အသူရာချောက်မှရှေးဟောင်းသစ်ပင်
Vol. 7 Ch. 648
ဖန်းယန်ယင်းက...
"ဆရာဦးလေး.... ကျွန်မ ဝိညာဉ်မြစ်ကို ဖြတ်လာတဲ့ အချိန်မှာပဲ အရမ်းမြန်တဲ့ အရိပ်တစ်ခုက ကျွန်မကို ဝင်တိုက်သွားတယ်၊ ပြီးလည်းပြီးရော နွားခေါင်းနဲ့မြင်းမျက်နှာ နတ်ဆိုးတွေ ကျွန်မကို ဝိုင်းထားကြတော့တာပဲ...."
သူမ၏ စကားကြောင့် အခြားသူများမှာ များစွာ အံ့သြထိတ်လန့် သွားကြရလေသည်။ လောကတွင် ဓားနတ်ဘုရားများ၏ စိတ်အာရုံစူးစိုက်မှုသည် အထက်မြက်ဆုံး ဖြစ်လေသည်။ သို့တိုင်အောင်.... ဓားနတ်သမီး ကိုယ်တိုင်သည် သူမကို တိုက်မိသည့်အရိပ်ကို အာရုံခံနိုင်ခဲ့ခြင်း မရှိပေ။
ထို့ပြင်.... ဖန်းယန်ယင်း၏ တိုက်ခိုက်နိုင်မှု စွမ်းအားသည် သူတို့အားလုံးထဲတွင် အမြင့်မားဆုံး ဖြစ်လေသည်။
သူတို့သာ ထိုကဲ့သို့ တိုက်ခိုက်ခံရပါက ဒဏ်ရာ အပြင်းအထန် ရရှိသွားမည် ဖြစ်လေသည်။ ယင်းစီး နတ်ဆိုးများ၏ တိုက်ခိုက်ခြင်းကို မည်သို့မှ ခုခံနိုင်မည် မဟုတ်ပေ။
ဝိညာဉ်မြစ်ရေ အပြောင်းအလဲ ဖြစ်နေသည့်အချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ထူးဆန်းသ ည့်တန်ခိုးစွမ်းအားတစ်ခုက ဖုံးလွှမ်း နေခဲ့လေသည်။ ထိုစွမ်းအားက ဆန်းလျန်၏ စိတ်အာရုံများကို ပိတ်ဆို့ထားသည့် အတွက် ဆန်းလျန် ကိုယ်တိုင်ပင်လျှင် ပတ်ဝန်းကျင်မှာ အဖြစ်အပျက်များကို အာရုံခံနိုင်ခဲ့ခြင်း မရှိပေ။
အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုမှာ ဧရာမသစ်ပင်ကြီး ဖြစ်လေသည်။ ထိုသစ်ပင်ကြီးကို လေ့လာပြီးမှသာ ဝိညာဉ်မြစ်၏ လျှို့ဝှက်ချက်ကို နားလည်နိုင်မည် ဖြစ်လေသည်။
တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားသည် ဧရာမသစ်ပင်ကြီးရှိရာသို့ လျင်မြန်လွန်းသည့် အလျင်ဖြင့် ရောက်ရှိ လာလေသည်။
ဧရာမသစ်ပင်ကြီး၏ အမြစ်များသည် ဝိညာဉ်မြစ်ရေထဲတွင် စိုက်ဝင်နေပြီး အဆုံးမရှိ နက်ရှိုင်းလေသည်။ ချွန်ထက်သည့် သစ်ရွက်များမျာ အိမ်တစ်လုံးမျှ ကြီးမားကျယ်ပြန့်ပြီး အကိုင်းအခက် များမှာလည်း ဓားသွားဖြင့်ပြုလုပ်ထား သည့်ဆူးခြုံများအလား ထင်မှတ်ရလေသည်။
