အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅) လွယ်လွယ်လေးပါ [၂]
မိနစ်နှစ်ဆယ်ကြာပြီးနောက် ကျူယွမ်ကျှအား ဆွဲချိတ်ထားသော သစ်ပင်၏ အခြားသစ်ကိုင်းတစ်ခုတွင် ဖုယွမ်ကျီလည်း လျှော်ကြိုးတစ်ချောင်းအား ချည်နှောင်ကာ သူ့ကိုယ်သူ ပြန်လည်ဆွဲချိတ်နေသည်ကို ကာမသုတြာဂိုဏ်းနှင့် ထျန်းမိုဂိုဏ်းမှ တပည့်များမှာ မျက်မြင်တွေ့ရှိခဲ့ရသည်ဟု ဆိုကြသည်။ သို့သော် ဤအရာများသည် နောက်ပိုင်းမှ ဖြစ်လာမည့် ကိစ္စများသာ ဖြစ်သည်။
ဖုယွမ်ကျီ၏ အထီးကျန်ဆန်သော ကျောပြင်ကို ကြည့်ပြီး စုရှန်းရွှယ်က ပိုင်ချူးရန်အား တိတ်တဆိတ် ပြောသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူက ရှင်တို့ ချီမင်ဓားဂိုဏ်းရဲ့ အကြီးအကဲနဲ့ ဂိုဏ်းချုပ်လေ။ တခြား ဂိုဏ်းကြီးတွေရှေ့မှာ ဒီလောက်တောင် အပုပ်ချခံနေရတာ ရှင်က ချီမင်ဓားဂိုဏ်းရဲ့ပုံရိပ်ကို ဂရုမစိုက်လွန်းရာမကျဘူးလား။"
"ကိစ္စမရှိဘူး "
ပိုင်ချူးရန်က စုရှန်းရွှယိအား လက်ကာပြကာ ပြုံးလျက် ပြောသည်။
"သူတို့ကို မရိုက်ခင်က၊ အဲဒီအနားမှာတင် ထျန်းမိုဂိုဏ်းကိုပါ ငါ ဝင်ရိုက်ခဲ့သေးတာပဲ။"
မည်သို့ပင်ဆိုစေ ဂိုဏ်းတစ်ဂိုဏ်းတည်း အရှက်စရာဖြစ်သွားသည် မဟုတ်သောကြောင့် ပိုင်ချူးရန်၏ တွေးခေါ်ပုံမှာ အလွန်ပင် ပြည့်စုံလွန်းလှသည်။
"အဲလိုလုပ်တော့ရော ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အမြင့်ဆုံးအကြီးအကဲ ဖုယွမ်ကျီက ရှင့်ကို ပြဿနာမရှာဘူးလား။"
"ဟင့်အင်း။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ကို မနိုင်ပါဘူးလေ။ ပြီးတော့ ငါ ကျီလင်းယွမ်ကို ရိုက်တုန်းကဆိုရင် အဲ့အဘိုးကြီးက ကျီလင်းယွမ်ကို လမ်းညွှန်ပြသပေးနေတယ်လို့တောင် ထင်ပြီး လက်ခုပ်တောင် တီးပေးနေသေးတာ။"
စုရှန်းရွှယ်က မျက်လုံးလှန်ပြလိုက်ပြီး ကူကယ်ရာမဲ့စွာ လက်ဖြန့်ကာပြန်ပြော၏။
"ဒါဆိုလည်း ထုံးစံအတိုင်းပဲပေါ့။ ရှင့်အတွက် ကျွန်မပဲ ကိုင်တွယ်ဖြေရှင်းပေးပါ့မယ်။"
ပိုင်ချူးရန်သည် ဤညစ်ညမ်းသော စာအုပ်အား စုရှန်းရွှယ်ထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် ကာမသုတြ။ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ၎င်းကိုဖွင့်ကာ မျက်နှာအမူအရာ တစ်ချက်မျှ မပြောင်းလဲဘဲ မြန်ဆန်စွာဖတ်ရှုလိုက်ပြီး ဤစာအုပ်၏ တန်ဖိုးအား ပညာရှင်ဆန်ဆန် ရှုထောင့်မှနေ၍ အကဲဖြတ်နေသည်။
