ဗလာနယ်ပုလဲ
Vol. 7 Ch. 651
အသူရာချောက်မှ ရှေးဟောင်း သစ်ပင်ကြီးမှာ အန္တရာယ်ကင်းကင်းနှင့် ထွက်ခွာလာနိုင်သည့် အတွက် အလွန်စိတ်သက်သာရာ ရသွားခဲ့လေသည်။ သူသည် သစ်ပင်တစ်ပင်မျှသာ ဖြစ်လေသည်။ တိကျန်ဗောဓိသကျ ဟောပြောခဲ့သည့် တာအိုတရားများကို နှစ်ပေါင်းများစွာ နားထောင်နာယူခဲ့ပြီး အသူရာချောက်မှ ညစ်ညမ်းသည့် မိစ္ဆာစွမ်းအား များကိုလည်း စုပ်ယူထားခဲ့သည့် အတွက်သာ ဝိညာဉ်စွမ်းအားဖြင့် ပြည့်ဝနေခဲ့ခြင်း ဖြစ်လေသည်။
တန်ခိုးစွမ်းအားမြင့်မားသည် ဆိုသော်ငြား သူ၏အလင်းအလျှင်ဖြင့် ခရီးသွားလာနိုင်မှုသည် ပုံမှန်မျှသာ ဖြစ်လေသည်။ မြောက်ပိုင်းပေဟိုင်ပင်လယ်မှ တောင်ပိုင်းချန်းဝူတောင်သို့ တစ်နေ့တည်းဖြင့် အရောက်သွားနိုင်လောက် သည်အထိ သူသည် လျင်မြန်ခြင်း မရှိပါချေ။
သစ်ပင်ကြီးသည် သူနှင့် တိုက်ခိုက်ခဲ့ကြသူများ၏ လက်မှ လွတ်သွားသည်နှင့် တစ်ချက်ပင် တုံ့ဆိုင်းမနေတော့ဘဲ လျှင်မြန်သည့် အလင်းအလျင်နှုန်းဖြင့် ချက်ချင်းပင် ထွက်ခွာ လာခဲ့လေသည်။ အတော် ဝေးဝေးသို့ ရောက်ရှိသွားပြီး စိတ်ချရသည့် အချိန်ရောက်မှ သစ်ပင်ကြီးက အရှိန်ကို လျှော့ချလိုက်လေသည်။ သစ်ပင်ကြီးမှာ အတော်ပင် မောပန်းနေပြီ ဖြစ်လေသည်။
သို့သော်… မကြာမီမှာပင် တစ်စုံတစ်ခု မူမမှန်သည်ကို သစ်ပင်ကြီး သတိပြုလိုက်မိလေသည်။
သူသည် မည်သို့ပင် အရှိန်လျှော့လိုက် စေကာမူ တစ်က္ကန့်လျှင် မိုင် (၁၀၀)နှုန်းဖြင့်တော့ သွားနိုင်သေးသည်။ အသူရာချောက်သည် အတိုင်းအဆမရှိကျယ်ပြန့်လေသည်။ ထို့ကြောင့် မှတ်သားရန် အမှတ်အသား မရှိသည့်တိုင် လက်ရှိအချိန်တွင် သူ၏သွားနှုန်းမှာ တစ်စက္ကန့်အတွင်း (၁)မိုင်ပင် ခရီးမပေါက် ဖြစ်နေရလေသည်။
သူသွားနေရသည့် မြေနေရာ တစ်ခုလုံးသည် အဆုံးမရှိ ရှည်လျားနေသကဲ့သို့ ဖြစ်နေလေသည်။ သူ့အနေဖြင့် ခြေလှမ်းတစ်လှမ်းမှ ခြေလှမ်းဆယ်လှမ်းအထိသာ အသက်တစ်ချက် ရှူမျှ အချိန်တွင် လှမ်းနိုင်လေတော့သည်။
