← Chapters

တိကျန်တာအိုသစ်သီး

Vol. 7 Ch. 649

တိကျန်တာအိုသစ်သီး

Vol. 7 Ch. 649

ရှေးဟောင်းသစ်ပင်ကြီးဆီမှ ထုတ်လွှတ်လိုက်သည့် ညစ်ညမ်းသည့် မိစ္ဆာအငွေ့အသက် များသည် အလွန်မှ သိသာထင်ရှား လေသည်။

ဖားဟိုင်ဆရာတော်နှင့် အတူ အဝေးတွင် ရောက်ရှိနေကြသည့် နတ်ဘုရားများသည်ပင်လျှင် ကြောက်ရွံ့ ထိတ်လန့်လျက် ရှိကြလေသည်။ ရှေးဟောင်းသစ်ပင်ကြီးမှ ထုတ်လွှတ်နေသည့် ညစ်ညမ်းသည့် မိစ္ဆာစွမ်းအားများသည် နတ်ဘုရားများ အမုန်းဆုံး မိစ္ဆာစွမ်းအားများ ဖြစ်လေသည်။

နတ်ဘုရားတစ်ပါး ဖြစ်သည်အထိ ကျင့်ကြံခဲ့ကြသူများ၏ စိတ်နှင့်ဝိညာဉ်သည် သန့်စင်ပြီး ကြည်လင် လေသည်။ ညစ်ညမ်းသည့် မိစ္ဆာစွမ်းအားများဖြင့် ထိုးနှက်ခံရပါက ထိုမိစ္ဆာစွမ်းအားများကို ပြန်လည်သန့်စင် ပစ်နိုင်ရန်အတွက် အချိန်မည်မျှ ကြာမည်ဆိုသည့်အချက်ကို ဘုရားသာလျှင် သိနိုင်ပေလိမ့်မည်။

သူတို့သာ သေသေချာချာ သတိထားမိခြင်းမရှိဘဲ ထိုမိစ္ဆာစွမ်းအားများ သူတို့၏ ကိုယ်တွင်းသို့ ရောက်ရှိနေပါက မိုးကောင်းကင် အစစ်ဆေးခံရသည့် အချိန်တွင် အော်ချိန်ပင်မရှိဘဲ ပျောက်ကွယ် သွားရမည် ဖြစ်လေသည်။

ယခင်က ဆန်းလျန်ကို ဝမ်းသာအားရ ကူညီချင်သူများမှာ ယခုတော့ တုတ်တုတ်မှ မလှုပ်ကြတော့ပေ။

ချန်ကျင်းချင်နှင့် ဖန်းယန်ယင်းက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။

သူတို့သည် ထိုထူးဆန်းသည့် မိစ္ဆာသစ်ပင်ကြီးနှင့် ဆန်းလျန် တစ်ယောက်တည်း တိုက်ခိုက် နေသည်ကို ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ပါချေ။

ဖန်းယန်ယင်း၏လက်ထဲတွင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်နေသည့် ထိုက်စန့်ဓားကို ကိုင်ထားလေသည်။ သူမ၏မျက်နှာသည် ကျောက်စိမ်းရောင် တောက်နေပြီး ဓားနတ်သမီး တစ်ပါးနှင့်မတူဘဲ  မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် တူနေလေသည်။

ဧရာမ သစ်ပင်ကြီးထံမှ ထွက်ပေါ်နေသည့် စားချင်ဝါးချင်၊ သတ်ဖြတ်ချင်နေသည့် အငွေ့အသက်များကို ဆန်းလျန်ကဲ့သို့ သူမသည်လည်း ခံစားနေရလေသည်။

ထို့ပြင် ရှေးဟောင်း သစ်ပင်ကြီးထံမှ ထွက်ပေါ်နေသည့် ဆာလောင် မွတ်သိပ်သည့် အငွေ့အသက်များသည် ဆန်းလျန် ကိုစားချင်သည်ထက် သူမကို စားသောက်ချင်စိတ် ပိုဖြစ်နေသည်ကို ဖန်းယန်ယင်း သတိထားလိုက်မိလေသည်။

