← Chapters

တာ့လော်

Vol. 7 Ch. 650

တာ့လော်

Vol. 7 Ch. 650

ကွေလိက ရယ်မောလိုက်ရင်း…

"ကျုပ်ရဲ့ ဘိုးဘေးတွေက ဇာမဏီငှက်တွေပဲ၊ သူတို့သာဒီမှာရှိရင် မင်း သူတို့ကို ဆရာဘိုးဘိုးကြီးလို့ ခေါ်ခိုင်းရဲပါ့ မလားမေးလိုက်ချင်တယ်၊ မေးရဲလို့ကတော့ သူတို့တွေ ရှင့်ကို သတ်ပစ်ကြမှာပဲ"

ကွေလိ၏စကားကြောင့် ရှေးဟောင်းသစ်ပင်ကြီးမှာ တစ်ချက် တုန်လှုပ်သွားပြီး နောက်ထပ် စကားမဆိုရဲတော့ပေ။ ဇာမဏီငှက်များသည် ယင်နှင့်ယန်၊ ဒြပ်စင်စွမ်းအား (၅)မျိုးမှ မွေးဖွားလာကြသူများ ဖြစ်ကြလေသည်။ ဗုဒ္ဓနှင့် တာအိုဆရာသခင်ကြီးတို့ပင်လျှင် ဇာမဏီငှက်များကို လေးစားစွာ ဆက်ဆံကြလေသည်။

သူက ကမ္ဘာ့သစ်ပင်ကျန်းမု ဖြစ်နေသည့်တိုင် သစ်ပင်တစ်ပင်မျှသာ ဖြစ်လေသည်။ ပထမ မိုးနတ်မင်းက ကောင်းကင်ဘုံ နန်းတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ဇာမဏီငှက်များကို ကမ္ဘာ့သစ်ပင်တွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့လေသည်။

သို့သော်… ဇာမဏီငှက်များက အရေးမစိုက်သည့်အပြင် မိုးနတ်မင်းကိုပင် လှောင်ပြောင် ခဲ့ကြလေသည်။ ဂုဏ်အသရေ မြင့်မားလှသည့် မိုးနတ်မင်းသည် လှောင်ပြောင် ခံရသည့်တိုင် စိတ်ဆိုး ဒေါသထွက်ခြင်း မရှိဘဲ ဇာမဏီငှက်များကို အလွန် လေးစားကြောင်း ပြသခဲ့လေသည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်…

ဘေးအန္တရာယ်ဆိုးကြီးကို ရင်ဆိုင်ရကာ ဇာမဏီ ငှက်များသည်လည်း ပျောက်ကွယ် သွားခဲ့ ကြလေသည်။ သို့တိုင်အောင် ရှေးဟောင်း သစ်ပင်ကြီးသည် ဇာမဏီငှက်များကို သွားပုပ်လေလွင့် မပြောရဲခဲ့ပေ။

မိုက်မဲသည့် သာမန် လူသားများ အနေဖြင့် စိတ်ဆိုးဒေါသထွက်ချိန်များတွင် သူတို့၏ ဘိုးဘေးများကို ကျိန်ဆဲကောင်း ကျိန်ဆဲကြမည် ဖြစ်လေသည်။ သို့သော်… ကျင့်ကြံခြင်း အဆင့်မြင့် လာသည်နှင့် အမျှ လူတစ်ယောက်သည် မိုးကောင်းကင်၏ အခွင့်အာဏာနှင့် သံသရာလည်ခြင်း တရားကို သိရှိလာလျှင် ထိုသို့ ပြုလုပ်ရဲတော့မည် မဟုတ်ပေ။

အချို့သော ကြီးမြတ်သူများသည် မိုးမြေနိယာမများဖြင့် တစ်သားတည်း ကျလျက် ရှိလေသည်။ ထို့ကြောင့် သေးနုတ်သိမ်ငယ် သူများအနေဖြင့် ထိုသို့သောသူများကို သွားပုပ်လေလွင့် မကောင်းစကား မပြောဝံ့ကြပါ။ ကြီးမြတ်သူများ အမျက်ဒေါသထွက်ပြီဆိုပါက ကမ္ဘာပင် ခြားနေဦးတော့ လာရောက် သတ်ဖြတ်လိမ့်မည် ဖြစ်လေသည်။

ရှေးဟောင်းသစ်ပင်ကြီးက….