တောင်သင်ကွေလိသည် သူ၏ခြေသည်းများဖြင့် ထိုက်ရှင်းတောင်ကြီးကဲ့သို့ ကြီးမားသည့် နွားရိုင်းဘုရင်ကြီး၏ ဦးခေါင်းကြီးကို ကုပ်ဆွဲထားလေသည်။ နွားရိုင်းကြီးသည် နေရာအနှံ့သို့ လှည့်လည် ပြေးလွှားနေပြီး ဝိညာဉ်မြစ် တစ်ခုလုံးမှာ လှိုင်းများထလျက် ရှိလေတော့သည်။
ရုတ်တရက်…
ဖန်းယန်ယင်းရှိရာသို့ နောက်ထပ် အရိပ်တစ်ခု ဝင်ရောက် လာပြန်လေသည်။
ဖန်းယန်ယင်း မကာကွယ် လိုက်နိုင်ခင်မှာပင် ဆန်းလျန်က သူမအနားသို့ ချက်ချင်း ရောက်သွားပြီး လက်ဖျောက် တစ်ချက်တီးလိုက်ကာ အရိပ်ကို ကာကွယ်ပေးလိုက်လေသည်။
လေထုထဲတွင် လှိုင်းများထလာပြီး သေးငယ်သည့် တွင်းနက်တစ်ခု ပေါ်လာလေသည်။ ထိုတွင်းနက်ထဲမှ ဆန်းလျန်နှင့် ရင်းနှီးသည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ အသူရာ ချောက်ကိုးထပ်မှ အငွေ့အသက်များပင် ဖြစ်လေသည်။
ဆန်းလျန်က သူ၏ဓားဝိညာဉ်ဖြင့် ဝင်ရောက်လာသည့် ပုံရိပ်ကို တားဆီး ထားလိုက်လေသည်။
နောက်ဆုံးတွင်တော့ သွေးနီရောင် အခိုးအငွေ့ တစ်ခုသည် လေထဲတွင် ထွက်ပေါ်လာလေသည်။ ထို့နောက် သစ်ပင်ကြီးထက်မှ သစ်ကိုင်း တစ်ကိုင်းသည် ဝိညာဉ်မြစ်အတွင်းသို့ ပြုတ်ကျ သွားလေသည်။ သစ်ကိုင်းသည် အနည်းငယ် လှုပ်ရှားနေပြီးနောက် ဧရာမသစ်ပင်ကြီး၏ ပုံသဏ္ဌာန်အတိုင်း အငယ်စား သစ်ပင်လေးတစ်ပင် ဖြစ်ပေါ်လာလေသည်။
အကိုင်းအခက်များမှာ လှုပ်ရှားနေပြီး သစ်ရွက်များ လှုပ်ခတ်နေသံမှာ သီချင်းဆိုသံများ အလားပင် ဖြစ်လေသည်။ ထိုသစ်ပင်ငယ်မှ သတ်ဖြတ်လိုသည့် အငွေ့ အသက်များက စိမ့်ထွက်လျက် ရှိလေ၏။
ထိုသစ်ပင်ငယ်ထံမှ ဆာလောင်မွတ်သိပ်သည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး ဆန်းလျန်ကို အရှင်လတ်လတ် ဝါးစားတော့မည်အလား ထင်မှတ်ရလေသည်။
ထိုသစ်ပင်သည် ဖန်းယန်ယင်းနှင့် ဆန်းလျန်တို့၏ ဓားဝိညာဉ်များကို တိုက်ခိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့ (၂)ယောက်၏ မရဏဓား ဝိညာဉ်များကို စိတ်ဝင်စားနေသည်မှာ သိသာလေသည်။
ထိုအချိန်မှာပင်… ကောင်းကင်အထိ ထိုးဖောက်နေသည့် ဧရာမသစ်ပင်ကြီးမှာ လှုပ်ရှားလေသည်။
များပြားလှစွာသည့် အရိပ်များသည် ကောင်းကင်ထက်မှ ကျဆင်း လာလေသည်။ ဆန်းလျန်သည် တောင်နှင့်မြစ်ရေ ပန်းချီကားပေါ်မှ ခုန်ဆင်းလိုက်ပြီး ပန်းချီကားကို အန္တရာယ်ကင်းရာ အဝေးတစ်နေရာသို့ တွန်းပို့ လိုက်လေသည်။
