ပေမင်ကျီ
Vol. 7 Ch. 653
ယွမ်ကျွင်းဧကရီသည် အပြာရောင် ခရီးရှည်နန်းတော်ထဲတွင် ရှိနေလေသည်။ သူမသည် နက္ခတ် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်သွားသည်ကို ချက်ချင်းပင် ရိပ်မိလိုက်လေသည်။
သူမက တာအို ဆရာလုယာကို သတ်ဖြတ်ရန် ထောင်ချောက် ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့သည့် အပြင် ဒဏ်ရာ အပြင်းအထန်ပင် ရရှိသွားခဲ့လေသည်။ အချိန်အတန်ကြာ အနားယူမှသာ သူမ၏ ဒဏ်ရာက သက်သာပျောက်ကင်း နိုင်မည် ဖြစ်လေသည်။
သူမ အကြံအစည်များ မအောင်မြင်ခဲ့ရသည်ကို စဉ်းစားမိတိုင်း မခံချိမခံသာ ဖြစ်ရလေသည်။
ချန်ကျန့်မေသာ ဝင်မရှုတ်လျှင် တာအိုဆရာလုယာသည် သူမလက်ထဲတွင် ကျိန်းသေ ကျရှုံးရမည် ဖြစ်လေသည်။ ထို့ပြင် အသူရာချောက်၏ ကိစ္စရပ်များကို ကောင်စုတ်လေးဆန်းလျန် ဝင်ရှုပ်နေခြင်းမှလည်း တားဆီးလိုက်နိုင်မည် ဖြစ်လေသည်။
အရာရာတိုင်းသည် သူမ စီစဉ်ထားသည့် အတိုင်းသာ ဖြစ်လာခဲ့လျှင် သူမသည် အသူရာချောက်၏ ကံကြမ္မာကို အသုံးပြုပြီး ကျယ်ကျောက် အမိန့်တော် ဂိုဏ်းကိုလည်း ပြန်လည် တည်ထောင်နိုင်မည် ဖြစ်လေသည်။ ယခင်အချိန်က ဆုံးရှုံးခဲ့သည့် ဂုဏ်သိက္ခာများကိုလည်း ပြန်လည် အဖတ်ဆယ်နိုင်မည် ဖြစ်လေသည်။
သို့သော် ချန်ကျန့်မေ၏ မျှော်လင့်မထားသည့် ဓားသည် သူမသေသေချာချာ စီစဉ်ထားသမျှကို ဖျက်ဆီး ပစ်ခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ… ယွမ်ကျွင်း ဧကရီအနေဖြင့် ချန်ကျန့်မေကို ရိုးသားစွာပင် လေးစား မိခဲ့လေသည်။
အတိတ် တစ်ချိန်တုန်းက သူမ၏ ဂိုဏ်းတူ အစ်ကိုသာ ချန်ကျန့်မေကဲ့သို့ ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့လျှင် သူမသည် အပြာရောင်ခရီးရှည်နန်းတော်ကို အုပ်ချုပ်ရန် အတွက် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရမည် မဟုတ်ပေ။
သူမက ထိုင်နေရာမှ အသာထလိုက်ပြီး ကျင့်စဉ်ကျင့်ကြံသည့် အခန်းတွင်းသို့ ဝင်လိုက်လေသည်။
အခန်းတွင်းရှိ ကျောက်နံရံထက်တွင် ထုန်ထျန်း အရှင်သခင်၏ ပုံတူပန်းချီကားကို ချိတ်ဆွဲ ထားလေသည်။
