အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အခန်း (၁၅၇) ငါက ချီစုစည်းခြင်းအဆင့်မှာပါ။ ရန်သူတွေတောင် ဒါကို အသိအမှတ်ပြုတယ်လေ။ [1]
စုရှန်းရွှယ်မှာ ခေါင်းကိုလှည့်ကာ ယိုမေ့ချောင်အား ပြောလိုက်သည်။ "အထဲကို ရောက်သွားလို့ သူနဲ့ဆုံရင် သူခိုင်းတဲ့အတိုင်း လုပ်နော်။"
"မင်း ဘာတွေပြောနေတာလဲ။"
ပိုင်ချူးရန်က တည်ငြိမ်စွာဖြင့် ပြော၏။
"ငါ အထဲကို မဝင်ပါဘူး။ ဂိုဏ်းက ကလေးတွေရဲ့ အခွင့်အရေးကို ငါက ဘယ်လိုလုပ် သွားလုရက်မှာလဲ။"
စုရှန်းရွှယ်က သူ့အား မျက်စောင်းထိုးလိုက်ပြီးနောက် ယိုမေ့ချောင်အား ပြောလေ၏။ "ချောင်ချောင် ကြုံတွေ့ရမယ့်အရာတွေက လိုဏ်ဂူထဲမှာ ဖန်တီးထားတဲ့ စိတ်ကူးယဉ် အာရုံချောက်ချားမှုတွေ ဖြစ်ဖို့များတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အစစ်ကို ဘယ်လိုခွဲခြားရမလဲဆိုတဲ့ နည်းလမ်းအချို့ကို ဆရာသင်ပေးမယ်။"
လူတိုင်းသည် အသက်ရှည်ရှည် နေရသောအခါ စကားများတတ်လာ၏။ ဂိုဏ်းအသီးသီးမှ အကြီးအကဲများမှာ သူတို့ တပည့်များကို အချိန်အတော်ကြာအောင် မှာကြားပြီးနောက် အဆုံးတွင် တပည့်များသည် မှော်လက်နက်များကို အသုံးပြုကာ ဇောက်ထိုးတောင်ဆီသို့ ပျံသန်းသွားသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် လိုဏ်ဂူဗိမာန်၏ ဘေးဒဏ်ပေးသည့် အစီအရင်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ဘဲ တောင်ထိပ်သို့ အန္တရာယ်ကင်းစွာ ချဉ်းကပ်သွားနိုင်ခဲ့ကြသည်။ တောင်ထိပ်နှင့် မီတာအနည်းငယ်မျှ အကွာသို့ ရောက်သောအခါ ရုတ်တရက် လေဟာနယ်အတွင်း၌ ရေလှိုင်းဂယက်ကဲ့သို့ လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာ၏။
တပည့်များ၏ ပုံရိပ်များမှာ အခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ ထိုလှိုင်းဂယက်များကြားတွင် ပျောက်ကွယ်သွားကြပြီး ဇောက်ထိုးတောင်ပေါ်တွင် မည်သူ့ကိုမျှ မတွေ့ရတော့ပေ။
တပည့်များ အန္တရာယ်မရှိဘဲ လိုဏ်ဂူစံအိမ်၏ လေဟာနယ်အတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါမှသာ ထိုနေရာတွင်ရှိနေသော ဂိုဏ်းအသီးသီးမှ အကြီးအကဲများအားလုံး သက်ပြင်းချနိုင်ကြ၏။
"အားလုံးပဲ။ အကာအကွယ် အတားအဆီးကို ဖွင့်လိုက်ကြရအောင်။"