ဆန်းလျန်၏ ပုံသဏ္ဌာန်မှာ ပြောင်းလဲသွားပြီး တန်ခိုးစွမ်းအာများ အဆုံးမရှိ ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်သည် နွားရိုင်း ဘုရင်ကြီးကဲ့သို့ တဖြည်းဖြည်း ကြီးမား လာလေသည်။ သူ၏ ခြေနှစ်ဖက်သည် ဝိညာဉ်မြစ်ထဲတွင် နစ်မြုပ်နေပြီး ဝိညာဉ်မြစ်ရေမှ မိစ္ဆာစွမ်းအားများသည် သူ၏မျက်ခုံး (၂)ခုကြားမှ သန္ဓေမျိုးစေ့ဆီသို့ ရိုက်ခတ် နေလေသည်။
ဝိညာဉ်မြစ်ရေ မိစ္ဆာစွမ်းအားများကို သူ၏ သန္ဓေမျိုးစေ့သည့် သဘောကျသည်မလား မကျဘူးလား ဆိုသည့် အချက်ကို ဆန်းလျန်အရေး မစိုက်နိုင်တော့ပါ။ သူ့အနေဖြင့် ဝိညာဉ် မြစ်ရေထဲတွင် ကျင့်ကြံမှုပြုလုပ်ရန် အချိန်မရှိတော့ပါ။
ဆန်းလျန်သည် သူ၏လက်များကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး တိုက်ခိုက်ရန် အတွက် သူ့ထံသို့ ဝင်ရောက်လာ သည့်သစ်ကိုင်းများကို ဖမ်းယူလိုက်လေသည်။ ဆန်းလျန်၏ ပုံသဏ္ဌာန်မှာ ခမ်းနားထည်ဝါလှလေသည်။ မြင့်မားလှ သည့်တန်ခိုးစွမ်းအားများကြောင့် မိစ္ဆာတိုက်ခိုက်မှု အားလုံးကို တွန်းလှန် နိုင်ခဲ့လေသည်။
ဆန်းလျန်၏ လရောင်ကဲ့သို့ တောက်ပနေသည့် တန်ခိုးစွမ်းအားများကို တာအိုဆရာတုန်းဖုန်းသာ မြင်တွေ့မည် ဆိုလျှင် သူကျင့်ကြံခဲ့သည့် ထိုက်ယွဲ့ သဏ္ဌာန်မှန်ပညာသည် ဆန်းလျန်ကို မည်သည့် နည်းနှင့်မျှ မမီနိုင်သည်ကို လက်ခံသွားမည် ဖြစ်လေသည်။
ဆန်းလျန်သည် အလွန်ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို ဖန်ဆင်း ထားလေသည်။ ထိုသို့ ဖန်ဆင်းနိုင်ရန် အတွက် သူသည် ထိုက်ယွဲ့ သဏ္ဌာန်မှန်ပညာနှင့် ရှားမျိုးနွယ်များ၏ တန်ခိုးစွမ်းအားများကို ပေါင်းစပ် အသုံးပြုထားခြင်း ဖြစ်လေသည်။
ဆန်းလျန် ရိုက်ချလိုက်သည့် သစ်ကိုင်းများသည် မြစ်ရေထဲသို့ ကျကုန်ကြလေသည်။ ရေထဲသို့ ကျကုန်သည့် သစ်ကိုင်းများသည် သစ်ပင်ငယ်များ အဖြစ် ပြောင်းလဲသွားပြီး သူ၏ ခြေထောက်ကို လာရောက် ရစ်ပတ်ကြလေသည်။
သို့သော် သူ၏ ခြေထောက်များသည် ခိုင်ခန့်သည့် ထိုက်ရွှီးတန်ခိုး စွမ်းအားများနှင့် ပြည့်နေသည့် အတွက် သစ်ပင်ငယ်များ သာမက ဝိညာဉ်မြစ်ရေမှ မိစ္ဆာစွမ်းအားများပင်လျှင် ပျက်စီး ကုန်ကြရလေသည်။
တခြားဘက်တွင်တော့...