"ကျုပ်က ဇာမဏီငှက်တွေကို ပြောချင်တာ မဟုတ်ပါဘူး၊ ကျုပ်ပြောချင်တဲ့သူက ဘယ်သူဆိုတာ မင်းလည်းသိမှာပါ"

ကွေလိက…

"အဲဒီလူက ကျုပ်ရဲ့ ဘိုးဘေးမဟုတ်ဘူး၊ ဒါပေမဲ့ အခု အဲဒီလူကလည်း အစစ်ဆေး ခံရခြင်းတွေ အားလုံးကို အောင်မြင်သွားပြီး တာ့လော်အဆင့်ကို ရောက်သွားပြီ၊ ဒါနဲ့ အဲဒီလူထက်ရော မင်းက ပိုပြီး မြင့်မြတ်တယ်လို့များ ထင်နေတာလား"

ရှေးဟောင်း သစ်ပင်ကြီးမှာ အားနည်း သွားသလိုပင် ခံစားလိုက်ရလေသည်။

သူက ကွေလိကို စိတ်ထဲမှ တစ်ချက် ကျိန်ဆဲလိုက်မိလေသည်။ ထိုသူသည်လည်း တာအိုကျင့်စဉ်လမ်း အောင်မြင်သွားပြီး တာ့လော်အဆင့်ကိုပင် ရောက်ရှိ သွားခဲ့သည်ကို သူ အဘယ်ကြောင့် မသိလိုက်ရပါလိမ့်။

စကြဝဠာကြီး စတင်ဖြစ်တည်လာ ကတည်းက တာ့လော်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်သူဆို၍ တာ့ယန် ဂဏန်းပမာဏ ဖြစ်သည့် အယောက် (၅၀)ထက် ပိုခဲ့ခြင်းမရှိပေ။

ရှေးဟောင်း သစ်ပင်ကြီးက တစ်ခဏမျှ စဉ်းစားလိုက်လေသည်။

သူနှင့် တိုက်ခိုက်နေသည့် လူငယ်လေးသည် အလွန်မှ တန်ခိုးစွမ်းအား မြင့်မားလေသည်။ ထို့ပြင် ထိုလူငယ်လေးကို ကူညီ တိုက်ခိုက်နေသည့် မရဏဓားပိုင်ရှင် မိန်းကလေးငယ်မှာလည်း သာမန် လူတစ်ယောက် မဟုတ်ပေ။ ထို့ပြင် ကွေလိမှာလည်း သာမာန်နတ်မိစ္ဆာတစ်ပါး မဟုတ်ပေ။ သူတို့ အားလုံးကို ဆန့်ကျင်ခြင်းအားဖြင့် သူ့အတွက် အကျိုးမရှိနိုင်ပေ။

သူ့အနေဖြင့် အပြည့်အ၀ မူလအတိုင်း တန်ခိုးစွမ်းအား မရှိခြင်းကြောင့် စိတ်လျှော့လိုက်ရန် ဆုံးဖြတ် လိုက်မိလေသည်။ မဟုတ်ပါက သူ့အနေဖြင့် ထိုလူစုကို တိုက်ခိုက်ရန် အတွက် ရာနှင့်ထောင်နှင့် ချီသည့် နွားခေါင်းနှင့်မြင်းမျက်နှာ နတ်ဆိုးများကို ခေါ်ထုတ်ကာ တိုက်ခိုက်ရမည် ဖြစ်လေသည်။

ယခုတော့ ရှေးဟောင်း သစ်ပင်ကြီးသည် ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်ရကား တိုက်ပွဲကို ဆက်မတိုက်တော့ဘဲ နောက်ဆုတ်ရန်သာ ရွေးချယ် လိုက်လေသည်။

ရှေးဟောင်း သစ်ပင်ကြီးက တစ်ခဏမျှ စဉ်းစားလိုက်ပြီးသည့်နောက် ….