ထိုသို့ဖြစ်ရသည်မှာ ထိုက်စန့်စက္ခုတန်ခိုးနှင့် မရဏဓားပေါင်းစပ်ထားသည့် ထိုက်စန့်ဓားမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုက်သည့် အငွေ့အသက်များကြောင့်ပင် ဖြစ်လေသည်။ ထိုဓားမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် မိစ္ဆာသစ်ပင်ကြီးကို အလွန်မှ စွဲဆောင် နေခဲ့လေသည်။

ဖန်းယန်ယင်း၏ မရဏ ဓားအရင်းအမြစ်ကိုသာ စုပ်ယူနိုင်မည်ဆိုလျှင် သစ်ပင်ကြီးသည် မရဏဓား ကျင့်စဉ်ကို ကျင့်ကြံနိုင်မည် ဖြစ်လေသည်။ ထိုအခါ အရံအတားများကို ဖျက်ဆီးပစ်နိုင်ပြီး တာအိုတရားကို နားလည်ကာ မိစ္ဆာသစ်ပင်အဖြစ်မှ နတ်ဘုရားတစ်ပါးအဖြစ် အသွင်ကူးပြောင်းနိုင်မည် ဖြစ်လေသည်။

ဖန်းယန်ယင်းသည် ထိုအချက်များကို နားမလည်သည့်တိုင် ထိုသစ်ပင်ကြီးကို ဖျက်ဆီး ပစ်ရမည်ဟု ရှင်းလင်းစွာ ဆုံးဖြတ်ချက် ချလိုက်လေသည်။ မဟုတ်ပါက ထိုသစ်ပင်ကြီးသည် သူမကို အရိုးရော အသားရော မကျန်အောင် စားပစ်လိမ့်မည် ဖြစ်လေသည်။

ဖန်းယန်ယင်းက…

"ဂိုဏ်းတူမောင်လေး၊ ငါ ဆရာဦးလေးကို သွားကူလိုက်မယ်၊ မင်းက ဘေးကနေကြည့်နေပေးပါ၊ တကယ်လို့ တစ်ခုခု မှားနေပြီဆိုရင် ငါ့ကို သတိပေးပါ"

ချန်ကျင်းချင်သည် ဗလာနယ်ပြောင်းလဲခြင်းတန်ခိုးစွမ်းအားကို ကျင့်ကြံထားသူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ချန်ကျင်းချင်သည် သူ၏မူလဝိညာဉ်ခန္ဓာကို ကျောက်တုံး တံတားတစ်ခု အဖြစ် ပြောင်းလဲပစ်ပြီး အရေးကြီးသည့်အချိန်တွင် ဖန်းယန်ယင်းကို အကူအညီပေးနိုင်စွမ်း ရှိလေသည်။

ဖန်းယန်ယင်း၏ စကားကို သဘောတူသည့် အနေဖြင့် ချန်ကျင်းချင်က ခေါင်းညိတ် ပြလိုက်လေသည်။ ဂိုဏ်းတူအစ်မ ပြောသည်မှာလည်း နည်းလမ်းကျသည် မဟုတ်ပါလား။

ချန်ကျင်းချင်သည် အဆင့်မြင့် နတ်ဘုရား တစ်ပါးဖြစ်သည့်တိုင် ဓားသိုင်းပညာတွင်တော့ ဖန်းယန်ယင်းကို မယှဉ်နိုင်ပေ။ ထို့ပြင် ယခုတလော ဆရာဖြစ်သူက ဖန်းယင်ယင်းကို ဓားသိုင်း ထပ်မံသင်ကြား ပြသပေးထားသည့် အတွက် သူမသည် ယခင်ကထက်ပင် ဓားသိုင်းပညာ တိုးတက် လာခဲ့လေသည်။