ယခုကဲ့သို့ ဖြစ်နေရခြင်းမှာ အလွန်ထူးဆန်းလေသည်။ သို့သော် မည်သည့် ပြောင်းလဲမှုကိုမှလည်း သစ်ပင်ကြီးအနေဖြင့် အာရုံခံမိခြင်း မရှိပေ။ သူသည် နှစ်ပေါင်းများစွာ အသက်ရှည်ခဲ့သည့် သစ်ပင်ကြီးတစ်ပင် ဖြစ်သည့်အတွက် သတိလည်းရှိနေသလို အသက်ရှင်သန်ရန် အတွက်လည်း ပင်ကို အသိဉာဏ်ရှိလေသည်။
ထို့ကြောင့်ပင် စောစောက ဆန်းလျန်တို့ အုပ်စုနှင့် ရင်ဆိုင်ရသည့်အခါ အသိဉာဏ်ရှိရှိဖြင့် အသက်ရှင်မည့် လမ်းကို ရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ယခုတော့ သူသည် ထောင်ချောက် တစ်ခုထဲတွင် ပိတ်မိနေပြီ ဖြစ်လေသည်။
ထိုအချက်ကို ရိပ်မိလိုက်သည်နှင့် သစ်ပင်ကြီးသည် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစား လိုက်လေသည်။ ထို့နောက် တုန်လှုပ်ဟန်မပြဘဲ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။
ဆယ်မိနစ်ခန့်ကြာသည့် အခါတွင်တော့ ရှေးဟောင်းသစ်ပင်ကြီး၏ သစ်ကိုင်းအချို့မှာ ပြန့်ကားလာပြီး ပေါက်ကွဲ ထွက်သွားလေသည်။ သစ်သားဒြပ်စင် စွမ်းအားများသည် လေထဲတွင် ပျံ့နှံ့သွားပြီး လွင့်စဉ်ပျောက်ကွယ် သွားလေသည်။ သို့သော်… ပတ်ဝန်းကျင်တွင် မည်သည့် အဖြစ်အပျက်များ ဖြစ်ပျက်သွားခဲ့သည်ကို သစ်ပင်ကြီး မသိလိုက်ပေ။
ထိုအချိန်မှာပင် လေထုထဲတွင် ပုလဲတစ်လုံး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက် သွားလေသည်။
ရှေးဟောင်းသစ်ပင်ကြီးက တုန်ယင်သည့် လေသံဖြင့်…
"ဗလာနယ်ပုလဲ…"
ဟု ရေရွတ် လိုက်လေသည်။
"ဗလာနယ်ပုလဲ" ဆိုသည့် အမည်နှင့် လိုက်အောင်ပင် ဗလာနယ်ကို ဖြတ်တောက်နိုင်သည့် ထိပ်တန်း ရတနာတစ်ပါး ဖြစ်လေသည်။ ဗလာနယ်ပုလဲသည် ပင်လယ်ပုလဲနှင့် လေဟုန်ခွင်း ပုလဲလောက် နာမည် ကျော်ကြားခြင်း မရှိသည့် တိုင်ဗလာနယ် တစ်ခုလုံးကို အေးခဲ သွားစေနိုင်ပြီး မြေပြင်ထက်တွင် ရန်သူကို ပိတ်မိနေအောင် ထောင်ချောက် ဆင်ထားနိုင်စွမ်း ရှိလေသည်။
ဗလာနယ်ပုလဲသည် ဗလာနယ်ဘိုးဘိုးဆိုသည့် ရှေးဟောင်းဘိုးဘေး တစ်ယောက်ပိုင်ဆိုင်သည့် မှော်ဝင်ပစ္စည်း တစ်ခု ဖြစ်လေသည်။ ဗလာနယ်ဘိုးဘိုးသည် အသူရာချောက် အရှင်သခင်၏ လက်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရပြီး နောက်ဗလာနယ်ပုလဲသည်လည်း အသူရာချောက် အရှင်သခင်၏ လက်ထဲသို့ ရောက်ရှိ သွားခဲ့လေသည်။
