← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉) တောင်းတတိုင်းမရနိုင်တဲ့ ဒုက္ခ [1]

ပိုင်ချူးရန်သည် ပေနှစ်ဆယ့်ငါးပေခန့် အကွာအဝေးထိသာ အောက်သို့ ဆင်းလျှောက်ရသေးသော်လည်း သူ၏ တစ်ကိုယ်လုံးမှာ တိမ်များနှင့် မြူခိုးများကြားသို့ နက်ရှိုင်းစွာ ရောက်ရှိသွားပြီး ထူးဆန်းသော လေဟာနယ် လွဲချော်မှု ခံစားချက်တစ်ခု ဝင်ရောက်လာသည်။ ပိုင်ချူးရန်မှာ အရပ်မျက်နှာအားလုံး၌ မြူတွေဖုံးလွှမ်းနေသည့် အခြေအနေအောက်တွင် မိနစ်အနည်းငယ်ခန့် လမ်းလျှောက်နေရပြီး မြူခိုးများ တဖြည်းဖြည်း ကင်းစင်သွားသောအခါ အလွန်အံ့သြဖွယ်ကောင်းသော လိုဏ်ဂူတစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။

"ငါ ခုနလေးတင် ချောက်ကမ်းပါးပေါ်မှာ လမ်းလျှောက်နေခဲ့တာ သေချာပါတယ်။"

ပိုင်ချူးရန်မှာ အံ့သြချီးကျူး၏။ "မြေကမ္ဘာအင်မော်တယ်ရဲ့ လေဟာနယ် နည်းစနစ်က တကယ်ကို မျက်စိကျိန်းလောက်အောင် ပြောင်မြောက်တာပဲ။"

ပိုင်ချူးရန်မှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဤလိုဏ်ဂူတွင် ပြန်ထွက်ရန် လမ်းမရှိတော့ချေ။ သူ၏အနောက်တွင် မာကျောသော ကျောက်နံရံကြီးရှိနေပြီး လိုဏ်ဂူကြမ်းပြင်၏ တစ်ဝက်မှာ အဆုံးအစမရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်နေပြီး လိုဏ်ဂူ၏ အခြားတစ်ဖက်ရှိ ကျောက်နံရံပေါ်ရှိ မှောင်မည်းနေသော အပေါက်တစ်ခုဆီသို့ သွယ်တန်းနေသည့် ကျဉ်းမြောင်းသော လမ်းကလေး တစ်လမ်းသာရှိလေ၏။

ဤလမ်းကလေးဘေးတွင် ကျောက်စာတိုင်တစ်ခုကို ပိုင်ချူးရန် မြင်လိုက်ရသည်။

သူ အနီးသို့ လျှောက်သွားသောအခါ ကျောက်စာတိုင်ပေါ်တွင် အပြာရောင် အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး စာကြောင်းအချို ပေါ်လာသည်။

[ဘဝတွင် မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်း၊ သေဆုံးခြင်း၊ ချစ်ခင်သူနှင့် ကွေကွင်းရခြင်း၊ မုန်းတီးသူနှင့် အတူနေရခြင်း၊ လိုချင်တောင့်တတိုင်း မရနိုင်ခြင်း၊ ခန္ဓာငါးပါး၏ ဆင်းရဲဒုက္ခများဟူ၍ ဆင်းရဲဒုက္ခကြီး ရှစ်ပါးရှိ၏။ သံသရာဆင်းရဲပင်လယ်မှ ရုန်းထွက်နိုင်သူများသာလျှင် အင်မော်တယ်နယ်မြေသို့ တက်လှမ်းနိုင်မည်။]

"ကျစ်... ထျန်းရှန်း ဗုဒ္ဓဘာသာဂိုဏ်းက ဟာတွေပဲ။"

ပိုင်ချူးရန်မှာ အသံထွက်၍ ရေရွတ်မိသည်။ "ဒီမြေကမ္ဘာအင်မော်တယ်က ဗဟုသုတ တော်တော်စုံတာပဲ။"