"ကောင်မလေး… ကျုပ်မင်းနဲ့ ငြင်းမနေတော့ဘူး၊ ပြီးတော့ ဒီပြီး ပြည့်စုံတဲ့ သခင်လေးက ဒီနေရာမှာ ရှိနေပေမယ့်လည်း ကျုပ်အားကုန်သုံးပြီး တိုက်ခိုက်ရင် မင်းတို့အားလုံး ကျုပ်ကို မနိုင်နိုင်ပါဘူး၊ ဒါပေမဲ့ မင်းတို့နဲ့ တိုက်ခိုက်ပြီး ကျုပ်ရဲ့ တန်ခိုးစွမ်းအားတွေကို မဖြုန်းတီးချင်တော့ဘူး၊ မင်းတို့ အတွက်လည်း ကျုပ်ကို တိုက်ခိုက်တာထက် ကောင်းတဲ့ အရာတွေ အများကြီးကို လောကကြီးမှာ လုပ်လို့ရပါတယ်၊ လူငယ်လေး… မင်းမှာလည်း မိုးနဲ့မြေလောက အသစ်ကို မွေးဖွား ပေးနိုင်မယ့် သန္ဓေမျိုးစေ့ ရှိနေတာ ကျုပ်တွေ့ရတယ်၊ မင်းရဲ့ အနာဂတ်က အရမ်းကို တောက်ပ လွန်းတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းသာ ကျုပ်ကို ဆက်ပြီး တိုက်ခိုက်မယ်ဆိုရင် ကျုပ်တို့တွေ သေတဲ့အထိ တိုက်ခိုက်ကြရမှာ၊ ဒါကြောင့် မင်းအတွက် စိတ်ပူမိတယ်”

ရှေးဟောင်း သစ်ပင်ကြီးက ထိုစကားများကို ခြောက်ကပ်ကပ် လေသံဖြင့် ပြောလိုက်လေသည်။ သို့သော်… သူက အမှန်တကယ်ပင် ညှိနှိုင်းလိုခြင်း ဖြစ်လေသည်။

ကွေလိ၏ အားကောင်းခိုင်မာသည့် ဇာစ်မြစ်ကိုအသာထား… ဆန်းလျန်မှာလည်း တန်ခိုးစွမ်းအား အလွန်မြင့်မားသူ ဖြစ်လေသည်။

လက်ရှိတွင် ဆန်းလျန်နှင့် တိုက်ခိုက်ရင်းနှင့်ပင် ပြီးပြည့်စုံလှသည့် ထိုသခင်လေးသည် အဘယ်မျှ တန်ခိုးစွမ်းအား မြင့်မားသည်ကို သူသိရှိလိုက်ရပြီ မဟုတ်ပါလား။ ထို့ပြင် ပြီးပြည့်စုံသည့် သခင်လေးသည် မိုးနှင့်မြေ လောကအသစ် တစ်ခုကိုဖွင့်လှစ်နိုင်သည့် သန္ဓေမျိုးစေ့ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ ထိုအချက်က အလွန်မှ သိသာထင်ရှားလေသည်။ ထိုလူငယ်သာ တာ့လော် အဆင့်သို့ ရောက်ရှိသွားနိုင်လျှင် လောကတစ်ခုနှင့် အတူတကွ ရပ်တည် ရှင်သန်နိုင်မည် ဖြစ်လေသည်။