သို့သော် အသူရာချောက် အရှင်သခင်သည် သွေးနီရောင် ပင်လယ်မှ ထွက်ခွာသွားပြီးသည့် နောက်ပိုင်း ဗလာနယ်ပုလဲသည်လည်း ပျောက်ကွယ် သွားခဲ့လေသည်။
ရှေးဟောင်း သစ်ပင်ကြီးသည် တိကျန်ဗောဓိသကျထံမှ တရားများကို ကြားနာခဲ့ရခြင်း မရှိပါက ထိုသို့သော ရတနာပစ္စည်းမျိုးကို ကြားဖူးမည်ပင် မဟုတ်ပေ။ သူ့အနေဖြင့် တိကျန်ဗောဓိသကျနှင့် အသူရာချောက် အရှင်သခင်သည် ရန်သူများ ဖြစ်သည်ဆိုသည့် အချက်ကိုလည်း သိရှိလိမ့်မည် မဟုတ်ပေ။
ထိုအချိန်မှာပင်… သွေးနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှေးဟောင်း သစ်ပင်ကြီး အနားသို့ ရောက်လာလေသည်။ ရှေးဟောင်း သစ်ပင်ကြီးသည် ဗလာနယ်ပုလဲထဲတွင် ပိတ်မိနေပြီ ဖြစ်လေရာ ထိုးဖောက်ထွက်နိုင်ရန်အတွက် အချိန်အနည်းငယ် ယူရမည် ဖြစ်လေသည်။
ယခုတော့ သူ့အနေဖြင့် အခြေအနေကို စောင့်ကြည့်ရန်သာ ရှိတော့သည်။
သွေးနီရောင်အလင်းတန်းသည် ချောမောခန့်ညားပြီး အဖြူရောင် ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုလူငယ်လေးသည် သွေးနီရောင် ပုလ္လင်ထက်တွင်ထိုင်နေပြီး ရှေးဟောင်းသစ်ပင်ကြီးကို ပြုံးပြလိုက်လေသည်။
ရှေးဟောင်းသစ်ပင်ကြီးက သူ၏အကိုင်းအခက်များကို လှုပ်ခါလိုက်ပြီး သူ့ရှေ့မှ လူငယ်လေးကို စိတ်စွမ်းအားဖြင့် ဆက်သွယ်စကား ပြောလိုက်လေသည်။
"ကောင်လေး… မင်းက ဘယ်သူလဲ"
"ကျုပ်နာမည်ကရဲ့ လျိုယွင်လို့ခေါ်တယ်၊ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ မင်းကို ယိုတုတောင်ကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်"
ရဲ့လျိုယွင်က ပြုံးပြီး ပြောလိုက်လေသည်။
ရှေးဟောင်းသစ်ပင်ကြီးက…
"ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းက ရှိနေသေးတာလား၊ ပြီးတော့ မင်းရဲ့ အသက်ရှူသံတွေကလည်း ငရဲလမ်းဓားနဲ့ အရမ်းတူတယ်၊ ငရဲလမ်းဓားရဲ့ တပည့်က ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းကို ပြန်ပြီး တည်ထောင် လိုက်တာလား"
ရဲ့လျိုယွင်က…
"သစ်ပင်ကြီး… အဲဒီကိစ္စတွေကိုသိချင်ရင် ကျုပ်နဲ့ လိုက်ခဲ့ပါ"
