အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း (၁၅၃) လွယ်လွယ်လေးပါ
စုရှန်းရွှယ်သည် ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သစ်ပင်ပေါ်တွင် ပြောင်းပြန် တွဲလောင်းကျနေသူကို လှမ်းကြည့်လိုက်၏။ သူမ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသူ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားပြီး အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
"အဲဒီလူက လက်ရှိ ချီမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျူယွမ်ကျီပဲ။"
"ဘယ်လို။"
တပည့်များ ဤစကားကို ကြားသောအခါ ချက်ချင်းပင် အထိတ်တလန့်ဖြင့် ဝိုင်းဝန်းဆွေးနွေးကြ၏။ ယိုမေ့ချောင်ကလည်း မေးလာသည်။
"ချီမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျူယွမ်ကျီက လက်ရှိ အမှန်တရားမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တွေထဲမှာ နံပါတ်တစ် သိုင်းပညာရှင်လို့ ကြားဖူးပါတယ်။ သူ့ရဲ့ ရွှေဓားသိုင်းဆို ပြိုင်ဘက်ကင်းတယ်လေ၊ ဆရာကိုယ်တိုင်တောင် သူ့ကို မယှဉ်နိုင်ဘူးလို့ ပြောဖူးတယ်မဟုတ်ဘူးလား။ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး။"
"လန့်မနေကြနဲ့"
စုရှန်းရွှယ်က အပြုံးလေးဖြင့် ပြန်ဖြေ၏။
"ဒါကို ဘယ်သူလုပ်သွားလဲဆိုတာ ငါ သိတယ်။ စိတ်မပူပါနဲ့၊ ဂိုဏ်းချုပ် ကျူယွမ်ကျီ ဒီလိုမျိုးအရိုက်ခံရတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ။"
"ကျွန်မတို့ နတ်ဆိုးမဟာမိတ်အဖွဲ့က ပုန်းကွယ်နေတဲ့ သိုင်းပညာရှင် တစ်ယောက်ယောက်များလား။"
ကာမသုတြာဂိုဏ်းမှ တပည့်များမှာ အတွေ့အကြုံ နုနယ်ကြသေးသည်။ သူတြိုသည် နတ်ဆိုးဂိုဏ်းကြီးဖြစ်သော ကာမသုတြာဂိုဏ်းတွင် ရှိနေသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ကြင်နာတတ်သော အသိတရား အနည်းငယ် ကျန်ရစ်နေဆဲဖြစ်ရာ ဤသည်အား မည်သူလုပ်သွားကြောင်းကို တွေးတောနေကြ၏။
ဆန့်ကျင်ဘက်အားဖြင့် ယိုမေ့ချောင်မှာမူ တစ်စုံတစ်ခုအား သဘောပေါက်သွားပုံရကာ ဆရာဖြစ်သူကို မျက်လုံးများ အရောင်လက်လျက် လှမ်းကြည့်လာသည်။
စုရှန်းရွှယ်သည်လည်း တပည့်ဖြစ်သူ တွေးနေသည့်အရာကို သိပုံရသဖြင့် ယိုမေ့ချောင်၏ ခေါင်းလေးအား လက်ချောင်းဖြင့် ညင်သာစွာ ခေါက်လိုက်ပြီးနောက် ပြော၏။
"သွားကြစို့။ ငါတို့ အရင်ဝင်ကြရအောင်။"
"ဂိုဏ်းချုပ်။"
ရှန်းလင်နိုင်ငံ၏ ရှေးဟောင်းအင်ပါယာမြို့တော်ဖြစ်သော တိရှန်းရှေးဟောင်းမြို့တော်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ဤနေရာ၌ စောင့်ကြပ်ရန် စေလွှတ်ခြင်းခံထားရသော ကာမသုတကြာဂိုဏ်းမှ အကြီးအကဲ မုဟွမ်က စုရှန်းရွှယ်အား လာရောက်ကြိုဆိုကာ အရိုအသေပေးလိုက်သည်။