သူတို့ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ရောင်ရမ်းနေသော နှာခေါင်းနှင့် ဖူးယောင်နေသော မျက်နှာရှိသည့် ကျူယွမ်ကျီမှာ ထိုင်းမှိုင်းသော လေသံဖြင့် အကြံပြုလိုက်သည်။
"ကောင်းပါပြီ"
ကျီလင်းယွမ်မှာ ထိခိုက်ဒဏ်ရာရထားပုံ မပေါ်သော်လည်း လှုပ်ရှားလိုက်တိုင်း အသက်ရှုမဝသကဲ့သို့ ဖြစ်နေသည်။
"နင့်လို ကောင်စုတ်လေးရဲ့ အကြံပြုချက်ကို သဘောတူမိတာ ငါ့ဘဝမှာ ဒါ ပထမဆုံးအကြိမ်ပဲ။ အခုတော့ ငါပြန်ပြီး အိပ်ချင်နေပြီ။"
အခြားသော ဂိုဏ်းအကြီးအကဲများလည်း ခေါင်းညိတ်သဘောတူလိုက်ကြပြီး ထိုအချိန်တွင် ပိုင်ချူးရန်က ဝင်ပြောသည်။ "ခဏနေဦး။ ငါလည်း အထဲဝင်ချင်တယ်။"
"ဘယ်လို။"
စုရှန်းရွှယ်မှာ ပြုံးလျက် ပြောသည်။ "ဂိုဏ်းက ကလေးတွေရဲ့ အခွင့်အရေးကို သွားမလုပါဘူးဆိုပြီး ခုနကပဲ ဘယ်သူပြောလိုက်တာလဲ။"
"မင်းဘာပြောလာလဲ။ လေတိုက်တာ အရမ်းကြမ်းလို့ မကြားရဘူး။"
ပိုင်ချူးရန်မှာ နားကို ကလော်ထုတ်ဟန်ဆောင်လျက် ပြန်ဖြေပြီးနောက် လေးနက်သော လေသံဖြင့် ပြောလိုက်၏။
"ငါ့ မျက်နှာလေးတော့ ထောက်ကြပါဦး။ ငါ့ဘဝမှာ အခြေခံအုတ်မြစ်ချတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင် မရောက်နိုင်ဆိုတာက ဒီတစ်ကြိမ်ပေါ်မှာပဲ မူတည်နေလောက်တယ်။"
"အင်း။"
ရွှမ်ဖာအကယ်ဒမီမှ အကြီးအကဲရွှမ်မှာ ယခင်က အင်မော်တယ်များ ကိုင်ဆောင်ခဲ့သော အနက်ရောင် သလင်းကျောက်နှင့် ဆင်တူသည့် သံချွန်တစ်ခုအား ပိုင်ချူးရန်ထံ ကမ်းပေးသည်။
"ဒါဆိုရင်လည်း ဓားဘိုးဘေး ဒီပစ္စည်းကို လက်ခံပေးပါ။ ဒီပစ္စည်းက ရွှမ်ဖာအကယ်ဒမီက တိရှန်းရှေးဟောင်းမြို့တော်ရဲ့ ပစ္စည်းတွေကို အခြေခံပြီး ကူးယူဖန်တီးထားတဲ့ နောက်ဆုံးပေါ် သုတေသနရလဒ်ပါ။ မူလလက္ခဏာရပ်တွေကို ထိန်းသိမ်းထားနိုင်တဲ့အပြင် ဝိညာဉ်ကို ထိခိုက်ကျူးကျော်လာတာကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒီပစ္စည်းကို ဖန်တီးဖို့က တော်တော်လေး ခက်ခဲတယ်။ လက်ရှိမှာတော့ ပုံစံခွက်ကလွဲရင် ဒီတစ်ခုတည်းပဲ ကျွန်တော်တို့ဆီမှာ ရှိပါသေးတယ်။"
ပိုင်ချူးရန်မှာ ထိုအရာယူလိုက်ပြီး ပြန်ပြောသည်။ "အကယ်ဒမီမှူး ချိုးယွီရွမ်ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ တကယ်တော့ မြေကမ္ဘာအင်မော်တယ်က ကျွန်တော့်ရဲ့ ဝိညာဉ်ကို ထိခိုက်အောင် မလုပ်နိုင်လောက်ဘူးလို့ ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ ဝိညာဉ်မှ မရှိတာ။"
အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရှန်းချန်ကျောက်စိမ်းမျှော်စင်မှ ပန်းချီသူတော်စင်က ထပ်ပြောသည်။ "ဓားဘိုးဘေးရဲ့ မျက်နှာကိုတော့ သေချာပေါက် ထောက်ထားပေးရမှာပေါ့။ ဒါပေမယ့် ဓားဘိုးဘေးရယ်၊ ခင်ဗျားရဲ့ အဆင့်က နိမ့်ပေမယ့် စွမ်းအားကတော့ အတော်ကြီးမားပါတယ်။ အထဲကို ဝင်သွားတဲ့အခါ တကယ်ပဲ မိုးကြိုးဒဏ်ကို မဆွဲဆောင်မိနိုင်ဘူးလို့ ထင်လို့လား။"
"ဘယ်သူက အဲ့မိုးကြိုးကို ဂရုစိုက်မှာလဲ။"
ပိုင်ချူးရန်က လက်ကာပြသည်။
"ငါက မိုးကြိုးဒဏ်ကို မခံဖူးတာမှ မဟုတ်တာ။ ငါသာ အခြေခံအုတ်မြစ်ချနိုင်မယ်ဆိုရင် မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိဖို့ဆိုတာကိုတောင် ပြောနေစရာမလိုဘူး။ ငါ့ရှေ့မှာ မြေကမ္ဘ အင်မော်တယ်တွေ အုပ်လိုက်ကြီး ရှိနေရင်တောင် ငါကတော့ သွားမှာပဲ။"
"ပြောတာ ကောင်းတယ်။"
ကျူယွမ်ကျီက ကျယ်လောင်စွာဖြင့် လက်ခုပ်တီးသည်။
"ဒါဆိုရင်လည်း ဘိုးဘေးကြွတော်မူပါခင်ဗျာ။"
အခန်း (၁၅၈) တောင်းတတိုင်းမရနိုင်တဲ့ ဒုက္ခ
"မင်းအပြောမတတ်ရင် ဘာမှဝင်မပြောနဲ့။"
ပိုင်ချူးရန်မှာ သူ့အား အဝေးသို့ ကန်ထုတ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာ စုရှန်းရွှယ်၏ ဘေးသို့ ခုန်ကူးသည်။
"ငါ ရပ်ဖို့နေရာလေးတစ်ခုလောက် ငှားပါဦး။"
"ဟူး..."
စုရှန်းရွှယ်မှာ အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီး သူမလက်အား လှန်ကာ ယောင်ချင်းကို ခေါ်ယူသည်။ ထို့နောက် လက်ဗလာဖြင့် ကြိုးတစ်ချောင်းကို ဆွဲယူပြီး ညင်သာစွာ တီးခတ်လိုက်၏။
သာယာနာပျော်ဖွယ်ကောင်းသော စောင်းသံလေး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တိမ်တိုက်များထဲရှိ ရေခိုးရေငွေ့များမှာ ရုတ်တရက် စုစည်းသွားကာ ငါးမီတာပတ်လည်ရှိ ထူထဲသော ရေခဲကျွန်းလေးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး တိမ်တိုက်များကြားတွင် လွင့်မျောနေသည်။
ပိုင်ချူးရန်မှာ ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ တိမ်တိုက်များပေါ်မှနေ၍ ရေခဲကျွန်းဆီသို့ ခုန်ကူးသွားသည်။ ထို့နောက် သူ့ခြေထောက်ကို အနည်းငယ်မြှောက်လိုက်ရာ ပိုင်ချူးရန် ပုံရိပ်သည် ရုတ်တရက် မြင့်တက်သွားတော့သည်။
