← Chapters

အသူရာချောက်သို့

Vol. 7 Ch. 652

အသူရာချောက်သို့

Vol. 7 Ch. 652

တစ္ဆေလေပြင်းများကို ထုတ်လွှတ်သူက ခါးသီးစွာဖြင့်…

"ဂိုဏ်းချုပ်… တာအို ဆရာယွမ်ချင်းက ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းနဲ့ ပတ်သက်သမျှကို ဖြတ်တောက်ခဲ့ပြီးပြီပဲ၊ အခု ဒီလူက ကျုပ်တို့သွားမယ့် လမ်းကို တားဆီးနေတာ၊ သူ့ကို ကျုပ်ကတော့ ပညာပေးလိုက်ချင်တယ်"

ထိုသူက ဆန်းလျန်ကို ကြောက်ရွံ့ဟန် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် ဓားဝိညာဉ်မှ ဖန်ဆင်းထားသည့် ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်သည်ကို သိရှိထားသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်က…

"မိတ်ဆွေ၊ မင်းဆီက ယင်စွမ်းအားတွေက ပြင်းထန်နေတယ်၊ အသက်ရှူသံကလည်း စူးရှတယ်၊ ကြည့်ရတာ မင်းက တစ္ဆေဂိုဏ်းခွဲက ထူကျူအရှင်ပဲ ဖြစ်ရမယ်"

"မင်း ကျုပ်ဘယ်သူလဲ ဆိုတာသိသွားပြီ ဆိုတော့လည်း ဘာလုပ်လို့ရမှာတဲ့လဲ"

တစ္ဆေဂိုဏ်းခွဲမှ ထူကျူအရှင်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။

ထို့နောက် သူက အသူရာချောက်မှ အနက်ရောင် မိစ္ဆာရေများကို ထုတ်လွှတ်လိုက်ပြီး ဆန်းလျန်၏ ကိုယ်ပွားကို ညစ်နွမ်းသွားစေရန် တိုက်ခိုက် လိုက်လေသည်။ သို့သော် အနက်ရောင် မိစ္ဆာရေများသည် ဆန်းလျန်ကို ရစ်ပတ်သွား ပြီးဆန်းလျန်နှင့် ပေါင်းစပ်သွားကာ ထိခိုက်ခြင်း အလျဉ်းမရှိပေ။

ရဲ့လျိုယွင်က နူးညံ့သိမ်မွေ့သည့် လေသံဖြင့်…

"တစ္ဆေသခင် … ဒေါသမထွက်ပါနဲ့၊ ဓားဝိညာဉ်ကနေ ဖန်ဆင်းထားတဲ့ ဆန်းကျန်းရန်ရဲ့ ကိုယ်ပွားက အစစ်အမှန်ကနေ ပုံရိပ်ယောင် အဖြစ်ကို ပြောင်းလဲနိုင်သလို ပုံရိပ်ယောင်ကနေလည်း အစစ်အမှန်ကို ပြောင်းလဲနိုင်တယ်၊ အရင်ဘိုးဘေးတွေရဲ့ သွေးအရိပ်ကျင့်စဉ်လိုပဲ အံ့သြစရာ ကောင်းတယ်၊ ကျုပ်တို့ သူ့ဆီကနေ သင်ယူရမယ်"

ရဲ့လျိုယွင်က အလျင်မလိုဘဲ တစ္ဆေဂိုဏ်းခွဲထူ ကျူအရှင်ကို တည်ငြိမ်အောင် ပြောဆို လိုက်လေသည်။

ဆန်းလျန်က…

"အစ်ကိုလျိုယွင်… အစ်ကိုက တစ်နေ့တခြားကို ပိုပြီး ထူးဆန်းလာတာပဲ၊ ပြီးတော့ ကျုပ် အစ်ကို့ကို မေးစရာတစ်ခု ရှိတယ်၊ ချင်းရွှမ်နတ်တံခါးမှာ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းရဲ့ လျှို့ဝှက်လမ်းက ဘာလို့ ရှိနေရတာလဲ"

ရဲ့လျိုယွင်က ပြုံးလိုက်ရင်း…

"မင်းသိချင်တယ် ဆိုရင် ဆရာကြီးယွမ်ချင်းကို သွားမေးပေါ့ကွာ…"