"အကြီးအကဲမု ပင်ပန်းသွားရပြီ။"
စုရှန်းရွှယ်က သူမအား ပြုံးပြလိုက်ပြီးနောက် ဘေးဘီသို့ အကဲခတ်လိုက်၏။
အခြားတစ်ဖက်တွင်လည်း အမှန်တရားတာအို မဟာမိတ်ဂိုဏ်းကြီးများနှင့် နတ်ဆိုးမဟာမိတ်ဂိုဏ်းတို့ရှိ အကြီးအကဲများအား သီးခြားစီ စေလွှတ်ကာ စောင့်ကြပ်စေထားကြသည်။ ဤသည်မှာ အကင်းမပါးသော တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းငယ်များမှလူများ ခိုးဝင်လာခြင်းကို တားဆီးရန်အတွက် ဖြစ်သည်။ စုရှန်းရွှယ်သည် ထျန်ရှန်း ဗုဒ္ဓဘာသာဂိုဏ်းမှ စေလွှတ်ထားသော ဇင်ဆရာတော် ဝေ့ချန်အား သတိပြုမိသွားသဖြင့် အတော်လေး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အကြီးအကဲမုဟွမ်၊ ရှင်နဲ့ ဇင်ဆရာတော်ဝေ့ချန်တို့ ဒီလောက်ရက်တွေအကြာကြီး အတူရှိနေတာတောင် ရန်မဖြစ်ကြဘူးဆိုတာ ကျွန်မတော့ ထင်တောင်မထင်ထားဘူး။"
"ဘာလို့ မဖြစ်ရမှာလဲ။ ကျွန်မ အကြိမ်ကြိမ် ရိုက်နှက်ပြီးပြီ"
အကြီးအကဲမု ဝမ်းသာအားရ ဖြစ်ချိန်ပင် မရလိုက်ခင်မှာပင် ချီမင်ဓားဂိုဏ်းမှ စေလွှတ်လိုက်သော စတုတ္ထအကြီးအကဲ ဖုယွမ်ကျီက ဝင်ပြော၏။
"ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက သူတို့ ဘယ်နှစ်ပွဲလောက်တောင် ချခဲ့ကြလဲဆိုတာ သူတို့ကိုယ်တိုင်တောင် သိမှာမဟုတ်ဘူး။ အနီးအနားက တောင်တွေဆိုရင် သူတို့နှစ်ယောက်ကြောင့် အကုန် ပြားကုန်တာပဲ။"
"အို..."
စုရှန်းရွှယ်က ထူးဆန်းစွာ အံ့သြသွားကာ မေးလိုက်သည်။
"ဒါဆို ဘာလို့ အခုကျတော့ သူတို့နှစ်ယောက်က ဒီလောက် ငြိမ်ကုပ်နေကြတာလဲ။"
ဖုယွမ်ကျီသည် ဘေးဘီသို့ ဝေ့ကြည့်လိုက်ပြီးနောက် စုရှန်းရွှယ်အား ခိုးကြောင်ခိုးဝှက်ဖြင့် ခပ်တိုးတိုးလေး ပြောလိုက်၏။
"နောက်တော့ ဘိုးဘေးလေးက အခြေအနေကို လာစစ်ဆေးရင်းနဲ့ သူတို့နှစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်လို့ဆိုပြီး နှစ်ယောက်လုံးကို ဆွဲရိုက်သွားတာလေ ပြီးတော့ ထပ်ပြီးရန်ဖြစ်ကြဦးမယ်ဆိုရင် သူတို့နှစ်ယောက်လုံး ရန်မဖြစ်ချင်တော့တဲ့အထိ ဆက်ရိုက်နေမယ်လို့လည်း ပြောသွားသေးတယ်။ မိန်းကလေးစာ ကျွန်တော် ခင်ဗျားကို တိတ်တိတ်လေးပဲ ပြောပြတာနော်။ ဘိုးဘေးကို သွားမပြောလိုက်နဲ့။"
"ငါ့ကို ဘာမပြောရမှာလဲ။"
ပိုင်ချူးရန်အသံသည် ဖုယွမ်ကျီ၏ အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာရာ သူ့အား လန့်ဖြန့်သွားစေသည်။
"ဘာ... ဘာမှမဟုတ်ပါဘူး။"
ဖူယွမ်ကျီသည် အတင်းပြုံးကာ ပြောလိုက်သည်။
"ဘိုးဘေးတို့ ဖြည်းဖြည်းသာ စကားပြောကြပါ။ ကျွန်တော် ချီမင်ဓားဂိုဏ်းရဲ့ အဖွဲ့ကို သွားစုစည်းလိုက်ပါဦးမယ်။"