ဖန်းယန်ယင်းသည် တိတ်ဆိတ်ငြိမ်သက် နေလေသည်။

ထို့နောက်… သူမထံမှ အနီရောင် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းတစ်ခု လင်းလက် သွားကာ ရှေးဟောင်း သစ်ပင်ကြီး၏ အကိုင်းအခက်များကို ဖြတ်တောက် ပစ်လိုက်လေသည်။

သို့သော် ရှေးဟောင်းသစ်ပင်ကြီးမှာ အလွန်တန်ခိုးစွမ်းအား မြင့်မားလေရာ ဖန်းယန်ယင်း၏ ဓားသည် ထိုသစ်ပင်ကြီး၏ အမြစ်များအထိတိုင် ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်… သူမ၏ မရဏဓားချက်များက ရှေးဟောင်း သစ်ပင်ကြီးကို ကောင်းကောင်းဒုက္ခပေးနိုင်စွမ်း ရှိလေသည်။

အဘယ်ကြောင့် ဆိုသော်… သစ်ပင်ကြီးသည် ဆန်းလျန်ကို တိုက်ခိုက်နေရင်းမှ ဖန်းယန်ယင်း ဘက်သို့လှည့်ကာ ခုခံကာကွယ် လိုက်ရသောကြောင့် ဖြစ်လေသည်။

ထိုအချိန်မှာပင် ဆန်းလျန်သည် သစ်ပင်ကြီး၏ ပင်မပင်စည်ကြီး ရှိရာနေရာသို့ တဖြည်းဖြည်း တိုးကပ်လာလေသည်။

ချန်ကျန့်မေ၏ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် ဆက်ခံသူ တပည့်တစ်ယောက် အနေဖြင့် ဖန်းယန်ယင်းသည် ဓားသိုင်းပညာတွင် သူမတူအောင် ထူးချွန်လေသည်။ သူမ၏ ဓားချက်တိုင်းသည်လည်း တန်ခိုး စွမ်းအားများဖြင့် ပြည့်လျက် ရှိလေသည်။

ထို့ကြောင့် ရှေးဟောင်း သစ်ပင်ကြီးသည် သူမ၏ဓားချက်များကို အပြင်းအထန် ခုခံနေခဲ့ရလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ရှေးဟောင်း သစ်ပင်ကြီးသည် ခံစားချက်ကင်းမဲ့သူ ဖြစ်လေသည်။ သို့သော်… ယခုတော့ အလွန်မှ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားနေရလေသည်။

ဆန်းလျန်နှင့် တိုက်ခိုက်ရသည်ပင်လျှင် သူ့ကို အလွန်ပင်ပန်းနွမ်းနယ်စေခဲ့ပြီ ဖြစ်လေသည်။ ယခု ဖန်းယန်ယင်း၏ ဓားချက်များကလည်း သူ့ကို ပိုပြီး လှုပ်ရှား ပျံ့လွင့်စေလေသည်။

မရဏဓားသည် လောကတွင် စွမ်းအားအမြင့်ဆုံး ဓားသိုင်းတစ်ခု ဖြစ်လေသည်။

လင်ပေါင်ထျန်းကျွင်းသည်ပင်လျှင် တာအိုဆရာသခင်ကြီး (၄)ပါးနှင့် တိုက်ခိုက်သည့် အချန်တွင် မရဏဓား အရံအတားကို ပြုလုပ်ကာ ခုခံကာကွယ်ခဲ့ဖူးလေသည်။

ဖန်းယန်ယင်းသည် သန့်စင်သည့် တာအိုလမ်းစဉ်ကို လျှောက်လှမ်းခဲ့သူ ဖြစ်လေသည်။

ထို့ကြောင့် သူမ၏ စိတ်နှင့်ဝိညာဉ်သည် ဖန်သားပြင်အလား ကြည်လင်နေခဲ့လေသည်။ သတ်ဖြတ်ခြင်း တစ်ခုတည်းကိုသာ ဦးတည်နေသည့် အခြားသော ဓားနတ်ဘုရားများဖြင့် သူမသည် ကွဲပြားခြားနား လေသည်။ သူမ၏ဓားချက်တိုင်းသည် သူမ၏ မူပိုင်ဖြစ်ပြီး တိုက်ခိုက်ရင်းနှင့်ပင် အသူရာချောက်မှ ရှေးဟောင်း သစ်ပင်ကြီး၏ အားနည်းချက်များ ကိုပိုပြီး နားလည်လာရလေသည်။