ရေခဲကျွန်းလေးသည် ပိုင်ချူးရန်၏ အရှိန်ကြောင့် သေးငယ်သော ရေခဲပွင့်လေးများအဖြစ် ကြေမွသွားပြီး သူ့ ခန္ဓာကိုယ်မှာမူ ကောင်းကင်ယံရှိ ဇောက်ထိုးတောင်၏ ထိပ်ပိုင်းဆီသို့ မြင့်မားစွာ ပျံတက်သွား၏။ အခြားသူများမှာ ပိုင်ချူးရန်အား မော့ကြည့်နေကြပြီး မျက်စိတစ်မှိတ်မျှ မလွှဲဘဲ စောင့်ကြည့်နေကြသည်။ ယခင်တပည့်များကဲ့သို့ပင် တောင်ထိပ်နှင့် မီတာအနည်းငယ်အကွာတွင် လှိုင်းဂယက်ကဲ့သို့ လေဟာနယ် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာပြီး သူလည်း အခြားကမ္ဘာတစ်ခုသို့ ဝင်ရသွား၏။
"ကပ်ဘေးဒဏ်စီရင်တာ မရှိဘူးပဲ။"
အတန်ကြာပြီးနောက် ဇင်ဆရာတော် ဝေ့ချန်မှာ သူ့ခေါင်းသူ ပွတ်သပ်ကာ မပြောဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
"ဒီကျီရှန်းလိုဏ်ဂူဗိမာန်က တကယ်ပဲ ဓားဘိုးဘေးကို ချီစုစည်းခြင်းအဆင့် ကျင့်ကြံမှုလောက်ပဲ ရှိတယ်လို့ ယုံကြည်သွားပုံရတယ်။ ဘိုးဘေးရဲ့ စိတ်ထဲမှာ ဝမ်းသာနေမလား ဝမ်းနည်းနေမလား ဆိုတာတောင် မသိတော့ဘူး။"
"အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်။"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျီလင်းယွမ်နှင့် ဟွမ်ဖုဖိန်တို့လည်း ကောင်းကင်သို့ မော့ကြည့်ကြ၏။ ပိုင်ချူးရန်၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို မြင်ပြီးနောက် ဟွမ်ဖုဖိန်က သူ့ဘာသာ ရေရွတ်နေသည်။
"ငါတို့ရဲ့ နတ်ဆိုးမဟာမိတ်ဂိုဏ်းမှာလည်း အရေးပေါ်ရင် သုံးလို့ရမယ့် ဒီလို အဆင့်နိမ့် တိုက်ခိုက်ရေးစွမ်းအားမျိုးလေး ရှိနေရင် အရမ်းကောင်းမှာပဲ။ မင်းတို့ရော အဲလိုမထင်ဘူးလား မိန်းကလေးစုနဲ့ အရိုးစုအိုကြီး။"
ထိုလေဟာနယ်အတွင်းရှိ လှိုင်းဂယက်များအား ဖြတ်သန်းသွားပြီးနောက် ပိုင်ချူးရန်သည် ဇောက်ထိုးမိုးမျှော်တောင် ထိပ်ရှိရာ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွား၏။ ဤနေရာတွင် ဆွဲငင်အားမှာ ရုတ်တရက် ပြောင်းပြန်ဖြစ်သွားရာ ခြေကုပ်ယူစရာမရှိဘဲ လေဟာနယ်ထဲတွင် မပျံသန်းနိုင်သော ပိုင်ချူးရန်မှာ ရုတ်တရက် အောက်သို့ တန်းတန်းမတ်မတ် ပြုတ်ကျသွားတော့သည်။ သို့သော်လည်း ပိုင်ချူးရန်သည် စောစောစီးစီးကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သဖြင့် လေထဲတွင် ကိုယ်ဟန်ကို အမြန်ထိန်းညှိလိုက်သည်။