ကွေလိသည် စိတ်စွမ်းအားကို အသုံးပြုကာ ဧရာမသစ်ပင်ကြီး၏ မူလဇာစ်မြစ်ကို ဆန်းလျန်ကို ပြောပြနေလေသည်။
မိုးနတ်မင်းသည် ကျန်းမုဟုခေါ်တွင်သည့် ကမ္ဘာ့သစ်ပင်ကို စိုက်ပျိုးခဲ့လေသည်။ ထိုသစ်ပင်သည် သေမျိုးလောကနှင့် ကောင်းကင်ဘုံကို ပိုင်းခြားထားသည့် အဆီးအတားများကို ချိုးဖျက်ပေးပြီး လူသားများ အနေဖြင့် အတားအဆီးမရှိဘဲ ကောင်းကင်ဘုံသို့ရောက်ရှိနိုင်ကာ နတ်ဘုရားဖြစ်ခွင့်ကို ရရှိကြလေသည်။
သို့သော်.... ကြီးမားသည့် ဘေးအန္တရာယ် ဆိုးကြီးတစ်ခုကို ရင်ဆိုင်ရပြီး ကမ္ဘာ့သစ်ပင်ကျန်းမု ပျက်စီး ခဲ့ရလေသည်။ ကျန်းမု၏ အမြုတေသည် ဝိညာဉ်မြစ်အတွင်းသို့ ကျရောက်သွားပြီး အသူရာချောက်တွင် ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်ပေါက်လာခဲ့လေသည်။
သို့သော် အသူရာချောက်သည် ညစ်ညမ်းသည့် မိုးမြေစွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။ ထို့ကြောင့်… အချိန်ကြာလာသည်နှင့် အမျှ ကမ္ဘာ့သစ်ပင်သည် မိစ္ဆာသစ်ပင်ကြီး တစ်ပင်အဖြစ် ကြီးထွားလာပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နေ လေတော့သည်။ ထိုသစ်ပင်ကြီးသည် သတ်ဖြတ်လိုသည့် အငွေ့အသက်များကို စုပ်ယူရသည်ကို နှစ်သက်ပြီး ထိုသို့ စုပ်ယူလေလေ ပိုပြီး ကြီးထွားလာလေ ဖြစ်လေသည်။
တိကျန်ဗောဓိသကျသည် ရှေးဟောင်းသစ်ပင်ကြီးကို အရံအတားတစ်ခုဖြင့် ထိန်းချုပ် ထားခဲ့လေသည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် ထိုအရံအတားသည် အားနည်းလာခဲ့လေသည်။
ထို့ပြင် တောင်သခင်ကွေလိနှင့် နွားရိုင်းဘုရင်ကြီးတို့သည် ထိုသစ်ပင်ကြီးကို ထိန်းချုပ်ထားသည့် အရံအတားရှိရာ နေရာ၏အပေါ်ဘက်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြလေသည်။ သူတို့ (၂)ယောက်၏ မြင့်မားလွန်းသည့် တန်ခိုးစွမ်းအားများကြောင့် ခပ်ယဲ့ယဲ့သာကျန်သည့် သစ်ပင်ကြီးကို ထိန်းချုပ်ထားသော အရံအတားသည် ပျက်စီးသွားပြီး နောက်ဆုံးတွင် ရှေးဟောင်း သစ်ပင်ကြီး လွတ်မြောက်လာခြင်း ဖြစ်လေတော့သည်။
ထိုသစ်ပင်ကြီးမှာ လူသား အသွင်မပြောင်းလဲ နိုင်သည့်တိုင် သူ၏တန်ခိုးစွမ်းအားများသည် နတ်မိစ္ဆာ မဟာတန်ခိုးရှင် တစ်ပါးထက်ပင် မြင့်မားလေသည်။