"ကျုပ်က မလိုက်ဘူး ဆိုရင်ရော…"
မေးခွန်းမေးပြီးသည်နှင့် ရှေးဟောင်း သစ်ပင်ကြီးသည် သူ၏ တန်ခိုးစွမ်းအားများကို စုစည်း ထားလိုက်လေသည်။
ရဲ့လျိုယွင်သည် မိစ္ဆာစွမ်းအားများနှင့် ပြည့်နေပြီး စောစောက ဆုံတွေ့ခဲ့ရသည့် မရဏဓားပိုင်ရှင် မိန်းကလေးထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။
ထို့ပြင် သူ့ရှေ့မှလူငယ်သည် စောစောက သူရင်ဆိုင်ခဲ့ရသည့် လူငယ်လေးကဲ့သို့ လူကြီးလူကောင်း ဆန်သူတစ်ယောက် မဟုတ်ပေ။ ထို့ပြင် ရဲ့လျိုယွင်သည် အနည်းငယ် ကလိန်ကျစ် ကျမည့်ဟန် ရှိသည့်အပြင် သူ့ကိုလည်း လွယ်လွယ်နှင့် အလွတ်ပေးမည့်ပုံ မပေါ်ပေ။
ရဲ့လျိုယွင်က တည်ငြိမ်အေးဆေးစွာဖြင့်…
"မင်းကျုပ်နောက်ကို အေးအေးဆေးဆေး လိုက်ခဲ့မလား၊ ကျုပ်အတင်း ခေါ်သွားရမလား၊ အဲဒီနှစ်လမ်းထဲက ကြိုက်တာ ရွေးနိုင်တယ်”
ရဲ့လျိုယွင်၏ စကားများက ရှေးဟောင်း သစ်ပင်ကြီးကို တုန်လှုပ် သွားစေသည်။
သူ့ရှေ့မှ လူငယ်လေးသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အပြည့်ရှိသလို ဆုံးဖြတ်ချက်လည်း ခိုင်မာသူ ဖြစ်လေသည်။ ထို့ပြင် ဗလာနယ်ပုလဲကိုလည်း ပိုင်ဆိုင်ထားလေသည်။
ရှေးဟောင်း သစ်ပင်ကြီး အနေဖြင့် တိုက်ခိုက်ပြီး ထွက်မပြေးနိုင်သရွေ့ လွတ်လမ်းမမြင်ပေ။
ယခုနှစ်ကတော့ ရှေးဟောင်း သစ်ပင်ကြီးအတွက် အလွန်မှ ကံဆိုးသည့် နှစ်တစ်နှစ်ပင် ဖြစ်တော့သည်။
တိကျန် ဗောဓိသကျ၏ အရံအတားမှ သူလွတ်မြောက်လာပြီးသည့်နောက်ပိုင်း ကံတွေချည်း ဆက်တိုက် ဆိုးနေရလေသည်။ တိကျန် ဗောဓိသကျ ပြောခဲ့သည့် စကားများမှာ မှန်နေပြီ ဖြစ်လေသည်။ “ရှေးဟောင်း သစ်ပင်ကြီးသည် အရံအတားမှ မလလွတ်မြောက်သရွေ့ ကံဆိုးမှုများကိုလည်း ရင်ဆိုင်ရမည်မဟုတ်” ဟု တိကျန်ဗောဓိသကျက ပြောခဲ့ဖူးလေသည်။
ယခုတော့ သူ့မှာ လွတ်မြောက်လာသည့် အချိန်မှစပြီး တိုက်ခိုက်ရ၊ ပြေးလွှားရနှင့် ဘုရားတ နေခဲ့ရလေသည်။
