောက် အိမ်သို့ ပြန်ရောက်ချိန်တွင် စုဝေ့ချင်းက အရာအားလုံးကို ထုပ်ပိုးပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူက ခါးကို လက်ထောက်လျက် တခြားလက်တစ်ဖက်ဖြင့် ချွေးသုတ်နေရင်း လီရှန်း ပြန်လာသည်ကို မြင်ချိန်တွင် စနောက်လိုက်သည်။

“ကံကောင်းလို့ နင်ရှမြို့ရဲ့ ဆောင်းရာသီက အေးနေတာ၊ မဟုတ်ရင် ဒီပစ္စည်းတွေအကုန် ပုပ်ကုန်တော့မှာပဲ”

“ဒါဆို ဦးလေးတို့ဆီကို အမြန်သွားပေးရအောင်လေ၊ မဟုတ်ရင် မလတ်ဆတ်ဘဲ ဖြစ်နေဦးမယ်”

လီရှန်းက အနားသို့ တိုးကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် မနေ့ညက တစ်ညလုံး ပြတင်းပေါက်အပြင်ဘက်တွင် ချိတ်ထားခဲ့သောကြောင့် မပုပ်သွားသေးပေ။

ဆားရည်ပုလင်းထဲမှ ရေခဲများက အနည်းငယ် အရည်ပျော်နေချေပြီ။

စုဝေ့ချင်းက တိုက်တွန်းလိုက်လေသည်။

“ဒါဆိုရင် အိတ်ကို အမြန်လဲလိုက်ဦး၊ ကိုယ်တို့တွေ ချက်ချင်း ထွက်သွားကြမယ်”

“ကောင်းပြီလေ”

လီရှန်း ခေါင်းညိတ်ကာ သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

ဤချုံကျိုးခရီးစဉ်မှာ အတော်လေး အကျိုးကျေးဇူး များပြားလွန်းပေသည်။ စုဝေ့ဖင်းက ပင်လယ်စာများစွာ ထည့်ပေးလိုက်ရုံတင်မကဘဲ လီရှန်းအတွက် လက်ကိုင်အိတ်ငယ်လေး တချို့ကိုလည်း ချုပ်လုပ်ပေးလိုက်သေးသည်။

ဤသည်မှာ ယခုခေတ်တွင် မရနိုင်သော ပုံစံလေးများ ဖြစ်ပေသည်။

အိတ်၏ အတွင်းသားကို စစ်ဘက်သုံး ရေလုံပိတ်စဖြင့် ပြုလုပ်ထားသောကြောင့် ရေလုံသကဲ့သို့ လှလည်း လှပလွန်းသည်။

လီရှန်းမှာ ထိုအိတ်များကို အလွန်သဘောကျလေ၏။ နေ့ခင်းဘက်တွင် သူမက အငယ်ဆုံးအိတ်လေးကို အလုပ်သွားရာတွင် အသုံးပြုခဲ့သော်လည်း ညဘက်တွင် ကျန်းမိသားစုဆီ သွားမည်ဖြစ်၍ အိတ်အကြီးတစ်လုံးကို သယ်ဆောင်ရန် လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် လီရှန်းက သူမ၏အိတ်ကို အမြန်လဲလှယ်ကာ စုဝေ့ချင်းထံတွင် မှတ်စုတိုတစ်ခု ချန်ထားခဲ့ပြီးနောက် ကျန်ရှိသော ပင်လယ်စာများနှင့်အတူ ကားပေါ်သို့ တက်ခဲ့လေသည်။

သူတို့က စက်မှုယန္တယားစက်ရုံသို့ တန်းတန်းမတ်မတ် လာခဲ့ကြ၏။

အလုပ်ဆင်းချိန်ဖြစ်သောကြောင့် ဘတ်စ်ကားပေါ်တွင် လူအတော်လေး ကျပ်ညပ်နေသောကြောင့် ထိုဇနီးမောင်နှံမှာ ထိုင်ခုံတွင် မထိုင်ဘဲ တံခါးအနီးတွင်သာ မတ်တပ်ရပ်၍လိုက်ပါခဲ့ကြသည်။

စက်မှုယန္တယားစက်ရုံသို့ ရောက်ရှိချိန်တွင် တစ်ဦးလျှင် အိတ်တစ်လုံးစီကို ဆွဲကာ ကားပေါ်မှ ဆင်းခဲ့ကြချေသည်။