သုံးမိနစ်ကြာပြီးနောက် စုရှန်းရွှယ်သည် စာအုပ်ကိုပိတ်ကာ တည်ကြည်သောလေသံဖြင့် ပြောလာသည်။
"အင်း။ ပန်းချီသူတော်စင်ရဲ့ အရည်အချင်းနဲ့ အကြီးအကဲ ဖူယွင်ဇီးရဲ့ စာပေစွမ်းရည်တွေ တိုးတက်လာတာပဲ။ မေ့ချောင်... စီနီယာ ဓားဘိုးဘေးကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံးနှစ်ထောင် ပေးလိုက်ပါ။"
ထိုစကားကို ကြားသောအခါ ယိုမေ့ချောင်မှာ မျက်မှောင်ကြုတ်မိသွားသည်။ ယိုမေ့ချောင်သည် စုရှန်းရွှယ်၏ အချစ်တော်တပည့်တစ်ဦးဖြစ်သောကြောင့် ဆရာမဖြစ်သူ၏ လျှို့ဝှက်ချက်များစွာကို သေချာပေါက် သိရှိထားသည်။ ပိုင်ချူးရန်မှ ဖုယွမ်ကျီနှင့် လီဖုန်းဖေးတို့၏ လှုပ်ရှားမှုများကို ရှာဖွေတွေ့ရှိပြီးကတည်းက ဤကဲ့သို့သော အရောင်းအဝယ်မျိုးကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။
အခြားသော စာအုပ်စာတမ်းများအတွက်မူ စုရှန်းရွှယ်သည် ဟွမ်ရှီးနယ်မြေအတွင်း၌ဆိုပါက သူ့အား ကူညီပေးမည်ဖြစ်ပြီး ရရှိလာသော ဝင်ငွေများကို ကာမသုတကြာဂိုဏ်းနှင့် ပိုင်ချူးရန်တို့ကြား ခွဲဝေယူကြမည်ဖြစ်သည်။ သို့သော် ပိုင်ချူးရန်အား ဇာတ်လိုက်အဖြစ် ပုံစံယူရေးသားထားသော ယခုကဲ့သို့ စာအုပ်မျိုးကိုမူ စုရှန်းရွှယ်က သူမကိုယ်ပိုင်အိတ်ကပ်ထဲမှ စိုက်ထုတ်ကာ ဝယ်ယူလေ့ရှိသည်။
ယိုမေ့ချောင်သည် ဆရာဖြစ်သူ၏ အိပ်ခန်းထဲရှိ စာအုပ်စင်ပေါ်တွင် တန်းစီထားသော အရာများ၏ အကြောင်းအရာများမှာ ဘာတွေလဲဆိုသည်ကို ကောင်းကောင်းသိ၏ သို့သော် သေချာသည်မှာ သူမသည် ထိုအကြောင်းကို ထုတ်ပြောမည်မဟုတ်ပေ။
ထိုအစား စုရှန်းရွှယ်က သူမအား သိမ်းဆည်းထားရန် ခိုင်းစေထားသော ပိုက်ဆံများအား သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကို ဖယ်ထုတ်ကာ ပိုင်ချူးရန်ထံသို့ ကမ်းပေးလိုက်သည်။