တိကျန်ဗောဓိသကျ ထိန်းချုပ်ထားခဲ့သည့် အရံအတားကြောင့် အားနည်းနေသည့် အတွက်သာ ဆန်းလျန်အနေဖြင့် ထိုသစ်ပင်ကြီးကို ရင်ဆိုင်နိုင်ခြင်း ဖြစ်လေသည်။ မဟုတ်ပါက ထိုက်ယီထျန်းရှန်း အဆင့်ရှိသည့် ဆန်းလျန်ပင်လျှင် ထိုသစ်ပင်ကြီးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
သို့သော်… ကွေလိသည် ရသည့်အခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။
အသူရာချောက်မှ ရှေးဟောင်းသစ်ပင်ကြီးကိုသာ အသုံးချပြီး နွားရိုင်းဘုရင်ကြီးကို တိုက်ခိုက်နိုင်မည် ဆိုလျှင် သူမသည် မခန့်မှန်းနိုင်သည့် အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်လေသည်။
ကွေလိက သူမ၏ စိတ်အာရုံ စူးစိုက်မှုကို အသုံးပြုလိုက်ပြီး နွားရိုင်းကြီး၏ ဦးခေါင်းခွံကို သူ၏ ခြေသည်းများဖြင့် ကုတ်ဆွဲပစ်လိုက်သည့်အခါ တွင်တော့ နွားရိုင်းဘုရင်ကြီးသည် နာကျင်စွာဖြင့် အော်ဟစ် လိုက်လေသည်။ သူ၏ ဦးခေါင်းခွံသည် ကွေလိ၏ ခြေသည်းများထဲတွင် ပါသွားပြီး နွားခေါင်းကြီးထဲမှ ဦးနှောက်များ ထွက်လာလေသည်။
နွားရိုင်းပုံသဏ္ဌာန် မူလဝိညာဉ် ခန္ဓာသည် နွားရိုင်း ခန္ဓာကိုယ်ကြီး အတွင်းမှ ပျံသန်း ထွက်ပေါ်လာပြီး ကွေလိကို နာကျည်းစွာဖြင့် တစ်ချက်ကြည့်လိုက်ကာ ဝိညာဉ်မြစ်ရေထဲတွင် ပျောက်ကွယ် သွားလေတော့သည်။
ထိုအချိန်မှာပင်… အသူရာချောက်မှ ရှေးဟောင်း သစ်ပင်ကြီးသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ သူ၏အမြစ်များ ဖြင့်နွားရိုင်း မူလဝိညာဉ်ခန္ဓာကိုယ်ကို ဆွဲယူလိုက်ပြီး စုပ်ယူ စားသုံး လိုက်လေတော့သည်။
နွားရိုင်းမူလ ဝိညာဉ်ခန္ဓာဆီမှ ညည်းညူသံသဲ့သဲ့ကို ဆန်းလျန် ကြားလိုက်ရလေသည်။
ကွေလိသည် ကျန်ရစ်ခဲ့သည့် နွားရိုင်းခန္ဓာကိုယ်ကြီး၏ ဝမ်းဗိုက်ကိုခွဲလိုက်ပြီး အထဲမှ ပျံသန်း ထွက်ပေါ်လာသည့် ရောင်စုံကျောက်တုံးလေး တစ်တုံးကို ယူလိုက်လေသည်။
ကွေလိ၏ အမွေးများမှာ ကျွတ်နေပြီး ဒဏ်ရာများကိုပင် မြင်နေရလေသည်။ သူမသည် ဒဏ်ရာ အပြင်းအထန်ရထား ဟန်ရှိလေသည်။ သို့သော်… ကျောက်တုံးလေးကို မြင်လိုက်ရသည်နှင့် သူမသည် အလွန် ကျေနပ်ပျော်ရွှင် သွားရလေသည်။