သို့သော်… မည်သည့်ကံဆိုးမှုများပင် ရင်ဆိုင်ရပါစေ ရှေးဟောင်းသစ်ပင်ကြီး အနေဖြင့် သေဖို့ကိုတော့ ထိုင်စောင့် မနေနိုင်ပါချေ။ သစ်ပင်ကြီး၏ ပင်စည်မှ မိစ္ဆာငွေ့များ ထွက်ပေါ်လာပြီး ဗလာနယ်ပုလဲဖြင့် ထိန်းချုပ်ထားသည့် နေရာတစ်ခုလုံးမှာ မိစ္ဆာငွေ့များဖြင့် ပြည့်နှက်သွားလေသည်။
မိစ္ဆာငွေ့များသည် လောကတစ်ခွင်တွင် အညစ်ညမ်းဆုံး မိစ္ဆာငွေ့များ ဖြစ်လေသည်။ ဗလာနယ် တစ်ခုလုံးမှာ ဖုံမှုန့်များဖြင့် ပြည့်နှက်သွားပြီး ဗလာနယ်ပုလဲ၏ အလင်းတန်းများကိုပင် ဖုံးအုပ် သွားလေသည်။ ထိုအခွင့်အရေးကို အသုံးချကာ ရှေးဟောင်း သစ်ပင်ကြီးက ထွက်ပြေးရန် ကြံစည် လိုက်လေသည်။
ရဲ့လျိုယွင်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ကြီးမားသည့် သွေးနီရောင် လက်ကြီးတစ်ဖက်ကို ဖန်ဆင်းကာ မိစ္ဆာငွေ့များကို ခုခံကာကွယ် လိုက်လေသည်။
ရှေးဟောင်း သစ်ပင်ကြီးသည် ရဲ့လျိုယွင်၏ ကြီးမားသည့် သွေးနီရောင် လက်ကြီးကို ကြောက်ရွံ့ခြင်း မရှိပေ။ သို့သော် သူကြောက်ရွံသည်က ရန်သူသည် သူ၏ လှုပ်ရှားမှုများကို ခန့်မှန်းနိုင်ပြီး သူ့ထက် ခြေတစ်လှမ်းသာနေ သောကြောင့်ပင် ဖြစ်လေသည်။
ထူးခြားဆန်းကြယ်သည့် လူတစ်ယောက်နှင့် တိုက်ခိုက်ရခြင်းသည် ရှေးဟောင်း သစ်ပင်ကြီးကို အရှုံးဘက်သို့ ဦးတည်စေမည် ဖြစ်လေသည်။
အမှန်တော့ သစ်ပင်ကြီးသည် တိုက်ခိုက်လိုခြင်းမရှိပေ။ ထို့ကြောင့် သူက မှောင်မိုက်နက်နဲသည့် မိစ္ဆာငွေ့များကို ထုတ်လွှတ်လိုက်ကာ ထွက်ပြေးရန် ကြံစည်မိခြင်း ဖြစ်လေသည်။
ထိုမိစ္ဆာငွေ့များသည် သူကျင့်ကြံခဲ့သည့် ရွှမ်မင် မိစ္ဆာစွမ်းအားများ ဖြစ်လေသည်။
သူသည် ဆန်းလျန်နှင့် တိုက်ခိုက်စဉ်ကပင် ထိုမိစ္ဆာစွမ်းအားများကို ထုတ်မသုံးခဲ့ပေ။ ထိုရွှမ်မင်မိစ္ဆာ စွမ်းအားများရရှိ အောင် ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရခြင်း ဖြစ်လေရာ တကယ်တမ်း ထိုမိစ္ဆာ စွမ်းအားများကို ထုတ်သုံး လိုက်ရသည့်အခါ စိတ်မကောင်းပင် ဖြစ်သွားမိလေသည်။ အဘယ်ကြောင့် ဆိုသော် ထိုကဲ့သို့သော တန်ခိုးစွမ်းအားများ ပြန်လည်ရရှိရန် အတွက် နှစ်ပေါင်း (၁၀၀)ကျော် ထပ်မံကျင့်ကြံမှသာ ရရှိနိုင်တော့မည် ဖြစ်လေသည်။