ဆန်းလျန်က…

"ဒါဖြင့်လည်း ကျုပ်က ဆရာဘိုးဘိုးယွမ်ချင်းကို ရှာရမှာပေါ့ဗျာ၊ အစ်ကို မပြောချင်ဘူး ဆိုရင်လည်း အဆင်ပြေပါတယ်၊ ဒါပေမဲ့ အစ်ကိုနဲ့ ကျုပ်ဟာ အနာဂတ်မှာ တစ်နေ့မဟုတ် တစ်နေ့ ပြန်တွေ့ကြရဦးမှာပဲလေ"

ထိုစကားကိုပြောပြီးသည်နှင့် ဓားဝိညာဉ်မှ ဖန်ဆင်းထားသည့် ဆန်းလျန်၏ကိုယ်ပွားသည် ကြယ်ရောင်များ လင်းလက်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။ တစ္ဆေဂိုဏ်းခွဲထူ ကျူအရှင်ပင်လျှင် ဆန်းလျန်ကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။

ရဲ့လျိုယွင်က သက်ပြင်းတစ်ချက် ချလိုက်ရင်း…

"လောကမှာ ရဲ့လျိုယွင် တစ်ယောက်တည်း ရှိရုံနဲ့ မလုံလောက်ဘူးလားကွာ…၊ ဘာလို့ ဆန်းလျန် ဆိုတာက ရှိနေရသေးတာလဲ"

တစ္ဆေဂိုဏ်းခွဲထူ ကျူအရင်က…

"ဂိုဏ်းချုပ်… ဂိုဏ်းချုပ်က ဒီလူကိုသိမ်းသွင်းဖို့ အမြဲတမ်း စိတ်ဝင်စားတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူနဲ့တွေ့တာနဲ့ အရမ်းလည်း သတိထားနေတယ်၊ ပြီးတော့ ဒီလူက ထက်မြက်ပြီး ကျင့်စဉ်လမ်း အဆင့်တက်တာ လျှင်မြန်တာကလွဲရင် ဂိုဏ်းချုပ်ထက်သာတာ ဘာမှမရှိပါဘူး”

ရဲ့လျိုယွင်က…

"တစ္ဆေသခင်…၊ မင်းက ဖုန်းတုတိကျွင်းနတ်မင်းရဲ့ ဉာဏ်စဉ်တစ်ခုက လူပြန်ဝင်စားတဲ့သူ ဖြစ်လို့ ဇာစ်မြစ်နောက်ခံ အရမ်းကောင်းတယ်၊ ဒါပေမဲ့ ဖုန်းတုတိကျွင်းက ဘယ်လောက်ပဲ တန်ခိုးစွမ်းအား မြင့်မားပါစေ နောင်တစ်ချိန်မှာ ဆန်းလျန်က သူ့ထက် သာသွားလိမ့်မယ်”

တစ္ဆေဂိုဏ်းခွဲထူ ကျူအရှင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"သူက တာအိုဆရာသခင်ကြီး တစ်ပါး ဖြစ်ချင်ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့ ကျုပ်ရဲ့ အရင်ဘဝ လောက်တော့ မသာနိုင်ဘူး၊  ဒီလိုဖြစ်လာစရာ အကြောင်းကို မရှိဘူး"

ရဲ့လျိုယွင်က မျက်တောင် တစ်ချက်ခတ်လိုက်ရင်း…

"အရမ်းကိုရိုးရှင်းပါတယ်၊ ဘာလို့လဲဆိုတော့ သူက အရမ်းထက်မြက်လို့ပဲ"

တစ္ဆေဂိုဏ်းခွဲထူကျူအရှင်မှာ နားမလည်နိုင်သည့်တိုင် ရဲ့လျိုယွင်၏ စကားများကိုကြားသည်နှင့် သူ၏ ကျောရိုးတစ်လျှောက်တွင် အေးစိမ့်သွားသည်ကို ခံစားလိုက်ရလေသည်။

ချင်းရွှမ်တောင်တွင် ကျင်းပပြုလုပ်သည့် လုန်ဟွာပွဲတော်မှာ ပြဿနာလေးအနည်းငယ်ကြောင့် ကျန့်ကြာသွားသည့် တိုင် မူလရည်ရွယ်ချက်ကတော့ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ အနည်းဆုံး နတ်ဘုရား (၁၂)ပါးက ဆန်းလျန်နှင့်အတူ အသူရာချောက်သို့ လိုက်ပါရန်အတွက် ဆုံးဖြတ် လိုက်ကြလေသည်။

