ဝိညာဉ်မျက်လုံးတာအို၊ မိုးကြိုး…
Vol. 136 Ch. 1884
မဟာစိတ်ဝိညာဉ်ကလန်၌ ဝမ်လင်းရှိနေသော တောင်မှာ တသီးတခြား ဖြစ်လှသည်။ ၎င်းတောင်က အဆက်မပြတ် လောင်ကျွမ်းနေပြီး မီးများ လုံးဝ မငြှိမ်းသေပေ။ သို့သော် မည်သည့် မီးခိုးမီးငွေ့မျှ ရှိမနေပါ။ ထိုတောင် ပတ်လည်ရှိ လောကသည် အပူရှိန်ကြောင့် တွန့်ခေါက်ပုံပျက်နေသလို ထင်ရသည်။ တောင်ပတ်လည်ရှိ အရာရာက ပုံရိပ်ယောင်တစ်ခုနှင့် တူနေသည်။
ထိုတောင်မှာ အလွန်ပူပြင်း၍ တယောက်ယောက် အနားကပ်လာပါက ချွေးပြန်သွားလိမ့်မည်။ သည့်ထက် ပိုနီးနီး ကပ်လာပါက သူတို့၏သွေးများပင် ဆူပွက်ကုန်သလို ခံစားမိကုန်မည်။
ဝမ်လင်းသည် သည်မီးကြောတောင်၌ လှိုဏ်ဂူသုံးခုကိုသာ ပြန်ပြုပြင်ခဲ့၏။ တခြားလှိုဏ်ဂူများကို ဖျက်စီးပစ်ခဲ့သည်။ ခုချိန်၌ ဒီတောင်တွင် သူ တစ်ယောက်တည်းသာ ရှိနေခြင်းပင်။
သူ ထိုင်နေသောလှိုဏ်ဂူမှာ မူလတုန်းက ယန်လု၏ အပိုင် ဖြစ်၏။ သူ၏အနှစ်သာရခန္ဓာကိုယ် ပေါ်ထွက်နေကာ သည်တောင်နှင့် တသားတည်း ဖြစ်လာတော့မည့်အလား တဖြည်းဖြည်း ပေါင်းစပ်နေသည်။
ဝမ်လင်းသည် ခဏတာ ကျင့်ကြံလိုက်ပြီးနောက် မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးတို့က အတော်လေး တောက်ပနေသည်။
“မဟာစိတ်ဝိညာဉ်ကလန်…” ဝမ်လင်းက သူ့ညာလက်ကို ဆက်ခနဲ လှန်လိုက်ရာ ခရမ်းရောင်ကျောက်စိမ်းပြားတစ်ခု ပေါ်လာ၏။ ထိုကျောက်စိမ်းပြားထံမှ ရှေးကျသောအော်ရာကို ပေးစွမ်းနေသည်။
“ဝိညာဉ်မျက်လုံးတာအို…။ ငါ သိထားတဲ့ ရှေ့ဖြစ်ဟောရာမှာ အတော်ဆုံးကတော့ ရှေ့ဖြစ်ဟောသူပဲ။ ချင်းလင်မှာလည်း အလားတူ တာအိုမန္တာန်မျိုး ပိုင်ဆိုင်ထားတယ်။ အခု ဒီဝိညာဉ်မျက်လုံးမန္တာန်ဟာ ရှေ့ဖြစ်ကြည့်ဖို့အတွက် ကောင်းမွန်လှမှာ။ အတိတ်တုန်းက ငါဟာ ရှေ့ဖြစ်ကြည့်ဖို့အတွက် ရှေ့ဖြစ်ဟောသူရဲ့ ကိုယ်ပွားကို ငှားယမ်း သုံးစွဲခဲ့တယ်။ အဲ့တာက ငါ့ကို သေရေးရှင်ရေး တော်တော်များများကနေ လွတ်ကင်းစေနိုင်ခဲ့ဖူးတယ်…”
“အခု…ဝိညာဉ်မျက်လုံးတာအိုမန္တာန်ကို ငါ သင်ယူရမယ်။ မဟုတ်ရင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ လှုပ်ရှားဖို့ ခက်ခဲသွားနိုင်တယ်။ ပိုပြီး အရေးကြီးတာက ဒီမန္တာန်ဟာ ငါ့ကိုယ်ငါ ဖုံးကွယ်ဖို့အတွက် အကူအညီ ဖြစ်စေနိုင်တာ၊ တခြားသူတွေ ငါ့အပေါ်မှာ ရှေ့ဖြစ်ကြည့်ဖို့ ခက်ခဲအောင် လုပ်ပေးနိုင်တာ…”
ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ထိုကျောက်စိမ်းပြားအတွင်းသို့ ထည့်သွင်းကာ စဉ်းစားနေသည်။
သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်းက ရုတ်တရက် မော့ကြည့်လိုက်၏။ မီးကြောတောင်တစ်ခုလုံးသည် သူ၏အနှစ်သာရခန္ဓာနှင့် ပေါင်းစပ်နေခြင်း ဖြစ်၍ သည်တောင်မှာ သူ၏အနှစ်သာရခန္ဓာကိုယ်ဟုပင် ပြော၍ ရနိုင်သည်။ သူက သည်တောင်ထံ လျှောက်လှမ်းလာနေသော အမျိုးသမီးတစ်ယောက်ကို အာရုံခံမိသည်။
ထိုအမျိုးသမီးက တောင်အပြင်ဘက်တွင် ရပ်၏။ အနည်းငယ် စဉ်းစားပြိးနောက် သူမက ဦးညွှတ်အရိုအသေ ပေးလိုက်ပြီး သူမ၏ ညင်သာစွဲ့ညှို့နိုင်သော အသံ ပဲ့တင်ထပ်လာသည်။
“တပည့်ဖန်ရှန်မင်က အကြီးအကဲဝမ်ရဲ့ တောင်းဆိုမှုကြောင့် ဆရာ့ရဲ့အမိန့်အရ အကြီးအကဲဝမ်ဆီ လာတွေ့ဆုံပါတယ်…”
“ဖန်ရှန်မင်…” ဝမ်လင်းသည် ပြုံး၍ သူမကို လစ်လျူရှုလိုက်၏။ သူ့နတ်ဘုရားအာရုံဖြင့် လက်ထဲရှိ ကျောက်စိမ်းပြားထံ ဝင်ရောက်စေကာ ၎င်းကို စတင်လေ့လာတော့သည်။
“ဝိညာဉ်တာအို၊ တာအိုဟာ စိတ်ဝိညာဉ်တစ်ခုပဲ။ တာအိုကို အသုံးပြုပြီး ကံကြမ္မာကို ရှာဖွေတာ…”
ဝမ်လင်း၏နတ်ဘုရားအာရုံ သည်ကျောက်စိမ်းပြားထဲ ဝင်ရောက်လာသည့်အခါ အိုမင်းသောအသံတသံ သူ့စိတ်ထဲ၌ ပဲ့တင်ထပ်လာ၏။ သည်အသံ၌ ထူးခြားသောအားတစ်ခု ပါဝင်နေကာ ဝမ်လင်းကို သည်ကျောက်စိမ်းပြားအတွင်းရှိ ဝိညာဉ်မျက်လုံးတာအိုအတွင်း နစ်မြောသွားစေသည်။
အချိန် တဖြည်းဖြည်း ကုန်လွန်လာသည်။ ဘာလိုလိုနှင့် တရက်တာ ကုန်လွန်သွားခဲ့လေပြီ။
ဖန်ရှန်မင်က တောင်အပြင်ဘက်၌ ရပ်၍ ခေါင်းငုံ့ကာ စောင့်နေဆဲ ဖြစ်၏။ သည်နေရာရှိ အပူချိန်က မြင့်မားလှသဖြင့် သူမ၏ဝတ်ရုံမှာ ချွေးတို့ဖြင့် ရွှဲနစ်နေသည်။ သူမ၏အဝတ်အစားတို့မှာ ခန္ဓာကိုယ်နှင့် ကပ်နေသဖြင့် အလွန်မသက်မသာ ဖြစ်စေသည်။ သို့သော် သူမက ဝမ်လင်း၏ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေတုန်းပင်။
သူမက အကူအညီမဲ့သလို ခံစားမိနေ၏။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တွေးကြည့်ကာ သူမ၏မျက်လုံးထဲ၌ မကျေမနပ်မှု ဖြတ်ခနဲ လင်းလက်သွား၏။ သို့သော် သူမက ၎င်းကို မကြာမီ ပြန်ဖုံးကွယ်လိုက်သည်။