ပိုင်ချူးရန် စကားပြော၍ပင် မဆုံးသေးခင် ကျောက်စာတိုင်ပေါ်ရှိ စာသားများက ထပ်မံပြောင်းလဲသွားပြန်သည်။

[ပထမဆင်းရဲဒုက္ခ - မွေးဖွားခြင်း ဒုက္ခ။]

ထိုစာသားများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဧရာမ သားရဲကြီးတစ်ကောင်၏ ဗိုက်ထဲသို့ ရောက်နေသကဲ့သို့ လိုဏ်ဂူအတွင်း၌ ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထို့အပြင် ယခုအချိန်တွင် ထိုသားရဲကြီး၏ အစာအိမ်မှာ ပြင်းထန်စွာ ကျုံ့ဝင်ကာ အစာချေဖျက်နေ၏။

ပိုင်ချူးရန် အနောက်ဘက်ရှိ ကျောက်နံရံကြီးမှာ အုန်းအုန်းမြည်သံများနှင့်အတူ ရွေ့လျားလာပြီး သူ့အပေါ်သို့ ဖိချလာသည်။ ပိုင်ချူးရန်၏ ခြေအောက်ရှိ လိုဏ်ဂူကြမ်းပြင် တစ်ဝက်သည်လည်း စတင်ပြိုကျလာသည်။ လိုဏ်ဂူ၏ အခြားတစ်ဖက်ရှိ တွင်းနက်ပေါက်ဆီသို့ ချိတ်ဆက်ထားသော လမ်းကလေးသာလျှင် မူလနေရာတွင် ရပ်တည်နေဆဲဖြစ်သည်။

ထိုလက္ခဏာရပ်များအားလုံးသည် ပိုင်ချူးရန်အား ဤလမ်းကလေးပေါ်သို့ တက်ရန် အတင်းအကျပ် ဖိအားပေးနေသည်မှာ ထင်ရှားလှ၏။

ဤကဲ့သို့သော ဖိအားပေးမှုမျိုးသည် အခြားကျင့်ကြံသူများအတွက် သေလောက်သည့် အန္တရာယ် မဟုတ်သော်လည်း ပိုင်ချူးရန်အတွက်မူ သူ၏ အားနည်းချက်အား ကွက်တိလာထိသကဲ့သို့ ဖြစ်နေသည်။ မည်သို့ပင်ဆိုစေ သူသည် ခြေကုပ်ယူရန် နေရာမရှိပါက လေထဲတွင် မပျံသန်းနိုင်ပေ။ သူ ဆက်တိုက် ပြုတ်ကျသွားလျှင်တောင် သေဆုံးသွားမည် မဟုတ်သော်လည်း ဤချောက်နက်ကြီး၏ အောက်ခြေတွင် မည်သည့်အရာရှိနေပြီး မည်မျှနက်ရှိုင်းသည်ဆိုခြင်းအား သရဲမှလွဲလျှင် မည်သူမျှ သိမည်မဟုတ်ချေ။

သူသာ အပြင်ဘက် လောကကြီး၏ လေဟာနယ်ထဲ ပြုတ်ကျသွားခဲ့မည်ဆိုပါက အင်မတန် ကံဆိုးသွားမှာ သေချာသည်။

"ထားလိုက်ပါတော့။"

သူ၏ ခြေကုပ်နေရာများ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ပိုင်ချူးရန်မှည မလွှဲမရှောင်သာ ထိုလမ်းကလေးပေါ်သို့ တက်လိုက်ရသည်။

"မင်းရဲ့ လိုဏ်ဂူစံအိမ်က ဘာလှည့်ကွက်တွေများ သုံးထားလဲဆိုတာ ငါ သွားကြည့်ပေးရသေးတာပေါ့။"

——————

အခြားတစ်ဖက်တွင်မူ ပိုင်ချူးရန်ထက် ခြေတစ်လှမ်းစော၍ ကျီရှန်းလိုဏ်ဂူစံအိမ်၏ ဝင်ပေါက်သို့ ရောက်ရှိလာသော ထန်ရော်ဝေသည်လည်း ပတ်ဝန်းကျင်အား အကဲခတ်နေသည်။