ဖားဟိုင်ဆရာတော်နှင့် အခြားသူများမှာ တိုက်ပွဲကို ကြည့်နေကြရင်း သူတို့သာ ဖန်းယန်ယင်းနှင့် တိုက်ခိုက်မည်ဆိုလျှင် ဓားကွက် ဘယ်နှကွက်အထိ ခုခံနိုင်မည်လဲဆိုသည့် အချက်ကို အဖြေ ရှာနေခဲ့ကြလေသည်။

သို့သော်… သူတို့သည် ခန့်မှန်းနိုင်ခြင်း မရှိကြပေ။

ချင်းရွှမ်နတ်တံခါးကို ဆန်းလျန်သည် ရှေ့မှဦးဆောင်သွားခဲ့ပြီး ဖန်းယန်ယင်းက နောက်မှ ထောက်ပံ့ ကူညီပေးနေခဲ့ လေသည်။ ထို့ကြောင့် ချင်းရွှမ် နတ်တံခါးသည် ကျင့်ကြံသူလောကတွင် မည်သည့် အကြောင်းနှင့်မှ အခြေအနေ ယိမ်းယိုင်သွားတော့မည် မဟုတ်ကြောင်းကို သူတို့အားလုံး နားလည် လိုက်ကြလေသည်။

ချန်ကျင်းချင်သည် အလွန် အရည်အချင်း ပြည့်ဝသူ တစ်ယောက် ဖြစ်လေသည်။

သူသည် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်နေဖြင့် ကျောင်းတော်ကြီးကို အကောင်းဆုံး ဖြစ်အောင် စီမံအုပ်ချုပ်နိုင်စွမ်း ရှိသူတစ်ယောက် ဖြစ်လေသည်။ ဆရာသခင် ကျန်းရော့ရွှီး ပြီးသည့်နောက် အကောင်းဆုံး စီမံအုပ်ချုပ်နိုင်သည့် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်သည် ချင်းရွှမ် နတ်တံခါး ပြိုလဲနေသည့် အချိန်တွင် ကယ်တင်ခဲ့သော ဂိုဏ်းချုပ် တစ်ယောက် ဖြစ်ပြီး လူအများ၏လေးစားခြင်းကို ခံရသူတစ်ယောက် ဖြစ်လေသည်။

ချန်ကျင်းချင်ကတော့ ချင်းရွှမ်နတ်တံခါး၏ ကြောက်မက်ဖွယ်ရာ အတိတ်မှ ရုန်းထွက်ပြီး ကျင့်ကြံသူလောကတွင် ဦးစီးဦးဆောင် ဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်လာစေရန် ပြုလုပ်ပေးခဲ့သူ ဖြစ်လေသည်။ ချန်ကျင်းချင်ကို လူတိုင်းက သဘောကျချင်မှ ကျကြပေလိမ့်မည်။ သို့သော်… ချန်ကျင်းချင် ပြုလုပ်သည့် အလုပ်တိုင်းသည် တရားမျှတပြီး မြင့်မြတ်သည်ကိုတော့ မည်သူမှ မငြင်းနိုင်ကြပေ။

ရွှမ်ထျန်း နတ်ဘုရား ဂိုဏ်းသည် အရည်အချင်းရှိသူ မြောက်မြားစွာကို မွေးထုတ် ပေးနိုင်ခဲ့သည့် နတ်ဘုရားဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်လေသည်။ သို့သော် ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းသည် လက်ရှိ အခြေအနေကို ထိန်းသိမ်းထားနိုင်သည်မှာ လုကျိုးယွမ် တစ်ယောက်တည်း၏ နာမည် ဂုဏ်ပုဒ်ကြောင့်သာ ဖြစ်လေသည်။