ထို့ပြင် ချင်းရွှမ်နတ်တံခါးနှင့် ဆက်စပ် ပတ်သက်နေကြသည့် ကျင့်ကြံသူများကလည်း ဆန်းလျန်ပြောသည့် ကားကို ငြင်းပယ်ကြခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှလုံးသားထဲတွင် ချင်းရွှမ်နတ်တံခါး၏ လွှမ်းမိုးမှုမှာနက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီး သူတို့အနေဖြင့် ချင်းရွှမ်နတ်တံခါးကို လုံးဝဆန့်ကျင်မည် မဟုတ်ပေ။

သူတို့အားလုံးသည် ဆန်းလျန်၏ ကြီးမားသည့်အစီအစဉ်ကြီးတွင် ပါဝင်ရန်အတွက် ပထမဦးဆုံး သူတို့၏ အိမ်နှင့် မိသားစုများ အခြေတကျဖြစ်စေရန် ဆောင်ရွက်ကြလေသည်။ ထို့နောက်တွင်တော့ သူတို့က ဆန်းလျန်နှင့်အတူ အသစ်သောလောကကို လိုက်ပါရန် ပြင်ဆင် ကြလေတော့သည်။ အမှန်တော့ သူတို့ထဲမှ အများစုမှာ အခြားသော လောကတစ်ခုသို့ သွားရောက်ရန် စိတ်အား ထက်သန်လျက် ရှိကြလေသည်။

နောက်ဆုံးတွင်တော့…

နတ်ဘုရားမဖြစ်သေးသည့် ကျင့်ကြံသူများသည် အသူရာချောက်သို့ သွားရောက်ရန် အတွက် တောင်နှင့်မြစ်ရေ ပန်းချီကားအတွင်းသို့ ဝင်ရောက်ကြရမည့်အချိန်သို့ ရောက်ရှိလာလေသည်။

ဆန်းလျန်သည် အချိန်ဖြုန်းမနေတော့ဘဲ အသူရာချောက်သို့ ပြန်ရန် ပြင်ဆင်လေတော့သည်။

ကျီဖူတောင်ထိပ်….

ထိုက်ဝေ့ထိုင်ခန်းမဆောင်ရှေ့…။

ဆန်းလျန်သည် မိုးမခပင်ရှိရာသို့ လမ်းလျှောက် သွားလိုက်ပြီး မိုးမခပင်အောက်ရှိ မြက်ပင် စိမ်းစိမ်းလေးများကြားမှ အုတ်ဂူကို ငေးစိုက်ကြည့်နေလေသည်။

အသူရာချောက်သို့ သွားရသည့် ရည်ရွယ်ချက်များ လျင်လျင်မြန်မြန် ချောချောမွေ့မွေ့ ပြီးဆုံးသွားမည် ဆိုလျှင်တော့ သူသည် အစ်မဖြစ်သူနှင့် အတူ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် အဖော်ပြုပေးဦးမည်ဟု စဉ်းစားလိုက်မိလေသည်။

သို့သော်… အသူရာချောက်တွင် သူသာ ကျရှုံးခဲ့လျှင်တော့ ပြောရန်ပင် မတန်တော့ပါချေ။

ဂိုဏ်းတူအစ်မဖြစ်သူ၏ အုတ်ဂူရှေ့တွင် သူ ရပ်နေလေလေ… သံယောဇဉ်အမျှင် မပြတ်သည့် အတွေးများ သူ့စိတ်ထဲသို့ ဝင်ရောက်လာလေလေ ဖြစ်နေလေရာ ဆန်းလျန်သည် အလင်းတန်းတစ်ခု အဖြစ် ဖန်ဆင်းကာ ထိုက်ယီတောင်ထိပ်သို့ ထွက်လာခဲ့လေတော့သည်။

ဖန်းယန်ယင်း၊ ဖားဟိုင်ဆရာတော်၊ လုန်ချွမ်ကျီ၊ ဟုန်ယွမ်ဆရာတော်နှင့် အခြားသောနတ်ဘုရား (၂၀)ခန့်က သူ့ကို စောင့်နေကြလေသည်။

"ဆရာ…"

"ဆရာဦးလေး.."