မူလတွင် သူတို့ တောင်ထိပ်သို့ ရောက်ရှိလာချိန်တွင် ဂိုဏ်းအသီးသီးမှ တပည့်များမှ အတူတကွ စုရုံးခဲ့ကြသော်လည်း ဂိုဏ်းအသီးသီးမှ တပည့်များသည် ဓားပျံကိုစီး၍ ချောက်ကမ်းပါးတစ်လျှောက် တောင်အောက်ရှိ တိမ်များနှင့် မြူခိုးများထဲသို့ ဝင်ရောက်လာချိန်တွင်မူ သူတို့အားလုံး လူစုကွဲသွားခဲ့ကြသည်။ ဤသည်မှာ ဂိုဏ်းအကြီးအကဲများ၏ ကြိုတင်စီစဉ်ထားမှုများကိုလည်း ဖျက်ဆီးပစ်လိုက်၏။

လက်ရှိတွင် ဂိုဏ်းအသီးသီးမှ တပည့်များသည် မည်သည့်နေရာသို့ ရောက်သွားမှန်းကို မသိနိုင်တော့ချေ။ သူတို့အားလုံး ကျပန်း လူစုခွဲခံလိုက်ရပြီး မတူညီသော လေဟာနယ်များထဲသို့ ပစ်ချခံလိုက်ရခြင်း ဖြစ်မည်ဟု ထန်ရော်ဝေ ခန့်မှန်းမိသည်။ ယခုအချိန်တွင်မူ သူမ တစ်ယောက်တည်းသာ ဆက်လက်သွားရတော့မည် ဖြစ်သည်။

အခန်း (၁၆၀) တောင်းတတိုင်းမရနိုင်တဲ့ ဒုက္ခ [2]

ထန်ရော်ဝေ စိတ်ကို ငြိမ်အောင်ထားလိုက်ပြီးနောက် အကဲခတ်ကြည့်ရှုလိုက်ရာ သူမသည် အဋ္ဌဂံပုံစံ စင်မြင့်တစ်ခုအတွင်း၌ ရပ်နေကြောင်း တွေ့လိုက်ရသည်။ အဋ္ဌဂံစင်မြင့်သည် စင်မြင့်ထဲတွင် ကျောက်စာတိုင်တစ်ခုတည်းသာ ရှိသည့် မှောင်မည်းနေသော ညကောင်းကင်ယံထဲတွင် လွင့်မျောနေသည်။

ထန်ရော်ဝေသည် ကျောက်စာတိုင်အနီးသို့ လျှောက်သွားလိုက်သည်။ ပိုင်ချူးရန် မြင်ခဲ့ရသည့်အတိုင်း ကျောက်စာတိုင်ပေါ်တွင် စာကြောင်းအချို့ တလက်လက် တောက်ပသွားသော်လည်း ထို့နောက် ချက်ချင်းဆိုသလိုပင် ထန်ရော်ဝေ၏ နေရာရှိ ကျောက်စာတိုင်ပေါ်တွင် ပေါ်လာသော စာသားများမှာ [တောင်းတတိုင်း မရနိုင်ခြင်း] ဟူသော စာလုံးအဖြစ်သို့ ပြောင်းလဲသွား၏။

ဤကျောက်စာတိုင်ပေါ်တွင် စာသားများ ပေါ်ထွက်လာခြင်းနှင့်အတူ ညကောင်းကင်ယံ၏ နက်ရှိုင်းသော နေရာမှ တံတားတစ်စင်း ရုတ်တရက် ရောက်ရှိလာပြီး အဋ္ဌဂံစင်မြင့်ပတ်လည်ရှိ လက်ရန်းတစ်ခုနှင့် လာရောက်ချိတ်ဆက်သွားသည်။ တစ်ချိန်တည်းမှာပင် အဋ္ဌဂံစင်မြင့်သည်လည်း စတင်တုန်ခါလာပြီး ထန်ရော်ဝေအား နောက်ထပ် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ဤနည်းဖြင့် အတင်းအကျပ် တွန်းအားပေးလာသည်။