ဆန်းလျန်သာ ဤနေရာတွင် ရှိမည်ဆိုလျှင် ကျောက်နံရံထက်မှ ပန်းချီကားသည် သူပုံဖော်လေ့ ရှိသည့် လင်ပေါင်ထျန်းကျွင်းထက် အထီးကျန်ပြီး အနှစ်သာရ ကင်းမဲ့နေသည်ကို သတိထားမိမည် ဖြစ်လေသည်။ ထုန်ထျန်းအရှင်သခင်သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို သပ်ရပ်စွာ စည်းနှောင် ထားလေသည်။ သူ၏ လက်ထဲတွင် ကျောက်စိမ်း ကျိုင်းတံကို ကိုင်ထားထားရမည့် အစား ဓားတစ်လက်ကို ကိုင်ဆောင် ထားလေသည်။
သို့သော်… သူ၏ မျက်ဝန်းများဆီမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်နေပြီး သူသာ ဆန္ဒရှိလျှင် လောကတစ်ခုလုံးကိုပင် ဖျက်ဆီး ပြောင်းလဲပစ်တော့မည့် ပုံသဏ္ဌာန် ဖြစ်လေသည်။
အလွန် အဆင့်မြင့်မားသည့် ကျင့်ကြံသူများသာလျှင် ထုန်ထျန်း အရှင်သခင်မှာ လင်ပေါင်ထျန်းကျွင်းပင် ဖြစ်သည်ကို နားလည်ကြမည် ဖြစ်လေသည်။ သို့သော် လင်ပေါင်ထျန်းကျွင်းသည် လင်ပေါင်ထျန်းကျွင်းသာဖြစ်ပြီး ထုန်ထျန် အရှင်ဖြစ်ရန် မလိုအပ်ပါချေ။ သူတို့ (၂)ယောက်သည် တူညီခြင်းမရှိပါ။
ယွမ်ကျွင်းဧကရီသည် အမွှေးတိုင် တစ်တိုင်ကို ထွန်းညှိလိုက်ပြီး ပန်းချီကားရှေ့တွင် ဦးညွှတ် ကန်တော့လိုက်လေသည်။
ထို့နောက် သူမသည် ပန်းချီကားရှေ့မှ မီးအိမ်လေးကို ထွန်းညှိ လိုက်လေသည်။ မီးအိမ်လေးမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး အခန်းတစ်ခုလုံး လင်းထိန် သွားလေသည်။ အလင်းတန်းများ အောက်တွင် ပန်းချီကားထဲမှ ထုန်ထျန်းအရှင်သည် အသက်ဝင်ပြီး အပြင်သို့ ထွက်လာတော့မည့် အလားပင် ခံစားရလေသည်။
ထိုမီးအိမ်လေးမှာ ထုန်ထျန်းအရှင်သခင်ပြုလုပ်ခဲ့သည့် အရေအတွက် တစ်သောင်းသော ရွှေရောင်မီးအိမ်များထဲမှ တစ်ခုဖြစ်လေသည်။
အတိတ်တစ်ချိန်က ဖြစ်ခဲ့သည့် စစ်ပွဲတွင် ထုန်ထျန်း အရှင်သခင်၏ ခန္ဓာကိုယ်မှာ ထိခိုက်ခဲ့ခြင်း မရှိပါ။ သို့သော် များပြားလှစွာသည့် ရွှေရောင် မီးအိမ်တွေကတော့ ပျက်စီးခဲ့ရလေသည်။ ယွမ်ကျွင်း ဧကရီသည် ထိုမီးအိမ်များထဲမှ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။
မီးအိမ်လေးကို ဆရာဖြစ်သူ၏ ပန်းချီကားရှေ့တွင် ထွန်းညှိလိုက်ခြင်းဖြင့် သူမသည် ဝိညာဉ် စွမ်းအားများကို စုပ်ယူနိုင်ပြီး ဒဏ်ရာ အမြန်ဆုံး ပြန်လည်သက်သာလာခဲ့လေသည်။
သူမသည် ရွှေရောင်မီးအိမ်လေးကို အလွန်ထားဖို့ ထားခဲ့သည့်အတွက် မီးအိမ်လေးကို အသုံးပြုကာ ဒဏ်ရာကုသရန် အတွက် တွန့်ဆုတ်နေခဲ့သေးသည်။