ပိုင်ချူးကန်သည် ပြန့်ကျဲနေသော တောင်ထိပ်ပေါ်သို့ ဆင်းသက်မိသွားပြီး အထက်သို့ မော့ကြည့်ချိန် သူ့ခေါင်းပေါ်တွင် ပြာလဲ့နေသော ကောင်းကင်ယံကြီးရှိနေပြီး ကျိုးနယ်မြေ ဆယ်ခုကိုပင် မမြင်ရတော့ချေ။
"ဒါက ကျီရှန်းလိုဏ်ဂူဗိမာန်လား။"
ပိုင်ချူးရန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှု၏။
"မဟုတ်သေးဘူး။ ကျီရှန်း လိုဏ်ဂူဗိမာန်ရဲ့ ဝင်ပေါက်လို့ ပြောရမှာပေါ့။"
သူသည် ကျိုးနယ်မြေတွင် ကောင်းကင်နှင့်မြေကြီးမှ ဇောက်ထိုး တွဲလောင်းကျနေသော တောင်ထိပ်တွင် ရောက်ရှိနေခြင်း ဖြစ်ရမည်။ ဤတောင်ထိပ်မှာ နေရာအနှံ့တွင် မြင်တွေ့နိုင်သော အပင်အချို့ ပေါက်ရောက်နေသည့် ကုန်းပြင်မြင့်တစ်ခု ဖြစ်သော်လည်း အခြားမည်သည့်သက်ရှိကိုမျှ မတွေ့ရပေ။
ပိုင်ချူးရန်သည် ကုန်းပြင်မြင့် အစွန်းသို့ လျှောက်သွားကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ကုန်းပြင်မြင့်၏ အပြင်ဘက်တွင် ဒီဂရီ ၇၀ ခန့် မတ်စောက်သော ဆင်ခြေလျှောဖြင့် ဖြစ်ပေါ်နေသည့် ချောက်ကမ်းပါးတစ်ခုရှိ၏။
ချောက်ကမ်းပါးပေါ်တွင် ကျောက်စောင်း အက်ကွဲကြောင်းများကြားမှ ပေါက်ရောက်နေပြီး ချောက်ကမ်းပါးတွင် ကြံ့ကြံ့ခံ တွယ်ကပ်နေသော သစ်ပင်အချို့ကို မြင်တွေ့နိုင်သည်။ အောက်ခြေပိုင်းကိုမူ တိမ်များနှင့် မြူခိုးများမှာ လွှမ်းခြုံထားပြီး တိမ်များနှင့် မြူခိုးများကြားမှ တက်ကြွလှုပ်ရှားနေသော အလင်းတန်းများအား တစ်ခါတစ်ရံ မြင်တွေ့ရသော်လည်း တိကျသော ပုံစံကိုမူ သေချာမမြင်ရပေ။
ပိုင်ချူးရန်သည် အနီးအနားတွင် အခြားတပည့်များကိုလည်း မတွေ့ရချေ။ သူတို့သည် ပိုင်ချူးရန်ထက် ခြေတစ်လှမ်း ဦးစွာရောက်ရှိလာလိုသဖြင့် ဆက်လက်၍ ရှာဖွေစူးစမ်းနေကြပြီ ဖြစ်ရမည်။ ပိုင်ချူးရန်မှာ ခေတ္တမျှ တွေးလိုက်ပြီး ကုန်းပြင်မြင့်၏ အစွန်းမှနေ၍ အောက်ဘက်သို့ ဆင်းလျှောက်လာသည်။
ဤဒေါင်လိုက်ဖြစ်နေသော ချောက်ကမ်းပါးနံရံပေါ်တွင် လျှောက်လှမ်းရသည်မှာ ပိုင်ချူးရန်အတွက် မြေပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ပင် ဖြစ်သည်။ သူ မပျံသန်းနိုင်သော်လည်း ခြေကုပ်ယူစရာ နေရာရှိနေသရွေ့ ဓားပျံစီးနိုင်သော အခြားကျင့်ကြံသူများထက် ပိုမိုတည်ငြိမ်စွာ သွားလာနိုင်သည်မှာ အသေအချာပင်ဖြစ်၏။