ထိုကျောက်တုံးလေးမှာ ဝိညာဉ်ပေါင်းစပ် ကျောက်တုံးလေးဖြစ်ပြီး သူမအတွက် အဓိပ္ပာယ်များစွာ ရှိလေသည်။
ထိုကျောက်တုံးလေး အတွင်းသို့ သူမ၏ မူလတန်ခိုး စွမ်းအားများကို သွင်းလိုက်ပြီး အနည်းငယ် လှည့်ပတ်လိုက်မည် ဆိုလျှင် အချိန်တိုအတွင်းမှာပင် သူမ၏တန်ခိုးစွမ်းအားများ သန့်စင်သွားပြီး အတိုင်းအဆ မရှိ မြင့်တက်လာမည် ဖြစ်လေသည်။
နွားရိုင်းဘုရင်ကြီးသာ ထိုရတနာကို ယူမသွားခဲ့လျှင် ယခုအချိန်တွင် သူမသည် ဆန်းလျန် ထက်ပင် တန်ခိုးစွမ်းအား မြင့်မားနေမည် ဖြစ်လေသည်။
အသူရာချောက်မှ ရှေးဟောင်း သစ်ပင်ကြီးကို နှိမ်နင်းရန်မှာတော့ ကွေလိလည်း ထိုသစ်ပင်ကြီးကို နုတ်ပစ်နိုင်စွမ်း မရှိပေ။ ဆန်းလျန်နှင့် လုကျိုးယွမ်သာ တတ်နိုင်ကောင်း တတ်နိုင်ပေလိမ့်မည်။
ဆန်းလျန်သာ ထိုသစ်ပင်ကြီးကို အနိုင်ယူနိုင်မည်ဆိုလျှင် တိကျန်ဗောဓိသကျ၏ ကျင့်စဉ်လမ်း အတွေ့အကြုံများကို ကျိန်းသေရရှိမည် ဖြစ်လေသည်။ ထိုအခါ နောင်တစ်ချိန်တွင် ဆန်းလျန်အတွက် တိုးတက်မှုများစွာ ရရှိနိုင်လေသည်။
ဆန်းလျန်သာ အနန္တတန်ခိုးရှင် တစ်ပါးဖြစ်သွားမည်ဆိုလျှင် သူမသည်လည်း ဆန်းလျန်၏ အရိပ်တွင် ခိုလှုံနိုင်မည် ဖြစ်လေသည်။ ဆန်းလျန်သာ သူမကို ကာကွယ်ပေးထားလျှင် တန်ခိုးစွမ်းအား မြင့်မားသည့် ဆွေမျိုးတစ်ယောက် ရရှိထားသည့်ပမာ လောကတွင် မည်သူ့ကိုမှ ကြောက်စရာမလိုဘဲ အသက်ရှင်နိုင်မည် ဖြစ်လေသည်။
ဆန်းလျန်ကတော့ သူ့ကိုအားကိုးရန်ကြံရွယ်နေသည့် ကွေလိ၏ အတွေးများကို မသိခဲ့ပါ။ သူက ရှေးဟောင်း သစ်ပင်ကြီးကို အာရုံစိုက်ကာ တိုက်ခိုက်နေလေသည်။
အသူရာချောက်မှ ရှေးဟောင်းသစ်ပင်ကြီး၏ စွမ်းရည်မှာ ရွက်ကျပင်ပေါက်အလား သစ်ကိုင်း ကျရာတွင် အပင်ပေါက် ကာကြီးပြင်းနိုင်စွမ်း ရှိလေသည်။ ထို့ပြင် သူ၏ အမြစ်များသည် ဝိညာဉ်မြစ်ထဲတွင် ခြေကုပ်ယူထားသည့် အတွက် ဝိညာဉ်မြစ်အတွင်းမှ စွမ်းအားများကို လိုသလောက် စုပ်ယူကာ အားဖြည့် နိုင်လေသည်။ ထိုသစ်ပင်ကြီးကို မည်သည့်နည်းနှင့်မှ သတ်ပစ်နိုင်မည် မဟုတ်ပေ။
ထိုသစ်ပင်ကြီးသည် ဆန်းလျန် ရင်ဆိုင်ခဲ့ရသမျှထဲတွင် ဒုက္ခအပေးဆုံး ပြိုင်ဘက်ပင် ဖြစ်လေတော့သည်။
***