ပိုင်ချူးရန်က လက်ခံယူလိုက်ပြီး စုရှန်းရွှယ်အား ပြုံးပြလိုက်သည်။ ပိုင်ချူးရန် မျက်လုံးများက နောက်တစ်ကြိမ်လည်း ထပ်ပြီး ပူးပေါင်းကြသေးတာပေါ့ဆိုသည့် အဓိပ္ပာယ်ကို ဖော်ပြနေပြီး စုရှန်းရွှယ်မျက်လုံးများမှာလည်း တိတ်တဆိတ် လက်ခံဟန်ရှိသည်။ ဤမြင်ကွင်းကိုသာ အခြားသူများ မြင်တွေ့သွားပါက မည်သူမဆို သူတို့နှစ်ဦးအား ဆဲဆိုချင်ကြပေလိမ့်မည်။
ပိုင်ချူးရန်သည် ကိုယ်ပိုင် အရောင်းအဝယ် ကိစ္စပြီးဆုံးသွားပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်သည်။ ထို့နောက် ကာမသုတြာဂိုဏ်းနှင့် လာရောက်တွေ့ဆုံရမည့် အကြောင်းအား ပြန်လည်အာရုံစိုက်ကာ စုရှန်းရွှယ်ထံသို့ လက်ကမ်းပေးလိုက်ပြီးနောက် ပြောလိုက်၏။
"ဒါဆိုရင်လည်း ကာမသုတြာဂိုဏ်းက ဂုဏ်သရေရှိဧည့်သည်တို့။ ကျေးဇူးပြုပြီး ကြွကြပါ။”
အခန်း (၁၅၆) ငါက ချီစုစည်းခြင်းအဆင့်မှာပါ။ ရန်သူတွေတောင် ဒါကို အသိအမှတ်ပြုတယ်လေ။
ဤနေရာတွင် ရှိနေသော မဟာဂိုဏ်းကြီးများအားလုံးသည် ကျီရှန်းလိုဏ်ဂူဗိမာန်အား ၎င်းတို့ချည်းသာ သီးသန့် သိမ်းပိုက်လိုကြသော်လည်း တိရှန်းရှေးဟောင်းမြို့တော်အား အမှန်တရားတာအိုမဟာမိတ်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းတို့ ပူးပေါင်းကာ ထိန်းချုပ်ထားခဲ့ကြသည်။ ထို့အပြင် ပိုင်ချူးရန်ကလည်း စောင့်ကြည့်နေသေး၏။
ဤကျင့်ကြံခြင်းလောကတွင် အမှန်တရားမဟာမိတ်အဖွဲ့အား ၎င်းတို့၏ ယေဘုယျတွေးခေါ်မှုတွင် ဖြောင့်မတ်သောလမ်းစဉ်ဆီသို့ ပိုမိုနီးကပ်စွာ လျှောက်လှမ်းစေရန် ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ နတ်ဆိုးဂိုဏ်းကဲ့သို့သော လူဆိုးဇာတ်ကောင်နေရာမှ ပါဝင်မည့်သူများ ရှိနေရန် လိုအပ်ပေသည်။
လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ခန့်က အမှန်တရားတာအိုနှင့် နတ်ဆိုးများကြား စစ်ပွဲများ မဖြစ်ပွားသေးချိန်တွင် မကောင်းဆိုးဝါးဂိုဏ်းများသည် သောင်းကျန်းလွှမ်းမိုးခဲ့ကြပြီး ထိုဂိုဏ်းသုံးဂိုဏ်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် အလောင်းကောင်များသာ ကျန်ရစ်ခဲ့ကြောင်းကို သိထားရမည်။ ထိုအထဲတွင် အပြုအမူအရ အနူးညံ့ဆုံးဟုဆိုနိုင်သော ယင်ဝိညာဉ်ဂိုဏ်းသည်ပင်လျှင် ထိုဂိုဏ်းဖြတ်သန်းသွားသောနေရာများ၌ သင်္ချိုင်းဂူတစ်ခုမျှပင် ချန်မထားခဲ့ပေ။