ဇနီးမောင်နှံနှစ်ယောက်က စကားပြောဆိုရယ်မောရင်း ကျန်းမိသားစုအိမ်သို့ ဦးတည်လျှောက်လာခဲ့ကြ၏။

သို့သော်လည်း အိမ်ရာဝင်းတံခါးဝသို့ ရောက်သည်နှင့် အပြေးအလွှား ထွက်လာသော အိမ်နီးချင်းတစ်ဦးနှင့် တိုးတော့သည်။

သူတို့ကို မြင်သည်နှင့် ထိုအိမ်နီးချင်းမှာ အနားသို့ ပြေးလာပြီး ပြောလာခဲ့လေသည်။

“ပြသနာတွေဖြစ်နေပြီ.. ရှန်းရှန်း မင်းရဲ့အဖေက အသားလှီးဓားကြီးကို ကိုင်ပြီး မင်းရဲ့ဦးလေးတို့ မိသားစုကို သတ်မယ်ဆိုပြီး လုပ်နေတယ်!”

သူက အထိတ်တလန့် အော်ဟစ်လာခဲ့လေ၏

ဘာ?!

လီရှန်းတစ်ယောက် လန့်ဖျပ်သွားပြီး အမြန်မေးလိုက်၏။

“ဘာတွေဖြစ်ကြလို့လဲ”

“ငါလည်း ဘယ်သိပါ့မလဲ၊ အခုပဲ လူကြီးတွေကို သွားတိုင်မလို့၊ တကယ့်ကို ကြောက်စရာကြီးကောင်းလွန်းတယ်!”

ထိုအိမ်နီးချင်းမှာ လီဟုန်ကျွင့်ကို အတော်လေး ကြောက်လန့်နေပုံရပြီး တုန်တုန်ရင်ရင် ဖြစ်နေခဲ့သည်။

“ရှန်းရှန်း... မင်းလည်း အထဲကို အမြန်ဝင်ကြည့်ဦး၊ ငါကတော့ လူကြီးတွေကို သွားရှာလိုက်ဦးမယ်”

သူက ထိုသို့ပြောပြီးနောက် ပြေးထွက်သွားတော့သည်။

လီရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ စုဝေ့ချင်းကို လှည့်ကြည့်၍ ပြောလိုက်လေ၏။

“ရှင် ရဲစခန်းကိုသွားပြီး ကျွန်မရဲ့ဦးလေးကို သွားရှာပေးပါဦး၊ ကျွန်မ အထဲကို အရင်ဝင်ကြည့်လိုက်မယ်”

“မရဘူး... မင်းက ဦးလေးကို သွားရှာလိုက်.. ကိုယ်ပဲ မိသားစုကို ဝင်ကြည့်လိုက်မယ်၊ ဓားဆိုတာ မျက်စိမပါဘူး၊ မင်းမှာ အင်အားလည်း မရှိဘူးလေ၊ ကိုယ့်ကိုယ်ကိုယ် အထိခိုက်မခံပါနဲ့”

စုဝေ့ချင်းက သဘောမတူပါချေ။ လီဟုန်ကျွင့်က လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့နေသော အခြေအနေမျိုးဖြစ်နေသောကြောင့် လီရှန်းကို မသွားစေခဲ့ပေ။

သို့သော် လီရှန်းမှာလည်း စုဝေ့ချင်းကို မလွှတ်ရဲပါချေ။

“ကိုယ့် စကားကို နားထောင်စမ်းပါ၊ ငါ့မှာ အင်အားသိပ်မရှိဘူးဆိုရင်တောင် ကိုယ်က ယောက်ျားတစ်ယောက်ပဲလေ၊ ဒါ့အပြင် ကိုယ်က သူ့ကို မနိုင်ရင်တောင် အနည်းဆုံးတော့ ထွက်ပြေးလို့ ရတာပဲ မဟုတ်ဘူးလား”

စုဝေ့ချင်းက လီရှန်း၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်ပြီး ကျန်းမိသားစုရှိရာဘက်သို့ လျှင်မြန်စွာဖြင့် လျှောက်သွားတော့သည်။

လီရှန်းလည်း အကြိမ်ကြိမ် စဉ်းစားပြီးနောက် လမ်းမဘက်သို့ ပြန်လှည့်ပြေးခဲ့လေ၏။

All Chapters