လှိုဏ်ဂူအတွင်း၌ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်ကာ ခဏတဖြုတ် စဉ်းစားကြည့်သည်။
“(၄.၉ )ဘီလီယံ ကျမ်းစာ။ ဒီကျမ်းစာတိုင်းဟာ အချိန်ပမာဏတစ်ခု ရောက်ပြီးတဲ့နောက် စိတ်ဝိညာဉ်အပေါ် ခပ်နှိပ်နိုင်လိမ့်မယ်။ ကျမ်းစာပေါင်းတစ်သိန်းဆိုရင် သေးငယ်တဲ့ ပြီးပြည့်စုံမှုအဖြစ် ခပ်နှိပ်နိုင်မယ်။ (၂.၇)ဘီလီယံဆိုရင် အလယ်အဆင့်၊ (၄.၉)ဘီလီယံဆိုရင်တောင့် ကျမ်းကျင်အဆင့်… ဖြစ်သွားလိမ့်မယ်…”
“ဒီမန္တာန်ဟာ အတော်လေး ထူးဆန်းတယ်။ ဒါက သင်ယူဖို့ လွယ်တယ်။ ဒါပေမဲ့ ပိုပြီး ကျွမ်းကျင်လာဖို့က တဖြည်းဖြည်း ပိုခက်ခဲလာလေပဲ။ ဒီမန္တာန်ကို ပိုရှေ့ဆက်ချင်ရင် ကျမ်းစာတွေဟာ ပိုရှုပ်ထွေးလာလေပဲ။ ဒါဆိုရင် စိတ်ဝိညာဉ်ပေါ်မှာ ပိုကြာကြာ ခပ်နှိပ်နိုင်လေလေပဲ။ ဒါက မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဝိညာဉ်မျက်လုံးတာအိုမန္တာန်လား…”
“ဒီကျောက်စိမ်းပြားအတိုင်း ပြောထားတဲ့အချိန်အတိုင်းအတာအရဆိုရင် ဒီမန္တာန်ကို စ သင်ယူဖို့ အချိန်သုံးရက်ကြာမယ်။ လူတစ်ယောက်ဟာ အနိမ့်ဆုံးအဆင့်ကို ရောက်နိုင်သ၍ လူဆယ်ယောက်မှာ ကိုးယောက်ဟာ သူတို့ရဲ့ စိတ်ဝိညာဉ်ပေါ်မှာ ကျမ်းစာတစ်သိန်းကို ပြီးပြည့်စုံစေနိုင်မယ်လို့ ဆိုထားတယ်…”
“ဒါပေမဲ့ လူတစ်ယောက်ဟာ အလယ်အဆင့်ကို ရောက်ဖို့ဆိုရင်တော့ နှစ်ပေါင်း(၉၉၉)ဆယ် ကြာနိုင်တယ်။ ပြီးတော့ လူတစ်ယောက်ဟာ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံနေရအုံးမှာ။ ဒါဟာ ဖြစ်တော့ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းတစ်ထောင်လောက် တံခါးပိတ်ကျင့်ကြံတဲ့ ကျင့်ကြံသူတယောက်ဆိုတာ ရှားလွန်းတာ မဟုတ်ဘူး…”
“ဒါပေမဲ့ (၄.၉) ဘီလီယံကျမ်းစာကို ပြီးပြည့်စုံစေတဲ့ အဆင့်ကို ရောက်ဖို့အတွက်ကတော့ နှစ်ပေါင်း(၁၇၈၀၀၀) လောက် အချိန်ပေးရလိမ့်မယ်။ ဒါဟာ…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်မိသွား၏။ သူက အရှင်ကုန်းနျန် ဒီတာအိုမန္တာန်ကို သူ့အပေါ် ဘာကြောင့် အလွယ်တကူ ပေးခဲ့သည်ကို ခပ်ရေးရေး နားလည်မိလာသည်။
သည်မန္တာန်ကို ကျွမ်းကျင်ဖို့မှာ မဖြစ်နိုင်လောက်ပေ။ အများဆုံးမှ လူတစ်ယောက်သည် အလယ်အဆင့်လောက်သာ ရောက်နိုင်လောက်၏။
ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့ကာ မျက်လုံးမှိတ်လိုက်၏။ သူက ဆက်လက်၍ သူ့စိတ်ဝိညာဉ်ပေါ်၌ ကျမ်းစာများ ခပ်နှိပ်နိုင်ဖို့ စိတ်နစ်ထားသည်။ တတိယမြောက်နေ့ညနေခင်းပိုင်း၌ ကောင်းကင်သည် ရွှေအိုရောင်သမ်းနေချိန်တွင် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။
“ကျောက်စိမ်းပြားမှာ ဖော်ပြထားတဲ့အတိုင်း အတိအကျပဲ။ စိတ်ဝိညာဉ်ပေါ်မှာ ခပ်နှိပ်မှုပေါင်း တစ်သိန်း ပြည့်စေဖို့ အချိန်သုံးရက်ပဲ ယူရတာ အမှန်ပဲ…”
ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်ဟန်တစ်ခု ဖြစ်စေပြီး သူ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။ သူ့နှဖူးထံမှ ဝိညာဉ်စွမ်းအင်တစ်ခု ထွက်ပေါ်လာကာ မကြာမီတွင် သူ့အထက်၌ လူသေးလေး ဖွဲ့စည်း ဖြစ်ပေါ်လာသည်။
ထိုလူသေးလေးမှာ သုံးလက်မလောက်သာ မြင့်ပြီး ဝမ်လင်း၏စိတ်ဝိညာဉ်ထဲရှိ ခပ်နှိပ်မှုတစ်သိန်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။ ထိုလူသေးလေးက ဝမ်လင်းနှင့် မတူပေ။ ၎င်းက မျက်လုံးတစုံသာ ရှိပြီး နှာခေါင်း၊ ပါးစပ်၊ နားတို့ ရှိမနေလေပေ။
၎င်းက သူ့ခေါင်းထက်မှ ညင်သာစွာ ခုန်ချကာ သူ့ရှေ့သို့ ခြေချ၏။ ထို့နောက် ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ရာ ထိုလူသေးလေးမှာ ဝမ်လင်း၏လက်ဝါးပေါ်သို့ ခုန်တက်လာသည်။
ထိုလူအသေးလေးကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်၏။ သူ့ရှေ့၌ ကျမ်းစာတစ်သိန်းကနေ ဖြစ်ပေါ်လာသော ထိုလူသေးလေးမှာ အဆက်မပြတ် လှုပ်ရှားနေသည်။ ထိုလူသေးလေးမှာ လူတစ်ယောက်၏ မျက်လုံးဖြင့်သာ မြင်နိုင်၏။ နတ်ဘုရားအာရုံဖြင့် ကြည့်ရှုပါက မည်သည်ကိုမျှ တွေ့ရလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက သူ့ကို ကြည့်နေစဉ် သူကလည်း ဝမ်လင်းကို ပြန်ကြည့်၏။ ထိုလူသေးလေး၏ မျက်လုံးတို့မှာ ကြည်ရှင်းနေပြီး ပြောပြ၍မရသောစိတ်ခံစားမှုကို ပေးစွမ်းနေသည်။ သူတို့ချင်း အကြည့်ဆုံသည့်အခါ ဝမ်လင်းက မိန်းမောသွားသလို ခံစားမိလိုက်သည်။
“ဝိညာဉ်မျက်လုံးဟာ ရှေ့ဖြစ်ကြည့်ခြင်းပဲ။ ငါ့ကိုယ်ပိုင် ဆန်းပြားမှုတွေကို ရှာဖွေလိုက်…”