တစ်နည်းဆိုရသော် ပိုင်ချူးရန်သည် ဟွမ်ဖုဖိန်ကဲ့သို့သော နတ်ဆိုးတစ်ဦးကို သိကျွမ်းပြီး စုရှန်းရွှယ်အား အထက်ပိုင်းရာထူးသို့ရောက်ရန် ကူညီထောက်ပံ့ပေးခြင်းနှင့် ယင်ဝိညာဉ်ဂိုဏ်းမှ အဘိုးအိုများနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်ထားခြင်းတို့သည် နတ်ဆိုးများ ပြုလုပ်နိုင်မည့် အန္တရာယ်များအား အကြီးမားဆုံး အတိုင်းအတာအထိ ကန့်သတ်နိုင်ခဲ့သည်။
သို့ဖြစ်ရာ ပိုင်ချူးရန်သည် အမှန်တရားတာအို မဟာမိတ်အဖွဲ့၏ အင်အားများကို ထိန်းချုပ်မရနိုင်လောက်အောင် ကြီးထွားလာခွင့်ကို ခွင့်မပြုနိုင်ပေ။ သို့မဟုတ်ပါက အမှန်တရားတာအိုများ မြင့်မားလာပြီး မကောင်းမှုများ ပပျောက်သွားသည့်အခါ ထိုအဖွဲ့အစည်းသည် အတွင်းပိုင်းမှစတင်၍ ယိုယွင်းပျက်စီးလာမည်မှာ အသေအချာပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသားများ၏ သဘာဝကြောင့်ဖြစ်၏။
ထို့ကြောင့် လူတိုင်းသည် နောက်ထပ် ရက်အနည်းငယ်မျှ စောင့်ဆိုင်းခဲ့ကြပြီး အဝေးဆုံးတွင်ရှိသော ယင်ဝိညာဉ်ဂိုဏ်းမှ တပည့်များပါ လာရောက်စုရုံးမိသည့်အခါ ဂိုဏ်းအားလုံးမှ အကြီးအကဲများသည် ၎င်းတို့၏ တပည့်များအား ကျီရှန်းလိုဏ်ဂူအတွင်းသို့ စေလွှတ်လိုက်ကြ၏။
တိရှန်းရှေးဟောင်းမြို့တော်အတွင်း၌ ဂိုဏ်းအသီးသီးမှ အကြီးအကဲများမှာ သူတို့စွမ်းရည်များအား အသုံးပြုပြီး မှော်လက်နက်ဓားပျံများကို ထိန်းချုပ်ကာပျံသန်းစေခြင်း သို့မဟုတ် ကောင်းကင်မှ တိမ်တိုက်များနှင့် တိမ်မည်းများအား တိုက်ရိုက်ပင် ထိန်းချုပ်ကာ ဂိုဏ်းတွင်းမှ တပည့်များအား ကောင်းကင်ယံသို့ မိုင်အနည်းငယ်ခန့် ပျံသန်းစေခဲ့သည်။ ထိုအမြင့်မှာ ဇောက်ထိုးမိုးမျှော်တောင်အမြင့်နှင့် အတော်လေး နီးကပ်နေ၏။
သို့သော် ရှေ့သို့ဆက်သွားမည်ဆိုပါက နတ်ဝိဉာဉ် အဆင့်အထက်ရှိသူများမှာ လိုဏ်ဂူဗိမာန်၏ စည်းမျည်းများကြောင့် မိုးကြိုးဒဏ်များ၏ တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်သည်။ သို့ဖြစ်ရယ အကြီးအကဲများသည် ဤနေရာတွင်ပင် ရပ်တန့်လိုက်ကြပြီး အမှန်တရားတာအိုမဟာမိတ်ဂိုဏ်း ငါးခုနှင့် နတ်ဆိုးမဟာမိတ်ဂိုဏ်း ဂိုဏ်းသုံးခုတို့မှာ တစ်သားတည်း ချိတ်ဆက်ကာ သွားကြသည်။ ကောင်းကင်ယံမှာ အမှန်တရားတာအို မဟာမိတ်ဂိုဏ်းများရှိရာ ညာဘက်ခြမ်းတွင် တောက်ပနေပြီး နတ်ဆိုးဂိုဏ်း မဟာမိတ်အဖွဲ့များရှိရာ ဘက်တွင်မူ တိမ်များအုံ့ဆိုင်းနေ၏။