ထိုမျှ တန်ခိုးစွမ်းအားမြင့်မား လွန်းသည့် လူတစ်ယောက်နှင့် တိုက်ခိုက်ပြီး ရှေးဟောင်း သစ်ပင်ကြီးသည် ဒုက္ခမရှာချင်တော့ပါ။ အကောင်းဆုံး နည်းလမ်းမှာ ထိုလူငယ်လေးနှင့် ညှိနှိုင်းရန်သာ ဖြစ်လေသည်။ ဆန်းလျန်က သဘောမတူမှသာလျှင် သူသေကိုယ်သေ တိုက်ပွဲကို ဆင်နွှဲရမည် ဖြစ်လေသည်။

ကွေလိက ဆန်းလျန်ကို စိတ်စွမ်းအားဖြင့် စကားပြော လိုက်လေသည်။

"အခု ကျုပ်တို့ဘက်က သာနေတယ်၊ ဘာကိစ္စပဲဖြစ်ဖြစ် အဲဒီသစ်ပင်ကို တိကျန်တာအို သစ်သီး ထုတ်ပေးအောင် လုပ်သင့်တာ၊ အဲဒါ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲ"

ဆန်းလျန်က ကွေလိကို မေးလိုက်သည်။

"တိကျန်တာအို သစ်သီးဆိုတာ ဘာလဲ"

"အရင်တုန်းက တိကျန်ဗောဓိသကျက အဲဒီ တာအိုသစ်သီးကို အသုံးပြုပြီး ဒီသစ်ပင်ကြီးကို ရတနာခုနစ်ပါး သစ်ပင်ကြီးဖြစ်လာအောင် သန့်စင်ပစ်ဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး၊ ဒါပေမဲ့ အဲဒီ တာအိုသစ်သီးပေါ်မှာ တိကျန် ဗောဓိသကျရဲ့ မှတ်တမ်းတွေ အများကြီး ရှိနေတယ်၊ ဒါပေမဲ့ ကျုပ်ကတော့ အဲဒီတာအို အဓိပ္ပာယ်တွေကို နားမလည်နိုင်ဘူး၊ ဒါကြောင့် အဲဒီတာအိုသစ်သီးကို ကျုပ်က မင်းကိုပဲ ပေးမှာပါ"

ကွေလိ၏ ရည်ရွယ်ချက်က သန့်စင်လေသည်။ သူ၏ဆန္ဒမှာ ဆန်းလျန်ကို ကူညီလိုသည့် ဆန္ဒတစ်ခုတည်းသာ ရှိလေသည်။

ဆန်းလျန်ကလည်း စကားအလှများကို သုံးမနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။

"မင်းသာ တိကျန်တာအို သစ်သီးကို ပေးမယ်ဆိုရင် မင်းဖြစ်ချင်တဲ့ ဆန္ဒကို လိုက်လျောပေးမယ်၊ ပြီးတော့ အနာဂတ်မှာ မင်းဒုက္ခရောက်မယ် ဆိုရင် မင်းကို ကျုပ် တစ်ကြိမ်ကူညီပေးမယ်"

ဆန်းလျန်၏ မျက်ဝန်းများက ကြည်လင်နေသလို စကားသံကလည်း ကြည်လင်နေလေသည်။

အမှန်တော့ တိကျန်တာအို သစ်သီးသည် ရှေးဟောင်း သစ်ပင်ကြီးအတွက် အသုံးမဝင်လှပေ။ သို့သော် အခြားသူများကို ပေးပစ်ရန်မှာလည်း အလွန်မှ နှမြောစရာ ကောင်းလွန်းလေသည်။ သို့သော်… ယခုတော့ သူ့အတွက် ရွေးချယ်စရာ မရှိတော့ပြီ။

ရှေးဟောင်း သစ်ပင်ကြီးသည် အလွန်မှ လောဘကြီးခဲ့လေသည်။ သူသာ ဤသူများကို ရင်ဆိုင် တိုက်ခိုက်ခြင်း မပြုဘဲ စောစောစီးစီး ထွက်ပြေးခဲ့မည်ဆိုလျှင် ယခုကဲ့သို့ ပြဿနာများ ဖြစ်လာခဲ့မည် မဟုတ်ပေ။