ပိုင်ချူးရန်သည် လက်နောက်ပစ်လျက် ဖုယွမ်ကျီ နောက်ကျောအား ခေတ္တမျှ စိုက်ကြည့်နေရာ ဖုယွမ်ကျီမှာ ကျောချမ်းလာသည်အထိပင်။ ပိုင်ချူးရန် အတန်ကြာပြီးနောက်မှ မေးလာ၏။
"မင်း ဒီတစ်ခေါက်လာတာက လီဖုန်းဖေးနဲ့ ချိတ်ပြီး မင်းတို့ဖန်တီးထားတဲ့ စာအုပ်တွေကို လိုက်ရောင်းဖို့များ လုပ်နေတာလား။”
အခန်း (၁၅၄) လွယ်လွယ်လေးပါ [၁]
ချီမင်ဓားဂိုဏ်းမှ ဖုယွမ်ကျီနှင့် ရှန်းချန်ကျောက်စိမ်းမျှော်စင်မှ အကြီးအကဲ လီဖုန်းဖေးတို့သည် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိကြပြီး ဤသည်မှာ မဟာဂိုဏ်းကြီးများစွာ သိထားကြသော သတင်းတစ်ပုဒ်ပင် ဖြစ်သည်။
လီဖုန်းဖေးသည် ပန်းချီပညာရပ်ဖြင့် တာအိုလမ်းစဉ်ထဲသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး လီဖုန်းဖေး၏ စုစည်းထားသော တာအိုဝိညာဉ်မှာလည်း ပန်းချီဆွဲခြင်းတွင်သာ တည်ရှိသည်။ ကျင့်ကြံခြင်းလောကတွင် သူ့အား ပန်းချီသူတော်စင်ဟူသော ဂုဏ်ပုဒ်ပင် ပိုင်ဆိုင်ထား၏။ လီဖုန်းဖေး၏ ပန်းချီကားများသည် သက်ရှိအဖြစ်သို့ပင် ပြောင်းလဲနိုင်ပြီး အလိုအလျောက် လှုပ်ရှားနိုင်ကာ အလွန်ပင် အံ့သြဖွယ်ကောင်းလှသည်။
ချန်းရှု စာကြည့်တိုက်ဆောင်အား တာဝန်ယူထားသော ချီမင်ဓားဂိုဏ်း၏ စတုတ္ထအကြီးအကဲမှာ လက်ရေးလှပညာကို အသုံးပြုကာ ဓားပညာလမ်းစဉ်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ဖုယွမ်ကျီသည် မှင်နှင့် ကျောက်စိမ်းတို့ကို အသုံးပြုကာ ရွှေဓားအား တစ်ဖက်တည်းဖြင့် ခုတ်ဖြတ်နိုင်သည်။ ဓားဖြင့်ရေးဆွဲထားသော စာလုံးများနှင့် လက်ရေးလှပညာတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပံ့ပိုးပေးကြသည်။ ထိုမှင်ဓားသည် ပုံမှန်အားဖြင့် ကြီးမားသော ဝံပုလွေမွေးစုတ်တံကြီးတစ်ခုနှင့်ပင် တူလေ၏
ဤအရာများသည် အဓိကအချက်များ မဟုတ်ပေ။ အဓိကအချက်မှာ ဤမိတ်ဆွေနှစ်ဦးတွင် အလွန်ရိုင်းစိုင်းညစ်ညမ်းသော ဝါသနာတစ်ခု ရှိနေခြင်းပင်ဖြစ်သည်။ ဖုယွမ်ကျီ၏ စာပေအရေးအသား အရည်အသွေးမှာ ထူးကဲလှသော်လည်း သူသည် လမ်းမှန်ပေါ်တွင် လျှောက်လှမ်းလေ့မရှိပေ။ ထိုအစား သူသည် အမျိုးသားနှင့် အမျိုးသမီးများ၏ ချစ်တင်းနှီးနှောခြင်းများအား ဖော်ကျူးထားသည့် အဆင့်နိမ့်စာပေများကိုသာ ပို၍နှစ်သက်၏။ ဖုယွမ်ကျီ အရေးအသားဟန်မှာ ပြောင်မြောက်လွန်းပြီး သူရေးသားထားသော အရာများသည် လူများအား တွေးတောချင်စရာဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိသည်။
ထို့နောက် ပန်းချီသူတော်စင်ဖြစ်သူ လီဖုန်းဖေးမှာလည်း မိတ်ဆွေအပေါ်ထားရှိသော သစ္စာတရားကို ပြသသည့်အနေဖြင့် သူ၏ ထူးကဲသော ပန်းချီပညာအား အသုံးပြုကာ ဖုယွမ်ကျီ ရေးသားထားသော စာများနှင့် လိုက်ဖက်မည့် အသက်ဝင်လှုပ်ရှားနေသော သရုပ်ဖော်ပုံများကို ဖန်တီးပေး၏။