သို့သော်… သူမ ဒဏ်ရာရနေသည့် အချိန်တွင် ဆန်းလျန်သာ အင်အားအလုံးအရင်းနှင့် ပြန်ရောက်လာပါက သူမတွင် ရွေးချယ်စရာလမ်း မရှိတော့ပေ။ သူမကိုယ်သူမပင် ကာကွယ်နိုင်မည် မဟုတ်ပေ။
သူမ ဒဏ်ရာ သက်သာလာသည့် အခါတွင်တော့ အပြာရောင် ခရီးရှည်နန်းတော် အပြင်ဘက်မှ စကားသံတစ်သံ ထွက်ပေါ်လာလေသည်။
"တာအိုဆရာ ကျင်းလင်စန်းမုရှိပါသလား၊ ကျုပ်က သူနဲ့တွေ့ချင်လို့ပါ"
ထိုအသံသည် နန်းတော်တွင်ပြုလုပ်ထားသည့် အရံအတားများကို ထိုးဖောက်ပြီး ပျံ့လွင့်လာခြင်း ဖြစ်လေသည်။
ယွမ်ကျွင်းဧကရီမှာ အံ့သြမှင်တက်သွားရလေသည်။
ထိုအသံသည် မည်သူ၏အသံ ဖြစ်သည်ကို သိရှိခြင်းမရှိပေ။ သို့သော်… အပြာရောင် ခရီးရှည်နန်းတော် အတွင်းသို့ ထိုးဖောက် ဝင်ရောက်သည်အထိ စကားပြောဆိုနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ထိုသူမှာ တန်ခိုးစွမ်းအားအလွန် မြင့်မားကြောင်း သိသာလေသည်။
ယွမ်ကျွင်းဧကရီသည် အပြာရောင် ခရီးရှည်နန်းတော်ထဲတွင် ရှိနေသည့် အတွက် ရောက်လာသူကို ကြောက်စရာ မလိုပါ။
သူမက လက်ဟန်တစ်ချက် ပြုလုပ်လိုက်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။ ထိုအခါ အပြာရောင် ခရီးရှည်နန်းတော်၏ အရံအတားသည် အနည်းငယ် ပွင့်သွားလေသည်။
ထိုအချိန်မှာပင် အလင်းတန်း တစ်ခုသည် အနည်းငယ် ပွင့်သွားသည့်နေရာမှ ဝင်ရောက်လာကာ အပြာရောင် ခရီးရှည်နန်းတော်၏ ခန်းမဆောင်ရှေ့သို့ ရောက်လာလေသည်။ တစ်ချိန်တည်းမှာပင် ယွမ်ကျွင်း ဧကရီကလည်း နန်းတော်ခန်းမ၏ တံခါးဝသို့ ရောက်ရှိလာလေသည်။
ရောက်ရှိလာသည့်ဧည့်သည်မှာ ရှေးဟောင်းတရုတ်ရိုးရာ အဝတ်အစားများကို ဝတ်ဆင်ထားပြီး ကျောထက်တွင် ဓားတစ်လက်ကို လွယ်ထားလေသည်။ ထိုသူ၏ခန္ဓာကိုယ်မှာ ခြေဆုံးခေါင်းဆုံး ရွှေရောင် တောက်ပလျက် ရှိလေသည်။ သို့သော်… သူ၏ နှာခေါင်းကတော့ သိမ်းငှက်ပုံသဏ္ဌာန် ကောက်လျက် ရှိလေ၏။
သူ၏အကြည့်များသည် ကြောက်မက်ဖွယ်ရာ ထက်မြက်နေပြီး လေထုကိုပင် ဖြတ်တောက် ပစ်တော့မည့်အလား ထင်မှတ်ရလေသည်။
ယွမ်ကျွင်းဧကရီက ထိုတာအိုဆရာထံမှ ထွက်ပေါ်နေသည့် ထက်မြက်သည့် တန်ခိုး စွမ်းအားများကို အာရုံစိုက်လိုက်လေသည်။ ထိုတန်ခိုး စွမ်းအားများသည် ယင်စွမ်းအားများ ဖြစ်ပြီး မှောင်မှိုင်းလျက် ရှိလေသည်။ အသူရာချောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ပြီး ကျင့်ကြံသူတစ်ယောက် ဖြစ်မှန်းသိသာ လွန်းလှလေသည်။