အစကတည်းက သူ့နေဖြင့် လောဘမကြီး သင့်ခဲ့ပေ။

ထိုသို့သော လောဘစိတ်များသည် ဝိညာဉ် မြစ်ရေထဲမှ ညစ်ညမ်းသည့် မိစ္ဆာစွမ်းအားများကို စုပ်ယူပြီးသည့် နောက်ပိုင်းမှ ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။

ထိုအချက်ကြောင့်ပင် တိကျန်ဗောဓိသကျသည် သူ့ကို ရတနာခုနစ်ပါး သစ်ပင်ကြီးအဖြစ် သန့်စင် မပေးနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင် သူကိုယ်တိုင်ကလည်း ထိုလမ်းကို လျှောက်ရန်အတွက် လက်လျှော့ ခဲ့လေသည်။

နောက်ဆုံးတွင်တော့ ရှေးဟောင်း သစ်ပင်ကြီးသည် တိကျန်တာအို သစ်သီးကို စွန့်လွှတ်ရန် ဆုံးဖြတ် လိုက်လေတော့သည်။

သစ်ပင်ကြီး၏ ထိပ်ဖျားတွင် အစိမ်းရောင် သစ်သီးတစ်လုံး ပေါ်လာလေသည်။ ထိုသစ်သီးဆီမှ နက်ရှိုင်းသည့် တာအိုအဓိပ္ပာယ်များဖြင့် ပြည့်နှက်လျက်ရှိလေသည်။

ကွေလိက ထိုသစ်သီးကို သူ၏ ခြေသည်းများဖြင့် ကုပ်ယူလိုက်ပြီး ဆန်းလျန်ရှေ့သို့ ရောက်လာ လေသည်။

ဆန်းလျန်ရှေ့သို့ ရောက်သည်နှင့် ကွေလိက အစိမ်းရောင် ဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေး အသွင် ပြန်ပြောင်းလိုက်လေသည်။

သူမသည် သစ်သီးကို ကိုင်ထားရင်းဖြင့် ဆန်းလျန်ကို ပြုံးပြလိုက်လေသည်။

"အခု တစ်ခါတည်း ယူလိုက်တော့…”

ကွေလိသည် ဆန်းလျန်ကို အလွန်လေးစား ချစ်ခင်သည့် အကြည့်ဖြင့် ကြည့်နေခဲ့လေသည်။

ကွေလိသည် ဆန်းလျန် အပေါ်တွင် အခြားသော အချစ်နှင့် ပတ်သက်သည့် စိတ်ခံစားချက်များ မရှိခဲ့ပါ။ သူက ဆန်းလျန်ကို ပုံမှန်အတိုင်းပင် လေးစား ချစ်ခင်နေခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် ထိုက်ယီထျန်းရှန်း အဆင့်ကို ရောက်သည့်အချိန်တွင် ယင်နှင့်ယန်၊ ဒြပ်စင်စွမ်းအား (၅)မျိုးကို ပိုပြီး နားလည် လာခဲ့လေသည်။ ထိုသို့နားလည်ခြင်း များသည် သဘာဝကျစွာပင် ကွေလိနှင့် ပေါင်းစပ် သွားခဲ့လေသည်။

ကွေလိသည် နတ်မိစ္ဆာတစ်ပါး ဖြစ်ပြီး သူ၏ စိတ်သဘောထားကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော် တတ်သူ ဖြစ်လေသည်။

ဆန်းလျန်က သစ်သီးကို ယူလိုက်ပြီး တစ်ချက်ပြုံးလိုက်ရင်း…

"ဒီသစ်သီးကနေ အကျိုးကျေးဇူး တစ်ခုခု ရခဲ့မယ်ဆိုရင် မင်းကို ကျုပ် ပြောပြပါ့မယ်"