လူအိုကြီးနှစ်ဦးသည် အပိုဝင်ငွေရှာရန် ဤနည်းလမ်းကို မကြာခဏ အသုံးပြုလေ့ရှိကြကာ သူတို့နှစ်ယောက် ပူးပေါင်းဖန်တီးထားသော လက်ရာများသည် သာမန်လောကရှိ ချမ်းသာကြွယ်ဝသူများနှင့် သြဇာအာဏာရှိသူများအား တစ်ယောက်နှင့်တစ်ယောက် အလုအယက် ရှာဖွေဝယ်ယူစေရသည်အထိ နာမည်ကြီးသည်ဟု ကြားသိရပြီး ကျင့်ကြံခြင်းလောကတွင်ပင် ရှာဖွေရန်ခက်ခဲသော ရှားပါးပစ္စည်းများ ဖြစ်လာခဲ့သည်
မည်သို့ပင်ဆိုစေကာမူ တစ်ခါတုန်းက စုရှန်းရွှယ်မှာ ပိုင်ချူးရန်ထံ လျှို့ဝှက်စွာ တိုင်ကြားခဲ့ဖူး၏။ စုရှန်းရွှယိ၏ ကျေနပ်နှစ်သက်ဖွယ်ရာ စုဆောင်းမှုများထဲတွင် ဖုယွမ်ကျီနှင့် လီဖုန်းဖေးတို့၏ လက်ရာမြောက်များစွာလည်း ရှိနေသည်။
ထိုအထဲတွင် ပိုင်ချူးရန် ပုံစံယူ၍ ရဲတင်းစွာ ဖန်တီးထားသော ဇာတ်လိုက်တစ်ဦးပင် ပါဝင်နေသေးသည်။ ဖုယွမ်ကျီမှာ အမှန်ပင် ထိုသို့ လုပ်ရဲသေးသည်။ ထိုစာအုပ်၏ ခေါင်းစဉ်မှာပင် 'နှစ်တစ်ထောင် သံမဏိသစ်ပင်၏ စွန့်စားခန်း' ဟူ၍ဖြစ်လေ၏။
ထိုအချိန်တုန်းက ပိုင်ချူးရန် ဖုယွမ်ကျီ အား ပညာပေးလိုက်ပြီးကတည်းက ဤကောင်သည် ပိုင်ချူးရန်ရှေ့တွင် ဖုယွမ်ကျီနှင့် လီဖုန်းဖေးတို့ ဖန်တီးထားသော အရာများအကြောင်းကို ထုတ်မပြောရဲတော့ချေ။
ဖုယွမ်ကျီ ပိုင်ချူးရန် မေးခွန်းကို ကြားပြီးနောက် အလျင်အမြန်ပင် တောင်းပန်စကား ဆို၏။
"မဟုတ်ရပါဘူး ဘိုးဘေးရယ်။ ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အာမခံပြီး ကျိန်ရဲပါတယ်။ အဲဒီပစ္စည်းတွေကို ကျွန်တော် လုံးဝ မရောင်းခဲ့ပါဘူး။ အနည်းဆုံးတော့ ဒီမြို့ထဲမှာ မရောင်းပါဘူးဗျာ။"
"ဟုတ်လား။"
ပိုင်ချူးရန်က လှောင်ပြုံးပြုံးလိုက်ပြီး အားပိုင်ဟု အမည်ရသော စာအုပ်တစ်အုပ်ကို ထုတ်ပြသည်။
"ငါက မင်းရဲ့ စိတ်ကူးအရင်းအမြစ် ဖြစ်နေပုံပဲနော်။"
"ဟာ။"
စတုတ္ထအကြီးအကဲ ဖုယွမ်ကျီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အခြားဂိုဏ်းများမှ အကြီးအကဲများကို လှမ်းကြည့်လိုက်မိသည်။ သူ၏ အကြည့်များနှင့် ဆုံမိသော အခြားဂိုဏ်းများမှ အကြီးအကဲအားလုံးသည် မျက်နှာလွှဲသွားကြပြီး သူတို့နှင့် ဘာမှမသက်ဆိုင်သကဲ့သို့ ဟန်ဆောင်နေကြ၏။
"ဟိုကြည့်ဒီကြည့် လျှောက်မကြည့်နဲ့။"
ပိုင်ချူးရန် အော်ငေါက်လိုက်ရာ ဖုယွမ်ကျီမှာ မသိစိတ်မှ အလိုအလျောက်ပက် မတ်မတ်ရပ်လိုက်မိသည်။
"ဒီဟာကို ငါ့ဘာသာ ရှာတွေ့ခဲ့တာ။ သူတို့နဲ့ ဘာမှမဆိုင်ဘူး။ မင်းကို ဂိုဏ်းတပည့်တွေနဲ့ ပတ်သက်တာ အကုန်လုံးကို စီစဉ်ဖို့ အချိန်မိနစ်နှစ်ဆယ်ပေးမယ်။ နားလည်လား။"
"နားလည်ပါပြီ။"
ဖုယွမ်ကျီ ဝမ်းနည်းစွာ ခေါင်းညိတ်ပြလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထိုနေရာမှ ထွက်ခွာသွား၏။