ထိုက်ယီထျန်းရှန်း အဆင့်တက်ရောက်ပြီးသည့် နောက်ပိုင်း ဆန်းလျန် ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲများတွင် ယခုတိုက်ပွဲ သည်ရှောင်ထွက် သွားနိုင်ရန် ခက်ခဲသည့် ပထမဆုံး တိုက်ပွဲဖြစ်လေသည်။ လုကျိုးယွမ်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင်ပင် သူတို့နှစ်ယောက်လုံး အားကုန်သုံးပြီး တိုက်ခိုက် ခဲ့ကြခြင်း မရှိပေ။

နတ်ဘုရား တစ်ပါးကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားသည့် ရန်သူတစ်ယောက်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရခြင်းသည် မည်မျှရှုပ်ထွေးပြီး ခက်ခဲလှသည်ကို ဆန်းလျန် နားလည်သွားပြီ ဖြစ်လေသည်။

သို့သော်… ရှေးဟောင်း သစ်ပင်ကြီး၏ တိုက်ခိုက်မှုသည် အလွန်ရိုးရှင်းလေသည်။ သစ်ပင်ကြီးသည် သူ၏ သစ်ကိုင်းများကို ဘယ်နှင့်ညာနှင့် ယိမ်းကာ တိုက်ခိုက်နေခြင်းမျှသာ ဖြစ်လေသည်။

အခြေခံအားဖြင့် သစ်ပင်ကြီး အသုံးပြုသည့် အခြေခံအချက် တစ်ချက်သာ ရှိလေသည်။ ထိုအချက်မှာ "ခွန်အား" ဖြစ်လေသည်။

ကျင့်ကြံသူလောကမှ တန်ခိုးစွမ်းအားများနှင့် နှိုင်းယှဉ်ပါက ယခုကဲ့သို့ ရိုးရှင်းစွာ တိုက်ခိုက်မှုသည် အကြမ်းအားဖြင့် သာဖြစ်လေသည်။ သို့သော်… ထိုသို့ ရိုးရှင်းသည့် တိုက်ခိုက်မှုသည်ပင်လျှင်   နတ်ဘုရား စွမ်းအားများကို ထုတ်လွှတ်နေပြီး ဆန်းလျန်ကဲ့သို့ ထိုက်ယီ ထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးကိုပင် ကောင်းကောင်း ဒုက္ခပေးနိုင်လေသည်။

ဆန်းလျန်၏ ပုံသဏ္ဌာန်မှာ ကြောက်မက်ဖွယ်ရာ ကောင်းပြီး တိုက်ခိုက်မှု တိုင်းကလည်း ခမ်းနားလွန်းလေသည်။ ဝိညာဉ်မြစ်ရေမှ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအားများက သူ့ကိုဆွဲချနေ သည့်တိုင်ဆန်းလျန်၏ တိုက်ခိုက်မှုများသည် ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲ ဖြစ်လေသည်။

သို့သော်… ဆန်းလျန်၏ တိုက်ခိုက်မှုက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းပါစေ အသူရာချောက်မှ ရှေးဟောင်း သစ်ပင်ကြီးကိုတော့ ချက်ချင်းအမှုန့် ဖြစ်သွားအောင် တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပါ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုသစ်ပင်ကြီးသည် အလွန်ခိုင်ခံ့မြဲမြံသည့် သစ်ပင်ကြီးတစ်ပင် ဖြစ်သည်ကို သိရှိနိုင် လေသည်။ ထိုသို့ဖြစ်ရသည်မှာ ထိုသစ်ပင်ကြီးသည် တိကျန်ဗောဓိသကျ၏ မြင့်မြတ်ခြင်းများကို ခံယူထားသည့် အတွက်လည်း ဖြစ်နိုင်လေသည်။