ထန်ရော်ဝေမှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဤတံတားပေါ်မှ လျှောက်လှမ်းကာ မှောင်မည်းနေသော ညကောင်းကင်ယံဆီသို့ ဦးတည်သွားရတော့သည်။ ထန်ရော်ဝေ လမ်းတစ်ဝက်သို့ ရောက်သောအခါ နောက်သို့ လှည့်ကြည့်လိုက်ရာ အဋ္ဌဂံစင်မြင့်မှာ ညကောင်းကင်ယံထဲတွင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ၎င်းသည် အဝေးသို့ လွင့်မျောသွားသည်လား သို့မဟုတ် ညကောင်းကင်ယံထဲတွင်ပင် ပြိုကျပျက်စီးသွားသလား ဆိုသည်ကိုတော့ သူမ မသိတော့ချေ။

ထန်ရော်ဝေ နောက်သို့ ပြန်လှည့်ရန် မဖြစ်နိုင်တော့သဖြင့် ရှေ့သို့ ဆက်လျှောက်ကာ တံတားတစ်လျှောက် လျှောက်လှမ်းလာရာ စင်မြင့်တစ်ခု၏ အောက်ခြေသို့ ရောက်ရှိသွား၏။

စင်မြင့်မှာ ပေပေါင်းများစွာ မြင့်မားလှသည်။ အောက်ခြေတွင် ရပ်နေသော ထန်ရော်ဝေမှာ အခြေအနေကို ရှင်းလင်းစွာ မမြင်ရသဖြင့် အဖြူရောင် ကျောက်လှေကားထစ်များအတိုင်း အပေါ်ဆုံးအထိသာ လျှောက်တက်သွားရတော့၏။

အဆုံးတွင် ထန်ရော်ဝေ စင်မြင့်၏ ထိပ်သို့ရောက်သောအခါ စင်မြင့်၏ ထိပ်ပိုင်းသည် စတုရန်းမီတာ ၂၀၀ ခန့် ကျယ်ဝန်းသော လေးထောင့်ပုံစံ စင်မြင့်တစ်ခုဖြစ်ကြောင်း မြင်လိုက်ဪသည်။ စင်မြင့်၏ ထောင့်လေးထောင့်တွင် မီးဖိုတစ်ခုစီ ရှိနေ၏။ ထိုအရာများသည် ထန်ရော်ဝေ ရောက်ရှိလာသည်ကို အာရုံခံမိပြီးနောက် မီးဖိုလေးခုတွင် ရုတ်တရက် မီးများ ဟုန်းခနဲ တောက်လောင်လာ၏။

မီးတောက်မှာ ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ခွင်းပစ်လိုက်ပြီးနောက် ထန်ရော်ဝေရှေ့တွင် ရင်းနှီးနေသော ကောင်မလေးတစ်ဦးမှာ သူမအား ကျောပေးလျက် ရပ်နေသည်ကို မြင်လိုက်ရသည်။

ထိုကောင်မလေးသည် ဘဲငန်းပုံစံ အဝါရောင်ရှိသော တန်ဖိုးကြီး နန်းတွင်းဝတ်စုံအား ဝတ်ဆင်ထားသည်။ ထိုဒီဇိုင်းနှင့် အဆင်တန်ဆာများမှာ ထန်ရော်ဝေအတွက် အနည်းငယ် ရင်းနှီးနေသယောင် ရှိသည်။

"ဟေး..."

ထန်ရော်ဝေမှာ ဆရာဖြစ်သူပေးထားသော အဆောင်အားကိုင်ထားလျက် ကောင်မလေး၏ အနောက်ဘက် ငါးမီတာအကွာအထိ သတိထားကာ ချဉ်းကပ်သွားသည်။ ထိုအကွာအဝေးမှာ သူမ၏ လှုပ်ရှားမှုများအား အစွမ်းကုန် အသုံးချနိုင်သည့် အကွာအဝေးပင်ဖြစ်သည်။ ထို့နောက် သူမက မေးလိုက်၏။

"ရှင် ဘယ်သူလဲဆိုတာ မေးလို့ရမလား။"

"ခစ်ခစ်..."