အသူရာချောက်တွင် ထိုမျှ ထက်မြက်သော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသူ တစ်ယောက် ရှိနေခဲ့သည်ကို သူမ မသိခဲ့ခြင်းအတွက် အလွန်ပင် အံ့သြနေမိလေသည်။
သူမက အေးစက်သည့် လေသံဖြင့်…
"မင်းက ဘယ်သူလဲ"
"ကျုပ်က ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းရဲ့ တိရိစ္ဆန်ဂိုဏ်းခွဲက ထူကျူအရှင်ပါ၊ ကျုပ်နာမည်က ပေမင်ကျီလို့ ခေါ်ပါတယ်"
ထိုသူက ပြုံးရင်း ပြန်ဖြေလိုက်လေသည်။
သူ၏အသံမှာ ငှက်ဆိုးထိုးသံကဲ့သို့ စူးရှဆိုးဝါးလှသည့်အတွက် ယွမ်ကျွင်းဧကရီမှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ရလေသည်။
ယွမ်ကျွင်းဧကရီသည် ချက်ချင်းပင် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း အကြောင်း၏ ဇာစ်မြစ်ကို ပြန်စဉ်းစား ကြည့်လိုက်လေသည်။ အသူရာချောက်၏ အရှင်သခင် ပျောက်ကွယ် သွားသည့်နောက် သူ၏ထိပ်တန်း မရဏဓား (၂)လက်ဖြစ်သည့် ယွမ်တုဓားနှင့် ငရဲလမ်းဓားတို့သည်လည်း လူအဖြစ် ဝင်စား ခဲ့ကြလေသည်။
ယွမ်တုဓားသည် တာအိုဆရာ သခင်ထိုက်ယီ၏ တပည့်တစ်ယောက် ဖြစ်လာပြီး ကျင့်စဉ်လမ်းကို အောင်မြင် သွားခဲ့လေသည်။
ငရဲလမ်းဓားသည်လည်း လူပြန်ဝင်စားကာ အမည်မသိ ဆရာသခင် တစ်ပါး၏ တပည့်ဖြစ်လာခဲ့ပြီ ယွမ်တုဓားကဲ့သို့ပင် အောင်မြင်မှု ရခဲ့လေသည်။ ထို့နောက် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းကို တည်ထောင် ခဲ့လေသည်။ သို့သော်… ထိုသူသည် သက်တမ်းတိုခဲ့ပြီး ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်းသည်လည်း ပျောက်ကွယ် သွားခဲ့လေသည်။
ထိုအချိန်က ယွမ်ကျွင်းဧကရီသည် ငရဲလမ်းဓား၏ တန်ခိုးစွမ်းအားများကို ကြောက်ရွံ့ခဲ့သည့် အတွက် ထိုအကြောင်းများကို စုံစမ်းခြင်း မပြုလုပ်ခဲ့ပေ။
သို့သော်… ယခုကဲ့သို့ အရေးတကြီး အချိန်တွင် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း ပြန်လည်ထွက်ပေါ် လာလိမ့်မည်ဟု သူမ လုံး၀ မျှော်လင့်မထားခဲ့မိပေ။
ယွမ်ကျွင်းဧကရီက…
"မင်း ငါ့ကို ဘာလို့လာရှာရတာလဲ…"
"ဘာမှတော့မဟုတ်ပါဘူး၊ အခုအချိန်မှာ အသူရာချောက်မှာ တာ့ရှား၊ ယင်းစန်းနဲ့ တာ့ကျိုးပြည်တွေက ရင်ပေါင် တန်းရပ်တည်နေပြီး အဲဒီတိုင်းပြည်တွေအကုန်လုံးက သူတို့ ကိုယ်သူတို့ ကံကြမ္မာရဲ့ အရှင်သခင်တွေဖြစ်လာဖို့ ဆုံးဖြတ်နေကြတယ်၊ ကျုပ် အခုရောက်လာတာက ကူညီပေးဖို့ ရောက်လာတာပါ"