ရုတ်တရက် ဝမ်လင်းက ထိုသို့ ပြောလိုက်၏။ ထို့နောက် သူ့အနာဂတ်မှ အန္တရာယ်များကို ရှာဖွေကြည့်ခိုင်းသည်။ သူ ထိုသို့ ပြောလိုက်စဉ် လူသေးလေးမှာ တုန်ယင်ကာ တစ္ဆေဆန်သောအလင်းကို ပေးစွမ်းလာသည်။ သူက ဝမ်လင်းထံ ဒူးထောက်ချပြီးနောက် ဦးညွှတ်လိုက်၏။
ထိုလူသေးလေး၏ ဦးခေါင်းက ဝမ်လင်း၏လက်ဝါးနှင့် ပထမဆုံးအကြိမ် ထိမိသည့်အခါ ထူးဆန်းသောအားတစ်ခု ၎င်းလူသေးလေးထံမှ ပေါက်ကွဲထွက်လာပြီး လက်ဝါးမှ တဆင့် ဝမ်လင်း၏စိတ်အတွင်းသို့ အရှိန်နှင့် ဝင်ရောက်လို့လာသည်။
ဝမ်လင်း၏အမြင်သည် ဝေဝါးသွားကာ သူက မြူခိုးများကို ရေးတေးတေး မြင်ရ၏။ ထိုမြူများသည် သွေးအလင်းနှင့် ပြည့်နေသည်။ သူက ပုန်းကွယ်နေသော ပုံရိပ်များကို မြင်ရ၏။ သို့သော် ရှင်းလင်းစွာ မတွေ့ရပေ။
သည်အခိုက်တွင် ထိုလူသေးလေးက နောက်တကြိမ် ဦးညွှတ်ပြန်၏။ ၎င်း၏နှဖူး ဝမ်လင်း၏လက်ဝါးနှင့် ထိမိသည့်အါ ဝမ်လင်း၏စိတ်ထဲ၌ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ သူ၏ရှေ့မှ ထိုမြူစုက အားတစ်ခုကြောင့် လွင့်စင်သွားသည့်အလား။
သူက မိုးကြိုးများ ဝန်းရံထားသော တောင်တလုံးကို မြင်၏။ ယင်းတောင်မှာ မိုးကောင်းကင်က ပြုလုပ်ထားသော မိုးကြိုးတောင်အလား။ သူက ထိုနေရာတွင် လူတစ်ယောက်ကို မြင်သည်။ ထိုလူမှာ သည်မိုးကြိုးတောင်အောက်၌ ဖိနှိပ်ခံထားရပုံ ပေါ်သည်။
မိုးကြိုးတန်းများက တောင်ပေါ်သို့ ကျဆင်းနေသည်။ သူက ကောင်းကင်ထက်၌ မိုးကြိုးဖြင့် ပြုလုပ်ထားသော ဧရာမစစ်ရထားတစ်စင်းကိုလည်း ဝိုးတဝါး တွေ့မြင်သည်။ မိုးကြိုးပုံရိပ်တစ်ခုက မြေပြင်ထက်သို့လည်း ငုံ့ကြည့်နေသည်။
ဝမ်လင်း၏နှလုံးသားမှာ တုန်ယင်သွား၏။ တုံ့နှေးမနေဘဲ သူက ဖိနှိပ်ခံထားရသော သူကို ကြည့်လိုက်သည်။ သို့သော် ထိုသူမှာ ဝေဝါးကာ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပေ။
သည်အခိုက်၌ သူ့လက်ထဲရှိ လူသေးလေးမှာ တုန်ယင်လာပြီး တတိယကြိမ်မြောက် ဦးညွှတ်ပြန်သည်။ ၎င်း၏ဦးခေါင်း ဝမ်လင်း၏လက်ဝါးနှင့် ထိမိသည့်အခါ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြန်သည်။ နောက်ထပ်စွမ်းအားတစ်ခုက မြူကို ချိုးဖျက်ရန် ပေါ်လာပြီး သူ့ကို ပုန်းကွယ်နေသည့်သူ၏ မျက်နှာကို မြင်ရစေလေသည်။
ထိုသူမှာ သူကိုယ်တိုင်ပင် ဖြစ်နေ၏။