"ဆန်းကျန်ရန်နတ်ဘုရား…"

သူတို့က ဆန်းလျန်ကို တစ်ပြိုင်တည်း နှုတ်ဆက်လိုက်ကြပြီး သူတို့၏ စိတ်လှုပ်ရှား မှုများကိုလည်း ဖုံးကွယ်၍မရနိုင်ခဲ့ကြပေ။ အခြားသော လောကအသစ် တစ်ခုဆီသို့ ခရီးထွက်ခြင်းသည် ယခင့်ယခင် ဆရာသခင်များပင်လျှင် မတတ်နိုင်ခဲ့ကြပေ။ အောင်မြင် သွားသူများသည် သူတို့ ရောက်ရှိသည့် နေရာတွင်ပင် ဆက်လက် နေထိုင်သွားခဲ့ကြလေသည်။

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး အားလုံးကို ပြန်နှုတ်ဆက် လိုက်လေသည်။

သို့သော်… သူက ချက်ချင်းထွက်ခွာခြင်း မပြုသေးဘဲ အဝေးတစ်နေရာသို့ လှမ်းကြည့် လိုက်လေသည်။

ထိုနေရာတွင်…

သူတို့ဆီသို့ ရောက်ရှိလာသည့် ကြည်လင်သည့် အလင်းတန်းတစ်ခုကို တွေ့မြင် လိုက်ရလေသည်။ ချင်းရွှမ် နတ်တံခါးကို ကာကွယ်ထားသည့် အကာအကွယ် အရံအတားသည်ပင်လျှင် ထိုအလင်းတန်းကို မတားဆီးနိုင်ခဲ့ပေ။

ရောက်လာသည့်သူမှာ ငယ်ရွယ်သည့် တာအိုဆရာ တစ်ယောက်ဖြစ်လေသည်။

ဆန်းလျန်ဘေးနားမှ လူများအားလုံးမှာ ထိုလူငယ်ကို တွေ့လိုက်ရသည်နှင့် အံ့သြ မှင်တက် သွားကြလေသည်။ ထိုသူရောက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့မိကြပေ။

ထိုလူငယ်မှာ အခြားသူမဟုတ်။ စုန့်ချင်းယီပင် ဖြစ်ပါလေ၏။

စုန့်ချင်းယီက…

"အစ်ကိုဆန်းလျန်… ကျုပ်လည်းလိုက်ပါရစေ"

ဆန်းလျန်နှင့်အတူ လိုက်ပါရသည့် ရည်ရွယ်ချက်ကို ထုတ်ဖော် မပြောသည့်တိုင် စုန့်ချင်းယီ၏ မျက်ဝန်းများထဲတွင် ရိုးသား သန့်စင်မှုများကို တွေ့ရှိနိုင်လေသည်။ စုန့်ချင်းယီသည် သူ့ကို ကူညီချင်ရုံ သက်သက်ဖြင့်ပင် ဤခရီးကို လိုက်ပါလိုသည့် လူတစ်ယောက် ဖြစ်သည်ကို ဆန်းလျန် နားလည် လိုက်လေသည်။

ဆန်းလျန်က ရင်းနှီးနွေးထွေးစွာဖြင့်…

"ကောင်းပြီ"

ဟု ပြောလိုက်လေသည်။

စုန့်ချင်းယီက ရယ်မောလိုက်ပြီး ဆန်းလျန်ဘေးနားသို့ လျှောက်လာလေသည်။

ဆန်းလျန်က စကားမပြောတော့ပါ။

သူက သွေးနီရောင် ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး လေထုအတွင်းသို့ ထိုးညွှန် လိုက်လေသည်။ ချက်ချင်းပင် လေထုသည် အက်ကွဲသွားပြီး ပွင့်ထွက် သွားလေတော့သည်။ အက်ကွဲပွင့်ထွက် သွားသည့်နေရာမှာ ယင်စွမ်းအားများ များပြားစွာ ထွက်ပေါ်လာလေသည်။  ယင်စွမ်းအားများသည် မုန်တိုင်း တစ်ခုအလား လေထုထဲတွင် လှည့်ပတ် နေကြလေသည်။