ထန်ရော်ဝေ မေးလိုက်သော ကောင်မလေးသည် ငွေခေါင်းလောင်းလေးပမာ ရယ်သံလေးဖြင့် သာယာစွာ ရယ်မောလိုက်ပြီးနောက် လှည့်လာကာ ထန်ရော်ဝေအား မျက်နှာမူလ ၏။

"တို့ကို မေးနေတာလား။"

ထိုကောင်မလေး၏ အနက်ရောင် ဆံကေသာမှာ ရေတံခွန်ပမာ ဖြောင့်စင်းနေပြီး သူမလေး၏ မျက်ခုံးများသည် မက်မွန်ပွင့်ပမာ လှပကာ မျက်တောင်များမှာ တဖျပ်ဖျပ် ခတ်နေသည်။ ထိုသူမှာ အမှနိပင် သူမကိုယ်တိုင်ဖြစ်နေသည်။

ဤကောင်မလေးနှင့် သူမကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ ထိုကောင်မလေး ရင်ဘတ်ပေါ်ရှိအရာသည် ကမ္ဘာ့အဆင့်မီ ရင်ဘတ်အလှနီးပါးပင် ဖြစ်နေခြင်းဖြစ်သည်။ ထန်ရော်ဝေ၏ အနှစ် ၂၀ ကျော်ကြာ ကျွမ်းကျင်သော အမြင်ဖြင့် အကဲဖြတ်လျှင် ဤရင်ဘတ်သည် အတုမဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်၏။

ထန်ရော်ဝေ အကြည့်များ ဖြတ်ပြေးသွားသောအခါ ထိုကောင်မလေးမှာ ရင်သားပေါ်တွင် လက်ကိုတင်လိုက်ပြီး ရင်ဘတ်အား ပင့်တင်လိုက်သကဲ့သို့ ဖြစ်သွားသည်။

ထန်ရော်ဝေသည် မျက်စိကျိန်းမတတ် တုန်ခါသွားမှုကို မြင်လိုက်ရပြီးနောက် သူမ၏ အသက်ရှူသံများပင် ရပ်တန့်သွားရ၏။

ထန်ရော်ဝေ နှလုံးသားထဲတွင် အနက်ရောင် မီးတောက်တစ်ခု တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရပြီးနောက် အမည်ခေါ်တွင်နေကြသော ဆင်းရဲဒုက္ခကြီး ရှစ်ပါးထဲမှ တောင်းတတိုင်း မရနိုင်ခြင်းဆိုသည်မှာ မည်သည့်အရာ ဆိုလိုသနည်းဆိုခြင်းအား သူမ နားလည်သွားသလို ခံစားမိလိုက်သည်။

ပိုင်ချူးရန်သည် အမှောင်ထုထဲတွင် စမ်းတဝါးဝါးဖြင့် ရှေ့သို့ လျှောက်သွားသည်။

ကျောက်နံရံပေါ်ရှိ အပေါက်ထဲသို့ ဝင်ရောက်ပြီးနောက် သူလျှောက်နေသော လမ်းမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်ဟု ခံစားလိုက်ရ၏။

မူလတွင် လူနှစ်ယောက် ယှဉ်ကာ မနည်းဖြတ်လျှောက်သွားနိုင်သော အကျယ်အဝန်းမှာ အတန်ကြာလျှောက်ပြီးနောက်တွင် လူတစ်ယောက်ပင် မနည်းဖြတ်ရလောက်အောင် ကျဉ်းမြောင်းသွားခဲ့သည်။

ပိုင်ချူးရန် ရှေ့သို့ ဆက်သွားလေလေ လမ်း၏ အကျယ်မှာ ထပ်မံကျုံ့ဝင်သွားပြီး မှောင်မည်းနေသော အက်ကွဲကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ပိုင်ချူးရန်သာအရှေ့သို့ ဆက်တိုး၀င်သွားပါက ဘေးတိုက်မှသာ ဆက်လျှောက်နိုင်မည်ဟု ခံစားလိုက်ရသည်။

All Chapters