ပေမင်ကျီက ပြောလိုက်လေသည်။
ယွမ်ကျွင်းဧကရီက…
"မင်းက ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်းတစ်ခုလုံးကို ကိုယ်စားပြုတဲ့သူလား"
ပေမင်ကျီက ယွမ်ကျွင်းဧကရီကို နက်ရှိုင်းသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လိုက်ပြီး…
"ကျုပ်က ကျုပ်ကိုယ်ကျုပ်ပဲ ကိုယ်စားပြုနိုင်ပါတယ်"
ယွမ်ကျွင်းဧကရီက…
"အားလုံးက ယင်နဲ့ယန် အတူတကွ ယှဉ်တွဲတည်ရှိ နေကြတာပဲ၊ ယွမ်တုဓားနဲ့ ငရဲလမ်းဓားဟာလည်း တစ်ခုပဲ တည်ရှိနိုင်လိမ့်မယ်၊ ငါပြောတာ မှန်တယ်မဟုတ်လား"
ပေမင်ကျီက သက်ပြင်း တစ်ချက် ချလိုက်ရင်း…
"ခင်ဗျားက တာအိုဆရာသခင်ကြီးရဲ့ တပည့်ပီသပါပေတယ်၊ ဆရာဘိုးဘိုး ငရဲလမ်းဓားနဲ့ ယွမ်တု အကြီးအကဲတို့က အဆုံးမရှိ တိုက်ခိုက်ခဲ့ကြတဲ့ သူတွေပါ၊ ဒါပေမဲ့ ခင်ဗျားကို ကူညီပေးရတဲ့ ရည်ရွယ်ချက် ကတော့ ဆရာဘိုးဘိုး ငရဲလမ်းဓားနဲ့ရော ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းနဲ့ပါ မသက်ဆိုင်ပါဘူး"
ယွမ်ကျွင်းဧကရီတွင် ပြောစရာစကား မရှိတော့ပါ။
သို့သော် သူမသည် သူတို့ (၂)ယောက်စကား ပြောခဲ့ခြင်း၏ အနှစ်သာရကိုတော့ သိရှိခဲ့လေသည်။ ယွမ်တုဓားနှင့် ငရဲလမ်းဓားသည် တစ်ချိန်တည်းမှာပင် မွေးဖွားခဲ့ကြသည့် မူလမရဏ ဓားများ ဖြစ်လေသည်။ သို့သော်… အရာ အားလုံးသည် ယင်နှင့်ယန် အတူတကွ တည်ရှိကြသည် ဖြစ်လေရာ ထိုဓား (၂)လက် အတွက်လည်း ချွင်းချက်မရှိပေ။
သူတို့သာ အသူရာချောက်၏ အရှင်သခင်လက်ထဲတွင် မရဏဓားများအဖြစ် အတူတကွ တည်ရှိခဲ့လျှင် ပဋိပက္ခ ဖြစ်ကြမည် မဟုတ်ပေ။
သို့သော်… သူတို့သည် တာအိုကျင့်စဉ်လမ်းကို လိုက်ခဲ့ကြပြီး ပြိုင်ဘက်များ ဖြစ်ခဲ့ကြလေသည်။
ဤသည်မှာ သဘာဝအတိုင်းပင် ဖြစ်ပြီး အခြားတစ်ယောက်သည် နောက်တစ်ယောက် အတွက် ဆန္ဒရှိစွာဖြင့် စတေးခံ လိုက်ခြင်းမရှိလျှင် ထိုပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
သို့သော်… မည်သည့်ဇာစ်မြစ်မှ ဖြစ်တည်လာသည့်သူ ဖြစ်ပါစေ ထိုမျှအထိ ကျင့်ကြံခြင်း အဆင့်တက် ရောက်ပြီးလျှင်တော့ ကိုယ့်ကိုယ်ကိုယ် စတေးခံဝံ့တော့မည် မဟုတ်ပေ။
ယွမ်ကျွင်းဧကရီ၏ဘဝတွင် ထိုသို့ စတေးခံရဲသူဆို၍ ချန်ကျန့်မေ တစ်ယေက်သာလျှင် တွေ့ဖူးလေသည်။ သို့သော် ချန်ကျန့်မေသည် ချန်ကျန့်မေသည်လည်း မည်သူ့အတွက်မှ စတေးခံခဲ့သည် မဟုတ်ဟူ၍လည်း ပြောနိုင်လေသည်။