ဂိုဏ်းမှ အကြီးအကဲများသည် ၎င်းတို့၏ တပည့်များအား နောက်ဆုံးအနေဖြင့် သတိပေးမှာကြားမှုများ စတင်ပြုလုပ်ကြသည်။ ရောင်ရမ်းနေသော နှာခေါင်းနှင့် ဖူးယောင်နေသော မျက်နှာရှိသည့် ကျူယွမ်ကျီသည် ရှေ့တွင် ခေါင်းကိုမော့ကာ ရပ်နေသော ချင်တန်ယင်းနှင့် တပည့်များထဲတွင် ဝင်ရောက်ချိန် အကြာဆုံးဖြစ်သော ချီမင်ဓားဂိုဏ်း၏ ထိပ်တန်းတပည့်ဖြစ်သူ နတ်ဝိဉာဉ်အဆင့် လျိုချန်ရင်တို့အား အဆောင်လက်ဖွဲ့အချို့အား ပေးအပ်လိုက်သည်ကို ပိုင်ချူးရန် သတိပြုမိ၏။ ထိုအရာသည် သူတို့အတွက် အသက်ကယ်မည့် နည်းလမ်းများ ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤအခွင့်အရေးကို အသုံးချ၍ ပိုင်ချူးရန်သလည်း ထန်ရော်ဝေအား ခေါ်လိုက်ပြီး သူမအား ကျောက်စိမ်းပြား သုံးချပ်ကို တိတ်တဆိတ် ပေးအပ်သည်။
"ဒါက မကြာသေးခင်ကမှ ရွှမ်ဖာကျောင်းတော်က တိရှန်းပို့ဆောင်ရေးအစီအရင်ကို အခြေခံပြီး သုတေသနလုပ်ထားတဲ့ ပစ္စည်းလေးပဲ။ အထဲမှာ နေရာလွတ်လေးတစ်ခု ပါပြီးတော့ အဲဒီထဲမှာ ငါ့ရဲ့ ဓားအော်ရာ သုံးခုကို ချိတ်ပိတ်ထားတယ်။"
ပိုင်ချူးရန်က ဆက်ပြောသည်။ "ဖြေရှင်းလို့မရတဲ့ အန္တရာယ်မျိုးနဲ့ ကြုံလာရရင် ဒီကျောက်စိမ်းပြား သုံးချပ်ကို ပစ်ပေါက်လိုက်။ မှတ်ထားနော် တိုက်ခိုက်မယ့် အကွာအဝေးက ကျောက်စိမ်းပြားကျတဲ့နေရာကနေ ပတ်ပတ်လည် ဆယ်မီတာ အချင်းဝက်အတွင်းမှာပဲ။ ငါ့ရဲ့ ဓားဝိညာဉ်က လူရွေးပြီး မခုတ်တတ်ဘူး။ ဒါကြောင့် မင်းကိုယ်မင်း အဲဒီအထဲ ဝင်မသွားစေနဲ့။"
ပိုင်ချူးရန် ထန်ရော်ဝေအား အဖွဲ့ထဲသို့ ပြန်သွားရန် ညွှန်ကြားပြီးသည်နှင့် စုရှန်းရွှယ်သည် ယိုမေ့ချောင်အား ခေါ်ဆောင်ကာ သူ့ထံသို့ ထပ်မံရောက်ရှိလာ၏။ မျက်နှာဖုံးစွပ်ထားသော ထိုအလှပိုင်ရှင်လေးသည် ပိုင်ချူးရန်ကို အထက်အောက် နှစ်ခါခန့် အကဲခတ်ကြည့်လိုက်ပြီးနောက်၊ ဘေးတွင်ရှိနေသော ယိုမေးချောင်အား ဆွဲယူကာ ပိုင်ချူးရန်ကို မိတ်ဆက်ပေးသည်။
"ဒါက ကျွန်မရဲ့ တပည့်လေးလေ။"
ပိုင်ချူးရန်က ခေါင်းညိတ်၏။
"ငါသိတယ်။"
"အင်း။"