ဆန်းလျန်သည် ချင်းရွှမ်ခန်းမဆောင်ရှိရာသို့ တစ်ချက် လှမ်းကြည့်လိုက်လေသည်။

ထိုနေရာတွင် ချန်ကျင်းချင်သည် ဆန်းလျန်ကို ဦးညွှတ် ဂါရဝ ပြုလျက် ရှိလေသည်။

ချင်းရွှမ်နတ်တံခါးကို နောက်ပိုင်းမျိုးဆက်များ၏လက်ထဲသို့ သူ့အနေဖြင့် လွှဲအပ်ခဲ့ပြီးပြီး ဖြစ်လေသည်။ ကျောင်းတော်ကို ဦးဆောင်ရန်အတွက် ဂိုဏ်းချုပ်ကတော့ အမြဲတမ်း ရှိနေရမည် ဖြစ်လေသည်။ ထို့ကြောင့် ချန်ကျင်းချင်သည် ဂိုဏ်းချုပ်တာဝန်ကို ယူပြီး လက်ရှိလောကတွင်ပင် နေရစ်ခဲ့ရမည် ဖြစ်လေသည်။

ထို့ပြင်… ဤခရီးစဉ်တွင် ဆန်းလျန်အနေဖြင့် မတော်တဆမှု တစ်ခုခုများဖြစ်ခဲ့လျှင် ချန်ကျင်းချင်က ချင်းရွှမ်နတ်တံခါး၏ အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းရန် အတွက် ရှိနေရမည် ဖြစ်လေသည်။ ဆန်းလျန် သည်သူ၏ တပည့်အပေါ်တွင် မျှော်လင့်ချက်များစွာ ထားခဲ့လေသည်။

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်ကာ ချန်ကျင်းချင်ကို အသိအမှတ် ပြုလိုက်ပြီးသည့်နောက် လေထုထဲမှ အက်ကွဲနေသည့် နေရာအတွင်းသို့ ခုန်ဝင် သွားလေတော့သည်။

ဆန်းလျန်နောက်မှ အခြားသောနတ်ဘုရားများက လိုက်ပါဝင်ရောက် သွားကြလေသည်။

အသူရာချောက် အခြားဘက်ခြမ်းတွင်တော့….

ဆန်းလျန်နှင့်အတူ အခြားသောနတ်ဘုရားများသည် အက်ကွဲကြောင်းအတွင်းမှ လမ်းလျှောက် ထွက်လာကြလေသည်။ သူတို့အားလုံး အသူရာချောက်သို့ ရောက်ရှိလာကြပြီ ဖြစ်လေသည်။

အသူရာချောက်တွင် နေလည်းမသာသလို လမင်းလည်း ထွန်းလင်းခြင်း မရှိပါ။ ထိုနေရာ တစ်ခုလုံးသည် မှောင်မဲနေပြီး အနည်းငယ်သော အလင်းရောင်လေးများသာ လင်းလက်လျက် ရှိလေသည်။

အသူရာချောက်သို့ ခြေချလိုက်မိသည်နှင့် အရောင်အဆင်း မရှိသည့် တန်ခိုးစွမ်းအားများသည် ဆန်းလျန်ကို လာရောက် ရစ်ပတ် လိုက်ကြလေသည်။

ဤသည်မှာ သိန်းနှင့်ချီနေသည့် ကျင့်ကြံသူများကို အသူရာချောက်သို့ ခေါ်ဆောင်လာသည့် အတွက် အသူရာချောက်မှ ဆန်းလျန်ကို အပြစ်ပေးလိုက်ခြင်းပင် ဖြစ်လေသည်။

သို့သော်… ဆန်းလျန်က ထိုစွမ်းအားများကို လက်ခံနိုင်ခဲ့ပြီး အရောင်အဆင်း မရှိသည့် တန်ခိုးစွမ်းအားများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် စေလိုက်လေသည်။ ထို့နောက် သူ၏ မူလဝိညာဉ်ခန္ဓာကို အသုံးပြုကာ ထိုစွမ်းအားများကို သန့်စင်လိုက်ပြီး တောင်နှင့်မြစ်ရေ ပန်းချီကားရှိရာသို့ စီးဆင်း ဝင်ရောက် စေလိုက်လေသည်။

အသူရာချောက်၏ အပြစ်ပေးသည့် တန်ခိုးစွမ်းအားများ ပန်းချီကားထဲတွင် ခတ်နှိပ် လိုက်သည်နှင့် ပန်းချီကားမှ တစ်ဆင့် ဝင်ရောက်လာသူများ အပေါ်တွင် အသူရာချောက်မှ အပြစ်ပေးခြင်းသည် သက်ရောက်တော့မည် မဟုတ်ပေ။