ကွေလိက…

"အဲဒီလိုလုပ်ဖို့ မလိုပါဘူး၊ ကျုပ်မှာလည်း ကျုပ်လျှောက်ရမယ့် ကျင့်စဉ်လမ်း ရှိပါတယ်၊ သူများတွေရဲ့ လမ်းစဉ်ကို မလိုအပ်ဘူး"

တာအိုသစ်သီးကို ပေးပြီးသည့် နောက်တွင်တော့ ရှေးဟောင်း သစ်ပင်ကြီးသည် အဝေးသို့ တဖြည်းဖြည်း ဆုတ်ခွာ သွားလေသည်။

ထိုတာအိုသစ်သီးမှာ အခွင့်အလမ်းကောင်း တစ်ခုဖြစ်ရုံသာမက ပြဿနာ တစ်ခုလည်း ဖြစ်သည်ကို ဆန်းလျန် ကောင်းကောင်း သိလိုက်လေသည်။

ဘုန်းတော်ကြီးရာမသည် တိကျန်ဗောဓိသကျ၏ ကျင့်စဉ်များအားလုံးကို သိရှိထားသည့် မဟာစကြာဗောဓိသကျ တစ်ပါး ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန် ကိုယ်တိုင်ကလည်း ဘုန်းတော်ကြီးရာမကို လေးစားခြင်း အရင်းခံရှိလေသည်။

ဘုန်းတော်ကြီးရာမသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဆန်းလျန်သည် တာအိုသစ်သီးကို ရရှိသွားမည်ကို ကြိုတင် သိရှိထားခဲ့လေသလား မပြောနိုင်ပေ။

ကြည့်ရသည်မှာ ဘုန်းတော်ကြီး ရာမသည်လည်း သူတာအိုကျင့်စဉ်လမ်း အဆုံးထိ အောင်မြင်ရန်မှာ ဆန်းလျန်နှင့် ပတ်သက် ဆက်နွှယ်နေသည်ဟု ကြိုတင် တွက်ဆထားဟန် တူလေသည်။ ထိုသို့မဟုတ်ပါကလည်း အခြားအကြောင်းပြချက် တစ်ခုလည်း ရှိနိုင်သေးသည်။

ဆန်းလျန်၏ ခန့်မှန်းမှုများသည် အမြဲတမ်း အမှန်တရားနှင့် နီးစပ်လေ့ရှိလေသည်။

ထို့ကြောင့် သူက လောလောဆယ်တွင် တာအိုသစ်သီးကို မလေ့လာသေးဘဲ ချင်းရွှမ် နတ်တံခါးသို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

ဆန်းလျန် စုဆောင်း ခေါ်ယူထားသည့် နတ်ဘုရားများမှာ ယခုအချိန်တွင် ဆန်းကျန်းရန် နတ်ဘုရား၏ တန်ခိုးစွမ်းအားများကို အလွန်မှ လေးစားနေကြပြီ ဖြစ်လေသည်။

ယခင်တုန်းက သူတို့သည် လောကနတ်ဘုရား တစ်ပါးထက် သာလွန်သည့် ကျင့်ကြံသူ တစ်ယောက်၏ တန်ခိုးစွမ်းအားများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြဖူးခြင်း မရှိပေ။ သို့သော်… ယခုတော့ ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီ ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် အလွန်အမင်း စိတ်ဝင်စားနေခဲ့ကြလေသည်။

ထို့ကြောင့် ဤလောကထဲတွင် ရည်ရွယ်ချက်မရှိဘဲ နေထိုင်သွားမည့်အစား ပြင်းပြင်းထန်ထန် တိုက်ခိုက်ကာ ရုန်းထွက် လိုကြလေသည်။ ထိုသို့ စွန့်စွားကြည့်ခြင်းက သူတို့အတွက် ပိုကောင်းနိုင်မည် ဖြစ်လေသည်။

***

All Chapters