အရေးပေါ် အခြေအနေသာ မဟုတ်လျှင် ရှေးဟောင်း သစ်ပင်ကြီးသည် ထိုစွမ်းအားများကို အသုံးပြုမည် မဟုတ်ပေ။
ရဲ့လျိုယွင်က ကြုံးဝါးသံ တစ်ချက်ပြုလုပ်လိုက်ပြီး မိစ္ဆာငွေ့များမှာ သွေးနီရောင် လက်ကြီးဖြင့် ထိမိပြီး ပျောက်ကွယ် သွားကြလေသည်။
ရဲ့လျိုယွင်သည် အေးအေးဆေးဆေးပင် ဖြစ်နေပြီး ရှေးဟောင်း သစ်ပင်ကြီး လွတ်မြောက် သွားမည်ကို အနည်းငယ်မျှ စိတ်ပူပန်ခြင်း ရှိဟန်မတူပေ။
ထိုအချိန်မှာပင်… ကောင်းကင်ထက်မှ တုန်လှုပ်ခြောက်ခြားဖွယ် ရယ်မောသံကြီး တစ်သံ ထွက်ပေါ်လာလေသည်။
ရှေးဟောင်း သစ်ပင်ကြီးသည် အန္တရာယ် အငွေ့အသက်များကို ရလိုက်မိစဉ်မှာပင်… တစ္ဆေလေပြင်းများသည် နေရာအနှံ့မှ တိုက်ခတ် လာလေသည်။ လေပြင်းများသည် ရှေးဟောင်း သစ်ပင်ကြီးကိုပင် လွင့်ထွက်သွားအောင် တိုက်ခတ်နိုင်သည် အထိ ပြင်းထန်လေသည်။
ထိုတစ္ဆေ လေပြင်းများသည် ရှေးဟောင်း သစ်ပင်ကြီး၏ မိစ္ဆာငွေ့များကြားသို့ ထိုးဖောက် ဝင်ရောက်လာသည့် အတွက် သစ်ပင်ကြီးမှာ ပင်စည်တစ်လျှောက် အေးစိမ့် သွားရသည်အထိပင် ထိတ်လန့် သွားရလေသည်။ သစ်ပင်ကြီးသည် သူ၏ တာအိုခန္ဓာ ပျက်စီးတော့မည့် လက္ခဏာ ဖြစ်သည်ကို ချက်ချင်းပင် သတိပြုလိုက်မိလေသည်။
အမှောင်ထဲမှ တိုက်ခိုက်သူသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေခြင်း ဖြစ်လေသည်။
သူသည် သူ၏တိုက်ကွက်များကို ဖုံးကွယ်ထားပြီး ရှေးဟောင်းသစ်ပင်ကြီး၏ လှုပ်ရှားမှုကို စောင့်ကြည့်ကာ အလစ်ဖမ်းပြီး တိုက်ခိုက်နေခြင်း ဖြစ်လေသည်။ အလွန်မှ အရှက်မရှိသည့် လုပ်ရပ် ဖြစ်သော်လည်း ထိရောက်မှု ရှိလေသည်။
ရှေးဟောင်းသစ်ပင်ကြီး လွတ်မြောက်ရန်မှာ ကံတရားအပေါ်တွင်သာ မူတည်တော့သည်။
ယခုကဲ့သို့ တိုက်ခိုက်ခံရမှုသည် သူ၏တာအိုခန္ဓာကို ပျက်စီး စေရုံသာမက ခက်ခဲသည့် အခြေအနေ တစ်ခုဆီသို့လည်း တွန်းပို့ ခံရသကဲ့သို့ ဖြစ်နေရလေသည်။
စောစောက ဆန်းလျန်နှင့် တိုက်ခိုက်ထားသည့် အတွက် သူ၏တန်ခိုးစွမ်းအားများမှာလည်း လျော့နည်းနေပြီ ဖြစ်လေရာ ယခုကဲ့သို့ ချောင်ပိတ် တိုက်ခိုက်ခံရသည့် အခါ သူ့နေဖြင့် ထိုးဖောက် ထွက်နိုင်စွမ်း မရှိတော့ပေ။