ဝမ်လင်းသည် ထိုသည်ကို တွေ့မြင်သည့်အခါ၌ သူ၏ရှေ့ရှိ ပုံရိပ်ယောင်မြင်ကွင်းသည် ပျက်စီးသွားတော့သည်။ သူက ကျင့်ကြံခြင်းဂြိုဟ်တစ်ခု သူ့ထံ ရိုက်ချသကဲ့သို့ ခံစားလိုက်မိပြီး သူ၏နတ်ဘုရားအာရုံကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်သည်။
“အနာဂတ်မှာ မိုးကြိုးတောင်အောက် ငါ့ကို ဖိနှီပ်ထားတာ ဘယ်သူလဲ…” ဝမ်လင်း၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူ၏ရှေ့ရှိ အရာအားလုံး ပျက်စီးသွားသည့်အခါ သူက သူ့နတ်ဘုရားအာရုံကို အတင်းအကြပ် ရှိနေစေသည်။ သူက မိုးကြိုးစစ်ရထားပေါ်ရှိ ပုံရိပ်ကို မော့ကြည့်လိုက်သည်။ သူသည် ထိုသူ၏ပုံပန်းသွင်ပြင်ကို ကောင်းကောင်းမြင်ရရန် လုပ်ဆောင်သည်။
“ဝိညာဉ်တာအို…ထပ်ပေါ်လာစေ…” သူသည် ထိုမိုးကြိုးစစ်ရထားပေါ်ရှိ သူကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပေ။ သို့သော် ဝမ်လင်းက ခုချိန်၌ မည်သို့ လက်လျှော့ပါမည်နည်း။ သူက အမိန့်တစ်ခု စေလွှတ်လိုက်ကာ သူ့လက်ထဲရှိ လူသေးလေးသည် တုန်ယင်သွားပြီး လေးကြိမ်မြောက် ဦးညွှတ်သည်။
ဧရာမမိုးကြိုးတန်းတစ်ခု လောကတွင် လင်းထိန်သွားသလို ထင်မှတ်ရသည်။ ဤသည်က ဝမ်လင်းကို စစ်ရထားပေါ်ရှိ ပုံရိပ်အား ရှင်းရှင်းလင်းလင်း တွေ့မြင်ခွင့် ရသွားစေသည်။
ဝမ်လင်းက ထိုပုံရိပ်ကို တွေ့မြင်သည့်အခါ သူ့စိတ်မှာ တုန်ယင်သွားမိသလို သူ့ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။ သူ၏ရှေ့ရှိ လောကသည် ပျက်စီးယိုယွင်းကာ သူ မေ့ကြည့်လိုက်သည့်အခါ၌ သူက လှိုဏ်ဂူထဲ၌သာ ရှိနေသေးသည်။
သူ့လက်ထဲရှိ လူသေးလေးက လွင့်ပြယ်ပျောက်ကွယ်တော့မည့်ပုံ ပေါ်ပြီး ၎င်း၏မျက်လုံးတို့က မှိန်ဖျော့ကာ မလှုပ်မယှက် ရှိနေသည်။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက အဆုံးသပ်၌ သူ တွေ့မြင်ခဲ့ရသော ပုံရိပ်ကို မေ့ဖျောက်မပစ်နိုင် ဖြစ်နေသေးသည်။
“မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးခြင်းတို့ ပြည့်လာ၏။ အချိန်အတန်ကြာပြီးနောက် သူက သူ့လက်ဝါးကို ပြန်ဆုပ်လိုက်သည်။ သူ့လက်ထဲရှိ လူသေးလေးက သူ့စိတ်ဝိညာဉ်တွင်းသို့ အားဖြည့်တင်းရန် ဝင်ရောက်သွားချေသည်။