သို့သော် သစ်ပင်ကြီးသည် မည်မျှပင် ခွန်အားကြီးမားပါစေ သူ၏ တန်ခိုးစွမ်းအားများသည်  ထိုက်ယီထျန်းရှန်း အဆင့်နတ်ဘုရား တစ်ပါးလောက်တော့ သန့်စင်ခြင်း မရှိပါ။ ထို့ကြောင့် ဆန်းလျန်နှင့် ဖန်းယန်ယင်း ပူးပေါင်း တိုက်ခိုက်သည်ကို ခံရသည့်အခါ သစ်ပင်ကြီးမှာ တဖြည်းဖြည်း ပင်ပန်းနွမ်းနယ် လာရခြင်း ဖြစ်လေသည်။

နောက်ဆုံးတွင်တော့…

ရှေးဟောင်း သစ်ပင်ကြီးက ဆန်းလျန်ကို စိတ်စွမ်းအားဖြင့် ဆက်သွယ်ပြီး စကားပြောလိုက် လေသည်။

"လူငယ်လေး… ကျုပ်တို့ တိုက်ခိုက်တာ ရပ်လိုက်ကြရအောင်၊ ကျုပ်မင်းကို ပြဿနာမရှာဘူးလို့ ကတိပေးပါတယ်"

မိစ္ဆာအငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည့် သစ်ပင်ကြီး တစ်ပင် ဖြစ်သည့်တိုင် သူ့ထံမှ ပို့လွှတ်လိုက်သည့် ဆက်သွယ် ပြောဆိုမှုသည် တောင်ပေါ်စမ်းချောင်းလေး တစ်ခုအလား ကြည်လင် လွန်းလှလေသည်။

အလွန်ဆိုးဝါးခြင်းမှာ ကောင်းမွန်ခြင်းသို့ ပြောင်းလဲလာသည့် သင်္ကေတ ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။ အစွန်းရောက် ညစ်ညမ်းမှုများထဲတွင် မထိတွေ့နိုင်သည့် သန့်စင်မှုတစ်ခု ရောနှောနေသည့် အလားပင် ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်သည် အသူရာချောက်မှ မိစ္ဆာသစ်ပင်ကြီး၏ ကျင့်စဉ်လမ်းမှာ နက်ရှိုင်းသည်ကို သဘောပေါက်လိုက်မိလေသည်။

နတ်မိစ္ဆာများနှင့် နတ်နဂါးများထက် သစ်ပင်များနှင့် ကျောက်တုံး ကျောက်ဆောင်များသည် တရားအလင်းရရန် ပိုမို ခက်ခဲကြလေသည်။

ဒဏ္ဍာရီထဲမှ ထူးဆန်းသည့် သစ်ပင်ကြီးများသည် ကျင့်စဉ်လမ်း အဆင့်မြင့်မားလာသည်နှင့် အမျှ တာအိုဆရာ သခင်ကြီးနှင့် ဗုဒ္ဓတို့၏ လက်အောက်တွင် ခိုလှုံကြရလေသည်။ မဟုတ်ပါက သူတို့အတွက် အန္တရာယ် ရှိနိုင်လေသည်။

သစ်ပင်ကြီးက တိုက်ခိုက်ရန်အတွက် ရည်ရွယ်ကာ ဖြန့်ကားထားသည့် သူ၏ အကိုင်းအခက် များကို ရုတ်သိမ်း လိုက်လေသည်။

ထိုအချိန်မှာပင် ကွေလိက သစ်ပင်ကြီးကို စိတ်စွမ်းအားဖြင့် ဆက်သွယ်စကား ပြောလိုက်သည်ကို ဆန်းလျန် ကြားလိုက် ရလေသည်။

"မင်းကို လွှတ်ပေးမယ်၊ ဒါပေမဲ့ တိကျန်တာအို သစ်သီးကို ကျုပ်တို့ကိုပေးရမယ်၊ ဘယ်လိုလဲ"

"ဟွန်း… မင်းရဲ့ ဘိုးဘေးတွေ တောင်မှ ကျုပ်ကို ဆရာဘိုးဘိုးကြီးလို့ ခေါ်ကြတာ၊ မင်းက ကျုပ်ကို အကျပ်ကိုင်ရဲတယ်ပေါ့လေ"

***

All Chapters