ထို့ပြင် ဆန်းလျန်သည် ယွမ်တုဓားနှင့် ဆက်စပ်ပတ်သက်မှု ရှိလေသည်။
ထို့ကြောင့် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းသည် ဆန်းလျန်ကို အောင်မြင်စေလိုခြင်း မရှိသည်မှာ သဘာဝကျသည်ဟု ယွမ်ကျွင်းဧကရီ တွေးလိုက်မိလေသည်။
သို့သော်… ပေမင်ကျီက သူသည် ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်းကို ကိုယ်စားမပြုဟု ဆိုခဲ့သည့် အချက်ကို ယွမ်ကျွင်းဧကရီ နားမလည်နိုင်ခဲ့ပေ။
ယွမ်ကျွင်းဧကရီက…
"ငါက ယုံလွယ်တဲ့သူတော့ မဟုတ်ဘူး၊ အပြောချည်း သက်သက်ကိုတော့ ငါမယုံနိုင်ဘူး၊ မင်းက ဆုံးဖြတ်ချက် ချထားပြီးပြီ ဆိုရင်တော့ လုပ်ရပ်နဲ့သာ သက်သေပြပေတော့”
ပေမင်ကျီကပြုံးလိုက်ရင်း…
"ဟုတ်ပါပြီ၊ ကျုပ်ရဲ့ သစ္စာရှိမှုကို ပြသပါ့မယ်၊ အသစ်တည်ထောင်ထားတဲ့ တာ့ကျိုးပြည်က အားနည်းလွန်းတယ်၊ ကျုပ်က အရမ်းတော်တဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ လှည့်ကွက်လေးတွေ သုံးလိုက်လို့ ရတယ်၊ တာ့ကျိုးပြည်ကို ကျုပ်က ပင်လယ် ရေအောက်ထဲ ရောက်သွားအောင် လုပ်လိုက်မယ်ဆိုရင် ကျုပ်ရဲ့ သစ္စာရှိမှုကို ခင်ဗျား လက်ခံနိုင်ပါလိမ့်မယ်”
ယွမ်ကျွင်းဧကရီက မျက်နှာ တစ်ချက်ပျက်သွားပြီး…
"အဲဒီလိုလုပ်ရင် ဝဋ်လည်မှာ မင်းမကြောက်ဘူးလား"
ပေမင်ကျီက ရယ်မောလိုက်ရင်း…
"ကျုပ်က တာအိုပါပဲ၊ တရားအလင်းရအောင် ကျင့်ကြံခဲ့သလို ဝဋ်လည်ရင်လည်း ခံလိုက်မယ်"
ယွမ်ကျွင်းဧကရီမှာ ပေမင်ကျီကို လေးစားသွားမိလေသည်။
ထိုနည်းလမ်းသည် အပြစ်တရားကို ကျင့်စဉ်အဖြစ် ပြောင်းလဲပစ်သည့် နည်းလမ်းပင် ဖြစ်လေသည်။ သို့သော်… ထိုနည်းလမ်းသည် လွယ်ကူခြင်းမရှိပါ။ ပေမင်ကျီသည် ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်းမှ သာမန် နတ်မိစ္ဆာတစ်ယောက်သာ ဖြစ်မည်ဆိုလျှင် ထိုကျင့်စဉ်ကို ကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ။ ထိုသူ၏ဇာစ်မြစ်သည် အဘယ်သို့ ဖြစ်နိုင်ပါသနည်း။
သို့သော်… ပေမင်ကျီ မည်သည့် အလုပ်ပင်လုပ်ပါစေ သူမကို မထိခိုက်ဘူး ဆိုလျှင်တော့ သူမအနေဖြင့် တားဆီးစရာ အကြောင်းမရှိပေ။
ယွမ်ကျွင်းဧကရီက…
"ဒါဖြင့်လည်း မင်းအလုပ်နဲ့သက်သေပြတာကို ငါ စောင့်နေမယ်"
***