သို့သော်… အက်ကွဲကြောင်းမှ ဆန်းလျန်နှင့် အတူ ဝင်လာကြသည့် ဖားဟိုင်ဆရာတော်နှင့် အခြားသော နတ်ဘုရား များမှာတော့ သိပ်ပြီးလွယ်ကူခြင်း မရှိပါ။ သူတို့သည် အသူရာချောက်မှ ထူးဆန်းသည့် တန်ခိုးစွမ်းအားများနှင့် တိုက်ခိုက်နေကြရပြီး မျက်နှာများ ပျက်နေကြလေသည်။

သို့သော်… ဆန်းလျန်က သူတို့ကို ကူညီခြင်း မရှိပါ။ အသူရာချောက်မှ မိုးမြေစွမ်းအားများသည် ချင်းရွှမ်နတ်တံခါး တည်ရှိရာလောကမှ မိုးမြေစွမ်းအားများလောက် ပြင်းထန်ခြင်းမရှိပေ။ ထို့ကြောင့် နတ်ဘုရားများ ကျင့်ကြံထားကြ သည့်အမျိုးမျိုးသော ကျင့်စဉ်စွမ်းအားများသည် အသူရာ ချောက်ဘက်ခြမ်းတွင် အနည်းငယ် ကျဆင်းနေမည် ဖြစ်လေသည်။ သို့သော်… ထိုသို့ဖြစ်ရခြင်းက ဆိုးရွားသည့် အခြေအနေ တစ်ခုတော့ မဟုတ်ပေ။

သူတို့သည် အသူရာချောက်၏ အပြစ်ပေးသည့်စွမ်းအားများဖြင့် တိုက်ခိုက်ကြမည်ဆိုလျှင် အသူရာချောက်၏ မိုးမြေစွမ်းအားများကို စုပ်ယူအသုံးပြုရမည် ဖြစ်လေသည်။ ထိုအခါ အသူရာ ချောက်၏ မိုးမြေ စွမ်းအားများသည် သူတို့၏ သန့်စင်သည့် ယန်စွမ်းအား မူလဝိညာဉ်ခန္ဓာနှင့် ပေါင်းစပ်ရန် လိုအပ်လေသည်။ ထိုအခါ သူတို့၏ မူလဝိညာဉ် ခန္ဓာသည် သိပ်သည်းလာပြီး ကျင့်ကြံခြင်း အတွက် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်လေသည်။

အခြေအနေက သူတို့အတွက် အရမ်းခက်ခဲလာလျှင်တော့ ဆန်းလျန်က သူတို့၏ မူလဝိညာဉ် ခန္ဓာတည်ငြိမ်စေရန်အတွက် ကူညီပေးမည် ဖြစ်လေသည်။ သို့သော်… သူတို့၏ စွမ်းအားကို မြှင့်တင်ခြင်းသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိမည်တော့ မဟုတ်ပေ။

သူတို့အားလုံးထဲတွင် ဖန်းယန်ယင်းက အတည်ငြိမ်ဆုံး ဖြစ်လေသည်။

အသူရာချောက်မှ အသက်ဓာတ် စွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ မုန်တိုင်း တစ်ခုအလား ဝင်ရောက်လာလေသည်။ သို့သော်… သူမက တစ်ချက်ပင် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် သန့်စင် ပစ်လိုက်လေသည်။ အသူရာချောက်မှ အသက်ဓာတ် စွမ်းအားများသည် သူမကို ဓားတစ်လက်အလား ထက်မြက်လာစေလေသည်။ အချိန်ကြာလာသည်နှင့် အမျှ သူမထံမှ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ထိုဓားဝိညာဉ်မှာ ကောင်းကင်ကိုပင် ဖြိုခွင်းပစ်တော့မည့် အလား ထင်မှတ်ရလေသည်။

ဖန်းယန်ယင်းပြီးနောက် ဒုတိယ တောင့်ခံနိုင်သူမှာ စုန့်ချင်းယီနှင့် ဖားဟိုင်ဆရာတော်တို့ ဖြစ်လေသည်။ သူတို့ နှစ်ယောက်သည် နှိပ်စက်နေသည့် စွမ်းအားများကို လက်ခံပြီးသည့်နောက် အနည်းငယ် တည်ငြိမ် လာကြလေသည်။ ထို့နောက် သူတို့ကိုယ်ထဲသို့ ဝင်ရောက်လာသည့် အသူရာချောက်မှ မိုးမြေစွမ်းအားများကို သန့်စင်ပစ်လိုက် ကြလေတော့သည်။

***

All Chapters