သူ၏ သစ်ပင်ခန္ဓာမှာ နတ်ဘုရား တစ်ပါးအလား မသေနိုင်သည့် ခန္ဓာဖြစ်လေသည်။ သို့သော် သူ၏ ရန်သူသည် သူ့ကို မည်သို့ ပြုလုပ်မည်ကို မသိနိုင်ပေ။
ရှေးဟောင်း သစ်ပင်ကြီးသည် အကူအညီ ကင်းမဲ့သလို ခံစားနေရသည့် အချိန်မှာပင် ဓားရောင် တစ်ချက်လက်သွားပြီး တစ္ဆေလေပြင်းများကို ခုတ်ဖြတ် တိုက်ခိုက် ပစ်လိုက်လေသည်။ ထို့နောက်… အခြားသော လောကတစ်ခုနှင့် ဆက်သွယ်ထားသည့် တွင်းနက်တစ်ခု ပေါ်လာပြီး ရှေးဟောင်း သစ်ပင်ကြီး၏ လွတ်လမ်းကို ဖော်ထုတ် ပေးလိုက်လေသည်။
ရှေးဟောင်း သစ်ပင်ကြီးလည်း တစ်ချက်ပင် တုံ့ဆိုင်းမနေတော့ဘဲ တွင်းနက်အတွင်းသို့ တိုးဝင်ကာ ထွက်ပြေး သွားလေတော့သည်။
ရဲ့လျိုယွင်၏ သွေးနီရောင် လက်ကြီးက ရှေးဟောင်း သစ်ပင်ကြီးကို ဖမ်းဆုပ်ရန် ကြိုးစား လိုက်သော်လည်း ဓားဝိညာဉ်က ထိုလက်ကြီးကို တားဆီး ထားလိုက်လေသည်။
စက္ကန့်ပိုင်း အတွင်းမှာပင် အခြားသော လောကသို့ ဆက်သွယ် ထားသည့် တွင်းနက်သည် ပျောက်ကွယ်သွားပြီး ရဲ့လျိုယွင်သည် ရှေးဟောင်း သစ်ပင်ကြီးကို ဖမ်းဆီးနိုင်ခြင်း မရှိတော့ပေ။
ထိုအချိန်မှာပင် တစ္ဆေလေပြင်းများကို ထုတ်လွှတ်နေသည့် တုန်လှုပ်ခြောက်ခြားဖွယ် ရယ်မောသံပိုင်ရှင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…
"ချင်းရွှမ်နတ်တံခါးက ဆန်းကျန်းရန်၊ မင်းကတော့ အမြဲတမ်းလိုလို အထင်ကြီးစရာ ကောင်းလွန်းလှတယ်"
ဓားဝိညာဉ်သည် လူငယ် တာအိုဆရာ တစ်ပါးအဖြစ် ပြောင်းလဲသွားပြီး ရဲ့လျိုယွင်ကို စိုက်ကြည့် နေလိုက်လေသည်။
"အစ်ကိုရဲ့လျိုယွင်၊ မတွေ့တာကြာပြီနော်…"
ရဲ့လျိုယွင်က…
"ဆန်းလျန်… မင်းကတကယ်ပဲ ထက်မြက်လွန်းတယ်၊ ရှေးဟောင်း သစ်ပင်ကြီးအထဲမှာ မင်းရဲ့ ဓားဝိညာဉ်ကို ဘယ်သူမှမသိအောင် ထားခဲ့နိုင်တယ်"
ဆန်းလျန်က …
"ဒီပညာက ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေ ထားခဲ့တဲ့ ပညာပါ၊ သူက အနတ္တဓားကို အောင်မြင်ခဲ့တယ်လေ"
ရဲ့လျိုယွင်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…
"အား… ချန်ကျန့်မေ…၊ နှမျောစရာ ကောင်းတာက ကျုပ် သူနဲ့ ဓားသိုင်း မပြိုင်လိုက်ရဘူးဗျာ…"
****