“ဒီကိစ္စဟာ ထူးဆန်းလွန်းနေတယ်။ ဒါပေမဲ့ ဒီဝိညာဉ်မျက်လုံးတာအိုဟာ အနာဂတ်မှာ ပြောင်းလဲမှုတွေကို တကယ်ပဲ မြင်တွေ့နိုင်တယ်။ ငါသာ ဒါကိုထပ်ပြီး ကျင့်ကြံဖို့ လိုပြီ။ အဲ့နောက်ကျရင် ငါဟာ ဒါကို စစ်ထူ၊ ချင်းရွှေ၊ လီချန်မေနဲ့ တခြားသူတွေကို ရှာဖို့ အသုံးပြုနိုင်လောက်တယ်…”
ဝမ်လင်းက သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ထား၏။ သူ၏ ကျင့်ကြံမှုနှင့် ဘဝအတွေ့အကြုံများဖြင့်ပင် သူက သူ့ကိုယ်သူ တည်ငြိမ်အောင်လို့ မနည်းဖိနှိပ်ထားရ၏။
“သုံးရက်ရှိပြီ…ဘိုးဘေးကုန်းနျန် ငါ့အတွက် ပြင်ဆင်ထားတဲ့ အရာသုံးခုက ဘာများလဲ ငါ သိချင်မိတယ်။ သူက ငါ့ ဝိညာဉ်ကျမ်းစာဆောင်ကို ဝင်ရောက်ပြီး မန္တာန်တွေကို ရွေးချယ်ဖို့လည်း ပြောခဲ့သေးတယ်…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူက ယန်လု မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေးတစ်ယောက် ဖြစ်ခဲ့သူ၏ စိတ်ဝိညာဉ်ကို ဆင့်ခေါ်ခဲ့သော မန္တာန် အပါအဝင် မဟာစိတ်ဝိညာဉ်ကလန်၏ ပုံရိပ်ယောင်မန္တာန်အမျိုးမျိုးနှင့် ပတ်သတ်၍ တွေးလိုက်မိ၏။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ လှိုဏ်ဂူထံမှ ထွက်ခွာလာ၏။ သူက တောင်ပေါ်တွင် ရပ်လိုက်ရာ အလွန်အမင်း အားနည်းနေပြီ ဖြစ်သော ဖန်ရှန်မင်ကို ချက်ခြင်း တွေ့သည်။
သူမက နေရာတွင် ရပ်နေဆဲပင်။ သူမက ဝမ်လင်းကို မြင်သည့်အခါ စိတ်ရှုပ်ထွေးဟန် ပေါ်၏။ သူမက စကားပြောရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်းသည် ဖန်ရှန်မင်ကို ကျော်၍ မီးကြောတောင်ထံမှ ထွက်သွားတော့သည်။
“နင်…” ဖန်ရှန်မင်၏မျက်လုံးထဲ၌ ဒေါသ ဖြစ်ပေါ်သည်။ သို့သော် သူမက ထိုဒေါသကို ပြန်ဖိနှိပ်ထား၏။ သူမက ထွက်ခွာသွားသော ဝမ်လင်း၏ပုံရိပ်ကို စိုက်ကြည့်နေ၏။ ထို့နောက် သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ကာ ဆက်စောင့်နေတော့သည်။
ဝမ်လင်းသည် အလင်းတန်းအဖြစ် အသွင်ပြောင်း၍ မဟာစိတ်ဝိညာဉ်ကလန်၏ အတွင်းနက်ပိုင်းထံ ဦးတည်လေတော့၏။ ဘိုးဘေးကုန်းနျန် သူ့ကို ပေးခဲ့သော ကျောက်စိမ်းပြားက ကလန်၏ အတားအဆီးများကို သူ့အား ကျော်ဖြတ်စေခွင့် ပြုသလို မဟာစိတ်ဝိညာဉ်ကလန်၏ တောင်ထွတ်အမျိုးမျိုးနှင့် ပတ်သတ်သည့် မြေပုံဆိုလည်း ဟုတ်သည်။ ထိုကျောက်စိမ်းပြားက သူ့ကို အစိမ်းရောင်ကောင်းကင်ဘုံတောင်ထွတ်၏ တည်နေရာကို အတိအကျ သိစေသည်။